Tuesday 16 December 2008

... ထဲမှာ

(မာန်လတ်)

ဆွံ့အသွားတဲ့
ကျနော့်ပါးစပ်ထဲမှာ
ပြောစရာ စကားများစွာရှိတယ်။

ပင်းသွားတဲ့
ကျနော့်နားထဲမှာ
ကြားနေရတဲ့ အသံတွေများစွာရှိတယ်။

ကွယ်သွားတဲ့
ကျနော့်မျက်လုံးထဲမှာ
အမြင်များစွာရှိတယ်။

ပျက်စီးသွားတဲ့
ကျနော့်ဦးနှောက်ထဲမှာ
ပရိုဂရမ်များစွာရှိတယ်။

အကြောသေသွားတဲ့
ကျနော့်လက်နှစ်ဖက်မှာ
လှုပ်ရှားမှုများစွာရှိတယ်။

ပိုလီယိုထိသွားတဲ့
ကျနော့်ခြေထောက်နှစ်ဖက်ထဲမှာ
ခြေလှမ်းများစွာရှိတယ်။

မခုန်တော့တဲ့
ကျနော့်နှလုံးသားထဲမှာ
အချစ်များစွာရှိတယ်။

ဒီလိုပါပဲ
ကျနော့်ရဲ့သေဆုံးမှုတိုင်းမှာ
ပုန်းလျှိုးနေတဲ့ ရှင်သန်မှုများစွာရှိတယ်။ ။

(မာန်လက်)
ဒေါင်းအိုးဝေ - အတွဲ (၃)၊ အမှတ် (၅)၊ ဇန်န၀ါရီ၊ ဖေဖော်ဝါရီ၊ မတ်။ (စာမျက်နှာ - ၈)
နေ့သစ် http://naytthit.com အမှတ်တရဒေါင်းအိုးဝေ ... မှ ...

Read More...

Friday 12 December 2008

တပ်ဦးမှ သူရဲကောင်းမ

ရုတ်တရက်
ထက်မြတဲ့လှံစွပ်
သားမြတ်ကိုဖောက်ထိုး
နောက်ကျောရိုးရောက်သည့်တိုင်။

အလံမလဲ
ဆုပ်ထားဆဲ
သွေးရဲပစေ
မျက်ရည်တစ
ကြွေမကျတမ်းလေ …..။

မုန်းတီးခြင်း
နာကျည်းခြင်း
ခံပြင်းခြင်း
မာန်သွင်းခြင်း ….. များ
အထင်းသားဖော်ကျူး
စူးရဲတဲ့အကြည့်
ပကတိရင့်ကျက်
အသက်ကိုဖက်ရွက်ပမာ။

လူ့ဘ၀ရဲ့
လှပတဲ့သိက္ခာ
သစ္စာပွင့်ဦး
မဖူးခင်ကကြွေ ….. ကြွေ …..
ကြွေပစေလေ
သင်္ချေမက
မြေမှာကျရင်
ကျသည့်မျိုးစေ့
တစေ့မကျန်
ရှင်သန်ပေါက်ဖွား
အားသစ်ခွန်သစ်
သမိုင်းသစ်
လှစ်ဖွင့်မော်ကွန်းထိုးပေအံ့။

အိုးဝေတွန်သံ
နားမှာပန်ရင်း
အောင်လံကိုင်ဆုပ်
ကျောက်ဆစ်ရုပ်ကို
ကျွန်ုပ်အလေးပြုပါ၏။ ။

ပုသိမ်အေးကျော်
ဒေါင်းအိုးဝေ - အတွဲ (၁)၊ အမှတ် (၂)၊ ၁၉၈၉။ (စာမျက်နှာ - ၃)
http://naytthit.com အမှတ်တရ ဒေါင်းအိုးဝေ ... မှ ...

Read More...

Friday 21 November 2008

ကျကျန်ခဲ့တဲ့ အိပ်မက်တွေ

အိပ်မက်တွေ
ကျဆုံးရစ်ခဲ့တာ
ဒီလို တိုးရင်း တိုက်ရင်း
ကညင်ဆီတောင် မထွန်းပနိုင်တဲ့
ညနေ ရိုင်းမှာ
သူ ကဆုန်စိုင်းသွားပြီ ….။

အရစ်ရစ် အပတ်ပတ်
သံယောဇဉ် အထပ်ထပ်တွေကို
ပင်စည်က ရိုက်ချိုးခံလိုက်ရ
ဝါးပိုးမျှစ်နဲ့ ချစ်ခြင်းတွေ ၀ဲပျံလာကြ
ခု … ည နှင်းဆီရိုင်းတွေကို လှိုင်းခတ်တယ်။ ။

ချိုစိမ့်
(ရဲဘော် ဂုရု သို့…)
၂၀-၁၁-၂၀၀၈)

Read More...

Monday 17 November 2008

ဒီနေ့စီးပွားရေးအကြပ်အတည်းနဲ့ အမေရိကန်အင်ပါယာ

(ရဲဘော်ဖိုးသံချောင်း)

အမေရိကန်ဒေါ်လာ ကျဆင်းနေပါတယ်။ ဘာကျဆင်းတာလဲဆိုရင် သူ့ရဲ့တန်ဘိုး၊ သူ့ရဲ့အ ရေးပါမှု၊ သူ့ရဲ့အဆင့်နေရာ၊ အဖက်ဖက်က ကျဆင်းနေတာပါလို့ ပြောရပါမယ်။ မကြာခင်ကမှ အမေရိကန် အစိုးရဘဏ်ဥက္ကဋ္ဌအဖြစ်က အနားယူသွားတဲ့ အယ်လင်ဂရင်းစပင် (Alan Greenspan) က အသုံးပြုလိုက် တဲ့ နိမိတ်ပုံကတော့ အခုအမေရိကန်နိုင်ငံကြုံတွေ့နေရတဲ့ စီးပွားရေးကပ်ဟာ ရာစုနှစ်တခုမှာ တခါလောက် သာကြုံရတဲ့ ငွေရေးကြေးရေးဆူနာမီကြီးဖြစ်ပါသတဲ့။ အပြည့်အစုံသို့

Read More...

Friday 31 October 2008

ကျောင်းသားတပ်မတော် အမှတ်(၈)တပ်ရင်းတွင် ကျင်းပသော အနှစ်(၂၀)ပြည့် မကဒတ ဖွဲ့စည်းတည်ထောင်ခြင်း အခမ်းအနား



၁- နိုဝင်ဘာလ၊ ၂၀၀၈။
ယနေ့နံနက် မြန်မာ စံတော်ချိန် ၈ နာရီတွင် မကဒတ ကျောင်းသားတပ်မတော် အနှစ် (၂၀)ပြည့် အခမ်းအနား အား ကျောင်းသားတပ်မတော် အမှတ်(၈)တပ်ရင်း အခြေစိုက် စခန်းတွင် ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် မကဒတ တိုက်ပွဲဝင် ခွပ်ဒေါင်း အလံတော်အား အလေးပြုခြင်းနှင့် သစ္စာအဓိဌာန်ရွတ်ဆိုခြင်းများကို ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကေအန်ယူ တပ်မဟာ(၇) ရုံးထိုင်မှူး စောအဲ့ဆဲဆဲ ၊ ကေအန်ယူ တပ်မဟာ(၇) ဆေးတာဝန်ခံ ဆရာစောအဲ့မှီနှင့် ကျောင်းသားတပ်မတော် တပ်ရင်း(၈)မှ ရဲဘော်များကိုယ်စား ရဲဘော် မြင့်ဘုန်းနိုင် တို့မှ အမှာစကားများပြောခဲ့သည်။

ထိုသို့အမှာစကားပြောကြားရာ၌ ကေအန်ယူ တပ်မဟာ(၇) ရုံးထိုင်မှူး စောအဲ့ဆဲဆဲမှ “ကျောင်းသားတပ်မတော် အနှစ်(၂၀)တိုင် ရပ်တည်နိုင်ခဲ့တာ ဇွဲနှင့်ကြံ့ခိုင်မှုကောင်းလို့ဖြစ် တယ်။ အနှစ်(၂၀)ဆိုတဲ့ အရွယ်တိုင်ခဲ့ပြီ။ အတွေ့အကြုံတွေ များခဲ့ပြီ။ ယခုလို ရှိတဲ့အင်အားနဲ့ ကျစ်ကျစ်လျစ်လျစ် ဖွဲ့စည်းနေထိုင်ပြီး အောင်ပွဲရသည့်တိုင်အောင် အတူတကွလက်တွဲပြီး ဘုံရန်သူ စစ်အုပ်စုကို တိုက်ခိုက်သွားမယ်” ဟု ပြောကြားသွားခဲ့ပြီး ….

ကျောင်းသားတပ်မတော် အမှတ်(၈)တပ်ရင်းမှ တပ်ရင်းရဲဘော်များ ကိုယ်စား ရဲဘော်မြင့်ဖုန်းနိုင်မှ “ကျနော်တို့ ကျောင်းသားတပ်မတော် ယနေ့အချိန်ထိ အနှစ်(၂၀)တိုင်တိုင် ရပ်တည်နိုင်ခဲ့တယ်ဆိုတာက နိုင်ငံရေးလမ်းစဉ်မှန်ခဲ့လို့ ရပ်တည်နိုင်ခဲ့တာဖြစ်တယ်လို့ သုံးသပ်မိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျနော်တို့ မကဒတရဲ့ ပထမဦးဆုံး ထုတ်ပြန်ကြေညာချက်ဖြစ်တဲ့ အမှတ်(၁)ထုတ်ပြန်ချက်ထဲမှာ ပါဝင်ပြီး ဖြစ်ပါတယ်။ ကျနော်တို့ ကျောင်းသား တပ်မတော်ဟာ ကျောင်းသားလှုပ်ရှားမှုသမိုင်းမှာ ရှေ့တန်းကပါဝင်ခဲ့တဲ့ အစဉ်အလာကြီးမားတဲ့ ဗကသကို အခြေခံခဲ့ပါတယ်။ ကျောင်းသားထုကို ကိုယ်စားပြုပြီး ကျောင်းသားလှုပ်ရှားမှု ကျောင်းသာအဖွဲ့အစည်းအားလုံးရဲ့ လက်နက်ကိုင်တော်လှန်ရေး စစ်ကြောင်းအဖြစ်ရပ်တည်ခဲ့တာပါ။ နောက်ပြီးတော့ ၁၉၂၀ ကတည်းက ကျနော်တို့ ကျောင်းသားထု ကိုင်ဆွဲခဲ့တဲ့ အမျိုးသားနိုင်ငံရေးကို ကျနော်တို့ရဲ့ နိုင်ငံရေးလမ်းစဉ်အဖြစ် ပြဌာန်းပြီး ဗမာပြည်ကျောင်းသားထုကိုယ်စား တိုက်ပွဲဝင်နေတဲ့ကျောင်းသားထုဖြစ်ပါတယ်” စသည်ဖြင့် အသီးသီးပြောကြားသွားခဲ့ကြသည်။
အခမ်းအနားသို့ မဟာမိတ် KNU မှ ခေါင်းဆောင်တပ်မှူးများနှင့် ရဲဘော်များ၊ ABSDF အမှတ်(၈) တပ်ရင်းမှ တာဝန်ခံ တပ်မှူးများနှင့် ရဲဘော်များ တက်ရောက်ခဲ့ကြပြီး နံနက် (၁၀)နာရီတွင် “ကမ္ဘာ မကြေဘူး” သီချင်းကို သံပြိုင်သီဆိုပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်း ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

ပေးပို့သူ … မူချိမ့်

Read More...

ကျောင်းသားတပ်မတော် အနှစ်(၂၀)ခရီး အထိမ်းအမှတ် ပို့စ်ကဒ်

Read More...

Tuesday 28 October 2008

ဒို့ခေတ်ကို ရောက်ကိုရောက်ရလိမ့်မယ်

(ဂါမဏိ)
(၂ဝဝ၇ အောက်တိုဘာ ၄ ရက်ထုတ် New Statesman မဂ္ဂဇင်းမှ သြစတြေးလျနိုင်ငံသား သတင်းထောက် ဂျွန်ပင်လ်ဂျာ၏ ဆောင်းပါးကို ဘာသာပြန်သည်)

၂ဝဝ၇ စက်တင်ဘာလ၌ မြန်မာပြည်သူတို့ နောက်တဖန်အုံကြွချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ကျနော် တို့ ကြုံတောင့်ကြုံခဲ တွေ့မြင်လိုက်ရသည်။ သူမကို ရန်ကုန်မြို့တော်၏ အင်းယားကန်နဘေးမှ အကျယ် ချုပ်ကျခံနေရသော နေအိမ်ခြံတံခါးဝ၌ မတ်တပ်ရပ်လျက် တွေ့လိုက်ရခြင်းဖြစ်ပါသည်။ သူမကိုကြည့်ရ သည်မှာ ပိန်လှီလှသည်။ ပြည်သူလူထုများကား သူမနေအိမ်ဘေးမှ ဖြတ်သွားနိုင်ရုံလောက်၊ သူမ၏ စန္ဒယားလက်သံကို ကြားလိုက်ရ၍ စိတ်အေးသွားနိုင်ရုံလောက်အတွက် လမ်းပိတ်ဆို့တားဆီးစစ်ဆေးမှု များကို ရင်ဆိုင်ကျော်ဖြတ်ကြသည်။ သူမသည် ခြံပြင်မှ လူသံသူသံများကို အိပ်ရာထဲလှဲရင်း စောင့် နားထောင်နေတတ်သည်၊ မိမိ၏နှလုံးခုန်သံကိုလည်း အိပ်ရာထဲလှဲရင်း နားထောင်နေတတ်သည်ဟု ကျနော့်ကို ပြန်ပြောပြခဲ့ဖူးသည်။ “ကျမ နေမကောင်းဖြစ်ပြီးတဲ့နောက် ပက်လက်လှန်အိပ်ရင် အသက်ရှူ ရတာ ခက်လာတယ်” ဟု သူမကပြောဖူးသည်။ ...အပြည့်အစုံသို့...

Read More...

Thursday 11 September 2008

နောက်ဆုံးတိုက်ပွဲကို ဦးတည်မလား၊ အမှိုက်ပုံးထဲက ကြားစကား နားထောင်မလား

ရဲဘော်ဖိုးသံချောင်း
ခေတ်ပြိုင်မှ ....


လောင်စာဆီဈေးတက်မှုကို ဆန္ဒပြမှုကြီးနဲ့ စက်တင်ဘာသံဃာ့ အရေးအခင်းကြီး တနှစ်ပြည့်မြောက်တော့မယ့် အချိန်မှာ နအဖကိုနိုင်ငံတကာအဝန်းအဝိုင်းမှာ နေရာပေးစေလိုတဲ့ အသံတွေ၊ နအဖ ဖော်ထုတ်တဲ့ အခင်း အကျင်းသစ်ကို လက်ခံခိုင်းသံတွေ ကြားလာရတာဟာ အံ့သြစရာ၊ ရင်နာစရာလည်း ကောင်းပါတယ်။

အရေး တော်ပုံတရပ် အချိန်ကြာမြင့်လာတဲ့အခါမှာ စိတ်ပျက်လာသူ၊ စိတ်ဓာတ်ကျသူ၊ ခွာထွက်သူ၊ လက်နက်ချသူ စတာတွေ ပေါ်ပေါက်လေ့ရှိတာ မဆန်းပါဘူး။ တရားခံရှာကြ၊ တဦးဦးအပေါ် ပုံချဖို့ကြိုးစားကြ၊ စတာတွေလည်း မဆန်းပါဘူး။ တချို့ကတော့လည်း ပက်လက်ကုလားထိုင်ပေါ်မှာ စီးကရက်ရှိုက်၊ ဘီယာ စုတ်ရင်း လေကန် သုံးသပ်တာ လုပ်ကြပါတယ်။ ကိုယ့်ရပ်တည်ချက်နဲ့ကိုယ်၊ သမိုင်းမှာပါမယ့် ကိုယ့်အခန်းနဲ့ ကိုယ် အရလို့ပဲ ဆိုကြပါစို့။

ဒါပေမယ့် အရေးတော်ပုံကို ဆက်ခံကြမယ့်၊ အရေးတော်ပုံရဲ့ မပြီးဆုံးသေးတဲ့ တာဝန်တွေကို ဆက်သယ် ဆောင်ကြမယ့် လူတွေကတော့ သုံးသပ်တာကို ဇိမ်ခံတဲ့အလုပ်လို လုပ်မနေပါဘူး။ ကိုယ့်သေရေးရှင်ရေး ကိစ္စလို ဆွေးနွေး သုံးသပ်ကြပါတယ်။ ပြီးခဲ့တာတွေထဲမှာ အမှား၊ ဒါမှမဟုတ် သင်ခန်းစာကို တွေ့ရင် တာဝန်ရှိခဲ့သူကို အပြစ်တင်နေတာထက် ဒီအမှားမျိုးကို ဘယ်လိုရှောင်မယ်၊ ပိုကောင်းတာဘာရှိသလဲဆိုတာကို ရှာဖွေ စူးစမ်း ကြပါတယ်။

တကယ်ပြောရရင် စက်တင်ဘာ အရေးအခင်းလို နအဖစစ်အစိုးရကို တုန်လှုပ်စေခဲ့တဲ့ကိစ္စမျိုး တခုမှမရှိခဲ့ဖူးပါဘူး။ နအဖဟာ ပြည်ပက ဘယ်ဖိအားကိုမှ ပြည်တွင်းက လူထုအားလောက် မကြောက်ဘူး။ ပြည်ပက ဘယ်ပိတ်ဆို့မှု (sanctions) မှ သံဃာတော်များရဲ့ ပတ္တနိက္ကုဇ္ဇနကံဆောင်တာလောက် မထိရောက်ဘူးဆိုတာ အားလုံးတွေ့ခဲ့ကြရ ပါပြီ။

၂ဝဝ၇ ခုနှစ် သြဂုတ်၊ စက်တင်ဘာ ဖြစ်စဉ်များဟာ နအဖကို ဖယ်ရှားချင်ရင် ပြည်တွင်းကအင်အားကိုသာ အားကိုးရမယ်၊ ပြည်တွင်းလုပ်ငန်းသာ အဓိက ဆိုတဲ့အချက်တွေကို အတည်ပြုပေးခဲ့ပါတယ်။ နောက်ပြီး စစ်အာဏာရှင်လက်အောက် ဗမာပြည်ရဲ့ အခြေအနေမှာ လူထုအုံကြွမှုတွေ အချိန်မရွေး ပေါက်ကွဲနိုင်တယ် ဆိုတာကိုလည်း အထင်အရှား ပြသခဲ့ပါတယ်။

လူထုအုံကြွမှုဟာ ဘယ်နေရာဘယ်ထောင့်ကမဆို ပေါ်နိုင်တယ်။ ကျောင်းသားသာမက အလုပ်သမား၊ လယ်သမား နဲ့ သံဃာတော်များကတောင်မှ နအဖကို ဆန့်ကျင်ဆန္ဒပြချင်ကြတယ်ဆိုတာကို ထင်ရှားစေခဲ့ပါတယ်။

ဒီလိုဘက်နှစ်ဘက် အင်မတန် ထင်ထင်ရှားရှားကြီး ကွဲပြားနေတဲ့ ဗမာပြည်နိုင်ငံရေးမှာ ကြားသမား လုပ်ချင်တာ၊ ဖြစ်နိုင်ရင် “နင်လည်းတန်၊ နင်လည်းတန်” ဆိုပြီး ကိုယ့်ဖာသာ ခန့်တဲ့ ပုဏ္ဏားတိုင်လုပ်ချင်တာတွေ ပေါ်လာတာ တွေ တွေ့ရပါတယ်။ ဒါပေမယ့် ၁၉၄၈ ခုနှစ် မပြောနဲ့၊ ၁၉၈၈ ခုနှစ်ကနေ ပြန်တွက်လိုက်ရင်ပဲ ဒီလိုလူမျိုးတွေ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ တွေ့ခဲ့ကြရတာ မနည်းတော့ပါဘူး။

အဆုံးကျတော့ အဲဒီလူတွေကို ပြည်ပတနေရာရာ၊ ဒါမှမဟုတ် ပြည်တွင်းတချောင်ချောင်က အမှိုက်ပုံးထဲမှာ ရောက်နေတာပဲ တွေ့ကြရတယ် မဟုတ်ပါလား။ အဲဒီလို “ပိုနေမြဲ၊ ကျားနေမြဲ” ဆိုတာကို အာဏာရနေတဲ့ လူတွေက အင်မတန်ကြိုက်ပါတယ်။ လက်ခံချင်ပါတယ်။ ဒါပေမယ့် အဖိနှိပ်ခံနေရသူတွေ၊ မတရားပြု ခံနေရ သူတွေကတော့ ‘နေ မြဲ’ အနေအထားကို ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ ဒီလိုနဲ့ပဲ အဲဒီပုဏ္ဏားတိုင်မင်းများဟာ နောက်ဆုံးမှာ ဖိနှိပ်သူနဲ့ ပေါင်းမိ၊ ဒါမှမဟုတ် အပြင်ကို လွင့်စင်သွားကြတာဖြစ်ပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံ နောက်ပိုင်းမှာ နအဖရဲ့သရုပ်သကန်ကို အပေါ်လွင်ဆုံးဖွင့်ပြတဲ့ သမိုင်းလက္ခဏာ ဆောင်တဲ့အဖြစ်အပျက်ကြီး သုံးခုရှိပါတယ်။ အဲဒါတွေက ဒီပဲယင်းလူသတ်ပွဲ၊ သံဃာတော်များအရေးအခင်းနဲ့ နာဂစ်မုန်တိုင်းတို့ ဖြစ်တယ်လို့ဆိုရင် မမှားဘူးထင်ပါတယ်။ ဒီအရေးကိစ္စတွေကြောင့် နအဖဟာ ပြည်တွင်း ပြည်ပ နိုင်ငံရေးတို့မှာ ခံစစ်ဘဝရောက်ခဲ့ပါတယ်။ ဘယ်ခွင်မှာမှ ခေါင်းမမော်နိုင်ပါဘူး။ အခုတော့ သူတို့ဟာ တဘက်က နိုင်ငံရေးအရ သူတို့အတွက် ပုံမှန်အနေအထား ပြန်ရအောင်နဲ့ သူတို့ အစီအစဉ်အတိုင်း ရာသက်ပန် အာဏာ ဆုပ်ကိုင်ရေး လမ်းပြမြေပုံကို အတင်းတွန်း အကောင်အထည်ဖော်နေပါတယ်။

ဒီလိုအခါမှာ ပြည်ပအစိုးရတွေ၊ အန်ဂျီအိုတွေအပါ တချို့လူတွေဟာ ၂ဝ၁ဝ လွန် ဗမာပြည်နိုင်ငံရေးအတွက်ဆိုပြီး စဉ်းစားပြင်ဆင်နေကြတယ်။ ဆိုလိုတာ နအဖရဲ့အခင်းအကျင်းကို အသိအမှတ်ပြု လက်ခံလိုက်ကြဖို့ပဲ။ ဒါဟာ ဗမာပြည်သားတွေရဲ့ ဆန္ဒနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်ပါတယ်။ ဗမာပြည်သားတွေအနေနဲ့ မတတ်သာလို့ အောင့်ပြီး လက်ခံထားရတာရှိမယ်။ အသိအမှတ်ပြုတဲ့သဘောတော့ ဘယ်တော့မှ မရှိဘူး။

အမှန်ပါပဲ။ ဒီနေ့အခါမှာ ဗမာပြည်ရဲ့အခြေအနေတွေကို ပြောင်းလဲဖို့အတွက် နအဖနဲ့ အတိုက်အခံအင်အားစု တွေ တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ ဖြေရှင်းရမယ်ဆိုတာဟာ နအဖမှတပါး အားလုံး လက်ခံထားတဲ့ နည်းနာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နအဖစစ်ဗိုလ်ချုပ်တွေဟာ ဒီနည်းနာကို လက်မခံရုံမက ပြည်သူလူထုအပေါ် လက်နက်သုံးတဲ့ နည်း၊ လူမိုက်နဲ့ ဝိုင်းရိုက်တဲ့နည်းအပါ နည်းအမျိုးမျိုးနဲ့ ထိုးစစ်အမျိုးမျိုး ဆင်နေပါတယ်။

အတိုက်အခံအင်အားစုတွေကို ထောင်ထဲ၊ တောထဲနဲ့ ပြည်ပကို မောင်းပို့တာ ဆက်လုပ်နေပါတယ်။ သူတို့ဖြစ် စေချင်တာကို နှုတ်နဲ့ပြောဆိုပြီး တဖက်သားကို လက်ခံအောင်လုပ်တဲ့နည်းအစား အာဏာသုံးတဲ့နည်း၊ အကြမ်း ဖက်တဲ့နည်းနဲ့ အတင်းလက်ခံခိုင်းနေပါ တယ်။ ပြည်တွင်းနိုင်ငံရေး အခြေအနေဟာ တင်းမာသထက်တင်းမာ၊ ဆိုးဝါးသထက် ဆိုးဝါးလာနေတာ ကမ္ဘာသိပါပဲ။

ဘယ်သူတွေ အသိအမှတ်ပြုပြု၊ မပြုပြု၊ အခြေအနေတွေ ပြသနေတာကတော့ ဗမာပြည်နိုင်ငံရေးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ နအဖတို့ရဲ့ နောက်ဆုံးစာရင်းရှင်းပွဲ (final show-down) တခုဆီကို ဦးတည်နေတယ်ဆိုတာပါပဲ။ ဒါဟာ နအဖနဲ့ ပြည်သူလူထုရဲ့ တိုက်ပွဲလို့လည်း ဆိုနိုင်ပါတယ်။ ဒီတိုက်ပွဲမှာ ရှုံးတဲ့ဘက်ဟာ ကာလတခု၊ ဒါမှမဟုတ် ထာဝရနာလန်မထူ ဖြစ်သွားနိုင်ပါတယ်။ နောက်ပြီး ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ တိုက်ပွဲစဉ် အဆုံးသတ်ခြင်းကိုလည်း ဖြစ်သွားစေနိုင်ပါတယ်။

ဒါတွေကြောင့် ဒီတကွေ့ဟာ ဗမာပြည်အတွက် အလွန်တရာမှ အရေးပါကြောင်း ထင်ရှားနေပါတယ်။ ဒီတိုက်ပွဲ ကြီးကို သာမန်တပွဲတိုး စဉ်းစားနည်းနဲ့ စဉ်းစားပြင်ဆင်လို့ မဖြစ်ပါ။ အမြင်ကျယ်ရ၊ ရေရှည်လှမ်းမြင်ရပါမယ်။ မလိုအပ်တဲ့ အချင်းချင်း ပဋိပက္ခတွေ မပေါ်ပေါက်အောင် ထိန်းချုပ်ထားရပါမယ်။

ရေဒီယိုတွေကနေ အတိုက်အခံတွေရဲ့အသံတွေ ထွက်ခွင့်ရနေချိန်၊ အင်တာနက်ကို ဖောဖောသီသီကြီး သုံးစွဲ နေနိုင်ချိန်မှာ အချင်းချင်းတိုက်နေတာနဲ့ အချိန်ဖြုန်း မနေသင့်ပါ။ ဒီအဆုံးအဖြတ် တိုက်ပွဲကြီးအတွက် ဘက် ပေါင်းစုံကနေ ပြင်ဆင်ရပါမယ်။ နည်းနာပေါင်းစုံကို စဉ်းစားရှာကြံရပါမယ်။ စစ်အစိုးရက လက်နက်နဲ့ သတ်ဖြတ် တာအပါအဝင် နည်းနာပေါင်းစုံနဲ့ ဖိနှိပ်နေချိန်မှာ ပြည်သူတွေဘက်က စစ်အစိုးရကို ဆန့်ကျင်တဲ့အခါ ဘယ်လို နည်းနာတော့ဖြင့် မသုံးသင့်ဘူးဆိုတာမျိုး တရားမပြသင့်ပါ။

လမ်းပေါ်မှာပရိတ်ရွတ်နေတဲ့ သံဃာတော်များကို သေနတ်နဲ့ပစ်သတ်တဲ့၊ လေမုန်တိုင်းဒဏ်ကြောင့် ဒုက္ခ ရောက်နေသူတွေကို မျက်စိစုံမှိတ်ထားနိုင်တဲ့ စစ်ဗိုလ်ချုပ်တွေအပေါ် ဘယ်နည်းပဲသုံးသုံး တရားပါတယ်။

အကြမ်းဖက်သင့်လည်းဖက်ရမှာပါ။ အကြမ်းဖက်တယ်ဆိုရာမှာ အပြစ်မဲ့ပြည်သူတွေကို ထိခိုက်စေတဲ့၊ ပြည်သူ့ သမိုင်း အမွေအနှစ်တွေကို ပျက်စီးစေတဲ့ အကြမ်းဖက်မှုမျိုးကို မဆိုလိုပါ။ ဒါပေမယ့် စစ်အုပ်စုဝင်တွေ၊ သူတို့ လက်ကိုင် နောက်လိုက်ခွေးတွေ၊ ခေါင်းမာသူတွေကိုတော့ ထိုက်သင့်တဲ့အတိုင်း တန်ပြန်ရပါမယ်။

ပြည်သူတွေ၊ သံဃာတွေ သွေးချောင်းစီးခဲ့တာ၊ စီးနေတာတွေကို မမေ့သင့်ပါဘူး။ မြေပေါ်မြေအောက်၊ ဥပဒေတွင်း ဥပဒေပ နည်းပေါင်းစုံ ဆင်နွှဲရပါမယ်။ နအဖဟာ ဥပဒေမဲ့ ပစ်ခတ်သတ်ဖြတ်ရုံမက ချောင်းရိုက်၊ ချောင်းသတ် တာတွေ၊ ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်တာတွေ၊ အထက်လမ်း၊ အောက်လမ်း နည်းလမ်းပေါင်းစုံနဲ့ ဖိနှိပ်နေတာပါ။ ဒီလိုအခါမှာ သူတို့ရဲ့ဖိနှိပ်မှုက လွတ်မြောက်လိုသူတွေဟာလည်း နည်းမျိုးပေါင်းစုံ ဆင်နွှဲရပါမယ်။ တခုပဲ သတိပြုရပါမယ်။ အဲဒါကတော့ တိုက်ပွဲတခုနဲ့တခု ကဏ္ဋကောစ မဖြစ်စေဖို့ပါ။ တခုကိုတခုက တွန်းအားဖြစ်ဖို့သာ အရေးကြီးပါတယ်။ အချိန်များများမကျန်တော့ပါ။ (၂) နှစ်သာလိုပါတော့တယ်။

Read More...

