Saturday 17 November 2007

လူထုအတွက် လူထုဖက်က လူထုဒေါ်အမာ




(၀င်းတင့်ထွန်း)

( ၁ )

ကျနော်ဟာ အညာသားဖြစ်ပေမဲ့ မန္တလေးထက် ရန်ကုန်ကိုပဲ ပိုပြီး ကျွမ်းကျွမ်း ကျင်ကျင်သွားတတ်လာတတ်ရှိခဲ့ပါတယ်။ ဘ၀မှာအနေကြာခဲ့ရတာကလဲ ရန်ကုန်မှာမဟုတ် လား။ ဟိုတုန်းက မွေးရပ်ဌာနေ ရွှေဘိုမြေဆီပြန်တိုင်း မန္တလေးမှာပဲ ရက်တော်တော်ကြာကြာ ၀င်တတ်နားတတ်ရောက်တတ်ခဲ့တာ အခါခါပေမဲ့၊ ‘၀င်းတွေနဲ့တည်ထားတဲ့ မန္တလေးနေပြည်’ ကို ရန်ကုန်လောက်မကျွမ်းကျင်ခဲ့တာကတော့ အမှန်ပါ။ ဒါပေမဲ့ အညာသွေး ဗမာသွေးကပဲ စကားပြောလို့လား၊ ကုန်းဘောင်သွေးကပဲစကားပြောလို့လား၊ ဘာလို့လဲတော့မသိပါ။ မန္တလေးကို ချစ်ခဲ့တာကတော့ ငယ်ငယ်ကတည်းကပါ။ ‘မန်းရတနာပုံနေပြည် ...’ဆိုတဲ့ အသံလေးနဲ့စလိုက်တဲ့ သီချင်းသံကိုကြားရရင် ငယ်ငယ်ကတည်းက ဘာရယ်မသိ လွမ်းတတ် ခဲ့ဖူးပြီး၊ ‘ ခြေတော် အသရေလျှမ်း ... ပြည်တော်ရွှေမန်း ...ငါးစောင်လေသိုက် ကျမ်း...စိုက်နန်းရယ် တည်တော်မူ...’ဆိုတဲ့ ခန့်ခန့်ညားညားစာသားစကားပိုဒ်တွေ ပါဝင်တဲ့
အောင်မင်္ဂလာ - နဲ့အစချီ လိုက်တဲ့ အောင်မင်္ဂလာသီချင်းကြီး သီချင်းခံသံကြီးကို ကြားလိုက် ရလေတိုင်းလဲ ရင်ထဲ တလှပ်လှပ် ခံစားခဲ့ရဖူးပါတယ်။ ‘ ... ကော်ရော်သံ - ကော်ရော်သံ ... ဆင်ပန်းလက်စုံမိုးတယ် ... မျိုးလေးပါး - ရာရာကျော် ...သက်တော်ရှည်စေကြောင်းငယ် ...တောင်းဆုချွေ ...’ဆိုတဲ့ ဆုတောင်းမေတ္တာပို့ သသံအပိုဒ်နဲ့အတူ‘ - - ဘုံဝေယံ ...နိုင်ငံ ပြည်သူ ...အေးစေဗိုလ်လူ ...’ဆိုတဲ့ အပိုဒ်ကတော့ ရင်ထဲမှာ အမြဲလိုလို လှိုင်းခတ်နေတတ် ခဲ့ပါတယ်။ ကျနော်ငယ်ငယ်လေးက ကျနော်တို့အိမ်အိုလေးရဲ့ထရံစုတ်လေးပေါ်မှာ အမေမှတ် မှတ်ရရ၀ယ်လာ ချိတ်ဆွဲထားတဲ့ ‘မန်းရာပြည့်’ ပြက္ခဒိန်လေးပေါ်က မန္တလေးနန်းမြို့ရိုးနဲ့ကျုံးရိပ် ရေပြင်ညို့ညို့ မန္တလေးအမှတ်အသား မန္တလေးပန်းချီကားလေးကိုလဲ အဲဒီတုန်းကတည်းက ခဏခဏငေးကြည့်မိရင်း အိပ်မက်ထဲအထိ မကြာမကြာမက်တတ် ခဲ့ဖူးပါတယ်။ ကျနော်မှတ်မိ သမျှ ကျနော့်အမေလယ်သူမကြီးရဲ့တသက်တာမှာ လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ် ကြီး ပုံတချပ်နဲ့ မဟာမြတ်မုနိဘုရားကြီးပုံတော်တချပ်ပြီးရင်၊ ပြက္ခဒိန်အဖြစ် ၀ယ်ဖူးတာဆိုလို့ အဲဒီမန္တလေးရာပြည့် အထိမ်းအမှတ် မန္တလေးနန်းမြို့ရိုးနဲ့ကျုံးရေပြင်ညို့ညို့ပါ ပြက္ခဒိန်တခုပဲ ၀ယ်ခဲ့ဖူးပါတယ်။ အမေခမြာ တော်တော်ကို ကြိုက်လွန်းလှလို့ဝယ်ခဲ့တာဖြစ်သလို၊ ကျနော့်ဘ၀ မှာလဲ ပထမဆုံး အိမ်မှာ စမြင်ဖူး စွဲလန်းနှစ်သက်ဖူးတဲ့ပန်းချီကားဟာ အဲဒီမန္တလေးနန်းမြို့ရိုးပုံ ပန်းချီကားလေးပဲ ဖြစ်ခဲ့ပါတယ်။ ငယ်ငယ်တုန်းက ရောင်စုံခဲတံဗူးလေး စရတော့၊ ကိုယ့်ဟာ ကိုယ် မကြာမကြာလိုက်လိုက်ပြီး ကူးယူဆွဲကြည့်ခဲ့ဖူးတာဟာလဲ အဲဒီပြက္ခဒိန်ပေါ်က မန္တလေးနန်းမြို့ရိုးပန်းချီကားလေးပါပဲ။ ကျနော်ပထမဆုံး မန္တလေးကိုစရောက်တော့၊ နန်းရှေ့ ဖက်ရောက်အောင်သွားပြီး၊ ငယ်ငယ်တုန်းကတည်းက အင်မတန်နှစ်သက်ခဲ့ဖူးတဲ့ မန်းရာပြည့် ပြက္ခဒိန်ပေါ်မှာပါခဲ့တဲ့ ပန်းချီကားထဲက ရှုခင်းလေးနဲ့တူမယ့်နေရာ သေချာရွေးပြီး တမေ့တမော ထိုင်ကြည့်ခဲ့ဖူးပါတယ်။

