Monday 27 April 2009

အမေရိကန်မြန်မာဆက်ဆံရေးတင်းမာမှု လျော့ကျလာမှုအပေါ် တရုတ်၏စိုးရိမ်မကင်းဖြစ်မှု

http://naytthit.com မှ ကူးယူဖေါ်ပြပါသည်။
(အီးမေးမှရသော ဘာသာပြန်ဆောင်းပါးတပုဒ်ဖြစ်ပါတယ်)

(The Institute of International Studies at Fudan University, Shanghai, China က Asistant professor Jian Junbo ရဲ့ အမေရိကန် - မြန်မာ ဆက်ဆံရေးအပေါ် တရုတ်နိုင်ငံရဲ့ သဘောထားကို သုံးသပ်ထားတဲ့ ဆောင်းပါးကို ပရိတ်သတ် တဦးက ဘာသာ ပြန်ပြီး သူ့ သုံးသပ်ချက်နဲ့အတူ ပေးပို့လာလို့ တင်ပြပေးလိုက်ပါတယ်။ တချို့ နေရာတွေမှာတော့ စာရေးသူရဲ့ ခွင့်ပြုချက်နဲ့ စာဖတ် ရတာ ပိုချောအောင် ပြင်ထားပါတယ်။)

၂၀၀၉ ဧပြီလ အစောပိုင်းက အမေရိကန်၏ အရှေ့တောင် အာရှဆိုင်ရာရုံး ဒါရိုက်တာ Stephen Blake ကို မြန်မာသို့ သံတမန် အဖြစ် စေလွှတ်ခဲ့ရာ အဲဒီလို စေလွှတ်တာဟာ ပြီးခဲ့တဲ့ ခုနှစ်နှစ် အတွင်းမှာ ပထမဆုံး အကြိမ် ဖြစ်ပါသည်။ ဧပြီလ ထဲမှာပဲ US Deputy Secretary of State James Steinberg က “မြန်မာနိုင်ငံကို အထီးကျန် စေခြင်းကနေ ကင်းလွတ်စေဖို့အတွက် အာရှဒေသတွင်း အခြား နိုင်ငံများ နှင့်အတူ ဘုံဗျူဟာတခု ချမှတ်နိုင်ဖို့ ၀ါရှင်တန်က မျှော်လင့်ပါတယ်” ဟု ပြောခဲ့သည်။

အခုလို အခြေအနေ မျိုးနဲ့ ပြောင်းလဲမှု တွေဟာ သမ္မတဘုရှ် အုပ်ချုပ်မှု ကာလတုန်းက ဘယ်တုန်းကမှ မရှိခဲ့ဘူးပါ။ ဘုရှ် လက်ထက်က မြန်မာအပေါ် ဒီမိုကရေစီ ပြောင်းလဲရေးကို ဖိအားပေးမှု နှင့် အပြင်းအထန် ဆန့်ကျင် ရှုံ့ချမှု တို့သာ ရှိခဲ့သည်။

လက်ရှိ အခြေအနေတွေ အရ သမ္မတ အိုဘားမားရဲ့ အစိုးရဟာ အရင် သမ္မတ လက်ထက်က မြန်မာ နှင့် "axis of evil" ဟု ဘုရှ်က ခေါ် ခဲ့သော အီရန်၊ အီရတ် နှင့် မြောက်ကိုရီးယား တို့အပေါ် ထားတဲ့ မူဝါဒနဲ့ လုံးဝ ပြောင်းလဲ ကျင့်သုံးနေသည်။ ။ ဥပမာ အနေနဲ့ - မကြာခင် ကပင် အိမ်ဖြူတော်မှ တီဟီရန် (အီရန်) အပြန်အလှန် ဆွေးနွေးပွဲကို လည်းကောင်း၊ ခိုင်မာတဲ့ အပြန်အလှန် ဆက်သွယ်မှု နှင့်အတူ ပြုံးယမ်း (မြောက်ကိုရီးယား) ၏ ခြောက်နိုင်ငံ ဆွေးနွေးပွဲကို လည်းကောင်း အာရုံစိုက် လာကြောင်းကို ပြသခဲ့ သကဲ့သို့ ကျူးဘား ကိုလည်း အမေရိကန် ကွန်ဂရက် အဖွဲ့ဝင် (ဥပဒေပြု လွှတ်တော်အမတ်) တဦးကို စေလွှတ်ခဲ့သည်။

အပေါ်ယံအားဖြင့် အိုဘားမား၏ နိုင်ငံခြားရေး မူဝါဒဟာ ၎င်းအရင် သမ္မတ၏ မူဝါဒကို လျင်မြန်စွာ လုံလုံးလျားလျား ပြောင်းလဲလိုက်ဟန် ရှိပါသည်၊ သို့သော် ဤပြောင်းလဲမှုတွေ အားလုံးဟာ အုပ်ချုပ်မှုနည်းဗျူဟာ ပုံစံအသစ်၏ အစိတ်အပိုင်း တချို့သာ ဖြစ်ပါသည်။ အိုဘား မား လက်ထက်မှာ နိုင်ငံခြားရေး မူဝါဒဟာ ဖြစ်လာမှ တုံ့ပြန်ခြင်းထက် ဖြစ်အောင် အခြေအနေကို ဖန်တီး ယူမှုကို အခြေခံသော ခိုင်မြဲသော နိုင်ငံတကာဆိုင်ရာ တရားမျှတမှု နှင့် သမ္မတဘုရှ် လက်ထက်မှာ လျော့နည်း ဆုတ်ယုတ် လာခဲ့ရသည် ဟု ဟီလာရီ ကလင်တန် (Secretary of State) က ပြောခဲ့သော “soft power or smart power” ကို ပြန်လည်တည်ဆောက်ရေးကို ဦးတည် လာခဲ့သည်။

အိုဘားမားက သမ္မတဘုရှ် လက်ထက်မှာ များစွာအားနည်း လာခဲ့ရတဲ့ တကမ္ဘာလုံး ဆိုင်ရာ ဦးဆောင်မှု အခန်းကဏ္ဍကို ပိုမိုခိုင်မြဲ တည်တံ့စေဖို့ အတွက် အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒ ချိန်ခွင်ကို ယခင်နှင့်မတူ တခြား ဦးတည်ချက်ကို ဦးတည်ပြောင်းလဲနေဟန် ရှိပါသည်။ အထူးသဖြင့် ဘုရှ်လက်ထက်က ခေါင်းဆောင်မှု အပိုင်း၏ အဓိက အားနည်းချက်မှာ ၂၀၀၃ ခုနှစ် အီရတ်အပေါ် စစ်ရေးအရ ကျူးကျော်မှုပင် ဖြစ်သည်။ လက်ရှိ လက္ခဏာ နှင့် အခြေအနေ တွေအရ ပြောင်းလဲမှု များသည် ယခင် ဘုရှ် လက်ထက်က ဆုံးရှုံးခဲ့သော ညင်သာ ပျော့ပျောင်းသော လွှမ်းမိုးမှုကို ပြန်လည် ရရှိဖို့ အတွက် ဖြစ်ဟန် ရှိသည်။ အထက်ပါ ပြောင်းလဲမှုများကို ကြည့်ခြင်းအားဖြင့် အိုဘားမား ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ အသစ်ဟာ ၁၉၇၀ နှစ်လယ်ပိုင်း ဗီယက်နမ်စစ်ပွဲ ပြီးကတည်းက ဆုံးရှုံးခဲ့သော အမေရိကန်၏ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးမှုကို ပြန်လည် ရယူနိုင်ဖို့ ဆိုတာကို မြင်သာ နိုင်ပါသည်။

ပထ၀ီနိုင်ငံရေး အရလဲ အိုဘားမား၏ မူဝါဒဆိုင်ရာ ဦးတည်မှုများဟာ အရှေ့တောင်အာရှ ဒေသတွင်း အင်အားညီမျှမှုကို စိန်ခေါ်မှု တရပ် ဖြစ်လေမလားဟု မေးခွန်း ထုတ်စရာလဲ ဖြစ်နိုင်ပါသည်။ ၎င်းအပြင် အမေရိကန်၏ မူဝါဒဆိုင်ရာ ပြောင်းလဲမှုများဟာ အထူးသဖြင့် မြန်မာ၏ အိမ်နီးချင်း အင်အားကြီး နိုင်ငံများ ဖြစ်သည့် တရုတ်နှင့် အိန္ဒိယ ကဲ့သို့ နိုင်ငံများအတွက် အာရုံစိုက်စရာ ဖြစ်နေပါသည်။ တနည်းအားဖြင့်လဲ အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအသစ်ဟာ ကမ္ဘာမှာ အမေရိကန်၏ ပုံရိပ်ကို ကြီးမြင့်လာစေရုံသာမက ၀ါရှင်တန်က ညီညွတ်အဆင်ပြေစွာနှင့် အောင်မြင်စွာဆောင်ရွက်နိုင်သော ဒေသတွင်းပထ၀ီနိုင်ငံရေး တည်ဆောက်မှု ပုံစံအတွက် ပြောင်းလဲမှုတရပ်လဲ ဖြစ်ပေသည်။

မကြာသေးခင် နှစ်များအတွင်း အမေရိကန်သည် အာဖဂန်နစ္စတန် အကြမ်းဖက် တိုက်ဖျက်ရေး၊ အီရတ်၊ ပါကစ္စတန်နှင့် အချို့နေရာရှိ စစ်ပွဲတို့ဖြင့် အလုပ်များ နေခဲ့သည်။ ၎င်း အခြေအနေများကပင် မြန်မာနိုင်ငံ အပေါ် အမေရိကန်၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီ ဖော် ဆောင်ရေးနှင့် အစိုးရနှင့် သဘောထား ကွဲလွဲသူများကို လွှတ်ပေးရေး စသော တောင်းဆိုမှု များနှင့်အတူ ရန်လို ဖိနှိပ်ပြီး တွန်းအားပေး လိုသော မူဝါဒမျိုးကို ဖြစ်ပေါ်စေခဲ့သည်။ သို့သော် လက်တွေ့မှာ အမေရိကန် အနေနှင့် ဤ ရန်လို ဖိနှိပ်လိုပြီး တပါတီ အာဏာရှင် စနစ်ကို ဆန့်ကျင်ရေး မူဝါဒများဖြင့် အထီးကျန် နိုင်ငံများကို လက်လျော့ လိုက်လျောစေမှု အပါအ၀င် မည်သည့် အကျိုးအမြတ်ကိုမျှ မရ ရှိခဲ့ပေ။ ဘုရှ် အစိုးရသည် မြန်မာအစိုးရ အပေါ် ဖိနှိပ်အုပ်ချုပ်သော အစိုးရ တရပ်ဟု ယူဆခဲ့ချိန်မှ စ၍ ၀ါရှင်တန်ဟာ မြန်မာနိုင်ငံအပေါ် စီပွားရေး ပူးပေါင်းဆောင်ရွက်မှုပိုင်းတွင် ဖယ်ကျဉ်ထားပြီး၊ စီးပွားရေး ဖွံဖြိုးမှုဆိုင်ရာ အကူအညီ ပေးရေးကိုလည်း ငြင်းပယ်ထားခဲ့ပါ သည်။