Saturday 6 September 2008

မိုးစိမ်း

မိုးတွေ
သည်းသည်းလှုပ်အောင် ရွာသွန်းခဲ့တဲ့
လွန်ခဲ့သော အနှစ်နှစ်ဆယ်က …။

ငါတို့
ဆုလာဘ်အဖြစ် ရထားတဲ့
မြေကမ္ဘာပေါ် …
ဘ၀တွေ ရွှဲရွှဲစိုအောင်
ရွာခဲ့ဖူးတယ်။

အဲဒီကစလို့
အားကောင်းမောင်းသန် ဖူးပွင့်ခဲ့တဲ့
အိပ်မက်တူရာ ချစ်သူများ …။

ခုတော့
မိုးက …
ရွာပုံလည်း မရိုးဘူး
သည်းပုံကလည်း တိုရေရှားရေ
ဒီလို … တစစနဲ့
ရှားပါးပျောက်ကွယ် ပျော်ရွှင်ဖွယ်ရာနေ့ရက်များ …
အချစ်ရေ …
မိုးကပဲ … ကန္တာရဆန်နေသလား
ဒို့တတွေကပဲ
အိပ်မက်တွေအပေါ် သစ္စာဖောက်နေတာလား
ဖြေကွယ် … ။ ။

ကမာပုလဲ

Read More...

Wednesday 6 August 2008

ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ ဂုဏ်ရောင် ထာဝရ ထွန်းပြောင်ပါစေ

၈ - ၈ - ၈၈ မှ
၁၈ - ၉ -၈၈ နေ့အထိ
၁၃၅၀ပြည့် အရေးတော်ပုံ
ရှစ်လေးလုံးအရေးတော်ပုံ -
ဒီ အရေးတော်ပုံကြီးရဲ့ ဂုဏ်ရောင်ဟာ
စစ်အာဏာရှင်တွေ ဘယ်လိုဖြို ဖြို
ဘယ်တော့မှ မပြို ပျက်
ဆက်လက်ပြီးပဲ ရှင်သန်
သမိုင်းတွင် ကျန်ရစ်ခဲ့မှာ သေချာတယ် ။

ဒီအရေးတော်ပုံကြီးဟာ
ဗမာပြည်ရဲ့ သမီးသား
ခွပ်ဒေါင်းများက စတင်လိုက်
လူထုတိုက်ပွဲပေါင်းစုံတို့ရဲ့ စုစည်းရာ
သမိုင်းဝင် မဟာအရေးတော်ပုံကြီး ဖြစ်ပါတယ် ။

ဒီအရေးတော်ပုံကြီးဟာ
သမိုင်းဂုဏ် အလွန်မြင့်မား
စံထားရမယ့် မှတ်ကျောက်နီ ။

ဒီအရေးတော်ပုံကြီးဟာ
အာဇာနည်များစွာကို မွေးဖွား
သွေးနဲ့ရေးထားရတဲ့ မော်ကွန်းရှည် ။

ဒီအရေးတော်ပုံကြီးကနေ
အမိမြေ ရဲ့ ဒီမိုကရေစီရေး
ဟစ်ကြွေး ရှေ့ရှုနိုင်ခဲ့တယ် ။။

ဒီအရေးတော်ပုံကြီးကနေ
လူတန်းစားအထွေထွေရဲ့ ဆန္ဒပြ
ဖေါ်ထုတ်ပြရာ အစုအစည်း
သမဂ္ဂအသီးသီး ပေါ်ထွန်းလာခဲ့တယ် ။။

ဒီအရေးတော်ပုံကြီးကနေ
နိုင်ငံရေးပါတီ များစွာ
မွေးဖွားပေးခဲ့တယ် ။။

ဒီအရေးတော်ပုံကြီးကနေ
ခွပ်ဒေါင်းတွေရဲ့ မူလ
ဗကသ
တကသ
ရကသ တို့အပြင်
သမိုင်းစဉ်မှာ မရှိဖူးသေး
အခြေခံပညာရေးကျောင်းသားများသမဂ္ဂ
အကသ ကို မွေးဖွားပေးခဲ့တယ် ။။

ဒီအရေးတော်ပုံကြီးကနေ
ခွပ်ဒေါင်းတွေအတွက်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး
ABSDF
ကျောင်းသားလက်နက်ကိုင်တပ်မတော်
ထွန်းပေါ် ပေါက်ဖွားလာခဲ့တယ် ။။

ဒီအရေးတော်ပုံကြီးဟာ
ဗမာ့သမိုင်းသာမက
ကမ္ဘာ့သမိုင်းအထိ မှတ်တမ်းဝင်
မော်ကွန်းတင်ထားရမယ့် အရေးတော်ပုံကြီးဖြစ်ပါတယ်။။

ဒီအရေးတော်ပုံကြီးရဲ့ ဂုဏ်ရောင်ကို
ဘယ်အချောင်သမား ဘယ်အုပ်စိုးသူ
ဘယ်ဖေါက်ပြန်သူကမှ ချေ ဖျက်မရ
သမိုင်းတလျောက် ထာဝစဉ်
ဥဒါန်းတွင်ရစ်ပါစေသောဝ် ။ ။

( ၀င်းတင့်ထွန်း )
(မှတ်ချက်။၁၉၉၅ ခုနှစ်က။ တက္ကသိုလ်စိန်ရတု အထိမ်းအမှတ်အဖြစ်။ ဗကသများအဖွဲ့ချုပ်မှ ထုတ်ဝေဖြန့်ချိခဲ့တဲ့ ‘ခွပ်ဒေါင်းတို့ရဲ့ တွန်ကျူးသံ’ လုံးချင်းကဗျာစာအုပ်မှ၈၈၈၈ ရှစ်လေးလုံးအ ရေးတော်ပုံအပိုင်းကဏ္ဍပါကဗျာပိုဒ်များကိုထုတ်နှုတ်ပြီး ရှစ်လေးလုံးအရေးတော်ပုံ အနှစ်(၂၀) မြောက်ကို အထိမ်းအမှတ်ပြုလိုက် ခြင်းဖြစ်ပါတယ်။)

Read More...

Monday 28 July 2008

ရှစ်လေးလုံးအမွေတွေကို ကာကွယ်ကြရမယ်

ရဲဘော်ဖိုးသံချောင်း
http://www.khitpyaing.org ...မှ...


နအဖရဲ့လမ်းပြမြေပုံဟာ (၇) ချက်လို့ ဆိုပေမယ့် ရေးမထားတဲ့ အချက်တချက်ရှိနေတာကို သတိ ထားမိကြသလား မသိပါ။ အဲဒါက တခြားမဟုတ်ပါ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဇီဝိန်ချုပ်စေ ရေးဖြစ်ပါတယ်။ အထူးသဖြင့် သူတို့ရဲ့ လက်ရာမပေါ်ဘဲ ဇီဝိန်ချုပ်စေရေး ဖြစ်ပါတယ်။

သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက “နိုင်ငံရေးပါတီများ” ဆိုတဲ့ အခန်းမှာ နိုင်ငံရေးပါတီတွေကို အချိန်မရွေး အရေးယူ ဖျက်သိမ်းနိုင်အောင် အချက်အလက်တွေ ဖန်တီးထားပါတယ်။ အဲဒီမှာပါတဲ့ အင်မတန်ေ၀၀ါးတဲ့ စာပိုဒ်တွေက နိုင်ငံရေးပါတီတွေကို တောက်လျှောက် ခြိမ်းခြောက်နေမှာ မလွဲ ပါဘူး။ ဥပမာပြရရင် “စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီကို လက်ခံကျင့်သုံးရမည်” ဆိုတာမျိုး ဖြစ်ပါတယ်။ တကယ်က နိုင်ငံတနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ နိုင်ငံရေးပါတီများရယ်လို့ တခန်းပါနေတာကိုက အတော့်ကို ဆန်းနေတာပါ။ နောက်ပြီး အဲဒီအခန်းမှာပဲ နိုင်ငံရေးပါတီတွေဟာ “(က) လွတ်လပ်စွာ စည်းရုံးခွင့်ရှိသည်။ (ခ) ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသည်” လို့ ရေးထားပါတယ်။ နိုင်ငံရေးပါတီတရပ်ဟာ ဒါပဲလုပ်နိုင်သလားလို့ မေးစရာဖြစ်လာပါတယ်။
ကိုယ်ယုံတာကို ဟောပြောဝါဒဖြန့်ခွင့် မရှိဘူးလား။ သတင်းစာ၊ ဂျာနယ် ထုတ်ပိုင်ခွင့် မရှိဘူးလား။ လှည့်လည်ဆန္ဒပြဖို့ စည်းရုံးလှုပ်ရှားခွင့် မရှိဘူးလား။ မေးစရာတွေ အများကြီးဖြစ်နေပါတယ်။ နအဖ လိုလားတဲ့ ပါတီအဖွဲ့အစည်းဆိုတာ တစညလို “စစ်သားကဲ့သို့ စည်းကမ်းရှိ၍ စစ်သားကဲ့သို့ နာခံ” တဲ့ ပါတီမျိုးသာ ဖြစ်ပါတယ်။

ဒီနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လုပ်နေတာတွေဟာ သူတို့ ဖွဲ့စည်းပုံဥပဒေနဲ့ မညီညွတ်ဘူးလို့ အချိန်မရွေး အပြစ်ရှာနိုင်တယ်ဆိုတာ မေ့လို့မဖြစ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို တားဆီးပိတ် ပင်ဖို့ တိုက်ရိုက်ရည်ရွယ်ပြီး သတ်မှတ်ထားတဲ့ နိုင်ငံတော်အကြီးအကဲဆိုတဲ့ အခန်းလိုဟာကတော့ ပြောနေစရာတောင် မလိုပါဘူး။ ကလေးဆန်လိုက်လေလို့သာ မှတ်ချက်ချရမယ့်ဟာမျိုးပါ။

တလောကတော့ နအဖဟာ ပါတီအဖွဲ့အစည်းတွေ ပြန်လည်မှတ်ပုံတင်ရမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့က မှတ်ပုံတင်ရာမှာ လိုက်နာရမယ့် စည်းကမ်းတွေအကြောင်း ဘာမှမပြောပါဘူး။ အရင်လိုပဲ မှတ်ပုံတင်တဲ့ပါတီဟာ သူတို့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရမယ်၊ မ၀င်ရင် မှတ်ပုံတင် ခွင့် မပေးဘူးဆိုရင် ဒီချုပ်ဟာ ချောက်ကျတော့မှာပါ။ ဒီထုတ်ပြန်ချက်ဟာ ဒီချုပ်ကို တိုက်ရိုက် ဦးတည်တာပဲလို့ဆိုရင် မမှားဘူး ထင်ပါတယ်။ သူတို့ လက်ညှိုးညွှန်ရာ ရေဖြစ်ရတဲ့ “အမျိုးသား ညီလာခံ” မှာ ဒီချုပ်ကို ပြန်ဝင်ခိုင်းလို့ မရတဲ့နောက်မှာ သူတို့အမိန့်ပေးသမျှ ခေါင်းညိတ်ရမယ့် လွှတ်တော်ထဲကို ၀င်ဖို့ ထောင်ခြောက်ဆင်တာ ဖြစ်တယ်ဆိုတာ အင်မတန်မှ မြင်သာပါတယ်။ ဒီချုပ်ကို ရှေ့တိုးလည်း လှည်းတုတ်၊ နောက်ဆုတ်လည်း ထမ်းပိုးဖြစ်အောင် လုပ်ထားတာပါပဲ။

ပြောရရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အသီးအပွင့်တခု ဖြစ်ပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံ မပေါ်ပေါက်ခဲ့ရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပေါ်မလာ နိုင်ပါဘူး။ လက်ရှိအဖွဲ့ချုပ်ခေါင်းဆောင်တွေလည်း နိုင်ငံရေး နယ်ပယ်ရဲ့ ရှေ့တန်းကို ရောက်လာ ချင်မှ ရောက်လာမှာပါ။ အခု သေချာပြန်ကြည့်လိုက်တော့ ရှစ်လေးလုံးအရေးတော်ပုံရဲ့ အရေးပါတဲ့ အောင်ပွင့်-အမွေဆိုလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တခုသာ ကျန်ပါတော့တယ်။ ဒါကြောင့် နအဖ ဘက်က ပြောရရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ချေမှုန်းလိုက်နိုင်မယ်ဆိုရင် ရှစ်လေးလုံးရဲ့ အမွေနဲ့ အစဉ်အလာတွေကို တစမကျန် ဖျက်သိမ်းလိုက်နိုင်တာပဲ ဖြစ်ပါတယ်။ ဒါဟာ သူတို့စစ်အုပ်စု အဆက်ဆက်အတွက် လက်စားချေလိုက်နိုင်ရာကျသလို သူတို့ရှေ့ရေးအတွက် အကြီးမားဆုံး အနှောင့်အယှက် အတားအဆီးကိုလည်း ဖယ်ရှားလိုက်နိုင်တာ ဖြစ်ပါလိမ့်မယ်။

တဆက်တည်းမှာ နအဖဟာ ရှစ်လေးလုံးအရေးတော်ပုံရဲ့ ဘေးထွက်ပစ္စည်းလို့ဆိုရမယ့် ငြိမ်းအဖွဲ့ တွေကို ဖျက်သိမ်းတာလည်း ဆက်လုပ်သွားပါလိမ့်မယ်။ ရှေ့နဲ့ နောက်ပဲကွာမှာပါ။ ဒီနေရာမှာလည်း အတတ်နိုင်ဆုံး လက်သယ်မပေါ်ဘဲ ဘ၀ပြောင်းအောင် လုပ်မှာ သေချာပါတယ်။

စစ်အစိုးရဟာ စစ်တိုက်သလိုပဲ ရန်သူကို အချိန်ဆွဲပြီး ပြုန်းတီးစေတဲ့နောက် ကိုယ့်ဘက်က ပိုင် လောက်ပြီဆိုတော့မှ ရန်သူကို အပြတ်ချေမှုန်းတာ လုပ်မလို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ တနည်း ပြောရရင် သူများကို ထိပ်တိုက်မတွေ့ နဲ့လို့ပြောပြီး နအဖက သူ့ ဆန့်ကျင်ဘက်မှန်သမျှကို ထိပ်တိုက်လိုက်တွေ့၊ စိမ်ခေါ်နေတာ ဖြစ်ပါတယ်။

ဒီနေ့ ဗမာပြည် နိုင်ငံရေးတိုက်ပွဲရဲ့ ဗဟိုချက်ဟာ ရှစ်လေးလုံးအရေးတော်ပုံရဲ့အမွေ၊ အကြွင်းအကျန် တွေကို အမြစ်ဖြုတ်ဖို့ လုပ်နေတာနဲ့ အဲဒါကို ပြန်တွန်းလှန်မှုတို့ရဲ့ တိုက်ပွဲပဲဖြစ်ပါတယ်။ ဒီတိုက်ပွဲဟာ နအဖအတွက်ရော၊ သူတို့ရဲ့လုပ်ရပ်ကို ဆန့်ကျင်နေသူတွေအတွက်ပါ အင်မတန်မှ အရေးပါပါတယ်။ ဘယ်သူ့ဘက်ကမှ အရှုံးမခံနိုင်ပါဘူး။ ရှုံးလိုက်ရင် သမိုင်းနဲ့ချီတဲ့ ဆုံးရှုံးမှု ဖြစ်သွားနိုင်ပါတယ်။ အရင် ရရှိထားတာတွေ အကုန်ပြုတ်သွားတာ ဖြစ်နိုင်ပါတယ်။ ဒီချုပ်ဘက်က ရှုံးတာဟာ ရှစ်လေးလုံး အရေးတော်ပုံ ဘက်တော်သားတွေဘက်က ရှုံးတာဖြစ်မှာမို့ ဒီပဋိပက္ခမှာ ဒီချုပ်နဲ့အတူ တသားတည်း ရပ်တည်ကြဖို့လိုပါတယ်။ တချိန်တည်းမှာပြောဖို့လိုတာက ဒီချုပ် အတွက်ဆိုရင်လည်း အခုအချိန်မှာ ပြည်တွင်းက ပြည်သူလူထုမှတပါး တခြားဘယ်သူ့ကိုမှ မျှော်လင့်အားထားလို့မဖြစ်ပါဘူး။ ကျန်တာ အားလုံးဟာ စိတ်ကူးယဉ်တာပဲ ဖြစ်ပါတယ်။

နအဖဟာ သူတို့လိုချင်တာကို မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတာကို သူများတွေ မသိ သိအောင် ဖော်ပြနေတာကို အားလုံးသတိပြုမိကြပါလိမ့်မယ်။ သူတို့ရဲ့မောက်မာမှု၊ သူတို့ရဲ့ရက်စက်မှုနဲ့ ခြိမ်းခြောက် အကြပ်ကိုင်ရင် ရလိမ့်မယ်လို့ တွက်ထားကြပါတယ်။ တဘက်မှာလည်း သူတို့ဟာ ရွေးကောက်ပွဲဆိုတဲ့ ဖဲချပ်ကို ချကစားလိုက်ခြင်းအားဖြင့် အတိုက်အခံတွေထဲမှာ၊ ငြိမ်းအဖွဲ့တွေ ထဲမှာ၊ နောက်ပြီး တိုင်းရင်းသားတွေထဲမှာ အက်ကြောင်းတွေ ပေါ်စေချင်တဲ့ သဘောရှိပါတယ်။ ဒီလိုကစားလိုက်ရင် အင်အားနည်းသူတွေ၊ ရပ်တည်ချက် မခိုင်မာသူတွေ စိတ်လှုပ်ရှားတတ်တယ် ဆိုတာကို သူတို့သိပါတယ်။ ဒါကြောင့် ရှေ့လာမယ့် ကာလတခုမှာ ဒီလိုအချင်းအရာတွေ တော် တော်များများကို နအဖက ဖန်တီးလာမယ့် သဘောရှိပါတယ်။ ဒီတော့ အခုအချိန်မှာ အချင်းချင်း သွေးကွဲအောင် လုပ်တာမှန်သမျှဟာ နအဖအကြိုက် လုပ်တယ်လို့ ပြောရပါမယ်။

တကယ်ကျတော့ နအဖရဲ့ ဖွဲ့စည်းပုံရော၊ ရွေးကောက်ပွဲရောဟာ ပြည်သူတွေအတွက် ဘာမှ အကျိုး မရှိရုံမက အဲဒါတွေ အောင်မြင်သွားလို့လည်း ပြည်သူတွေရဲ့ နအဖဆန့်ကျင်ရေး စိတ်ဓာတ်ကို လျော့ နည်းစေမှာ မဟုတ်ပါဘူး။ အာဏာရှင်တွေ ဖန်တီးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာတွေဟာ အဲဒီ အာဏာရှင်တွေ နန်းကျရင် ပျောက်သွားတတ်တာပါပဲ။ ဗမာပြည်သမိုင်းမှာ ပေါ်ခဲ့ဖူးတဲ့ ဖွဲ့စည်း ပုံအခြေခံဥပဒေ နှစ်ခုစလုံးဟာ အာဏာသိမ်းသူတွေကြောင့် ရုတ်ချည်းပျောက်ကွယ်ခဲ့ရတယ်ဆိုတဲ့ အချက်ကို မမေ့သင့်ပါဘူး။ ဒါပေမယ့် ဒီမိုကရေစီ တိုက်ပွဲကာလ ရှည်ကြာနေတာ၊ အခက်အခဲနဲ့ ပေးဆပ်ရမှုတွေ များလွန်းနေတာတို့ကို စိတ်မရှည်၊ တင်းမခံနိုင်သူတွေကိုတော့ ဒီနအဖရဲ့သဏ္ဍာန် အရ အောင်ပွဲတွေက တွေဝေ၊ တုံ့ဆိုင်းတာတွေ ဖြစ်ကောင်း ဖြစ်စေပါလိမ့်မယ်။

ဒါပေမယ့် ရှစ်လေးလုံးအရေးတော်ပုံနဲ့ ရှစ်လေးလုံး အာဇာနည်တွေအပေါ် သစ္စာရှိသူတွေရဲ့ ပိုင်း ဖြတ်ချက်ကိုတော့ နည်းနည်းမှ နှဲ့နိုင်မှာ မဟုတ်ပါဘူး။ ။

Read More...

မိုး

တစိမ့်စိမ့်စွေ
ပြီးပြီးပျောက်ပျောက် အလွမ်းတွေမှ မဟုတ်တာ…။

ဒီလို …
ဖူးခဲ့ ပွင့်ခဲ့ဖို့
ခေတ်အဆက်ဆက် …
ပေးဆပ် ငွေ့ရည် ဖွဲ့ခဲ့ရတယ်ဆိုတာ …..။

သေချာတယ်
ဟိုး …လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က
ငါတို့ … ရိုးသားစွာတပ်မက်
လက်ချင်းယှက် သဲသဲမဲမဲ ရွာသွန်းခဲ့ပုံများ …။

ကမာပုလဲ
၂ ၀ ၀ ၈။
http://naytthit.com

Read More...

Friday 18 July 2008

ဒုက္ခသည်ခရီးစဉ်အတွင်း….အနှစ်သက်ဆုံး ကဗျာနှစ်ပုဒ်

(ခွာညို)

အို….ဖ ဘုရားသခင်
ဘာကြောင့်များ “ကပ္ပတိန်ကွတ်” ကို
ဘယ်အတွက်များ “ကိုလံဘတ်” ကို
သမိုင်းစာမျက်နှာများမှာ
နေရာပေးခဲ့ပါလိမ့်....

ရှင်တော်မြတ်ဘုရားက ဟောကြားတယ်
ပိယေဟိ ၀ိပ္ပယောကော ဒုက္ခော
အပိယေဟိ သမ္ပယောကော ဒုက္ခော…တဲ့
အစက နားမလည်
ဒါလေးများ…
ဘာမီတွန်သောက် ပျောက်…ပေါ့နော်..။

အရိုးစင်းဆုံးသော လောကဒဏ် ကဗျာကို ရေးဖွဲ့လိုက်တဲ့သူက ကဗျာဆရာရဲထွဋ် ပါ။

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကဆောင်ရွက်ပေးနေတဲ့ ဒုက္ခသည်တွေအတွက်
ဘ၀သစ်ထူထောင်ရေး... ပြန်လည်နေရာချထားရေးအစီအစဉ်တွေဟာ
အခုဆိုရင် ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်း (၉) ခုမှာကျယ်ကျယ်ပြန့်ပြန့်စတင်ဆောင်ရွက်နေပါပြီ။
နိုင်ငံရေးလှုပ်ရှားမှုတွေ…ဘာသာရေးဖိနှိပ်မှု၊ လူမျိုးရေးနှိပ်ကွပ်မှုတွေ…
ပေါ်တာနဲ့ မုဒိန်းမှုတွေနဲ့ကင်းဝေးရာ အရပ်တခု ကမ္ဘာပေါ်မှာ ရှိနေသတဲ့…

နောက်ပြီးတော့လည်း…
အဲဒီအရပ်မှာ အလုပ်ကြမ်းသမားတွေလိုအပ်နေပြီးတော့
ဒုက္ခသည်တွေမှာတော့ လုပ်အားကလွဲရင် ဘာမဆိုလိုအပ်နေတဲ့အတွက်
အပေးအယူမျှမျှနဲ့ပဲ ခေါ်သူကခေါ် သွားသူကလည်းသွားကြနဲ့
ဒုက္ခသည်စခန်းတခုလုံး သက်ဝင်လှုပ်ရှားနေကြတယ်။

အိုပီအီး ပီးပီလား
ဒါဆို ဒီအိပ်ခ်ျအက်စ် ကတော့လိုပါသေးတယ်။
ကာချောရှော့မရအောင်
စီအို တက်ရမယ်တဲ့
တက်ကြွစွာသူတို့နှုတ်ဖျားက
အဟုတ်စကားကြွယ်လှ
ဆီမန်း မန်းမလို မန်းနေကြ
ခိုငြီးသံတွေကြားနေရ
ဂရုဏာသက်ရမှာလား
ဥပက္ခောပြုရမှာလား….။

အိုပီအီး … Overseas Processing Entity (OPE)
ဆိုတာ ဒုက္ခသည်တွေကို သက်ဆိုင်ရာအာဏာပိုင်တွေက စခန်းထဲအရောက် လာရောက်ပြီးစုံစမ်းမှတ်တမ်းတင်ခြင်းဖြစ်ပါတယ်။

ယူအန်အိပ်ခ်ျစီအာကနေ ထိုင်းနိုင်ငံ အာဏာပိုင်များကို တရားဝင်လွှဲပြောင်းပေးအပ်လိုက်ပြီး ဒုက္ခသည်စခန်းရှိရာကို
ကားတွေတသီတတန်းနဲ့ပို့ခဲ့ပြီးတဲ့နောက်…
စခန်းတွင်းမှာ ဒုက္ခသည်ဖြစ်ကြောင်း တရားဝင်မှတ်ပုံတင်ပြီးတဲ့နောက် ….
ဒါဟာ ဒုက္ခသည်များ မျှော်လင့်တောင့်တနေတဲ့ တတိယနိုင်ငံရောက်ရှိရေးအစီအစဉ်လည်း ပိုမိုနီးကပ်လာနေပြီဖြစ်ကြောင်း
သိသာထင်ရှားစေတဲ့ အမှတ်သညာတခုဆိုရင်လည်း မမှားတဲ့ အခေါ်အဝေါ်တခုဖြစ်ပါတယ်။

ဒီအိပ်ခ်ျအက်စ် (Department of Homeland Security) ဆိုတာကတော့ ဒုက္ခသည်များက အိုပီအီးတုန်းက ပြောဆိုဖြေကြားချက်တွေကို ထပ်မံအတည်ပြုမေးမြန်းစုံစမ်းခြင်းနဲ့ ကျန်းမာရေးဆေးစစ်ခြင်းတို့ကို တဆက်တည်းဆောင်ရွက်ပေးချိန်ပါပဲ။

ဒီအိပ်ခ်ျအက်စ်မှာ စစ်ဆေးသူများရဲ့ စိတ်ကြိုက်ဖြေဆိုပေးနိုင်ရင် အထူးသဖြင့် တီဘီပိုးရှိတယ်လို့လည်း သံသယအဖြစ်မခံရဘူးဆိုရင်…
ဒီပတ်ချာဒိတ် (Departure Date) စောင့်နေယုံပါပဲ။

အရှေ့နဲ့ အနောက်ရဲ့ ဆန့်ကျင်ဘက်ပေါင်းစုံဖြစ်တဲ့
ယဉ်ကျေးမှု…
ကိုးကွယ်ယုံကြည်မှု…
ပေါင်းသင်းဆက်ဆံရေး…
ဘ၀နေထိုင်ပုံနည်းစနစ်တွေ…
တောထဲမှာ မျှစ်ချိုးစားနေရသူတွေ ချက်ခြင်းစားရတော့မယ့် ဒိန်ခဲနဲ့ ထောပတ်အပြောင်းအလဲကာလများ….
တောထဲမှာ တပိုတပါးသွားကျင့်ရှိနေသူများ လေယာဉ်အိမ်သာခန်းထဲမှာ ကြုံတွေ့ရမယ့် ဒုက္ခတွေအတွက်
ကြိုတင်ပြင်ဆင်ထားရန် စည်းကမ်းချက်တွေ…
ရေပူ ရေနွေးနဲ့ ရေချိုးရန်နည်းစနစ်ပါမကျန်…
ရက်တို သင်တန်း (၃) ရက်နဲ့ ဘ၀တပါးကို အရှင်လတ်လတ်ကူးပြောင်းရေးကျင့်စဉ်များသင်ကြားပေးခြင်းကိုတော့
(စီအို) လို့ လူသိများပါတယ်။ အဲဒီသင်တန်းကို လူတိုင်း စိတ်ဝင်တစားသွားတက်ကြတယ်၊
( မတက်ရင် လေယာဉ်လက်မှတ်မရနိုင်လို့ပါ… )

ဒုက္ခသည်စခန်းကို နိုင်ငံရေးအသိုင်းအ၀ိုင်းကလူတွေကို ဒုက္ခသည်စာရင်းတင်ထားတဲ့ နံပါတ် (၂၀၈၆)ယောက်ကိုသွင်းစဉ်က
ကဗျာဆရာ အေအမ်တီရဲ့ နို့ဖိုး …ဆိုတဲ့ ကဗျာလေးတပုတ်ထွက်လာခဲ့တာကိုလည်း အခုတခါပြန်ပြီးသတိရမိတယ်။

သနားကြပါခင်ဗျာ
သနားကြပါ
နိုင်ငံအဟောင်းလေး တခုလောက်ဆိုပြီး
စားစရာ…နေစရာ
လုပ်စရာတွေ…ကိုင်စရာတွေထားရစ်လို့
ဖုတ်ပူမီးတိုက်
ငါတို့
ဒီနေရာကိုရောက်ရှိခဲ့တယ်။

ဟောဒီ ဘဒ္ဒကမ္ဘာမှာ
ဒုက္ခ ဆိုတာ အတုမရှိဘူး
ဒုက္ခသည်ပဲ အတုရှိတယ်.
တော်လှန်ရေးဆိုတာ အတုမရှိဘူး
တော်လှန်ရေးသမားပဲ အတုရှိတယ်။

တော်လှန်ရေးနယ်ပယ်ထဲမှာ ဒဏ်ခံနိုင်သူတချို့တလေက တတိယနိုင်ငံဆိုတဲ့စကားကို ကြားချင်လေ့မရှိကြဘူး။
ဒဏ်မခံနိုင်သူအတော်များများကတော့ မျိုးဆက်သစ် တိုးတက်ရစ်ဖို့….ဆိုပြီး တတိယနိုင်ငံကို အသွင်ကူးပြောင်းရေးရေယာဉ်ကျောထဲ
အလိုက်သင့်ပေါလောပေါ်နိယာမနဲ့ ….
အဲဒီထဲက တချို့ တချို့သောသူတွေကတော့ အနီးဆုံးလက်တွဲဖော်အဖြစ် မြန်မာပြည်က
ရွှေ့ပြောင်းအလုပ်သမလေးတွေလက်ကိုတွဲလို့ ထွက်ခွာခဲ့ကြတယ်။

တချို့ကတော့လည်း တတိယနိုင်ငံကို စရိတ်ငြိမ်းသွားနိုင်ဖို့
I swear to tell the truth….
လို့….လက်ယာဘက်လက်ကိုထောင်ပြီး ကျိန်ဆိုထားသည့်တိုင် အစိုးရက နှိပ်စက်လို့ မနေ၀ံ့တော့လို့ပါ…ဆိုတဲ့ မုသာဝါဒကံနဲ့အတူတူ…

