Sunday 5 July 2009

တင်မိုးအမှတ်တရ

ကမာပုလဲ (ကျောင်းသားတပ်မတော်)

ကိုဘဂျမ်းသေတယ်
(သူမပျော်တဲ့ အမေရိကားမှာ)
ခေတ်ကိုက မကောင်းတာပါ
အိုကြီးအိုမနဲ့ လူထုဒေါ်အမာကလွမ်းတယ်
သူ့ကို ပို့ချင်၊ မြင်ချင်၊ သဂြုင်္ိဟ်ချင်လို့
သူချစ်တဲ့ဇာတိမြေမှာပဲ သေစေချင်သတဲ့
ဖိုးသံကလည်း သူရှစ်တန်းကျောင်းသားဘဝ
ကိုတင်မိုးနဲ့ကြုံတွေ့ရပုံကိုလွမ်းတယ်။
ဖိုးသံရဲ့ Auto (အမှတ်တရ) စာအုပ်ထဲမှာ
သူ (ဦးဘဂျမ်း) က ဒီလိုရေးခဲ့တယ်
“ရိုးသားမှုသာ ချစ်စရာ” တဲ့
တိုက်ဆိုင်တာလား ဘာလားတော့မသိဘူး
သူ့သူငယ်ချင်း မောင်စွမ်းရည်ရဲ့ “ဘာလဲဟဲ့” စာအုပ်ထွက်တယ်
အဲဒီညက ဆောင်းတွင်း၊ ဇန်န၀ါရီလ မိုးအကြီးအကျယ်ရွာတယ်
အိပ်မက်တွေမကောင်းဘူး
နိမိတ်တွေလည်း မလှဘူး
ထင်တယ်
အင်းစိန်ရဲ့မင်းကြီးလမ်းဟာ အသေအချာကြေကွဲနေမှာပဲ
အညာကျေးလက် ကန်မြဲဒေသမှာ
ထီးကလေးနဲ့ မနီကျောင်းတက်နိုင်ပါ့မလား
သူ (ကိုဘဂျမ်း) ရော
နှင်းဆီနီနီပွင့်ပေါ်
စိတ်ချလက်ချ အိပ်ပျော်နိုင်ပါ့လား။ ။


(၃၀-၁-၀၇)
ခေတ်ပြိုင်...မှ

Read More...

မော်ကွန်းများ

ညိုထက် (လမ်းသစ်ဦး)

စနေရဲ့ကျောကုန်းမှာ ပစ်တင်ထားတဲ့ ကဗျာကိုပဲ
လွမ်းနေမိတော့တယ်။

ဘ၀ဆိုတာ တိုက်ပွဲဆိုရင်တောင်
ဒီတိုင်းပြည်က ဘ၀တွေရဲ့တိုက်ပွဲဟာ
တိုက်ပွဲပူ။


ဂုဏ်ယူစရာချည်းပဲ။

ပြောရဦးမယ်
ရှင်ကြီးဂေါတမလည်း ဖြစ်ဖို့အတွက် ဖြတ်ခဲ့ရတာပဲ။

အရှိအတိုင်းပါပဲ
ဖြတ်သူတွေရှိမယ်
ရပ်သူတွေရှိမယ်။

ဘ၀တခုလုံးအတွက်
ဂုဏ်သိက္ခာသရဖူ ပြန်တိုက်ယူရမယ့်ကိစ္စမှာ
စဉ်းစားကြည့်စမ်းပါ
ဘယ်ဟာတွေကို အလကားရဖူးသလဲ။

သင်္ခါရဓမ္မကို သိတယ်
ရှင်ကြီးဂေါတမသာ
ဒုက္ခစရိယာကျင့်တုန်း
ငါအရေးနိမ့်ပြီလို့ တွေးခဲ့မိရင် …။

တံခါးကို ခေါက်လော့ ပွင့်လိမ့်မယ်
သမ္မာကျမ်းစာကဆိုတယ်။
*ဂျေးဇက်ဟာ
တဦးချင်းသေပေမယ့်
တပွဲလုံးနိုင်ခဲ့တယ်။

တကယ့်အဖြစ်အပျက်ပါပဲ
လမ်းမလျှောက်သူ ဘယ်ကိုမှမရောက်ဘူး။ ။
* Jesus Christ
(၂၆-၁-၀၇)
ခေတ်ပြိုင်..မှ

Read More...

သိက္ခာ

ငြိမ်းလူ


ဆယ်စုနှစ်က
နှစ်ခါတူးဆွ
အမှန်တရားဆိုတာ
ဘ၀ထဲမှာ
လက်ကျန်မရှိသလောက်ဘဲ ...

မနက်ဖြန်ကို
မှားဖို့ထပ်ကြိုးစားတော့
ကိုးကားဖို့စာအုပ်က
မေ့ကျန်ခဲ့
ချစ်သူတွေအတွက်ပါ …

ရရာလက်နက်ဆွဲပြီး
ခရီးပြင်းချီတက်ကြည့်တော့မှ
အတွေးအခေါ်နဲ့ လက်တွေ့ကို
ယမ်းမစပ်ဖြစ်ခဲ့ဘူး …

ဒီလိုနဲ့ပဲ
နှစ်သစ်ကိုကူးခတ်ခါစ
ကျကျနနစီစဉ်ထားတဲ့
ဝိုင်ပုလင်းထဲကိုမှ
ယင်ကောင်တအုပ်ခုန်ချလိုက်တာ
မျှော်လင့်ချက်ကိုက
ဗလာ …

အရေခွံခွာလဲဖို့
မြွေတကောင်မဟုတ်လေတော့
ရုပ်ကိုက ဘုရားပေးခဲ့တဲ့အတိုင်းပါပဲ …

ဒါပေမယ့်
တချို့လည်း
ရာသီစာစားသုံး
ကြီးထွားနှုန်းမြင့်မားကြဦးမှာလား …

အမှန်တရားကိုက
အနှံ့အပြားမှာ
လက်ကျန်မရှိတော့တာဖြစ်မယ်။ ။
(၂၃-၁-၀၇)
ခေတ်ပြိုင် မှ

Read More...

လေးနဲ့မြားနဲ့မီးအိမ်ရှင်


စိုးနေလင်း

ဆရာဟာ …
မြန်မာပြည်အမှောင်တွင်းနက်ရဲ့
မနက်ဖြန်အတွက်
ဖန်မီးအိမ်ကို လင်းလက်စေခဲ့။

ပြည်သူတွေချစ်မက်တဲ့
တရားမျှတမှု လူ့အခွင့်အရေး
ဒီမိုကရေစီရေး ငြိမ်းချမ်းရေးအတွက်
ရင်နဲ့ကဗျာရေးဖွဲ့
ထက်မြက်တဲ့ကလောင်သွား
မြားအစင်းစင်းရဲ့ပိုင်ရှင်
ပြည်သူတွေရင်ထဲရဲမြ
ထာဝရရှင်သန်နေပေလိမ့်မယ်။ ။
(ဤကဗျာဖြင့် ၂၂-၁-၂၀၀၇ နေ့က အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့တွင် ကွယ်လွန်သွားခဲ့သော
ဒီမိုကရေစီတိုက်ပွဲဝင် ကဗျာဆရာကြီးတင်မိုးအား ဦးညွှတ်ဂုဏ်ပြုပါသည်။)
ခေတ်ပြိုင်မှ
(၂၃-၁-၀၇)

Read More...

ကောင်းကင်တော်သို့ ရှိုက်သံများ

ချိုစိမ့်
(၁၂-၁-၀၇)

choseint
ဖယောင်းတိုင်တွေ
ကိုယ်စီကိုင်လို့
အမှောင်တ၀က် ကိုယ်စီလင်းလက်ကြ …

ဟော …
ခန်းမ ၀ရံတာမှာ
သူထွက်လာနေပြီ
သူလက်ယမ်းနှုတ်ဆက်
Fredpris* ဆိုတာ
သူနဲ့ သူ့ပြည်သူရင်ဗဟိုမှာ ရောက်ခဲ့ပေါ့
ကမ္ဘာ့ရင်ဗဟိုမှာ ရောက်ခဲ့ပေါ့
ငတို့ရင်ဗဟိုမှာ ရောက်ခဲ့ပေါ့ …

အလင်းတိုင်တွေ မြှောက်ချီကြ
သူ့နာမကို ရွတ်ဆို ဟစ်ကြွေးကြ
“ယူနွတ်စ် ယူနွတ်စ်”
သူ့နှလုံးသားကို ကောင်းချီးပေးကြ
ဒီည
နှင်းမကျနိုင်တော့
ကောင်းကင်ဘုံက နှင်းကိုတားပြီ
“အပြစ်ကင်းသူတွေ
အချစ်ကြီးသူတွေ
နှင်းမခစေနဲ့
နွေးထွေးစေလော့” …။

ဒီမှာ
ရှိုက်သံ
ငါကြားရတယ် ရှိုက်သံ
ဒီညမှာကြားရတယ်
ရှိုက်သံ
ဟုတ်ပ
ရှိုက်သံ
ပြီးတော့
အမေး
ဟုတ်တယ် မေးခွန်း
နှစ်မျိုး နှစ်မျိုး
ရှိုက်သံတခုက
ရက်ရောသူ စွန့်သူ
ဘင်္ဂလားဒေ့ရှ် ပြည်သူတွေရဲ့ ချစ်သူအတွက်
ချမ်းမြေ့စရာ
ပန်းအစုံညွတ်ကျ
ကြည်နူးလွန်းလို့ ဆွတ်ပျံ့ရှိုက်သံ
ဆာရီဝတ်ရုံအောက်က တိုးထွက်လာခဲ့တာ …

နောက် …
ရှိုက်သံ
မှောင်ညို့အခန်းကျဉ်းထဲကသူတွေနဲ့
အိမ်အိုတွင်းက သူမ
အခုလို ခန်းမ၀ရံတာက သူ့ချစ်သူတွေကို
လက်ပြခွင့်မရသေးတဲ့ သူမနဲ့အတူ
တမန်တော်ငှက်ရဲ့ ၀ဲပျံမှုအောက်
မရောက်ရသေးတဲ့
ငတို့ချစ်သူတွေအတွက် ရှိုက်သံ …

ပြီးတော့ အမေး
ဘယ်မှာလဲ သူမ
ဘယ်မှာလဲ သီဂွန်ဒုံး**
ဘယ်မှာလဲ ဘယ်မှာလဲ
အဲဒီည
ကောင်းကင်တော်က
နှင်းမကျပေမယ့်
ကြည်နူး ၀မ်းနည်းတို့ပေါင်းစည်း
ငိုညည်းရှိုက်သံတွေလွှမ်းမိုး
ကောင်းကင်ယံအထိ ထိုးတက်သွားတယ် …။ ။

(၂၀၀၆ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရင် မစ္စတာယူနွတ်စ်အား ဆုပေးပွဲအပြီး ရေးဖွဲ့ပါသည်။)
* Fredpris = ငြိမ်းချမ်းရေးဆု (နော်ဝေဘာသာဖြင့်)
** သီဂွန်ဒုံး = ဗီယက်နမ် ရက်ဖ်တို နော်ဝေလူ့အခွင့်အရေးဆုရှင် (၂၀၀၆)

Read More...