ဤကဲ့သို့သော အခြေအနေအရပ်ရပ်ကို တရုတ်က ကောင်းစွာ အသုံးချပြီး နိုင်ငံရေးနှင့် မူဝါဒပိုင်းဆိုင်ရာ ကျောထောက် နောက်ခံအ တွက် အရေးပါသော မြန်မာနှင့် စီးပွားရေး အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုကို ပိုမို တိုးတက်အောင် ဆောက်ရွက်ခဲ့သည်။ လက်ရှိ အခြေ အနေအရ ဆိုလျှင်လဲ တရုတ် မြန်မာ အပြန်အလှန် မှီတည် ဆက်နွယ် နေမှုသည် နှစ်နိုင်ငံလုံး အကျိုးအတွက် လက်တွေ့ကျကျ အ ကောင်အထည် ပေါ်နေပြီ ဖြစ်သည်။ အပေါ်ယံ အားဖြင့် ကြည့်လျှင်လည်း အမေရိကန်၏ မြန်မာနိုင်ငံ အပေါ် သြဇာ လွှမ်းမိုးမှုကို ပြန် လည် ရယူနိုင်ရန် ကြိုးစားမှုဟာ တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို လျော့နည်းစေနိုင်သော သို့တည်းမဟုတ် အဆုံးသတ် စေနိုင်သော စိန်ခေါ်မှု တရပ်လေလားဟု မေးခွန်းထုတ်စရာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ အရှေ့တောင်အာရှ နိုင်ငံများအပေါ် အင်းအားကြီး နိုင်ငံကြီးများ ၏ ပထ၀ီနိုင်ငံရေး လွှမ်းမိုးမှုကို ရယူရန် ကြိုးစားမှုသည် ဒေသတွင်း နိုင်ငံတွေအတွက်တော့ ကောင်းမွန်သော အချက်မဟုတ်ပါ။ သို့သော် မည်သို့ပင်ဖြစ်စေ တရုတ် အနေနှင့်ကတော့ မြန်မာနှင့် အလွန်ကြီးမားသော စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက် နေပြီ ဖြစ်သည့်အတွက် လက်လျှော့ ဆုတ်ခွါမည့် ဟန်မရှိပါ။ တရုတ်အနေဖြင့် မြန်မာမှ ကုန်ကြမ်း ပစ္စည်းများကို ရယူလိုပြီး အထူးသဖြင့် အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသမှ နိုင်ငံများနှင့် ကုန်သွယ်မှု အတွက် ဆိပ်ကမ်းတခုနှင့် ကြားခံစခန်းတခု ရရှိရန် လိုနေပေသည်။

(စာရေးသူမှတ်ချက်။ ။ တရုတ်က အာဖရိက နှင့် အရှေ့အလယ်ပိုင်းမှ ရေနံနှင့် တွင်းထွက်များကို ရခိုင်ကမ်းရိုးတမ်းမှတဆင့် မြန်မာ ကုန်းတွင်းပိုင်းကို ဖြတ်၍ တရုတ်ပြည်မ အတွင်းသို့ သယ်ယူလိုပြီး ၎င်း လမ်းကြောင်းမှပင် တရုတ် ထွက်ကုန်များကို အဆိုပါ နိုင်ငံများသို့ မြန်မာနိုင်ငံကို ဖြတ်၍ တင်ပို့မည် ဖြစ်သည်။ ယခင် မလေးရှားနှင့် အင်ဒိုနီးရှားကြား မလက်ကာရေလက်ကြားမှဖြတ်ကာ စင်္ကာပူ ဆိပ် ကမ်းမှ ပတ်ပြီး သယ်ယူရေးထက် စီးပွားရေးအရ အလွန်တွက်ခြေကိုက်သော နည်းလမ်း ဖြစ်ပါသည်၊ တနည်းအားဖြင့်လဲ အလွန်လုံခြုံ စိတ်ချရပြီး ပထ၀ီနိုင်ငံရေးကိုလဲ တဘက်တလမ်းက အကျိုးသက်ရောက်နိုင်သည်ဟု တရုတ် အနေနှင့် ယူဆမည်ဟု စာရေးသူ ယုံကြည် မိသည်။ မျက်မှောက်ခေတ်မှာ မြန်မာနိုင်ငံရဲ့ ပထ၀ီနိုင်ငံရေး အရေးသာမှုဟာ ကမ္ဘာ့ထိပ်တန်း နိုင်ငံကြီးများအပေါ် လွှမ်းမိုးမှု အတော်အ တန်ကြီးမားနေသည်ကို မြန်မာတိုင်း ဂရုထားသင့်သည်ဟုလည်း ယူဆမိသည်။)

အပြင်ပန်းအားဖြင့်လဲ ၀ါရှင်တန်၏ မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှုကို ပြနေသော မူဝါဒ အသစ်ဖြစ်သော ပထ၀ီနိုင်ငံရေး ယှဉ်ပြိုင်မှုဟာ ဒေသတွင်း အငြင်းပွားမှုများကို ဦးတည် စေနိုင်ပါသည်။ ဒါပေမယ့် ဒီအချက်တွေဟာ ဒေသတွင်း နိုင်ငံတကာ မူဝါဒရေးရာမှာ မုချအမှန် ဖြစ်လိမ့်မည်ဟုလဲ သေချာပေါက် မပြောနိုင်သေးပါ။ နိုင်ငံတကာ မူဝါဒ ရေးရာ၏ အစိတ်အပိုင်း တခုမျှသာ ရှိပါသေးသည်။ မြန်မာနိုင်ငံ အပေါ် ထားရှိလာသော အမေရိကန်၏ မူဝါဒ အသစ်နှင့် ပတ်သက်၍ အကျိုးဆက်များကို စမ်းစစ် မလေ့လာမှီ “အမေရိကန် အနေနှင့် မြန်မာနှင့် မည်သို့မည်ပုံ နားလည်သဘောတူညီမှုကို ရယူမလဲ” ဆိုတဲ့ မေးခွန်းကို အရင် မေးသင့်ပေသည်။

ပထမတနည်းနေနှင့် အမေရိကန်ဟာ မြန်မာ ခေါင်းဆောင်ပိုင်းနှင့် တိုက်ရိုက်အပြန်အလှန် တွေ့ဆုံဆွေးနွေးခြင်းဖြင့် ချဉ်းကပ်ပြီး၊ မြန်မာ နိုင်ငံအပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းအတွင်း မူဝါဒရေးဆိုင်ရာ အကူအညီများ၊ စီးပွားရေးဆိုင်ရာ အကူအညီများ နှင့်အတူ ဒီမိုကရေဆီ ပြောင်းလဲရေးကို ကူညီဆောင်ရွက် ပေးခြင်းဖြင့် နည်းလမ်းရှာကောင်း ရှာနိုင်ပေသည်။ ဒါပေမယ့် ဒီ ချဉ်းကပ်နည်းဟာ ဘောင်တခုအ တွင်း ကန့်သတ်ထိန်းချုပ်မှုကို ဦးတည်တာ ဖြစ်သောကြောင့် လက်တွေ့မှာတော့ တကယ်အကောင်အထည် ဖော်ဖို့ဆိုတာ လွယ်တော့ မလွယ်လှပါ။ မြန်မာ အနေနှင့်လည်းပဲ ၎င်း၏ နိုင်ငံရေးမူဝါဒစနစ်ကို ၀ါရှင်တန်မှ ချပေးသော ပုံစံမျိုးဖြင့် ပြုပြင်ပြောင်းလဲမည် မဟုတ် သကဲ့သို့ ၎င်း၏ ပြည်တွင်းရေး ကိစ္စရပ်များကိုလည်းပဲ အမေရိကန်နှင့် ဆွေးနွေးလိမ့်မည် မဟုတ်ပါ။

ဒုတိယ တနည်း အနေနှင့် အမေရိကန်ဟာ မြန်မာ့ အဓိက အတိုက်အခံ ပါတီ ဖြစ်သော NLD ပါတီ၊ ဒါမှမဟုတ် လက်ရှိ စစ်အုပ်ချုပ်ရေး စနစ်ကို ဖြုတ်ချလိုသော အတိုက်အခံ အုပ်စုများနှင့် တွေ့ဆုံ သဘောတူညီမှုများ ရယူကောင်း ယူနိုင်ပေသည်။ ရှင်းရှင်း ပြောရလျှင်တော့ ဤကဲ့သို့သော နည်းလမ်းကို CIA အပါအ၀င်၊ ယခင် ဘုရှ် အစိုးရတို့က ကြိုးစားကျင့်သုံးပြီးဖြစ်ပြီး အကျိုးရလဒ် ထူးထူးခြားခြား ရလာစရာ အကြောင်း မရှိတော့ပေ။ ထို့ကြောင့် ဤနည်းလမ်းသည် ပထမနည်းလမ်းလောက်ပင် ကောင်းမွန်မှု မရှိဘဲ၊ အကျိုးသက်ရောက်မှု မရှိကြောင်း ကိုလဲ ၀န်ခံ သက်သေပြပြီးဖြစ်သည်။

တတိယတနည်းအနေနှင့် အမေရိကန်ဟာ မြန်မာအပေါ် စီးပွားရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နှင့် အတူ ငွေရေးကြေးရေး ဆိုင်ရာ အကူအညီများ ပေးပြီး ခေါင်းဆောင်ပိုင်းကို ချဉ်းကပ်ရေးပင် ဖြစ်သည်။ သို့သော် တဖက်ကလည်း အမေရိကန် အနေနှင့်လဲ ဖွံဖြိုးဆဲ နိုင်ငံများနှင့် ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် အကူအညီပေးရေး ဆိုင်ရာမှာ မရှိမဖြစ်သော ပြဌာန်းချက်နှင့် စည်းကမ်းချက်များကလဲ ရှိနေသေးပေသည်။ မြန်မာ အနေနှင့် ကလည်းပဲ တခြား ရရှိနေသော စီးပွားရေးဆိုင်ရာ အထောက်အကူများ ကလဲ ရရှိ နေပေသေးသည် ဥပမာ အားဖြင့် တရုတ် ထံမှဖြစ်သည်။ ထို့ကြောင့်ပင် မြန်မာက အခြေအနေအရ ဖြစ်လာသော အမေရိကန်၏ ပြောင်းလဲမှု အကူအညီကို လက်ခံလိမ့်မည် မဟုတ်ပေ။ တဖန် အမေရိကန်အနေနှင့်ကလည်းပဲ မြန်မာအပေါ် နိုင်ငံရေးမပါသော စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမျိုး ဆိုတာကလဲ မဖြစ်နိုင် သကဲ့သို့ ၎င်း၏ မြန်မာနိုင်ငံအပေါ် မူဝါဒရေး ပြောင်းလဲမှု၏ ရည်ရွယ်ချက်နှင့်လဲ ကိုက်ညီမှု မရှိလှပေ။ US Deputy Secretary of State James Steinberg ကလဲပဲ မြန်မာနိုင်ငံအပေါ် အမေရိကန်မူဝါ၏ အဓိက ဦးတည်ချက်က ပြောင်းလဲမည် မဟုတ်ဟု ဖော်ပြခဲ့ပေသည်။ သို့ပေမယ့်လဲ အမေရိကန် အနေနှင့် မြန်မာအပေါ် ပိုမို ပွင့်လင်းမှုနှင့် လူ့အခွင့်အရေးကို လေးစား လိုက်နာပြီး ကမ္ဘာ လုံးဆိုင်ရာ စီးပွားရေးကဏ္ဍမှာ ၎င်းကိုယ်တိုင် ပါဝင် ဆောင်ရွက်မှုကို မျှော်လင့်နေပေသည်။