တချို့ကျတော့လည်း အမှန်ကိုသာပြောပါ…လို့ သတိပေးထားတဲ့ အဲဒီ အင်တာဗျူးတာဝန်ရှိသူတွေကိုယ်တိုင်ကိုက သူတို့လိုချင်တဲ့အဖြေမရမချင်း ဘောင်သွင်းမေးလွန်းလို့ မလိမ်ချင်ဘဲလည်း လိမ်ပေးလိုက်ရတဲ့သူတွေလည်း ရှိသေးရဲ့။

ဥပမာ တယောက်ကိုထုတ်ပြပေးရမယ်ဆိုရင်--

တော်လှန်ရေးနယ်ထဲမှာနေတဲ့ တယောက် နာတာရှည်ရောဂါဖြစ်တော့ သူ့ညီမက သူ့ကိုစောင့်ရှောက်ဖို့ ဒီဘက်ကို လိုက်လာရတယ်။
အင်တာဗျူးတဲ့အချိန်ရောက်တော့ ထုံးစံအတိုင်း ပုံစံမေးခွန်းတခုကိုမေးပါတယ်။
ဘာလို့ထွက်လာရတာလည်း ….ဆိုတာရယ်….
ဘာကြောင့်ပြန်လို့မရတော့တာလည်း…ဆိုတာရယ်…

အကို့ကို ပြုစုဖို့လာရပါတယ်…ဆိုတဲ့အဖြေကို သူတို့မကြိုက်။
အကိုနဲ့ပတ်သက်ပြီး စုံစမ်းမေးမြန်းမှုမရှိဘူးလား…ဆိုတာကို ထပ်ခါထပ်ခါမေးလာတဲ့အခါ….
ဖြေရတာအာညောင်းလာတော့ ရှိပါတယ်လို့ဖြေလိုက်ရ….
ဘယ်လိုစစ်လည်းမေးတော့ မညာတတ်သူပီပီ မုသားလွတ်အောင် သန်းကောင်စာရင်းခဏ ခဏစစ်တယ်ဖြေလိုက်ပေမယ့် မေးသူကစိတ်တိုင်းမကျ။ အကိုနဲ့ပတ်သက်ပြီး အဖမ်းခံရသေးလားဆိုတာကို လိုချင်သည့်အဖြေမရမချင်း ထပ်ခါတလဲလဲမေးနေတယ်။

”နောက်ဆုံးကျတော့ အတွေ့အကြုံရနေတဲ့ စကားပြန်က “ကဲပါ ညီမရယ်။ ဒီပုံအတိုင်းဆိုရင် နောက်တရက်ဆက်မေးခံနေရလိမ့်မယ်။ အကို မရှိလို့ ဘယ်သွားလဲမေးတာ မဖြေနိုင်လို့ (၃) ရက်လောက်အချုပ်ခံခဲ့ရတယ်။ အဲဒါကြောင့်ထွက်လာရတယ်လို့ပဲ ကျနော်ပြောလိုက်တော့မယ်နော်…လို့ခွင့်တောင်းပီး ကျနော့်ကို အချုပ်ထဲ သုံးရက်လောက်ထည့်ပေးလိုက်တယ်အမရယ်“ လို့ အင်တာဗျူးကအပြန် မှာအတွေ့အကြုံရှင်းလင်းပွဲလုပ်ခဲ့တာကို သတိရမိတယ်။

မလိမ်ညာပါဘူး။ အမှန်ကိုပဲပြောပါ့မယ်လို့…လက်ထောင်ကျိန်ခိုင်းပြီးတော့မှ လိုချင်တဲ့အဖြေရသည့်အထိ
မလိမ်မချင်း ချောင်လိုက်ပိတ်နေတာကတော့ စိတ်ခံစားချက်ကို တမျိုးဖြစ်စေတာအမှန်…

တကယ်တန်းက အလုပ်သမားဖြစ်ချင်သူတွေနဲ့…..
အလုပ်သမားလိုအပ်နေသူတို့ရဲ့တွေ့ဆုံပွဲမှာ သူတို့ဘက်က ဘာမှ ကျိန်စာတိုက်နေဖို့မလိုပါဘူး။

မြန်မာပြည်ထဲက အဓိကအထွက်အများဆုံးအကြောင်းအရင်းကတော့ အစိုးရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကြောင့်
လူလိုမနေရတဲ့ဘ၀တွေထဲက ရုန်းကန်ပြေးထွက်လာကြခြင်းပါပဲ။

သည်ထဲမှာမှ စီးပွားဖြစ်လုပ်စားချင်သူ တချို့တလေ ရောနှောညပ်ပါနေတာတော့ ဘယ်နှယ်လုပ်ရွေးထုတ်နိုင်ပါ့မလဲ။
ဒုက္ခသည်အတု တော်လှန်ရေးသမားအတု…တွေရဲ့ အမေရိကန်သို့ စရိတ်ငြိမ်းခရီးစဉ်မှာ
လိမ်ညာတာကို ဒါလေးများ….ဒါလေးများလို့တောင် သီချင်းဆိုနေကြမည့်သူတွေ…..
ရှိနေတတ်တာ ဟောဒီဘဒ္ဒကမ္ဘမှာ လူ..ဆိုတာဖြစ်တည်ကတည်းက ဒွန်တွဲပါလာပြီးသား ကံကြမ္မာတခုလို….

အို… ဒုက္ခသည်များဆိုင်ရာနတ်
ပဋိပက္ခဆိုင်ရာနတ်
ငတ်မွတ်ခေါင်းပါးဘေးဆိုင်ရာနတ်..
မျိုးသုဉ်းသတ်ဖြတ်ဘေးဆိုင်ရာနတ်…
ဗဟုသုမဂ္ဂဆိုင်ရာနတ်
အဲန်ဂျီအိုရေးရာ နတ်အပေါင်းတို့….
ကြည့်လော့…ရှုလော့…
ဤပစ္စတရာဇ်သားတို့ရဲ့
ကံကြမ္မာကို……။

ဆိုတဲ့အတိုင်း ကူညီလိုတယ် ဆိုသူတွေက ခေါ်နိုင်သလောက်လူတွေကို ခေါ်သွားဖို့ပါပဲ။

အကြောင်းအမျိုးမျိုးနဲ့….အမိမြန်မာပြည်ကိုပဲဖြစ်ဖြစ်..
အမိမြေနဲ့အနီးစပ်ဆုံးတော်လှန်ရေးနယ်မြေကပဲဖြစ်ဖြစ်…တော်လှန်ရေးနယ်မြေက စီးပွားရေးနယ်မြေသစ်တခုကိုရည်ရွယ်လို့ပဲဖြစ်ဖြစ်…
အဲဒီ ပြန်လည်နေရာချထားရေးယဉ်ကျေးမှုစီးကြောင်းထဲမှာ အလိုက်သင့်မျှောပြီး လိုက်ချင်သူတွေက လိုက်ပါသွားကြပါလိမ့်မယ်။

ကျန်ရစ်သူတွေထဲမှာတော့ သားတကွဲ …မယားတကွဲတွေရဲ့ နာကျင်မှုတွေ….
မိတ်ဆွေသင်္ဂဟတွေရဲ့ ရွေ့လျားဝေးကွာရတဲ့ အထီးကျန်ဝေဒနာတွေ….
မြန်မာ့အရေးလုပ်စရာတွေတပုံကြီးနဲ့ လုပ်မယ့်သူတွေရဲ့ တကယ့်လက်တွေ့အလုပ်ပုံကြီးအောက်က အနားမရတဲ့နေ့ရက်တွေကြားမှာ….
ထွက်ခွာသွားနိုင်ရေး လုံ့လပြုနေသူတွေအပေါ်မှာလည်း အပြစ်မတင်သာ….
ထွက်ခွာသွားမှာကိုလည်း မလိုလား..
ကျပ်တည်းခက်ခဲတဲ့အခြေအနေအရပ်ရပ်ကိုလည်း နားလည်နိုင်သော်ငြားလည်း

တဖြေးဖြေးလျော့ပါးလာတဲ့ နိုင်ငံရေးအင်အားစုတွေကို ပြန်လည်အားကောင်းလာအောင်မျှော်လင့်ရင်း……

အို….ဖ ဘုရားသခင်
ဘာကြောင့်များ “ကပ္ပတိန်ကွတ်” ကို
ဘယ်အတွက်များ “ကိုလံဘတ်” ကို
သမိုင်းစာမျက်နှာများမှာ
နေရာပေးခဲ့ပါလိမ့်
စွန့်ဦးတည်ထွင်သူတွေထဲမှာ
အမုန်းဆုံးသူ “တစ်” နဲ့ “နှစ်” ဟာ
သူ နဲ့ သူပေါ့
အခုတော့
သူတို့ကြောင့်….။

Read More...

ဒုက္ခဟောင်းတို့ချုပ်ငြိမ်းရေးနိဂုံး…ဒုက္ခသစ်တို့ရင်ဆိုင်ရန်နိဒါန်း

သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့်
ငါ့မြေမှာ နီဝါတင့်ရမပေါ့…
ဆိုသည့် ဆရာမငွေတာရီ၏ “သာသည့်မြေသို့….” ကဗျာသည်လည်း အခုလောက်ဆို…. ငိုနေပေတော့မည်။

နှစ်သက်ခဲ့မိသော ထို ကဗျာကလေးက ကိုယ့်ကို
နေ့စဥင်္နှင့်အမျှ အချိန်ရှိသရွေ့ ခြောက်လှန့်နေတော့မည်လား မပြောတတ်ပါ။


ရှေ့မီးနောက်မီးစုံဖွင့်ပြီးမောင်းလာတဲ့ ကားတန်းကြီးတွေကို မြင်ဖူးကြလား။
ဒါမှမဟုတ် လိုက်ပြီးစီးဖူးကြရဲ့လား….

ဒုက္ခသည်စခန်းအတွင်းသို့ဝင်စဉ်က ထိုသို့ မီးဖွင့်မောင်းသော ကားတန်းကြီးနှင့် စည်စည်ကားကားဝင်ဖို့အရေးတွင်
နံနက်ခင်းနေမထွက်ခင် မြို့ပိုင်ကွင်းဟုခေါ်သော အုပ်ချုပ်ရေးရုံးအတွင်းသို့ သွားကြရသည်။ အဲသည်မှာကတည်းက လူတန်းစား စပြီး ညီလာသည်။

ဆရာဝန်၊ အင်ဂျင်နီယာ၊ ကျောင်းဆရာမ၊ စာရေးဆရာ အထီးဖြစ်ဖြစ်….အမဖြစ်ဖြစ်
ရုပ်ရှင်သရုပ်ဆောင်လည်းမကျန်စေရ…
နိုင်ငံ့ခေါင်းဆောင်လည်းပါချင်ပါ..ပဲပြုတ်သည်…စက်ရုံအလုပ်သမ…ဘာသာပေါင်းစုံဖြစ်ချင်ဖြစ်
အားလုံးအတူတကွ ထိုင်းစစ်သားတွေရှေ့မှာ ငုတ်တုပ်လေးတွေ ထိုင်ကြရသည်။

သည်ကြားထဲ ထိုင်းစစ်သားတယောက်ယောက်က တခုခုအတွက် ထ …ဟု အမိန့်ပေးခဲ့သောအခါ
ဒုက္ခသည်တွေက အလွန်ပင်ညီညွတ်သေ၀ပ်စွာ ထလိုက်ကြသည်။
ထိုင်းစကားကိုနားမလည်ကြသည့်တိုင် သူတို့လက်ထဲက နှင်တံ (တုတ်ချောင်း)ကို မြှောက်ပြလိုက်သည်နှင့်
ဒါ…မတ်တပ်ရပ်ခိုင်းတာ ဟု နားလည်ကြသည်။

အမိန့်ပေးသူက ပေးပြီးထွက်သွားသောအခါ မိုးတိုးမတ်တပ်ရပ်ကျန်ရစ်ခဲ့သူတွေကို နောက်စစ်သားတယောက်က
"ဘာဖြစ်လို့ရပ်တာလဲ။ ထိုင်..ထိုင်"… ဆိုပြီး ဒေါသတကြီးအော်ဟစ်ပြန်သည့်အခါ
တယောက်မျက်နှာတယောက်ကြည့်ကာ ထိုင်လိုက်ကြရပြန်သည်။

အဲဒါ ကိုယ့်အသုဘကိုယ်ပြန်ပြီးလိုက်ပို့နေရသလို ခံစားချက်ကိုဖြစ်ပေါ်စေတဲ့ခရီးစဉ်တခု၏နိဒါန်းဖြစ်သည်။

ကားတန်းရှည်ကြီးနှင့် ဒုက္ခသည်အမည်ခံ အသုဘခရီးကို
၂၀၀၆ ခုနှစ်။ စက်တင်ဘာ (၁၉) ရက်နေ့မှာ စတင်ထွက်ခွာပို့ဆောင်ခဲ့ကြသည်။

မီးဖွင့်မောင်းလာသော ကားတန်းပေါ်မှာလိုက်ပါရင်း မိနစ်ဝက်တခါလောက်မှာ ကွေ့ချိုးနေသည့် တောင်တက်လမ်းကြမ်းကြမ်းမှာ
နောက်ကလိုက်ပါနေကြသော ကားတန်းကြီးတွေကို လည်ပြန်ငေးရင်း ဆုံးရှုံးမှုများစွာကို ရင်နှင့်ရင်းပြီး ခံစားနေခဲ့ရသည်။
မြန်မာနိုင်ငံသားဖြစ်မှုသည်လည်းကောင်း…
မြန်မာနိုင်ငံသားတယောက်အနေနှင့် ပြောရေးဆိုခွင့်သည်လည်းကောင်း….
မြန်မာ့မြေနှင့် အနီးဆုံးမှာပင်ကုပ်ကပ်နေနိုင်ခွင့်သည်လည်းကောင်း…
လည်းကောင်းပေါင်းများစွာတို့ဖြင့်ထုံမွှမ်းထားသော ဒုက္ခသည်တို့သည်

တွန့်လိမ် တွန့်လိမ်သွားလာနေသော မြွေတကောင်နှင့်တူသည့် ကားတန်းကြီးသယ်ဆောင်နေသည့်အတိုင်းလိုက်ပါနေခဲ့ကြသည်။

သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့်
ငါ့မြေမှာ နီဝါတင့်ရမပေါ့…
ဆိုသည့် ဆရာမငွေတာရီ၏ “သာသည့်မြေသို့….” ကဗျာသည်လည်း အခုလောက်ဆို…. ငိုနေပေတော့မည်။

နှစ်သက်ခဲ့မိသော ထို ကဗျာကလေးက ကိုယ့်ကို
နေ့စဥင်္နှင့်အမျှ အချိန်ရှိသရွေ့ ခြောက်လှန့်နေတော့မည်လား မပြောတတ်ပါ။

အားလုံး ဒုက္ခသည်အဖြစ်မှာ တူညီကုန်ကြသော်ငြားလည်း ဒုက္ခသည်အားလုံး၏ စိတ်အတွေးနှင့် ခံစားချက်ခြင်းတို့သည်လည်းကောာင်း၊
မျှော်လင့်ချက်နှင့် အနာဂတ်ပန်းတိုင်တို့သည်လည်းကောင်း တူလိမ့်မည်မထင်။

ထိုသို့ ကားတန်းကြီးနှင့် ပထမဦးဆုံးသော ကိုယ်တိုင်ပို့ခရီးစဉ်၏အဆုံးသတ်တွင် တခါးမရှိ…အကာအရံမလုံမခြုံသော တဲလေးတွေကစောင့်ကြိုနေသည်။
တအိမ်ကို လေးယောက်နှုန်းနေရမည်တဲ့။ တချို့အိမ်လေးတွေ နှစ်ယောက်ပင် အနိုင်နိုင်နေရသည့်အိမ်မည်ကာမတ္တလေးတွေဖြစ်သည်။

ဒုက္ခသည် အတုရော အစစ်ရော အားလုံးတပြေးညီ….
ဖက်မိုးထားသည့် ၀ါးခင်း။ ၀ါးကာ ၀ါးတိုင်နှင့်ဆောက်သောအိမ်မှာ နေပေတော့ အားလုံး အဆင့်တူ…အတန်းတူ….

ချစ်ခြင်းမှာ လူသည်အခါခါသေ၏….ဆိုတာ….
ကြောက်သောသူ နှစ်ခါသေ၏…ဆိုတာတွေကို မကြုံဖူးပါ။
ဒုက္ခသည်တယောက်ဖြစ်ဖို့တော့ ကိုယ့်အသုဘကိုယ် အခါခါပို့တတ်နေရပြီ။

၂၀၀၅ စက်တင်ဘာ (၁၉) ရက်နေ့ က ထိုသို့သော ခရီးစဉ်မျိုးကို ယခု ၂၀၀၈ ခုနှစ် ဧပြီလလောက်မှာ ပြန်စသည်။
သည်တခါတော့ ဒိုင်နာကားအသေးတွေနှင့်မဟုတ်။
အိုင်အိုအမ် (IOM- International Organization for Migration) က ကားပြာကြီးတွေနှင့်ဖြစ်သည်။

ကားက ဘေးခုံနှစ်ခုံသာ ပါသော်လည်း ဗမာများနှင့်အလုပ်တွဲလုပ်ကာ ဗမာ့နည်း ဗမာ့ဟန်နှင့် ရင်းနှီးကျွမ်းဝင်နေသော ထိုင်းနိုင်ငံသားများက
အလယ်တွင် ခုံတန်းတခု ထပ်ထိုးသည့်နည်းပညာကို ရထားကာ လူတွေကို အလယ်တန်းတတန်းထပ်ဖြည့်ပြီးတင်ကြသည်။

မြေပြန့်ခရီးတွင် ထိုသို့စီးရသည်က မထောင်းတာလှသော်လည်း မိနစ်ဝက်လျှင် တကြိမ်ကွေ့နေသော တောင်ဆင်း တောင်တက်ခရီးတွင်မူ
တခါတရံ ပက်လက်ပင်လန်ကာလဲကျတတ်သေးသည်။ ထိုသို့ ပုံဆိုးပန်းဆိုးလဲမကျစေရေးအတွက် ခြေကိုတောင့်ကာကန်ထားရသည့်
တနေ့တာခရီးအဆုံးတွင် တကိုယ်လုံးကိုင်အရိုက်ခံထားရသလို နာကျင်နေကြတော့သည်။

မဲဆောက်နှင့် ဒုက္ခသည်စခန်း အပြန်အလှန်သွားရသောခရီးသည် ဆေးစစ်ချက်အောင်မအောင်နှင့်သက်ဆိုင်သည်။
ဆေးကျပါက ထိုခရီးကို နောက်တကျော့ပြန်ကာသွားရပေမည်။ သည်တော့ လူတွေ ရူုးကုန်သည်။

အဓိကဆေးကျရသည့်အကြောင်းရင်းသည် အဆုတ်တွင် မြစ်ဖျားခံနေသောကြောင့် ဆေးမကျရေး စီမံကိန်းများရေးဆွဲအကောင်အထည်ဖော်ကြသည်။

အဆုတ်မှာ စပေါ့ (အစက်) မထင်အောင် ဓာတ်မှန်မရိုက်ခင် နွားနို့သောက်ရသတဲ့….

ဘယ်က၀ိက ဘယ်ကျမ်းနှင့်ညှိကာထုတ်လိုက်သည့် အယူအဆလည်း မပြောတတ်ပါ။
နွားနို့ဗူးများရောင်းသော ထိုဒုက္ခသည်စခန်းထဲက ကုလားတွေ နို့ဗူးရောင်းရငွေနှင့်ပင် အတော်လေးအလုပ်ဖြစ်ကုန်ကြသည်။
ကလေးအဖေတွေလည်း ကလေးတွေအတွက် နို့ဗူးလုသောက်ကုန်သည်အထိ။
ဆေးလိပ်မသောက်သော ကလေးများထက် ဆေးလိပ်သောက်သောအဖေများ
က ယခုအခါမှာ နွားနို့ပိုပြီးလိုအပ်သည်ဟု မိခင်များကလည်း ဆုံးဖြတ်အတည်ပြုပေးကြသည်။

တချို့ကျတော့လည်း ဓာတ်မှန်ရိုက်ကာနီး ရေမချိုးရ…..တဲ့။

တော်ကြာ အပူခိုးတွေကန်တက်လာကာ ဓာတ်မှန်ပြားမှာ မရှင်းလျှင် ဆေးကျသွားမည်ဆိုကြသည်။

ဒုက္ခသည်ဖြစ်ချင်ကြသူများမို့ပင်လားမသိ။
ဒုက္ခမှန်သမျှကို သည်းခံခြင်းတရားလက်ကိုင်ထားကာ ကျော်ဖြတ်နေတာကို အံ့ဖွယ်သုတအဖြစ်လည်း တွေ့မြင်ကြရသည်။
အိမ်သာနှင့် ထမင်းစားဆောင်ကပ်နေသည့်အတွက် လူ (၈၀၀) ကျော်ထုတ်စွန့်ထားသည့် အစာဟောင်းနံ့များတသင်းသင်းဝင်နေသော
ထမင်းစားဆောင်ထဲတွင် ထမင်းကိုလည်း မြိန်ရည်ယှက်ရည်စားနိုင်ကြသည်။

ကြက်သားမည်ကာမတ္တကို ငှက်ပျောအူနှင့်ရောကြိုထားသည့်ရေလုံပြုတ်ဟင်းကိုလည်း မစားနိုင်သော်ငြားလည်း မည်သူမျှ ကန့်ကွက်သူမရှိ။
မစားနိုင်သောအစာများအားလုံး ပန်းကန်လိုက် အမှိုက်အိပ်ထဲသို့ရွေ့ကုန်ကြသည်။

ဟင်းတိုင်းတွင်ပါဝင်နေသော အုန်းနို့သည် မြန်မာလူမျိုးများအတွက် အစာမကြေသောရောဂါကိုဖြစ်စေသည်။
စပါးလင်။ ဂျင်းစိမ်းနံ့များကဲသောဟင်းတို့အား တနေ့လျှင် သုံးကြိမ်စားကြရသည်။
မစားနိုင်သူများအတွက် ဆန်ပြုတ်ရှိနေသဖြင့်တော်ပါသေးသည်။

အရာရာတန်းတူဖြစ်နေသောအခြေအနေတွင် အိမ်သာနံ့ကိုရှူရှိုက်ရင်း ဆန်ပြုတ်အတူတူသောက်ကြရသည်။

အစ္စလာမ်ဘာသာဝင်ယောက်ကျားများ၏ပုဆိုးတွေနှင့် ကရင်အမျိုးသမီးလုံခြည်များ တန်းတတန်းထဲတွင်ယှဉ်တွဲလှမ်းထားတာကိုလည်းတွေ့ရသည်။
ကျား-မတန်းတူညီမျှရေးအတွက် အစ္စလာမ် ဘာသာဝင်များအနေနှင့် အတော်လေး စိတ်ကသိကအောက်ဖြစ်နေမည်လားတော့ မပြောတတ်ပါ။
တန်းတူညီမျှရေးမှာတော့ အလွန်ပီပြင်သော ပြကွက်ကို ထို ဒီအိပ်ခ်ျအက်စ်အင်တာဗျူးတွင်တွေ့နိုင်သည်။

အစ္စလာမ်ဘာသာဝင်ရော။ ကရင်ခရစ်ယာန်ရော…ဗုဓ္ဒဘာသာဘုန်းတော်ကြီးတွေပါ ခန်းမကျယ်ကြီးထဲမှာ တန်းစီပြီးအိပ်ကြ နေကြရသည်။
မာတုဂါမများနှင့် တမိုးအောက်မှာ အတူမအိပ်ရ….ဆိုသော ဗုဓ္ဒဘာသာအရ ပညတ်ချက်သည်လည်း အမေရိကန်အင်တာဗျူးကာလတွင် အသက်ဝင်ခြင်းမရှိ။
ဘာသာရေးဆိုင်ရာပညတ်ချက်တို့လည်း လူသားအားလုံးတန်းတူအခွင့်အရေးထဲတွင် ပျော်ဝင်သွားခဲ့ပုံပင်။

အသက်ကြီး ငယ်မရွေး…
ကျား- မ မရွေး….
ဘာသာမရွေး…
ဆင်းရဲ ချမ်းသာလည်းမရွေးဘဲ တန်းတူမှ တကယ့်ကို တန်းတူစနစ်ဖြင့် အင်တာဗျူးစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းဆိုရပါလိမ့်မည်။
ဦးစားပေးခံရသူများသည် အသက် (၁၈) နှစ်ပြည့်ပြီးသော ကျန်းမာရေးကောင်းသူ သန်စွမ်းသူများသာလျှင်ဖြစ်သည်။
ပင်စင်တန်းထုတ်ပေးရမည့် နိုင်ငံရေးသမားအိုတချို့၏ စိုးရိမ်ပူပန်သံများကို ကြားရစပြုလာသည်။

လုပ်နိုင်လျှင်လုပ်နိုင်သလောက်ပိုက်ဆံရသော အမေရိကန်ကို ဆင်းရဲသောနိုင်ငံတိုင်းက လူတိုင်း လူတိုင်း အိမ်မက် မက်ကြသည်။
ယခု ထိုအိမ်မက်တွင်းသို့ အားလုံးခုန်ဆင်းနေကြပေပြီ။
တကယ်တန်း အကောင်အထည်ပေါ်လာသော ထိုအိမ်မက်ကမ္ဘာတွင်လည်း
ခြောက်လှန့်တတ်သော သွေးပျက်ဖွယ်အိမ်မက်ဆိုးများရှိနေတတ်ကြောင်းကိုတော့ ဒုက္ခသည်အားလုံး အတူတူ စတင်မြင်စပြုလာချိန်လည်းဖြစ်သည်။

ခွာညို
ဂျူလိုင်လ (၁၅) ရက်။ ၂၀၀၈ ခုနှစ်။
(အလင်းအိမ်မဂ္ဂဇင်းသို့ပေးပို့ထားပါသည်။)

Read More...

Tuesday 1 July 2008

သမီးကို လွှတ်မချလိုက်ပါနဲ့ အဖေရယ်...

တစ်ညအတွင်း လူတစ်သိန်းကျော်၏ အသက်ကို ၀ါးမျိုခဲ့သော နာဂစ် လေမုန်တိုင်း သည် မြန်မာ့သမိုင်းတွင် အချိန်တိုအတွင်း အသေအပျောက်အများဆုံးသော သဘာဝဘေး အဖြစ် မှတ်တမ်းဝင်သွားချေပြီ။ မုန်တိုင်းပြီးသည်နှင့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင် များက မုန်တိုင်းသင့်ဒေသများသို့ တတ်စွမ်းသရွေ့သွားရောက်လှူဒါန်းရင်း လူ့အသက်များကို ကယ် ဆယ်ခဲ့ကြသည်။

ကျွန်တော်သည်လည်း ပုဂ္ဂလိကစေတနာရှင်တစ်ဦးအနေဖြင့် မုန်တိုင်းသင့်ဒေသများ သို့ အကြိမ်ကြိမ် သွားရောက်ခဲ့ပါသည်။ ထိုကဲ့သို့ အကြိမ်ကြိမ် သွားရောက်သည့် အခါတိုင်း နာဂစ်ကြောင့် ဖြစ်ပေါ်ခဲ့သော အနိဋ္ဌာရုံများ၊ ကြေကွဲဖွယ်ရာများ၊ ဒေါသထွက်ဖွယ် ရာများကို မမြင်ရက်သော်လည်း မြင်ခဲ့ရ၊ မကြားရက်သော်လည်း ကြားခဲ့ရသည်။ မော်လမြိုင်ကျွန်း ဒုက္ခ သည်စခန်းတစ်ခုတွင် ဖခင် လက်ကို ကျစ်ကျစ်ပါအောင် ကိုင်ထားသော သားအဖနှစ်ဦးကို တွေ့ခဲ့ရသည်။

ဖခင်ရောသမီးဖြစ်သူပါ တစ်နာရီ မိုင် ၁၂၀နှုန်းနှင့်တိုက်ခဲ့သော လေပြင်းကြောင့် ခန္ဓာ ကိုယ် အရေပြားများ စုတ်ပြတ်ညိုမည်း မီးလောင်သကဲ့သို့ ဖြစ်နေသည်ကိုတွေ့ရသည်။ ဖခင် ဖြစ်သူ၏အမည်က ကိုဘဦး၊ အလုပ်အကိုင်က ရေလုပ်သား၊ နာဂစ်မုန်တိုင်းအတွင်း ဇနီးနှင့် သား ဆုံးရှုံးခဲ့ရသည်။သူက မုန်တိုင်း၏ ငရဲညကို ယခုလိုပြောပြခဲ့သည်။