ဆောင်းများ

(သစ်ကောင်းအိမ်)
(၉-၁-၀၇)

မြောက်ပြန်လေတွေ ပြန်လာတဲ့နေ့က
ဘယ်သူမှမပို့တဲ့
အီးမေးလ်လိပ်စာကို
ဖွင့်ဖတ်မိတယ်

စစ်ပွဲကြီးတခုပဲ စတင်တော့မလိုလို
စစ်ပွဲကြီးတခုပဲ ပြီးဆုံးသွားခဲ့ပြီလိုလို
လမ်းတွေဟာ ဟာလာဟင်းလင်း
ဓာတ်ကြိုးတန်းတွေ အဝေးမှာနိမ့်ဆင်းသွား
ဘယ်တဆီများလဲ …
မပြောမဆို
တမြည့်မြည့်တိမ်တွေ

ခုချိန်သာဆို
ကန်သုံးဆင့်မြက်ခင်းပြင်ထဲမှာ
မြေ၀ပ်ငှက်ကလေးတွေ

အိမ်ပြန်ချိန်တဲ့
သွေးညှီနံ့ရလို့
ညနေခင်းကို ရှိုက်သွင်းမိတော့
သစ်သားမီးကျွမ်းရနံ့ဟာ
အပြာရောင်သေတမ်းစာ
သိုက်ဆရာရဲ့ကြိမ်လုံးလို
အဝေးကခေါ်သံများ …

ဘ၀ဟောင်းရဲ့
ရေပြင်အောက်အမှောင်ထုမှာ
သိုက်ကြိုးမဖြတ်ရသေးတဲ့ငါးမန်းတွေ
လန့်နိုးကူးခတ်ကြ

အိမ်နောက်ဖေးတောအုပ်ထဲက
ချိုးကူသံသဲ့သဲ့ကြားရ
တူးပို့ဒိုးသံတွေနဲ့
သပြေခက်တွေနဲ့ အမေထိုးတဲ့
အတာရေအိုးလေးကိုလည်း
သတိတရပေါ့

လေထဲ မင်းနာမည်
ငါရေးခဲ့တယ်။ ။

ကန်သုံးဆင့် - ပုသိမ်မြို့မှ ကန်ညီနောင်သုံးဖော်


ခေတ်ပြိုင်...မှ

Read More...


(၁)
အဲဒီ
အထွတ်အမြတ်
အထိမ်းအမှတ်ကျောက်တိုင်ကြီးက
'နယ်ချဲ့လက်အောက်ခံ ကျွန်ဘ၀က
ငါတို့လွတ်မြောက်ကြပြီ' တဲ့
ယုံကြည်ပြုံးပျော်
အောင်စည်တော်ယွန်းခဲ့ကြ။

(၂)
ဒီမိုကရေစီသန္ဓေတည်ဦးစ
သက်မ မဆုံးသေးခင်မှာပင်
အမျိုးသားစစ်အာဏာရှင်ကျွန်ဘဝ
ပိပြားခဲ့ကြရ တို့ပြည်သူ …။

(၃)
လူမဆန်အောင်နှိပ်စက်ခံရ
လူမဆန်အောင် ရက်စက်ခံရသော်ငြား
အကြောက်တရားအောက်ကရုန်းထ
'စစ်အာဏာရှင်စနစ်ကျဆုံးရမည်'
'ငါတို့လုံးဝလွတ်မြောက်ရမည်'။

ယုံကြည်ကြလော့
ပြည်တော်သိမ်းခန်းရောက်တော့မည်။ ။

(မြန်မာပြည်လွတ်လပ်ရေးအတွက် အသက်၊ ဘ၀၊ သွေးချွေးတို့ဖြင့် ရင်းနှီးရယူပေးခဲ့ကြသော သူရဲကောင်းတို့အား ဤကဗျာဖြင့် ဦးညွှတ်ဂုဏ်ပြုပါသည်။)

(၃-၁-၀၇)

Read More...

အနောက်ဘက်ကမ်းက ယာယီအိမ်

ငြိမ်းလူ (၃-၁-၀၇)
ခေတ်ပြိုင်...မှ


(၁)
၂၀၀၆
ဟင်းလင်းပြင်မရှိတဲ့
ဘန်ကောက်ည
ယမ်းစိမ်းသုတ်ထားတဲ့
အသားစတွေ ... မြိုချခဲ့ရ


ညက မပီမသနဲ့
ကာဗွန်မှုန့်တွေကဖြင့်
နီယွန်မီးကြား
နှင်းယောင်ဆောင်လို့ ...

(၂)
ယေရှုဖွားတဲ့ဆောင်းလ
ညီမျှခြင်းကင်းပလို့
ဓမ္မတေးက
ယဉ်ကျေးမှုကူးချတဲ့
မြို့ပြထဲ
ဟုမ်းလက်(စ်)* တွေနား
ပုန်းဝှက်လို့ ...

(၃)
၁၉၉၂
အစ္ဇျတ္တနှင့်
မြစ်အရှေ့မှာအိပ်လို့
မျက်လွှာချထားတဲ့
ယွမ်းချောင်းလေပြည်
အနောက်ဘက်
စစ်တောင်း ... မြေပျိုမှာ

(၄)
ဂစ်တာအိုနဲ့
ဓမ္မတေးကို
မီးပုံဖိုလို့ ... ကြိုဆိုခဲ့ကြ
ဘုရားသခင်
မဖွားမီ ... ညက
ယွမ်းစလင်းရေသောက်
မြက်ဖျားက
နှင်းရည်သောက်လို့ ...

(၅)
တချို့ကပုခက်ကိုစီး
တချို့ဖြင့် ... ပုခက်ကစီးလို့
မီးပုံလေးနဲ့ ... မနီးမဝေးမှာ
ဓမ္မတေးကို
အေကေ** တလက် ... ပွေ့ဖက်ရင်း
ညည်းဆိုခဲ့ကြ ...
“ဤအိမ်ပေါ်တွင် ကောင်းချီးမင်္ဂလာ
ရောက်စေသော်”

(၆)
အကြိမ်ကြိမ်ပြိုခဲ့တဲ့
ထာဝရအိမ်တွေ ... အတွက်
အနောက်ဘက်က ...
ယာယီအိမ်မှာ
ဆုတောင်းခြင်းနဲ့
တောင်းဆုပန်ခြင်းတွေ ... ထွေးယှက်
မြက်ဖျားနှင်းစက်က
လင်းလက်လို့ ...

(၇)
ခုချိန်ထိ
အစ္ဇျတ္တက
ရှေ့ဘက်မှာအိပ်စက်ခဲ့ ...
သိုးမည်းတွေကို
အောင်ပွဲခံတဲ့
ညီမျှခြင်း ... နေ့ရက်တွေဆီ
ပြန်ချင်တယ် ...။ ။

(၁၉၉၂ ခုနှစ် မကဒတ၏ စစ်တောင်းမြစ်အနောက်ဘက်
စစ်ဆင်ရေးနေ့များသို့)
*Homeless (အိမ်ခြေမဲ့)
** AK 47 မောင်းပြန်ရိုင်ဖယ်

Read More...

ကမ္ဘာလည်မယ့် … နေ့

(ပုရစ်) (၃-၁-၀၇)
ခောတ်ပြိုင်...မှ

နေညိုညနေအခါခါ
ငါ … အိမ်ပြန်မရသေးဘူး
ကြယ်စုံညပေါ့
တကယ်ကို ပြန်မရောက်သေးပါလား …

ကြာတော့
အိမ်ကို အိပ်မက်မမက်တော့ဘူး
ကျပ် (kyat) ကို အိပ်မက်မမက်တော့ဘူး
ဘတ် (baht) ကို အိပ်မက်မက်ရတာလည်း
မသက်သာလှဘူး
တတိယရေခဲပြင်အိပ်မက်တွေကကော (ရော)
မောစရာတွေများလား …

အိမ်ပြန်မရောက်ခြင်းလေးတွေ
လူလားမြောက်လာ
အိပ်မက်တော်တွေမက်တယ်
ဘုရင်မင်းမြတ်ရဲ့ ဘုန်းတန်ခိုးတော်
ဘုရင်မကြီးရဲ့ ကျေးဇူးတော်
NGOs ရဲ့ ကျေးဇူးတော်
ကျေးဇူးတော်တွေရဲ့ကြား …

ကြည့် … ကလေးရေ
ဒုက္ခသည်စခန်းထဲ လရောင်အောက်
ဆန်ကွဲစေ့လေးတွေ
ပေါလောမျောနေတုန်းပဲကွဲ့ …..။ ။

Read More...

ကျမတို့တိုင်းပြည်မှာ

ခွာညို (၁၆-၈-၀၇)
ခေတ်ပြိုင်...မှ

ကျမတို့တိုင်းပြည်မှာ…
စစ်အုပ်စုက တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးဆိုတာကို အော်ရသူတွေ ရင်ကွဲမတတ်။ ကြားရသူအပေါင်းလည်း နားကွဲမတတ် ထုတ်လွှင့်နေသည်။ တကယ်တော့ အဲသည်လို အော်ချည်း နေဖို့မလိုပါ။ အလုပ်နှင့်သက်သေပြရန်သာဖြစ်ပါသည်။


ကျမတို့တိုင်းပြည်မှာ…
ပြည်သူတွေက အစိုးရအပေါ် မယုံကြည်တော့သည့်စိတ်၊ အားမကိုးကြတော့သည့်စိတ် နာကျည်း မုန်းတီးသည့်စိတ်၊ ရွံရှာစက်ဆုပ်သည့်စိတ်များ တနေ့တခြားတိုးပွားများပြားလာနေသည်။ နှစ်ဦး နှစ်ဘက်လုံးအတွက် ဤမနှစ်မြို့ဖွယ်ရာ စိတ်ခံစားမှုကို ဖျောက်ဖျက် ဆေးကြောနိုင်ရန် စစ်အုပ်စုမှ သက်သေပြရန် အချိန်ကောင်း၊ အခွင့်ကောင်းတခုကို အသုံးချသင့်နေပြီဖြစ်သည်။

ကျမတို့တိုင်းပြည်မှာ…
တိုင်းရင်းသားအချင်းချင်း အမှန်ပင် ချစ်ခင်စည်းလုံးစေချင်လျှင် ရွာပုန်းရွာရှောင်ဘ၀နှင့် တဘ၀လုံး (တချို့ဆိုလျှင် မျိုးရိုးစဉ်ဆက်) ပြေးလွှားနေရသည့် တောင်ပေါ်သားများအား အခြေတကျ မြေသတ် မှတ်ပေးသင့်နေပါပြီ။ သူတို့ရိုးရာ တောင်ယာလုပ်ငန်းများကို မြေအတည်တကျနှင့် စိုက်ပျိုးရာတွင် ခေတ်မီနည်းစနစ်များနှင့် ထောက်ပံ့ကူညီသင့်နေပါပြီ။ သည်လိုဆိုလျှင် တိုင်းပြည်အတွက် စားစရိတ် မြင့်တက်မှုများလျှော့ပါးစေလျှက် ကမ္ဘာ့သတင်းရပ်ကွက်မှာ မြန်မာ့သတင်းများနှင့် ပတ်သက် ရေးသားတိုင်း အလွန်အကျည်းတန်သည့် ထိုရွာပုန်းရွာရှောင်ဆိုသောစကားလုံးတို့ ပျောက်ကွယ် သွားပါလိမ့်မည်။

ကျမတို့တိုင်းပြည်မှာ…
ဘယ်အခါမှာ တိုင်းရင်းသားလူမျိုးစုငယ်လေးများ၏ တန်းတူအခွင့်အရေး တောင်းဆိုမှုများ ဆိတ်ငြိမ်သွားစေလိုလျှင် တောင်းဆိုသံများကို ကျည်ဆံနှင့် ဟန့်တား ပိတ်ဆို့နေမည့်အစား ကျောသားရင်သားမခွဲခြားသော စိတ်ထားမျိုးကို ပြသင့်ပါသည်။