အမေရိကန်ဟာ မြန်မာနှင့် သဘောတူညီမှုရရန်မှာ ခက်ခဲကြောင်းကို မကြာခင်မှာပဲ သိမြင်လာမှာ ဖြစ်ပါတယ်။ ထို့ကြောင့်ပင် တရုတ် အနေနှင့် အမေရိကန်၏ အရှေ့တောင်အာရှ ဒေသအတွင်းသို့ အမြင်အားဖြင့် လျင်မြန်စွာ ထိုးဖောက်ဝင်ရောက် လာမှုကို စိုးရိမ်မှု မရှိပေ။ ဖြစ်ကောင်း ဖြစ်လာနိုင်ပေမယ့် ပထ၀ီနိုင်ငံရေး ပြိုင်ဆိုင်မှုဟာ ဖြစ်အံ့ဆဲဆဲ အခြေအနေမျိုးတော့ မဟုတ်ပါ။ တရုတ် အနေနှင့် လဲပဲ ၎င်း၏ မဟာဗျူဟာ ပိုင်းဆိုင်ရာ ကိစ္စများအပြင် မြန်မာနိုင်ငံအပေါ် အမေရိကန်၏ နိုင်ငံရေး မူဝါဒပိုင်းဆိုင်ရာ နှုတ်တိုက်ပုံတူကူးချရန် တိုက်တွန်း မှုနှင့် သြဇာလွှမ်းမိုးမှုအတွက် မည်သည့် သဘောတူညီမှုမျိုးကိုမှ လက်ခံမည် မဟုတ်ပေ။ အဘယ်ကြောင့် ဆိုသော် ဤကိစ္စရပ်များသည် မြန်မာနိုင်ငံ၏ ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်နိုင်သော နိုင်ငံတွင်း ဆူပူအုံကြွမှုများကို ဖြစ်စေနိုင်သောကြောင့် ဖြစ်ပေသည်။

သို့သော် တရုတ်အနေ နှင့် အမေရိကန်၏ မြန်မာနိုင်ငံ အပေါ် စီးပွားရေးနှင့် ကုန်သွယ်မှု ပိုင်းဆိုင်ရာ သဘောတူညီမှု များကိုတော့ ကြိုဆို သွားမည်ဖြစ်သည်။ လူမှုရေး တည်ငြိမ်မှုရှိပြီး ဥစ္စာဓန ပေါကြွယ်ဝသော မြန်မာနိုင်ငံ ကဲ့သို့သော နိုင်ငံနှင့် အရှေ့တောင်အာရှ နိုင်ငံများ အသင်း (ASEAN) ၀င် နိုင်ငံများဟာ တရုတ်၏ စိတ်ဝင်စားမှုနှင့် ကိုက်ညီလျက် ရှိသည်။ အမေရိကန် အနေနှင့် မြန်မာနိုင်ငံ အပေါ် စီးပွားရေး ဆိုင်ရာ အောင်မြင် ဖြစ်ထွန်းမှုကို အကူအညီပေးမှုဟာ ASEAN အတွင်း စည်းလုံးမှုကို အထောက်အကူ ဖြစ်စေနိုင်ပါသည်။ ASEAN ၏ စည်းလုံးမှုနှင့် အကျိုး သက်ရောက်မှုရှိခြင်းဟာ ဒေသတွင်း တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ပြီး၊ တရုတ် အနေနှင့်လဲ ဤအချက် ကို အမြဲ ကြိုဆိုနေမည် ဖြစ်သည်။


အတုန့်အပြန် အားဖြင့်လဲ အမေရိကန်၏ မြန်မာနိုင်ငံ အပေါ် ပြည်တွင်းရေး စွက်ဖက်မှုပိုင်း ဆိုင်ရာ နည်းဗျူဟာများဟာ အပြုသဘော ဆောင်နေခဲ့လျှင်တောင် ဒေသတွင်း တည်ငြိမ်မှုကို ပျက်ပြားစေနိုင်ပါက တရုတ် အနေနှင့် ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်သွားမည် ဖြစ် သည်။ ထို့ပြင် အမေရိကန်သည် မြန်မာနှင့် သဘောတူညီမှု ရယူရန် ကြိုးပမ်းမည် ဆိုလျှင်လဲ အရှေ့တောင်အာရှ ဒေသတွင် တရုတ်ဟာ အဓိက အရေးကြီးသော ဇာတ်ဆောင် ဖြစ်သည် ဆိုတာကို အသိအမှတ် ပြုရမည် ဖြစ်ပြီး၊ နိုင်ငံရေးမူဝါဒအသစ်ဖြင့် မြန်မာကို တရုတ် နိုင်ငံနှင့် ဖယ်ကြဉ်စေရန် ဆောင်ရွက်မည် ဆိုပါက အလွန့်အလွန် ကြီးမားသော ခက်ခဲမှုမျိုးနှင့် ရင်ဆိုင်ရပေလိမ့်မည်။

အမေရိကန် အနေနှင့် မြန်မာနိုင်ငံနှင့် သဘောတူညီမှု ရယူရန် ကြိုးပမ်းမှုတွင် မြောက်ကိုရီးယား ကဲ့သို့ ခြောက်နိုင်ငံ ဆွေးနွေးရေး ကိစ္စလိုမျိုး အသွင်ဖြင့် မကြိုးပမ်း သင့်ပေ။ US Deputy Secretary of State James Steinberg က လွန်ခဲ့သော ရက်အနည်းငယ် အတွင်းတွင် ထုတ်ဖော်ပြောကြား ခဲ့သော်လည်း တရုတ်၊ မြန်မာ နှင့် ASEAN တို့က ဤကဲ့သို့သော အကြံပြုချက်မျိုးကို လက်ခံလိမ့်မည် မဟုတ်ပေ။ မြန်မာဟာ မြောက်ကိုရီးယား ကဲ့သို့ အခြားနိုင်ငံများကို ခြိမ်းခြောက်နေသော နိုင်ငံ မဟုတ်ပါ။ မြန်မာ့ အရေးဟာ နိုင်ငံတကာ လုံးဆိုင်ရာ ၀င်ရောက်ဆွေးနွေးရန် အရေးကိစ္စ မဟုတ်ပါ၊ ထို့ကြောင့် မြန်မာ့ အရေးနှင့် ပတ်သက်လာလျှင် ဘက်ပေါင်းစုံ ပါဝင်သော ဆွေးနွေး သုံးသပ်မှု ပုံစံမျိုးဖြင့် ပြုလုပ်ရန် မလိုအပ်ပါ။

မြန်မာနှင့် အောင်မြင်စွာ သဘောတူညီမှုရယူရန် အမေရိကန်၏ ကြိုးပမ်းမှုတွင် ယခင် ဘုရှ် လက်ထက်က အသုံးပြုခဲ့သော အသုံးမ၀င် တော့ဘဲ ခေတ်နောက်ကျနေပြီ ဖြစ်သော ချဉ်းကပ်မှုမျိုးကို နောက်တကြိမ် ထပ်သုံးဦးမည်ဆိုလျှင် အမေရိကန်အတွက် လွယ်ကူလိမ့် မည် မဟုတ်ပေ။ တရုတ် အနေနှင့်လဲ ၎င်းကိစ္စ မျိုးကို ဘယ်တော့မှ လက်ခံမည် မဟုတ်ပေ။ သို့သော် အမေရိကန် အနေနှင့် မြန်မာနိုင်ငံ အပေါ် သန့်ရှင်းသော စီးပွားရေး လုပ်ဖော်ကိုင်ဖက်သဘောမျိုး ရရှိရန်အတွက် ကြိုးပမ်းခဲ့မည် ဆိုလျှင်တော့ ဘေဂျင်း(Beijing) အနေနှင့် ၀မ်းသာစွာ ကြိုဆိုနေမည် ဖြစ်သည်။ အခြေခံအားဖြင့် မြန်မာနိုင်ငံအပေါ် အမေရိကန်၏ ချဉ်းကပ်မှု အောင်မလား ရှုံးမလား ဆိုတာ ကတော့ တခြားနိုင်ငံတွေရဲ့ ၎င်း ချဉ်းကပ်မှု နည်းလမ်းအပေါ် ထင်မြင်ယူဆချက်ထက် အမေရိကန် ကိုယ်တိုင် အသုံးပြုသော နည်းလမ်း က ပို၍ အရေးပါ ပေလိမ့်မည်။

မူရင်း ဆောင်းပါးကို ဖတ်ချင်လျင် http://www.atimes.com/atimes/China/KD17Ad01.html ၌ ဖတ်ရှုနိုင်ပါသည်။
Copyright 2009 Asia Times Online:
စာရေးသူ၏ ဖြည့်စွက် သုံးသပ်ချက်။ ။ လက်ရှိ ဆောင်းပါးဟာ ရှန်ဟိုင်း နိုင်ငံတကာ လေ့လာရေးတက္ကသိုလ် လက်ထောက် ပါမောက္ခ Dr Jian Junbo ၏ အာဘော်ကို တိုက်ရိုက်ဘာသာပြန်ထားခြင်းဖြစ်သည်။ Dr Jian Junbo က အမေရိကန် မြန်မာ ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာမှုဟာ တရုတ်၏ ဒေသတွင်းပထ၀ီနိုင်ငံရေး အတွက် အရေးကြီးပုံ၊ ပြောင်းလဲလာသော အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာနှင့် ပတ်သက်ပြီး တရုတ်၏ ပတ်သက်ဆက်စပ်နေပုံနှင့် တရုတ်၏ တုန့်ပြန်သုံးသပ်ပုံတို့ကို မျက်မှောက်ခေတ်နှင့်အညီ သုံး သပ်တင်ပြထားသည်။

တရုတ်က အမေရိကန်ဟာ မြန်မာကို ကူညီလျှင်တောင် ကိုယ်ကျိုးမဖက်ဘဲ သီးခြားကူညီဖို့ ခက်တယ်ဆိုတာကို မြန်မာကို ပြောချင်ပုံရ သည်။ ထို့ပြင် တရုတ်သာ မြန်မာ၏ အဓိက မိတ်ဆွေဖြစ်ပြီး အမေရိကန်ဟာ အခြေအနေအရ ဖန်တီးလာသော ညှိနှိုင်း ဆောင်ရွက်မှုသာ ဖြစ်သည်ဟု သတိပေးချင်ဟန် ရှိပေသည်၊ ၎င်းကိုယ်တိုင်ကလဲပဲ အမေရိကန် မြန်မာကြား သဘောတူညီမှု တခုခုကို ဦးတည်သွားမှာ ကိုလည်း စိုးရိမ်နေပုံ ရသည်။ ASEAN အပေါ်တွင်လဲ ၎င်းကပင် သြဇာ လွှမ်းမိုးပြီး အဓိက key player အနေနှင့် ရှိနေချင်ဟန် ရှိသည်။