"မုန်တိုင်းလာမယ်ဆိုတာကို ရေဒီယိုကလဲ ကြားတယ်။ ကျွန်တော်တို့အတွက်ကတော့ မုန်တိုင်းဆိုတာ မဆန်းပါဘူး။ မုန်တိုင်း ကျမယ်ဆိုတာသိပေမယ့် တွေ့နေကျလို့ပဲ ထင်ခဲ့တယ်။ အဲဒီနေ့က ပင်လယ်ထဲကိုတော့ မထွက်ဘူးပေါ့။ မွန်းလွဲ နှစ်နာရီလောက်မှာတရွှီ ရွှီမြည်သံနဲ့ လေပြင်းစတိုက်သံကို ကြားရတယ်။ ခဏအတွင်းမှာပဲ ကျွန်တော်တို့မိသားစုလည်း ယိမ်းယိုင် နေတဲ့အိမ်ပေါ်က ဆင်းခဲ့ ရတယ်။ ခြံထဲက အုန်းပင်တွေဆီကို ပြေးဖက်ထားရတယ်။ မျက်စိ အောက်မှာတင် ကျွန်တော်တို့အိမ်ကလေးက လေထဲကို တစ်စစီပါ သွားတယ်။ တစ်ပြိုင်တည်း မှာပဲ ရေက တရိပ်ရိပ်တက်လာတယ်။ ဒါနဲ့ အငယ်ဆုံးနှစ်နှစ်သားကလေးကို လည်ပင်းပေါ်မှာ ခွထိုင်ခိုင်း၊ ခြောက်နှစ်သမီးကြီးနဲ့ ငါးနှစ်သားလတ်ကို အုန်းပင်ပေါ်တွန်းတင်ပြီး ဖက်ထားခိုင်းရ တယ်။ ပြီးတော့ ကျွန်တော်ကိုယ်တိုင် အုန်းပင်ပေါ် တက်ပြီး ခုနကလေးနှစ်ယောက်ကို ဖက် ထားတယ်။ အဲဒီအချိန်က ကျွန်တော့်မိန်းမ ဘယ်ရောက်သွားမှန်းလဲ မသိလိုက်တော့ဘူး။ အချိန် ကလည်း မှောင်လာတယ်။ အမှောင်ထဲမှာ ကယ်ကြပါဆိုတဲ့ အသံတွေ၊ အဖေရေ၊ အမေ ရေ အသံတွေ ကြားနေရတယ်။ ရေကလဲ တက် လာလိုက်တာ အုန်းပင်ပေါ်က ကျွန်တော့်ခါးဆီ အထိ ရောက်လာတယ်။ သစ်ပင်ကိုဖက်ထားတာ နှစ်နာရီလောက်ကြာတော့ လက်အံ သေလာ တယ်။ လည်ပင်းပေါ်က အငယ်ဆုံးသားလေးက ကြောက်ကြောက်နှင့်ဖက်ထားတော့ လည် ပင်း အစ်ပြီး အသက်ရှူလည်းကျပ် လာတယ်။ ၀တ်ထားတဲ့အ၀တ်လည်း မုန်တိုင်းကြောင့် စုတ် ပြတ်သတ်ကုန်ပြီ။ မျက်လုံးတွေလဲ ဖွင့်လို့မရတော့ဘူး။
ကျွန်တော် လက်အံသေလို့ ပြုတ်ကျရင် မိသားစုလေးယောက်လုံး သေရ တော့မယ်။ လည်ပင်းအပေါ်က အငယ် လေးက အတင်းဖက်ထားတော့ အသက်ရှူလည်း မ၀ တော့ဘူး။ ဒါနဲ့ခေါင်းကိုခါပြီး အသက်ရှူလိုက်ချိန်မှာ ကျွန်တော့်လည်ပင်းပေါ်မှာ ထိုင်တဲ့သား လေးက ရေထဲကို ပြုတ်ကျသွား တယ်။ သွားနှင့်တော့ သားလေးရယ်။ မကြာခင် အဖေတို့လဲ မင်းနောက်ကို လိုက်ရတော့မှာပါလို့ နာနာကြည်းကြည်း အော်လိုက်မိတယ်။ အခုတော့ ကျွန် တော်ရယ်၊ သားရယ်၊ သမီးကြီးရယ်ပဲ ကျန်တော့တယ်။ ဒီလိုနဲ့ နောက်ထပ် နှစ်နာရီလောက် ကြာပြန်တော့ ကျွန်တော် ဘယ်လိုမှ ဆက်ပြီးမတောင့်ထားနိုင်တော့ဘူး။ စိတ်တစ်ချက် လျှော့ လိုက်တဲ့အခါ ညာဘက်လက်မှာ ဖက် ထားတဲ့ သားလတ် ရေထဲကို ပြုတ်ကျသွားပြန်တယ်။ အဖေလို့ စူးစူးရှရှ အော်လိုက်တဲ့အသံကို ရေလှိုင်းကဖုံးသွားတယ်။ ကျွန်တော်နဲ့ သမီးနှစ် ယောက်တို့ပဲ ကျန်တော့တယ်။ သမီးကြီး က သူ့မောင်လေးနှစ်ယောက်ကို ကျွန်တော်က ရေထဲ ကို လွှတ်ချလိုက်တာ ထင်ပုံရတယ်။ သမီးကို လွှတ်မချလိုက်ပါနဲ့ အဖေရယ်လို့ အော်ရင်းငိုနေ တယ်။ ကျွန်တော့်အသည်းတွေ ပေါက်ထွက် မတတ် ခံစားရတယ်။ ကျွန်တော့်သားတွေကို ကျွန်တော် ရေထဲပစ်ချမလားဗျာ။ ဒါပေမဲ့ ကျွန်တော် သွေးရူးသွေးတန်းနဲ့ ပြောလိုက်ပါတယ်။ သမီးကို ဘယ်တော့မှ အဖေလွှတ်မချဘူး။ သမီးရဲ့ မောင်လေးနှစ်ယောက်ကိုလဲ အဖေ လွှတ်ချ ခဲ့တာ မဟုတ်ဘူးလို့ပြောရင်း ကျွန်တော် ရှိုက်ကြီးတငင် ငိုချလိုက်မိတယ်။ ဒီလိုနဲ့ သားအဖ နှစ်ယောက် အုန်းပင်ကို ကျစ်ကျစ်ပါအောင် ဖက်ထား ရင်း ရေကတဖြည်း ဖြည်းကျသွားတယ်။ မနက်လင်းတော့ အုန်းပင်တွေကြားမှာ သေနေတဲ့ ကျွန်တော့်သားလေးနှစ်ယောက်အလောင်း နဲ့ အုန်းပင်ပိပြီး သေနေတဲ့ ကျွန်တော့်မိန်းမအလောင်း ကို တွေ့လိုက်ရတယ်။ သားနှစ်ယောက် အလောင်းကို ကျွန်တော်ဖက်ပြီး ဘယ်လောက်ကြာအောင် ငိုနေမိလဲ မသိတော့ဘူး။ အသက် မသေတဲ့ တခြားရွာသားတွေလာပြီး ကျွန်တော့်ကို ဖျောင်းဖျ၊ ကျွန်တော့်လက်ထဲက ကလေး အလောင်းတွေကို ယူသွားတာပဲ မှတ်မိပါတော့တယ်ဗျာ"ဟု ပြောပြသည်။

ဖခင်လက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း မျက်ရည်တွင်တွင်ကျနေသော သမီး ဖြစ်သူအား ကျွန်တော်က 'သမီး ဘာလို့ငိုနေတာလဲ၊ ဆာလို့လား၊ ရော့- ဦးဦးဆီကမုန့်တွေကို စား'ဟု ပေးသော်လည်း မယူပါ။ ဆာလို့မဟုတ်ဘူး၊ မောင်လေးတွေကို သတိရလို့ပါဟုပြော ရင်း ငိုနေရှာသည်။ သူတို့သားအဖကိုကြည့်ရင်း ကျွန်တော် မျက်ရည်ကျမိသည်။ သူတို့၏စိတ် ဒဏ်ရာမှာ ဘယ်အချိန်တွင်မှ ပျောက်ကင်းမှာလဲဟု ကျွန်တော် ကိုယ့်ကိုယ်ကို မေးမိသော် လည်း အဖြေကမရှိ။ စေတနာရှင်၊ မေတ္တာရှင်၊ ကရုဏာရှင်များ၏ ကူညီဖေးမမှု များက သူတို့အတွက် လိုနေသည်ကတော့ အမှန်ပင်။

Read More...

Thursday 26 June 2008

ကိုယ်မစည်းရုံးနိုင်ရင် ကိုယ်ခံ

ကိုရင်ဒေါင်း

၁၉၆၂ ခုနှစ်က စတွက်ရင် တိုင်းပြည်ကို စစ်အုပ်စုမင်းဆက် တဆက်ပြီးတဆက် ကြီးစိုးမင်းမူခဲ့တာ ၄၆ နှစ် တောင်ရှိနေပြီ။ လက်ရှိအနေအထားအတိုင်း နိုင်ငံရေးအင်အားစုတွေ ကျဲကျဲကွဲကွဲ မညီမညွတ်ဆက်သွား နေကြဦးမယ်ဆိုရင် နအဖစစ်အုပ်စုရဲ့ ညောင်နှစ်ပင်အခြေခံဥပဒေအောက်မျာ ပြည်သူတွေနောက်ထပ် အနည်းဆုံးရာစုနှစ် တ၀တ်လောက် ဒုက္ခပင်လယ်ဝေကြရဦးမယ်လို့ ယူဆရတယ်။ တိုင်းပြည်ဟာလည်း အလုံးစုံ ပျက်စီးရေး နွံကြီးထဲမှာ တရိပ်ရိပ်နစ်သွားရမယ့် အနေအထားပဲ။

ဒီဆောင်းပါးမှာ ပြည်သူလူထုကြီးတရပ်လုံးက နည်းမျိုးစုံနဲ့ဆန့်ကျင်ကန့်ကွက်နေတဲ့ကြားက နအဖစစ် အာဏာရှင်စနစ် ဘာ့ကြောင့်သက်ဆိုးရှည်စေနိုင်တာမှာ အကြောင်းတရား အများအပြားရှိမှာ ဖြစ်ပေမယ့် စစ်အုပ်စုလက်တဆုတ်စာရဲ့ မတရားတဲ့အမိန့်တွေကို တပ်မတော်တရပ်လုံး (ကြည်း၊ ရေ၊ လေ)က မငြင်းဆန် နိုင် ဘဲ နာခံနေရတာဟာ အရေးပါတဲ့ အကြောင်းတခုဖြစ်တယ်။
စစ်အာဏာရှင်စနစ်ရဲ့ ကျောရိုးဟာ စစ်တပ်ဖြစ်တယ်။ စစ်အုပ်စုလက်တဆုတ်စာရဲ့ ပြည်သူအပေါ် ဖိနှိပ် သတ်ဖြတ်ရေးအမိန့်တွေကို တပ်မတော်က မနာခံတော့ဘူးဆိုရင် တပ်မတော်တရပ်လုံး (ကြည်း၊ ရေ၊ လေ) ရဲ့ အင်အားတ၀တ် ဒါမှမဟုတ် သုံးပုံတပုံလောက်ဖြစ်စေဦးတော့ စစ်အာဏာရှင်စနစ် ယိုင်ယဲ ပျက်စီးရမှာဖြစ်တယ်။ တပ်မတော်နဲ့ ပြည်သူ ပေါင်းမိပြီဆိုတာနဲ့ ဒီမိုကရေစီအရေးတော်ပုံလည်း အောင်ပွဲ ခံရမှာ သေချာတယ်။ ဒါဟာ သဘောတရားအရသာမဟုတ်ဘဲ လက်တွေ့အရလည်း အကောင်အထည် ဖော်နိုင်တဲ့ ကိစ္စဖြစ်တယ်။ ဖြစ်နိုင်တဲ့ ကိစ္စဖြစ်ပါလျက် ဘာကြောင့် ဒီနေ့အထိဖြစ်မလာနိုင်သေးလဲလို့ မေးရင် နိုင်ငံရေးအင်အားစုတွေဟာ ယေဘူယျ ဆော်သြချက် (ဒါတောင် သိပ်တက်တက်ကြွကြွ လုပ်တာ မဟုတ်) လောက်သာလုပ်ပြီး တိကျတဲ့လက်တွေ့နဲ့ မပေါင်းစပ်ကြလို့ ဖြေရမှာပဲ။

တပ်မတော်ကို စစ်အုပ်စုလက်တဆုတ်စာရဲ့ အမိန့်ကိုဖီဆန်ပြီး ပြည်သူလူထုနဲ့ပူးပေါင်းလာအောင် စည်းရုံး လို့ ရနိုင်တယ်လို့ပြောတာဟာ အချက်အလက်မဲ့၊ အထောက်အထားမရှိ လေဖမ်းဒန်းစီးနေတာ မဟုတ်ဘူး။ ကိုယ်တိုင်က တပ်မတော်သားတဦးအဖြစ် (ပထစ နဲ့ တော်လှန်ရေးကောင်စီခေတ်မှာ) စစ်မှုထမ်းခဲ့ရတဲ့ လက်တွေ့ဘ၀ အတွေ့အကြုံ၊ တပ်တွင်းယူဂျီဘ၀နဲ့ ဗိုလ်နေ၀င်းစစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့တဲ့ အတွေ့ အကြုံနဲ့ အရာရှိ၊ အရာခံ၊ အကြပ်တပ်သားအများစုကြီးရဲ့ အရင်းခံစိတ်ဓာတ်တွေကို အနီးကပ် မြင်တွေ့ခဲ့ရတဲ့ အပေါ်ကပြောတာ။ စစ်မိန့်၊ စစ်စည်းကမ်းဆိုတဲ့ ဖိနှိပ်ချုပ်ချယ်နေတဲ့ သူတို့ဘ၀တွေကို သိမြင်လာရတဲ့အပေါ်ကနေ ပြောတာဖြစ်တယ်။

စစ်အုပ်စုလက်တဆုတ်စာနဲ့ သာမန်တပ်မတော် အရာရှိ၊ အရာခံ၊ အကြပ်တပ်သားအများစုကြီးအကြားမှာ ကြီးမားတဲ့ အကျိုးစီးပွားခြားနားမှုရှိတယ်။ တပ်အပြင်လောကမှာဆိုရင်လည်း စစ်အုပ်စုရဲ့ မိဘ၊ ဆွေမျိုး၊ အသိုင်းအ၀ိုင်းနဲ့ သာမန်အရာရှိ၊ အရာခံ၊ အကြပ်တပ်သားအများစုကြီးရဲ့ မိဘဆွေမျိုးအသိုင်းအ၀ိုင်းကြား ကြီးမားတဲ့ အကျိုးစီးပွား ခြားနားမှုရှိတယ်။ ဒီလို အကျိုးစီးပွားအရ မိုးနဲ့မြေလောက် ကွာခြားနေတဲ့ မတရား မှုကြီးကို တပ်မတော်သားအများစုကြီးက မသိလို့ ဒါမှမဟုတ် ကျေနပ်လို့ ငြိမ်ခံနေကြတာတော့မဟုတ်ဘူး။ အကျိုးအကြောင်း၊ အဆိုးအကောင်း ဘာကိုမှစဉ်းစားနိုင်စွမ်းမရှိတဲ့ ကြေးစားစစ်သား လူမိုက်အနည်းစုက လွဲပြီး အများစုကြီးဟာ သူတို့ရင်ဆိုင်ဖြတ်သန်းနေရတဲ့တပ်မတော်သားဘ၀ကို ကျေနပ်ကြတာ မဟုတ်ဘူး။ အားမတန်လို့ မာန်လျော့နေကြတာဖြစ်တယ်။ နိုင်ငံရေးအတွေးအခေါ်အရ၊ လက်တွေ့ စည်းရုံးရေးအရ သူတို့ကို ဦးဆောင်မှုပေးမယ့် ခေါင်းဆောင်မှုမရှိလို့ဖြစ်တယ်။

လက်ရှိကာလမှာ တပ်မတော်အတွက် မှန်ကန်တဲ့ နိုင်ငံရေးခေါင်းဆောင်မှုနဲ့ လက်တွေ့ကျတဲ့ စည်းရုံး လှုပ်ရှားမှု မရှိမဖြစ်လိုအပ်နေတယ်။ အဖိနှိပ်ခံ ဘ၀တူ တပ်မတော်သားအချင်းချင်း ဘယ်လိုစုစည်းရမယ်။ လူထုတိုက်ပွဲနဲ့ မပူးပေါင်းဘဲ တပ်မတော်အတွင်း ဦးတည်ချက်ရှိရှိ၊ စီမံကိန်းရှိရှိ မစည်းရုံး မလှုပ်ရှား ကြသေးလို့ တပ်မတော်ကို ပြည်သူလူထုနဲ့ အတူရပ်တည်လာအောင် မစွမ်းဆောင် နိုင်ကြတာဖြစ်တယ်။

တပ်မတော်ကို ပြည်သူတွေနဲ့အတူ ရပ်တည်လာစေချင်ရင် ယေဘူယျ လှုံဆော်စည်းရုံးရုံနဲ့တော့ မရနိုင်ဘူး။ မှန်ကန်တဲ့ နိုင်ငံရေးမူ၊ ပေါ်လစီတွေအပေါ် အခြေခံပြီး လက်တွေ့ကျကျ အဆင်းရဲအပင်ပန်းခံ စည်းရုံး လှုပ်ရှားမှ ဖြစ်မယ်။ တပ်မတော်ကို ပြည်သူလူထုနဲ့ အတူရပ်တည်လာအောင် စည်းရုံးဖို့ နိုင်ငံရေး အင်အားစုမှန်သမျှမှာ တာဝန်ရှိတယ်။ တပ်မတော်ကို ကိုယ်က မစည်းရုံးနိုင်ရင် စစ်အုပ်စုက အမိန့်၊ စည်းကမ်းဆိုတာနဲ့ရော လိမ်ညာမှိုင်းတိုက်မှုနဲ့ပါ စည်းရုံးမှာပဲ။ ဒီလိုဆို တပ်မတော်တခုလုံး စစ်အုပ်စု လက်တဆုတ်စာ လက်အောက်က ရုန်းထွက်နိုင်မှာ မဟုတ်ဘူး။ လူထုဘ၀လည်း အလားတူဖြစ်မှာပဲ။

နိုင်ငံရေးအင်အားစုများအဖို့ တပ်မတော်ကို စည်းရုံးရေးဟာ လူထုစည်းရုံးရေး စစ်မျက်နှာတခုဖြစ်တယ်။ ဒီလို ပြောရတာက စစ်အာဏာရှင်စနစ်ကို အနိုင်တိုက်နိုင် မတိုက်နိုင်၊ ဒီမိုကရေစီအရေးတော်ပုံ အောင်ပွဲရ မရဆိုတာ တပ်မတော်အင်အားအများစုကြီး ပြည်သူလူထုဘက် ရပ်တည်၊ မရပ်တည်ဆိုတဲ့အချက်ပေါ်မှာ တည်နေလို့ပဲ။ တပ်မတော်ဆိုတာ လက်နက်ကိုင်ထားတဲ့ လူထုပဲ။ စစ်အုပ်စုနဲ့ တပ်မတော်ကို တတန်း တည်းထားစဉ်းစားတာ မမှန်ဘူး။

ကျနော်တို့တိုက်ဖျက်နေတာ တပ်မတော်ကိုမဟုတ်ဘူး။ တပ်မတော်ကိုသူတို့ လူတစုအကျိုးအတွက် အသုံး ချနေတဲ့ စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ကိုသာ ဖြစ်တယ်။ ဒါ့ကြောင့် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ဒီမိုကရေစီရေးမှာ အခြား လူထု၊ လူတန်းစား၊ လူ့အလွှာတွေကို ပေါ်လစီချ စည်းရုံးသလို တပ်မတော် ကိုလည်း အခိုင်အမာထူးခြားချက်အရ ပေါ်လစီချ စည်းရုံးရမှာဖြစ်တယ်။ တပ်မတော်စည်းရုံးရေးကို တပါတီ၊ တသင်း၊ တဖွဲ့တည်းကလုပ်ရုံနဲ့ မလုံလောက်နိုင်ဘူး။ လက်ဝဲ၊ လက်ယာ နိုင်ငံရေးအင်အားစု အားလုံးက ၀ိုင်းဝန်းဆောင်ရွက်ကြရမှာ ဖြစ်တယ်။ တပ်မတော်သားဘ၀ကို ကိုယ်တိုင်ဖြတ်သန်းခဲ့ကြဖူးတဲ့၊ ဒီမိုကရေစီလိုလားတဲ့ တိုင်းချစ်၊ ပြည်ချစ် တပ်မှူး၊ တပ်သားဟောင်းတွေထဲက တရားမျှတမှုကို လိုလား သူတွေရဲ့ ပူုးပေါင်းကူညီမှုကို ရယူကြရမှာပဲ။

တပ်မတော်တွင်း ဘယ်လိုအခိုင်အမာ ထိုးဖောက်စည်းရုံးမလဲဆိုတာနဲ့ ပတ်သက်လို့ ကျနော်စဉ်းစားမိတဲ့ ယေဘူယျပုံကြမ်းတခုကို တင်ပြချင်တယ်။ စိတ်ဝင်စားသူတွေ စဉ်းစားနိုင်ဖို့ပါ။ တပ်မတော်တွင်းထိုးဖောက် စည်းရုံးနိုင်ရေးအတွက် သီးသန့် စည်းရုံးဖွဲ့စည်းမှု သဏ္ဍန်တခုရှိရမယ်။ ဥပမာ - မြန်မာနိုင်ငံလုံးဆိုင်ရာ တပ်မတော်အတွင်း ထိုးဖောက်စည်းရုံးရေးကော်မတီ ဆိုတာမျိုးဖြစ်တယ်။ အဲဒီကော်မတီမှာ ဖွဲ့စည်းမှု ဆိုင်ရာ စည်းမျဉ်းရှိရမယ်။ လုပ်ငန်းစဉ်ရှိရမယ်။ လုပ်ငန်းလမ်းညွှန် ပေါ်လစီရှိရမယ်။ ရေတို၊ ရေရှည် စီမံကိန်းရှိရမယ်။ ကြည်း၊ ရေ၊ လေ ယူနစ်အလိုက် တာဝန်ခွဲဝေမှုမျိုး ရှိရမယ်။ ယူဂျီစနစ်ကျင့်သုံးရမယ်။ ယူဂျီလုပ်ငန်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများရှိရမယ်။ ယူဂျီလိုင်းတွေ၊ ကွန်ယက်တွေ ဖွဲ့စည်းမှုစနစ် ရှိရမယ်။ မိမိတပ်တွင်း ယူဂျီများ အရေးကြုံလာက ရန်သူ့လက်မကျရေးအတွက် ထွက်ပေါက်လမ်းကြောင်း များ ဖောက်လုပ်ထားရေး စတာတွေ အခိုင်အမာ ပြင်ဆင်ရမယ်။

တပ်မတော်အတွင်း လျှို့ဝှက်ထိုးဖောက်စည်းရုံးရေးကို အထောက်အကူပြုနိုင်ဖို့ ဗြောင်လုပ်ငန်း ယေဘူယျ လှုံ့ဆောင်စည်းရုံးမှုနဲ့ ပေါင်းစပ်ရမယ်။ သတင်းစာ၊ ဂျာနယ်၊ အထူးသဖြင့် အသံလွှင့်ဌာနများရဲ့ အကူအညီ ကို ဖြစ်နိုင်သမျှရယူပြီး တပ်မတော်တွင်း နိုင်ငံပညာပေးရေးကို အလေးထားလုပ်ရမယ်။

တပ်ပြင်ရောက် စစ်ပြန်၊ စစ်မှုထမ်းတွေထဲက တရားမျှတမှုကို လိုလားတဲ့ စစ်မှုထမ်းဟောင်းတွေ၊ တာဝန် ထမ်းဆောင်ဆဲ စစ်မှုထမ်းတွေရဲ့ မိဘ၊ ညီအကို၊ မောင်နှမ၊ ဆွေမျိုးသားချင်းတွေကို စနစ်တကျ ဦးတည် ချက်ရှိရှိ ချဉ်းကပ်ရေး၊ သူတို့ကတဆင့် တပ်တွင်းသို့ ထိုးဖောက်ရေးဖြစ်တယ်။ ဒီနည်းနဲ့ ကြည်း၊ ရေ၊ လေ တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များအတွင်း ယူဂျီလိုင်းတွေ၊ ကွန်ယက်တွေ ဖြန့်ကျက်တည်ဆောက်နိုင်ရေး ဖြစ်တယ်။

အတွေ့အကြုံအရ တပ်ရင်းတရင်းမှာ ငွေကြေးအရ အခစားလုပ်စားတဲ့ ကြေးစားယူဂျီမဟုတ်ဘဲ နိုင်ငံရေး အတွေးအခေါ်အရ ကိုယ်ပိုင်နိုးကြားမှုနဲ့လုပ်တဲ့ ဒီမိုကရေစီအမာခံ ယူဂျီတယောက်ရပြီဆိုရင် အဲဒါဟာ မဟာအောင်မြင်မှုပဲ။ အဲဒီအမာခံကတဆင့် တစက်က တမျက်နှာ ဖွံ့ဖြိုးယူဖို့မခက်တော့ဘူး။ အဲဒါ ကိုယ်တွေ့ပဲ။ အရေးကြီးတာက အဲဒီလို အမာခံယူဂျီတွေကို ရေရှည်မြှပ်နှံထားဖို့ပဲ။ ဖော်ပြပါအချက်တွေဟာ တပ်မတော်တွင်း ထိုးဖောက်စည်းရုံးရေးနဲ့ပတ်သက်လို့ စဉ်းစားနိုင်အောင် အကြမ်းဖျမ်း တင်ပြချက် သာဖြစ်တယ်။ တကယ်လက်တွေ့မှာ စုပေါင်းစဉ်းစားကြရင် ကျယ်လည်း ကျယ်ပြန့်၊ လက်တွေ့လည်းကျပြီး ပိုမိုကောင်းမွန်တဲ့ အလုပ်စနစ်တွေရလာမှာသာ ဖြစ်တယ်။ လက်တွေ့လုပ်ရင်လည်း လုပ်နိုင်သလောက် အောင်မြင်မှာပဲ။

နိုင်ငံတကာအကူအညီတွေကိုယူပြီး လူမှုရေးဆန်ဆန် အသင်းတွေကိုတောင် လုပ်နိုင်ကြသေးတာပဲ။ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ဒီမိုကရေစီအရေးတော်ပုံ အောင်ပွဲခံရေးအတွက် တိုက်ရိုက်ဆက်စပ် ပတ်သက်နေတဲ့ တပ်မတော်တွင်း ထိုးဖောက်စည်းရုံးရေး မြေအောက်လုပ်ငန်းမျိုးကို ဘာ့ကြောင့် မလုပ်နိုင် ကြတာလဲ။ ဘာ့ကြောင့် တာဝန်ပျက်ကွက်နေကြတာလဲ။

ပြည်တွင်းရှိ ရဲဘော်တယောက်ကတဆင့် တာဝန်ထမ်းဆောင်ဆဲ တပ်မတော်သားတချို့ရဲ့စကားကို ပြန်ကြားရတာရှိတယ်။ `နိုင်ငံရေးပါတီတွေက တပ်မတော်သားတွေကိုမှ မစည်းရုံးကြဘဲ။ တပ်မတော်သား အများစုကလည်း လက်ရှိအခြေအနေကို ပြောင်းလဲချင်နေကြတာ။ အားကိုးလောက်တဲ့ ခေါင်းဆောင်မှုသာ တို့ကို ခေါင်းဆောင်ရင် တို့လဲ လုပ်ရဲပါတယ်´တဲ့။ စစ်အုပ်စုကတော့ တပ်မတော်ကို အမိန့်ပေးစေခိုင်းပြီး ပြည်သူတွေကို ဆက်လက်သတ်ဖြတ် ဒုက္ခပေးနေဦးမှာပဲ။ ကိုယ်က တပ်မတော်ကို မစည်းရုံးနိုင်ရင် ကိုယ်ပဲ နာဖို့ရှိတယ်။

ကိုရင်ဒေါင်း
ဒေါင်းအိုးဝေ အတွဲ (၁) အမှတ် (၆)

Read More...

Sunday 1 June 2008

"နအဖ အခြေခံဥပဒေ" အတည်ပြုခြင်းနှင့်ပတ်သက်ပြီး

ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန်ချက်
(၄/၂၀၀၈)
၂၀၀၈ ခုနှစ် မေလ ၃၁
(နှိပ်ပါ)---

Read More...

Thursday 15 May 2008

Burma's Non-Political Flood

(Pls forward this poem to the world)

Water, water, all around me
But I am so..so… thirsty.
Here, there, human bodies' everywhere
But none alive accompany me and share.
And I look at myself
Broken hopes and empty handed.
And I look further around
Just like a post heavy-battled ground.
Wild cyclone has wiped all things down.

Where are those kids from innocent playground?
Where are students in the green and white uniform?
Where is my town always singing along country rock songs?
Where are my mates who search for freedom and independent?
Where are those local chicks with new-leaf-color lips?
Where are those parents with a too busy habit?

All my questions disappear,
All my answers whisper…and whisper.
Collaborated disaster of the nature and the dictator!

And I constantly hear voices from my empty stomach
Asking me food, forcing me speak out and stand up.
I silently speak with my loudest, to the entire world
Then mankind's sympathies come and knock my door.

Let me now open my door
'Cause those sympathies will help to fix my wounded floor.
Let me invite them with an open heart
'Cause those sympathies will help my life reconstruct.

Hello Mr. Militarists,
Your guns are currently useless,
My demands are urgently needed,
Here, I'm alive, not a corpse yet,
Neither much time left.
Together, let's work out as a nice diplomat!

(Dedicated To My Mother And People Of Burma Who Lost Lives And Who Are Hardly Survived Under Both Natural And Political Weathers!)

Read More...