ကျမတို့တိုင်းပြည်မှာ…
စိုက်ပျိုးရေးကောင်းမွန်စေမည့် မြေဆီလွှာတွေနှင့်တကွ ရေချိုလည်းအလျှံပယ်ပေါများသည့်အတွက် ထမင်းငတ် သေသောမသာဟူ၍ မရှိနိုင်ဟု ကျမအခိုင်အမာတွေးထင်ခဲ့မှုသည် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတခုအတွင်းသို့ ရောက်လာသည့် လူနာတဦးကို သွားကြည့်မိစဉ်ခဏမှာ ထိုအတွေး မှားယွင်းကြောင်း သိလိုက်ရပါသည်။

အသက်သုံးဆယ်ကျော် ကရင်တိုင်းရင်းသူအမျိုးသမီးတယောက် သူ့အသက်ကိုသာမသိရလျှင် အသက်ခြောက်ဆယ်ခန့်ဟုသာ လူတိုင်းထင်နေကြလေသည်။ သူ့အရည်အသားများက မွဲပြာ မဲခြောက်လျှက်။ ဖျားနေသည်မှာ နှစ်နှစ်ရှိပြီး လမ်းမလျှောက်နိုင်တော့တာ (၃) လကျော်ပြီဟု သိရသည်။ သူမသည် ကြာအင်း၊ ၀င်းရေးစသည့် စစ်ရင်ပြင်ဖြစ်နေသည့် ကရင့်မြေမှ တောင်ကို ကျော်ကာ ထိုင်း-မြန်မာနယ်စပ်မှ ဒုက္ခသည်စခန်းတွင်း ဆေးခန်းသို့ အခမဲ့ဆေးကုသမှု ခံယူနိုင် ရန်ရောက်လာခဲ့ခြင်းဖြစ်သည်။

ကျမတို့အိမ်တန်းနား အရောက်တွင် သူမ ဆက်မလျှောက်နိုင်တော့ဘဲ လဲကျသွားခဲ့သည်။ သူမ နောက်က အဖော်လိုက်လာသူဟူ၍ လူမမည်ကလေးတယောက်ကို ကျောပိုးထားသည့် ဗမာ စကားမပြောတတ်သော သူမသမီးတဦးသာလျှင်ရှိသည်။ ထို့ကြောင့် ယခင်ကျောင်းသား
တပ်မတော်မှ တပ်မှူးဟောင်းတယောက်နှင့် အခြားအဖော်တယောက်တို့က စောင်ဖြင့်ထမ်းကာ ဆေးရုံသို့ လိုက်ပို့လိုက်ရသည်။

ရက်အနည်းငယ်အတွင်း နောက်ထပ်နှစ်ယောက် ထပ်ရောက်လာသည်မှာလည်း သူမနှင့် ထူးမခြား နားသည့် အာဟာရပြတ်လပ်နေသည့် အမျိုးသမီးများသာဖြစ်လျှက် ဆေးရုံက သူမတို့သုံးယောက်
အား “သရီးလေဒီးစ်” ဟုခေါ်သည်။ သူတို့သုံးယောက်ပေါင်းမှ အမျိုးသမီးတယောက်၏ ပုံမှန် အလေးချိန်မျှသာရှိသောကြောင့်ဖြစ်သည်။

သူတို့အား ဆေးရုံမှ နွားနို့တိုက်သောအခါ သူတို့မသောက်တတ်ကြဘူးဆိုသည့်စကားက ကြားရသူ အပေါင်း၏ ရင်ကို နာကျင်စေခဲ့တာ ကျမတို့တိုင်းပြည်က လူမျိုးစုများ၏ ဖြစ်ရပ်မှန်များအနက်က တခုမျှသာဖြစ်ပါသည်။

လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်ကျော်က ကိတ်မုန့်ကိုဘာမှန်းမသိသော တခါကြားယုံမျှဖြင့် ကိတ်မုန့် ဟူသောအမည်နာမကို နောက်တခါ ပြန်မပြောတတ်သော ချင်းမလေးတယောက်ကို မှတ်မိ နေသည့်နာကျင်မှုမျိုးဖြင့် ထိုသရီးလေဒီးစ်ကိုလည်း ကျမ မေ့နိုင်တော့မည်မဟုတ်ပါ။

အာဖရိကမှ သဘာဝဘေးဒဏ်ကြောင့် ငတ်မွတ်ခေါင်းပါးဒဏ်ကိုခံနေရသည့် တိုင်းပြည်များမှ နိုင်ငံခေါင်းဆောင်တို့သည် မိမိတိုင်းသူ ပြည်သားများအတွက် နိုင်ငံတကာအကူအညီများကို မရှက်မကြောက် တောင်းခံလျှက် ပြည်သူတို့၏၀မ်းကို ပြည့်အောင်တတ်နိုင်သမျှဖြည့်စွမ်းခဲ့ပါသည်။

ကျမတို့တိုင်းပြည်မှာ …
နိုင်ငံတကာက ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးဆိုင်ရာ အကူအညီပေးလိုသည့် အစိုးရမဟုတ်
သော အဖွဲ့အစည်းများ အဆင်သင့်ရှိနေသည့်တိုင် အုပ်ချုပ်မင်းမူနေသည့်အစိုးရ၏ မယုံသင်္ကာ ဖြစ်မှုများ။ အကျင့်ပျက်လာဘ်စားမှုများကြောင့် ပြည်သူများ၏ ရပိုင်ခွင့်များ ဆုံးရှုံးနစ်နာနေလျှက် တိုင်းပြည်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်ပင်အန္တရာယ်ကြီးလှသော အခြေအနေ မျိုးတွင် ရောက်နေပါသည်။

မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် အာဏာလွှဲပြောင်းသိမ်းပိုက်ခဲ့သည့် စစ်အစိုးရ၏ စကားအတိုင်း ဆိုရပါသော်- ကျမတို့တိုင်းပြည်၏ ကံကြမ္မာမှာ ချောက်ထဲကျရန် အမှန်ပင် လက်နှစ်လုံးမျှသာ လိုတော့ပါသည်။

ကျမတို့တိုင်းပြည်မှာ…
အသက်အရွယ်ကြီးမြင့်သည့်တိုင်အောင် အနားမရသောလက်များ သန်းပေါင်းများစွာရှိနေပါသည်။ အထက်တန်း ကျောင်းအုပ်ဘ၀တွင် စစ်အုပ်စုမှ ပင်စင်ပေးခြင်းခံခဲ့ရသည့် ကျမအဖေသည် ကျောင်း ဆရာဘ၀က လူငယ်များအား ဆေးလိပ်မသောက်၊ ကွမ်းမစားရန် တင်းကျပ်သော အမိန့်များထုတ်
ကာ ပိတ်ပင်ခဲ့သော်လည်း အလုပ်မှ ရပ်စဲခံရပြီးသည့်နောက်တွင် သူကိုယ်တိုင်ပင် ဆေးလိပ်နှင့် ကွမ်းယာကို ၀မ်းရေးအတွက် လူငယ်လေးများအား သူကိုယ်တိုင်ရောင်းချပေးနေခဲ့ရပါသည်။

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းထဲတွင် ဒုက္ခသည်များအား ဆန်၊ ဆီ၊ ဆား၊ သကြား၊ ပဲ၊ လောင်စာ မီးသွေးတောင့် စသည်ဖြင့် ကုန်မာများကို လစဉ်ထုတ်ပေးနေပါသည်။ သို့သော် ဆောင်းနံနက်ခင်းတခု၏ နေရောင်အောက်ဝယ် နေစာလှုံရင်း မီးသွေးမှုန့်များကို ထမင်းရည် ပျစ်ပျစ်နှင့်ရောဆုပ်ကာ လောင်စာ ဖန်တီးနေရသေးသော အသက်ရှစ်ဆယ်နီးပါး ကရင် အဖွားအိုများကို ကျမတွေ့ခဲ့ရသောအခါ ဆရာကြီး ဦးတင်မိုး ကျမတို့မိုးကြိုးသတင်းဌာနသို့ လာရောက်လည်ပတ်စဉ် ပြောခဲ့သောစကားများကို တလုံးမကျန်သတိရလာပြီး စိတ်မကောင်း ဖြစ်ရပြန်ပါသည်။

“သူတို့တိုင်းပြည် (အမေရိကန်) က လူထုကိုစောင့်ရှောက်တာ တာဝန်ကျေလွန်းအားကြီးလို့ ဆဲတောင်ဆဲချင်လာတယ်။ အသက် ခြောက်ဆယ်ကျော်တယ်ဆိုတာနဲ့ ပိုက်ဆံ (၂၀၀) လည်း တန်းပေးတယ်။ အဘ အသက်ကြီးနေပြီ။ အဘကိုစောင့်ရှောက်ဖို့ နာ့စ်တယောက် အဘအတွက် ထားပေးမယ်လို့လည်းပြောသေးတယ်။ ငါ့အတွက် လူအကူမလိုသေးပါဘူး။ ငါ သွားနိုင်လာနိုင် ပါသေးတယ်ဆိုတာ ငါကိုယ်တိုင်ပြောနေတာတောင်မှ သူတို့က ငါ့အတွက်စိတ်ပူပေးနေလို့
သူတို့ကို ငါဆဲချင်တယ်”

ထိုစကားများကို ဆရာကြီးက ပြီးပြည့်စုံနေသော ကျေနပ်နှစ်သက်မှုတို့ဖြင့် ပါးစုံ့ကြီးများ ထွက်လာ သည်အထိ ပြုံးလျှက် ပြောသွားခဲ့တာဖြစ်ပါသည်။

ကျမတို့တိုင်းပြည်က ကျမတို့၏ စစ်အစိုးရကိုလည်း ကျမတို့ပြည်သူလူထုက ထိုသို့သော
အပြုံးမျိုးဖြင့် ၀ိုင်း၍ ဆဲလိုက်ချင်စမ်းလှသည်။

Read More...

နုမှည့်

ကမာပုလဲ (၂-၃-၀၇)
ခေတ်ပြိုင်...မှ

သစ်သီးကလေးတလုံး ကြွေကျလာသည်။ မြေကမ္ဘာ ပေါ်သို့ သစ်သီးကလေးတလုံး ကြွေကျလာသည်။ နောက်ထပ် သစ်သီးကလေးတလုံး ကြွေကျလာသည်။ မြေကမ္ဘာပေါ်သို့ သစ်သီးကလေးတလုံး ကြွေကျ လာပြန်သည်။ နောက်ထပ် …… ပြီးတော့ နောက်ထပ် … မြေကမ္ဘာပေါ်သို့ သစ်သီးကလေးတွေ ကြွေနေကြသည်။
သစ်သီးတို့ ရင့်မှည့်လာလျှင် မိခင်ပင်စည်မှဖြစ်စေ၊

ရိုးတံညှာမှဖြစ်စေ စွန့်ခွာကြွေသက်ရသည်မှာ လောကဓမ္မတာပင်ဖြစ်သည်။ ဆွဲငင်အားရှိသော မြေကမ္ဘာပေါ်သို့ ရင့်မှည့်သစ်သီးတို့ ကြွေကျဆင်းသက် လျက်ရှိသည်။ သစ်သီးကလေးတို့၏မိခင်သည် သစ်ပင်ဖြစ်လျှင် သစ်ပင်၏မိခင်သည် ကမ္ဘာမြေဖြစ်သည်။ ပင်စည်၊ ရိုးတံ၊ အရွက်၊ အပွင့် အသီးတို့၏ အမေသည် မြေကမ္ဘာပင်ဖြစ်သည်။ ရင့်မှည့်ကုန်ကြသော သစ်သီးကလေးတွေ မိခင်မြေကမ္ဘာပေါ် ကြွေနေကြသည်။