သို့သော် အမေရိကန်၏ မြန်မာအပေါ် ချဉ်းကပ်မှုပိုင်းဆိုင်ရာကို ဖော်ပြရာ၌ နည်းလမ်းသုံးသွယ်ဖြင့် ဖော်ပြထားပြီး ဒုတိယနည်းလမ်းမှာ နှစ်ပေါင်းများစွာတိုင်အောင် ကျင်သုံးပြီးဖြစ်သော်လည်း မအောင်မြင်သည်မှာ ထင်ရှားပြီးဖြစ်သည်။ သို့သော် ပထမ နှင့် တတိယနည်း တို့မှာမူ အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအသစ်နှင့် ဆက်စပ်မှု ရှိနေပြီး အကောင်အထည် ပေါ်လာကောင်း ပေါ်လာနိုင်ပေသည်။ သို့သော် Dr Jian Junbo ကမူ ၎င်း ပထမ နှင့် ဒုတိယ အချက်တို့ကိုလည်း သိပ်မဖြစ်နိုင်ဟု ဖော်ပြသွားခဲ့ပေသည်။ တကယ်တမ်းကျ တော့ သိပ်မဖြစ်နိုင် ဆိုတာထက် ၎င်းနည်းလမ်းများအတိုင်း ဖြစ်လာမှာကို တရုတ်က အလွန်စိုးရိမ်လျက်ရှိသည်ဟု စာရေးသူ ယုံကြည်မိသည်။ ဖြစ်လာခဲ့ လျှင်တောင် တရုတ် အနေနှင့် ပထ၀ီ နိုင်ငံရေးနှင့် ပတ်သက်လျှင် မည်သည့် ချဉ်းကပ်မှုမျိုး ကိုမဆို ကန့်ကွက်မည့်ပုံ ရှိပေသည်။ ဤချဉ်းကပ်မှု နည်းလမ်းများဖြင့် ချဉ်းကပ်လာခဲ့လျှင် အမေရိကန် အနေနှင့် အခက်အခဲ များနှင့် ရင်ဆိုင် ရမည်ဟု တရုတ်က ပြောနေသော်လည်း၊ ချဉ်းကပ်မှု နည်းလမ်းများ မအောင်မြင်ခဲ့လျှင်တော့ ဟုတ်သည်ပေါ့၊ သို့သော် အမေရိကန်၏ ချဉ်းကပ်မှုများ အောင်မြင်ခဲ့ လျှင်မူကား တရုတ်ပြောခဲ့သော အခက်အခဲများဟာ အမေရိကန်အတွက် မဟုတ်ဘဲ ၎င်း တရုတ်နိုင်ငံ အတွက်သာ ဖြစ်ပေ လိမ့်မည်ဟု စာရေးသူ ယူဆမိသည်။

ထို့ပြင်လည်းပဲ တရုတ်ဟာ မြန်မာနိုင်ငံ ရခိုင်ကမ်းခြေမှာ အခြေဆိုက် ဆိပ်ကမ်း တခုကို ထားပြီး အာဖရိကနှင့် အရှေ့အလယ်ပိုင်း ဒေသများနှင့် ကုန်သွယ်မှု အတွက် မြန်မာနိုင်ငံ၏ ကုန်းတွင်း လမ်းကြောင်းကို မြန်မာနှင့် အကျိုးတူ အသုံးပြု လိုပေသေးသည်။ ထို့အတွက်လဲ မြန်မာအပေါ် သြဇာ လွှမ်းမိုးမှုကို အမေရိကန် ကိုမှမဟုတ် မည်သူ့ မည်သူကိုမျှ ခွဲဝေပေး လိုလိမ့်မည် မဟုတ်ပေ။ ၎င်းလမ်းကြောင်းသည် တရုတ်အတွက် စီးပွားရေးအရ အလွန် တွက်ခြေကိုက်ပြီး လုံးခြုံ စိတ်ချရသော လမ်းကြောင်း ဖြစ်ပေသည်။ ဤကဲ့သို့သော အရေးကိစ္စများသည် စစ်အေးခေတ် နှောင်းပိုင်း လက်ရှိ မျက်မှောက်ရေးရာ ကမ္ဘာ့ ချိန်ခွင်ကို ပြောင်းလဲနိုင်သော အာရှ အခန်းကဏ္ဍတွင် စာရေးသူတို့ နိုင်ငံ၏ ပထ၀ီ နိုင်ငံရေး အရ လွှမ်းမိုးနိုင်မှုနှင့် အရေးပါမှု တို့ပင် ဖြစ်ပေသည်။

၎င်းအပြင် စာရေးသူ အနေနှင့် မြန်မာဟာ ဒေသတွင်း ASEAN နိုင်ငံများ အပေါ်လဲ လွှမ်းမိုးမှုနှင့် အားသာချက်များ ရှိနေပေကြောင်း ကိုလဲ ပြောချင်သေးသည်။ မြန်မာနိုင်ငံ တည်နေရာအရ မြန်မာဟာ အာဖရိက၊ အရှေ့အလယ်ပိုင်း နိုင်ငံတို့နှင့် ကမ္ဘာ့အရှေ့ပိုင်း နိုင်ငံများ (တရုတ် ကဲ့သို့သော) ၏ ကုန်သွယ်မှု လမ်းကြောင်းပေါ်တွင် တည်ရှိနေသည်။ သို့သော် ပင်လယ်ကူးသင်္ဘောများသည် အိန္ဒိယ သမုဒ္ဒရာ၊ ကပ္ပလီပင်လယ် မှတဆင့် မလက္ကာ ရေလက်ကြားကို ဖြတ်ပြီး စင်္ကာပူမှပတ်ကာ ထိုင်းပယ်လယ်ကွေ့နှင့် အရှေ့ပိုင်း နိုင်ငံများသို့ ဦးတည် လျက် ရှိပေသည်။ အကယ်၍သာ ထိုင်းက ၎င်းနိုင်ငံကို ဖြတ်ပြီး စူးအက်တူးမြောင်းကဲ့သို့ တူးမြောင်းမျိုး ကိုသာ ဖောက်ခဲ့မည် ဆိုလျှင် ၎င်းကို အမှီပြု၍ မြန်မာ၏ ကူးသန်း ရောင်းဝယ်မှုနှင့် စီးပွားရေးအရ အချက်အခြာ ကျမှုတို့ဟာ ပို၍ အရေးပါလာပေလိမ့်မည်၊ သို့သော် ပွဲစား သဘောမျိုးဖြင့် အသက်မွေးနေသော စင်္ကာပူကိုမူကား ထိုင်း၏ တူးမြောင်းက အခက်တွေ့ကောင်း တွေ့စေနိုင်ပေသည်၊ လက်ရှိ မျက်မှောက် အခြေအနေမှာပင် နည်းပညာပိုင်းဆိုင်ရာ မြင့်မားလာမှုကြောင့် အချို့သော ပင်လယ်ကူးသင်္ဘောများနှင့် လေယာဉ်များဟာ စင်္ကာပူမှ တထောက် ရပ်နားခြင်းမျိုး မရှိဘဲ တိုက်ရိုက်ပျံသန်းသွားလာ နေတဲ့အတွက် စင်္ကာပူရဲ့လက်ရှိ ရပ်တည်မှုဟာ စိတ်ချရလောက် တဲ့ အနေအထားမှာ မရှိပေ၊ အချိန်မရွေး ပြောင်းလဲသွား နိုင်ပေသည်။

ထိုင်းကသာ တူးမြောင်း တူးဖော်မှုကို အကောင်အထည်ဖော်ခဲ့လျှင် ပို၍ဆိုးပေဦးမည်။ သို့သော် ထိုင်း၏ တူးမြောင်းသည် ကုန်သွယ်မှု လမ်းကြောင်းကို မြန်မာနှင့် ပို၍ နီးကပ်လာစေမည်ဖြစ်တဲ့အ တွက်ကျယ်ပြန့်သော ကမ်းရိုးတမ်းအရှည်နှင့် သဘာဝသယံဇာတ အပါအ ၀င် မြိတ်ကျွန်းစုကို ပိုင်ဆိုင်သော မြန်မာဟာ ပို၍အရေးပါ လာပေလိမ့်ဦးမယ်။ ထိုင်း အနေနှင့်လဲ စင်္ကာပူ၏ သင်ခန်းစာကိုယူပြီး အ ကောက်အခွန်နှင့် အကျိုးအမြတ်ကို လိုချင်ကောင်း လိုချင်သောကြောင့် ဖြစ်ပေမည်။ ထို့ထက် ပိုအရေးကြီးသော အချက်မှာကား ထိုင်း အနေနှင့် မြန်မာနှင့်သာ စစ်ဖြစ်ခဲ့လျှင် သို့တည်းမဟုတ် အခြားအကြောင်းတခုခုကြောင့်ဖြစ်စေ ၎င်း၏ စစ်သင်္ဘောများကို ဘင်္ဂလားပင် လယ်အော်သို့ ရောက်ဖို့အတွက် မလက္ကာရေလက်ကြားမှတဆင့် စင်္ကာပူကိုပတ်ကာ လာနေရပေသည်။ ဤအချက်သည် ထိုင်းရေတပ် အတွက် အလွန့်အလွန် ကြီးမားပြီး ခရီးဖင့်နေရသော အခက်အခဲ ဖြစ်ပေသည်။ ထိုင်းအနေနှင့် ၎င်းအခက်အခဲကိုလဲ ဖြေရှင်းရင်း စီးပွားရေးအရလဲ တွက်ခြေကိုက်အောင် စီစဉ်လျက် တချက်ခုတ်နှစ်ချက်ပြတ် စီမံကိန်းကို စဉ်းစားဟန် တူပေသည်။ (ဤဖော်ပြချက်ကို ထိုင်းက တူးမြောင်း တူးမည်ဟူသော သတင်းများကြောင့် ထည့်သွင်း ဖော်ပြခြင်း ဖြစ်ပေသည်။ သတင်း အတိအကျနှင့် သတင်း source ကိုတော့ မမှတ်မိတော့ပါ။)

စာရေးသူ အနေနှင့် လက်ရှိ သုံးသပ်ချက်တွင် မြန်မာနိုင်ငံ၏ သယံဇာတ အရင်းအမြစ် ပေါကြွယ်ဝမှု အပြင် ပထ၀ီ နိုင်ငံရေးနှင့် စီးပွားရေး အချက်အခြာ ကျမှုတို့ကို အရင်းခံပြီး မိမိနိုင်ငံ၏ တန်ဖိုးကို ဖော်ထုတ်လိုသောကြောင့်သာ ဤကဲ့သို့သော ဖော်ပြချက်များဖြင့် သုံးသပ် တင်ပြခြင်း ဖြစ်ပေသည်။ လက်ရှိ အစိုးရကို သော်လည်းကောင်း၊ အတိုက်အခံများကို သော်လည်းကောင်း ထည့်သွင်းစဉ်းစားခြင်းမပြု လိုပါ။ မိမိနိုင်ငံ၏ တန်ဖိုးကိုသိပြီး တန်ဖိုးထား ထိန်းသိမ်းသင့်သော၊ သွေးစည်း ညီညွတ်သင့်သော အမြင်၊ အမျိုးသား နိုင်ငံရေး အမြင် ဖြင့် တင်ပြလိုက်ပါသည်။ ထို့ကြောင့် မည်သို့သောအခက်အခဲ မည်သို့သော အခြေအနေ များတွင်ဖြစ်စေ မြန်မာဟာ အမြဲ ရွှေမြန်မာ ပင် ဖြစ်နေရပေမည်၊ တိုင်းရင်းသားအားလုံး သွေးစည်း ညီညွတ်စွာဖြင့် ရင်းရင်းနှီးနှီး အတူတကွ နေထိုင်ရင်း ရွှေမြန်မာ၏ တည်တံ့မှုနှင့် ခန့်ထည် တည်ကြည်မှု၊ မြင့်မြတ်သော ဘာသာရေး ဖြစ်ထွန်းတည်ရှိမှု တို့ကို ကမ္ဘာတည်သရွေ့ မြန်မာအားလုံး (တိုင်းရင်းသား အားလုံး ကို ဆိုလိုသည်) က နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊ စစ်ရေးအမြင် တို့ဖြင့် ထိန်းသိမ်းသွားသင့်ပေသည်ဟု တင်ပြလိုက်ရပေသည်။


ထိုင်းတူးမြောင်းသာ အကောင်အထည် ပေါ်လာခဲ့လျှင် ဖြစ်လာနိုင်သော လမ်းကြောင်းနှင့် မြေပုံကို အောက်တွင် ဖော်ပြထားပါသည်။

Read More...