Friday 14 March 2008

ဆန္ဒနဲ့လက်တွေ့

အခုတလော နအဖစစ်အုပ်စုကို တိုက်ပွဲဝင်နေတဲ့ ဒီမိုကရေစီရေး တိုက်ပွဲဝင် နိုင်ငံရေးအဖွဲ့အစည်းများ အကြား အတော်ကို လှုပ်ခတ်သွားစေတဲ့ နိုင်ငံရေးလေထုတရပ် ဖြစ်ထွန်းနေပါတယ်။ အဖွဲ့အစည်းအလိုက်သော် လည်းကောင်း၊ တသီးပုဂ္ဂလအရသော်လည်းကောင်း လှုပ်ခတ်တာပါ။ ဒီမိုကရေစီရေးတိုက်ပွဲဝင်နေကြတဲ့ အဖိနှိပ် ခံပြည်သူများအတွက် အရေးတကြီးဆုံးဖြတ်ရမယ့် နိုင်ငံရေး ပြဿနာတခုပါ။
ပြဿနာကို စတင်လိုက်သူကတော့ စစ်အုပ်စု နအဖပါပဲ။
မြန်မာနိုင်ငံရဲ့ ၂၀၀၇ ခုနှစ်ကို သံဃာတော်တွေဦးဆောင်တဲ့ စက်တင်ဘာလူထုအုံကြွမှုကြီးက ပုဒ်မ ဖြတ်ပေးလိုက်ပါတယ်။ ၂၀၀၇ ကုန်ဆုံးသွားပေမယ့် ၂၀၀၈ နိဒါန်းဟာ သံဃာတော်တွေ အပါအ၀င် တိုက်ပွဲဝင် လူထုသွေးတွေနဲ့ တအုံ့နွေးနွေး ဖွင့်လှစ်ခဲ့တာပါ။ စစ်အုပ်စု အတော်အကြပ်ရိုက်သွားခဲ့ပါတယ်။ နိုင်ငံရေးအရ ခံစစ်ဖြစ်သွားတယ်။ ကုလသမဂ္ဂနဲ့အိပ်ချင်ယောင်ဆောင်နေတဲ့ နိုင်ငံတချို့လည်း အလန့်တကြား ထကြည့်ပြော ဆိုလာရတယ်။ ကုလသမဂ္ဂက သံတမန်နည်းအရ ချဉ်းကပ်ပါတယ်။ ဂမ်ဘာရီလာတယ်။ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ခွင့်ရတယ်။ နအဖ ကဗိုလ်အောင်ကြည်ကို ကိုယ်စားလှယ်ခန့်ပြီး နေအိမ်အကျဉ်းကျခံနေရသူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစေတယ်။ ဒိုင်ယာလော့မဟုတ်ပါ။ အဓိကကတော့ နအဖရဲ့ လမ်းပြမြေပုံ (၇) ချက်ကို ဒေါ်အောင်ဆန်းစုကြည်အား အတင်းအဓမ္မ လက်ခံခိုင်းစေတာပါ။ ချုပ်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတခွန်း ထွက်လာပါတယ်။ “အကောင်းဆုံးကိုမျှော်လင့်၊ အဆိုးဆုံးကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားကြ” ဖြစ်ပါ တယ်။
မြန့်မာ့နိုင်ငံရေးသမိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းလည်း ဒီစကားကို ပြောခဲ့ပါတယ်။ အခု ဒေါ်အောင် ဆန်းစုကြည်က ထပ်ပြောပါတယ်။ အခြေအနေခြင်း လုံးဝမတူပါ။ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တုန်းက အစစ အရာရာ အသားစီးကပါ။ “ရရင်ရ မရရင်ချ” ပါ။ အဲဒီတုန်းက လွတ်လပ်ရေး “မရ” ရင် “ချ” နိုင်မယ့် အခြေအနေ တွေ အားကောင်းပါတယ်။ ညီညွတ်ရေးအရရော၊ တိုက်ပွဲ(လက်နက်ကိုင်၊လူထု) အရရော အခြေအနေ ကောင်း ပြီးသားပါ။ ဖက်ဆစ်ဂျပန်ကို တော်လှန်နိုင်ခဲ့တာလည်း ဗိုလ်ချုပ်အောင်ဆန်းအတွက် စကားနောက်တရားပါသလို တရားနောက်မှာပါမယ့် အားကလည်း အဆင်သင့်ပါ။ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေက ဗိုလ်ချုပ် အောင်ဆန်းရဲ့ အခြေအနေနဲ့ ကွာတယ်ဆိုရင် မငြင်းကြဖူးလို့ ထင်ပါတယ်။ ဒါ ပကတိ အရှိတရား ဖြစ်ပါတယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကားမှာပါတဲ့ “အကောင်းဆုံးကိုမျှော်လင့်” ဆိုတာမှာ အဆိုး ဆုံးကို ရင်ဆိုင်ကျော်လွှားပြီးမှ သီးပွင့်လာမှာ ဖြစ်ပါတယ်။ No pain, No game (အနာခံမှ အသာစံရမယ်) လို့ ပြောလိုက်တာဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ဒါ ဆန္ဒစွဲလား၊ ပကတိလက်တွေ့လားဆိုတာတော့ စက်တင်ဘာ အုံကြွမှုကြီးနဲ့ လူထုအရေးတော်ပုံအဆက်ဆက်က သက်သေပြခဲ့ပြီးပါပြီ။ အဆိုးဆုံးကို ရင်ဆိုင်ဖို့ ကျနော်တို့ ဘာတွေ ဘယ်လို ပြင်ဆင်ထားပါသလဲ။ ကျနော်တို့ကိုယ် ကျနော်တို့ အသိဆုံးပါ။ ဒီအချိန်မှာ နအဖစစ်အုပ်စုက (၁/၂၀၀၈) နဲ့ (၂/၂၀၀၈) ကြေညာချက်များနဲ့ ပြည်သူလူထုကြီးကို စိမ်ခေါ်လိုက်ပါတယ်။ (၁/၂၀၀၈) က နအဖရဲ့ ညောင်နှစ်ပင် အခြေခံဥပဒေကို အတည်ပြုဖို့ ဆန္ဒခံယူပွဲလုပ်မယ်။ ၂၀၀၈၊ မေလမှာ ဖြစ်တယ်။ (၂/၂၀၀၈) ကတော့ ရွေးကောက်ပွဲကျင်းပမယ်။ (၂၀၁၀) ခုနှစ်မှာ လုပ်မှာ ဖြစ်ပါတယ်။
ဒီတော့ ဒီမိုကရေစီရေး တိုက်ပွဲဝင်အဖွဲ့အစည်းများနဲ့ လူပုဂ္ဂိုလ်တွေရဲ့ အသံတွေ ထွက်လာရပါတယ်။ နအဖရဲ့ ဆန္ဒခံယူပွဲကို သပိတ်မှောက်မလား၊ ကန့်ကွက်ဆန္ဒမဲပေးမလား။ အချိန်ကလည်း (၃) လကျော်ကျော်ပဲ ရှိတော့တာ။ မြန်မြန်ဆုံးဖြတ်၊ မြန်မြန်အကောင်အထည်ဖော်လှုပ်ရှား။ အဓိကအကျဆုံးက အဖိနှိပ်ခံ ပြည်သူ လူထုကြီးကို ဘယ်လို မက်ဆေ့ခ်ျပေးပြီး ဘယ်လို နည်းပရိယာယ်နဲ့ တိုက်ပွဲဝင်မလဲဆိုတာပါ။ အရေးကြီးပြီး အမှား မခံပါဘူး။ ဆန္ဒစွဲနဲ့ ပြောလို့မရပါဘူး။ လက်တွေ့နဲ့ ကိုက်ညီရပါမယ်။ လက်တွေ့ဆိုတာမှာ နအဖစစ်အုပ်စုရဲ့ သန္ဓေ နဲ့ လက္ခဏာ၊ အဖိနှိပ်ခံပြည်သူလူထုကြီးရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးတိုက်ပွဲ အစဉ်အလာနဲ့ လက်ရှိမိမိ တို့ရဲ့ ပကတိအနေအထားတို့ ပါရပါမယ်။ ဖြစ်ချင်တာကို အူထဲ၊ အသည်းထဲကနေ ပြောရရင် နအဖစစ်အုပ်စုနဲ့၊ စစ်အာ ဏာရှင်စနစ်ကို တစက္ကန့်မဆိုင်းအမှုန့်ချေ ဖျက်သိမ်းလိုက်ချင်တာပါ။ ဒါဆန္ဒပါ။ ဘဝကတော့ အဲဒီလို ခွင့်ပြု၊ မပြု အများသိပြီး ဖြစ်ပါတယ်။
မြန်မာပြည်စစ်အုပ်စုနဲ့၊ စစ်အာဏာရှင်စနစ်ကို အဖိနှိပ်ခံ ပြည်သူလူထုကြီးက မစေ့စပ်စတမ်း တိုက်ပွဲဝင် ခဲ့ပါတယ်။ ဒါသမိုင်းပါ။ အကျိုးစီးပွားအရ စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်ဟာ တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် ရန်ဘက်ပါ။ စစ်အုပ်စု၊ စစ်အာဏာရှင်စနစ် ရှိနေသရွေ့ ဒီမိုကရေစီစနစ်နဲ့ အကျိုးစီးပွား မဖြစ်ထွန်းနိုင်ပါ။ ၁၉၈၈ အရေးတော်ပုံကြီးရဲ့ ရလဒ်အဖြစ် ဗိုလ်နေဝင်းစစ်အုပ်စုနဲ့ မဆလ ပြုတ်ကျခဲ့ရပါတယ်။ ဗိုလ်စောမောင် (နဝတ) စစ်အုပ်စုက (၁၉၉၀) ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို မတတ်သာလို့ ကျင်းပပေးရတယ်။ အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ် (NLD) အပြတ်အသတ်နိုင်ပါတယ်။ ဒါပေမဲ့ စစ်အုပ်စုက ရှင်းပါတယ်။ ဘယ်တော့မှ ဒီမိုကရေစီ မပေးပါဘူး။ ဗိုလ်စောမောင်ကို စိတ္တဇဝေဒနာရှင်အရူးအဖြစ်နဲ့ ရာထူးက ဖယ်ရှားပစ်လိုက်ပြီး ကတိအားလုံးကို ဖျက်ပစ်ပါတယ်။ နအဖက အချိန်ဆွဲတဲ့ ဗျူဟာနဲ့ အတုအယောင် အမျိုးသားညီလာခံကို ကျင်းပပါတယ်။ မြန်မာ့နည်းမြန်မာ့ဟန် စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်ရမယ်ဆိုပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည် စေမယ့် အခြေခံဥပဒေကို အဓမ္မရေးဆွဲပါတယ်။ နအဖရဲ့ လမ်းပြမြေပုံ (၇) ချက်ကို အကောင်အထည် ဖော်ပါ တယ်။ တချိန်ထဲမှာ ပြည်သူလူထုနဲ့ ဒီမိုကရေစီတိုက်ပွဲဝင်သူများရဲ့ တိုက်ပွဲရလဒ်တွေကို ငြင်းပယ်ပါတယ်။ ရှုပ်ထွေးအောင်လုပ်ပါတယ်။ ဝယ်ယူ၊ ဖမ်းဆီး၊ ထောင်ချ၊ သတ်ဖြတ်.....စတဲ့ ချေမှုန်းရေးကိုလည်း အစဉ်တစိုက် လုပ်ပါတယ်။ စစ်အာဏာရှင်စနစ်က စစ်အာဏာရှင်အလုပ်ကို လုပ်ပါတယ်။
အဖိနှိပ်ခံပြည်သူလူထုကြီးက နည်းလမ်းပေါင်းစုံနဲ့ တိုက်ပွဲဝင်ပါတယ်။ နအဖစစ်အုပ်စုရဲ့ လမ်းပြမြေပုံ (၇) ချက်ကို လက်မခံပါဘူး။ စစ်အုပ်စုရဲ့ အခြေခံဥပဒေကိုလည်း လုံးဝလက်မခံပါဘူး။ ဒီမိုကရေစီရေး အဖွဲ့ အစည်း၊ ခေါင်းဆောင်တွေရဲ့ တိုက်ပွဲဝင် ကြွေးကြော်သံတွေကို အသက်နဲ့ရင်းပြီး အုံကြွတိုက်ပွဲဝင်နေတာ ပြည်သူလူထု ဖြစ်ပါတယ်။ အခု နအဖက (၁/၂၀၀၈) ပြည်သူ့ဆန္ဒခံယူပွဲဆိုတဲ့ ကြေညာချက်နဲ့ ပြည်သူလူထုကို စိန်ခေါ်လိုက်ပါပြီ။ ပြည်သူလူထု ဘာလုပ်မလဲ။ သပိတ်မှောက်မလား၊ ကန့်ကွက်ဆန္ဒမဲသွားပေးမလား။ ဒါကို ဒီမိုကရေစီရေး တိုက်ပွဲဝင် အဖွဲ့အစည်းများနဲ့ ပုဂ္ဂိုလ်များက လူထုကို ဘယ်လို မက်ဆေ့ခ်ျပေးပြီး ဘယ်လို ကြွေး ကြော်သံနဲ့ ဦးဆောင်တိုက်ပွဲဝင်ကြမယ်ဆိုတာ အရေးကြီးဆုံး ဆုံးဖြတ်လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ လွတ်မြောက်နယ်မြေရောက် ဒီမိုကရေစီ ခေါင်းဆောင်နှစ်ဦးနဲ့ မီဒီယာအင်တာဗျူးထဲက ကောက်နုတ်ချက်တချို့ကို ကိုးကား ဖော်ပြလိုပါတယ်။ သူတို့က ဆန္ဒခံယူပွဲကို သပိတ်မှောက်ရေးဘက်ကပါ။
NLD အမတ် လည်းဖြစ် MPU ရဲ့ တွဲဖက်အတွင်းရေးမှူး လည်းဖြစ်တဲ့ ခွန်မြင့်ထွန်းရဲ့အမြင်ကတော့.....

(“ကျနော်တဦးတည်း အမြင်အရ ပြောရမယ်ဆိုရင်တော့ နအဖရေးတဲ့ ဖွဲ့စည်းပုံအသွင်ကူးပြောင်း ရေးဆိုတဲ့ ကာလဆိုတဲ့ အချက်ထဲမှာ အချက်တချက်က ဘာပါသလဲဆိုရင် မဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက် ကျော်မဲနဲ့ အတည်ပြုပြဌာန်းမယ်လို့ ပါတယ်။ ဟို မဲလာပေးတဲ့ လူထက်ဝက်ကျော် မဟုတ်ဘူးနော်၊ မဲပေးပိုင်ခွင့် ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်လို့ ပြောတဲ့အတွက် ကျနော်တဦးတည်းရဲ့ သဘောထားကတော့ ဒီဆန္ဒခံယူပွဲကို သပိတ်မှောက်စေချင်ပါတယ်။ ပြည်သူလူထုအနေနဲ့ ပါဝင်ပူးပေါင်းဆောင်ရွက်မှု မလုပ်ဖို့အတွက်ကို ကျနော့် တဦးတည်းသဘောထား အဲဒီလိုရှိပါတယ်။ ဒါပေမဲ့ ပြည်သူလူထုကတော့ သူ့ဘဝလက်တွေ့ အခြေအနေမှာ တော့ရင် သေနတ်နဲ့ ထောက်ပြီးတော့ မဲထည့်ခိုင်းရင် သူက ဒါ ဆန့်ကျင်ကန့်ကွက်တဲ့မဲ ပေးသွာမှာပါပဲ။ ဒီအခြေ အနေကို လူထုက ဆုံးဖြတ်သွားမယ်လို့ မြင်ပါတယ်”)။ ဖေဖော်ဝါရီ ၂၃၊ ၂၀၀၈။ BBC (မြန်မာပိုင်းအစီအစဉ်)

နောက်တဦးကတော့ ဒေါက်တာတင့်ဆွေပါ။ Burma Digest မှာ ဖော်ပြထားတဲ့ ဒေါက်တာတင့်ဆွေရဲ့ “အတုအယောင် လူထုဆန္ဒခံယူပွဲ တိုက်ဖျက်ရန်မှာ (ဒိုင်လင်မာ) မဟုတ်” ဆိုသည့် ဆောင်းပါးမှ ကောက်နုတ် ချက်ပါ။
(အကယ်၍ နအဖ၏ ၂၂/၂/၂၀၀၆ နေ့ထုတ် မြန်မာ့အလင်း စာမျက်နှာ ၆-၇ ကပါ။ ကူးပြောင်းရေးကာလ ပြဌာန်းချက်များ အမှတ် (၁) အရ “ဤဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲတွင် ဆန္ဒမဲပေးပိုင် ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့် အတည်ပြု ပြဌာန်းပြီးသည့် နေ့မှစ၍ နိုင်ငံတော်တဝှမ်းလုံး၌ အာဏာ တည်သည်” ဟူသည့်အတိုင်း တကယ်လုပ်မည်ဆိုပါက၊ ဆန္ဒခံယူပွဲအား “သပိတ်မှောက်ရန်” ဆော်ဩရပါမည်။ လို့ ဆိုထားပါတယ်။
ဒီနေရာမှာ ခွန်မြင့်ထွန်းနဲ့ ဒေါက်တာတင့်ဆွေတို့ နှစ်ဦးစလုံးရဲ့ အာဘော်(နုတ်ထွက်စကား)ဟာ အရေး ကြီးပါတယ်။ သူတို့ နှစ်ယောက်စလုံးဟာ ဒီမိုကရေစီခေါင်းဆောင်တွေလည်းဖြစ်၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရဲ့ ရွေးကောက်ခံပြည်သူ့ကိုယ်စားလှယ် စစ်စစ်တွေလည်း ဖြစ်နေလို့ပါပဲ။ ဆန္ဒခံယူပွဲကို သပိတ်မှောက်ရေးဘက်က ပြောခဲ့ပါတယ်။ နှစ်ဦးစလုံး ကိုင်တွယ်ပြောဆိုခဲ့တာက နအဖ ရေးဆွဲနေတဲ့ အခြေခံဥပဒေမူကြမ်းပါ အသွင် ကူးပြောင်းရေးကာလ ပြဌာန်းချက်များကို ကိုင်ပြောတာပါ။ ခက်တာက နအဖရဲ့ အခြေခံဥပဒေမူကြမ်းက အတည် မပြုရသေးပါ။ ဆန္ဒခံယူပွဲကို ဖြတ်သန်းရမှာပါ။ အတည်ဖြစ်၊ မဖြစ်ကလည်း ဆန္ဒခံယူပွဲရလဒ်က ဆုံးဖြတ်ရမှာပါ။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တဝက်ကျော်ရဲ့ ဆန္ဒမဲဖြင့် အတည်ပြု၊ မပြုကိုလည်း နအဖက ရှင်းရှင်းလင်းလင်း မကြေညာပါဘူး။ နအဖ ရဲ့ ဖေဖေါ်ဝါရီ ၂၆ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ “ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း အတည်ပြုရေး၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေ” ဆိုတာမှာလည်း ဒီအချက်ကို ဘာမှ ပြောမထားပါဘူး။ ဒါကို ခွန်မြင့်ထွန်းနဲ့ ဒေါက်တာတင့်ဆွေတို့က “တကယ်လုပ်မည်ဆိုပါက” ကို အခြေခံပြီး နအဖ အနေနဲ့ ဆန္ဒခံယူပွဲဥပဒေ နောက် ဆက်တွဲထပ်ထုတ်လေဦးမလားဆိုပြီး မျှော်လင့်ချက်နဲ့ ပကတိ အပေါ် အခြေမခံဘဲ ဆန္ဒခံယူပွဲကို သပိတ် မှောက်ရေးတိုက်ပွဲနည်းနာ တင်ပြထားတာကတော့ တာဝန်ခံမှုအပိုင်းအရ ပြောရရင် မလုပ်သင့်ဘူးလို့ ထင်ပါ တယ်။ ဥပဒေမဟုတ်တာကို အဟုတ်လုပ်ကိုးကားတဲ့အတွက် လူထုကို မှားယွင်းတဲ့ မက်ဆေ့ခ်ျ ပေးသလို ဖြစ်နေပါတယ်။ ဆန္ဒခံယူပွဲလုပ်မယ့်အချိန်ကလည်း အတော့ကို နီးကပ်နေပါတယ်။ မီဒီယာတွေရဲ့ စွမ်းဆောင်နိုင်မှုကလည်း အချိန်နဲ့တပြေးညီ လူထုဆီကို ရောက်ရှိနေပါတယ်။ မှန်ကန်တဲ့ တိုက်ပွဲနည်းနာ တွေ လူထုဆီကိုရောက်ဖိုအရေးကြီးပါတယ်။ တဦးချင်းသဘောထားလို့ ဆိုရာမှာလည်း ပြည်သူလူထုကို ကိုယ်စားပြု ခဲ့တဲ့ ကိုယ်စားလှယ်တွေဖြစ်လို့လည်း အရေးပါ၊ အရေးကြီးလွန်းလှပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်တို့ရဲ့ အကျဉ်းကျအခြေအနေကနေ ရှားရှားပါးပါး ထွက်ပေါ်လာတဲ့ နှုတ်ထွက်စကားတွေလိုမျိုး တန်ဖိုး ကြီးလို့ပါ။
မြန်မာ့နိုင်ငံရေး ဖြစ်ထွန်းမှုတွေကို နအဖစစ်အုပ်စုနဲ့ အဖိနှိပ်ခံ ပြည်သူလူထုကြီးအကြား “ဘောလုံး” စကားနဲ့ပြောကြတာ ကြားရပါတယ်။ ဘောလုံးက သူ့ဘက်မှာလား၊ ကိုယ့်ဘက်မှာလားပေါ့။ “ဂန္ဒီ” ခန်းမပြီး ကတည်း က ဘောလုံးဟာ ကျနော်တို့ ခြေထဲမှာ မရှိတော့ပါ။ ဒါကို ပြည်သူလူထုကြီးက ၁၉၉၆ လှုပ်ရှားမှု၊ ၂၀၀၇ စက်တင်ဘာ လှုပ်ရှားမှု စတာတွေနဲ့ ပြန်ရအောင် မနည်းကို လုပ်နေရတာပါ။ နအဖက အဓမ္မ နည်းနဲ့ ကျနော်တို့ ပြည်သူလူထုကြီးဘက်ကို ပယ်နယ်တီချည်း လှိမ့်ကန်နေတာပါ။ ၁၉၉၀ ရွေးကောက်ပွဲလှုပ်ရှားမှု၊ ၂၀၀၇ စက်တင်ဘာ လူထုအုံကြွမှုကြီးတွေလို (Counter Offensive) ပြန်လှန်ထိုးစစ် အဆင်ခံရလို့ စစ်အုပ်စုအနေနဲ့ နိုင်ငံရေးအရ ခံစစ်ဖြစ်သွားရတာပါ။ စက်တင်ဘာ အုံးကြွမှုမှာ လူထုရဲ့ သမိုင်းတာဝန်ကျေမှုက အံ့မခန်းစရာပါ။ တချို့ဆို ဟုတ်မှဟုတ်ရဲ့လားလို့ မှင်တက်မိနေကြတယ် မဟုတ်ပါလား။ မြန်မာပြည် ပြည်သူလူ ထုကြီးက သမိုင်းတလျှောက်လုံး တာဝန်ကျေခဲ့တာပါ။ စစ်အာဏာရှင်စနစ် သန္ဓေစတည်ဖို့ ကြိုးစားခဲ့တဲ့ အချိန် ကာလကစလို့ ယနေ့ အထိပါပဲ။
ကျနော်တို့ ဒီမိုကရေစီရေး တိုက်ပွဲဝင်နေကြသူတွေအနေနဲ့ စစ်အာဏာရှင်စနစ်ကို အဆုံးတိုင် ဖျက်သိမ်း ပစ်ဖို့ သမိုင်းတာဝန် ကျေကြဖို့ပါပဲ။ ပြည်သူလူထုရဲ့ ပကတိ အနေအထား က စစ်အာဏာရှင်စနစ်ရဲ့ ဓားအောက် မှာ အချိန်နှင့်အမျှ နေနေရတာပါ။ စစ်အုပ်စု အကြောက်ဆုံးကလည်း ပြည်သူလူထုကြီးကိုပါ။ အကြောက်ဆုံး ဖြစ်လို့လည်း မလှန်နိုင်အောင် အနိုင်ကျင့် ဖိနှိပ်ထားပါတယ်။ ဒါဟာ နအဖ စစ်အုပ်စုရဲ့ ပင်ကိုယ်လက္ခဏာ လည်းဖြစ်၊ သွေးရူးသွေးတန်း ရူးသွပ်မှုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ မရပါဘူး။ လူထုကြီးက အုံကြွ တိုက်ပွဲ ၀င်လျက်ပါ။ ဒီမိုကရေစီရေးတိုက်ပွဲ ဦးဆောင်သူတွေက လူထုကို မှန်ကန်တဲ့ ဦးဆောင်မှု ပေးရမှာပါ။ အဲဒီလို ဦးဆောင်မှုပေးဖို့ဆိုရင် လူထုနဲ့ တသားတည်းရှိဖို့ လိုပါတယ်။ ဘယ်လို တသား တည်း ရှိအောင်လုပ် မလဲဆိုတာက ကိုယ့်ပြဿနာပါ။ တော်လှန်ရေးပါတီ အဖွဲ့အစည်းအသီးသီးက ထုတ်ပြန်ကြေညာချက်တွေနဲ့ ကန့်ကွက်ဆန္ဒမဲပေးကြဖို့ လူထုကိုရော အဖွဲ့အစည်းအသီးသီးကိုပါ တပ်လှန့် စည်းရုံးလိုက်ပါတယ်။ တကယ်လို့ နအဖရဲ့ အဓမ္မဆန္ဒခံယူပွဲမှာ နအဖ က တဘက်သတ်အနိုင်ယူပြီး ဘယ်သူကမှ လက်မခံတဲ့ ညောင်နှစ်ပင် အခြေခံဥပဒေကို အတည်ပြုနိုင်ခဲ့ရင် ဆက်လက် တိုက်ပွဲဝင်သွားဖို့ ပြင်ဆင်မှုရှိဖို့ကိုလည်း တော်လှန်ရေး သတိ နဲ့ပိုင်းဖြတ်ချက် ရှိရပါမယ်။ လူထုကို လက်တွေ့ကျကျ ရှေ့ကနေ မားမားမတ်မတ်ဦးဆောင်ပြီး တိုက်ပွဲဝင် ချီတက်သွားဖို့က ကျနော်တို့ ဒီမိုကရေစီရေး တိုက်ပွဲဝင် အဖွဲ့အစည်းများရဲ့ တာဝန်ဖြစ်ပါတယ်။ သမိုင်းက အညှာ အတာကင်းသလို သမိုင်းကိုညာလို့လည်းမရပါဘူး။
မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းပစ်ရေးဟာ အဖိနှိပ်ခံပြည်သူတွေရဲ့ သေနင်္ဂဗျူဟာ ဖြစ်ပါတယ်။ ဘယ်လို တိုက်ပွဲဝင်ကြမလဲ ဆိုတာကတော့ နည်းနာပိုင်းပါပဲ။ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက် နေတာဖြစ်လို့ နအဖရဲ့ လမ်းပြမြေပုံ၊ ညောင်နှစ်ပင်ညီလာခံနဲ့ နအဖရဲ့ အခြေခံဥပဒေကိုလည်း လုံးဝလက် မခံနိုင်ပါဘူး။ အဲဒီ လက်မခံနိုင်မှုကို လက်တွေ့ကျကျ အကောင်အထည် ဖေါ်ရမှာပါ။ ဆန္ဒခံယူပွဲကို သပိတ် မှောက်လို့ ဖြစ်နိုင်၊ မဖြစ်နိုင်နဲ့ အောင်မြင်မှု ရှိနိုင်၊ မရှိနိုင်ဆိုတာ အရေးကြီးပြီး အချိန်မီဆုံးဖြတ် အကောင် အထည်ဖေါ်ရမှာပါ။ ဒါကို ပြောရတာဟာ လူထုနဲ့ လူထုတိုက်ပွဲကို ယုံကြည်လွန်းလို့ ပြောရတာပါ။ ကျနော်တို့က လူထုအပေါ် တောင်းဆိုရုံသက်သက်နဲ့ တာဝန်မကျေသေးပါဘူး။ လက်တွေ့ဦးဆောင်ပြရမှာပါ။ တောင်းဆိုရာမှာ လည်း ဆန္ဒစွဲနဲ့ တောင်းဆိုလို့ မရပါဘူး။ အချက်အလက်ခိုင်မာဖို့လိုပါတယ်။ ကျနော်တို့ ဘက်က ရှစ်လေးလုံး အရေးတော်ပုံကြီးလို၊ ၂၀၀၇ စက်တင်ဘာ လူထုအုံကြွမှုကြီးလို လူထုတိုက်ပွဲမျိုး (၃)လအတွင်းမှာ ဖေါ်ဆောင် နိုင်ပါသလား ဆိုတာ သိပ်ကိုအရေးကြီးပါတယ်။ ဒါကလည်း လူထုနဲ့ တသားတည်းဖြစ်နေတဲ့ လူထုလုပ်ငန်းကို စနစ်တကျလုပ်ကိုင်နေတဲ့ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေက အသိဆုံးပါ။ ဒါ့ကြောင့် လူထုအနေနဲ့ ကန့်ကွက် ဆန္ဒမဲ ပေးပြီး နအဖရဲ့ အခြေခံဥပဒေကို ရိုက်ချိုးပစ်ရပါလိမ့်မယ်။ ဒီလို လူထုအနေနဲ့ မဲရုံသွားပြီး ကန့်ကွက်ဆန္ဒမဲ ပေးတာကို နအဖရဲ့ လမ်းပြမြေပုံကို အသိအမှတ်ပြုသလို ဖြစ်တယ်၊ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကိုပစ်ပယ် တာဖြစ်တယ်လို့ တကြောင်းဆွဲ တွေးပြီး ယတိပြတ်ပြောလို့မရပါဘူး။ ကန့်ကွက်မဲပေးပြီး လက်တွေ့ကျကျ သပိတ် မှောက်လိုက်တာ ဖြစ်ပါတယ်။ နအဖ စစ်အုပ်စုကလည်း သူ့စစ်အာဏာရှင် အကျိုးစီးပွားဘက်က နည်းပေါင်း စုံသုံးပြီး အဓမ္မ ချေမှုန်းမှာဖြစ်ပါတယ်။ လူထုကလည်း တိုက်ပွဲကို အဆင့်ဆင့်မြှင့်ပြီး တိုက်သွားမှာ ဖြစ်ပါတယ်။ အဲဒီလိုလုပ်နိုင်ဖို့ ကျနော်တို့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေ အကြားမှာ ညီညွတ်ရေးက အရေးကြီးပါတယ်။ သမိုင်းဝင် နေသူရိန်ခေတ်က ညီညွတ်ရေးမျိုး အထူးလိုအပ်ပါတယ်။ ဒါမှလည်း ဘုံရန်သူ စစ်အာဏာရှင် ကိုတိုက်ဖို့ အနိမ့်ဆုံး ဘုံလုပ်ငန်းစဉ်တရပ် အခိုင်အမာပေါ်လာနိုင်ပါမယ်။ အဲဒီကနေ တဆင့် အဆင့်ဆင့်မြှင့်လို့ တိုက်ပွဲဝင်လူထုကြီးနှင့် အတူ ..............။

ရဲဘော်ကိုပေါက်
၆၊ ၃၊ ၂၀၀၈။

Read More...