ဟာလာဟင်းလင်းဖြစ်နေသော၊ ဗလာဖြစ်နေသော၊ အရောင်မဲ့နေသော ပိတ်ကား သို့မဟုတ် ကင်းဗတ်စပေါ်သို့ ပန်းချီဆရာ၏ဆေးစက်တစက်၊ စုတ်ချက်တချက် ကျလာသကဲ့သို့ မြေကမ္ဘာပေါ်သို့ သစ်သီးကလေးတလုံး ကြွေကျလာသည်။ နို့နှစ်ရောင်ခလုပ်ကလေးများပေါ်သို့ တို့ထိလိုက်သော စန္ဒယားဆရာ၏ လက်ချောင်းများမှ ပေါ်ထွက်လာသည့် ဂီတသံကလေးပမာ သစ်သီးကလေးတလုံး ကမ္ဘာမြေပေါ်သို့ ကြွေကျလာသည်။

ကြွေသောသစ်သီးကလေးများမှ အမြုတေသစ်စေ့ကလေးများကို မိခင်မြေကမ္ဘာက သူ့ရင်ထဲထည့်၍ လက်ခံ သိုမှီးလိုက်သည်။ မကြာမီ သစ်စေ့ကလေးသည် စိမ်းမြနုကြွသောအဆင်းသို့ ပြောင်းလဲခြင်း ဖြစ်စဉ်အရ သစ်ပင်တပင်အဖြစ် မွေးဖွားဖြစ်တည်ရှင်သန် ထိုမှတဖန် အခက်အလက်၊ အရိုးအရွက်၊ အငုံ၊ အပွင့်၊ အသီး အဆင့်ဆင့်ဖြစ်တည်ကာ ရင့်မှည့်လာကုန်သော သစ်သီးတို့ မိခင်မြေကမ္ဘာပေါ် ကြွေကျသက်ဆင်းကြပြန်သည်။

ငယ်ဘ၀ အမေ့အိမ်၏ ပုဏ္ဍရိပ်စည်းရိုးကလေးအတွင်း မာလကာပင်ကလေးတပင်ရှိခဲ့သည်။ မာလကာပင်ကလေးသည် ကျနော်တို့ ကလေးများအဖို့ ဆော့ကစားဘက်၊ အရိပ်ခိုသောနေရာ၊ အသီးစားရသော အဆွေခင်ပွန်းအဖြစ် နှစ်ကာလများကို ရင်းနှီးခင်မင်ဖြတ်သန်းခဲ့ကြသည်။ တခါတလေ အမေသည် မာလကာ ရွက်နုကလေးများကို ခူးဆွတ်ကာ လက်ချောင်းဖြင့်ပွတ်ချေရင်း ရှူနေတတ်သည်ကို တွေ့မြင်ခဲ့ဖူးသည်။

မူးမူးမော်မော်ဖြစ်လျှင် အမေသည် မာလကာရွက်နုများကို ခူး၍ရှူတတ်သည်။ ကျနော်တို့ကလေးများ ကလည်း အတုခိုးကာ မာလကာရွက်နုကလေးများကို လူကြီးများအလစ်တွင် ခိုး၍ရှူကြသည်။ အနံ့မှာ မွှေးမြမြ၊ အသီးကိုမူ သွားရေစာအဖြစ် ခူးဆွတ်စားကြသည်။ အမေနှင့်လူကြီးများက ကျနော်တို့ မာလကာသီး ခူးစားနေသည်ကို တွေ့လျှင် အသီးများကို လက်နှင့်ဆိတ်ကြည့်သည်။ ပွသောအသီး (သို့မဟုတ်) မှည့်သောအသီးဖြစ်နေမှ စားခိုင်းသည်။ စား၍မသင့်သော အသီးနုနုများဆိုလျှင် မစားသင့်ကြောင်း၊ ရင်ကြပ်တတ်ကြောင်းပြော၍ လွှင့်ပစ်သည်။ တကြိမ်တွင် လူကြီးများမသိအောင် ငတ်ငတ်နှင့် မာလကာသီးနုနုများကိုခိုးပြီး ခူးစားမိသည်။ အအေးဓာတ် ၀င်လာသော ညအချိန်တွင် ချောင်းတဟွတ်ဟွတ်ဆိုးကာ ရင်ကြပ်တော့သည်။ တညလုံးအိပ်မရ။ အမေက ဆူသည်။ နောက်တော့ မာလကာသီးနုနုများကို မစားရဲတော့၊ တခါတည်းမှတ်သွားသည်။ တနေ့တွင် မာလကာသီးတလုံးကို အမှည့်ထင်၍ ခူးလိုက်သည်။ အရောင်က ၀ါဖန့်ဖန့်နှင့် အခွံမှာပျော့နေသည်။ ထို့ကြောင့် မှည့်ပြီ အထင်နှင့် စားမိလိုက်သည်။ ပထမတကိုက်တွင် ဘာမှအရသာမရှိ။ ချိုဖို့ဆိုသည်ကား ဝေလာဝေး။ အမေ့ကိုသွားပြတော့ မစားသင့်ကြောင်းပြောကာ လွှင့်ပစ်လိုက်သည်။ ဘာလို့မစားသင့်ကြောင်း အမေးအမြန်းထူသောအခါ အမေက “မှတ်ထား… အဲဒါ နုမှည့်လို့ခေါ်တယ်။ အရသာမရှိဘူး။ စားရင် အန္တရာယ်ဖြစ်တတ်တယ်” ဟုပြောသည်။ ထိုစဉ်က နုမှည့်ဆိုသည်ကို ကျနော်အသေအချာ နားမလည်နိုင်ခဲ့ပါ။

ဘ၀၏အတွေ့အကြုံများစွာကို ဖြတ်သန်းရင်း နုမှည့်ဆိုသည်ကို တစစနှင့် နားလည်လာခဲ့သည်။ စင်စစ် နုမှည့်ဆိုသည်မှာ ရှင်သယောင်နှင့် သေသောအသီးဖြစ်သည်။ လိုအပ်သောအချက်အလက်တို့ကို ပြည့်စုံစွာသိုမှီးရင်း တဆင့်ချင်း တရစ်ချင်း ဖြစ်ပေါ်ပြောင်းလဲကာ အသစ်အသစ်သို့ အရည်အချင်းအရ တော်လှန်ပြောင်းလဲရသော သဘာဝတ္တ တရားနှင့် ကင်းလွတ်ပြီး အရှင်မွေး နေ့ချင်းကြီးသဘော ဖြစ်သည်။ ရင့်မှည့်ယောင်နှင့် နုပျက်ဖြစ်ရသည်။ နုမှည့်မှည့်သစ်သီးသည် မျိုးဆက်လည်းမပျံ့ပွား၊ စားသုံးလျှင်လည်း ဘေးဥပါဒ်ဖြစ်နိုင်သောအရာဖြစ်သည်။

နုမှည့်သည် သစ်သီးတွင်သာရှိသည်မဟုတ်၊ လူ့အဖွဲ့အစည်း၏ ကဏ္ဍစုံတွင်လည်း နုမှည့်များရှိနိုင်သည်၊ ရှိနေကြသည်။ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ အနုပညာ၊ လောကဓာတ်ပညာရှင်များ စသည်ဖြင့် နေရာစုံ၊ အဖွဲ့အစည်းစုံတွင် လူနုမှည့်များရှိနိုင်သည်။ နုမှည့်သည် အသက်ငယ်ခြင်း၊ အသက်ကြီးခြင်းနှင့် မဆိုင်၊ အရွယ်မရွေး နုမှည့်ဖြစ်နိုင်သည်။ တချို့အသက်ကြီးလို့သွားသည်၊ အတွေးအခေါ် အကျင့် အကြံမှာ လူငယ်မကျ၊ လူကြီးမမည် ဖြစ်နေကြသည်။ အများအကျိုးမပြောနှင့် မိမိအနာဂတ်ကိုပါ နာမည်ဆိုးဖြင့် မြှုပ်နှံသင်္ဂြိုဟ်နေကြသည်။ လက်တွေ့မရှိဘဲ စာတွေ့အကဲဒမစ်ဖြစ်ကာ အလုံးစုံသိသော ပညာရှင်ဟန်ဆောင်ကြသည်။ ယုတ္တိဗေဒကို ဆန္ဒစွဲဖြင့် ရေလဲသုံးကာ နတ်နေကိုင်းပါမချန် အနှစ်မဲ့
ဝေဖန်ရေးဓားဖြင့်ချိုင်သည်။ ထိုရောအခါ နိုင်ငံတော်ပလ္လင်ထက်မှ အနှစ်မဲ့စစ်ခွေးတို့ နှလုံးပီတိ ဂွမ်းဆီထိကာ ၀မ်းမြောက်ဝမ်းသာဖြစ်ကြသည်။ နုမှည့်များလေ သူတို့၏ အာဏာသက်ရှည်နိုင်လေဟု ထင်မှတ်နေသည်မဟုတ်လား။

မီးလောင်တောင်ယာမြေမှ တမျှော်တခေါ် အလေ့ကျ ပုတက်စာပင်ကလေးများမှာ ကြည့်ရသူအဖို့ မျက်စိပသာဒလည်းဖြစ် ဟင်းလျာအဖြစ်လည်း စားသုံးနိုင်သည်။ သို့သော် နုမှည့်သစ်သီးသည်ကား စားမရ၊ စိုက်မရ၊ ပျိုးမရ၊ ထိန်းသိမ်းသိုမှီးထားသော်ငြား သူ့အနာဂတ်သည်မလှ။

သစ်သီးကလေးတွေကြွေနေသည်။ ရင့်မှည့်နေသော သစ်သီးကလေးတို့သည် မြေကမ္ဘာ၏ရင်ခွင်ထဲသို့ ကြွေကျ ဆင်းသက်ရင်း အသစ်အသစ်သော သစ်ပင်တွေအဖြစ် မွေးဖွားဖြစ်တည်နေကြသည်။ မြေကမ္ဘာပေါ်သို့ ရင့်မှည့်နေသော သစ်သီးကလေးတို့ ကြွေနေကြသည်။ ထို့အတူ နုမှည့်သစ်သီး တို့လည်း ရော၍ကြွေနေကြသည်။ သို့သော် နုမှည့်သစ်သီးတို့သည်ကား ….။ ။

Read More...

