Tuesday 2 October 2007

ဘွာမကူတမ်း

ရဲဘော်ဖိုးသံချောင်း၏အမြင်
ဒီနေ့ နအဖကျူးလွန်နေတဲ့ အပြစ်တွေဟာ ကမ္ဘာမှာ မော်ကွန်းထိုးရမယ့်၊ မြန်မာသမိုင်းမှာ မှတ်တမ်းတင်ရမယ့် ရက်စက်ယုတ်မာမှုကြီးဖြစ်ပါတယ်။ သာမန်လူသတ်မှုမဟုတ်ပါဘူး။ ဒါကြောင့် ဒီသံဃာတော်နဲ့ လူအမြောက်အများကို သတ်ဖြတ်မှုမှာ သမိုင်းတရားခံဟာ ဘယ်သူဖြစ်တယ်ဆိုတာကို ရှာဖွေမှတ်တမ်း တင်ဖို့ လည်းလိုပါတယ်။

ဒီတခါအရေးတော်ပုံ ဘယ်လိုပဲအဆုံးသတ်သည်ဖြစ်ပစေ ကျန်ရစ်သူတွေဟာ ဒီတာဝန်ကြီး ထမ်းဆောင်ကြရပါမယ်။
မှန်ပါတယ်။ နအဖထဲမှာ ဒီလိုအရေးကြီးတဲ့ ဆုံးဖြတ်ချက်တခုကို နံပတ် ၁ ဗိုလ်သန်းရွှေရဲ့ သဘောတူညီချက် မပါပဲ မချမှတ်နိုင်ပါဘူး။ ဒါပေမဲ့ တခြားတယောက်က အကြံပေး၊ ဗိုလ်သန်းရွှေက အတည်ပြုဆိုတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သေချာတာက နအဖဟာ ဒီကိစ္စဘယ်သူ့ အကြံဥာဏ်၊ ဘယ်သူ့လက်ချက်ဖြစ်တယ်ရယ်လို့ အမှန်အတိုင်း ဘယ်တော့မှပြောမှာမဟုတ်ပါဘူး။ ဒါဟာ ၁၉၆၂ ခုနှစ်၊ ၇ ရက်ဇူလိုင် အရေးအခင်းကစလို့ ကနေ့အထိ စစ်အုပ်စုတလျှောက်လုံး လုပ်ခဲ့တဲ့ အစဉ်အလာ၊ လုပ်ထုံးလုပ်နည်းပါ။
ဗိုလ်နေ၀င်းနဲ့ ဗိုလ်အောင်ကြီးတို့ အပြန်အလှန်ပုံချတာကို ဗမာပြည် ပြည်သူတွေမမေ့ပါဘူး။ နေပြည်တော် ပြောင်းတဲ့ကိစ္စ၊ ဒီစက်တင်ဘာလူသတ်ပွဲ စတာတွေကို သူတို့ချင်းကွဲကြတဲ့အခါ၊ အထူးအဖြင့် အဓိကတရားခံ ဖြစ်သူ ကံနိမ့်လာပြီထင်တဲ့အခါမှာ ကျန်တဲ့လူတွေထဲက ဖော်တာတွေ ဖြစ်လာနိုင်ပါတယ်။