Friday 22 February 2008

ဖဒို မန်းရှာ ( သို့ မဟုတ် ) ဧရာဝတီမှ ဒေါန ရေဆန်

(၁)
ဒီ ဖေဖေါ်ဝါရီလထဲမှာက တိုက်တိုက်ဆိုင်ဆိုင် အမှတ်ရစရာတွေကလဲ များပြားလှပါတယ်။ ကျနော်နဲ့သန်ကောင်စာရင်းတခုတည်း အတူနေဖြစ်ခဲ့တဲ့ ကိုနိုင်ဝင်း (နိုင်ဝင်းဆွေ) ဆုံးခဲ့တာလဲ ဖေဖေါ်ဝါရီလထဲမှာ ဖြစ်ခဲ့သလို၊
ဆရာမြသန်းတင့် နဲ့ကိုသိန်းတင် (စာရေးဆရာတင်သိန်းမောင်ခေါ် ပထ၀ီမောင်တင်) ဆုံးခဲ့ တာလဲ ဖေဖေါ်ဝါရီထဲမှာပါပဲ။ ဦးမြသန်းတင့်နဲ့ ကိုသိန်းတင်ဆိုရင် - တရက်တည်း တနေ့တည်းတောင်အတူတူ သင်္ဂြိုလ်ခဲ့ရလေသတဲ့။ ဦးမြသန်းတင့်က ဆေးရုံကြီး မှာ ဆုံးခဲ့တာဖြစ်ပြီး ကိုသိန်းတင်က အင်းစိန်ထောင်မှာ ထောင်ချခံနေရရင်း ဆုံးခဲ့ရတာဖြစ်ပေမဲ့၊ သင်္ဂြိုလ်ခဲ့ရတဲ့နေ့ရက်ကတော့ တရက်တည်းဖြစ်ခဲ့ရပါတယ်။ အဲဒီ တုန်းက အမေလူထုဒေါ်အမာကတောင် ‘နှမျောတသ ယူကျုံးမရနဲ့ လွမ်းလောက်တဲ့ရေးဖေါ်တွေ’ လို့ခေါင်းစည်းတပ်ပြီး အမှတ်တရရေးခဲ့ဖူးပါ တယ်။ ကျနော် ကိုယ်တိုင်လဲ ‘ချစ်စွာသော ကိုသိန်းတင်’ လို့ခေါင်းစည်းတပ်ပြီး ပထမဆုံး ‘ခေတ်ပြိုင်’ ကနေ ရေးခဲ့ဖူးပါတယ်။ နောက်တော့ - ‘သံတိုင်ကြား ကြွေသွားရတဲ့ ကြယ် စင်တွေ’ ဆိုပြီး ရုပ်ပုံလွှာပေါင်းချုပ်အဖြစ် (၂၀၀၁) ခုနှစ်ထဲမှာ ထုတ်ဝေတဲ့အခါ ‘ချစ်စွာသော ကိုသိန်းတင်’ လဲ ပါဝင်ခဲ့ပါတယ်။ ပြီးတော့ - ကျနော်အင်မတန် ချစ်ခင်လေးစားတဲ့ ဦးလေးဦးခင်မောင်မြင့် (ပြည်သူ့တိုးတက်ရေးပါတီ ဥက္ကဋ္ဌကြီး ဦးခင်မောင်မြင့်) ထောင်ထဲမှာပဲ သူရဲကောင်းပီသစွာ ကျဆုံးကွယ်လွန်ခဲ့ရတာ ဟာလဲ အခုလို ဖေဖေါ်ဝါရီလထဲမှာပဲ မဟုတ်လား။

ဒီနှစ် ဖေဖေါ်ဝါရီလဆန်းကတည်းကပဲ အမေရိကန်မှာနေတဲ့ မိတ်ဆွေတယောက်က ဦးမြသန်းတင့်နဲ့ပတ်သက်တဲ့ ကဗျာ ဆောင်းပါး ရုပ်ပုံလွှာ တခုခု ရေးထားတာများမရှိဘူးလား၊ ရှိရင်ပေးစမ်းပါလို့ ကျနော့်ဆီ လှမ်းစာရေးခဲ့ပါသေးတယ်။ ဦးမြသန်းတင့်ဆိုတာ ဘယ်လိုစာရေးဆရာကြီးလဲဆိုတာ တော်တော်များ များ သိပြီးဖြစ်ပါတယ်။ ထောင်လဲ ကျဖူး၊ ကျွန်းလဲ အပို့ခံရဖူးရုံမက မြေပေါ်နိုင်ငံရေးပါတီ လှုပ်ရှားမှုတွေမှာ ပြည်သူ့တိုးတက်ရေးပါတီရဲ့ဗဟိုကော် မီတီဝင်အဖြစ်လဲ ဆောင်ရွက်ခဲ့ဖူးသူ မဟုတ်လား။ ထောင်ကို ဘ၀တက္ကသိုလ်လို့ မကြာခဏရေးခဲ့ပြီး၊ ကျွန်းကအပြန်မှာတော့ ကျွန်းကို နောက်ခံကားအဖြစ်ထားတဲ့ သူ့ရဲ့နာမည်ကြီး ၀တ္ထုကြီး ‘ဓါးတောင်’ ကိုရေးခြယ်ခဲ့တယ် မဟုတ်လား။ ပြီးခဲ့တဲ့ပတ်ထဲကပဲ အမေရိကန်မှာပဲနေနေတဲ့ ကျနော့်ရဲ့မိတ်ဆွေကြီးကိုစိုးချိန်ကလဲ ကျနော့်ဆီဖုန်းဆက်ပြီး ကိုနိုင်ဝင်း ( နိုင်ဝင်းဆွေ) ရဲ့ဇာတိရပ်ရွာ နောက်ခံနဲ့မိဘဆွေမျိုးသားချင်းတွေအကြောင်း မှတ်မှတ်ရရမေးလာပြန်ပါတယ်။ ဂျပန်က အာဟာရစာစောင်ကလုပ်မယ့် ဆရာမြသန်းတင့် - နိုင်ဝင်းဆွေ အမှတ်တရနဲ့စာစောင်အထိမ်းအမှတ်အတွက် သိလိုရာရာလေးတွေ အချက်အလက်လေးတွေကို စုဆောင်းပေးဖို့တဆင့် မေးမြန်း ကြည့်တာပါ-တဲ့။ ကျနော့်မှာ တိုက်တိုက်ဆိုင်ဆိုင် အမှတ်ရစရာတွေချည်း အဆက်မပြတ်ဖြစ်နေခဲ့ရပါတယ်။
အဲဒီလို ဖေဖေါ်ဝါရီလထဲမှာ တိုက်တိုက်ဆိုင်ဆိုင်အမှတ်ရစရာတွေကို တသီတတန်းကြီးသတိရနေမိဆဲမှာပဲ၊ ဟော - - ဖဒိုမန်းရှာတယောက် ကျဆုံး ကွယ်လွန်သွားရပြန်ပြီ - တဲ့ ။
တနေ့ကပဲ ကျနော့်ဇနီးသည်က ပန်းသီး အခွံနွှာဖို့အရိုးဝါ၀ါနဲ့ဓါးလေးကို ထုတ်ယူလာတော့ ‘ဒါ - ဖထီးဖဒို မန်းရှာပေးခဲ့တဲ့ ဓါးလေးကွ - ’ လို့ပြောမိ သေးတယ်။ အခုတော့ ဖဒိုမန်းရှာတယောက်လဲ ဆုံးပါးရပြန်ပြီ။ ဥရောပမှာတော့ ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့ဟာ ‘ချစ်သူများနေ့’ ပေါ့။ ချစ်သူတွေက ချစ်သူတွေ ကိုချစ်စရာ နှင်းဆီပန်း လှလှလေးတွေပေးကြ၊ မေတ္တာရဲ့အမှတ်အသားတွေကို မွှေးမြတဲ့နှင်းဆီပန်းဖူး ပန်းငုံလေးတွေနဲ့ ဆွတ်ဆွတ်ပျံ့ပျံ့ပို့သ ဖေါ်ပြနေကြတဲ့ အချိန်မှာ၊ ပြည်တွင်းစစ်မီး အရှိန်တငြီးငြီး တောက်လောင်နေရဆဲ ကျနော်တို့နိုင်ငံလို ငြိမ်းချမ်းရေးငတ် ဒီမိုကရေစီငတ် အမျိုးသားသွေးစည်းညီညွတ်မှုငတ် နိုင်ငံ တွေအဖို့မှာတော့၊ မုန်းသူတွေက မုန်းသူတွေကို ကျည်ဆံတွေ သတ်ဖြတ်မှုတွေ လုပ်ကြံမှုတွေနဲ့ပဲ ယုတ်ယုတ်မာမာ ပက်ပက်စက်စက် ပေးဝေဖေါ်ပြ နေကြပါရော့ ကလား။ ဖဒိုမန်းရှာလို ပုဂ္ဂိုလ်တယောက် သွေးမြေကျခဲ့ရတာ ကြေကွဲစရာပါပဲ။

( ၂ )
အကြောင်းအမျိုးမျိုးကြောင့် ၀နယ်ကနေ မာနယ်ပလောဆီ ကိုနိုင်ဝင်း (နိုင်ဝင်းဆွေ) ကို တာဝန်ယူခေါ်ဆောင်သွားခဲ့သူဟာ ဖဒိုမန်းရှာပါ။ ပြည်တွင်း မှာ ကိုနိုင်ဝင်းနောက်ဆုံး ထုတ်ဝေသွားခဲ့တဲ့ လုံးချင်းဝတ္ထုရှည်စာအုပ်ကြီးဟာ ‘ရေဆန်လမ်း’ ပါ။ ဒီရေဆန်လမ်းဝတ္ထုကြီးကို ကိုနိုင်ဝင်းဟာ ကျနော်နဲ့အတူနေနေ တဲ့ကာလ၊ အင်းစိန်ဖေါ့ကန်က တဲစုတ်သာသာ အိမ်အိုလေးထဲမှာပဲ တကုပ်ကုပ်အထပ်ထပ်ရေးနေခဲ့ပါတယ်။ ကျနော့်ရှေ့မှာပဲ ရေးနေခဲ့တာ ဖြစ်တော့၊ တခါတရံ သူဈာန်ဝင် ရေးသားနေချိန်တွေမှာ ကျနော်ကပဲ ပန်းခူး ရေလောင်းအလုပ်တွေ ၀င်ဝင်လုပ်လိုက်ရတာ ခဏခဏပါပဲ။ တဲသာသာ အိမ်အိုလေးရဲ့ရှေ့မှာက နှင်းဆီနီ ခင်းကြီးဟာ ကျနော်တို့အတွက်ရင်လှိုင်းခုန်ဖွယ် သက်ဝင်ပန်းချီကားတချပ်သာ မဟုတ်၊ ကျနော်တို့ရဲ့ အဓိကထမင်းအိုးကြီးလဲ ဖြစ်နေရတဲ့ကာလမဟုတ်လား။ ကိုနီဟိန်းနဲ့ ကိုကြည်နိုင် ရေးလာခဲ့တဲ့ ‘ရေဆန်လမ်းအတွက်အမှာ’ ကို ကျနော်တို့ဝိုင်းဝန်းဖတ်ရှုဝေဖန်အတည်ပြု ပေးခဲ့ကြပါတယ်။ ကိုနိုင်ဝင်းက တော်လှန်ရေးကို ရေဆန်လမ်းအဖြစ် မြင်ခဲ့ပါတယ်။ ရေဆန်လမ်းအဖြစ် ပမာတင်ခဲ့ပါတယ်။ စာပေအနုပညာယဉ်ကျေးမှု စစ်မျက်နှာမှာလဲ ယဉ်ကျေးမှုဟောင်းကို ဆန့်ကျင်ပြီး ယဉ်ကျေးမှုသစ်ဆီ ရှေ့ရှုရာမှာ၊ တော်လှန်တဲ့စာပေ အနုပညာဟာ ဖောက်ပြန်တဲ့စာပေအနုပညာကို တိုက်ပွဲဆင်ရင်း၊ ဖောက်ပြန်တဲ့ရေပုပ်မြောင်း ရေစီးဟောင်းကို ဆန့်ကျင်ပြီး တွန်းလှန်ဆန်တက် လှော်ခတ်ရတဲ့ ရေဆန်လမ်းအဖြစ် နိမိတ်ပုံယူခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ကြိုက်တာ မကြိုက်တာတွေ ခဏထား၊ ဒီစာအုပ်နဲ့ပတ် သက်ပြီး အသံပလံတွေတော့ တော်တော်လေးထွက်ခဲ့ပါတယ်။ ဆရာစွမ်း (မောင်စွမ်းရည်) ကဆိုရင် - သူ့ရဲ့ ‘မြန်မာစာပေဘာလဲ ဘယ်လဲ’ ထဲမှာ ရေဆန်လမ်း ဝေဖန်ရေးထဲမှာ ‘ -- နိုင်ဝင်းဆွေရေ - တွေ့လား တွေ့လား ကျောက်ဆောင်’ လို့တောင် ရေးခဲ့ဖူးပါတယ်။
ဒီနေရာမှာ ထပ်ပြီး တိုက်ဆိုင်လာပြန်တာက၊ ဖဒိုမန်းရှာရဲ့ ကလောင်နာမည်တခုဟာလဲ ‘ရေဆန်’ ဆိုတာပါပဲ။ ရေဆန်လမ်းရဲ့လက်ရာရှင် ကိုနိုင်ဝင်းဆွေကို ၀နယ်ကနေ မာနယ်ပလောဆီ တာဝန်ယူခေါ်ဆောင်လာခဲ့သူဟာဖထီး ဖဒိုမန်းရှာပါ။ ‘ရေဆန်’ ဆိုတဲ့ ကလောင်ရှင် ဖဒိုမန်းရှာပါ။ ကိုနိုင်ဝင်းက သူ့ရဲ့ ‘ရေဆန်လမ်း’ ကို ဘာလို့ရေဆန်လမ်းလို့ နာမည်တပ်ခဲ့တာလဲဆိုတာတော့ ထိုက်သင့်သလောက်သိရှိခဲ့ပြီးဖြစ်ပေမဲ့၊ ဖဒိုမန်းရှာက ဘာလို့ ‘ရေဆန်’ ဆိုတဲ့ ကလောင်နာမည်ကို ခံယူခဲ့သလဲ ဆိုတာကိုတော့ ခုချိန်အထိ ကျနော်မသိပါ။ ‘ရေဆန်’ ဆိုတဲ့ကလောင်ရှင်ရဲ့ဆောင်းပါးတွေ လက်ရာတွေကိုတော့၊ ကရင်ဘာသာ နဲ့ရော ဗမာဘာသာနဲ့ပါ ထုတ်ဝေနေတဲ့ ‘သနူထူ’ ဂျာနယ်မှာ မကြာခဏတွေ့ရ မြင်ရ ဖတ်ရှုရရင်း ထူးထူးခြားခြားသတိမူမိ မှတ်သားမိနေပေမဲ့၊ ‘ရေဆန်’ ဆိုတာ ဖထီးမန်းရှာမှန်း၊ ကွဲကွဲပြားပြားသိရတာတောင် သိပ်မကြာလှသေးပါ။ ကိုနိုင်ဝင်းဆွေ ကွယ်လွန်ခြင်း (၁၀) နှစ်မြောက် ‘မဟူရာမေတ္တာရှင်၏ တော်လှန်ရေးစာပေ မှတ်တိုင်’ ဆိုတဲ့ အထိမ်းအမှတ်စာအုပ် ထွက်လာတဲ့ (၂၀၀၅) ခုနှစ်ထဲကမှ၊ ဆရာရေဆန်ရဲ့ ကိုနိုင်ဝင်းဆွေအမှတ်တရ ‘တောင်ရိုင်းပေါ်က တေးပန်းချီ’ ကို ဖတ်ရ ရင်း ပြက်ပြက်ထင်ထင် သိရှိလာခဲ့ရတာ ဖြစ်ပါတယ်။
ကိုနိုင်ဝင်းတယောက် ၀နယ်ကနေ မာနယ်ပလောကို ဖထီးဖဒိုမန်းရှားတို့နဲ့ လိုက်ပါသွားခဲ့တာဖြစ်တယ် ဆိုတာကိုတော့၊ ကျနော် တရုတ်ပြည်ဖက် ခြမ်း ရောက်စကတည်းက သိပြီးဖြစ်တဲ့အတွက်၊ ကျနော် ပထမဦးဆုံး ဖထီးဖဒိုမန်းရှာနဲ့ လူချင်းစတင်ဆုံဆည်းခွင့်ရစဉ် - ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်းတော်တော်ကြာ ကာလကတည်းက ကိုနိုင်ဝင်းဆွေဘယ်လို ကျဆုံးသွားခဲ့ရသလဲဆိုတာရဲ့အဖြစ်သနစ်ကိုတော့ ဖထီးဖဒိုမန်းရှာကို ကိုယ်တိုင်ကိုယ်ကျ မေးမြန်းခဲ့ဖူးပါတယ်။ ဖထီး ဖဒိုမန်းရှာကလဲ ကိုနိုင်ဝင်းဆွေရဲ့ နောက်ဆုံးနေ့ရက်တွေအကြောင်းကို ကျနော့်ကို စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြခဲ့ဖူးပါတယ်။ လေအေးအေးလေးနဲ့ပဲ တလုံးချင်း တချက်ချင်း ဖြေးဖြေးဆေးဆေးရှင်းပြပြောဆိုနေတဲ့ ဖဒိုမန်းရှာရဲ့မျက်နှာပေါ်မှာတော့ ခံစားမှုအရိပ်တွေ သိသိသာသာေ၀၀ဲနေတာ အတိုင်းသားတွေ့နေရပါ တယ်။မာနယ်ပလော လက်လွတ်ခဲ့ရမှုနဲ့ဆက်စပ်ပြီး ပြောဆိုနေရတာဖြစ်တဲ့အတွက် သူ့လေသံဟာ တချက်တချက် ဆို့နစ်ဆိုင်းပျနေသလို၊ အင်မတန် ကရင်ပီသ လှတဲ့ သူ့မျက်နှာပေါ်က ကရင်မေးရိုး ကားကားကြီးဟာလဲ တင်းကနဲတင်းကနဲ ရံဖန်ရံခါ ဖြစ်ဖြစ်သွားတာ သတိထားမိလိုက်ပါတယ်။ အဲဒီတုန်းက ဖထီးဖဒိုမန်းရှာ ဟာ NLD – LA က ဥက္ကဋ္ဌ - ဦးတင်အောင်တို့နဲ့အတူတူ ဂန္ဓာလရာဇ်ဖက်ကို ရောက်လာခဲ့တာဖြစ်ပါတယ်။ သူတို့ရောက်လာနေစဉ် တလျောက်လုံး သူတို့လျှို့ဝှက် တည်းခိုနေရာ တည်းခိုခန်းကို ကျနော်နေ့စဉ် မှန်မှန်ရောက်နေရပါတယ်။ တခါတရံ မနက်အစောကြီးကတည်းက အဖေါ်သွားလုပ်နေရရင်း၊ ညမိုးချုပ်မှ အိမ်ပြန်ရ တဲ့အခါမျိုးတွေလဲ ရှိခဲ့ဖူးပါတယ်။ မနက်စာရော ညစာပါ သူတို့တွေနဲ့ပဲ အတူတူစားဖြစ်ခဲ့ရတာတွေလဲ အကြိမ်ကြိမ်ပါ။ အများအားဖြင့်တော့ တည်းခိုရာဟိုတယ်နဲ့ သိပ်မဝေးလှတဲ့နေရာက ကြုံရာ ရှိရာ စားသောက်ဆိုင်လေးတွေမှာပဲ စားဖြစ်ကြတာ များပါတယ်။ မနက်စောစောစာစားရင် ဦးတင်အောင်နဲ့ ဖထီးဖဒိုမန်းရှာက တိုဟူးပျော့နဲ့ရှမ်းခေါက်ဆွဲကိုပဲ မကြာမကြာ စားတတ်ကြပါတယ်။ နေ့လည်စာ ညနေစာထမင်းစားကြပြီဆိုရင်တော့ ‘ဖထီး ဘာစားမလဲ-ကြည့်လေ-’ လို့ပြောရင် သူက မြစ်ဝကျွန်းပေါ်သား ဇာတိပြလာသလားမသိပါ၊ ငါးဒါမှမဟုတ် ပုစွန်ဆိတ်သေးသေးလေးတွေကို လက်ညှိုးထိုး ပြလေ့ရှိပြီး၊ ပုစွန်ဆိတ်သေးသေးလေးတွေကို နီနေအောင်ကြော်ထားတာကို နှစ်နှစ်သက်သက် စားလေ့ရှိပါတယ်။ တခါတော့ သူကြိုက်တတ်မှန်းသိလို့ တဦးက နောက်တပွဲမှာလိုက်တဲ့အတွက် အဲဒီနေ့ညစာ အပြီးမှာ ပုစွန်ဆိတ်ကြော်လေးတွေက မကုန်ပဲတော်တော်ကို ပိုကျန်နေပါတယ်။ အဲဒါကို ဖထီးကဆိုင်ရှင်ဆီ ကျွတ်ကျွတ်အိတ်လေးတောင်းပြီး အိတ်ထဲအကုန် ထည့်ပါတယ်။ ကျနော်က သူအခန်းထဲရောက်တဲ့အခါ ရေနွေးကြမ်းနဲ့မြည်းဖို့ ယူနေတာနေမှာလို့ တွေးမိလိုက်ပါတယ်။ လတ်စသတ်တော့ - ဘယ်ဟုတ်မလဲ၊ ထုပ်ပြီးတဲ့အခါ ‘ခင်ဗျား - အိမ်ကိုယူသွားပါဗျ၊ နှမြောစရာကြီး ဗျာ - အိမ်မှာ ကလေးတွေ စားရတာပေါ့ - ’ လို့ပြောပြီး ကျနော့်ကို ထိုးပေးတာကိုလဲ အကြောင်း တိုက်ဆိုင်တိုင်း မကြာမကြာသတိရစရာ ဖြစ်နေခဲ့ပါတယ်။ အဲဒီမှာ သူ့ရဲ့ချိုးခြံချွေတာတတ်မှုကို ကျနော်ဖျတ်ကနဲမြင်လိုက်ရပါတယ်။
ဖထီးနဲ့ထမင်းအတူစားဖြစ်ခဲ့တဲ့ အကြိမ်တော်တော်များများကြုံခဲ့ရရာမှာ ကျနော်သတိထားမိတာတခုက ဖဒိုမန်းရှာ အရက်သောက်လေ့ မရှိတာလဲ ပါ ပါတယ်။ ညစာစားကြတဲ့အချိန်မှာ တော်တော်များများကတော့ အရက်သောက်ကြလေ့ ရှိပါတယ်။ အနိမ့်ဆုံး ဆေးဖြစ်ဝါးဖြစ်တို့ မိတ်ဖြစ်ဆွေဖြစ်တို့၊ လူကြီးလူ ကောင်းသောက်တို့ ဆိုတာတွေလောက်တော့ အများတကာ့အများစုကြီက သောက်ကြစားကြပါတယ်။ အဲဒီထမင်းစားပွဲတွေထဲမှာ ဖထီးသောက်တာ မတွေ့ရပါ။ ထိုင်းဖက်မှာ တခြားနေရာတွေမှာ သောက်မသောက်တော့ ကျနော်မသိပါ၊ ဂန္ဓာလရာဇ်ဖက်မှာ ကျနော်တို့နဲ့အတူဆုံဖူး စားဖူးကြစဉ်တွေတိုင်းမှာတော့ ဖထီးတခါမှ အရက်သောက်လေ့မရှိတာကို ကျနော်သတိထားမိပါတယ်။ သူများတွေ အရက်သောက်နေချိန်မှာ ဖထီးကတော့ ဟင်းချိုပူပူ ဒါမှမဟုတ် ရေနွေးကြမ်းကိုပဲ တဖူးဖူး မှုတ်သောက်နေတတ်ပြီး၊ အသားထက် ဟင်းသီးဟင်းရွက်တွေကိုပဲ ပိုကြိုက်ပိုစားတတ်တာကိုလဲ မြင်လိုက်ရ သတိထားမိလိုက်ရပါတယ်။ အသီးလဲ တော်တော် ကြိုက်တာ တွေ့လိုက်ရပါတယ်။ အခန်းထဲမှာ ပန်းသီး ဒါမှမဟုတ် တရုတ်လို ‘လိဇစ်’ လို့ခေါ်တဲ့ တရုတ်သစ်တော်သီး အရည်ရွှမ်းရွှမ်းတွေကိုတော့၊ ဒီဖက်ရောက်မှ ဟိုတယ်ဘေးက ဆိုင်လေးတဆိုင်က ကောက်ဝယ်လိုက်တဲ့ အရိုးဝါ၀ါ ဓါးလေးတချောင်းနဲ့ အခွံနွှာပြီး အားရပါးရစားနေလေ့ ရှိပါတယ်။ (သူပြန်တော့ - ကျနော့်ကို အဲဒီ ဓါးဝါ၀ါလေးကိုလဲ အိမ်ယူသွားဖို့ပေးထားခဲ့လို့ အဲဒီဓါးဝါ၀ါလေးကိုမြင်တိုင်း ဖျတ်ကနဲ ဖျတ်ကနဲ သတိရမိတတ်တာ၊ ဖထီးမဆုံးခင် တရက်ကျော်ကပဲ တိုက်တိုက်ဆိုင်ဆိုင် ဇနီးသည်ကို ပြောမိသေးတာ ဖြစ်ပါတယ်။)
အဲဒီတုန်းက တည်းခိုရာအခန်းထဲမှာ တရုတ်တီဗွီလဲရှိရာမှာ တီဗွီလိုင်းတော်တော်များများ ဖမ်းယူကြည့်ရှုလို့ရပေမဲ့၊ ဖထီးကတော့ အမြဲတန်းလိုလို ဂန္တ၀င်မြောက် တရုတ်တော်လှန်ရေး ရုပ်ရှင်ကားဟောင်းကြီးတွေကိုပဲ စိတ်ဝင်စားစွာကြည့်နေလေ့ရှိပြီး၊ ပြောက်ကျားတိုက်ပွဲကားတွေ ယူဂျီလှုပ်ရှားမှုနောက်ခံ ရုပ်ရှင်ကားတွေကိုလဲ သဘောတကျကြည့်နေတတ်တာ တွေ့လိုက်ရပါတယ်။ သူ စိတ်ပါဝင်စားစွာ စူးစူးစိုက်စိုက်ကြည့်နေပြီဆိုရင် - သူ့မျက်နှာပေါ်က သိသိသာ သာ ပေါ်လွင်နေတဲ့၊ သူ့ရဲ့ထူထူထဲထဲမျက်ခုံးမွှေး ရှည်ရှည်ကားကားကြီးအစုံအောက်က မျက်လုံးတွေဟာလဲ စူးစူးရှရှဖြစ်နေတတ်တာ တွေ့ရပါတယ်။
တရုတ်တော်လှန်ရေး ရုပ်ရှင်ကားဟောင်းကြီးတွေကို ကြည့်နေရာက၊ အလ္လာပ သလ္လာပစကား ဆက်စပ်ပြောမိကြရာမှာ ကရင့်တော်လှန်ရေး သမိုင်း ကြောင်းထဲက စောဘဦးကြီး၊ မန်းဘဇံနဲ့ မုဆိုးကော်ကဆာအကြောင်းလဲ ဖထီးဆီက တပိုင်းတစ ကြားလိုက်ရပါတယ်။ မုဆိုးကော်ကဆာ ဘာလို့သမိုင်းဇာတ်ခုံ ပေါ်ကနေ ဇာတ်ခုံအောက်ရောက်သွားရသလဲ ဆိုတာရဲ့ပုဂ္ဂိုလ်ရေးသဘောသဘာဝ တစွန်းတစကို အမှတ်မထင်ဖျတ်ကနဲ ကြားလိုက်ရပါတယ်။ သမိုင်းမှာ တာ ထွက်ကောင်းခဲ့ကြပေမဲ့၊ တချို့သော အထင်ကရသမိုင်းဇာတ်ဆောင်ကြီးတွေ၊ ဇာတ်ကောင်ကြီးတွေဟာ လမ်းခုလတ်မှာပဲ သမိုင်းဇာတ်ခုံပေါ်ကနေ ရုပ်ပျက် ဆင်းပျက် ဆင်းပြေးကြရ ပျောက်ကွယ်သွားကြရတာဟာ အဓိကကတော့ နိုင်ငံရေးရပ်တည်ချက်ကြောင့်ဆိုတာ သံဝေဂယူဖွယ် ကြားလိုက်ရပါတယ်။ ဖဒိုမန်းရှာရဲ့ တော်လှန်ရေးစိတ်ဓါတ်နဲ့ခိုင်မာတဲ့ ရပ်တည်ချက်ကို ဖျတ်ကနဲ ကျနော် မြင်လိုက်ရပါတယ်။