ဆရာဂျမ်းသို့ လွမ်းလို့ရေးတဲ့စာ

စိုးနေလင်း(၂၆-၁-၀၇)
ခေတ်ပြိုင်...မှ

အချိန်က - လူဝတ်လဲထားတဲ့ စစ်အာဏာရှင် လက်အောက် ကျနော်တို့ ကျရောက်နေတဲ့ အချိန်
နေရာက - ၃၃ လမ်း၊ ရွှေကြည်အေး လက်ဖက်ရည်ဆိုင်၊ ရန်ကုန်

ဆရာ့ကို မိတ်ဆွေကဗျာဆရာ စာရေးဆရာ ကြီးငယ်တွေနဲ့ စကားစမြည်ပြောဆိုနေတာ ကို မကြာခဏ တွေ့တွေ့နေရတယ်နော် ဆရာ၊ ဆရာတို့က တ၀ိုင်း ကျနော်တို့လူငယ် ကဗျာရေးသမားတွေကတ၀ိုင်း ခပ်လှမ်း လှမ်းက လှမ်းပြီး လေးစားကြည်ညိုအားကျ ခဲ့တဲ့အချိန်၊ “ဲဒါ ဆရာတင်မိုးလေ” ဆိုပြီး ကိုယ့်ထက်ပိုပြီး စာပေနယ်နဲ့ရင်းနှီးထိစပ်တဲ့ မိတ်ဆွေတယောက်က ခပ်တိုးတိုး အသိပေးလိုက်တယ်ဆိုရင်ပဲ “သြ ဆရာတင်မိုး ကိုး” ဆိုပြီး တငေးတမော ကြည့်လို့အားမရနိုင်ခဲ့တဲ့အချိန်။

ဆရာက တကယ့်ပီဘိ တောသူတောင်သား လူရိုးလူကောင်းကြီးတယောက်ဆိုတာ ထင်းခနဲလင်းခနဲ မြင်သာထင်ရှားပါတယ်။ တိုးတိုးတချို့ ကျယ်ကျယ်တချို့ ပြောလိုက် တဟားဟားရယ်မောလိုက်နဲ့ ဆရာဟာ သိပ်ပြီး ပေါ့ပါးလန်းဆန်းနေပုံပါပဲ။
ကျနော်ဆရာ့ကိုသိတယ်၊ လေးစားချစ်ခင်တယ်။ ကျနော့်ကိုတော့ ဆရာမသိနိုင်ဘူးပေါ့ဆရာရယ်။
ဒီလိုနဲ့ပဲ…

“ဖက်ဆစ်အောင်ပွဲ”
၁၉၄၅ မတ်လ
ပြည်သူတွေကတော်လှန်
ဖက်ဆစ်စနစ်ဆိုးနဲ့ဂျပန်
ဖက်ဆစ်တွေကျဆုံး
ပြည်သူတွေအားလုံးအောင်ပွဲခံ။

၁၉၈၉ မတ်လ
ပြည်သူတွေရင်ဝမှာ
သွေးစတွေပေကျံ
မြန်မာမျိုးချစ်ဆိုတဲ့
ဖက်ဆစ်စစ်တပ်ကဖိနှိပ်
တိရစ္ဆာန်လိုသဘောထား
ပြည်သူအများက အညှဉ်းဆဲခံ
ဖက်ဆစ်အားလုံး
လက်ရုံးဆန့်တန်း
အခမ်းအနားနဲ့အောင်ပွဲခံ
စစ်သံ စစ်မာန် စစ်အလံ
အဲဒါ မြန်မာနိုင်ငံ။ ။
တင်မိုး
(၂၇-မတ်-၁၉၉၉)

အချိန်က - ဆရာတို့ ကျနော်တို့နဲ့ ကျနော်တို့ပြည်သူတွေအားလုံး အမျိုးသားဖက်ဆစ်စနစ်အောက် ကျရောက်ခဲ့တဲ့အချိန်ပေါ့ဆရာရယ်။
နေရာက - ကန်တော်လေး (၁၀၁) လမ်း၊ အိပ်မက်ဖူးမဂ္ဂဇင်းတိုက်၊ ရန်ကုန်

ဆရာနဲ့ ကျနော်တို့ကို အိပ်မက်ဖူးမဂ္ဂဇင်းအယ်ဒီတာတွေဖြစ်တဲ့ မောင်သာချိုနဲ့ ခင်လွန်းတို့က မိတ်ဆက် ပေးတော့ ဆရာက ပြုံးပြုံးကြီးနဲ့ အားရ၀မ်းသာ လက်ဆွဲနှုတ်ဆက်ခဲ့တဲ့အချိန်မှာ ကျနော်ဝမ်းသာဂုဏ်ယူ ရပါတယ် ဆရာရယ်။ ကျနော်တို့ငယ်ငယ်က ကြိုက်နှစ်သက်ခဲ့တဲ့ကဗျာလေးတွေ ရေးစပ်ခဲ့တဲ့ ကဗျာ ဆရာကြီး၊ ကျနော်လေးစားကြည်ညို ခင်မင်ချစ်ခင်တဲ့ ကဗျာဆရာကြီးနဲ့ သိကျွမ်းခင်မင်ရပြီမဟုတ်လား ဆရာ။
အဲဒီတုန်းက ဆရာနဲ့ အခြားဆရာကြီးတချို့ ပါလာသေးပေမယ့် ကွယ်လွန်သူ ဆရာလင်းယုန်မောင်မောင် တယောက်ကိုပဲ ကျနော်အမှတ်ရတော့တယ်ဆရာ။ အဲဒီအချိန်က ကျနော့်မှာလည်း ကျနော့်အရေးနဲ့ ကျနော်၊ ကျနော့်သောကနဲ့ ကျနော် ဖြစ်နေခဲ့ရတယ်လေ။ ဆရာနဲ့ ပထမဦးဆုံးသိကျွမ်းမိတ်ဆွေဖြစ်ခဲ့ရတဲ့ အဲဒီအချိန်မှာ အမှတ်ရစရာလေးတခုလည်း ဖြစ်ခဲ့ရတယ်နော် ဆရာ။ အဲဒီအချိန်မှာ အိပ်မက်ဖူးမဂ္ဂဇင်းမှာ နေ့ရောညပါလာပြီး ကူညီလုပ်ကိုင်ပေးနေတဲ့ ကဗျာဆရာ နေဇော်နိုင်ကလေးလည်း ရှိနေတယ်လေဆရာ။ ဆရာတို့တိုက်ပေါ်မှာရှိနေတုန်း သူက အောက်ထပ်ကပြေးတက်လာပြီး ကျနော့်ကို မျက်ရိပ်မျက်ခြည်ပြ တိုက်ခန်းနောက်ဘက်ခေါ်ပြီး “ဆရာဂျမ်းကိုပဲလား အစ်ကိုတို့ကိုပဲလားတော့ မသိဘူး၊ အောက်မှာတော့
MI တွေလာပြီး စောင့်ကြည့်နေပြီအစ်ကို” လို့ လာပြီး အထိတ်တလန့် သတိပေးခဲ့တယ် ဆရာ။ သူက စစ်သားလူထွက်ဆိုတော့ လူတွေရဲ့ပုံပန်းကိုကြည့်လိုက်တာနဲ့ သိနေတာပေါ့ဆရာရယ်။ ဆရာတို့လူကြီး တွေကတော့ ပြောလားဆိုလား ရယ်လားမောလားဆိုတော့ သတိတောင်ထားမိပုံမရပါဘူး။ နောက်ဘာမှ သိပ်မကြာခင်မှာဘဲ ကျနော်က ဆိပ်ဖလူးနံ့သင်းပျံတဲ့ ဘ၀တက္ကသိုလ်ကို ရောက်သွားခဲ့ရတော့ ဆရာနဲ့ နောက်ထပ်ဆုံစည်းခွင့်မရခဲ့တော့ဘဲ ဆရာ့ရဲ့တက်ကြွတဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုသတင်းတွေ၊ ကဗျာ သီချင်းတွေနဲ့ လူထုကြားဆင်းပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အောင်ပွဲရရေးအတွက် စည်းရုံးလှုံ့ဆော် မှုတွေကိုပဲ တဆင့်စကား တဆင့်နားနဲ့ပဲ ကြားသိခွင့်ရခဲ့တော့တယ်ဆရာ။ ဆရာနဲ့ ရဲဘော်ရဲဘက် ကဗျာဆရာ၊ စာရေးဆရာတွေရဲ့ မှန်ကန်ရဲရင့်တဲ့ရပ်တည်ချက်နဲ့ အရည်အချင်းပြည့်ဝတဲ့ စည်းရုံးရေး ခရီးစဉ်တွေရဲ့ အောင်မြင်မှုတွေအတွက် ကျနော်တို့ မမြင်ကွယ်ရာကဘဲ ၀မ်းသာပီတိဖြစ်ခဲ့ရပါတယ်။ ကျနော် ဆရာ့ရဲ့ ကဗျာရွတ်သံကို စိတ်ထဲကကြားယောင်ရင်း တကယ်ပဲလွမ်းခဲ့ရပါတယ် ဆရာ။

အချိန်က - ၂၀၀၆ ခု၊ စစ်အာဏာရှင်စနစ်အောက် မြန်မာပြည်ကျရောက်နေဆဲ
နေရာက - ခေတ်ပြိုင်ဂျာနယ်တိုက်၊ ဘင်းခင်း၊ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ

ကျနော်ထင်တာထက် ဆရာပိုပြီး ၀ဖြိုးလာသလို လှုပ်ရှားမှုတွေလေးလံနေသလိုပဲ၊ ကျနော့်ကိုလည်း ပြန်ပြောမှ တစွန်းတစပြန်အမှတ်ရသွားပြီး ပြုံးနေကျအပြုံးနဲ့ လက်ဆွဲနှုတ်ဆက်ပြီး “၀မ်းသာတယ်ဗျာ၊
ဝမ်းသာတယ်” လို့ တဖွဖွပြောနေခဲ့တယ်။ ဆရာက ကျနော်တို့တွေ့ဆုံပြီးနောက်ပိုင်း ဖြစ်ပုံတွေကိုပြန်ပြောပြ။ နောက် သူ့ရဲ့ ဆိပ်ဖလူးရနံ့ကာလနဲ့ ကျနော့်ရဲ့ဆိပ်ဖလူးရနံ့ကာလ အတွေ့အကြုံတွေ ဆုံခဲ့ရသူ တွေကို အပြန်အလှန် ကြေကွဲဆွတ်ပျံ့ကြ၊ နောက် ဆရာ့ရဲ့ နိုင်ငံရပ်ခြားအတွေ့အကြုံ ဒီမိုကရေစီရေး လှုပ်ရှားမှု၊ စာပေဟောပြောပွဲတွေအကြောင်း၊ တော်လှန်တိုးတက်သူတွေ ဖောက်ပြန်သူတွေအကြောင်း၊ နယ်စပ်ဒေသ ဒီမိုကရေစီအင်အားစုတွေအပေါ်ထားရှိတဲ့ ဆရာ့ရဲ့သံယောဇဉ်နဲ့ အတွေ့အကြုံတွေကို စီးကရက်တွေ တလိပ်ပြီးတလိပ်ဖွာရှိုက်ရင်း အားပါးတရပြန်ပြောပြနေတဲ့ ဆရာ့ရဲ့ပုံရိပ်လွှာဟာ ကျနော့် မျက်စိထဲမှာ ထင်ထင်ရှားရှား စွဲမြဲနေတုန်းပါပဲ ဆရာရယ်။

“လှည်းကျိုးစီးတဲ့ခရီး”
သက္ကရာဇ်အပုပ်အသိုးတွေကို
လှည်းကျိုးအောင်ထမ်းတင်ပြီး
ခယောင်းပြင်မှာ မောင်းနှင်ခဲ့တဲ့
မဟာခရီးကြမ်းကြီးမှာ။

နေရာကလေးတခုအတွက်
အလုအယက် အကန်အကျောက်
အိပ်ပေါက်နဲ့ ဖားကောက်ရသလို
ဟိုကယို သည်ကဖိတ်နဲ့
စိတ္တဇလူနာတွေ ပြည့်သိပ်လျက်နေ၏။

စမြိန်စာကလဲ
မြိန်စရာမရှိ။

သဲချောင်းလမ်းမှာ
လှည်းမောင်းတမ်းကစားနေရသလိုရှိ၏။

လှမ်းသာလှမ်းခဲ့ရ
ပန်းတိုင်ကဘယ်မှာမှန်းမသိ။

မသိခရီးမှာ
သတိကြီးကြီးထားဖို့လို၏။

ဖူးငုံလဲရှိ ဆူးချုံလဲရှိ။ ။
တင်မိုး
(၁၁၊ ဧပြီ၊ ၁၉၉၉)

