Saturday 19 September 2009

ဒီမိုကရေစီတိုက်ပွဲကြီးထဲက ကိုညို

ငါတို့ရရှိခဲ့တာ
ဝေးကွာခြင်းနဲ့ ကွေ့ကွင်းရခြင်း
ငါတို့လိုချင်ခဲ့တာ
အောင်မြင်မှုရဲ့ ပန်းတိုင်သရဖူ
ဘဝမှာ
ဘာမှမစံရသေးခင်
အမိဝေး အဖဝေး
မျှော်လင့်ချက်ဝေးဝေးတွေနဲ့
အဝေးစံနေရတဲ့သူလေ
အနုပညာကိုမြတ်နိုး
အမှန်တရားကိုခုံမင်
အပေါင်းအသင်းကိုငြိတွယ်
မငြိတွယ်ခဲ့တဲ့
ငွေစကြေးစတွေကိုတော့ ပစ်ခွာလို့
အမှန်တရားလမ်းကြောင်းထဲကို
ရဲရဲဝံ့ဝံ့
လျှောက်လှမ်းခဲ့တာလေ
ကိုညိုရေ ....
မျက်ရည်စက်များကို သိမ်းခေါက်
မတိမ်းမှောက်တဲ့
ငါတို့နှလုံးသွေးများနဲ့
ဒီအာဏာရူး
စစ်ဘီလူးတို့
သိမ့်သိမ့်မှောက်မှောက်
တုန်ခါစေရမှာပေါ့
ကိုညိုရေ ....
လောကကို သက်သေတည်
နှောင်းလူမှာ
ရာဇဝင်တွင် ကျန်ရစ်မယ့်
ငါတို့များရဲ့ “ကိုညို”
ကိုညိုရေ ....
ယနေ့ယခုချိန်မှာ
ပန်းလိုကြွေ မြေမှာဝပ်စင်းနေရပေမယ့်
အများတောင့်တခဲ့တဲ့
ဒီမိုကရေစီအောင်ပွဲကြီးဟာ
မနှောင်းတော့မယ့်
အရုဏ်ဦးနဲ့ အတူ
ဤ အာဏာရူး စစ်ဖိနပ်အောက်က
ငါတို့
လွတ်မြောက်ရမှာပေါ့။ ။

မိုးမခ

ထောင်အတွင်းမှ ထောင်အပြင်ရောက်ချိန်အထိ စိတ်မကျန်းမမာ ကိုယ်မကျန်းမမာ
ဖြစ်နေသော ကဗျာဆရာညိုမင်းထက် (ခ) ကိုညိုလေးသို့

Read More...

အကျိုးစီးပွားအတွက် သွင်းကုန်ခွန်စည်းကြပ် တံတိုင်းကာရံခြင်း

The New York Times
Published: September 12,2009

တရုတ်ပြည်မှ ကားတာရာ တင်သွင်းမှုနဲ့ ပတ်သက်ပြီး နာရီပိုင်းအတွင်းချမှတ်လိုက်တဲ့ သမ္မတ အိုဘား မားရဲ့ ဆုံးဖြတ်ချက်ကြောင့် တရုတ်အာဏာပိုင်တွေက အမေ ရိကန်ပြည်ထောင်စုဟာ နိုင်ငံတကာ ကုန်သွယ်မှု ဥ ပဒေကို ချိုးဖောက်ကျူးလွန်တဲ့အပြင် ကုန်ရောင်း ကုန်ဝယ်ဖောက်ကားမှု ပြုလုပ်ရာတွင် ယှဉ်ပြိုင်နိုင်စွမ်း မရှိလို့် နိုင်ငံရေးအင်အားသုံးပြီး ကိုယ်ကျိုးစီးပွား ကာ ကွယ်ရေးမူဝါဒကို ကျင့်သုံးခြင်းဖြစ်ကြောင်း စွပ်စွဲပြော ဆိုလိုက်တယ်။ စနေနေ့မှာ တရုတ်ကုန်သွယ်ရေးဝန် ကြီးဌာနမှ အမေရိကန်ရဲ့ ကိုယ် ကျိုးစီးပွားကာကွယ်ရေးမူဝါဒနှင့် ပတ်သက်ပြီး အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ပြန် ကြေငြာခဲ့တယ်။