( ၃ )
ကျနော့်တဦးချင်းအနေနဲ့ ဖဒိုမန်းရှာနဲ့ပတ်သက်ပြီး အမှတ်ရစရာတွေထဲမှာ - သူတို့တတွေ ကေအိုင်အိုနဲ့တွေ့ဆုံဖို့ လာကြတဲ့အခေါက်တုန်းက အဖြစ် အပျက်လေးတွေကိုလဲ ရံဖန်ရံခါ သတိရမိနေပါတယ်။ အဲဒီတုန်းကဖဒိုမန်းရှာနဲ့အတူတူ ဂန္ဓာလရာဇ်ဖက် ရောက်လာကြသူတွေကတော့ ဦးခွန်မာကိုဘန်နဲ့ ကိုအောင်စောဦး။
အဲဒီအခေါက်တုန်းက သူတို့က ကျနော်တို့နေတဲ့ မြို့ဖက်ဆီကို ရောက်မလာပဲ၊ ကေအိုင်အိုဌာနချုပ်နဲ့ သိပ်မဝေးလှတဲ့ တရုတ်ဖက်ခြမ်းက မြို့လေးတ မြို့ဆီ တန်းပြီးဝင်လိုက်ကြတော့၊ ကိုမြမောင် (ကိုအောင်ကျော်ဇော) နဲ့ကျနော်ကသူတို့ရောက်နေရာ ‘ယင်ကျန်း’ အထိသွားတွေ့ရတဲ့ အခေါက်ဖြစ်ပါတယ်။ ကေအိုင်အိုနဲ့ ချိန်းဆိုထားကြပြီး သူတို့က တည်းခိုခန်းတခုမှာတည်းရင်း စောင့်နေကြတာ ဖြစ်တဲ့အတွက်၊ ကိုမြမောင်နဲ့ကျနော်ကလဲ သူတို့တည်းတဲ့ တည်းခိုခန်း မှာ သွားမတည်းတော့ပဲ၊ နှစ်ယောက်သား တခြားတည်းခိုခန်းတခုမှာ တည်းလိုက်ကြပါတယ်။ ကိုမြမောင်နဲ့ကျနော်ဟာ နှစ်ယောက်ခန်းတခုကို ယူလိုက်ကြပြီး၊ ပါလာခဲ့ကြတဲ့ ခရီးဆောင်အိတ်သေးသေးလေးနှစ်လုံးကို ကိုယ်တည်းမယ့်အခန်းလေးထဲမှာပဲ ချန်ထားခဲ့ကြကာ ဖထီးတို့ဆီ သွားတွေ့ကြပါတယ်။ ရောက်ရောက် ချင်း မျက်နှာသွားပြနှင့်တဲ့ သဘောပါ။ ဖထီးတို့ သူတို့ကိစ္စတွေနဲ့သူတို့ - လုပ်စရာရှိတာတွေ လုပ်ာကြ၊ ချိန်းထားသူတွေနဲ့တွော့က ဆုံကြပြီးတဲ့နောက်မှ၊ အားတဲ့ အချိန်နဲ့ အခြေအနေကိုကြည့်ပြီး နောက်ထပ်အေးအေးဆေးဆေးသွားတွေ့ကြ ဖို့ရည်ရွယ်ပြီး သွားတွေ့ကြတာပါ။ ထင်ထားတဲ့အတိုင်းပဲ ဖထီးတို့နဲ့ချိန်းထားတဲ့ ဧည့်သည်တွေရဲ့ ကားဝင်ကားထွက်တွေကိုလဲ ဟိုတယ်ဝင်းကြီးထဲ ရောက်ရောက်ချင်း မြင်နေရတဲ့အတွက်၊ သူတို့အားမယ့်အချိန် ညပိုင်းမှပဲထပ်လာတော့မယ်လို့ ပြောပြီး နှစ်ယောက်သား တည်းခိုရာဆီ ပြန်လာကြပါတယ်။ လမ်းမှာ ကိုမြမောင်က ဖထီးကိုမှတ်မှတ်ရရ လက်ဆောင်ပေးဖို့ အင်းင်္ကျီနှစ်ထည်ပါလာခဲ့တာကို ပြောပြပါတယ်။ သူ့မိတ်ဆွေတွေဆီကရထားတဲ့ဒီ အင်းင်္ကျီနှစ်ထည်ဟာ တိုက်တိုက်ဆိုင်ဆိုင် ဖထီး ဒီဖက်ရောက်လာတာနဲ့ကြုံတုန်း၊ လက်ဆောင်ပေးဖို့ အကောင်း ဆုံးဖြစ်သွားရတာကို သူကပြုံးပြုံး ပြုံးပြုံးနဲ့ ပြောပြပါတယ်။ ‘အင်းင်္ကျီတွေက အင်ဒိုနီးရှားပါတိတ်အစစ် အင်းင်္ကျီတွေဗျ -’ လို့ပြောတဲ့အတွက် ကနုတ်ပန်းခွေ ပန်း နွယ်ဒီဇိုင်းလှလှလေးတွေနဲ့ အရောင်စိုစို အင်ဒိုနီရှားပါတိတ်အင်းင်္ကျီတွေကို ၀တ်လေ့ရှိတဲ့ ဆရာတာရာကိုတောင် ကျနော်က ဖျတ်ကနဲ သွားသတိရလိုက်မိပါ သေးတယ်။
ငှါးထားတဲ့ အခန်းလေးထဲ နှစ်ယောက်သားပြန်ရောက်ကြတော့၊ ကိုမြမောင်က ကုတင်ပေါ်တင်ထားခဲ့တဲ့ သူ့ခရီးဆောင်အိတ်လေးကို ဆွဲဖွင့်လှစ်ရင်း ‘ဟာ - သွားပြီ ’ ဆိုတဲ့အသံပါ ထွက်လာပါတော့တယ်။ ကျနော်က ဘာလို့လဲဆိုတဲ့သဘောမျိုးနဲ့သူ့မျက်နှာကို ကြည့်လိုက်တော့၊ ‘ဖထီးအတွက် ယူလာခဲ့တဲ့ ပါတိတ်အင်းကျီ နှစ်ထည်လုံး - ပါသွားဘီ၊ တထည်မှကို မရှိတော့ဘူး၊ နှစ်ထည်လုံးကို အကုန်မသွားတာပဲ တောက်’ ဆိုတဲ့အသံ ထပ်ထွက်လာပါတော့တယ်။ အခန်းတံခါးကို ဂျက်ကောင်းကောင်းကျအောင် ချသွားပိတ်သွားခဲ့ပါလျက်နဲ့ ဒီအခန်းတွေအကြောင်း ကောင်းကောင်းသိထားတဲ့၊ ဒီတည်းခိုခန်းက တာဝန်ကျ အခန်းသော့ကိုင် ကောင်မလေးတွေနဲ့ တစုံတရာဆက်စပ်ပတ်သက်နေတဲ့ အတွင်းသူခိုးတယောက်ယောက်က ကျနော်တို့အပြင်သွားနေတုန်း စိမ်ပြေနပြေ ၀င်ယူ ၀င်ခိုးသွားခဲ့တာ ခံလိုက်ရတာဖြစ်ပါတယ်။ တည်းခိုခန်းပိုင်ရှင်ကို အကျိုးအကြောင်းသွားပြောခဲ့ပေမဲ့၊ ဘာမှအဖြေမထွက်တော့ပါ။ တည်းခိုခန်းပိုင်ရှင်လုပ်သူရဲ့ သူတို့အလျော်ပေးရမှာနဲ့ နာမည်ပျက်မှာစိုးတဲ့အတွက် ‘ဒီတည်းခိုခန်းမှာ ဒါမျိုး ဒီလိုပျောက်တာ ရှတာမျိုးတခါမှ မဖြစ်ဖူးပါဘူး’ ဆိုတဲ့သဘောမျိုး ဘူးပိတ်ပြောဆို ဖြေရှင်းလိုက်တာသာ အောင့်သက်သက်နဲ့ ကြားနာခဲ့ရပါတော့တယ်။ ကိုမြမောင်ရဲ့ဖထီးအတွက် တခုတ်တရယူဆောင်လာခဲ့တဲ့ ပါတိတ်အင်င်္ကျီလက်ဆောင်ဟာ တည်းခိုခန်းက ဓါတ်သိအတွင်းသူခိုးရဲ့ ကြားဝင်ဖျောင်တာ ခံလိုက်ရရင်း၊ စိတ်မကောင်းစရာ အမှတ်တရတခုသဖွယ်သာ ဖြစ်ခဲ့ရပါတော့တယ်။
ညပိုင်းမှာ ဖထီးနဲ့ကျနော်တို့တွေ - အေးအေးဆေးဆေးစကားပြောခွင့်ရပါတယ်။ အဲဒီတုန်းက ‘ပီဒီ’ တောင် မပေါ်သေးပါ။ ဖထီးက ‘ပီဒီ’ ဆိုတဲ့ နိုင်ငံရေးအန်တုမှု လုပ်ငန်းအကြောင်း စပြောတော့၊ ကျနော်က ‘အန်တုမှု’ ဆိုတဲ့ဝေါဟာရအပေါ် ဝေါဟာရအရ သိပ်ဘ၀င်မကျ လှတာကို ပြန်ပြောမိပါသေးတယ်။ အန်တုတယ်ဆိုတာ ကိုယ့်ဖက်က သိပ်အနိမ့်ဆုံးအခြေအနေမှာ ရှိနေပြီး၊ ကိုယ်နဲ့ဘယ်လိုမှ ယှဉ်လို့မရနိုင်အောင် တန်ခိုးသြဇာပါဝါ အပြတ်အသတ်ကြီးလွန်းနေသူ ကိုပြန်ပြီး၊ ယှဉ်ပြိုင်နေတဲ့သဘော ဆောင်တယ်လို့ထင်တယ်။ ဖားတုလို့ ခရုပြိုင်ဆိုတာမျိုး၊ ဆီးစေ့နဲ့ မြင့်မိုရ်တောင်သဘောမျိုး သက်ရောက်နေမှာစိုးတယ်၊ အနက် နိမ့်လွန်းနေမှာ စိုးတယ်လို့ ပြန်ပြောမိခဲ့သေးတယ်။ အဲဒီတုန်းက ဖထီးက ဖွဖွလေးပြုံးနေခဲ့ပါတယ်။ အဲဒီတုန်းက အဲဒီလိုသာ ဝေါဟာရအပေါ်မှာ ကျနော်မြင်သလို ပြောကြည့်ခဲ့ဖူးပေမဲ့၊ ကျနော်ဟာ ‘ပီဒီ’ နဲ့တခါမှ တရားဝင်မပတ်သက်ခဲ့ဖူးပါ။
အဲဒီတုန်းက ဖထီးတို့ ယင်ကျန်းကနေ ပြန်ထွက်ခါနီးမှာလဲ သတင်းတပုဒ်ဝင်လာတဲ့အတွက်၊ ကိုအောင်စောဦးနဲ့တိုင်ပင်ပြီး၊ ဖထီးတို့လုံခြုံရေးအတွက် ကျနော့်မှာ တတ်နိုင်သလောက် ကြံဖန်စီစဉ်ပေးလိုက်ရပါသေးတယ်။ ဖြစ်ပုံက ဖထီးတို့ ဒီဖက်ရောက်လာနေတယ်လို့ သတင်းအစအနအနံ့ကို ရလိုက်တဲ့သူတဦး က ဖထီးနဲ့တွေ့ချင်လို့ဆိုပြီး အခုဖထီးတို့ရောက်နေတဲ့မြို့ကို တက်လာနေပြီ - ဆိုတဲ့အခိုင်အမာသတင်းတခု ၀င်လာခဲ့တဲ့အတွက် အဲဒီလူနဲ့မတိုးမိအောင်၊ ဖထီးတို့ လဲ လုံလုံခြုံခြုံနဲ့တခြားမြို့တမြို့ကို ရောက်ရှိသွားအောင် ကျနော့်ဟာကျနော်စဉ်းစားပြီး စီစဉ်ပေးလိုက်ရတာဖြစ်ပါတယ်။ ဖထီးနဲ့တွေ့ချင်လို့ တက်လာတယ်ဆိုတဲ့ လူဟာ တချိန်ကဖထီးနဲ့သိကျွမ်းခဲ့တာ အမှန်ပဲဖြစ်ပေမဲ့၊ နောက်ဆုံးအနေအထားက စိတ်မချရတဲ့ အဖွဲ့တဖွဲ့မှာ ရောက်ရှိနေပြီး၊ လူကလဲ နေရာတော်တော်များများ မှာ နာမည်ပျက်နေသူဖြစ်တဲ့အတွက် မတိုးမိ မဆုံဆည်းမိအောင် အဲဒီလိုအရေးပေါ် စီစဉ်ပေးလိုက်ရတာဖြစ်ပါတယ်။ အဲဒီကိစ္စကို ကိုအောင်စောဦးကလဲ ဖထီးကို သေသေချာချာရှင်းပြပြီး၊ နောက်ဆုံးမှာ ခရီးစဉ်ကို အောင်အောင်မြင်မြင် အရွှေ့အပြောင်းအကူးအဆက် လုပ်နိုင်ခဲ့ကြပါတယ်။ ကျနော့်မှာ ဖထီးတို့အေးအေးဆေး ဆေး သွားလိုရာသွား၊ ရောက်လိုရာ ရောက်သွားကြပြီ ဆိုမှ သက်ပြင်းချနိုင်ခဲ့ပါတော့တယ်။

(၄)
တကယ်က ကျနော်ဟာ ဖထီးနဲ့ထဲထဲဝင်ဝင်ရင်းရင်းနှီးနှီးဖြစ်ခွင့် များများစားစား မရှိခဲ့ပါ။ ဒါပေမဲ့ စာဖတ်တာကိုလဲ မွေ့လျော်၊ ကိုယ်တိုင်လဲ ‘ရေဆန်’ ဆိုတဲ့ နာမည်နဲ့စာတွေ ဆောင်းပါးတွေရေးနေတဲ့ ဖထီးဟာ ကျနော့်ကို နိုင်ငံရေးသမားမှန်းလဲသိ၊ စာပေသမားမှန်း ကဗျာသမားမှန်းလဲ သိနေတဲ့အတွက် ‘ဂျူးလိ ယက်ဖူးချစ်’ ရဲ့ ‘ကြိုးစင်ပေါ်က မှတ်တမ်းများ’ကို ရှာပေးဖို့ကိုတော့ တခုတ်တရ မှာဖူးပါတယ်။ ကျနော်ကလဲ သူ့ကို ကျနော့်ရဲ့ ပထမဆုံး လုံးချင်းကဗျာစာအုပ် ကလေး ‘နိုးနေသော လင်္ကာသည်’ ကို စာပေလက်ဆောင်အဖြစ် မှတ်မှတ်ရရပေးခဲ့ဖူးပါတယ်။
အနက်ရောင်နောက်ခံပေါ်မှာ တငုံတည်းသော နှင်းဆီနီဖူးပန်းချီ မျက်နှာဖုံးလေးနဲ့ထုတ်ဝေခဲ့တဲ့ မူရင်းကဗျာစာအုပ်လေးကိုပဲ ရှားရှားပါးပါး လက် ဆောင်အဖြစ် အမှတ်တရ ပေးခဲ့ဖူးတာပါ။ ‘ရေဆန်’ ဆိုတာ ဖဒိုဖန်းရှာမှန်း သိရပြီးတဲ့နောက်ပိုင်း၊ အကြောင်းအမျိုးမျိုးကြောင့် ဖဒိုမန်းရှာအနေနဲ့ စုံစုံစေ့စေ့မပြော နိုင်တဲ့ ဖဒိုမန်းရှာရဲ့နှလုံးသားထဲက ရင်တွင်းစကားတွေကို ‘ရေဆန်’ ကနေတဆင့် ပြည့်ပြည့်စုံစုံ ကြားနာလိုက်ရတာတွေလဲ ရှိပါတယ်။ ဖဒိုမန်းရှာကို ဖဒိုမန်းရှာက နေ အပြင်၊ ရေဆန်ကပါ မြင်လိုက်ရတဲ့ ရုပ်ပုံလွှာဟာ ပိုပြီးပီပီသသ ထင်သာမြင်သာ ရှိခဲ့ပါတယ်။ ‘ရေဆန်’ ရဲ့ ‘ချစ်ရဲဘော်များသို့ ပေးစာ’ တွေကို အလျဉ်းသင့် သလို ကျနော် ဂရုတစိုက်ဖတ်ခဲ့ဖူးပါတယ်။ ကရင်ပီသလှတဲ့၊ ကရင်ပီပီ ကရင်မျိုးချစ်စိတ်ဓါတ် မြင့်မားလှတဲ့ ဖဒိုမန်းရှာဟာ သူ့ရဲ့ ‘ချစ်ရဲဘော်များသို့ ပေးစာ’ တခု ထဲကနေ ‘မျက်မှောက် ကရင်အမျိုးသားများရဲ့ စံတန်ဖိုးဟာ ဘာလဲ’ ဆိုတာကို ဖေါ်ထုတ်ဖွင့်ဆိုရင်း သူ့ရဲ့တိုက်ပွဲဝင်စိတ်ဓါတ်ကို ပြသခဲ့တာ မှတ်မှတ်ထင်ထင် သတိရနေပါတယ်။ သူက ‘ယနေ့လူတွေဟာ စံတန်ဘိုး ဆိုတဲ့စကားလုံးကို အတော်သုံးနှုန်း ပြောဆိုလာကြပါတယ်။ လူသားတွေရဲ့စံတန်ဖိုး၊ ဥရောပရဲ့စံတန်ဖိုး၊ အာရှရဲ့စံတန်ဖိုး - စတာတွေကို ပြောနေကြပါတယ်။ ဒီလိုဆိုရင် ကရင်အမျိုးသားများအတွက်၊ အထူးသဖြင့် လူမျိုးတမျိုးအဖြစ်လုံခြုံစွာ ရပ်တည်သွားကြဖို့ ပိုင်းဖြတ် ထားကြတဲ့ ကရင်မျိုးချစ်များအတွက် မျက်မှောက်ကာလ ကရင်အမျိုးသားများရဲ့စံတန်ဘိုးဟာ ဘာလဲ’ ဆိုတာကို မေးခွန်းအဖြစ်မေးလိုက်ပြီး၊ ‘ကရင် လူမျိုးတွေဟာ သမိုင်းမှာ ဘယ်လူမျိုးကိုမှရန်ပြုခြင်း ကျွန်ပြုခြင်းမရှိခဲ့၊ တခြားအမျိုးသားတွေနဲ့ အေးအေးချမ်းချမ်း သင့်သင့်မြတ်မြတ် နေထိုင်ခဲ့ကြတယ်။ ဒါဟာ ကရင်အမျိုးသားတွေရဲ့ စံတန်ဖိုးလား။ ရိုးရိုးအေးအေးနဲ့ ရောင့်ရဲတင်းတိမ် လွယ်တတ်ကြတယ်၊ မာန်မာန မောက်မာထောင်လွှားမှုတွေ နည်းတတ်ကြတယ်၊ ဒါဟာ စံတန်ဖိုးလား။ တာဝန်ကျေတတ်ကြတယ်၊ မိမိလူမျိုးအပေါ် ကျွန်ပြုထားသူများထံမှာ အမှုထမ်းဖြစ်ခဲ့ရင်တောင် ကျိုးနွံသစ္စာမြဲလေ့ ရှိတယ်။ ဒါဟာ စံလား။’ လို့ စသဖြင့် စသဖြင့် - ဖွင့်ဆိုဖေါ်ပြပြီးတဲ့နောက် သူကိုယ်တိုင် အဖြေပေးလိုက်တာကတော့၊ ‘ကရင်အမျိုးသားတွေဟာ မတရားမှုအပေါ် ဘယ်တော့မှ ဦးမညွှတ်ဆိုတဲ့ စိတ်ဓါတ်နဲ့ဇွဲသတ္တိ’ ပါပဲ လို့ဖွင့်ဆို ဟစ်ကြွေးခဲ့ပါတယ်။ဖဒိုမန်းရှာက ရေဆန်နေရာကနေ- ‘ကျနော့်အနေနဲ့ကတော့ တွေဝေခြင်းအလျဉ်းမရှိ ရှင်းလင်းပြတ်သားတဲ့ အဖြေကို ပေးပါတယ်။ ဒါကတော့ မျက်မှောက်ကရင်အမျိုးသားတို့ရဲ့ စံတန်ဘိုးဟာ မတရားမှုအပေါ် ဘယ်သောအခါမျှ ဦးမညွှတ်ဆိုတဲ့ ကရင်အမျိုးသားတို့ရဲ့ စိတ်ဓာတ်နဲ့ဇွဲသတ္တိပါဘဲ။ ဒါကို တိကျရှင်းလင်းစွာ ထင်ဟပ်ပေးနေတာကတော့ ကေအဲန်ယူ ဦးဆောင်တဲ့ ကရင့်အမျိုးသားတော်လှန်ရေးကြီးပါပဲ၊’ လို့ဖော်ကျူးခဲ့ပါ တယ်။ ဖဒိုမန်းရှာရဲ့ ‘ဦးမညွှတ်’ ဆိုတဲ့စိတ်ဓါတ်ကို ရေဆန်ကနေ ပီပီသသ မြင်လိုက်ရပါတယ်။ ကျနော်လေးစားပါတယ်။

(၅)
ဖဒိုမန်းရှာတယောက် ကျဆုံးသွားရပြီ ဆိုတဲ့သတင်းကို ကြားလိုက်ရ ကြားလိုက်ရခြင်း စိတ်မကောင်းခြင်းကြီးစွာ ခံစားလိုက်ရပါတယ်။
သူနဲ့ကြုံရ ဆုံရဖူးစဉ်က သူ့ရဲ့ပြောဟန် ဆိုဟန် ရုပ်ပုံမှန်ကို ဖျတ်ကနဲ ဖျတ်ကနဲ တကျော့ပြန် ပြန်လည်မြင်ယောင်မိနေပါတယ်။ ပြီးတော့ - မီဒီယာ အ သီးသီးကနေ ‘ဗျူးသံ’ တွေထဲကနေ - သူ့ရဲ့ခိုင်မာပြတ်သားလှတဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးစိတ်ဓါတ်ပေါ်ကနေ ပြတ်ပြတ်သားသား ထွက်ပေါ်လာခဲ့တဲ့ တိုက်ပွဲခေါ်သံ တုန့်ပြန်သံတွေကိုလဲ လတ်လတ်ဆတ်ဆတ်ကြီးပဲ ပြန်လည်ကြားယောင်နေမိပါတယ်။ ပြီးတော့ - ‘ရေဆန်’ ဆိုတဲ့ ကလောင်တချောင်းဆီကနေ မကြာခဏထွက်ပေါ် ရင့်ကျူးဖော်ထုတ် ပြသလိုက်တဲ့ ကရင့်ဇွဲမာန် ဖားစည်သံတွေကိုလဲ ပဲ့တင်ညံအောင် ပြန်လည်ကြားယောင် မြင်ယောင်နေမိရပါတယ်။ ရေဆန် ဆိုတာ - ရေစုန်မဟုတ်တဲ့အတွက် အားထုတ်ရမှု လုံးပမ်းရမှုတွေ အသင်္ချေနဲ့ဒဏ်ရာဆင့်ရ ဆုံးရှုံးရမှုတွေလဲ တော်တော်ကို များပြားလွန်းလှပါကလား။
တနေ့က (ဖေဖေါ်ဝါရီ - ၁ဂရက်နေ့က) ပဲ သူ့ဈာပနကို ဘယ်လိုကျင်းပတယ်ဆိုတာ မီဒီယာတွေကနေ ပြည့်ပြည့်စုံစုံ ကျနော် နားထောင်နေမိပါ တယ်။ နှင်းဆီပင်လယ်ကြီးထဲမှာပဲ ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာနဲ့အညီ သရဏဂုံတင်သံ အမျှပေးဝေသံတွေရော၊ ခရစ်ယာန်လို ဓမ္မတေးသံ ဆုတောင်းသံတွေပါ ပေါင်းဆက်စီးမျောနေတာ ကြားလိုက်ရ သိလိုက်ရပါတယ်။ ဒီလို ဘာသာကြီးနှစ်ခုရဲ့ မ္မတေးသံတွေ ပေါင်းဆက်စီးမျောနေတဲ့ ဈာပနတခုကို လွန်ခဲ့တဲ့နှစ်ပေါင်း (၃၀) လောက်က ဆရာဗန်းမော်တင်အောင်ရဲ့ဈာပနမှာ ကျနော်ကိုယ်တိုင် မြင်လိုက်ရ သိလိုက်ရ ကြုံလိုက်ရ လိုက်ပါပို့ဆောင်လိုက်ရ ဖူးပါတယ်။ ဒီတခါတော့- ဖထီးဖဒိုမန်းရှာရဲ့ ဈာပနမှာပေါ့။ လေလှိုင်းသံတွေကနေတဆင့် ကြားလိုက်ရ မြင်လိုက်ရ သိလိုက်ရပါတယ်။
ဈာပနကို ကိုယ်တိုင် လိုက်ပါပို့ဆောင်နိုင်ခြင်းမရှိခဲ့ပေမဲ့၊ ဖထီးအတွက် ရက်လည်ဆွမ်းသွတ် အမျှအတန်းပေးဝေမှုကိုတော့၊ အဝေးကနေ- ဂန္ဓာလ ရာဇ်ကျေးကနေ - ကနေ့မနက်မှာပဲ ကျနော်တို့တတွေ ပြုလုပ်နိုင်ခဲ့ကြပါတယ်။ ဘာပဲဖြစ်ဖြစ် - ဖထီးရေ - အမျှ အမျှ။ ။

(၀င်းတင့်ထွန်း) ၂၀၊ ၂၊ ၂၀၀၈

Read More...

Thursday 21 February 2008

နအဖ ၏ ယုတ်မာပက်စက်သော အခိုင်အမာလုပ်ကြံမှု ရေတိမ်နစ်ကျဆုံးရသူ ကရင့်ခေါင်းဆောင် ဖဒိုမန်းရှာ

--------- Forwarded message ----------
From: "S.H.A.N."
To: shan-eu@onlinehome.de
Date: Wed, 20 Feb 2008 14:19:16 +0700
Subject: Karen leadership takes junta to task for killing
No.15 - 2/2008
20 February 2008
Politics

Karen leadership takes junta to task for killing

Saying 22-more of the top and mid level leaders are on the list of the assassins, the beleaguered Karen National Union (KNU) has pointed an accusing finger at the country’s ruling junta for the Valentine’s Day assassination of its secretary general.
According to a radio conversation intercepted by the KNU, Soe Myint aka San Byoke, a former KNU member, had reported to Col Myat Tun Oo, Burma Army, at 18:37, one and a half hours following the killing of Mahn Sha Laphan, that “the mission” had been “accomplished” and two of his members were now back in Myawaddy, opposite Maesod where the shooting took place.
Two men had taken advantage of the slack in security and shot Mahn Sha to death at his rented house. The two then escaped in a black Toyota truck. It was later discovered by the police at the bank of the Moei that bisects the two countries not far from the Thai-Burma Friendship bridge.
22-more, including himself, are on the hit list, according to Brig-Gen Saw Hsar Gay, a KNU Central Committee member, who was interviewed by SHAN on 18 February during the funeral service.
San Byoke had served as a police major at the KNU’s 7th Brigade until 2003 when he defected to the pro-junta Democratic Karen Buddhist Army (DKBA), he added. He is currently an adviser to the group’s 999th Battalion.
The slain leader’s responsibilities are now shared between his two deputies, Tu Tu Lay, 61, and David Tarkabaw, 73, in accordance with the decisions reached at the ad hoc meeting held by the KNU leadership following his killing.
________________________________________

For further information, please contact S.H.A.N. at:
Shan Herald Agency for News
P.O. Box 15
Nonghoi P.O
Chiangmai 50007
Thailand
e-mail:
Ph: 66-81-5312837
Website:
www.shanland.org, www.bnionline.net,
S.H.A.N. is an independent Shan media group. It is not affiliated to any political or armed organization.
News related to Shan & Burma, including other interested news items are collected and posted from time to time for your information.Those interested are requested to write to "Shan Herald Agency for News" for subscription, and likewise, to unsubscribe.

Read More...

Monday 18 February 2008

ကြိုးစင်ပေါ်မှမှတ်တမ်းများ ... အခဏ်း (၆)

အခန်း - ၆
၁၉၄၂ - ခုနှစ်၊ မာရှယ်လော
၁၉၄၃ ခုနှစ်၊ မေလ ၂၇ ရက်နေ့။
လွန်ခဲ့သော တနှစ်တိတိက ဖြစ်လေသည်။
သူတို့သည် စစ်ဆေးမေးမြန်းရာဌာနမှ ကျနော့်အား “ဘိုင်စကုပ်ရုံ” သို့ခေါ်ချသွားကြသည်။ ဤသည်ကား နံပါတ်လေးရာမှလူသိုက်၏ နေ့စဉ်ကျင့်ဝတ် ဖြစ်လေသည်။ မွန်းတည့်တွင် ပန်းကရာ့စ်မှ ယူလာကြသော နေ့လည်စာကို ဆင်း၍စားကြရသည်။ မွန်းလွဲပိုင်းတွင် လေးထပ်ပေါ်သို့ ပြန်တက်ကြရသည်။ သို့သော် ထိုနေ့တွင်ကား ကျနော်တို့သည် အပေါ်ထပ်သို့ ပြန်၍ မတက်ကြရပေ။
ခင်ဗျားသည် တနေရာတွင်ထိုင်၍ အစာစားရသည်။ ဇွန်းများဖြင့်တမျိုး၊ ဝါးမြုံ့ ခြင်းဖြင့်တဖုံ၊ အလုပ်များနေကြသော အကျဉ်းသမားတို့သည် ခုံတန်း ရှည်များပေါ်၌ ပြည့်၍နေသည်။ အတော်ကလေးပင် လူ့လောကဆန်နေသည်။ နံနက်ဖြန်တွင် သေကြတော့မည့် သူအားလုံးသည် အရိုးစုများဘဝသို့ ယခုတမ ဟုတ်ချင်း ကူးပြောင်းသွားမည်ဆိုပါက ဇွန်းသံ မြေပန်းကန်သံများသည် အရိုးခြစ်သံ၊ ခြောက်သွေ့သော မေးရိုးရိုက်သံများအလည်တွင်၊ ပျောက်ကွယ်သွားပေလိမ့် မည်။ သို့သော်ထိုအကြာင်းကို မည်သူမျှမရိပ်မိကြသေး။ လူတိုင်းလူတိုင်းသည် ရက်သတ္တပတ်များ၊ လများ၊ နှစ်များကြာမြင့်စွာနေထိုင်ကြရန် ကိုယ်ခန္ဓာကိုအစာခွန့် ၍ နေကြလေသည်။
စည်းစိမ်ရှိလိုက်တာဟူ၍ပင် ပြောနိုင်လောက်ပေသည်။ ထို့နောက် လေအဟုန်သည်ဗြုံးကနဲ ပြင်းထန်စွာတိုးဝင်လာသည်။ ထို့နောက် တဖန်ငြိမ်သက် သွားပြန်သည်။ ထောင်စောင့်များ၏ မျက်နှာရိပ်မျက်နှာကဲများ အရသာတစုံတခုဖြစ်နေပြီကို ခန့်မှန်း၍ရမည်။ ထို့နောက် ကျနော်တို့အား ခေါ်ထုတ်ကြ၍ ပန်းက ရာ့စ် ပြန်ရန်တန်းစီခိုင်းကြသည့်အတွက်၊ တခုခုဖြစ်နေပြီဆိုသည်မှာ ပို၍ပင်ရှင်းလာတော့သည်။ နေ့လည်မွန်းတည့်ကြီးမှာ ပါကလား။ ဒီလိုတခါမှ မဖြစ်ဖူးဘူး။ နေ့ ဝက်မျှ အစစ်အဆေး မခံရတော့ခြင်းဟူသည်မှာ အဖြေပေးရန်မရှိသော မေးခွန်းများကြောင့် ပင်ပန်းနွမ်းနယ်နေဆဲတွင် ထာဝရသခင်၏ မေတ္တာလက်ဆောင် ရောက်လာ သည်နှင့်ပင် တူနေလေသည်။ ထိုသို့လည်း ထင်လောက်ပေသည်။ အမှန်ကား ထိုသို့မဟုတ်။
စင်္ကြံထဲတွင် ကျနော်တို့သည် ဗိုလ်ချုပ်ကြီး အဲလိယာရှ် ကိုတွေ့ကြသည်။ သူ၏ မျက်လုံးများတွင် တုန်လှုပ်မှုများပေါ်နေသည်။ ကျနော့်ကို မြင်သော အခါ ထောင်စောင့်တအုပ်ကြီး၏ အလည်၌ပင် တီးတိုး၍ပြောဖြစ်အောင်ပြောလိုက်သည်။
အဲလိယာရှ် - ဗိုလ်ချုပ်ကြီး အလောအိစ်၊ အဲလိယာ့ရှ် ဆိုသူမှာ ဂျာမန်များထူထောင်သော ရုပ်သေးအစိုးရတဖွဲ့တွင် ၀န်ကြီးချုပ်လုပ်ခဲ့သည်။ တော်လှန်ရေးသမား များနှင့် ပူးပေါင်းလုပ်ကိုင်ခဲ့သောကြောင့် ၁၉၄၁ ခုနှစ်တွင် အဖမ်းခံရသည်။ နောက် အသတ်ခံရသည်။