မှန်ပါတယ်ဆရာ။ ဆရာ့ရဲ့ကဗျာလေးက ပီပီသသ၊ ထိထိရှရှ ရှိလှပါရဲ့။ ကျနော်ကတော့ ဆရာ့ရဲ့လှည်း ထဲမှာ ခရီးသည်အဖြစ် ဆက်ပြီးစီးနင်းလို့ နေတုန်းပေါ့ဆရာ။ ဒါပေမယ့် တနေ့နေ့မှာတော့ အမိနိုင်ငံပြန်ရ မယ်လို့ ဆရာယုံကြည်ခဲ့တယ်နော်။

“အမေ့ထံပြန်လာမည်”
တနေ့နေ့မှာ
အမေ့နိုင်ငံ အမေ့ထံသို့
ငါပြန်လာမည် ပြန်ခဲ့မည်။

အမေ့ကိုနှိပ်စက်၊ လက်ကိုရိုက်ချိုး
ကြိုးဖြေပြီးမှ၊ ပြန်ခွင့်ရမည်
ပထမ အမေ လွတ်လပ်ရမည်။

အမေ့ရင်ခွင် သားခိုဝင်ဖို့
နေ့စဉ်ကြိုးပမ်းပါမည်အမေ။

အမေ့လက်များ တုတ်နှောင်ထားပြီး
အားရပါးရ နှိပ်စက်ကြသည်ကို
သားမကြည့်ရက်နိုင်ပါ။

အမေ့အိမ်ကို
လိမ်လည်သိမ်းပိုက်၊ ဓားပြတိုက်၍
ရိုက်လားနှက်လား သေနတ်များနှင့်
နားကိုဆို့ပိတ်၊ မျက်စိပိတ်လျက်
နှိပ်စက်ဗိုလ်ကျ မင်းမူကြပြီး
မထနိုင်တော့ဘူးလား အမေရယ်။

အမေ့ဖြစ်ချက်၊ မကြည့်ရက်ပါ
လက်နက်အပိုင် ကလောင်ကိုင်၍
အနိုင်တိုက်ပွဲ ရင်ဆိုင်နွှဲဖို့
ငါလဲ ဆုံးဖြတ်ခဲ့ပါပြီ။

အမေ့သားတွေ သမီးတွေလဲ
အောင်မြေနင်းရေး အသက်သွေးတွေ
ပေးဆပ်ခဲ့ကြရပါပြီ။

အမေမုချ လွတ်မြောက်ရမည်
အမေ့ဘ၀ လှပရမည်။

အမေ့သားကောင်း ဒို့ခွပ်ဒေါင်းလည်း
ဇာတ်ပေါင်းခန်းမှာ
ချီတက်လာပြီး
မာစေ သာစေ တို့အမေဟု
မိုးမြေတုန်အောင် ကြွေးကြော်မည်။

တနေ့နေ့မှာ
အမေ့နိုင်ငံ ဒို့နိုင်ငံသို့
ပြန်လာခဲ့မည် ပြန်ခဲ့မည်ဟု
ယုံကြည်ပါလေ အမေရေ …။ ။
တင်မိုး
(၁၁၊ စက်တင်ဘာ၊၁၉၉၉၊ ဥရောပ တလပြည့်)

ဆရာရေ အခုတော့ ဆရာသိပ်ချစ်ခဲ့တဲ့ အမိနိုင်ငံကို ဆရာမပြန်နိုင်ဘဲ ရေခြားမြေခြားမှာ ဆရာကြွေလွင့် ခဲ့ရပြီ။ လူဆိုတာသေမျိုးမို့ မဆန်းလှပေမယ့် ဆရာ့လို တိုင်းပြည်သားကောင်းရတနာ ကဗျာစာဆို တော်လှန်ရဲဝံ့သူတယောက်ကို မသေစေချင်သေးဘူးဆရာ။ နှမြောတသကြေကွဲရ လွမ်းရပါတယ်ဆရာ။ ဒါပေမယ့် …

“မျက်နှာပြောင်တဲ့ရှင်သေမင်း”

ကံကြမ္မာကို မင်းတို့ကနိုင်တော့
ပြိုင်သမျှရှုံးရတဲ့ဒို့ဘဝ
ဒုက္ခတွေပင်လယ်ဝေပြီပေါ့။

မကောင်းသမျှဥသျှောင်
မင်းတို့ရဲ့ခေါင်းဆောင်တွေ
ဒေါင်ဒေါင်မည်ကျန်းမာ
ဘီလူးပြိတ္တာ အသက်ရှည်ပါဘိခြင်း။

လူကောင်း လူလိမ္မာ
ပညာရှိ ပညာရှင်
စိတ်နေ ယဉ်သူတို့ကို
သေမင်းငင်ခေါ်ဆောင်
မျက်နှာပြောင်လှတဲ့ ကံကြမ္မာပါလား။

မကျေမနပ်တောက်ခေါက်
မျက်ရည်ပေါက်ကြီးငယ်ကျရတဲ့
သောကတွေသာ မီးတောက်ဖြစ်ခဲ့ရင်
ခေတ်ကြီးတခုလုံး
မီးဟုန်းဟုန်းကျွမ်းချေရဲ့။ ။
တင်မိုး
(၂၇၊ မတ်၊ ၁၉၉၉)

ဆရာက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ခင်ပွန်း မစ္စတာမိုက်ကယ်အဲရစ် ကွယ်လွန်တဲ့ အကြောင်းကြားပြီး ဒေါမနဿနဲ့ရေးခဲ့တဲ့ ကဗျာလေးလေဆရာ။ ခု ဆရာရဲ့ အဲဒီကဗျာလေးကိုဖတ်ပြီး ကျနော်လည်း ဒေါမနဿ ဖြစ်ရပြန်ပါပြီဆရာ။ ကျနော်တို့အားလုံးဟာ ဆရာပြောတဲ့ မီးဟုန်းဟုန်း ကျွမ်းနေတဲ့ ခေတ်ကြီးထဲကနေ ဖီးနစ်ငှက်တွေလို ရှင်သန်ပျံတက်ဖို့ ကြိုးစားရင်း ဆရာ့ကို ထာဝရ လွမ်းနေကြမှာပါ။ ။

(ဤစာဖြင့် ကွယ်လွန်သူ တော်လှန်ကဗျာစာဆိုကြီး တင်မိုး (ဦးဘဂျမ်း) အား ဦးညွှတ်ဂုဏ်ပြုနှုတ်ဆက်ပါသည်)

Read More...

မလွတ်လပ်ရေးနေ့အကြောင်း

ဂါမဏိ (၃-၁-၀၇)
ခေတ်ပြိုင်...မှ

ကျနော် ကလေးဘ၀ သိတတ်စအချိန်တွင် လွတ်လပ်ရေးနေ့ကို စတင်တွေ့ထိခဲ့ရပါသည်။ မုန့်စားပြေးပြိုင်ပွဲ၊ ဂုန်အိပ်စွပ်ပြေးပြိုင်ပွဲများကို
ဝင်ရောက်ယှဉ်ပြိုင်ကစားရသည်၊ ကျနော့်ထက်ကြီးသော ကိုကို၊ မမတို့ကတော့ ရေအိုးရွက်ပြေးပြိုင်ပွဲ၊ မျက်စိအ၀တ်စည်း သံပုံးရိုက်ပြိုင်ပွဲ စသည်တို့ကို ဆင်နွှဲရပါသည်၊ ကျနော်လည်း ကိုကိုတို့ အရွယ်ရောက်သောအခါ ထိုကစားပွဲများ၌ ရယ်မောပျော်ရွှင် ပါဝင်ခွင့် ရလာပါသည်။ အစ်ကိုကြီးများ၊ ဦးလေးများက တော့ ချောတိုင်တက်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲများ ကို တပျော်တပါး ဆင်နွှဲကြပါသည်။

ဇန်န၀ါရီ (၄) ရက် လွတ်လပ်ရေးနေ့ဆိုသည်မှာ ကစားနည်းမျိုးစုံကစားရ၊ မုန့်မျိုးစုံစားရပြီး လွတ်လပ်စွာရယ်မော ပျော်ရွှင်သော နေ့တနေ့အဖြစ်သာ စွဲမှတ်ခဲ့မိပါသည်၊ ထိုရက်ကို လွန်မြောက်သွားသောအခါ ကလေးတို့ထုံးစံအတိုင်း အခြားအရေးကြီး သို့မဟုတ် ဦးစားပေး ကစားခုန်စားမှုများတွင် နစ်မျောသွားခဲ့ပြန်ပါသည်။ ထို့အပြင် စိတ်ညပစ်စရာကောင်းလှသော စားသင်ရခြင်းနှင့် စာကျက်ရခြင်းတို့ကိုလည်း မပျော်ရွှင်စွာ ဖြတ်သန်းရပါသေးသည်၊ အဆော့လွန်၍ မိဘများ၏ ဆဲဆိုငေါက်ငန်းမှုမှသည် ရိုက်နှက်ကန်ကျောက်မှုအဆုံး မျက်ရည်နှင့် ရင်ဆိုင်ရခြင်းမှာလည်း မဆန်းလှ။ စင်စစ် ကလေးဘ၀သည် သီချင်းထဲကလို လုံးဝအပူအပင်ကင်းတဲ့ဘ၀တော့ မဟုတ်ဟု ယူဆမိပါသည်။

ဤသို့ဖြင့် လွတ်လပ်ရေးနေ့များကို နှစ်စဉ်နှစ်စဉ် ဖြတ်သန်းလာရင်း ထိုတနှစ် တနှစ်စီ၌ မလွတ်လပ်သောနေ့များ ကလည်း အမှတ်ထင်ထင်ဖြစ်လာခဲ့ပါသည်၊ ထိုမှသည် လက်တွေ့လူမှုစီးပွားနယ်ပယ်၌ ကူးခတ်နေရသော ဘ၀များနှင့် တရွေ့ရွေ့ နီးကပ်ယှက်ဖြတ်လာရသလို ရှောင်လွှဲမရသော အထွေထွေသုတအသိပညာတို့ကလည်း ကျနော်၏အတွေးအခေါ်များအပေါ် အရိပ်ထိုးလာခဲ့ပါသည်။

စစ်အာဏာရှင်စနစ်အောက် စီးပွားရေးအဆိုးဆုံးသံသရာတွင်းမှ မိဘများ၏မွန်းကြပ်မှု၊ ရပ်ရွာ
ပတ်ဝန်းကျင်မှ ဆွေမျိုးများ၊ မိတ်ဆွေအပေါင်းအသင်းများ၊ အသိအကျွမ်းအရပ်သားများတို့၏ မောဟိုက်မှုများသည် ကလေးဘ၀မှ မလွတ်လပ်ရေးနေ့များကို အရည်အချင်းအရလည်းကောင်း၊ အရေအတွက်အရလည်းကောင်း ပြောင်းလဲ အရောင်ဆိုးပစ်လိုက်ပါသည်။

ဇန်န၀ါရီ (၄) ရက် လွတ်လပ်ရေးနေ့၏ အရိပ်ကို ကျနော့်နှလုံးသားထဲမှ အပြီးအပိုင် ပျောက်ကွယ်သွားစေခဲ့သော (ကျနော့်အတွက်) ပထမဆုံး မလွတ်လပ်ရေးနေ့မှာ ၁၉၇၄ ဇွန် (၆) ရက်နေ့ဖြစ်ပါသည်။ ဆင်းရဲပင်ပန်းစွာ ခွန်အားစိုက်ထုတ် အလုပ်လုပ်ရသော အလုပ်သမားကြီးများ စားစရာမရှိ၍ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုသည်ကို အစုလိုက်အပြုံလိုက် ပစ်သတ်လိုက်ခြင်းအား ကျနော်ကြုံတွေ့ရသည့်အခါ ကျနော့်ဘ၀၌ လွတ်လပ်ရေးနေ့ ပျောက်ဆုံးသွားပါတော့သည်၊ ဇန်န၀ါရီ (၄) ရက်နေ့သည် မလွတ်လပ်သော လွတ်လပ်ရေးနေ့ ဖြစ်သွားရပါသည်။