အမေရိကန်အစိုးရပိုင်း တာဝန်ရှိသူတွေအနေနဲ့ ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာရေးအပြင် အီရန် ရဲ့ နျူးကလီးယား အစီအစဉ်နဲ့ပတ်သက်ပြီး ထပ်မံပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ရာအတွက် တရုတ်ပြည်ရဲ့ အ ခန်းကဏ္ဍနဲ့ အကူအညီကိုလိုအပ်တဲ့အတွက် ထိရောက်မြန်ဆန်သည့် တုန့်ပြန်မှုတွေကြောင့် မလိုလား အပ်တဲ့ ပြဿနာတွေနှင့် ထိခိုက်မှုတွေထွက်ပေါ်လာမှာကိုတော့ လိုလားခြင်းမရှိကြဘူး။ သမ္မတ အိုဘား မား 9:15p.m မှာ ယဉ်ကျေးသိမ်မွေ့စွာ သုံးနှုန်းထုတ်ပြန်လိုက်တဲ့ ဆုံးဖြတ်ချက်ကြေငြာစာတမ်းဟာ အ တော့်ကိုစိတ်ပျက်ဖွယ် တွေးတောစရာတွေ ပြည့်နှက်နေပြီး တရုတ်ပြည်ရဲ့ကားတာရာတင်သွင်းမှုအပေါ် 35% အခွန်စည်းကြပ် ပြဋ္ဌာန်းလိုက်ခြင်းပဲဖြစ်တယ်။

ဒီထုတ်ပြန်ကြေငြာချက်ဟာ ၀ယ်လိုအားကျဆင်းဖို့ရာအတွက် သွင်းကုန်အခွန် စည်းကြပ်လိုက်တာဖြစ် တဲ့အတွက်ကြောင့် သဏ္ဍာန်သစ်တွေနဲ့ တရုတ်ပြည်စီးပွားရေးကို စတင်ယှဉ်ပြိုင် တိုက်ခိုက်လိုက်ခြင်းပဲ ဖြစ်တယ်။ မစ္စတာအိုဘားမားဟာ လွတ်တော်မှာထောက်ခံမှုရဖို့အတွက် သမဂ္ဂတွေဆီကနေ မဲအရေအ တွက်တွေရခဲ့သည့်အပြင် ကျန်းမာရေးဆိုင်ရာကြည့်ရှုစောက်ရှောက်မှုစနစ်ကို အောက်ခြေကနေ ပြုပြင် ပြောင်းလဲဖို့ရာအတွက် တိုက်ပွဲဝင်ခဲ့သူဖြစ်တယ်။ ၀ါရင့်အိမ်ဖြူတော်အရာရှိ တယောက်အဆိုအရ ကုန် သွယ်မှုဥပဒေကို တင်းကြပ်လိုက်တာဟာ ကိုယ်ကျိုးစီးပွားကာကွယ်တာ မဟုတ်သလို အသိအမှတ်ပြု ခြင်းမှ ငြင်းပယ်လိုက်တာလည်း မဟုတ်ပါဘူး။

အမေရိကန်အစိုးရဟာ တရုတ်ပြည်နဲ့ ဆက်ဆံရေး ပြေပြစ်ကောင်းမွန်ဖို့ရာအတွက် အလေးဂရုပြုသလို တရုတ်ပြည်မှာအခြေစိုက် ရင်းနှီးမြုပ်နှံထားတဲ့ အမေရိကန် စီးပွားရေးကုမ္ပဏီကြီးတွေထဲမှာ ကားတာရာ ထုတ်လုပ်တဲ့ စက်ရုံတွေလည်းပါဝင်ပြီး တရုတ်ပြည်ရဲ့တိုးတက်များပြားလာတဲ့ လူဦးရေနှင့်ကြီးမားလှ တဲ့ ဈေးကွက်အတွင်း ပို့ကုန်ကျယ်ပြန့်စွာ ထိုးဖောက်နိုင်ရေးအတွက် အမေရိကန်ကုမ္ပဏီ အတော်များ များဟာလည်း ထိုးဖောက်ဝင်ရောက်နေကြတယ်။ ဒီလထဲမှာပဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် Pitts burgh မြို့မှာ G-20 စက်မှုထိပ်သီး နိုင်ငံမှခေါင်းဆောင်တွေအပါအ၀င် တရုတ်ခေါင်းဆောင်တွေနဲ့ပါ သမ္မတ အိုဘားမားဟာ လက်ခံတွေ့ဆုံဖို့ရှိသလို လာမယ့် နိုဝင်ဘာလ စင်ကာပူနိုင်ငံမှာ ကျင်းပမယ့် အာရှထိပ်သီး အစည်းအဝေးပွဲကို တက်ရောက်ဖို့ရှိတဲ့အပြင် နောက်ခရီးစဉ်အဖြစ် ပီကင်းကို ၀င်ရောက် မယ်လို့တော့ မျှော်လင့်ရတာပဲ။

တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Yao Jian ကတော့ တရုတ်ပြည်အနေနဲ့ တရုတ် ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားအပေါ် အပြည့်အ၀ တာဝန်ယူလုပ်ဆောင်သွားမယ်လို့ အစိုးရပိုင် စင်ဟွာ သတင်းဌာနကနေ ပြောကြားသွားခဲ့တယ်။ ဒီဆောင်းပါးမှာတော့ တန်ပြန်လုပ်ဆောင်မယ့် ထုတ်ပြန်ချက် ကိုတော့ မဖော်ပြထားပါဘူး။ တရုတ်ပြည်ဟာ အမေရိကန်ရဲ့ ဒုတိယ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ် သ လို အများဆုံးကြွေးတင်နေသူလည်း ဖြစ်တာကြောင့် သမ္မတအိုဘားမားရဲ့ လုပ်ဆောင်ချက်ဟာ ထိခိုက် မှု တစုံတရာတော့ရှိလာနို်င်တယ်။ အမေရိကန် ကုမ္ပဏီတွေနှင့် အလုပ်သမားထုတွေအတွက် သွင်းကုန် တရစပ် ထိုးဖောက်ဝင်ရောက်လာခဲ့မယ်ဆိုရင် အိုဘားမား အုပ်ချုပ်ရေးကာလ တရုတ်ပြည်နဲ့ ညှိနှိုင်းသ ဘောတူထားတဲ့ သွင်းကုန်စည်းကြပ်မှုနှင့်ပတ်သက်ပြီး အထူးထောက်ပံ့မှု အခွင့်အရေးအပေါ် အလုပ်သ မားသမဂ္ဂမှ သဘောထား တောင်းဆိုမေးမြန်းခဲ့တယ်။ လွတ်လပ်သည့်အဖွဲ့အစည်း တခုဖြစ်သော နိုင်ငံ တကာ ကုန်စည်ကူးသန်းရောင်းဝယ်မှု ကော်မရှင်ကတော့ တရုတ်ပြည်ရဲ့သွင်းကုန်အပေါ် ဆုံးဖြတ်ချက် ချမှုဟာ ပြည်တွင်းစက်မှုလုပ်ငန်းတွေသာ တကယ်ထိခိုက်ဆုံးရှုံးမှု ရှိတယ်လို့ဆိုတယ်။ သွင်းကုန်ခွန် စည်းကြပ်မှု သက်တမ်းကာလဟာ သုံးနှစ်အကျုံးဝင်မှာဖြစ်ပြီး ကနဦးကာလမှာ ၅၅% ဖြစ်ပြီးနောက်ပိုင်း တဖြည်းဖြည်း ကျဆင်းလာမှာဖြစ်တယ်။