မန္တလေးဟာ ရွှေဘိုနဲ့ဘာမှမဝေးလှပေမဲ့၊ မန္တလေးကို ငယ်ငယ်ကတည်းက စွဲစွဲလန်း လန်းရှိခဲ့ပေမဲ့၊ ဘ၀အခြေအနေအရ ကျနော့်ရဲ့လူငယ်ဘ၀နှစ်ပေါင်းများစွာဟာ မန္တလေးကို ကျော်ပြီး ရန်ကုန်မှာ သွားကြီးပြင်းခဲ့ရပါတယ်။ အကြောင်းကြောင်းကြောင့် မန္တလေးကိုရောက် ဖြစ်ရင်လဲ တပတ်ဆယ်ရက် ဆယ့်ငါးရက်တွေထက် မပိုခဲ့ရသလို ဖြစ်ခဲ့ရပြီး မချင့်မရဲ ခံစားခဲ့ ရဖူးပါတယ်။ အဲဒီလို မချင့်မရဲ ခံစားခဲ့ရတဲ့ မန္တလေးကို ကြုံမယ့်ကြုံ ဆုံမယ့်ဆုံရတော့လဲ ၀ရမ်း
ပြေးဘ၀နဲ့ပဲ ရက်ပေါင်းများစွာ လရှည်နှစ်ပေါက် ရင်ချင်းအပ်ပွေ့ဖက်နွေးထွေးခဲ့ရပါတော့ တယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီးအပြီး၊ အရေးတော်ပုံကြီးရဲ့အကျိုးဆက် နိုင်ငံရေးပါတီ တွေ အလျှိုအလျှိုပေါ်ထွက်အပြီး၊ သိပ်တောင် များများစားစားမလှုပ်ရှားလိုက်ရပါဘူး၊ နိုင်ငံ ရေးနဲ့ပဲ ၀ရမ်းပြေးဘ၀ ထပ်ရောက်ရပါတယ်။ ဟိုဟိုဒီဒီကနေ နောက်ဆုံးမှာ မန္တလေးကို ရောက်လာ ရပါတော့တယ်။ ကျောင်းရိပ်ကန်ရိပ် သံဃာ့အရိပ်ပေါင်းစုံမှာခိုရင်း၊ ရဲဘော်တကာ မိတ်ဆွေ တကာရဲ့ခြံပေါင်းများစွာ အိမ်တကာမှာခိုရင်း၊ မန္တလေးမြို့ရဲ့နေရာပေါင်းစုံ လမ်းကြို လမ်းကြား ချောင်ကြားမကျန် အနှံ့ရောက်ရကျင်လည်ရပါတော့တယ်။ လူက ၀ရမ်းပြေးဖြစ်တဲ့ အပြင်၊ စက်ဘီးမြို့တော်ကြီးဖြစ်တဲ့ မန္တလေးမြို့ပေါ်မှာစက်ဘီးမစီးတတ်တဲ့ကျနော်ဟာ မြေလျှောက်ဝိဇ္ဇာတပိုင်း ဖြစ်ရပါတော့တယ်။ ဘယ်လောက်အထိတောင် မြေလျှောက်ဝိဇ္ဇာ ဖြစ်နေရသလဲဆိုတော့၊ ယူဂျီ တပိုင်းအဖြစ်နေနေရတဲ့ကာလတချို့မှာ မန္တလေးက မိတ်ဆွေ ရဲဘော်တချို့က အထူးသဖြင့် ဟာသကြွယ်ကြွယ်လူငယ်တချို့က ကျနော့်ကွယ်ရာမှာ သူတို့ အချင်းချင်းလျှို့ဝှက်နာမည်ပေးခေါ်နေကြတာက ‘မြေလျှောက်ဝိဇ္ဇာကြီး’ ဆိုတဲ့ အထိပါပဲ။ နောက်ပိုင်းကျတော့ တချို့က ‘၀ိဇ္ဇာ’ ကြီးလို့ သူတို့ဟာသူတို့နာမည်ပြောင်ပေးပြီး လျှို့ဝှက် ခေါ်ဆိုနေကြရာကနေ၊ ‘ပထမံကြီး’လို့ပြောင်းလဲခေါ်ဝေါ်တဲ့သူတွေလဲ ရှိခဲ့ရတဲ့အထိပါပဲ။ လူက လဲ ဟိုနေရာရောက်လိုက် ဒီနေရာရောက်လိုက်နဲ့မန္တလေးအနှံ့ ခြေစကြာဖြန့် နေခဲ့ရပါတော့ တယ်။ ကိုယ်ကိုယ်တိုင်ကလဲ အညာသားဖြစ်တဲ့အပြင် အသားအရောင်ကလဲ ကြေးနီရောင် မက ကြေးညိုကြေးမဲရောင်ပေါက်နေတော့၊ လွယ်အိတ်တလုံး ပခုံးပေါ်လွယ်ပြီး လမ်းတကာ ပေါ်ကုန်းကြောင်းလျှောက်နေတဲ့ ကျနော့်ကို မြင်ရသူ မသိကြသူအပေါင်းကတော့၊ ဘယ်က တောသား-မြို့တက် ဈေးလာဝယ်သလဲလို့ပဲ မြင်ကြလိမ့်မယ်ထင်ပါတယ်။ အဲဒီလိုတောင် ရောက်လိုက် မြောက်ရောက်လိုက်နဲ့မန္တလေးရွှေမြို့တော်ကြီးရဲ့နှလုံးသား တည့်တည့်ပေါ် မကြာမကြာ သွားလာလှည့်လည်နေတတ်တဲ့ ကျနော်ဟာ မန္တလေးမြို့ကြီးရဲ့ အထင်ကရနေရာ
(ဂ၄) လမ်းမကြီးပေါ်ကိုလဲ အကြိမ်ကြိမ်ဖြတ်သန်းခဲ့ရဖူးပါတယ်။
(ဂ၄) လမ်းမကြီးပေါ်ရောက်ရလို့ ‘လူထု’ တိုက်ရှေ့က မကြာခဏ ဖြတ်သန်းသွားရလေ တိုင်း ဖျတ်ကနဲ ရင်ခုန်တတ်လေ့ ရှိပါတယ်။ ဒီအနီးအနားဝန်းကျင်မှာ အမြဲလိုလို ထောက်လှမ်း ရေး ဒလျှိုဒလံတွေ ချထားတတ်တယ် - လို့ပြောကြဆိုကြ သတိပေးကြဖူးတဲ့ လုပ်ဖော်ကိုင် ဖက် မိတ်ဆွေအပေါင်းအသင်းတွေရဲ့ စကားသံတွေကို ပြန်ပြန်ကြားမိ သတိရမိနေတာ ကြောင့်တော့ မဟုတ်ပါ။
‘လူထု’ ဆိုတဲ့ စာလုံးလေးနှစ်လုံးနဲ့ရေးထိုးထားတဲ့ ကမ္ဗည်းဆိုင်းဘုတ်လေးဟာ ဆိုင်း ဘုတ်အနေနဲ့ကတော့ ဘာမှကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားမရှိပါ။ ဒုတိယမြို့တော်ကြီး ဖြစ်နေတဲ့ မန္တလေးမြို့ကြီးပေါ်မှာ ဧရာမဆိုင်းဘုတ်ကြီးတွေ နေရာအနှံ့ရှိပါတယ်။ ထိုးမုန့်ဆိုင် တခုရဲ့နာမည်ဆိုင်းဘုတ်၊ လဖက်ရည်ဆိုင်တခု၊ လွယ်အိတ်ဆိုင်တခုရဲ့ အမည်ဆိုင်းဘုတ် လောက်တောင် ကြီးကြီးမားမားထည်ထည်ဝါ၀ါ ဟိတ်နဲ့ဟန်နဲ့နေရာယူထားတာ မရှိပေမဲ့၊ တခြားတခြားသော ဆိုင်းဘုတ်ကြီးတွေနဲ့ယှဉ်လိုက်ရင် ဆိုင်းဘုတ်လေးဟာ ခပ်သေးသေးပါပဲ လို့တောင် ပြောရမှာဖြစ်ပေမဲ့၊ ‘လူထု’ ဆိုတဲ့ စာလုံးလေး နှစ်လုံးဟာ ထူးထူးခြားခြားသက်ဝင် လှုပ်ရှားနေပါတယ်။ ‘လူ’ ဆိုတဲ့ ပထမစာလုံးလေးကိုက ‘လ’ နဲ့တဆက်တည်း နှစ်ချောင်းငင် ဟာတချောင်းနဲ့တချောင်း-ခွဲမနေပဲ ခပ်သော့သော့လက်ရေးအသွင် တဆက်တည်းဆက်နေပါ တယ်။ ‘ထု’ ဆိုတဲ့ စာလုံးလေးက နောက်ဆုံးတချောင်းငင်လေးကလဲ လှိုင်းတွန့်လေးလို ကွေးတက်သွားပြီး ရိုးရိုးလေးနဲ့ထူးထူးခြားခြားဖြစ်နေရင်း လူနဲ့အတူဟန်ချက်ညီအချိုးကျနေ တယ် ထင်မိတယ်။ ဒါကိုက ‘လူထု’ တိုက် ရဲ့လူထုအထိမ်းအမှတ် ‘လူထု’ လိုဂို၊ ‘လူထု’ မူပိုင် ထရိတ်မတ်လေးသဖွယ် လူထုကြားမှာအသားကျနေခဲ့တာ နှစ်ပေါင်းနဲနဲနောနော မဟုတ် တော့။ ‘လူထု’ ဆိုတဲ့ စာလုံးလေးက ရိုးရိုးလေးနဲ့အားပါနေသလို၊ ‘လူထု’ ဆိုတဲ့ စာလုံးလေး နှစ်လုံးကိုဆက်ပြီး ထွက်ပေါ်လာခဲ့တဲ့ ဗမာဝေါဟာရ၊ ‘လူထု’ ဆိုတဲ့ ဝေါဟာရရဲ့အနက် အဓိပ္ပါယ်ကလဲ ရိုးရိုးလေးနဲ့အားမာန်ပြည့်နေရုံမက ကျယ်ကျယ် ပြန့်ပြန့်လေးလေးနက်နက်နဲ့ အခြေခံကျကျ အနှစ်သာရသဘောကို ဖေါ်ညွှန်းနေပါတယ်။ ‘လူထု’ ဆိုတာ အခြေခံအကျဆုံး သော အကျယ်ပြန့်ဆုံးသော အများတကာ့အများစုကြီးဖြစ်သော ပြည်သူပြည်သားအားလုံးကို ကိုယ်စားပြုထားတဲ့ ဝေါဟာရမဟုတ်လား။
ကနေ့ကာလမှာတော့ ‘လူထု’ဆိုတဲ့ဝေါဟာရဟာ ရေပန်းအစားဆုံးဝေါဟာရတခု ဖြစ်နေတာ ကြာပါပြီ။ ‘လူထုသဘောထား’ ‘လူထုစစ်တမ်းကောက်ယူချက်’ ‘လူထု တိုက်ပွဲ’ ‘လူထုခေါင်းဆောင်’ ‘လူထုထောက်ခံမှု’ ‘လူထု ဆန္ဒ’။
‘လူထု’ တိုက် နားက ဖြတ်သန်းသွားရလေတိုင်း၊ ‘လူထု’ဆိုတဲ့ ဆိုင်းဘုတ်လေးဆီလှမ်း ကြည့် မိလျက်သားဖြစ်တတ်ခဲ့ပြီး၊ နိုင်ငံရေးဝရမ်းပြေးတယောက်ဘ၀ပေမို့ တခါမှမ၀င်ဖြစ် အောင် သတိထားရှောင်ကွင်းခဲ့ရပေမဲ့၊ အဲဒီနားက ဖြတ်သန်းရတိုင်း ရင်ခုန်မိတတ်တာတော့ မှတ်မှတ်ထင်ထင်ပါပဲ။
ဒီ ‘လူထု’ ဆိုတဲ့ ဆိုင်းဘုတ်လေးနဲ့‘လူထု’ဆိုတဲ့ တိုက်အိမ်လေးထဲမှာ အမေလူထုဒေါ်အမာ ရှိနေလိမ့်မယ်၊ အမေဒေါ်အမာဟာ လူထုဒေါ်အမာဆိုတဲ့အတိုင်း လူထုရပ်တည်ချက်နဲ့ လူထု ဖက်က လူထုအတွက် စာပေတွေကို အိုကြီးအိုမပေမဲ့၊ ကလောင်မချ တက်တက်ကြွကြွ ရေးသားဖေါ်ကျူး နေလိမ့်မယ် - ဆိုတာတွေကို မှန်းမျှော်တွေးဆကြည့်မိရင်း စိတ်ထဲကနေ ဂါရ၀ပြုမိခဲ့တာကလဲ အကြိမ်ကြိမ်ပါပဲ။ ကျနော်တို့ကိုယ်တိုင် နိုင်ငံရေးစာပေတွေကို အသည်း အသန် ဖတ်ရှုစအရွယ်က လူထုတိုက်ထုတ်စာအုပ်စာပေတွေကို ဖတ်ရှုခဲ့ရတာနဲ့ အမေလူထု ဒေါ်အမာရဲ့ ‘ဘ၀ချင်းမတူသည့် တရုတ်ပြည်’၊ ‘အို - ယန်းကီးတို့’ ‘ငွေနဲ့လက်နက်’ တို့အပါ အ၀င် လူထုဦးလှရဲ့ ‘လှောင်ချိုင့်တွင်းက ငှက်ငယ်များ’၊ ‘အားလုံးကောင်းကြရဲ့လား’ ‘သတင်း စာများကပြောသော သမိုင်း’ စတဲ့စာအုပ်တွေအကြောင်း ဖျတ်ကနဲဖျတ်ကနဲသတိရမိတတ် ပါတယ်။