Saturday 4 April 2009

တတိယလှိုင်း

ရှစ်လေးလုံးလူထုအရေးတော်ပုံတုံးက အာဏာသိမ်းပြီးနောက်တရက် စက်တင်ဘာ (၁၉)ရက်မှာ ကမာရွတ် စံရိပ်ငြိမ်မှာ စစ်ပြန်စစ်မှု ထမ်းဟောင်း (၁၆) ယောက်က သေနတ် (၁၆) လက်နဲ့ အာဏာသိမ်း နဝတ စစ်တပ်ကို ခြုံခိုတိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ လူထု ဘက်တော်သား စစ်သည်ဟောင်းတယောက်ပဲ နိုင်ငံနဲ့ပြည်သူအတွက် အသက်ပေးလှူသွားခဲ့ပြီး နဝတစစ်သား ၄-၅-၁ဝ ယောက် ထက်မနည်း ကျသွားပါတယ်။ ဒီသေနတ်တွေကတော့ ကုန်သွယ်ရေးရုံးအရေးအခင်းမှာ သိမ်းရထားတဲ့လက်နက်တွေဖြစ်ပုံရပါတယ်။

တကယ်လို့သာ ဒီထက်မက လက်နက်တွေ ရန်ကုန်မြို့အနှံ့ ဖြန့်ကျက်ပြီး လူထုဘက်တော်သားစစ်သည်တွေ၊ စစ်မှုထမ်း ဟောင်းတွေ လက်ထဲမှာရှိနေရင်၊ တနည်းအားဖြင့် ကျောင်းသားလူငယ်ပထမလှိုင်းနဲ့ ရဟန်းသံဃာ ဒုတိယလှိုင်း မာန်ဟုန်သာမက တတိယလှိုင်းမာန် ဟုန်ကိုပါ အရှိန်ပြည့်စီးနင်းလိုက်ပါဖို့ ပိုင်းဖြတ်ချက်နဲ့ ပြင်ဆင်မှု ရှိခဲ့ရင် သမိုင်းဟာ ၁၉၈၈ ခုကတည်းက သစ်သွားမှာဖြစ်ပါတယ်။

ဒါပေမဲ့ ရှစ်လေးလုံးအရေးတော်ပုံအတွင်းမှာ လူထုတိုက်ပွဲခေါင်းဆောင်တွေဟာ တပ်မတော်သားတွေ လက်နက်နဲ့ တကွ လူထုဘက် ပူးပေါင်းလာဖို့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပါတယ်။ ဒီလိုနဲ့ပဲ မြန်မာ့ဒီမိုကရေစီတော်လှန်ရေးရဲ့ တတိယလှိုင်းဟာ အရှိန်ယူစမှာတင် အ ညွန့်ချိုးခံလိုက်ရပါတယ်။

လှိုင်းဆိုတာမျိုးက လေပင့်ရင် ကြီးသထက်ကြီးလာတတ်တဲ့အပြင်၊ အထူးသဖြင့် စစ်တပ်ပုန်ကန်မှုဆိုတာ ရေခံမြေခံ မှန်သွားတဲ့အခါ မှာ snowballing effect လို့ခေါ်တဲ့ တစက်မှတမျက်နှာ ပျံ့နှံ့သွားတတ်ပါတယ်။ ဒါကြောင့် လူထု တိုက်ပွဲအတွင်းမှာ စစ်အာဏာရှင် စနစ်ကို လက်နက်နဲ့ပြန်တိုက်တဲ့ တပ်မတော်သားတွေကို သိသာထင်ရှားတဲ့ အရေအတွက် မြင်နေရပြီဆိုရင် နောက်ထပ်တပ်မတော် သားတွေအပေါ် ဂယက်ရိုက်ပြီး လူထုဘက်ကူးပြောင်းရေးအတွေးအခေါ် ကူးစက်ပျံ့နှံ့သွားတာဖြစ်ပါတယ်။

အောင်မြင်တဲ့ လူထုတိုက်ပွဲတွေမှာ လှိုင်းသုံးလှိုင်း ယှဉ်တွဲရိုက်ခတ်တာ အမြဲတွေ့ရပါတယ်။ ပထမလှိုင်းဟာ အခြေခံ ရုပ်အင်အားလှိုင်း ဖြစ်ပြီး ကျောင်းသားလူငယ်တွေ၊ အလုပ်သမား-လယ်သမားတွေ၊ သာမန်မြို့ပြပြည်သူပြည်သားတွေနဲ့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေး အင်အားစုတွေ ပါဝင်ဖွဲ့စည်းထားပါတယ်။ ဒုတိယလှိုင်းကတော့ ပါဝါအပျော့ဖြစ်တဲ့ ရှေ့ဆောင် နာမ်ပိုင်းအင်အားလှိုင်း (သို့မဟုတ်) တွေးခေါ်မြော်မြင်မှုအင်အားလှိုင်းဖြစ်ပြီး ရဟန်းသံဃာစတဲ့ သာသနာပိုင်း၊ အဲန်ဂျီအို အပါအဝင် ပညာတတ်ပိုင်း၊ သို့မဟုတ် လွတ်လပ် တဲ့တရားရေးပိုင်းတို့ပါဝင်ပြီး တချို့အခြေအနေတွေမှာ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအင်အားစုတွေလည်း ပါဝင်တတ်ပါတယ်။ တတိယ လှိုင်းကတော့ ပါဝါအမာလှိုင်းဖြစ်ပြီး စစ်တပ်၊ ရဲ၊ လုံထိန်း၊ သူပုန်နဲ့ စီးပွားရေးအင်အားစုတွေပါဝင်ပါတယ်။ ဒီထဲမှာ အဓိကကတော့ နိုင်ငံရဲ့ ပင်မ လက်နက်ကိုင်အင်အားစုဘဲဖြစ်ပါတယ်။ ဒီနေရာမှာ အကြမ်းဖက်ရေး မဖက်ရေးဟာ အဓိကမကျဘဲ လက်နက်ကိုင်တပ် အင်အားပြရေးကသာ အဓိကဖြစ်ပါတယ်။ ဒါကြောင့် အကြမ်းဖက်မှုမဖြစ်၊ လက်နက်ကိုင်မတိုက်ရဘဲနဲ့လည်း လူထုတိုက်ပွဲတွေ အောင်မြင်သွားတာကို တွေ့ကြရတာဖြစ်ပါတယ်။ ဒါပေမဲ့ အခြေအနေအရ အကြီးအကျယ်လက်နက်ကိုင်တိုက်ရတာ (သို့မဟုတ်) နည်းနည်းပါးပါးလောက် အကြမ်းဖက်ရတာလည်း ရှိနိုင်ပါတယ်။

ဂေါတမဗုဒ္ဓရဲ့ အောင်ခြင်းရှစ်ပါးမှာ ပထမအောင်ခြင်းဖြစ်တဲ့ လက်နက်မျိုးစုံကိုင်ထားတဲ့ လက်ရုံးတထောင်နဲ့ မာရ်နတ်နဲ့ နတ်စစ်သည် တွေ အပေါ်အောင်ခြင်းဟာ မေတ္တာဓာတ်နဲ့ ဟောပြောဆုံးမ စည်းရုံးနားချပြီး အောင်မြင်တာ မဟုတ်ဘဲ ပထဝီမြေကိုသက်သေပြုတဲ့ အတွက် ဝသုန္တရီနတ်သမီးက စစ်ကူလာပြီး ဆံရေကိုညှစ်ချလို့ မာရ်နတ်နဲ့ သူ့တပ်ကြီး ရေထဲမျောပါပျက်စီးသွားခဲ့တာဖြစ်ပါတယ်။ ပဉ္စမအောင်ခြင်းဖြစ်တဲ့ စိဉ္ဇမာနကိုဆုံးမခန်းမှာတော့ ကိုယ်ဝန်အတုပြုတ်ကျအောင် နတ်တွေက ကြွက်ယောင်ဆောင်ပြီး ဗိုက်အတု ချီထားတဲ့ ကြိုးတွေကိုကိုက်ဖြတ်ပစ်လို့ အယောင်ဆောင်တာပေါ်ပြီး အနိုင်ရတာဖြစ်ပါတယ်။ သတ္တမအောင်ခြင်းမှာဆိုရင် နန္ဒောပနန္ဒ နဂါးမင်းကို နှိမ်နင်းဖို့ ရှင်မောဂ္ဂလန်ကို တာဝန်ပေးလိုက်တဲ့အခါ သူ့ထက်ကြီးတဲ့နဂါးပုံ ဖန်ဆင်းပြီး ဖိညှစ်ပစ်တာ၊ ပိုကြီးတဲ့မီးလျှံလွှတ် ‘ကျွေးတာ’၊ ဂဠုန်ယောင်ဆောင်ပြီး လိုက် ‘ဗျင်းဒတာ’၊ နတ်ဘီလူးကြီးယောင်ဆောင်ပြီး ခြိမ်းခြောက်တာစတဲ့ လက်ရုံးရည်အင်အားကို အထူးတလည်သုံးခဲ့ရပါတယ်။ ကျန်တဲ့အောင်ခြင်းငါးပါးမှာပဲ မေတ္တာဓာတ် သို့မဟုတ် ဉာဏ်ပညာဆိုတဲ့ နှလုံးရည်နဲ့ သာယာညှင်း ပျောင်းစွာ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဘုရားနဲ့စစ်ပြိုင်လို့ရှုံးသွားတဲ့ မာရ်နတ်ဟာ နောက်နှစ်ပေါင်း ၂ဝဝ အသောကမင်းလက်ထက်မှာ ရဟန္တာရှင်ဥပဂုတ်ကို ထပ်မံစိန်ခေါ် တိုက်ခိုက်ပြန်တဲ့အခါ မာရ်နတ်က နွားရိုင်းကြီးပုံဖန်ဆင်းတိုက်ခိုက်ရင် ရှင်ဥပဂုတ်က ကျားပုံဖန်ဆင်း တုံ့ပြန်၊ မာရ်နတ်က နဂါးပုံဖန် ဆင်းတိုက်ခိုက်ရင် ရှင်ဥပဂုတ်က ဂဠုန်ပုံဖန်ဆင်း ပြန်ချ၊ မာရ်နတ်က ဘီလူးကြီးပုံ ဖန်ဆင်းတဲ့အခါ ရှင်ဥပဂုတ်က နှစ်ဆပိုကြီးတဲ့ ဘီလူးကြီးပုံ ဖန်ဆင်းပြီး ဘီလူးအယောင်ဆောင်မာရ်နတ်ကိုလိုက်ရိုက်၊ မာရ်နတ်က လူကြီးလူကောင်းပုံ ဖန်ဆင်းတဲ့အခါမှာတော့ လောက်တွေဖွေးနေတဲ့ ခွေးသေကောင်ပုပ်ကို လူယောင်ဆောင် မာရ်နတ်လည်ပင်းမှာ ဘယ်သူမှ ချွတ်မရအောင်ဆွဲ၊ နောက်ဆုံး မာရ် နတ်ကို တောင်ခါးပန်းမှာ ကြိုးတုပ် စသဖြင့် အကြမ်းဖက်တိုက်ပွဲဝင် နှိမ်နင်းခဲ့ရပါတယ်။