တရုတ်ကုမ္ပဏီတွေအပေါ် ထောက်ပံ့မှု ဒါမှမဟုတ် မျှတမှုမရှိတဲ့ ဘယ်လိုယှဉ်ပြိုင်မှုမျိုးကိုမဆို ပြုလုပ်ပါ က အကျသက်သာစေမယ့် အထူးအခွင့်အရေး ခံစားခွင့်မရှိခြင်းကြောင်း ဘာလို့လဲဆိုတော့ တခြားသွင်း ကုန်အပေါ်ဆန့်ကျင်တဲ့ ကာကွယ်မှုဟာ တခြားသောနည်းလမ်းတွေထက် လွယ်ကူအဆင်ပြေလို့ပဲဖြစ် တယ်။ သမ္မတ အိုဘားမားရဲ့ တရုတ်ပြည်အပေါ် အခုလို ရုတ်တရက် လုပ်ဆောင်ဆုံးဖြတ်ချက်ချမှုဟာ စက်ရုံတွေနဲ့ အလုပ်သမား သမဂ္ဂတွေရဲ့ စိတ်သောကကို ပြေလျော့အောင် လုပ်တာလားဆိုတာက တော့ မဖြစ်မနေမေးကို မေးရမယ့်မေးခွန်းတခုလို့တောင်ဆိုလိုက်ချင်တယ်။ တရုတ်ပြည်ရဲ့ပို့ကုန် ကျယ် ပြန့်အောင်မြင်လာတာနဲ့အမျှ တချို့သောအဖွဲ့အစည်းတွေဟာ၂၀၀၁ခုနှစ်မှာ အမေရိကန် ပြည်ထောင်စု အပေါ် တောင်းဆိုမှုတွေပြုလုပ်လာတဲ့အတွက် နိုင်ငံတကာ ကုန်စည်ကူးသန်းရောင်းဝယ်မှု ကော်မရှင်ရဲ့ ထောက်ခံမှုကိုရခဲ့ပေလို့ အကိုင်းအခက် အဆင့်အဖြစ်အသတ်မှတ်ခံခဲ့ရသလို သမ္မတဘုရှ်ရဲ့ကန့်ကွက်မှု ကြောင့် ကော်မရှင်ရဲ့ထောက်ခံအဆိုပြုချက်ဟာ အဟောသိကံ ဖြစ်ခဲ့ရတယ်။

သမ္မတ ကလင်တန်လက်ထက် အမေရိကန်ပြည်ထောင်စုရဲ့ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ တာဝန်ခံ Charlene Barshefsky ရဲ့ အဆိုအရ ဒီဆုံးဖြတ်ချက်ကြောင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ မူဝါဒတွေ ဟာ ဘယ်လိုနည်းနဲ့မှ နောက်ပြန်ဆုတ်စေသည့် အနှုတ်လက္ခဏာမျိုးကို ထင်ဟပ်စေမှာ မဟုတ်ဘူးလို့ ဆိုတယ်။ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်မှာ စီးပွားရေးပြန်လည်ဦးမော့ နလံထူနိုင်ဖို့ရာအတွက် ပြုပြင်ပြောင်းလဲမှုဟာ အခရာကျတယ်ဆိုတာ သံသယဖြစ်စရာမလိုကြောင်း Ms.Barshefsy က အခိုင် အမာပြောဆိုထားတယ်။

မန်ဇူး(ဘာသာပြန်သည်)
China Denounces New Tire Tariffs
By EDMUND L.ANDREWS and EDWARD WONG
Edmund L. Andrews reported from Washington and Edward Wong from Beijing.
.....

မန်ဇူး(ဘာသာပြန်သည်)

Read More...

ကမ္ဘာပြားပေါ်က မြန်မာအလုပ်သမားများ

၂၁ ရာစုဒီဘက်ပိုင်းမှာ ကမ္ဘာကြီးပြားသွားပြီ ဆိုတဲ့အသံတွေ နားမဆံ့အောင်ကို ကြားနေ ရပါတယ်။ ပြားသွားတယ်ဆိုတာက တကမ္ဘာလုံးရဲ့စီးပွားရေး ဆက်သွယ်ရေး ကူးသန်းရေး တွေ တဆက်တည်း ဖြစ်သွားပြီလို့ပြောတာ ဖြစ်ပါတယ်။ စက်ရုံအလုပ်ရုံတွေကို မဖွံ့ဖြိုး သေးတဲ့နိုင်ငံတွေမှာ လာဖွင့်ကြတယ်၊ သူဋ္ဌေးတွေက တကမ္ဘာလုံးနဲ့ တမုဟုတ်ချင်း ထိုင် ရာမထ ဆက်သွယ်ပြီး ရောင်းဝယ်နိုင်ကြတယ်၊ ဒါကြောင့် တချိန်က အလုပ်ရှားပါး လုပ်ခ နိမ့်ကျ ဖွံ့ဖြိုးမှုနောက်ကျခဲ့တဲ့ နိုင်ငံတွေ ဒေသတွေ အလုပ်တွေပေါ ဝင်ငွေတွေတိုးပြီး ဆင်း ရဲတွင်းကလွတ်လာကြတယ်လို့ ကမ္ဘာပြားရှေ့နေတွေက မစားရဝခမန်း ဝါဒဖြန့်ကြော်ငြာ နေပါတယ်။ ဥပမာတွေအဖြစ် တရုတ်၊ ဗီယက် နမ်၊ ထိုင်း၊ မလေးရှား၊ အိန္ဒိယတို့ကိုလည်း ထောက်ပြနေကြပါတယ်။