( ၂ )

ကျနော်တို့ဗမာပြည်စာပေသမိုင်းမှာအလေးထားရမယ့် စံတင်လောက်တဲ့ အမျိုးသမီး ကလောင်ရှင်တွေ ခေတ်အလိုက် ခေတ်အလိုက်ထွက်ပေါ်ခဲ့ဖူးပါတယ်။ ပဒေသရာဇ်ခေတ်တွေ လောက်ဆီကိုခဏထား၊ အနီးခေတ်ကာလလောက်အထိပဲ ခွဲကန့်ကြည့်မယ်ဆိုရင် ဒေါ်ဒဂုန် ခင်ခင်လေး၊ ဂျာနယ်ကျော် မမလေး၊ ဒေါ်ခင်မျိုးချစ်၊ ဒေါ်ခင်နှင်းယုနဲ့ အမေလူထုဒေါ်အမာ တို့ကို အားကောင်းမောင်းသန်တကယ့်ကလောင်ရှင်ကြီးတွေအဖြစ် တွေ့ရပါလိမ့်မယ်။ ဗမာ စာပေအနုပညာလောကမှာ မှတ်တိုင်ကိုယ်စီ စိုက်ထူထားနိုင်ကြပြီးသား၊ အနုပညာအရည် အသွေးပြည့် ကလောင်ရှင်ကြီးတွေ ဖြစ်သလို၊ ဒေါ်ဒဂုန်ခင်ခင်လေး၊ ဂျာနယ်ကျော် မမလေး နဲ့ အမေလူထုဒေါ်အမာတို့ဟာ သတင်းစာနဲ့ပါ ပတ်သက်နေကြတဲ့ ရှားရှားပါးပါး အမျိုးသမီး သတင်းစာပညာရှင်ကြီးတွေလဲ ဖြစ်ခဲ့ကြပါတယ်။ ဒေါ်ဒဂုန်ခင်ခင်လေးက ယုဝတီဂျာနယ်နဲ့ ယုဝတီ သတင်းစာကို ဦးစီးထုတ်ဝေခဲ့သူ၊ အမျိုးသမီးကလောင်ရှင်တွေကို ယုဝတီကလောင် ရှင် ဘွဲ့ပေးပြီး အမျိုးသမီးကလောင်ရှင်များအဖွဲ့ကို တည်ထောင်ခဲ့သူ ဖြစ်သလို၊ ဂျာနယ်ကျော် မမလေး ဆိုတာကလဲ ခင်ပွန်းသည် ဂျာနယ်ကျော်ဦးချစ်မောင် ကွယ်လွန်ပြီးကတည်းက ဂျာနယ်ကျော်နဲ့ ‘ပြည်သူ့ဟစ်တိုင်’ နေ့စဉ်သတင်းစာတွေကို မိန်းမသားတန်မယ့် နေ့စဉ်အပတ်စဉ်မပျက် ဦးစီးထုတ်ဝေခဲ့သူဖြစ်ပါတယ်။ ကျနော်တို့တွေရဲ့အမေ အမေလူထု ဒေါ်အမာ ဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ။ လူထုဂျာနယ်နဲ့ လူထုသတင်းစာ တို့ရဲ့ဖခင်ဟာ လူထုဦးလှ ဖြစ်ခဲ့ပြီး၊ လူထုဂျာနယ်နဲ့ လူထုသတင်းစာတို့ရဲ့မိခင်ရင်းအစစ် ဟာ လူထုဒေါ်အမာပေပဲပေါ့။ ခင်ပွန်းသည် လူထုဦးလှတယောက် ဖဆဆိုရှယ်တွေရဲ့ ယုတ်မာမှုနဲ့ နရသိန်ထဲ ထောင်ထဲ ကြွရောက်စံမြန်းနေရစဉ် ကာလတလျောက်လုံးမှာလဲ အမေလူထု ဒေါ်အမာ ကပဲ အဆက်မပြတ်ဦးစီးထုတ်ဝေရှေ့ဆောင်ခဲ့ရတယ် မဟုတ်လား။ ဂျာနယ်ကျော်နဲ့
ပြည်သူ့ဟစ်တိုင်ဟာ ဗမာပြည်စာနယ်ဇင်းသမိုင်းမှာသာမက ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှု သမိုင်းမှာပါ အရေးပါတဲ့ မှတ်တိုင်တွေရှိခဲ့သလို၊ လူထုဂျာနယ်နဲ့လူထုသတင်းစာ ဆိုတာဟာလဲ လူထုအတွက် လူထုဖက်က ထွန်းပြောင်တဲ့သမိုင်းအစဉ်အလာတွေ တသီကြီးနဲ့မဟုတ်လား။ ဂျာနယ်ကျော်မမလေးရဲ့ ‘ပြည်သူ့ဟစ်တိုင်’ ဟာအာဏာရအုပ်စိုးသူ ဖေါက်ပြန်သူ ဖဆဆိုရှယ် များရဲ့ ယုတ်ယုတ်မာမာ အကြမ်းဖက်ဝင်ရောက်ပြီး၊ စက်တွေကို ရဲဒင်းတွေ ပုဆိန်တွေနဲ့ ရိုက် ချိုး၊ ခဲစာလုံးနဲ့စာစီခွက်တွေပါမကျန် တူနဲ့ထု မှောက်လှန်ချေမွ ဖျက်ဆီးပစ်တာ ခံခဲ့ရဖူးသလို၊ လူထုဦးလှ လူထုဒေါ်အမာတို့ရဲ့ ‘လူထု’ ဟာလဲ ဗုံးနဲ့ခွဲတာတောင် ခံခဲ့ရဖူးပါတယ်။
ကနေ့ခေတ်ကာလလို မဟုတ်ပဲ၊ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက နိုင်ငံတကာ့ လှုပ်ရှားမှုတွေအတွင်းအထိ တက်တက်ကြွကြွပါဝင်လှုပ်ရှားခဲ့ဖူးတဲ့ ရှားရှားပါးပါး ဗမာအမျိုး သမီးကလောင်ရှင်တွေအဖြစ် ထူးထူးခြားခြား မှတ်တမ်းတင်ထားရမှာကလဲ ဂျာနယ်ကျော် မမလေး နဲ့လူထုဒေါ်အမာပဲ ရှိမယ်ထင်ပါတယ်။ ဂျာနယ်ကျော်မမလေးဟာ ၁၉၅၈ ခုနှစ် လောက်က ဂျပန်နိုင်ငံမှာကျင်းပခဲ့တဲ့၊ အနုမြူ ဗုံးပိတ်ပင်ရေး၊ အနုမြူဗုံးမစမ်းသပ်ရေး၊ စစ်ဆန့်ကျင်ရေးညီလာခံကွန်ဖရင့်ကြီးသို့၊ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဖရင့် မြန်မာနိုင်ငံမှ ကိုယ်စား လှယ် တဦးအဖြစ်တက်ရောက်ခဲ့ဖူးပါတယ်။ အမေလူထုဒေါ်အမာဟာလဲ ၁၉၅၃ ခုနှစ်က ဒိန်းမတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ‘ကမ္ဘာ့အမျိုးသမီးများညီလာခံကြီး’ကို မြန်မာနိုင်ငံက အမျိုးသမီး ကိုယ်စားလှယ်အဖြစ် ပါဝင်တက်ရောက်ခဲ့ဖူးသူဖြစ်ပါတယ်။ ဆရာကြီး သခင်ကိုယ်တောမှိုင်း ဦးဆောင်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးလှုပ်ရှားမှု ၊ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုတွေအတွင်း တက် တက်ကြွကြွပါဝင်ခဲ့ကြတဲ့ ရှားရှားပါးပါး အမျိုးသမီးကလောင်ရှင်တွေထဲမှာ ဂျာနယ်ကျော် မမလေး နဲ့အမေလူထုဒေါ်အမာတို့ဟာ ရှေ့တန်းအခန်းက ပါခဲ့ဖူးသူတွေ ဖြစ်ပါတယ်။