နောက်တချက် သတိထားသင့်တာက စစ်အုပ်စုဟာ သူတို့ရဲ့ဆက်ခံသူတွေကို ဒီလိုလူသတ်ပွဲတွေထဲမှာ လေ့ကျင့်မွေးမြူ ဆံကာတင် စစ်ယူလေ့ရှိတယ် ဆိုတဲ့အချက်ပါ။ ရှစ်လေးလုံးနဲ့ ဒီပဲယင်းအရေးအခင်းတို့မှာ လက်စွမ်းပြခဲ့တဲ ဗိုလ်စိုးဝင်းကို မှတ်မိကြမယ်ထင်ပါတယ်။ ဒါဟာ ထိပ်ပိုင်းမှာသာမကဘူး အောက်ခြေ တပ်သားအထိ အဲဒီလို ရာထူးတွေ အခွင့်အရေးတွေပြပြီး လူလွန်မသားတွေသာ ကျူးလွန်တဲ့ပြစ်မှုတွေကို ကျူးလွန်ခိုင်းကြတယ်။ ဒါကြောင့်မို့ နအဖကဖန်တီးလာတဲ့ ဒီရက်စက်မှုမှာ ဖြစ်နိုင်ရင် သူတို့အားလုံးရဲ့ တဦးချင်းအခန်းတွေကို ကျူးလွန်ခိုင်းကြတယ်။ ဒါကြောင့်မို့ နအဖက ဖန်တီးလာတဲ့ ဒီရက်စက်မှုမှာ ဖြစ်နိုင်ရင် သူတို့အားလုံးရဲ့ တဦးချင်းအခန်းတွေကို လေ့လာမှတ်တမ်းတင်တင့်ပါတယ်။
တဖက်မှာကျတော့လည်း စစ်အုပ်စုဟာ သူတို့အကျဉ်းအကြပ်ကျပြီဆိုရင် တယောက်ယောက်ကို ဓားစာခံအဖြစ် ပုစွန်ခေါင်းပုံချပြီး တရားခံ ဖန်တီးတတ်တယ်ဆိုတာလည်း သိတိထားဖို့လိုပါတယ်။ အခုကိုပဲ ဘယ်တပ်မကကောင်းတယ်၊ ဘယ်တပ်မက မကောင်းဘူး၊ ဘယ်တပ်မှူးက ကောင်းတယ်၊ ဘယ်တပ်မှူးက မကောင်းဘူး စတဲ့ ကောလဟာလတွေ ထုတ်လွှင့်ပြီးလူတွေနားယောင် မျက်စိလည်အောင်လုပ်နေကြတယ် မဟုတ်လား။
သမိုင်းကို ပြန်ကြည့်လိုက်ရင် စစ်အစိုးရတွေဟာ သူတို့ ဒီလိုယုတ်ယုတ်မာမာ တရားမရှိ၊ ဓားမရှိလုပ်တိုင်း ဘယ်တော့မှ ပွင့်ပွင့်လင်းလင်း မပြောပါဘူး။ ပြည်တွင်းပြည်ပကို အသိပေးတာလည်း လုပ်လေ့မရှိပါဘူး။ ဒါဟာ န၀တ - နအဖ တို့လက်ထက်မှာ ပိုဆိုးလာတယ်။ ဒီပဲယင်းကိစ္စပဲပြန်ကြည့်ပါ။ အမှန်မပြောယုံမက ပါးစပ်က ရေငုံထားပြီး သူတို့ပိုင်း မီဒီယာတွေကနေ ဘယ်သူမှ မယုံတဲ့၊ သူတို့ကိုယ်တိုင်လည်း မယုံကြည်တဲ့ သတင်းတွေ၊ အချက်အလက်တွေကို လျှောက်ထုတ်ပြန်တော့တာပါ။
ဒါပေမယ့် မမေ့ပါနဲ့။ ဗမာပြည် ပြည်သူတွေဟာ မင်းဆိုး၊ စနစ်ဆိုးတွေကို ရေတို - ရေရှည် တိုက်ခိုက်တွန်းလှန်ခဲ့ တွန်းလှန်နိုင်ကြောင်း သက်သေပြခဲ့ပါပြီ။ တိုက်ပွဲသဏ္ဍာန် အမျိုးမျိုးပြောင်းပြီးလည်း တိုက်တတ်ပါတယ်။
ရှေ့တကွေ့ပါ။
ရဲဘော်ဖိုးသံချောင်း
ပြန်ခေါက်ခဲ့ပါ...

No comments:

 
/* EOT ----------------------------------------- */