နောက်ပြီးတော့ ကမ္ဘာ့ပဒေသာပင်ခေတ်ကြီး ရောက်ပြီဆိုပြီး စိုက်ပျိုးရေးတို့၊ စက်မှုလုပ် ငန်းတို့နေရာမှာ နည်းပညာအဆင့်မြင့်လုပ်ငန်းတွေ၊ အသိဉာဏ်လုပ်ငန်းတွေက အစား ထိုးလွှမ်းမိုးသွားပြီလို့လည်း တဆိတ်ကို တအိပ်လုပ် ကြွေးကြော်နေကြပြန်ပါတယ်။

ဒါကြောင့် စာအုပ်တွေထဲပြောတာတွေကို အသာထားပြီး တကယ့်လက်တွေ့ အခြေအနေ တွေကိုလေ့လာ ကြည့်ကြရအောင်။

စက်မှုလုပ်ငန်းထွန်းကားတဲ့ ပင်ရင်းနိုင်ငံတွေကိုကြည့်တဲ့အခါ အမေရိကန်နိုင်ငံမှာ အနိမ့် ဆုံးလုပ်အားခက တနာရီကို ၇ ဒေါ်လာ တနှစ်ကို ဒေါ်လာ ၁၅ဝဝဝ ရှိပါတယ်။ ပြင်သစ်မှာ တနာရီ ၉ ယူရို တနှစ်မှာ ဒေါ်လာ ၁၇ဝဝဝ၊ ဂျပန်မှာ တနာရီ ယန်း ၇ဝဝ တနှစ်ကို ဒေါ် လာ ၁၁ဝဝဝ၊ တောင်ကိုးရီး ယားမှာ တနာရီ ဝမ် ၄ဝဝဝ တနှစ်မှာ ဒေါ်လာ ၁ဝဝဝဝ၊ တိုင် ဝမ်မှာ တနာရီကို တိုင်ဝမ်ဒေါ်လာ ၁ဝဝ တနှစ်မှာ ဒေါ်လာ ၁၂ဝဝဝ၊ ဟောင်ကောင်မှာ တ လကို ဟောင်ကောင် ဒေါ်လာ ၃၅ဝဝ တနှစ်ကို ဒေါ်လာ ၈ဝဝဝ ရှိကြပါ တယ်။

အဲဒီနိုင်ငံတွေက အထည်ချုပ်စက်ရုံကို တရုတ်၊ ဗီယက်နမ်၊ မလေးရှား၊ ထိုင်း၊ မြန်မာနိုင်ငံ စတဲ့ ဖွံ့ဖြိုးမှုနိမ့်တဲ့နိုင်ငံတွေဆီ ရွှေ့ပြောင်းဖွင့်ကြတဲ့အခါ တရုတ်ပြည်မှာသွားဖွင့်ရင် လုပ် အားခ တလကို ယွမ် ၁ဝဝဝ တနှစ်ကို ဒေါ်လာ ၁၅ဝဝ၊ ဗီယက်နမ်မှာ တနှစ်ကို ဒေါ်လာ ၁ဝဝဝ ၊ ထိုင်းမှာ တရက်ကို ဘတ် ၂ဝဝ တနှစ်ကို ဒေါ်လာ ၂၃ဝဝ၊ မလေးရှားမှာ တလကို ရင်းဂစ် ၃၅ဝ တနှစ်ကို ဒေါ်လာ ၄၅ဝဝ၊ မြန်မာနိုင်ငံမှာ တရက် ကျပ် ၁ဝဝဝ တနှစ်မှာ ဒေါ်လာ ၃ဝဝ နှုန်းပေးရပါတယ်။