အနီးခေတ်ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှု သမိုင်းတလျောက်မှာ၊ အမှန်တရားဘက်ကနေ ရပ်တည်လှုပ်ရှားခဲ့ကြတဲ့၊ သမိုင်းတာဝန်ကြေပြွန်ခဲ့ကြတဲ့၊ ထက်မြက်တဲ့ ကလောင်တွေလဲ အဆက်မပြတ်လိုလို ပေါ်ပေါက်ခဲ့ပါတယ်။ ကျနော့်တဦးချင်းခံစားနားလည်မှုအရ ပြောရရင်၊ နိုင်ငံရေးအရပါ နိုးကြားတက်ကြွတဲ့ ကလောင်ရှင်တွေထဲမှာ အမျိုးသမီးတွေထက် အမျိုးသား ကလောင်ရှင်တွေက ပိုပြီးများပါတယ်။ အဲဒီလို နိုင်ငံရေးအရပါ တိုးတက်တဲ့၊ နိုးကြားထက်မြက် တဲ့ ရှားရှားပါးပါး အမျိုးသမီး ကလောင်ရှင်တွေထဲမှာတော့ ကျနော့်အမြင်မှာ အမေလူထု ဒေါ်အမာ ဟာ ရှေ့ဆုံးကဖြစ်တယ်လို့ ဆိုလိုက်ချင်ပါတယ်။
အမေလူထုဒေါ်အမာဟာအားကျစရာကောင်းလောက်အောင်စာစုံရေးနိုင်ခဲ့တဲ့ ကလောင် ရှင်လဲ ဖြစ်ပါတယ်။ ဘာသာပြန်တွေရော ပင်ကိုရေးတွေပါ၊ ရသရော သုတပါ၊ နိုင်ငံရေးရော လူမှုရေးတွေပါ၊ အမျိုးဘာသာသာသနာအရေးတွေရော၊ အနုပညာယဉ်ကျေးမှု အမွေအနှစ် တွေပါ၊ ဘာဆိုဘာမှ မလပ်ရအောင် ထောင့်စုံအောင် စာစုံရေးနိုင်ခဲ့တဲ့ တကယ့်ကလောင်ရှင် ဆိုတာ စစ်မှန်တဲ့ဗမာပြည် စာပေအနုပညာသမားတိုင်းသိပါတယ်။ စာပေအနုပညာ ၀မ်းစာ ကလဲ ကုံလုံကြွယ်ဝသူဆိုတော့၊ ဆေးစက်ကျရာ အရုပ်ထင်စေနိုင်တဲ့ တကယ့်ပန်းချီကျော် တဦးလို၊ မြင်မြင်သမျှ ကြားကြားသမျှ၊ စိတ်ဝင်စားဖွယ်ဖြစ်အောင် ရေးပြနိုင်စွမ်းရှိတဲ့ စာပေအနု ပညာရှင်လဲဖြစ်ပါတယ်။ ဘာတွေရေးရေး၊ ရည်ရွယ်ချက်နဲ့စေတနာ အတိုင်းသားပါနေတာက တော့ အမေလူထုဒေါ်အမာရဲ့ စာပေလက်ရာတွေတိုင်းပေါ်မှာပါပဲ။
အမေလူထုဒေါ်အမာဟာ မန္တလေးသူပါ။ မန္တလေးဆိုတာ ကုန်းဘောင် (၁၁) ဆက်ရဲ့ (၁၀) ဆက်မြောက်မင်း၊မင်းတုန်းမင်းကြီး တည်ထောင်ခဲ့တဲ့ ရတနာပုံမင်းနေပြည်မြို့တော်ကြီးဖြစ် သလို၊ နောက်ဆုံးမင်းဆက် သားတော်သီပေါမင်းလက်ထက်မှာ ထီးကျိုးစည်ပေါက် သူ့ကျွန် ဘ၀ရောက်ခဲ့ရပြီး ကုန်းဘောင်ခေတ်ရဲ့နေ၀င်ချိန်မှာ ဗမာဘုရင်ခေတ်ရဲ့နောက်ဆုံးထီးစိုက် နန်းစိုက်ခဲ့ရာ မြို့တော်ကြီးလဲ ဖြစ်ခဲ့ပါတယ်။ ကုန်းဘောင်ခေတ်ရဲ့နောက်ဆုံး အမှတ်အသားလို့ ဆိုပေမဲ့၊ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းရဲ့ပြယုဂ်၊ ရာဇ၀င်ရှိတဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေ
အနှစ်တွေနဲ့ပြည့်နှက် ထုံမွှမ်းနေဆဲနေရာ၊ ဗမာအမျိုးသားတွေရဲ့ထင်ရှားတဲ့ အမျိုးသားယဉ် ကျေးမှု အမှတ်လက္ခဏာသင်္ကေတတခုလဲပဲ ဖြစ်ခဲ့ပါတယ်။ မန္တလေးဟာ ထင်ရှားတဲ့ ကိုယ့်မူ ကိုယ့်ဌာန် ကိုယ့်သဏ္ဍာန်နဲ့ကိုယ်ပိုင်ဟန်ရှိတဲ့ မြို့တော်ကြီးတခုလဲပဲ မဟုတ်လား။ စကားမှာ တောင် ချိုသာယဉ်ကျေးတဲ့ အခေါ်အဝေါ်အသုံးအနှုန်းတွေနဲ့‘မန်းစကား’ ဆိုတာ ထူးခြားတဲ့ ကိုယ်ပိုင်ဟန် ရှိတယ်မဟုတ်လား။
ဆရာစွမ်း (ဆရာမောင်စွမ်းရည်) ကတော့ မန္တလေးသူဖြစ်တဲ့ အမေလူထုဒေါ်အမာ ရဲ့ ရေးဟန်ကို ‘မန်းသံ အပြည့်နဲ့အသုံးထူးအလင်္ကာတွေ ဝေေ၀ဆာဆာနဲ့ဗြန်းဗြန်းကွဲ ရေးလေ့ ရှိတယ်’ လို့ မှတ်ချက်ပြု ဖေါ်ပြခဲ့ဖူးပါတယ်။ ဟုတ်ပါတယ်။ အမေလူထုဒေါ်အမာရဲ့ ရေး ဟန်ဟာ မန်းသံ မန်းဟန်အပြည့်နဲ့ တကယ့်ကို ထူးထူးခြားခြားကိုယ်ပိုင်ဟန်ရှိတဲ့ ရေးဟန်ပါ။ မန္တလေးဟာ ဗမာဘုရင်ခေတ်ရဲ့နောက်ဆုံးနန်းစိုက်ခဲ့ရာ မင်းနေပြည်မြို့တော်ကြီးတခု ဖြစ်ခဲ့လေ တော့၊ တချို့ကတော့ - ‘မန်းဟန်’ ‘မန်းသံ’ ဆိုတာ ‘နန်းဆန်’ တာ လို့ပဲမြင်ချင်မြင် ကြနိုင်ပါတယ်။ အမေလူထုဒေါ်အမာရဲ့ မန်းသံ မန်းဟန်ကတော့၊ ကျနော့်အမြင်မှာ အင်မတန် ကို ‘လူထုဆန်’ ပါတယ်။ လူထုကြားမှာ လူထုတွေ နေ့စဉ်သုံးစွဲပြောဆိုနေကြတဲ့ လူထုသုံး စကားတွေနဲ့ပဲ ဝေေ၀ဆာဆာဖြစ်အောင် ပေါ်ပေါ်လွင်လွင်ဖြစ်အောင် ရေးသားဖေါ်ကျူးပြလေ့ ရှိပါတယ်။ လူထုကြား ခိုင်းနှိုင်းပြောဆိုသုံးစွဲနေကြတဲ့ ပြောထုံးဆိုထုံးလေးတွေ၊စကားပုံလေး တွေ၊ ဆိုရိုးစကားလေးတွေ၊ ဒေသိယလေလေးတွေ၊ လူထုအလင်္ကာလေးတွေကတော့၊ သူ့ နေရာနဲ့သူ၊ ‘ဂွင်’ ကို ကျလို့ပေါ့။ တမင်ဟန်လုပ်ပြီး ရေးထားတာမဟုတ်ပဲ၊ ရင်ထဲကလာတဲ့ အသံနဲ့ရေးထားတဲ့ အမေရဲ့လက်ရာတွေဟာ၊ အမေ၀မ်းစာဘယ်လောက်ရှိတယ် ဆိုတာ၊ ဝေါဟာရတွေ ဘယ်လောက်ကြွယ်တယ်ဆိုတာ၊ အမျိုးသားယဉ်ကျေးမှုအနှစ်သာရနဲ့ ဘယ် လောက် တသားတည်းဖြစ်နေသလဲဆိုတာ လှစ်ကနဲလှစ်ကနဲ