ထိုမှတဖန် နောက်ခြောက်လအကြာ ၁၉၇၄ ဒီဇင်ဘာ (၁၁) ရက်တွင် ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာ ဦးသန့်၏ဈာပနကို ငြိမ်းချမ်းစွာစုဝေးလျက် စီစဉ်ခင်းကျင်းနေသော ကျောင်းသားများ၊ သံဃာတော်များနှင့် ပြည်သူလူထုများအား အကြမ်းဖက်တိုက်ခိုက်ပြီး ထောင်သွင်းအကျဉ်းချ၊ ပစ်ခတ်သတ်ဖြတ်ပြန်သောအခါ ကျနော့်အတွက် ဒုတိယမြောက် မလွတ်လပ်ရေးနေ့ကို တွေ့ရှိခဲ့ရပြန်သည်။ ဤသို့ဖြင့် နောက်ထပ်ခြောက်လအကြာ ၁၉၇၅ ဇွန် (၁၁) ရက်နေ့သည်လည်းကောင်း၊ ၁၉၇၆ ခု မတ်လ (၂၃) ရက်သည်လည်းကောင်း နောက်ထပ်နောက်ထပ် မလွတ်လပ်ရေးနေ့များဖြစ်ခဲ့ရပါသည်၊
စင်စစ်အားဖြင့် ကျနော်တဦးတည်းအနေဖြင့် မစဉ်းစားမခံစားဘဲ မြန်မာနိုင်ငံလူ့အဖွဲ့အစည်းအရ ကြည့်လျှင်မူ ၁၉၆၂ ခု မတ်လ (၂) ရက်နေ့သည် ပထမဦးဆုံးသော မူလလက်ဟောင်း မလွတ်လပ်ရေးနေ့ဖြစ်သည်ကို နောက်ပိုင်းတွင် ကျနော်သိလာခဲ့ရပါသည်။ တနည်းအားဖြင့် ဘ၀များနှင့် ဆက်နွယ်ပြီး လောကအမြင်များ ရရှိလာသလို ထိုဘ၀များကို ထင်ဟပ်နေသည့် စာပေ၊ စာနယ်ဇင်းတို့မှလည်း လောကအသိတရားများ ရရှိလာခဲ့ပါသည်။

၁၉၇၄ ဇွန် (၆) ရက်၊ ၁၉၇၄ ဒီဇင်ဘာ (၁၁) ရက်၊ ၁၉၇၅ ဇွန် (၁၁) ရက်၊ ၁၉၇၆ မတ် (၂၃) ရက်တို့သည် ၁၉၆၂ မတ်လ (၂) ရက်နေ့မှစတင်ခဲ့သော မလွတ်လပ်ရေးနေ့ရှည်ကြီးအတွင်းမှ ၁၉၆၂ ခု ဇူလိုင် (၇) ရက်လို မလွတ်လပ်ရေးနေ့၊ ကစားခုန်စားပွဲများသာ ဖြစ်နေသည်ကို တုန်လှုပ်ချောက်ချားစွာ တွေ့ရှိသွားမိပါသည်။ ဤသို့ဖြင့် ၁၉၈၈ ခု မတ်လ (၁၃) ရက်သည်လည်းကောင်း၊ ၁၉၈၈ ခု ဇွန်လ (၂၁) ရက်သည်လည်းကောင်း၊ ၁၉၈၈ သြဂုတ် (၈) ရက်သည်လည်းကောင်း၊ မလွတ်လပ်ရေးနေ့ မပျော်ပွဲမရွှင်ပွဲများ အထူးဝှဲချီးကျင်းပရာကာလများ ဖြစ်သွားပါတော့သည်။

၁၉၈၈ ခု သြဂုတ် (၁၂) ရက် ဖက်ဆစ်လက်ရုံး လူသတ်သမ္မတ ရာထူးကျပြီးနောက် သြဂုတ် (၂၆) ရက် ရွှေတိဂုံ အနောက်မုခ်၌ ဒေါ်အောင်ဆန်းစုကြည် ထူထုရင်ထဲသို့ လွတ်လပ်ရေးပန်း မျိုးစေ့ချလိုက်သည့်အခါ ပျောက်ဆုံးနေခဲ့သော လွတ်လပ်ရေးနေ့၏ ရနံ့များကို ဝေ့ခနဲ ရှူလိုက်ရပါသည်၊ သို့သော် လွပ်လပ်ရေးနေ့၏ ရနံ့မွှေးမြမြလေးမှာ တလမကြာမီ လွင့်ပြယ်သွားခဲ့သည်။ ၁၉၈၈ ခု စက်တင်ဘာ (၁၈) ရက်သည် ရိုင်းစိုင်းညစ်ထေးလှသော မလွတ်လပ်ရေးနေ့သစ်အဖြစ် ယမ်းငွေ့ တလူလူလွင့်ကာ မပျော်ပွဲမရွှင်ပွဲ အကြီးအကျယ်ပွဲခံခဲ့ပါသည်။

မလွတ်လပ်ရေးနေ့သည် ၁၉၆၂ ခု မတ်လ (၂) ရက် သို့မဟုတ် ၁၉၈၈ ခု စက်တင်ဘာ (၁၈) ရက်တို့တွင်သာ မြစ်ဖျားခံခဲ့သည်မဟုတ်ပါ။ မြန်မာပြည်ဖွားတိုင်းရင်းသားလူမျိုးစုများအတွက် သီးသန့်မလွတ်လပ်ရေးနေ့များ စောစွာကတည်းက ရှိခဲ့သည်ကို ကြည့်သောသူ မြင်တွေ့သိမှတ်လာရပါသည်။

၁၇၅၇ ခု မေလ (၆) ရက်သည် မွန်အမျိုးသားတို့၏ လွတ်လပ်သော ဟံသာဝတီနိုင်ငံကို မုဆိုးဘိုရွာသူကြီး တဖြစ်လဲ ရွှေဘိုဘုရင် ဦးအောင်ဇေယျက သိမ်းပိုက်ဖျက်ဆီးလိုက်သော မလွတ်လပ်ရေးနေ့ တနေ့ဖြစ်ပါသည်။ မွန်တို့မှာ ၁၇၄၀ ခုနှစ်စ၍ အင်းဝဘုရင် မဟာဓမ္မရာဇာဓိပတိကို စတင်တော်လှန်ခဲ့သော်လည်း ၁၇၅၁ ခုနှစ်ကျမှ လွတ်လပ်သော တတိယမွန်နိုင်ငံ ပြန်လည်ထူထောင်နိုင်ခဲ့သည်ဖြစ်၍ လွတ်လပ်ရေးနေ့ကို (၆) နှစ်သာ ခံစားလိုက်ရပါသည်။ သည့်အရင်ကမူ ၁၀၅၇ ခု အနော်ရထာဘုရင် သထုံမသိမ်းမီ ပထမမွန်နိုင်ငံ နှစ်ပေါင်း (၅၀၀) ခန့်၊ ပုဂံပျက်ပြီးနောက်ပိုင်း ၀ါရီရူမင်း၏ အဆက်အနွယ်များ ယိုးဒယားမင်းသြဇာခံဘ၀မှ ရုန်းထွက်နိုင်ခဲ့သည့် ၁၃၄၀ ခုနှစ်နှင့် တောင်ငူဘုရင်တပင်ရွှေထီး ဟံသာဝတီသိမ်းသည့် ၁၅၃၆ ခုကြား ဒုတိယမွန်နိုင်ငံ နှစ်ပေါင်း (၂၀၀) နီးပါး စသည်ဖြင့် လွတ်လပ်ရေးနေ့များကို ခံစားခဲ့ရပါသည်။ ပထမဦးဆုံးသော မွန်လွတ်လပ်ရေးတိုက်ပွဲဖြစ်သည့် ၁၀၈၃ ခု ငရမန်ကန်း၏တော်လှန်ရေးကို ကျန်စစ်သားက ချေမှုန်းပစ်ခဲ့သလို နောက်ဆုံး မွန်လွတ်လပ်ရေးတိုက်ပွဲဖြစ်သည့် ၁၈၂၇ ခုနှစ်ဆန်း သမိန်ဗရူးခေါင်းဆောင်သော မွန်နှင့်ကရင်တို့၏ တော်လှန်ရေးကိုလည်း ဘကြီးတော်မင်းက နှိမ်နင်းပစ်ခဲ့ပါသည်။

အလောင်းဘုရားခေါ် ဦးအောင်ဇေယျနှင့် ဗမာအမျိုးသားတို့မှာ ၁၇၅၂ ခု မတ်လ (၁၁) ရက်တွင် အင်းဝဘုရင် မဟာဓမ္မရာဇာဓိပတိအား ဟံသာဝတီနိုင်ငံက လက်ရဖမ်းဆီးပြီး အင်းဝတနိုင်ငံလုံးကို သိမ်းပိုက်လိုက်ချိန်မှ ၁၇၅၄ ခု ဇန်န၀ါရီ (၃) ရက်တွင် အင်းဝမြို့တော်ကို မွန်တို့လက်လွှတ်လိုက်ရချိန်အထိ မလွတ်လပ်ရေးနေ့ကို ခံစားခဲ့ရသည်။ ယင်း၏အကျိုးဆက်အဖြစ် ဦးအောင်ဇေယျက မွန်အမျိုးသားတို့ကို ၁၇၅၇ ခု၌ မလွတ်လပ်ရေးနေ့ တန်ပြန်သက်ရောက်စေခဲ့ပါသည်။ သို့ရာတွင် လူမျိုးရေးအရ လက်စားချေသန့်စင်ပစ်မှုကြောင့် မွန်အမျိုးသားတို့ ခံစားရသော မလွတ်လပ်ရေးနေ့မှာ ပို၍ပြင်းထန်ခါးသီးခဲ့ပါသည်။ တချိန်က မွန်အမျိုးသားတို့ ပျံ့နှံ့ပွားစီးရာ အောက်မြန်မာပြည် မြစ်ဝကျွန်းပေါ်ဒေသကြီးတခုလုံးတွင် မွန်များ ပြောင်တလင်းခါသွားခဲ့ပါသည်။

၁၇၈၄ ခု ဒီဇင်ဘာ (၂၈) ရက်မှာမူ ရခိုင်အမျိုးသားတို့၏ မလွတ်လပ်ရေးနေ့ဖြစ်ခဲ့ပါသည်။ ယင်းနေ့တွင် အင်းဝဘုရင် ဘိုးတော်ဘုရားခေါ် မောင်ဝိုင်းက လွတ်လပ်သော မြောက်ဦးနိုင်ငံကို သိမ်းပိုက်ခဲ့ပါသည်။ ယခင်က ပုဂံမင်း၊ အင်းဝမင်း ဟံသာဝတီမင်းတို့ထံ လွတ်လပ်ရေးဆုံးရှုံးခဲ့ရခြင်းများ ရှိသော်လည်း ယခုနောက်ပိုင်းအကြိမ်လို ကြာရှည်ခြင်းမရှိခဲ့။