- မာရှယ်လော။

အကျဉ်းသမားများသည် အရေးကြီးသော သတင်းများကို ဖောက်သည်ချရန် စက္ကန့်၏ တစိတ်တပိုင်းမျှသာရကြသည်။ သူကား အသံမထွက်သော မေးခွန်းကိုဖြေရန် အခွင့်အရေးမရတော့။
မာရှယ်လော - စစ်အုပ်ချုပ်ရေး။ မာရှယ်လောကြေငြာထားသော အချိန်တွင် သေးငယ်သောအပြစ်များအတွက်ပင် ကြီးမားသော အပြစ်ဒဏ်များခတ်လေ့ရှိသည်။
ပန်းကရာ့စ်ရှိ ထောင်စောင့်များကား အချိန်မကျမီ ကျနော်တို့ပြန်လာကြသဖြင့် အံ့အားသင့်နေကြသည်။ ကျနော့်အား အကျဉ်းခန်းအတွင်းသို့ ပြန် ခေါ်သွားသည့် ထောင်စောင့်သည် ယုံကြည်စိတ်ချစေလောက်သော အမူအရာကိုပြသည်။ သူ မည်သူမည်ဝါဖြစ်မှန်း ယခုထက်ထိမသိသေး။ သို့သော်ကျနော် ကြားခဲ့ရသောသတင်းကို သူ့အားပြောပြလိုက်သည်။ သူက ခေါင်းခါပြသည်။ ဘာမျှမသိ။ ကျနော် နားကြားလွဲသည် ဖြစ်ကောင်းဖြစ်ပေမည်။ ဟုတ်သည်၊ နာကြား လွဲကောင်း လွဲခဲ့မည်။ ဤအယူအဆကား လူကိုစိတ်သက်သာခွင့် ရစေလေသည်။
သို့သော် ထိုနေ့ညနေပိုင်းတွင်ပင် အထက်ပါထောင်စောင့်သည် အကျဉ်းခန်းတွင်းသို့ ပေါက်လာသည်။
ခင်ဗျားကြားတာ ဟုတ်တယ်။ ဟိုင်းဒရစ် ရဲ့ အသက်ကိုလုပ်ကြံဖို့ ကြိုးစားကြတယ်။ အပြင်းအထန် ဒဏ်ရာရသွားတယ်။ ပရာဟာမြို့မှာမာရှယ်လော။
နောက်တနေ့ နံနက်တွင် စစ်ဆေးရေးဌာနသို့ ခေါ်သွာရန် ကျနော်တို့အား အောက်ထပ်စင်္ကြံထဲ၌ တန်းစီခိုင်းကြသည်။ ကျနော်တို့ လူသိုက်ထဲတွင် ရဲဘော် ဗစ်ကတောရ်၊ ဆင်းနက် လည်းပါသည်။ သူကား ၁၉၄၁ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း အဖမ်းခံရသော ပါတီဗဟိုကော်မတီဝင်များအနက်၊ အသက်နှင့်ခန္ဓာ မြဲ လျက်သား နောက်ဆုံးကျန်ရစ်သောသူဖြစ်သည်။ အက်ဆက်စ် ယူနီဖေါင်းဝတ် ပိန်ပိန်ညှောင်ညှောင် ထောင်မှူးတယောက်သည် သူ၏မျက်လုံးရှေ့တွင် စက္ကူဖြူ တရွက်ကို ဝှေ့ရမ်း၍နေသည်။ စက္ကူပေါ်တွင် “အဲန်တလာဇွန်းဂ်ဂဘဲ့ဖဲလ်” ဟု စာလုံးမဲမဲကြီးများဖြင့် ရိုက်နှိပ်ထားသည်ကို ခင်ဗျားတွေ့နိုင်သည်။
ဟိုင်းဒရစ် - ရိုင်းဟာ့ရ်တ်၊ ဟိုင်းဒရစ်ခ်။ ထင်ရှားသော နာဇီခေါင်းဆောင်တယောက်။ ချက်ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် အထူးဖိနှိပ်ညှဉ်းပမ်းခဲ့သူဖြစ်သည်။ မျိုးချစ်များက ၁၉၄၂ ခုနှစ်၊ မေလတွင် ၎င်းအား လုပ်ကြံသုတ်သင်လိုက်ကြသည်။
“အဲန်တလာဇွန်းဂ်ဂဘဲ့ဖဲလ်” - (ဂျာမန်စကား) လွှတ်မိန့်။
ထောင်စောင့်က ရက်စက်စွာရယ်မောနေသည်။
“ဟေ့၊ ဂျူးအကောင်၊ ဒီမှာတွေ့လား။ အချိန်တန်တော့ နွားပိန်ကန်ပြီလေ။ လွှတ်မိန့်တဲ့ကွ...ဖစ်...”
သူသည် ဗစ်ကတောရ်၏ ဦးခေါင်း လွင့်ထွက်သွာရမည့် နေရာဖြစ်သော လည်ချောင်းကို လက်ညှိုးထိုး၍ ပြလေသည်။ ၁၉၄၁ ခုနှစ်၊ မာရှယ်လော ကြေညာစဉ်က ပထမဆုံး သေဒဏ်ပေးခံရသူမှာ အစ်ကိုဖြစ်သူ အောတော၊ ဆင်းနက် ဖြစ်သည်။ ၁၉၄၂ ခုနှစ် မာရှယ်လောတွင် ၎င်း၏ညီ ဗစ်ကထောရ် ပင် ပထမ ဆုံး သေဒဏ်သင့်လေသည်။ သူ့အား မောင်ထောင်ဇင် သို့ခေါ်သွားကြသည်။ သေနတ်နှင့်ပစ်သတ်ရန်ဟု ဆိုကြသည်။ ဤကားစကားအလှသုံးခြင်း ဖြစ်လေ သည်။
မောင်ထောင်ဇင် - သြစတြီးယားပြည်ရှိ နာဇီများ၏ အကျဉ်းစခန်း။
ပန်းကရာ့စ်မှ ပက်ချက်နန်းတော်သို့ သွားကြပြန်ရာ လမ်းတလမ်းလုံးကား ထောင်ပေါင်းများစွာသော အကျဉ်းသမားတို့အတွက် နေ့စဉ်အမျှ ကားစင် တင်၊ လှံချွန်နှင့် ထိုးရာဖြစ်လာသည်။ လော်လီကားများပေါ်တွင် တာဝန်ကျနေကြသော အက်ဆက်စ်တို့သည် “ ဟိုင်းဒရစ်အတွက်လက်စားချေ” နေကြလေသည်။ အကျဉ်းထောင် မော်တော်ကား တမိုင်မျှမောင်းမသွားရသေးမီပင်၊ အကျဉ်းသမား အများအပြားမှာ အထိုးခံသောပါးစပ်များမှ၎င်း၊ ခြောက်လုံးပြူးဒင်များဖြင့် အဆောင့်ခံရသဖြင့် ကွဲသွားသောခေါင်းများမှ၎င်း၊ သွေးများယိုစီး၍ လာကြရတော့သည်။ လော်လီထဲတွင် ကျနော်ပါလာက အခြားအကျဉ်းသားများ အနေဖြင့် သက်သာခွင့်ရကြသည်။ အဘယ့်ကြောင့်ဆိုသော် ကျနော်၏မေးမှမုတ်ဆိတ်များသည် အက်ဆက်စ်တို့၏ အာရုံစူးစိုက်ရာများ ဖြစ်လာသည်။ ကြံကြီးစီရာ နောက် ကြပြောင်ကြစရာကြီးဖြစ်လာသည်။ သူတို့ အကြိုက်ဆုံး ပျော်ပွဲတခုကား တဂျုံးဂျုံး တဂျိုင်းဂျိုင်းနှင့် ဆောင့်နေသော လော်လီကားထဲတွင် ကိုယ်ကိုထိန်းသည့် ကြိုး ကွင်းကဲ့သို့ ကျနော်၏ မုတ်ဆိတ်ကို အသုံးချကြခြင်းပင် ဖြစ်လေသည်။ ဤသည်ကား ကျနော့်အတွက်လည်း အသုံးကျသည်။ အစစ်ဆေးမခံရမီ ပြင်ဆင်ထားသ ကဲ့သို့ ဖြစ်နေသည်။ စစ်ဆေးခဏ်းများမှာလည်း “ နက်ဖြန်မှ မလိမ္မာသေးဘူးဆိုရင်တော့ မင်းကို သတ်ပစ်မယ်” ဟူသောစကားများဖြင့် မှန်မှန်ကြီး အဆုံးသတ် တတ်လေသည်။ ညနေတိုင်းညနေတိုင်း အောက်ဆုံးအထပ်ရှိ စင်္ကြံများထဲတွင် နာမည်များ ဟစ်အော်ခေါ်ထုတ်နေသည်ကို ခင်ဗျားဆက်တိုက်ကြီးကြားနေရ သည်။ လူငါးဆယ်၊ တရာ၊ နှစ်ရာ၊ တခဏချင်းတွင်ပင် နွားသတ်ရုံသို့ ပို့ရမည့် ကျွဲ,နွားများပမာ၊ ၎င်းတို့အား ကြိုးများဖြင့် တုပ်နှောင်ကြသည်။ နောက်လော်လီကား များဖြင့် တင်ဆောင်ကာ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်ရန် ကောဘီလီဆီ သို့ခေါ်သွားကြသည်။ ၎င်းတို့၏ အပြစ်ကား အဘယ်နည်း။ ၎င်းတို့၏ အပြစ်ကား အပြစ် မရှိခြင်းတည်း ဟူသော အပြစ်ပင်ဖြစ်လေသည်။ သူတို့ကား အဖမ်းခံထားရသောသူများ ဖြစ်သည်။ ကြီးမားသော အမှုအခင်းတခုနှင့်မျှ မပတ်သတ်။ သူတို့ အားစစ်ဆေးနေရန် လုံးဝမလို။ ထို့ကြောင့်လည်း သူတို့အား သတ်ပစ်ရန် သင့်တော်လာလေတော့သည်။ ရဲဘော်တစ်ယောက်သည် အခြားလူကိုးယောက်အား ကဗျာပြောင်တပုဒ်ကို ဖတ်ပြသည်။ ထို့ကြောင့် ဆယ်ယောက် စလုံးအဖမ်းခံကြရသည်။ ဤအဖြစ်အပျက်ကား ဟိုင်းဒရစ်ကို မလုပ်ကြံမီ နှစ်လကဖြစ်လေသည်။ ယခုသူတို့အား လုပ်ကြံမှုကိုထောက်ခံသောသူများဟု သေဒဏ်ပေးရန် ခေါ်သွားကြလေသည်။ လွန်ခဲ့သော ခြောက်လက ဥပဒေနှင့်ဆန့်ကျင်သော စာတမ်းများကို ဝေငှသည်ဟု သင်္ကာမကင်း ရှိသောကြောင့် အမျိုးသမီး တဦးအဖမ်းခံခဲ့ရသည်။ သူကမဟုတ်ကြောင်း ငြင်းဆိုနေ ခဲ့သည်။ ယခုသူ၏ညီမများ၊ သူ၏မောင်များ၊ သူ့ညီမများ၏ ယောက်ျားများနှင့် သူ့မောင်များ၏ မိန်းမများပါ ဖမ်းဆီး၍ အကုန်သတ်ပစ် လိုက်ကြသည်။ အဘယ့်ကြောင့်ဆိုသော် မိသားစုအလိုက် မျိုးရိုးအလိုက် အမျိုးဖြုတ်ခြင်းကား ဤမာရှယ်လော၏ ကြွေးကြော်သံ မဟုတ်ပါလော။ မှား၍အဖမ်းခံခဲ့ရသော စာတိုက်မှမင်းစေတယောက်သည် အောက်ထပ်ထရံဘေးတွင်ရပ် လျက်၊ လွှတ်မိန့်ကို စောင့်၍နေသည်။ နောက် အမည်ခေါ်သံကိုကြားသဖြင့် ရှေ့သို့ထွက်လာသည်။ ဤတွင် သူ့အား သေဒဏ်ပေးမည့်သူများ တန်းစီထားရာသို့ သွတ်သွင်းလိုက်သည်။ နောက်အပြင်သို့ ခေါ်ထုတ်သွားကာ ပစ်သတ်လိုက်လေသည်။ နောက်တနေ့ကျတော့မှ သေဒဏ်ခံရမည့်သူမှာ နာမည်ဆင်တူနှင့် အခြား သူတယောက်ဖြစ်ကြောင်း သိလာကြလေသည်။ ထို့အတွက် ကျန်နေသေးသော သူကိုလည်း ကွပ်မျက် လိုက်ကြလေသည်။ သည်တော့မှ အစစအရာရာမှာ နေသားတကျ ဖြစ်သွာလေသည်။ အသတ်ခံရမည့် သူတို့၏ ပုဂ္ဂိုလ်အမှတ်အသားများကို သေချာစေ့ငုစွာ စစ်ဆေးရန် ဒါမျိုးတွေနဲ့ ဘယ်သူကသွားပြီး အချိန်ဖြုန်း နေနိုင်ပါ့မလဲ။ တမျိုးသားလုံးရဲ့ အသက်တွေကို နှုတ်ယူ ပစ်တော့မဲ့အတူတူ၊ ဒီလိုကိစ္စတွေဟာ အပိုတွေပဲ မဟုတ်လား။
ကောဘီလီဆီ - ပရာဟာမြို့ရှိ ရပ်ကွက်တခု။ ၁၉၄၂ ခုနှစ်၊ မာရှယ်လောအချိန်အတွင်းဝယ် နာဇီတို့သည် ဤနေရာ၌ ချက်အမျိုးသားများအများအပြားကို သတ် ဖြတ်ခဲ့ကြသည်။
ညနေခင်း အတော်မှောင်နေမှကျနော်သည် အစစ်ခံရာမှ ပြန်လာသည်။ အောက်ဘက်ထရံဘေးတွင် ဗလာဂျီစလာ့ဗ်၊ ဗန်ချူးရား သည် သူ့ပစ္စည်း ကလေးများပါသော အထုပ်တထုပ်ကို ခြေထောက်များ အနားတွင်ချထားကာ မတ်တတ်ရပ်နေသည်။ အဓိပ္ပါယ်ကို ကျနော်ကောင်းစွာနားလည်သည်။ သူလည်း နားလည်သည်။ ကျနော်တို့ လက်ချင်းဆွဲ၍ နှုတ်ဆက်ကြသည်။ အပေါ်ထပ်စင်္ကြံပေါ်သို့ရောက်သည်အထိ သူ့အားမြင်နေနိုင်သေးသည်။ သူကား ခေါင်းကိုအနည်း ငယ်ညွှတ်လျက်၊ ဘဝတခုလုံး၏အလွန်၊ အဝေး...အဝေးသို့ အာရုံစိုက်နေလေသည်။ နာရီဝက်မျှကြာသော် သူ၏အမည်ကို ခေါ်ထုတ်လိုက်ကြလေသည်။
ထို့နောက် ရက်အနည်းငယ်အတွင်း ထိုထရံ၌ပင် ရပ်၍နေရသူကား မီးလောရှ်၊ ကရားဆနီ။ သူကားရဲရင့်သော တော်လှန်ရေး စစ်သားတယောက် ဖြစ်သည်။ ယခင်နှစ် အောက်တိုဘာလက အဖမ်းခံရသည်။ ညှဉ်းပန်းခြင်း၊ တိုက်ပိတ်ခြင်းတို့၏ နောက်ပိုင်းတွင်ပင် မာန်မကျိုးခဲ့သူဖြစ်သည်။ ထရံဆီမှကိုယ်ကို တဝက်လှည့်လျက် သူ့နောက်တွင် ရပ်နေသော ထောင်စောင့်အား၊ တစုံတရာကို အေးဆေးစွာရှင်းပြနေလေသည်။ ကျနော့်ကို မြင်သောအခါ တချက်မျှပြုံးလိုက်၍ နောက်ဆုံးနှုတ်ဆက်ခြင်းအနေဖြင့်လည်း ခေါင်းကိုဆက်၍ပြလိုက်သည်။ ပြီးလျှင် ထောင်စောင့်အား ဆက်၍ ပြောပြနေပြန်သည်။
“ ဒီလိုလုပ်လို့ မင်းတို့မှာ ဘာကလေးတခုမှ သက်သာသွားမှာမဟုတ်ဖူး။ ဒို့တတွေထဲကလည်း လူတွေအများကြီး ကျကြလိမ့်အုံးမယ်၊ ဒါပေမယ့်စစ်ရှုံး ကြရမှာကမင်းတို့...”
တဖန်၊ မွန်းတည့်ပိုင်းအချိန်။ ပက်ချက်နန်းတော်အောက်ထပ်တွင် ကျနော်တို့သည် နေ့လည်စာစားရန် ရပ်စောင့်နေကြသည်။ အဲလိယာ့ရှ် အားခေါ် သွင်းလာကြသည်။ သူ၏ချိုင်းအောက်တွင် သတင်းစာတစောင်ပါလာသည်။ သူကပြုံး၍ သတင်းစာကိုညွှန်ပြသည်။ သတင်းစာထဲတွင် ဟိုင်းဒရစ်ကို လုပ်ကြံသူ များနှင့် သူနှင့်အဆက်အသွယ်ရှိကြောင်းကို ယခုပင်ဖတ်ရှုခဲ့ရလေသည်။
- ဖြီးနေတာချည့်ပဲ - သူသည် တိုတိုပဲပြောကာ အစားအသောက်ဘက်သို့ အာရုံစိုက်လေတော့သည်။
ထိုနေ့ညနေ အခြားသူများနှင့် ပန်းကရာ့စ်သို့အပြန်တွင်လဲ ထိုကိစ္စအကြောင်းရယ်မော၍ ပြောဆိုနေခဲ့သေးသည်။ ထောင်သို့ရောက်ပြီး နောက်တ နာရီ အကြာတွင် သူ့အား အကျဉ်းခန်းထဲမှထုတ်၍ ဘောဘီလိဆီသို့ ခေါ်ဆောင်သွားကြလေသည်။
အလောင်းများကား တောင်လိုပုံလာလေသည်။ တခုသော်ကား အလောင်းများကို တဆယ်၊ နှစ်ဆယ်၊ တရာ၊ နှစ်ရာဟု ရေတွက်၍မဖြစ်တော့၊ ထောင်နှင့်ချီ၍ ရေတွက်ရလေပြီ။ အမြဲတမ်းလတ်ဆတ်၍နေသော သွေးနံ့သည် အဟိတ်တိရိစ္ဆာန်တို့၏ နှာဝများကိုဆွနေသည်။ ၎င်းတို့ကား သန်းခေါင်သန်းလွဲအထိ “အလုပ်လုပ်” ကြသည်။ တနင်္ဂနွေနေ့များ၌ပင် “အလုပ်လုပ်” ကြသည်။ ယခုသော် ၎င်းတို့အားလုံးပင် အက်ဆက်စ်ယူနီဖောင်းများကို ၀တ်ဆင်ကြသည်။ ဤသည် ကား သူတို့၏ နေ့ကြီးရက်ကြီး၊ သတ်ဖြတ်ရေးပွဲတော်ကြီး ဖြစ်လေသည်။ အလုပ်သမားများ၊ ကျောင်းဆရာများ၊ လယ်သမားများ၊ စာရေးဆရာများ၊ ရုံးစာရေးများ ကို သေမင်း၏ ခံတွင်းသို့ပို့ကြသည်။ ယောက်ျား၊ မိန်းမ၊ ကလေးသူငယ်များကိုပါ သတ်ဖြတ်ပစ်ကြသည်။ အိမ်ထောင်လုံးကျွတ် သတ်ဖြတ်ပစ်ကြသည်။ ရွာလုံး ကျွတ် သတ်ဖြတ်ကြသည်။ မီးတိုက်ပစ်ကြသည်။ ကျည်ဆန္တရကပ်သည် ပလိပ်ရောဂါသဖွယ် တပြည်လုံးတွင် လှည့်ပတ်လျက်ရှိ သည်။ ဘယ်သူဘယ်ဝါဟူ၍ပင် ရွေးချယ်ခြင်း မပြုတော့။
ဤမျှလောက် တုန်လှုပ်ဖွယ်ကောင်းသော အချိန်ကြီးတွင် လူဟူသည်ကား .....
အသက်ရှင်၍ နေလေသည်။
ယုံနိုင်ဖွယ်ရာပင်မရှိ၊ သို့သော် လူသည် အသက်ရှင်နေသည်၊ စားသည်၊ အိပ်သည်၊ ချစ်သည်၊ အလုပ်လုပ်သည်၊ သေခြင်းနှင့် လုံးဝမပတ်သက်သော ကိစ္စပေါင်းတထောင်ကို စဉ်းစားသည်။ သူ၏ ဂုတ်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော အလေးချိန်ကြီးတခု ဖိစီး၍နေလျှင်နေမည်။ သို့သော် ထိုဝန်ထုပ်ကို သယ်ဆောင်၍ထားသည်၊ ခေါင်းညွှတ်၍မသွား၊ ခွေပျော့၍မသွား။
မာရှယ်လောကျေညာထားသော အချိန်အတွင်းက၊ အရာရှိတယောက်သည် ကျနော့်အား ဘရားညစ်အရပ်သို့ ခေါ်ဆောင်သွားသည်။ လှပသော ဇွန်လသည် သမ္ဘာရာပင်အနံ့များ၊ အချိန်နှောင်းသော နန်းလုံးကြိုင်ပန်းရနံ့များဖြင့် ကြိုင်နေလေသည်။ အချိန်ကား တနင်္ဂနွေနေ့ညနေဖြစ်သည်။ နောက်ဆုံး ဓာတ် ရထားဘူတာရုံအနီးရှိ လမ်းမကြီးမှာ၊ ပျော်ပွဲစားထွက်ရာမှ ပြန်လာကြသော ပျာယီးပျာယာလူအုပ်ကြီးဖြင့် ပြည့်ကြပ်၍နေလေသည်။ နေ၏အကြည်အဖြူ၊ ရေ၏ အယုအယ၊ ချစ်သူတို့၏အပွေ့အပိုက်တို့ကို ခံထားရသူများဖြစ်သည်။ ဆူဆူညံညံ၊ ပျော်ပျော်ရွှင်ရွှင်နှင့် ကြေနပ်စွာပင်၊ ပင်ပန်းနေကြသည် - သူတို့အကြားတွင် လှည့်လည်ကာ သူတို့အတွင်းမှ လူများကိုလဲ ချိန်ရွယ်နေသည့် သေမင်း၊ ထိုသေမင်းကိုသာ သူတို့၏ မျက်နှာများပေါ်တွင် မတွေ့ရ။ သူတို့သည် ယုန်ကလေးများ ကဲ့သို့ ချစ်စဖွယ်တိုးဝှေ့ခုန်ပေါက်နေကြသည်။ ယုန်ကလေးတွေလိုပဲ။ သူတို့တအုပ်ကြီးထဲကို လက်လှမ်းလိုက်ပြီး တကောင်ကို ဟင်းချက်စားဘို့ ဆွဲထုတ်လိုက်စမ်း - သူတို့ဟာ ထောင့်တထောင့်ကို ကပ်သွားလိမ့်မယ်။ ဒါပေမဲ့ တအောင့်လောက် ကြာရင်တော့ သူတို့ရဲ့သောကတွေ၊ ပျော်စရာတွေနဲ့ ဆက်လက်တိုးဝှေ့ယင်း၊ ဘ၀ရဲ့အရသာကို ခံနေကြဦးမှာပါပဲ။
ကျနော်ကား တံတိုင်းခတ်ထားသော ကမ္ဘာအတွင်းမှနေ၍ ယင်းကဲ့သို့ ဟောကနဲ ဟောကနဲ ဆင်းနေသော ရေစီးအတွင်းသို့၊ ဗြုံးကနဲပြောင်းရွေ့ခြင်း ကို ခံလိုက်ရပါသည်။ ထို့ကြောင့်လဲ အစပထမတွင် သူတို့၏ ချိုဆိမ့်သောပျော်ရွှင်မှုကို ခါးခါးသီးသီး အရသာခံမိပါသည်။
မှားလေစွ၊ မှားလေစွ။
ဤနေရာတွင် ကျနော်မြင်ရသည်ကား ဘ၀ပင်ဖြစ်လေသည်။ ကျနော်ပေါက်ဖွားခဲ့ရာဘ၀ပင်ဖြစ်သည်။ ခြုံ၍ကြည့်က ဤသည်ပင်လျှင် ဘ၀ဖြစ်သည်။ ကြောက်မက်စဖွယ် ဖိနှိပ်ထားသည်ကို ခံနေရသော်လဲ ဖျက်ဆီးတိုင်း မပျက်သည့်အသက်။ တခါအသတ်ခံရလျှင် အကြိမ်တရာပြန်၍ တိုးလာသောအသက်။ သေမင်း ထက်ပို၍ အင်အားကောင်းသော အသက်ဖြစ်လေသည်။ ဤဘ၀၊ ဤအသက်ကို ခါးသည်ဟု ဆိုရမည်လော။
ဤမျှသာ မကသေး။ တုန်လှုပ်ဖွယ်ရာများ၏ ဗဟိုတည့်တည့်၊ အကျဉ်းခန်းအတွင်း၌ နေထိုင်ကြရသော ကျနော်တို့ကိုယ်တိုင်လဲ ပြန်၍ကြည့်ကြဦး လော့ - ဒီအသားနဲ့မလုပ်လို့ ဘယ်အသားနဲ့လုပ်ထားတာမို့လို့လဲ။
တခါတရံ အစစ်ခံရာသို့အသွားတွင် ကျနော်သည် ပုလိပ်မော်တော်ကားဖြင့်သွားရသည်။ ထိုကားမှ အစောင့်ပုလိပ်များကား များစွာမချုပ်ချယ်ကြ။ ထို့ကြောင့် ကျနော်လဲ မော်တော်ကား ပြူတင်းပေါက်များမှနေ၍ လမ်းမများ၊ ဆိုင်ရှေ့မျက်နှာစာများ၊ ပန်းဆိုင်ကလေးတဆိုင်၊ လမ်းသွားလမ်းလာ လူစုလူဝေးများ၊ အမျိုးသမီးများကို ကြည့်ရှုနိုင်ပါသည်။ ခြေသလုံး လှလှကလေး ကိုးစုံကိုသာရှာတွေ့ယင်၊ ငါဒီနေ့အသတ်မခံရဘူးဟု ရေတွက်ကာ၊ စစ်ကာဆေးကာ၊ နှိုင်းကာယှဉ် ကာနှင့် ခြေသလုံးတို့၏ မျဉ်းကြောင်းများကို ကျကျနနလေ့လာနေမိသည်။ စိတ်ဝင်စား အလုပ်များနေမိသည်။ ထိုကိစ္စပေါ်၌ ကျနော်၏ အသက်တည်နေသည်ဟူ သော သဘောနှင့်ကားမဟုတ်၊ အသက်နှင့်လုံးဝ မပတ်သက်သကဲ့သို့ပင် ဖြစ်လေသည်။
ကျနော်သည် အကျဉ်းခန်းသို့ အမြဲတမ်းနောက်ကျ၍ ပြန်ရသည်။ ဘ, ပက်ရှက်ကား ပြန်မှပြန်လာပါ့မလားဟူ၍ အမြဲတစေ စိတ်ပူနေတတ်သည်။ ကျနော်ပြန်လာလျှင် ကျနော့်အား ဆီးဖက်၍နှုတ်ဆက်တတ်သည်။ ကျနော်ကလဲ ဘာသတင်းထူးသည်၊ ကောဘီလိဆီတွင် ဘယ်သူဖြင့် ကျဆုံးပြန်ပြီ စသည်တို့ ကို တိုတိုတုပ်တုပ်ပြောပြသည် - နောက်အံချင့်စဖွယ် ဟင်းရွက်ချောက်များကို လွေးကြမြိုကြ၍၊ လန်းဆန်းသော သီချင်းများကို ဆိုသည့်အခါ ဆိုကြသည်။ သို့မ ဟုတ် ဉာဏ်တုန်းလှသော အံစာလှိမ့်ကစားခြင်းတွင် စိတ်တိုစွာဖြင့်ကစားယင်း စိတ်ဝင်စားသွားကြသည်။ ထိုသို့ပင် ညဥ့်ဦးအချိန်တိုင်း လုပ်နေကိုင်နေတတ်ကြ သည်။ သို့သော် ထိုသို့သောအခါ၌ပင် အကျဉ်းခန်းတံခါးလဲ အချိန်မရွေး ပွင့်ထွက်လာနိုင်ကာ၊ ကျနော်တို့နှစ်ယောက်အနက် တယောက်ယောက်အတွက် သေမင်း ခေါ်သံကြီး ပေါ်လာနိုင်ပေသည်။
- မင်း ... ဒါမှမဟုတ် ... မင်း၊ အောက်ကို ဆင်းရမယ်၊ ရှိသမျှပစ္စည်းတွေအကုန်ယူခဲ့။ မြန်မြန်လုပ် ...
ထိုအခါတွင်ကား ကျနော်တို့ကို ခေါ်မထုတ်ကြ။ ကျနော်တို့ကား ထိုတုန်လှုပ်ဖွယ်ရာ အချိန်ကြီးကို ကျော်လွန်နိုင်ခဲ့ကြသည်။ ယနေ့သော် ကျနော်တို့ သည် ထိုကာလကြီးကို ပြန်လည်သတိရကြလျက် မိမိတို့ ထိပုံတွေ့ပုံခံစားပုံတို့ကိုလဲ အံ့သြနေမိကြသည်။ မခံနိုင်လောက်သော အရာတို့ကိုပင် တောင့်ခံနိုင်သည့် မနုဿလူသားကား ထူးထွေဆန်းကျယ်သော တန်ခိုးများဖြင့် ပြည့်ဝပေသည်တကား။
ကျနော်တို့၏ ကိုယ်၊ ကျနော်တို့၏ စိတ်အတွင်းတနေနေရာ၌ကား ဤအချိန်များသည် နက်ရှိုင်းသော အမှတ်အသားများကို ချန်မထားဘဲ နေမည်မ ဟုတ်ပေ။ ဦးဏှောက်ထဲတွင် ဖလင်လိပ်တလိပ်သဖွယ် ခိုအောင်း၍နေကောင်း နေလိမ့်မည်။ တကယ့် ဘ၀၊ အကယ်၍ ကျနော်တို့သာ တကယ့်ဘ၀သို့ ပြန်ရောက် ကြမည်ဆိုလျှင် တနေ့သောအခါတွင် ဖလင်လိပ်သည် ပြန့်ထွက်လာနိုင်သည်။ လူကို ရူးသွပ်သွားလောက်အောင် ပြန့်ထွက်လာနိုင်သည်။ သို့တည်းမဟုတ်၊ ကျနော်တို့သည် ထိုကာလကြီးကို ကြီးမားသော သုဿန်ကြီးအဖြစ်ဖြင့်သာ မြင်ကောင်း မြင်နေကြပေတာ့မည်။ ထိုသုဿန်ကြီးကား စိမ်းလန်းသော ဥယျာဉ်ကြီး ဖြစ်သည်။ ထိုဥယျာဉ်ထဲတွင် အဖိုးမဖြတ်နိုင်သော မျိုးစေ့များကို ပျိုးကျဲ၍ထားသည်။
အဘိုးမဖြတ်နိုင်သော ထိုမျိုးစေ့များကား အညွန့်အတက်များ ပေါက်လာမည့်မျိုးစေ့များဖြစ်ပေသည်။

Read More...

 
/* EOT ----------------------------------------- */