ထင်ဟပ်ပြနေသလိုပါပဲ။
အမေလူထုဒေါ်အမာဟာ စာပေနယ်မှာ သူကိုယ်တိုင် အင်မတန်အရိပ်အာဝါသကြီးတဲ့ စာပေပင်ရိပ်ကြီးတပင်ဖြစ်နေပေမဲ့၊ နောက်ထပ် နောက်ထပ်သော စာပေပင်ရိပ်ပျိုပင်ရိပ်ငယ် လေးတွေရဲ့အဆက်မပြတ်ဖွံ့ ဖြိုးကြီးထွားတိုးတက်လာရေးကိုလဲ ဂရုတစိုက် အရေးတယူ ဖေး ကူ လမ်းပြသွန်သင်တတ်လေ့ရှိတာ သတိထားမိပါတယ်။ သူ့မြေးအရွယ်လောက်ပဲ ရှိမယ့်၊ ‘ချောအိမာန်’ ဆိုတဲ့ မန္တလေးသူ ကလောင်ရှင်မလေးရဲ့ ‘ကောင်းကင်အနမ်း’ဆိုတဲ့ စာအုပ် ကလေး အတွက် အမှာစကား ရေးသားချီးမြှင့်ပေးရာမှာ၊ အမေလူထုဒေါ်အမာက
‘ အမေလျှောက်ခဲ့တဲ့ လမ်းကို ခေတ်လူငယ်တယောက်အနေနဲ့ လျှောက်ဖော်ရတဲ့အတွက် အမေအရမ်းဝမ်းသာတယ်။ စာကစေတနာနဲ့များများရေးလေ ကောင်းလေလေပဲ၊ ဟန်လုပ်ပြီး ရေးရင် မကောင်းတော့ဘူး။ အမေမှာချင်တာကတော့ လူငယ်တွေ စာတွေများများဖတ်ပြီး၊ စာတွေများများ ရေးကြပါလို့ ...’ တဲ့။
လူငယ်တွေ စာတွေများများဖတ်ပြီး စာတွေများများရေးကြမှာကို လိုလိုလားလားရှိလွန်းလှ တဲ့ အမေလူထုဒေါ်အမာဟာ ကိုယ်တိုင်လဲ စာတွေများများဖတ်ပြီး များများရေးနိုင်ခဲ့သူ ဖြစ်ပါ တယ်။ အမေရေးခဲ့တဲ့ စာတွေနဲရော့သလား။ လူထုဂျာနယ် လူထုသတင်းစာ ပုံမှန်ထုတ်ဝေနေ တုန်းကတည်းက ညနက်သန်းကောင်အထိစာတွေဖတ်၊ ပရုဖ်တွေပါ ဖတ်ရလွန်းလို့၊ အသက် (၃၉)နှစ် လောက်ကတည်းက မျက်မှန် စတပ်ခဲ့ရတဲ့အမေဟာ အိုကြီးအိုမအရွယ်အထိလဲ စာတွေဖတ် စာတွေရေးနေလိုက်တာ အားကျစရာပါပဲ။
ကျနော်တို့ကအမေလူထုဒေါ်အမာကို သည့်ထက်သည် အသက်ရာကျော်ရှည်စေချင်ပြီး၊ လူထုအတွက် လူထုဖက်က အမေ့စာတွေကို သည့်ထက်သည်များနိုင်သမျှ များများကြီး၊ များလေ ကောင်းလေ ဖတ်ချင်ပေမဲ့၊ မတရားအာဏာယူထားတဲ့၊ လူထုက လုံးဝမကြည်ဖြူတဲ့ နအဖစစ်အစိုးရနဲ့စစ်အစိုးရ ရဲ့လက်ကိုင်ဒုတ်တွေ ၊ ကပ်ဖားရပ်ဖား လူရမ်းကားတွေကတော့ အမေ့ကို မလိုမုန်းထား ရန်ငြိုးထားရင်း၊ အမေ့စာတွေအပေါ် မရှုစိမ့်နိုင်ရုံမက တတ်နိုင်ရင် အမေ့ကို မြန်မြန်သေစေချင်နေကြတဲ့အထိတောင် အကုသိုလ်ပွားနေကြတာကိုလဲ ကြားနေ သိနေရပါတယ်။ လွန်ခဲ့တဲ့ (၁၀)နှစ်လောက် ၁၉၉၇ ခုနှစ်လောက်တုန်းကလဲ၊ အသက်(ဂ၂) နှစ်အရွယ်မှာရာသီဥတုက ပူလောင်လွန်းလို့ မေမြို့တက်နေရရှာတဲ့ အမေ့ကို၊ နအဖဖက်က သူတောင်းစားတွေက ‘ဒေါ်အမာ အိမ်မှာရှိသလား’ လို့သုံးကြိမ်လောက် ဖုန်းဆက်မေးရုံနဲ့ တောင် အားမရလို့ အိမ်အထိတောင်လာပြီး၊ ‘ဒေါ်အမာ သေတယ်ကြားလို့ဟုတ်သလား’ လို့ လာမေးခဲ့ကြဆိုပဲ။ အမရပူရ တောင်လေးလုံးကျောင်းက ဆရာတော်ဦးပညာ ဆီကိုလဲ ‘ဒေါ်အမာ သေတယ် ကြားတယ်၊ ဟုတ်သလား’ လို့မေးတဲ့သူက လာမေးကြသေးတယ် ဆိုပဲ။ အဲဒီတုန်းက အဖြစ်အပျက်ကိုတော့၊ အမေလူထုဒေါ်အမာကိုယ်တိုင် ပင်တိုင်ရေးနေတဲ့ ‘မိုး - ဂျာနယ်’ ကနေ ‘တုံးကျော်မ’ ဆိုပြီး ပြန်ရေးပြခဲ့ဖူးတာ ကျနော်တို့ဖတ်ရဖူးပါတယ်။ ဒါကြောင့် (၂၀၀၅)ခုနှစ်ကအမေ့အသက် (၉၀)ပြည့်အဖြစ် တောင်သမန်အင်းစောင်းက ကိုပညာရဲ့ တောင်လေးလုံးကျောင်းမှာ အခမ်းအနားပွဲ လုပ်ကြတဲ့အခါ၊ အရင်က ‘လမင်းတရာ အငြိမ့်’ ကို ခေါင်းဆောင်ကခဲ့တဲ့ မဌေးဌေးမြင့်(ပန်တျာ ဌေးဌေးမြင့်)က အမေ့ရဲ့ရှေ့မှောက်မှာပဲ ပထမဆုံး ဂုဏ်ပြုအဖွင့်အဖြစ် နာမည်ကျော် လေဘာတီရဲ့ ‘တုံးကျော်မ’ သီချင်းကို သီဆိုပြီး ဂါရ၀ပြု ဖွင့်လှစ်ပေးခဲ့တာကိုလဲ ဗွီစီဒီအပြားပေါ်ကနေတဆင့် ကျနော်တို့မှတ်မှတ်ရရ ကြည့်လိုက်ရဖူး ပါတယ်။ အမေကအတီးမပါ အဆိုပိုင်ပိုင်နဲ့သီဆိုပြသွားတဲ့ မဌေးဌေးမြင့်ရဲ့တုံးကျော်မသီချင်း ကိုနားဆင်ရင်း လှလှပပကြီးပြုံးလို့မဟုတ်လား။ ဟော..မကြာသေးခင် တလောလောက်ကပဲ၊ မန္တလေးမှာ နအဖဖက်သား လူရမ်းကားနွယ်ဝင် မသမာအဖွဲ့ဝင်တချို့က အမေလူထုဒေါ်အမာ ကို အောက်လမ်းနည်းတွေနဲ့ ဟိုလိုလိုဒီလိုလိုစကားတင်းဆိုလာကြတဲ့အသံတွေ တကျော့ပြန် ထွက်ပေါ်လာတာ ကြားလိုက်ရပြန်ပါတယ်။
အမေ့ကလောင်ကို ရောင်ခြည်မထွက်နိုင်အောင် အမှောင်ချ၊ ပိတ်ကြ ပင်ကြဦးမလား တောင် မသိပါဘူး။ ဘာပဲဖြစ်ဖြစ် အမေကတော့သတ္တိရှိရှိ နှလုံးသွေးနဲ့တုံးကျော်မ သီချင်းသံကို နားဆင်ရင်း လှလှပပကြီးပြုံးနေဦးမှာပါပဲ။