အာရှတိုက်ရဲ့ ဒီမိုကရေစီရေးလူထုတိုက်ပွဲကြီးတွေကို ဖိလိပိုင် (၁၉၈၆)၊ မြန်မာ (၁၉၈၈ နဲ့ ၂ဝဝ၇)၊ တိဘက် (၁၉၈၉ နဲ့ ၂ဝဝ၈)၊ တ ရုတ် (၁၉၈၉)၊ နီပေါ (၁၉၉ဝ နဲ့ ၂ဝဝ၆)၊ ထိုင်း (၁၉၇၃ နဲ့ ၁၉၉၂)၊ တောင်ကိုးရီးယား (၁၉၈ဝ နဲ့ ၁၉၈၇)၊ အင်ဒိုနီးရှား (၁၉၉၈) တို့မှာ ကြုံခဲ့ကြရပါတယ်။ ဒီထဲမှာ အောင်ပွဲရခဲ့တာတွေက ဖိလိပိုင်၊ နီပေါ (၂ဝဝ၆)၊ ထိုင်း၊ တောင်ကိုးရီးယား (၁၉၈၇) နဲ့ အင်ဒိုနီးရှား တို့ဖြစ် ပါတယ်။ အာရှအပြင်ဘက်မှာလည်း အရှေ့ဂျာမဏီ (၁၉၈၉)၊ ရူမေးနီးယား (၁၉၈၉)၊ ရုရှား (၁၉၉၁)၊ တောင်အာဖရိက (၁၉၉၄)၊ ဆား ဘီးယား (၂ဝဝဝ)၊ ဂျော်ဂျီယာ (၂ဝဝ၃)၊ ယူကရိန်း (၂ဝဝ၄) တို့မှာ ဒီမိုကရေစီ တော်လှန်ရေးတွေ အောင်ပွဲခံခဲ့ကြပါတယ်။ အောင်ပွဲ အားလုံး (အားလုံး) ဟာ တိုက်ရိုက်လက်နက်ကိုင်တိုက်ပွဲ သို့မဟုတ် သွယ်ဝိုက်တပ်မတော်အရှိန်သြဇာ၊ တနည်းအားဖြင့် တတိယ လှိုင်းကိုစီးနိုင်လို့ အောင်ပွဲရတာတွေချည်းပဲ ဖြစ်ပါတယ်။ တတိယလှိုင်းနဲ့ကင်းကွာတဲ့ မြန်မာ၊ တိဘက်၊ တရုတ်နိုင်ငံ လူထုတိုက်ပွဲတွေ ကတော့ အရှုံးကိုပဲ ပွေ့ပိုက်ခဲ့ရပါတယ်။

သမိုင်းကိုပြန်ကြည့်ရင် အိüိယနိုင်ငံမှာ အကြမ်းမဖက်ရေး အဟိံသဝါဒရဲ့ ဖခင်ကြီးဖြစ်တဲ့ မဟတ္တမဂန္နီကြောင့် အိန္ဒိယပြည်သူတွေ၊ ပညာတတ်တွေနဲ့ ဟိန္နူ-မွတ်ဆလင် ဘာသာရေးသမားတွေရဲ့ ပထမလှိုင်းနဲ့ ဒုတိယ လှိုင်းလုံးကြီးတွေ အရှိန်အဟုန်ကြီးကြီးနဲ့ ထကြွ လှုပ်ရှားလာခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ဗြိတိသျှနယ်ချဲ့သမားက အိန္ဒိယနိုင်ငံကို မဖြစ်မနေ လွတ်လပ်ရေး ပေးရတာကတော့ ဆူဘတ်ချန္ဒရာဘို့စ်ရဲ့ လက်နက်ကိုင်လှုပ်ရှားမှုကြောင့် ဗြိတိသျှကိုလိုနီစစ်တပ်ထဲက အိန္ဒိယစစ်သားတွေကို စိတ်မချရတော့တဲ့ အခြေ ဆိုက်လာတာကို ဒုတိယကမ္ဘာစစ်ပြီးခါနီးမှာ သဘောပေါက်ခဲ့လို့ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းက ဂျာမဏီလက်ထဲ စစ်သုံ့ပန်း အ ဖြစ် အဖမ်းခံခဲ့ရတဲ့ ဗြိတိသျှစစ်တပ်တွင်းက အိန္ဒိယအမျိုးသားတွေဟာ ဟစ်တလာနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ အိန္ဒိယလွတ်မြောက်ရေး တပ်ဖွဲ့ထဲ ထောင်နဲ့ချီဝင်ရောက်ခဲ့ကြတာကို ဗြိတိသျှတွေ တွေ့ရှိသွားခဲ့လို့ အကြီးအကျယ်အံ့သြချောက်ချားသွားခဲ့ပါတယ်။ ဒီဂယက် ဟာ မြန်မာပြည်လွတ်လပ်ရေးအတွက်ပါ အကျိုးပြုသွားခဲ့ပါတယ်။

၁၉၈၆ ခု ဖိလိပိုင်လူထုတိုက်ပွဲမှာ ပထမလှိုင်းအဖြစ် ကိုရာဇန်အကွီနိုက အာဏာရှင်မားကို့စ်ကို အတိအလင်းအံတုပြီး သောင်းချီတဲ့ လူထုကြီးက ဝိုင်းရံလို့ သမတကျမ်းသစ္စာကျိန်ဆိုပွဲ တဖက်သတ်လုပ်ခဲ့ပါတယ်။ ဒုတိယလှိုင်းကတော့ ဖိလိပိုင်နိုင်ငံ ဘုရင်ဂျီသာသာ နာပိုင် ဂိုဏ်းချုပ်ဘုန်းတော်ကြီး ကာဒီနယ်ဆင်းက ကက်သလစ်အသံလွှင့်ရုံကနေပြီး ဘာသာသူတွေနဲ့ သာသနာ့ဝန်ထမ်း ဘုရင်ဂျီ ရဟန်း သီလရှင်အားလုံးကို အံတုပုန်ကန်သူတွေထံသွား အားပေးဝန်းရံဖို့ ဆော်သြလှုံ့ဆော်ခဲ့ပါတယ်။

၁၉၈၆ ခု ဖေဖော်ဝါရီ ၂၄ ရက်မှာ ပုန်ကန်တဲ့တပ်မတော်သားတွေက ချယ်နယ်-၄ ရုပ်သံလွှင့်ရုံကို တိုက်ခိုက် သိမ်းပိုက်ပြီး ဖိလိပိုင် အာဏာရှင်မားကို့စ်ရဲ့ကြေညာချက်တွေ မထုတ်လွှင့်နိုင်အောင် အောင်မြင်စွာပိတ်ဆို့နိုင်ခဲ့ပါတယ်။ ပုန်ကန်တဲ့တပ်မတော်သားတွေနဲ့ ပြည်သူလူထုကို တိုက်ခိုက်ချေမှုန်းဖို့ အာဏာရှင်မားကို့စ် လွှတ်လိုက်တဲ့ လေတပ်ရဟတ်ယာဉ်တွေဟာ ပုန်ကန်သူတွေနဲ့ ပူးပေါင်း သွားခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူ့ဘက်တော်သား စစ်ရဟတ်ယာဉ်တွေက ဗီလာမော်လေတပ်စခန်းကို ပစ်ခတ်တိုက်ခိုက်ပြီး မားကို့စ် ဘက်သားစစ်ရဟတ်ယာဉ်တွေနဲ့ စစ်ကားတွေကို ဖျက်ဆီးပစ်ခဲ့သလို မားကို့စ်နေတဲ့ မာလာကာနန်နန်းတော်ကိုလည်း ပြည်သူ့ဘက် တော်သား စစ်ရဟတ်ယာဉ်တစီးက ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။ ဒီညနေမှာဘဲ ဖိလိပိုင်စစ်တက္ကသိုလ်ဆင်း စစ်ဗိုလ် အများ စုဟာ ကာကွယ်ရေးဝန်ကြီး အွန်ရင်လီ၊ ဒုဦးစီးချုပ် ဗိုလ်ချုပ်ရားမို့စ်တို့ရှိရာ ပြည်သူလူထုဘက် ကူးပြောင်း ခဲ့ကြပါတယ်။ နောက်တ ရက်မှာ မားကို့စ်သ္စာခံတပ်တွေ နေရာယူပစ်ခတ်နေတဲ့ ချယ်နယ်-၉ ရုပ်သံလွှင့်ရုံကို သူပုန်တပ်မတော်သားတွေက တိုက်ခိုက်ပြီး သိမ်း ပိုက်လိုက်တယ်။ မကြာခင်မှာဘဲ နောက်ထပ် ရုပ်သံလွှင့်ရုံတွေကိုပါ ပြည်သူ့ဘက်တော်သား စစ်တပ်တွေနဲ့ ပြည်သူတွေက သိမ်းပိုက် နိုင်ခဲ့ပါတယ်။

၁၉၉၈ ခု အင်ဒိုနီးရှားနိုင်ငံ လူထုတိုက်ပွဲမှာ အာဏာရှင်ဆူဟာတိုသစ္စာခံတပ်မတော်က လူမျိုးရေးအဓိကရုဏ်းတွေ ဖြစ်အောင် အသေ အချာစီစဉ်လှုံ့ဆော်ပေးခဲ့ပေမဲ့ သမတဆူဟာတို ပြည်ပရောက်နေချိန် လက်အောက်ခံ ဗိုလ်ချုပ်အချင်းချင်း အဝေမတည့် စားခွက် လုရာက ဒီမိုကရေစီတိုက်ပွဲဝင်လူထုပထမလှိုင်းနဲ့ ဗိုလ်ချုပ်ဝီရန်တို တတိယလှိုင်း မရှောင်မလွဲသာ ပေါင်းစည်းမိသွားတာဖြစ်ပါတယ်။ ဆူဟာတို့သားမက်ဗိုလ်ချုပ် စီစဉ်ဖန်တီးတဲ့ လူထု နှိမ်နင်းဖြိုခွဲရေးအကြမ်းဖက်မှုတွေဟာ တခြားဗိုလ်ချုပ်တွေရဲ့ အကျိုးစီးပွားတွေကို သွားထိခိုက်သွားစေတဲ့အတွက် တခြားဗိုလ်ချုပ်တွေဟာ လူထုနဲ့ပေါင်းသွားပြီး အင်ဒိုနီးရှားမှာ ဒီမိုကရေစီအောင်ပွဲခံသွားတာ ဖြစ်ပါ တယ်။ ထိုင်းနိုင်ငံမှာ လည်း ၁၉၇၃ ခုနဲ့ ၁၉၉၂ ခုတို့မှာ အဲသလိုအခြေအနေမျိုးနဲ့ကြုံပြီး ဒီမိုကရေစီထွန်းပေါ်ခဲ့တာဖြစ်ပါတယ်။