အိန္ဒိယနိုင်ငံဟာ အမေရိကန်နဲ့ တခြားအနောက်နိုင်ငံတွေအတွက် ကွန်ပျူတာ အင်တာ နက် တယ်လီဖုံးစတဲ့ အဆင့်မြင့်ဆက်သွယ်ရေး ဝန်ဆောင်လုပ်ငန်းတွေကို လက်ခွဲလုပ် ပေးနေရပါတယ်။ အဲဒီ အလုပ်သမားမျိုးကို အမေရိကန်နိုင်ငံမှာဆိုရင် လုပ်ခ တနှစ်ကို ဒေါ်လာ ၂ဝဝဝဝ ကျော်ပေးရပေမဲ့ အိန္ဒိယမှာတော့ ဒေါ်လာ ၉၅ဝဝ လောက်ဘဲ ပေးရ ပါတယ်။

ကျနော်တို့နဲ့ဆိုင်တဲ့အပိုင်းကို ကြည့်မယ်ဆိုရင် ထိုင်းနိုင်ငံမှာ တရားဝင်သတ်မှတ်ထားတဲ့ အနိမ့်ဆုံး လုပ်ခက ဘတ် ၁၄ဝ လောက်ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ မြန်မာပြည်က လာတဲ့ အလုပ်သမား တွေရတာက (မဲဆောက်မှာ) အလွန်ဆုံး ၈ဝ လောက်ဘဲ ရပါတယ်။ အများစုကတော့ ၅ဝ-၆ဝ လောက်ဘဲ ရကြပါတယ်။ သူဋ္ဌေးက နေစရိတ် စားစရိတ်တွေ မတန်တဆ ဖြတ်ထားလို့ပါ။ စိုက်ပျိုးရေး အလုပ်သမားတွေနေရတဲ့ ဘဝက ပိုဆိုးပါတယ်။ တောထဲ တောင်ထဲမှာ လူတယောက် ခြေထောက်ဆန့်အိပ်လောက်အောက်ဘဲကျယ်တဲ့ တဲအိမ်ကလေးတွေမှာ ကြယ်မြင်လမြင် နေရပါတယ်။ ထရံကို စက္ကူတွေ ဆာလာအိပ်ခွံ တွေကာထားပြီး ကျနော်တို့တိုင်းပြည်က လယ်တဲသာသာဘဲရှိပါတယ်။ ပညာရေး ကျန်း မာရေး အားကိုးစရာ မရှိသလောက်ပါဘဲ။ အခုနောက်ပိုင်း ဝိုင်းဝန်းကြိုးပမ်းမှုကြောင့် ကျောင်းကလေးတွေ ပေါ်လာပေမဲ့ ကျန်းမာရေးအတွက်အားကိုးစရာ မယ်တော်ဆေးခန်း ကိုတော့ ထိုင်းရဲအဖမ်းခံရမယ့် အန္တရာယ်ကြားက စွန့်စားသွားရပါတယ်။ ထိုင်းရဲအပြင် ထိုင်းလဝက၊ လူဆိုးဂိုဏ်းတွေနဲ့ ထိုင်းလမ်းသရဲတွေ ငွေညှစ် ဗိုလ်ကျနှိပ်စက်တာကလည်း ရှိပါသေးတယ်။

ရနောင်း၊ မဟာချိုင်ဘက် ငါးဖမ်းစက်လှေနဲ့လိုက်ရတဲ့ မြန်မာအလုပ်သမားတွေကတော့ မနက်တိုင်း မျက်နှာသစ်စရာခေါင်းရှိသေးလား စမ်းနေရတဲ့ဘဝမှာ ခပ်များများဖြစ်ပါတယ်။