(၃)

အမေလူထုဒေါ်အမာဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ မွေးသက္ကရာဇ် အတူတူ တခုတည်း ဖွား၊ ၁၉၁၅ ခုနှစ်ဖွား ဆိုတော့၊ ဒီနှစ်ဆိုရင် အသက် (၉၂) နှစ်တောင် ရှိပါပြီ။ မကြာမီ ရက်ပိုင်း အတွင်း၊ နိုဝင်ဘာ (၂၉) ရက်နေ့ဆိုရင်အသက် (၉၂) နှစ်တင်းတင်းကြီး ပြည့်တော့မှာပါ။
နှစ်စဉ်လိုလို မွေးနေ့ကျင်းပနေကျ၊ တောင်သမန်အင်းစောင်းက တောင်လေးလုံး ကျောင်းမှာ အသက် (၉၀) ပြည့်ပွဲကို (၂၀၀၅)ခုနှစ်က ကျင်းပနိုင်ခဲ့ပေမဲ့၊ မနှစ်က (၂၀၀၆) ခုနှစ်ကတော့ အသက် (၉၁) နှစ်ပြည့်ပွဲကို ကျင်းပနိုင်ခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။ ဒီနှစ်ကော - ကျင်းပနိုင်ခွင့် ရပါ့မလား။
ဒီနှစ်ဟာ အမေလူထုဒေါ်အမာရဲ့အသက် (၉၂) မြောက်ဖြစ်သလို၊ အမေလူထုဒေါ်အမာ ရဲ့ - အမေကိုယ်တိုင် ခေါင်းစည်းတပ်ပြီး မကြာမကြာရေးဖွဲ့လေ့ရှိတဲ့ (ငယ်ကကျွမ်းတဲ့ ခင်ပွန်း သည်သို့) ဆိုတဲ့ ငယ်ကကျွမ်းတဲ့ခင်ပွန်းသည် လူထုဦးလှ ကွယ်လွန်ခဲ့တာ (၂၅) နှစ်မြောက်လဲ ဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ် သြဂုတ်လ (၇)ရက်နေ့က ကွယ်လွန်ဆုံးပါးသွားခဲ့ရတဲ့ လူထုဦးလှ ဟာ ၁၉၁၀ ပြည့် ဇန်န၀ါရီ (၁၉) ရက်နေ့ဖွားပါ။ အခုချိန်အထိ ရှိဦးမယ်ဆိုရင် (၉၇) နှစ်တောင် ကျော်ပြီပေါ့။ နောက် (၂) နှစ်ကျော်ကျော် ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလထဲဆိုရင် လူထုဦးလှရာ ပြည့်ပေါ့။ ကျနော်တို့ကတော့ လူထုဦးလှရာပြည့်ပွဲကို အမေလူထုဒေါ်အမာကိုယ်တိုင် ဦးစီး ကျင်းပသွားတာမြင်ချင်သလို၊ အမေကိုယ်တိုင် အမေ့ရာပြည့်ပွဲကို မျက်ဝါးထင်ထင် တွေ့မြင် သွားရေးကိုလဲ တမ်းတမ်းတတ ဆန္ဒပြုမိနေပါတယ်။
ကျနော်ဟာ အမေလူထုဒေါ်အမာရဲ့စာတွေနဲ့ ငယ်ငယ်ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့ရ ဖူးပေမဲ့၊ အမေလူထုဒေါ်အမာကို စတင်တွေ့ဖူးတာကတော့ ကျနော်အသက် (၃၀) ကျော်မှပါ။ အမေလူထုဒေါ်အမာတို့ လူထုဦးလှတို့ကိုယ်တိုင်လဲ ကြုံတွေ့ရင်ဆိုင်ဖြတ်သန်းခဲ့ရဖူးပြီး၊ နာမည် ကိုတောင် မခေါ်ချင်လွန်းလို့- ‘ဟိုအထဲ’ လို့အမှတ်သညာပြုထားကြတဲ့ ‘ထောင်ထဲ’ ကနေ ထွက်လာပြီးတဲ့နောက်ပိုင်းမှာမှ စတင်တွေ့ရဖူးတာပါ။ နှစ်ကတော့ ၁၉၈၆ လား၊ ၁၉ဂ၇ လား၊ သိပ်မကွဲပြားလှတော့ပေမဲ့၊ စာဆိုတော်လကြီး ဆိုတာကိုတော့ မှတ်မှတ်ရရ မှတ်မိနေပါတယ်။
အဲဒီနှစ်မှာ ထောင်ထဲမှာတုန်းက အတူနေဘက် တကသ - ဗကသခေါင်းဆောင်ဟောင်း အကို ကြီးကိုလှရွှေတို့ရဲ့ ဘိုကလေးစာပေဟောပြောပွဲ ထူးထူးခြားခြား ဖြစ်မြောက်ရေးနဲ့ပတ်သက်ပြီး တော့ဖြစ်ပါတယ်။ အကိုကြီးကိုလှရွှေတို့နဲ့ လုပ်တူကိုင်ဖက် ကျောင်းဆရာမဟောင်းကြီး တယောက်က ‘နှစ်စဉ် ဘိုကလေးမြို့မှာ ကျင်းပလာခဲ့တဲ့ စာဆိုတော်နေ့စာပေဟောပြောပွဲတွေ ဟာ မဆလနွယ်ဝင် စာပေသမားယောင်ယောင် တဦးကချည်းပဲ၊ သူ့ခြေသူ့လက်လုပ်ပြီး ဖိတ် တာကြားတာ ဦးစီးလုပ်ကိုင်နေတာဟာ တနှစ်မှလူသူလေးစားစရာ တူတူတန်တန်စာရေးဆရာ စာရေးဆရာမကြီးတွေ မပါဖူးဘူး၊ ဒါကြောင့် ဒီနှစ်တော့ အတိုက်ခံလုပ်ပြီး တူတူတန်တန်စာပေ ဟောပြောပွဲဖြစ်အောင် လုပ်ပြမယ်ဆိုပြီး တာဝန်ယူလာခဲ့ပြီ၊ အဲဒီအတွက် ၀ိုင်းပြီးအကူအညီ ပေးကြပါအုန်း’ ဆိုပြီး ကိုလှရွှေအားကိုးနဲ့ ကိုလှရွှေနေထိုင်ရာ ရန်ကုန်ကို ဆင်းလာရာကနေ ကျနော်နဲ့ပါ ဆုံဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အကိုကြီးကိုလှရွှေက ‘ဟေ့ကောင် - မင်း အကူအညီပေး အုန်း ’ဆိုပြီး ကျနော့်ကိုပြောတော့၊ ကျနော်က ကျနော်နဲ့ရင်းနှီးတဲ့ မနုနုရည် (နုနုရည် - အင်းဝ) တို့ကိုပြောပြပြီး ထပ်ဆင့်အကူအညီ တောင်းပါတယ်။ မနုနုရည်က မန္တလေးက လူထုဒေါ်အမာ ကိုပါ ရအောင်ဖိတ်ပေးမယ် တာဝန်ယူပြီး သူပါဘိုကလေးဟောပြောပွဲကို လိုက်ဟောဖို့တာဝန် ယူပါတယ်။ အဲဒီနှစ်က ဘိုကလေးမှာကျင်းပတဲ့ စာပေဟောပြောပွဲဟာ ဘယ်နှစ်ကနဲ့မှမတူ အောင် တူတူတန်တန် စည်စည်ကားကား ဖြစ်မြောက်သွားခဲ့ပါတယ်။ (ဆရာဂျမ်းတို့၊ ဆရာစွမ်း တို့တောင် ပါဝင်ဟောပြောဖြစ်သေးတယ် ထင်ပါတယ်။ ကောင်းကောင်းတော့ မမှတ်တော့ပါ။)
ကျနော်မှတ်မိနေတာကတော့ ဘိုကလေး စာပေဟောပြောပွဲအတွက် အမေလူထုဒေါ် အမာ မန္တလေးကနေ ရန်ကုန်ကိုဆင်းလာတော့၊ အကိုကြီးကိုလှရွှေနဲ့ကျနော်ဟာ အမေလူထု ဒေါ်အမာကို သွားကြိုကြပါတယ်။ မနုနုရည်တို့လင်မယားရဲ့ အကူအညီနဲ့အမေလူထုဒေါ်အမာ တည်းနေကျ ရန်ကုန်ကဦးအေးကြည်ရဲ့အိမ်အထိ သွားတွေ့ဖြစ်ကြတာပါ။ အမေလူထု ဒေါ်အမာကတော့ ပြုံးပြုံး ပြုံးပြုံးနဲ့ပါပဲ။ အဲဒီတုန်းက အမေဒေါ်အမာဟာ အသက်(၇၀) ကျော် အရွယ်ရှိနေပါပြီ။ ဒါပေမဲ့ သွက်သွက်လက်ရှိတုန်း၊ သွားနိုင် လာနိုင်တုန်းပေါ့။
အမေလူထုဒေါ်အမာနဲ့ကျနော် ဒုတိယအကြိမ် ဆုံဖူးရတာကတော့ လူချင်းမဟုတ်ပါ။ စာ ချင်းလဲ မဟုတ်ပါ။ ဒါပေမဲ့ ကျနော့်ရင်ထဲမှာ ဘယ်တော့မှ မမေ့နိုင်စရာအဖြစ်တခုအဖြစ် တိုက် တိုက်ဆိုင်ဆိုင် မှတ်မှတ်သားသားဖြစ်နေခဲ့ပါတယ်။ သမိုင်းဝင် ရှစ်လေးလုံးအရေးတော်ပုံလှုပ် ရှားမှုကြီးနဲ့လဲ ဆက်စပ်ပတ်သက်နေတာကြောင့်မို့ပါ။ ရှစ်လေးလုံးအရေးတော်ပုံကြီး မြေတုန် ဟီးအောင် ပေါ်ထွန်းနေစအချိန်ကြီးမှာ၊ ဘားကောင်စီကျေညာချက် ထွက်ပေါ်လာပြီး မကြာခင် မှာပဲ၊ ကျနော်တို့စာပေအနုပညာရှင်တွေကလဲ မဆလစစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့ ကျေညာချက်တစောင် လက်မှတ်တွေရေးထိုး လှုပ်ရှားခဲ့ကြပါတယ်။ တာဝန်ယူ ဆောင်ရွက်သူ တွေက နေရာအသီးသီးခွဲပြီး လက်မှတ်ရေးထိုး ကောက်ခံရယူရာမှာ ကျနော့်ရဲဘော် အယ်ဒီတာတဦးက ကျနော့်ဆီ လက်မှတ်ယူဖို့ရောက်လာခဲ့ပါတယ်။ မှတ်မှတ်ရရ ‘ချယ်ရီ မဂ္ဂဇင်း’ အယ်ဒီတာအဖွဲ့ဝင်တဦးဖြစ်တဲ့ ‘ကိုထွဋ်’ ရဲ့စားပွဲပေါ်မှာပါ။ လက်မှတ်ရေးထိုးဖို့ ပေးလာသူကတော့ ဆရာမောင်ကိုယုရဲ့လူရင်း၊ ဆရာမောင်ကိုယု နာယကလုပ်နေတဲ့ ‘မြတ်လေး’ မဂ္ဂဇင်းက နောက်ကွယ်အယ်ဒီတာတဦး ဖြစ်ပါတယ်။ ကျနော်က တက်တက် ကြွကြွနဲ့ လက်မှတ်ရေးထိုးပေးဖို့၊ ကျနော့်ဆီ ထိုးပေးလာတဲ့ စာရွက်ဖြူကို သေသေချာချာ ကြည့်လိုက်တော့၊ အပေါ်ဖက်မှာ လက်မှတ်တွေ တချို့အစီအရီ ထိုးထားပြီးသား ဖြစ်နေပါပြီ။ ကျနော့်ဆီ ပေးလာတဲ့ စာရွက်ဖြူပေါ်မှာ၊ ကျနော် လက်မှတ်ရေးရထိုးရမယ့်နေရာရဲ့အပေါ်မှာ နောက်ဆုံးလက်မှတ်ရေးထိုးထားတာကတော့ ဆရာ ‘လူထု စိန်ဝင်း’ ပါ။ ဆရာလူထုစိန်ဝင်းရဲ့ အပေါ်မှာ ကပ်လျက်သား တွေ့ရတာကတော့၊ အမေ ‘လူထုဒေါ်အမာ’ ပါပဲ။ အမေလူထု ဒေါ်အမာနာမည်နဲ့ လူထုဒေါ်အမာ ကိုယ်စားဆိုပြီး ဆရာလူထုဦးစိန်ဝင်းကပဲ လက်မှတ်ထိုး ထားပါတယ်။ ‘လူထုဒေါ်အမာရဲ့ ဖုန်းနဲ့လှမ်းပြီး အကြောင်းကြားချက်အရ’ ဆိုပြီးလဲ ဆရာလူထု ဦးစိန်ဝင်းက ဖေါ်ပြရေးသားထားပြီး လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။ ကျနော့်ရင်ထဲမှာ လှိုက်ကနဲ ခုန်သွားရပြန်ပါတယ်။ အမေလူထုဒေါ်အမာဆိုတာ အဲဒီလို အမေမျိုးပါကလား။ လူထုအရေး လူထုတိုက်ပွဲတွေနဲ့ပတ်သက်ရင်၊ ဘယ်နေရာကပဲဖြစ်ဖြစ်၊ ရှိရာနေရာ ကြားရာ အရပ်ကနေ တက်တက်ကြွကြွ ပါဝင်ပူးပေါင်းတတ်သူပါကလား။ လူထုအရေးအတွက် လူထု ဖက်ကနေ လူထုတိုက်ပွဲတွေနဲ့အစဉ်ထာဝရ တသားတည်း ကျနေတတ်သူမျိုးပါကလားလို့ မှတ်မှတ်သားသား ဖြစ်ခဲ့ရပါတယ်။ ကျနော်ဟာ အမေတို့လူထုဦးစိန်ဝင်းတို့ရဲ့ အောက်ခြေကပ် လျက်သားကနေ ဂုဏ်ယူစွာနဲ့ လက်မှတ်ရေးထိုးခဲ့ဖြစ်ပါတယ်။ ကျနော်ပြီးတော့ အဲဒီစာရွက် ပေါ်မှာပဲ အဲဒီနေရာနားမှာပဲ လက်မှတ်ထိုးပေးသူကတော့ ကာတွန်းကိုဝင်းထွန်း (အခု ပြည်ပ ရောက် - ကာတွန်း မစ္စတာဘားမား) လို့ပဲ စိတ်ထဲမှာ စွဲထင်မှတ်မိနေပါတယ်။
အမေနဲ့လူချင်း နောက်ဆုံးတွေ့ဆုံဖြစ်ခဲ့တာကတော့၊ ၁၉ဂဂ ခုနှစ်အကုန် ဂ၉ ခုနှစ်ဆန်း ကာစထဲမှာပါပဲ။ အမေ့ရဲ့အိမ် အမေ့ရဲ့ ‘လူထု’ တိုက်ထဲမှာပဲ သွားရောက်တွေ့ဆုံခဲ့ရတာ ဖြစ်ပါ တယ်။ ကျနော်တို့အကိုကြီးကိုလှရွှေတို့ပါ ပါဝင်ဖွဲ့စည်းဖြစ်ခဲ့ကြတဲ့ ပြည်သူ့တိုးတက်ရေးပါတီ ပေါ်ပေါက်ပြီးစ၊ သိပ်တောင်ကာလ မကြာမြင့်လှသေးတဲ့ အချိန်အတောအတွင်းမှာပါပဲ။ မှတ်မှတ်ရရ နှင်းတွေဝေနေဆဲ ဆောင်းကာလကြီးအတွင်းမှာပါပဲ။
မန္တလေးသား ရဲဘော်ကြီးတဦးနဲ့အတူ အမေ့အိမ်ကို ရောက်အောင်သွားခဲ့ကြတာပါ။ လူထုတိုက်ရဲ့ ဧည့်ခန်းလေးအတွင်း ကျနော်တို့ကိုလှရွှေတို့ ရောက်ရှိသွားချိန်မှာ အမေက အပြုံးလဲ့လဲ့လေးနဲ့ကြိုဆိုပါတယ်။ ဘေးနားမှာ ဖတ်လက်စလို့ထင်ရတဲ့ စာအုပ်တအုပ်နဲ့ အဲဒီ စာအုပ်လေးပေါ်မှာ မျက်မှန်လေးတလက် တင်ထားတာလဲ တွေ့ရပါတယ်။ အဲဒီကျတော့မှပဲ ကျနော်က အမေ့မျက်နှာကို သေသေချာချာသတိထားပြီး ကြည့်မိပါတယ်။ အသက်အရွယ် တော်တော်ကြီးနေပြီဖြစ်ပေမဲ့ အမေ့ရဲ့မျက်နှာဟာ အိုကြီးအိုမနဲ့ ဇရာထောင်းနေတဲ့ပုံ၊ အားအင် ကုန်ခမ်း ညှိုးနွမ်းဖျော့တော့နေတဲ့ပုံ မပေါက်သေးပါ။
ကျနော်က အမေလူထုဒေါ်အမာကိုယ်တိုင် တချိန်ကရေးဖွဲ့ပြခဲ့ဖူးတာလို့ စိတ်ထဲမှာ ရေးတေးတေးထင်နေတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ရုပ်ပုံဘွဲ့စာပန်းချီခြယ်သချက် စကားလုံးစာပိုဒ်တချို့ကို ဖျတ်ကနဲအမှတ်ရမိလိုက်ပါတယ်။ အမေရေးသားပြုစုခဲ့တဲ့ ‘ဆရာကြီး သခင်ကိုယ်တော်မှိုင်း’ အတ္တုပ္ပတ္တိစာအုပ်ကြီးထဲမှာပဲလို့ ထင်မိနေပါတယ်။ အဲဒါကတော့ - ‘ - - ဗမာပီသတဲ့ရုပ်ဆိုတာ ဘယ်လိုဟာလဲ မေးလာရင်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ထိုးပြ လိုက်စမ်းပါ၊ ဆရာကြီးရဲ့ရုပ်ရည်ဟာ အင်မတန် ဗမာပီသလှပါတယ်။ ဆရာကြီးရဲ့နှာတံဟာ သေသေချာချာပန်းပုထုပြီး တင်ထားသလို ဖြောင့်ဖြောင့်စင်းစင်းနဲ့ နှာတံပေါ်ပေါ် လှပလှပါ တယ်’ လို့ဆိုတဲ့ ဖွဲ့ဆိုရေးသားထားချက်ပါပဲ။ တိတိကျကျတော့ မမှတ်တော့ပါ။ အမေလူထု ဒေါ်အမာကိုယ်တိုင် ရေးသားပြခဲ့တာလို့ပဲ စိတ်ထဲမှာ ဝေေ၀၀ါးဝါး စွဲထင်နေမိခဲ့ပါတယ်။
အဲဒီလိုပါပဲ၊ အမေလူထုဒေါ်အမာကိုလဲ လေးလေးစားစားငေးမောကြည့်မိရင်း ကျနော်က ‘ဗမာအမျိုးသမီးတယောက်ရဲ့ ရုပ်ပုံဟာဘယ်လိုများပါလဲလို့ နိုင်ငံခြားသားဒါမှမဟုတ် လေ့လာ သိရှိလိုသူ တဦးဦးကများမေးလာရင်၊ ကျနော်တို့ရဲ့အမေ လူထုဒေါ်အမာရဲ့ရုပ်ပုံကိုပဲ နမူနာ အဖြစ် ထိုးပြလိုက်စမ်းပါ’ လို့ပဲပြောလိုက်ချင်ပါတယ်။ အမေလူထုဒေါ်အမာရဲ့မျက်နှာဟာ အင်မတန်ဗမာပီသလှပါတယ်။ ထူးထူးခြားခြားပေါ်လွင်နေတာကလဲ နှာတံလို့ပဲ ထင်ပါတယ်။ မျက်ခုံးမွှေးကလဲ ရှည်လျားလှတဲ့ နှာတံနဲ့လိုက်ဖက်ညီအောင် ပေါ်ပေါ်လွင်လွင် ရှိလှပါတယ်။
အမေလူထုဒေါ်အမာက ကျနော်တို့ကို လဖက်ရည်တွေ မုန့်တွေနဲ့လဲ ဧည့်ခံလိုက်ရုံမက၊ (လဖက်ရည်အချိုတွေ မုန့်ပဲသရေစာတွေနဲ့ မဆီမဆိုင်နိုင်လိုက်တာလို့ပဲ ဆိုချင်ဆို) အညာ ထွက်ပစ္စည်းစစ်စစ် အညာဇီးချိုသီးတွေနဲ့လဲ ဧည့်ခံလိုက်ပါသေးတယ်။ ဇီးချိုသီးတွေကို ပန်းကန်ပြားလေးထဲမှာ ထည့်လို့ပေါ့။
အမေလူထုဒေါ်အမာဆီကို ကျနော်တို့လာခဲ့ကြတာက အမေ့ကို လာရောက်နှုတ်ဆက် ချင် စကားစမြည် ပြောချင်လို့သာမက၊ ကျနော်တို့ ပြည်သူ့တိုးတက်ရေးပါတီ ဖွဲ့စည်းလှုပ်ရှား နေပြီ၊ အဲဒီအတွက်ပါတီရံပုံငွေ အလှူငွေထည့်ဖို့ လာရောက်အလှူခံကြတာလဲ အကြောင်း တချက်အဖြစ် ပါပါတယ်။
အမေက ပြည်သူ့တိုးတက်ရေးပါတီအတွက် အလှူငွေ (၂၀၀) လားပဲ ထည့်လိုက်ပါသေး တယ်။ အဲဒီတုန်းက အလှူငွေ (၂၀၀) ဆိုတာ သိပ်နည်းလှတဲ့ငွေ မဟုတ်ပါ။ ပါတီဖွဲ့စည်းမှတ် ပုံတင်ကြေးတခုလုံးမှ ကျပ် (၅၀၀) ပဲ သတ်မှတ်ထားတဲ့ အချိန်မဟုတ်လား။