၂ဝဝ၅ ခု မေလမှာ နီပေါဘုရင်က စစ်အုပ်ချုပ်ရေးကြေညာ၊ အာဏာကုန်ယူလိုက်တဲ့အခါ အတိုက်အခံနိုင်ငံရေးပါတီ ၇ ပါတီက မဟာ မိတ်အဖွဲ့ဖွဲ့ပြီး ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ပါတယ်။ ဒီ ၇ ပါတီဟာ ပါလီမန်လွှတ်တော်ထဲမှာ အမတ်နေရာ ၉ဝ ရာခိုင်နှုန်းရထားတဲ့ ပါတီတွေ ဖြစ်ပါတယ်။ ၇ ပါတီမဟာမိတ်အဖွဲ့က မော်ဝါဒီလက်နက်ကိုင်တော်လှန်ရေးအဖွဲ့နဲ့ ဒီဇင်ဘာလမှာ ၁၂ ချက် နားလည်မှုစာချုပ်ချုပ် နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲ ဟန်ချက်ညီ ပေါင်းစပ်နိုင်ခဲ့ပါတယ်။ ၂ဝဝ၆ ဧပြီ အထွေထွေသပိတ်ကြီး ဖြစ်တဲ့အခါ မော်ဝါဒီသူပုန်တပ်တွေက ၇ ပါတီ မဟာမိတ်အဖွဲ့နဲ့ ညှိနှိုင်းနားလည်မှုအရ အပစ်အခတ်ရပ်စဲပေးထားပြီး မြို့တော်ပတ် လည်မှာ အစိုးရတပ်တွေ မြို့တော်ကိုချီတက်ပြီး လူထုကိုမနှိမ်နင်းနိုင်အောင် လမ်းတွေပိတ်ဆို့ခြိမ်းချောက်ထားတာဘဲ လုပ်ခဲ့ပါတယ်။ မော်ဝါဒီ တော်လှန်ရေးတပ်တွေရဲ့ စစ်ရေးထိုးစစ်တွေကြောင့် အထိနာစစ်ပန်းနေရုံမက မော်ဝါဒီတွေနဲ့အတူ အတိုက်အခံ ပါတီအား လုံးနဲ့ ပြည်သူလူထုတရပ်လုံးကပါ ဘုရင်ကို တခဲနက် တညီတညွတ်တည်းဆန့်ကျင်နေတာ မျက်ဝါးထင်ထင် တွေ့နေရတဲ့အတွက် နီပေါဘုရင့်တပ်မတော်ဟာလည်း ဘုရင်ကို တက်တက်ကြွကြွထောက်ခံဖို့ စိတ်မပါတော့ပါဘူး။ နီပေါတော်လှန်ရေးမှာ ထူးခြားတာက နီပေါနိုင်ငံရဲ့ နယ်နိမိတ်ချင်းစပ်အိမ်နီးချင်းတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေဟာ နီပေါဘုရင်ကို ထောက်ခံခဲ့တာဘဲ ဖြစ်ပါတယ်။ နီပေါစစ်တပ်အတွက် လက်နက်ခဲယမ်းကအစ ထောက်ပံ့ ကူညီပေးပြီး နီပေါကွန်မြူနစ်ပါတီ (မော်ဝါဒီ) ကိုဆန့်ကျင်ခဲ့တာဖြစ်ပါတယ်။ ဒီကြားထဲကနေ နီပေါကွန်မြူနစ်ပါတီ (မော်ဝါဒီ)နဲ့ ပြည်သူတွေက ဘုရင်ကိုဖြုတ်ချပစ်နိုင်ခဲ့တာဖြစ်ပါတယ်။

ခရစ်ယာန် သမ္မာကျမ်းစာထဲက ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၁ အခန်းငယ် ၁၂ မှ ၁၄၊ ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၁ အခန်းငယ် ၁၅ မှ ၁၇၊ ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၉ အခန်းငယ် ၄၅ မှ ၄၆ တို့မှာ အခုလိုဆိုထားပါတယ်။ “ဂျေရုဆလင်မြို့သို့ရောက် ကြသောအခါ ယေရှုသည် ဘုရားသခင်၏ ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ ရောင်းဝယ်သောသူအပေါင်းတို့ကို နှင် ထုတ်၍၊ ငွေလဲသောသူတို့၏ ပွဲစားခုံတို့ကို၎င်း၊ ချိုးငှက်ရောင်းသောသူတို့၏ ထိုင်နေရာများကို၎င်း၊ တွန်းလှဲတော်မူလျက်၊ ဗိမာန်တော် ထဲ၌ အဆောက်အဦးကို အဘယ်သူမျှ မဆောင်မရွက်ရမည့် အကြောင်း မြစ်တားတော်မူလျက်၊ ငါ့အိမ်ကို လူအမျိုးမျိုးဆုတောင်းရာ အိမ်ဟူ၍ ခေါ်ဝေါ်ကြလတံ့ဟု ကျမ်းစာ၌ လာသော်လည်း၊ သင်တို့သည် ထိုအိမ်ကို ဓားပြတွင်း ဖြစ်စေကြပြီတကားဟု ဆုံးမသြဝါဒ ပေးတော်မူ၏။-” ခရစ်ယာန်ဓမ္မဟောင်းကျမ်းမှာဆိုရင် ထာဝရဘုရားသခင်က မိစ္ဆာဓိဋ္ဌိတွေ၊ အပြစ်သားတွေကို လောင်မီးလက်နက် (သောဒုံနဲ့ ဂိုမိုးရ)၊ ရေလွှမ်းမိုးဘေး (နောဧ) စသည်ဖြင့် အစုလိုက်အပြုံလိုက် အကြမ်းဖက်သုတ်သင်ပစ်တဲ့ သာဓကတွေ ပိုလို့တောင် အများကြီးရှိခဲ့ပါတယ်။

၂ဝဝဝ ခု ဆားဘီးယားတော်လှန်ရေးမှာ အော့ပ်တော် လို့ခေါ်တဲ့ ကျောင်းသားလူငယ်လှုပ်ရှားမှု ပထမလှိုင်းကို အတိုက်အခံ ၁၈ ပါတီ ညွန့်ပေါင်းဖြစ်တဲ့ ဆားဘီးယားပြည် ဒီမိုကရက်တစ်အတိုက်အခံအဖွဲ့ ဒုတိယလှိုင်းက အားဖြည့်ခဲ့ပါတယ်။ မေ ၅ ရက် နေ့လည် ပါလီမန်ဘေးမှာ ဆန္ဒပြလူထုကြီးနဲ့ လုံထိန်းတွေဟာ ဒုတ်တွေ ခဲတွေ မျက်ရည်ယိုဗုံးတွေနဲ့ အပြန်အလှန်တိုက်ခိုက်ကြပါတယ်။ ညနေ ပိုင်းရောက်တော့ လူထုကြီးက ပါလီမန်ကို အတင်းဝင်စီးနင်းတဲ့အခါ လုံခြုံရေးယူနေတဲ့ လုံထိန်းရဲတချို့ဟာ လက်နက်နဲ့တကွ လူထု ကြီးနဲ့ ပူးပေါင်းလိုက်ပါတယ်။ တချို့ရဲတွေလည်း ထွက်ပြေးသွားပါတယ်။ ပါလီမန်လွှတ်တော်ကို မီးရှို့ပစ်လို့ တခြမ်းလောက် လောင် သွားပါတယ်။ အဲဒါပြီးတော့ လူထုကြီးဟာ သမတမီလိုဆီဗစ် တပြည်လုံးသို့ အဓိကဝါဒဖြန့်ချိဆက်သွယ်ရာ အာဏာရှင်စနစ်ရဲ့ အဓိက ပြယုဂ်ဖြစ်တဲ့ ဆားဘီးယားရေဒီယိုနဲ့ရုပ်သံလွှင့်ရုံကို သွားဝိုင်းခဲ့ပါတယ်။ ဘူဒိုဇာမောင်းသမား လျူဘိုဆက်ဗ် ဂျိုးကစ်က သူ့ဘူဒိုဇာ ကိုမောင်းပြီး ဆားဘီးယား ရေဒီယိုနဲ့ရုပ်သံလွှင့်ရုံကို အကြမ်းဖက်ဝင်တိုက် ဂိတ်တံခါးတွေ နံရံတွေ ဖြိုချခဲ့ရာကနေ အသံလွှင့်ရုံလုံခြုံ ရေး လုံထိန်းတွေကတဖက် ပြည်သူ့ဘက်တော်သားလုံထိန်းတွေ အပါအဝင် လူထုကြီးကတဖက် အပြန်အလှန်ပစ်ခတ် တိုက်ပွဲအပြင်း အထန်ဖြစ်ပြီးနောက် သိတ်မကြာခင်မှာဘဲ အသံလွှင့်ရုံ တခုလုံးကို လူထုကြီးက စီးမိသွားခဲ့ပါတယ်။ အသံလွှင့်ရုံကိုလည်း မီးတင်ရှို့ လိုက်လို့ မီလိုဆီဗစ်ရုပ်သံလွှင့် အစီအစဉ်တွေ ရပ်ဆိုင်းသွားပါတယ်။ (မကြာခင်မှာဘဲ ပြည်သူလူထုဘက်က ရုပ်သံလွှင့်အစီအစဉ် တွေကို စတင် ထုတ်လွှင့်နိုင်ခဲ့တယ်။) ဂျိုးကစ်ကို အသံလွှင့်ရုံထဲက မီလိုဆီဗစ်ရဲ့ လုံခြုံရေးတပ်တွေက သေနတ်တွေနဲ့ ဝိုင်းပစ်ခဲ့ပေမဲ့ ကံကောင်းထောက်မစွာနဲ့ တချက်မှမထိခဲ့ပါ။ ဆားဘီးယား တော်လှန်ရေးဟာလည်း ဘူဒိုဇာတော်လှန်ရေးလို့ နာမည်တွင် သွားခဲ့ပါ တယ်။