ဒါကြောင့် ကမ္ဘာပြားတဲ့အကျိုးအမြတ်အဖြစ် အလုပ်သမား ၁ဝဝ ရှိတဲ့ စက်ရုံပိုင်သူဋ္ဌေးဟာ အမေရိကန်ကနေ မဲဆောက်ကို ရွှေ့လာတဲ့အတွက် တနှစ်ကို ဒေါ်လာ ၁ သန်း ၃ သိန်း ပိုမြတ်သွားပါတယ်။ တိုင်ဝမ်သူဋ္ဌေးဆိုရင်တော့ တနှစ်မှာ ဒေါ်လာ ၁ သန်းပိုမြတ်ပါလိမ့် မယ်။ မြန်မာအလုပ်သမားတွေအနေနဲ့တော့ ဗမာပြည်မှာ မဝယ်နိုင်တဲ့ ရွှေတို ရွှေစ ဝယ် နိုင်၊ ဟဲင်းဖုံးကိုင်နိုင်၊ မြို့ပေါ်အလုပ်သမားတွေဆိုရင် ၂၄ နာရီလျှပ်စစ်မီးနဲ့နေနိုင်တဲ့ ထိုင်း နိုင်ငံမှာ အလုပ်လုပ်တာဟာ ဗမာပြည်မှာထက် တနှစ်ကို ဒေါ်လာ ၂ဝဝဝ လောက် ဝင်ငွေ ပိုလာပြီး မလေးရှားမှာဆိုရင် ဗမာပြည်ထက် တနှစ်ကို ဒေါ်လာ ၄၂ဝဝ ပိုဝင်မှာဖြစ်ပါ တယ်။ ဒါဟာ အမေရိကန်အလုပ်သမားရဲ့ အစွန်းထွက်လောက်ဘဲ ရတာဖြစ်ပြီး သူတို့ ထက် ဒေါ်လာ ၁ဝဝဝဝ ကျော်လျော့နေပါသေးတယ်။ ဒါကြောင့် ကမ္ဘာပြားတယ်ဆိုတာ စက်ရုံရှင် လုပ်ငန်းရှင်သူဋ္ဌေးတွေအတွက်ပဲ အဓိကဖြစ်နေပါတယ်။

လုပ်ငန်းပုံစံပိုင်းကိုပြောရရင် တတိယလှိုင်းလို့ပြောတဲ့ အဆင့်မြင့် ကွန်ပျူတာ အင်တာ နက် ဆက်သွယ်ရေးစတဲ့ အသိဉာဏ်ပညာ အခြေခံလုပ်ငန်းတွေက ရှေ့ဆောင်အခန်းမှာ ရှိတယ်လို့ ပြောနေပေမဲ့ လက်တွေ့ကွင်းထဲမှာတော့ စက်မှုလုပ်ငန်းကဘဲ အဓိကလွှမ်းမိုး နေပြီး ထမင်းကျွေးနေတာဖြစ်ပါတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄-၅ သန်းထဲက အားလုံးလိုလို ရပ်တည်နေရတာဟာ အထည်ချုပ်စက်ရုံ၊ ဖိနပ်ချုပ်စက်ရုံ၊ ငါးပုဇွန်စက်ရုံ၊ ဆောက်လုပ်ရေး၊ တောင်ယာ၊ ရာဘာခြံ၊ ဆီအုန်းခြံ၊ စားသောက်ဆိုင်၊ ဈေးဆိုင် စတဲ့လုပ် ငန်းတွေဘဲဖြစ်ပါတယ်။ အမေရိကန်ရောက်သွားတဲ့ မြန်မာဆရာဝန် ဆူရှီလိပ်နေရတာ၊ ဂျ ပန်ရောက်သွားတဲ့ မြန်မာအင်ဂျင်နီယာတွေ အိုးတိုက် ပန်းကန်ဆေး နေရတာဟာ ကမ္ဘာ ပြား တတိယလှိုင်းဝါဒဖြန့်ချက်တွေကို သရော်နေတာ ဖြစ်ပါတယ်။

မြန်မာအလုပ်သမားတွေတင်မကပါဘူး၊ တကမ္ဘာလုံးမှာ လုပ်ငန်းတန်ဖိုးအကြီးဆုံးလုပ်ငန်း ၃ ခုက (၂ဝဝ၂ ခု စာရင်း အရ) တရားဝင်စီးပွားရေးနယ်ပယ်မှာ ရေနံထုတ်လုပ်ရေး၊ မော် တော်ကားထုတ်လုပ်ရေး၊ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းတို့ဖြစ်ပြီး တရားမဝင်စီးပွားရေး နယ်ပယ်မှာတော့ လူကုန်ကူးလုပ်ငန်း၊ လက်နက်ကုန်ကူးလုပ်ငန်းနဲ့ မူးယစ်ဆေးကုန်ကူး လုပ်ငန်းတို့ဖြစ်ပါတယ်။ ကွန်ပျူတာလုပ်ငန်း၊ တယ်လီဖုံးလုပ်ငန်းတွေ မဟုတ်ပါဘူး။ စ တော့ ရှယ်ယာ တန်ဖိုးမှာတော့ ကွန်ပျူတာလုပ်ငန်းက ရှယ်ယာတွေက တန်ဖိုးမြင့်နေပြီး ကွန်ပျူတာလုပ်ငန်းနယ်ပယ်က အလုပ်သမားတွေဟာ လုပ်ခကောင်းပေမဲ့ စီးပွားရေး လောက တခုလုံးထဲမှာတော့ အင်အားအကြီးဆုံး မဖြစ်သေးပါဘူး။