( ၄ )

ပြည်တွင်းမှာ နေလို့မရတော့လို့ ပြည်ပကိုထွက်လာရတော့တဲ့အချိန်အထိ၊ ကျနော် နောက်ဆုံးထွက်လာခဲ့ရတဲ့ နေရာဟာလဲ မန္တလေးပါပဲ။ အခုလို နှင်းတွေ တဝေ့ဝေ့ဝေနေတဲ့ ဆောင်းတွင်းကာလကြီးမှာပါပဲ။ အရုဏ်တောင် မလာတတ်သေးတဲ့ ဆောင်းတွင်းနံနက်စော စော မြူရိပ်ဝေေ၀တွေကြားထဲမှာ လွမ်းစရာ့မန္တလေးကို ဆွတ်ဆွတ်ကျင်ကျင် နှုတ်ဆက်ခဲ့ရပါ တယ်။ ကျနော်ငယ်ငယ်တုန်းက စွဲလန်းခဲ့ဖူးတဲ့မြင်ကွင်း၊ မန္တလေးနန်းမြို့ရိုးနဲ့ ကျုံးရိပ်ရေပြင် ညို့ညို့ဟာ မလင်းနိုင်သေးတဲ့အမှောင်စတွေကြားထဲမှာ မှိုင်းမှုန်ဝေရီ ကျန်ရစ်ခဲ့ပါတယ်။
နယ်စပ်တဖက်ခြမ်းဆီ ရောက်လာပြီးတဲ့နောက်ပိုင်းမှာလဲ အမေလူထုဒေါ်အမာရဲ့ အသံ ကို လေလှိုင်းပေါ်တွေကတဆင့် အခါအားလျော်စွာ ကြားနေရပါတယ်။ အမေလူထုဒေါ်အမာရဲ့ (ဂ၀) ပြည့်မွေးနေ့ … (၉၀) ပြည့်မွေးနေ့ ... စသဖြင့်စသဖြင့်တွေသာမက၊ အခါအားလျော်စွာ ပြည်တွင်းအခြေအနေတွေနဲ့ ပတ်သက်တဲ့၊ ဒီမိုကရေစီရေးအဖြစ်အပျက်တွေနဲ့ ပတ်သက်တဲ့ အမေလူထုဒေါ်အမာရဲ့ အမြင်၊ လူထုဒေါ်အမာရဲ့သဘောထား၊ လူထုဒေါ်အမာရဲ့အသံတွေ ...
အသက်အရွယ်တွေ ဘယ်လောက်ကြီးလို့ဇရာတွေ ဘယ်လောက်ထောက်ထောက်၊ ဒေါ်အမာဆိုတဲ့ နာမည်နဲ့ပညတ်သွားရာ ဓာတ်သက်ပါလောက်အောင် ကိုက်ညီနေလွန်းလှတဲ့ အမေဒေါ်အမာရဲ့ ခိုင်မာလွန်းလှတဲ့ လူထုရပ်တည်ချက် လူထုအတွက် အသံတွေကဖြင့် - ကြားရ ကြားရလေတိုင်း ဦးညွှတ်ခဲ့ရပါတယ်။ ဒါကြောင့်လဲ ‘လူထုဒေါ်အမာ’ ဆိုတာ ‘လူထု ဒေါ်အမာ’ ဖြစ်ခဲ့ရတာကိုး - လို့လဲ ရင်တွင်းကပါ နက်နက်ရှိုင်းရှိုင်း ကျေကျေနပ်နပ် နားလည်ခဲ့ ရပါတယ်။ ။

( ၀င်းတင့်ထွန်း)
၁၅-၁၁-၂၀၀၇

(နိုဝင်ဘာ ၂၉ ရက်နေ့မှာ ကျရောက်မယ့် အမေလူထုဒေါ်အမာရဲ့အသက် (၉၂) နှစ်မြောက် မွေးနေ့ကို အထိမ်းအမှတ်ပြု ဦးညွှတ်လိုက်ပါတယ်။ )

Read More...

 
/* EOT ----------------------------------------- */