ဖက်ဆစ်အာဏာရှင်မီလိုဆီဗစ်လက်အောက်မှာ ဘော့စနီးယား-ဟာဇီဂိုဗီးနား၊ ခရိုအေးရှား နဲ့ ကိုဆိုဗိုမှာ အဓိပ္ပာယ် မရှိတဲ့ လူမျိုးကြီး ဝါဒနယ်ချဲ့စစ်ပွဲတွေ တိုက်ခဲ့ရပြီး လက်နက်ကိုင်ဘော့စနီးယားနဲ့ ခရိုအေးရှားပြည်သူတွေ၊ လက်နက်ကိုင် ကိုဆိုဗိုပြည်သူတွေနဲ့တကွ နာတိုးတပ်တွေရဲ့ အပြင်းအထန်လက်တုံ့ပြန်တိုက်ခိုက်မှုတွေကို မရှုမလှခံခဲ့ရ၊ အော့နှလုံးနာစရာကောင်းလှတဲ့ လူမျိုးတုံးသတ်ပွဲတွေ ကို ကျူးလွန်ခဲ့ရလို့ စစ်ပန်းပြီး ဂုဏ်သက္ခာာကျနေရတဲ့ ဆားဘီးယားစစ်တပ်ကလည်း ဒီလူထုအုံကြွမှုမှာ မီလိုဆီဗစ်ခိုင်းသမျှကို မလုပ် တော့ဘဲ လက်ရှောင်ခဲ့ပါတယ်။ စစ်တပ်ကိုစည်း ရုံးနိုင်ခဲ့လို့ စစ်တပ်ထိပ်သီးတချို့က ဆန္ဒပြလူထုကို ပစ်မှာမဟုတ်ကြောင်း ကြေညာ ခဲ့ပါတယ်။ ဒီလိုနဲ့ လက်နက်ကိုင်တပ်နဲ့ လက်နက်ကိုင်လှုပ်ရှားမှု ဆိုတဲ့ တတိယလှိုင်း က ပွဲသိမ်းပေးသွားတာဖြစ်ပါတယ်။

၂ဝဝ၃ နိုဝင်ဘာလ ဂျော်ဂျီယာနိုင်ငံရဲ့ နှင်းဆီတော်လှန်ရေးမှာ ပထမလှိုင်းခေါင်းဆောင် ဆာကာ့ရှ်ဗီလီ ဦးစီးတဲ့ ပြည်သူလူထုတွေဟာ ပါလီမန်လွှတ်တော်ကို အတင်းဝင်စီးတဲ့အခါ ဂျော်ဂျီယာအာဏာရှင် ရှဗာ့ဒ်နာဇေ က အရေးပေါ် အခြေအနေကြေညာ၊ စစ်တပ်နဲ့ လုံထိန်းတွေဆင့်ခေါ်ပြီး အင်အားသုံးရှင်းလင်းဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အတိုက်အခံတွေနဲ့ ဂျော့ဆိုးရော့စ်ရဲ့အဲန်ဂျီအိုတွေ ဒေါ်လာ ၄၂ သန်းအကုန်ခံ ထိုးဖောက်စည်း ရုံးထားတဲ့ ဂျော်ဂျီယာ တပ်မတော်က အမိန့်နာခံဖို့ငြင်းဆန်ခဲ့တဲ့အတွက် တတိယလှိုင်း သြဇာအောက်မှာ သမတရှဗာ့ဒ်နာဇေ အာဏာစွန့်ခဲ့ရ ပါတော့တယ်။

၂ဝဝ၄ ခု ယူကရိန်း လိမ္မော်ရောင်တော်လှန်ရေးမှာ အာဏာရှင်ကိုအံတုတဲ့ သမတလောင်း ယူရှင်ကိုရဲ့ ရွေးကောက်ပွဲ ယှဉ်ပြိုင်မှုနဲ့ ပြည်သူလူထုအုံကြွမှုပထမလှိုင်းကို တရားရုံးချုပ်ရဲ့ မဲလိမ်မှုစီရင်ချက်ဒုတိယလှိုင်းက အားဖြည့်ခဲ့ပါတယ်။ ဒီလိမ္မော်ရောင်တော်လှန် ရေးမှာ တတိယလှိုင်းအဖြစ် (ယခင် ကေဂျီဘီထောက်လှမ်းရေး) ယခု ယူကရိန်းလုံခြုံရေးရာ ဌာနကနေ အတိုက်အခံတွေနဲ့ ပြည်သူ လူထုဆီကို အရေးကြီးသတင်းအချက်အလက်တွေ၊ မဲမသမာမှုနဲ့ပတ်သက်တဲ့ အတိအကျအချက်အလက်တွေ ပေးခဲ့သလို ဒီ (အက်စ် ဘီယူ)ယူကရိန်းထောက်လှမ်းရေးဌာနကြီးမှူး ဗိုလ်ချုပ် စမက်ရှ်ကို၊ ဂျီအာရ်ယူ တပ်မတော်ထောက်လှမ်းရေးဌာနမှူး ဗိုလ်ချုပ် အလက် ဇန်းဒါးဂါလာကာ၊ တပ်မတော် တန်ပြန်ထောက်လှမ်းရေးဌာနမှူး ဗိုလ်ချုပ်ရိုမန်ရှင်ကို တို့က လူထုကိုနှိမ်နင်းဖို့အမိန့်ပေးခံရတဲ့ လုံထိန်း တပ်တွေကို နောက်ပြန်ဆုတ်အောင် တင်းတင်းမာမာ ပြတ်ပြတ်သားသား သတိပေး တားမြစ်ခဲ့ကြလို့ လူထုတိုက်ပွဲ ဖြိုခွဲမခံရဘဲ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဒီဗိုလ်ချုပ်တွေဟာ ရာဇဝတ်မှုနဲ့ ထောင်ကျဖူးတဲ့ ဂျလေဘီ ဖိုးတွမ်တီးဟောင်း ယာနူကိုဗစ်ခ်ျ သမတဖြစ်လာ ရင် သူ့အမိန့်နာခံလုပ်ကိုင်ရမှာကို မလိုလားကြတဲ့အတွက်လည်း အတိုက်အခံသမတလောင်း ယူရှင်ကိုဘက် ထောက်ခံကြတာ ဖြစ်ပါ တယ်။

ကျနော်တို့မြန်မာနိုင်ငံမှာ ၁၉၈၈ တုံးက ကျောင်းသားလူငယ်တွေနဲ့ ပြည်သူလူထုတွေရဲ့ ပထမလှိုင်း ထကြွခဲ့ပါတယ်။ ၁၉၉ဝ မှာ နိုင်ငံ ရေးပါတီတွေရဲ့ရွေးကောက်ပွဲအောင်ပွဲနဲ့ သံဃာတော်တွေကံဆောင်ပွဲ ဒုတိယလှိုင်း စကြွခဲ့ပြီး ၂ဝဝ၇ စက်တင်ဘာမှာတော့ သံဃာ တွေရဲ့ဒုတိယလှိုင်းဟာ တနိုင်ငံလုံးသာမက တကမ္ဘာလုံးတုန်ခါသွားအောင် အရှိန်အဟုန် ကြီးမားစွာနဲ့ ရိုက်ခတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီမို ကရေစီတော်လှန်ရေးရဲ့ ပွဲသိမ်းလှိုင်းဖြစ်တဲ့ လက်နက်ကိုင်စစ်တပ် အရှိန်သြဇာ မပါဝင်သေးလို့ အောင်ပွဲမရခဲ့ကြပါဘူး။

နောက် မလွဲမသွေလာရမယ့် တတိယလှိုင်းအတွက် တဖက်မှာ လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲအရှိန်အဟုန်ကို ကြီးထွား ပြင်း ထန်အောင်လုပ်ရင်း နောက်တဖက်မှာ မြန်မာ့တပ်မတော်ကို စီမံကိန်းရှိရှိ နားလည်မှုရှိရှိ ထိုးဖောက် သိမ်းသွင်းဖို့ အကြီးအကျယ် လို အပ်ပါတယ်။ ဒီ တတိယလှိုင်း မထသရွေ့ မြန်မာနိုင်ငံမှာ ဘယ်တော့မှ ဒီမိုကရေစီ အပြောင်းအလဲ ဖြစ်မှာ မဟုတ်ပါ။

ဂါမဏိ
ကွယ်လွန်သူ ရဲဘော်မြင့်အောင် (ခေါ်) ဂုရု ABSDF ၏ ‘တတိယလူထုလှိုင်းဆီသို့’ စာတမ်း၊ ဆရာလူထုစိန်ဝင်း၏ ဆောင်းပါးနှင့် Mandela ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတို့ကို ထပ်ဆင့်ခံစားခြင်း ဖြစ်ပါသည်။
ဒေါင်းအိုဝေ၊ အတွဲ(၁)၊ အမှတ်(၈)၊ မတ်လ ၂၀၀၉၊ မှ

Read More...

Friday 3 April 2009

"ရပ်နေရင်း လွတ်ကျသွားခြင်းကိစ္စ"





မြင်ကွင်းအားလုံးမှာ
သတင်းတခုရှိနေရဲ့
ဆာလောင်မှုပြည့်နှက်နေတဲ့
အကြည့်တချက်ထဲက
အဆင်းအတက်
ပန်းစိုက်အိုးများသဖွယ်
အတွင်းလိန် အပြင်ကွေ့ အရွေ့ဆန်းကြယ်
အိမ်မြောင်တစ်ကောင်လို ၀တ်စားဆင်ယင်မှုဟာ
အရပ်ထွားတယ်။








လှေကားခုနှစ်ထပ် ကျော်ဆင်းပြီး
လူပျိုစစ်စစ်လို့ ညာသံပေးချင်ကြတဲ့
စကားလုံးထွားထွား လူရိပ်သူရိပ်ဟာ
နောက်ဆက်တွဲအမှောင်
အရောင်စိုစို ၀တ်ရုံနက်ကြီးလွှမ်းခြုံထားတဲ့
ကုန်းပေါ် ငါးမျှားထွက်သူများကလည်း
တဖျတ်ဖျတ်လူး
တိုက်ကြိုတိုက်ကြား
အုံနဲ့ကျင်းနဲ့ လမ်းတိုလမ်းရှည်
ကိုယ့်တံတွေးနဲ့ကိုယ့်လျှာ
မျက်ဝန်းအပြာနဲ့ စကားအ၀ါ
ရိတ်သိမ်းပြီးသားအတိုင်းပဲ ။

စိတ်ပြေလက်ပျောက် ကိုယ်လက်လေ့ကျင့်ခန်းများ
အစကနေ ပြန်ကျော့လို့
တအုံနွေးနွေး ၀ါးထုတ်ပစ်လိုက်သမျှ
အဓိပ္ပါယ်ကောက်ယူမှုများ
ဖြစ်ရိုးဖြစ်စဉ်အတိုင်းသာ
ငါ့နံဘေးပတ်ပတ်လည်
ကိုယ့်အိတ်ထောင်ကိုယ်ကြည့်သူများ
သာသာထိုးထိုးကြိတ်ကြိတ်တိုး
နေမှုထိုင်မှုမှာ ဖျင်ခြင်း သင်ခြင်းမကွဲ
အကွာအဝေးကိုယ်စီနဲ့
သူ့နေရာ ကိုယ်နေရာ
ဖျတ်ခနဲ အတွေးဝင်မိ
ကိုယ့်စိတ်ကိုယ်ပြန်ချဖို့
ငါကိုယ်တိုင် လက်တွန့်နေခဲ့တော့တယ်။ ။

သျှင်မင်း



http://www.naytthit.com မှ ...

Read More...

 
/* EOT ----------------------------------------- */