ကမ္ဘာ့အကြီးဆုံးကုမ္ပဏီ ၅ ခုက (၂ဝဝ၆ ခုစာရင်း) အက်ဆွန်မိုဘင်းလ် (ရေနံလုပ်ငန်း)၊ ဂျီ အီး (လျှပ်စစ်လုပ်ငန်း)၊ စီးတီး (ဘဏ်လုပ်ငန်း)၊ ဘီပီ (ရေနံလုပ်ငန်း)၊ ရှဲလ် (ရေနံလုပ် ငန်း) တို့အစဉ်လိုက်ဖြစ်ပြီး မိုက်ကရိုဆော့ဖ် (ကွန်ပျူတာ လုပ်ငန်း) က နံပတ် ၇ အဆင့် ပဲရှိပါတယ်။ ဒါ့အပြင် ကမ္ဘာ့အကြီးဆုံးကုမ္ပဏီ ၁ဝ ခုထဲမှာ အဆင့်မြင့်နည်းပညာလုပ်ငန်း က အဲဒီမိုက်ကရိုဆော့ဖ် တခုဘဲပါပါတယ်။

ဒါကြောင့် ကမ္ဘာပြားတာတွေ အဆင့်မြင့်နည်းပညာခေတ်ရောက်တာတွေဟာ ကျနော်တို့ အလုပ်သမားတွေ အထူးသဖြင့် မြန်မာအလုပ်သမားတွေအတွက် လက်တွေ့မကျတဲ့ စိတ် ကူးယဉ်အိပ်မက်တွေသာဖြစ်ပါတယ်။ မဲဆောက်က မြန်မာအလုပ်သမားတယောက်ဟာ အမေရိကန်ကအလုပ်သမားတယောက်နဲ့ တန်းတူလုပ်ခ မရသရွေ့၊ အိန္ဒိယက ကွန်ပျူတာ ပညာရှင်အလုပ်သမားတယောက်ဟာ အမေရိကန်က ကွန်ပျူတာပညာရှင် အလုပ်သမား တယောက်ရတဲ့ လစာ မရသေးသရွှေ့ ကမ္ဘာကြီးပြားနေတယ်လို့ မပြောနိုင်သေးပါဘူး။ အလွန်ဆုံးပြောရရင် အပြားလိုက်ကြီးစောင်းနေတယ်လို့ဘဲ ပြောနိုင်မှာဖြစ်ပြီး ပွင့်ပွင့်လင်း လင်းပြောရရင်တော့ သူဋ္ဌေးတွေက ပုံစံသစ်နဲ့ လူလည်ကျတာလို့ဘဲ ပြောချင်ပါတယ်။

ကမ္ဘာမှာ အဆင့်မြင့်နည်းပညာတွေ ရှေ့ဆောင်နေပြီး ဂလိုဘယ်လိုက်ဇေးရှင်း လို့ခေါ်တဲ့ တကမ္ဘာလုံးချီ ဆက်နွယ်မှုတွေ လွှမ်းမိုးလာပြီလို့ ပြောနေဟောနေပေမဲ့ ကမ္ဘာ့အလုပ်သ မားအများစုကြီးရဲ့ ဘဝကတော့ အဲဒီကမ္ဘာပြားတွေ တတိယလှိုင်းတွေနဲ့ အလှမ်းဝေးနေ ဆဲပါဘဲ။ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ မြန်မာပြည်တွင်းအလုပ်သမားတွေ ဆိုရင် နအဖစစ်အစိုးရ လက်ချက်ကြောင့် နိုင်ငံတကာ အလုပ်သမားတွေထက်ပိုပြီး အခွင့်မသာ ဖြစ်နေရပါတယ်။

ဂါမဏိ
သင့်ရဲဘော် ဂျာနယ်၊ အတွဲ(၃) အမှတ်(၁) သြဂုတ် ၂၀၀၉

Read More...

 
/* EOT ----------------------------------------- */