Thursday 24 January 2008

ငါဟာ မိန်းမ

လင်းလွင်

တယောက်တည်းဆို ငါ ၀တ်လစ်စလစ်နေမယ်
အခုတယောက်တည်းမဟုတ်တော့ ငါ ၀စ်လစ်စလစ်မနေဘူး
အချစ်ကိစ္စကို ငါ့ဘက်က စရမယ်
အခု ငါကမိန်းမဆိုတော့ ငါ စ လို့မရဘူး
ငါဟာ မိန်းမ
ငါဟာ အခူးအဆွတ်ခံဖို့ ပွင့်လာတဲ့ မိန်းမ
ခုနှစ်ရက်သားသမီး ပန်းအိုးတွေအတွက်ဆို
မြန်မြန်ခူးဆွတ်စမ်းပါလို့ မြူဆွယ်နေတဲ့ မိန်းမ
ငါဟာ မိန်းမ
ငါဟာ အသီအကုံးခံဖို့ ကြွေနေတဲ့ မိန်းမ
ခုနှစ်ရက်သားသမီး ဧည့်ခန်းတွေအတွက်ဆို
မြန်မြန်ကောက်ယူစမ်းပါလို့ ဖြားယောင်းနေတဲ့ မိန်းမ
ငါဟာ မိန်းမဆိုတော့ နေချင်သလိုနေလို့မရဘူး
ငါဟာ မိန်းမဆိုတော့ ချစ်ချင်သလို ချစ်လို့မရဘူး
မြုံနေတဲ့ ဝေဒနာတွေနဲ့ ငါဟာ
မြုံနေတဲ့ မိန်းမတော့ မဟုတ်ဘူး
မိန်းမ ငါဟာ ကိုယ်ဝန်ဆောင်ထားတဲ့ မိန်းမ
ငါ့ကိုယ်ဝန်ဟာ အခုလက်ရှိကမ္ဘာနဲ့ ရတာပေါ့
ငါဟာ မိန်းမဆိုတော့ မိခင်ကောင်းတယောက်လည်းဖြစ်ရမယ်
အခုလက်ရှိကမ္ဘာရဲ့ အကျင့်စရိုက်ဆိုးတွေ
ငါမွေးဖွားမယ့် ငါ့ကမ္ဘာလေးမှာ ပါမလာအောင်
ငါမွေးဖွားမယ့် ငါ့ကမ္ဘာလေးကို ငါ ပျိုးထောင်ပေးရမယ်
ငါဟာ မိန်းမ
တရားမျှတမှုကို တန်းဖိုးထားတဲ့
ငါ့ကမ္ဘာလေးကို မွေးဖွားပေးချင်နေတဲ့ မိန်းမ
ငါဟာ မိန်းမ
နိုင်ငံတော်ကိုချစ်တတ်တဲ့
ငါ့ကမ္ဘာလေးကို မွေးဖွားပေးချင်နေတဲ့ မိန်းမ
ငါဟာ မိန်းမ
ငါဟာ ကိုယ်ဝန်သည် မိန်းမ
အခုကတည်းက ကိုယ်ချင်းစာနာမှု အင်္ကျီလေးတွေချုပ်လို့
အခုကတည်းက ယဉ်ကျေးလိမ္မာ ပုံပြင်စာအုပ်လေးတွေ ဖတ်လို့။ ။

ပိတောက်ပွင့်သစ် မဂ္ဂဇင်း (အမှတ်-၁၅၊ ဇန်န၀ါရီလ၊ ၂၀၀၈)

Read More...

ဆွံ့အသူ

ခင်မေနှင်း

တိတ်ဆိတ်တဲ့ညမှာ
ပန်းရနံ့လေးလို
ခေါင်းအုံးနားကို တိုးတိုးလေးရောက်လာတယ်။

ဖုံးထားတဲ့ ခန်းဆီးစကို
သူလှစ်ဟပေးခဲ့တယ်။
ကောင်းကင်ပြာကြီးကိုခံစားနိုင်အောင်
လမင်းကြီးကိုထွန်းညှိပေးခဲ့တယ်။
ရင်ကိုဖွင့်လိုက်ချင်ရဲ့
ဒါပေမယ့်
ကိုယ့်မှာဆွံ့အသူ။

မနက်လင်းသွားပေမယ့်
အခန်းပြတင်းလေးပွင့်ဟကျန်ခဲ့တယ်။

ပိတောက်ပွင့်သစ် မဂ္ဂဇင်း (အမှတ်-၁၅၊ ဇန်န၀ါရီလ၊ ၂၀၀၈)

Read More...

 
/* EOT ----------------------------------------- */