ရှမ်းတို့၏ မလွတ်လပ်ရေးမှာမူ ၁၅၅၈ ခုကပင် စတင်ခဲ့ပါသည်။ ယင်းနှစ်တွင် တောင်ငူ-ဟံသာဝတီဘုရင် ဘုရင့်နောင်က ယခုအထက်မြန်မာနိုင်ငံနှင့် ရှမ်းပြည်နယ်ရှိ လွတ်လပ်သော ရှမ်းစော်ဘွားနယ်အားလုံးကို အပြီးအပိုင် သိမ်းပိုက်လိုက်ခြင်းဖြင့် ရှမ်းတို့၏မလွတ်လပ်ရေးနေ့များ စတင်ခဲ့ပါသည်။ သည့်အရင်က ရှမ်းတို့သည် ၁၄၅၀ ခုအထိ ရွှေလီကို ဗဟိုပြုသော လွတ်လပ်သည့် မောရှမ်း ဘုရင့်နိုင်ငံကြီးကို တည်ထောင်စိုးစံခဲ့ဖူးပါသည်။ ထိုမျှမက ပုဂံပြည်ကို မွန်ဂိုတို့ သိမ်းပိုက်ဖျက်ဆီးပြီးနောက် ရှမ်းတို့က လွတ်လပ်သော အင်းဝနိုင်ငံ ထူထောင်ခဲ့ရာ ၁၅၅၅ ခု အင်းဝကို တောင်ငူဘုရင် တပင်ရွှေထီး သိမ်းပိုက်သည့်အချိန်ထိ ရှမ်းမင်းများ၊ ဗမာမင်းများ သို့မဟုတ် ရှမ်းဗမာကပြားမင်းများက ရှမ်း-ဗမာပူးတွဲနိုင်ငံဖြစ်သော အင်းဝထီးနန်းကို အုပ်စိုးခဲ့ကြပါသည်။

ကရင်နီတို့၏ မလွတ်လပ်ရေးနေ့မှာ ၁၉၄၈ ခု သြဂုတ်လ (၉) ရက်ဖြစ်ပါသည်၊ ၁၈၇၅ ခု အင်္ဂလိပ်-မြန်မာ စာချုပ်အရ အနောက်ပိုင်းတခြမ်း လွတ်လပ်ရေးရထားသော ကရင်နီပြည်ကို ဖဆပလဦးနု၏တပ်များက ထိုနေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်သဖြင့် မလွတ်လပ်သွားခြင်းဖြစ်ပါသည်။

လက်နက်အားကိုး စုစည်းထားသော ရှေးဟောင်းမြန်မာနိုင်ငံအဖို့ ကမ္ဘာ့နယ်ချဲ့စနစ်ဟူသော ပထမဂလိုဘယ်လိုက်ဇေးရှင်းနှင့် ကြုံရသည့်အခါ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းရှိ တိုင်းရင်းသားလူမျိုးအားလုံးအတွက် မလွတ်လပ်ရေးနေ့များပေါင်းဆုံသွားခဲ့ပါသည်။ ရန္တပိုစာချုပ် ချုပ်ပြီး ပထမအင်္ဂလိပ်-မြန်မာစစ် အဆုံးသတ်သွားသော ၁၈၂၆ ခု ဖေဖေါ်ဝါရီ (၂၄) ရက်သည်လည်းကောင်း၊ ဒုတိယစစ်အပြီး အောက်မြန်မာနိုင်ငံကို ဗြိတိသျှသိမ်းပိုက်ကြောင်း ကြေညာသည့် ၁၈၅၂ ခု ဒီဇင်ဘာ (၁၇) ရက်သည်လည်းကောင်း၊ တတိယစစ်အပြီး မြန်မာ့အချုပ်အခြာပြယုဂ် သီပေါမင်း ပါတော်မူသည့် ၁၈၈၅ ခု နိုဝင်ဘာ (၂၉) ရက်သည် လည်းကောင်း၊ တတိယစစ်အပြီး မြန်မာ့အချုပ်အခြာ၏ပြယုဂ် သီပေါမင်း ပါတော်မူသည့် ၁၈၈၅ ခု
နိုဝင်ဘာ (၂၉) ရက်သည်လည်းကောင်း၊ မြန်မာတနိုင်ငံလုံးအား ဗြိတိသျှအင်ပါယာတွင်း
တရားဝင်သွတ်သွင်းလိုက်သည့် ၁၈၈၆ ခု ဇန်န၀ါရီ (၁) ရက်နေ့သည်လည်းကောင်း ထပ်ဆင့်မလွတ်လပ်ရေးနေ့များ ဖြစ်ခဲ့ပါသည်။

ဤသို့သော မလွတ်လပ်ရေးနေ့များသည် ၁၉၄၇ ခု ဖေဖေါ်ဝါရီ (၁၂) ရက်၌ တခုတည်းသော လွတ်လပ်ရေးနေ့အဖြစ်သို့ လှပစွာ ပေါင်းစည်းသွားနိုင်မည့် အခွင့်အလမ်း ရရှိခဲ့ပါသည်။ အမြော်အမြင်ကြီးမားပြီး စိတ်ရင်းစေတနာ ပြည့်ဝလှသော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် အလားတူ ဉာဏ်ပညာကြီးမားသော တိုင်းရင်းသားခေါင်းဆောင်တို့နှင့်အတူ၊ ပင်လုံစာချုပ်အားဖြင့် မြန်မာပြည်ဖွား တိုင်းရင်းသားအားလုံးအတွက် လွတ်လပ်ရေးနေ့ကို ဆောင်ကြဉ်းနိုင်ရန် လုံ့လစိုက်ထုတ်ခဲ့ပါသည်။

သို့ရာတွင် ယင်းတိုင်းရင်းသားအားလုံး၏ လွတ်လပ်ရေးနေ့အလင်းစသည် ဗိုလ်ချုပ်ကျဆုံးခြင်းနှင့်အတူ ပိတ်ဖုံးသွားခဲ့ရပါသည်။ ၁၉၄၈ ခု ဇန်န၀ါရီ (၄) ရက် လွတ်လပ်ရေးနေ့သည် အနော်ရထာ-ကျန်စစ်သား၊ တပင်ရွှေထီး-ဘုရင့်နောင်၊ ဦးအောင်ဇေယျ-ဘိုးတော်မောင်ဝိုင်းတို့၏ မျိုးဆက်သစ် ဖဆပလ-ဆိုရှယ်လစ်ခေါင်းဆောင်များက တိုင်းရင်းသားတို့အပေါ် မလွတ်လပ်ရေးပေးသောနေ့ ဖြစ်သွားခဲ့ပါသည်။ တိုင်းရင်းသားလူမျိုးစုများသာမကဘဲ ကျောမွဲနင်းပြားလူတန်းစားများအတွက်လည်း မလွတ်လပ်ရေးနေ့ဖြစ်နေခဲ့ရပါသည်။

ဤမလွတ်လပ်ရေးနေ့များသည် ၁၉၆၂ ခု မတ်လ (၂) ရက်တွင် အဆင့်သစ်တခုဆီ ပေါင်းဆုံတိုးတက်သွားခဲ့သည်။ လက်တဆုပ်စာ စစ်အုပ်စုမှအပဖြစ်သော လူမျိုးအားလုံး၊ လူ့အလွှာအားလုံး၊ လူတန်းစားအားလုံး၏ မလွတ်လပ်ရေးနေ့များသည် ၁၉၈၈ ခု စက်တင်ဘာ (၁၈) ရက်တွင် နောက်ထပ်တဖန် တဆင့်မြင့်ပေါင်းစည်းသွားခဲ့ပြီး၊ ၁၉၉၀ မေ (၂၇) ရက်နေ့တွင်မူ မလွတ်လပ်ရေးနေ့အောက်မှ ပျော်ပွဲရွှင်ပွဲကို ထူးထူးခြားခြားကျင်းပနိုင်ခဲ့ပါသည်။ သို့ရာတွင် ထုံးစံအတိုင်း ဤပျော်ပွဲရွှင်ပွဲသည် မကြာမီခဏတိုအတွင်း မပျော်မရွှင်ပွဲအဖြစ်သို့၊ မလွတ်လပ်ရေးနေ့စစ်စစ် အဖြစ်သို့ ကြေကွဲနာကျင်စွာပြောင်းလဲသွားရပါသည်။

ကျနော်တို့အားလုံး၏ မလွတ်လပ်ရေးနေ့များကို သာယာပျော်ရွှင်ဖွယ်ကောင်းသော၊ တခုတည်းသော လွတ်လပ်ရေးနေ့အဖြစ် တပျော်တပါးဝိုင်းဖွဲ့ဆင်နွှဲ ခံစားနိုင်ဖို့ အားလုံးမှာ အိပ်မက်များရှိနေပါသည်။ ။

Read More...

ရှားပါးမှု၊ တောင်ကျချောင်းနှင့် ရေသတ္တ၀ါများ

ပွင့်သစ် (ကရိန်ကန်)(၂၇-၄-၀၇)
ခေတ်ပြိုင်... မှ

ချောင်းရေသည် တိတ်ဆိတ်မှုနှင့် ကျနော်တို့အား စောင့်ကြိုနေသည်။ ကျနော်တို့ရောက်ခဲ့ကြပြီ။ မည်သူမျှ အခါမလင့်ကြ။ ကျနော်တို့နေထိုင်ရာ
ဒေသသည် မိမိ၏ စိတ်ဆန္ဒတွင်တည်ရှိသော
စားသောက်ဖွယ်ရာများကို လွယ်လင့်တကူ ရရှိနိုင်သည်မဟုတ်။ အခွင့်အခါကြုံမှသာ တွေ့မြင် ထိတွေ့ခွင့်ရသည် မဟုတ်လော။ ထို့အတွက် ဤမနက်ခင်းတွင် ယမန်နေ့ညတုန်းက မည်မျှပင် ခေါင်သောက်များသည်ဖြစ်စေ၊ အိပ်ရေးပျက် သည်ဖြစ်စေ၊ မည်သူမျှ နောက်ကျမခံကြ။
အိပ်ရေးပျက်နေသည့်၊ အမူးလွန်နေသည့် မျက်လုံးနီရဲရဲများဖြင့်၊ အိမ်မှ ဘုစုခရုများ၊

ချစ်လှစွာသောဇနီးများ၊ တောလိုက်ရာတွင်အသုံးကျသည့် သတ္တ၀ါများ (အထူးသဖြင့် ခွေးများ) ကို တစုတစည်းတည်း ပေါင်းစုခေါ်ဆောင်ကာ သုံးနှစ်ကြာမျှ စောင့်မျှော်ခဲ့ရသည့် စားကျက်ဆီသို့ ချီတက်လာခဲ့ကြသည်။ နှင်းအကြွင်းအကျန်အချို့၏ ဖွဲ့တည်မှုကြောင့် တောင်ယာဖုန်းဆိုးများပေါ်တွင် ရေစက်များထိကပ် နေသော မြက်ရိုင်းပင်များကို တရှဲရှဲတိုး၍ မပွင့်တပွင့် အရုဏ်အောက်၌ ကျနော် အပါအ၀င် ရွာသူ ရွာသားတပ်ပေါင်းစုကြီး၏ အုတ်အုတ်ကျက်ကျက် အသံများကြောင့် ချောင်း၊ တောတောင်တို့သည် ထိတ်လန့်တကြား လန့်နိုးထလာခဲ့သည်။ ကျနော်တို့ “ဟုန်း” ထုရန် လာခဲ့ကြလေပြီ။

ဤအခွင့်အရေးသည် လွယ်ကူလှသည်တော့မဟုတ်။ အချိန်ကာလများကို စောင့်မျှော်ရသည်။ အကြိမ်ကြိမ်မကသော ဆွေးနွေးညှိနှိုင်းမှုများကို နေ့ရောညပါ ကျင်းပခဲ့ရသည်။ ခြေမြန်တပ်သား များကို နီးစပ်ရာရွာများဆီသို့ စေလွှတ်ရသည်။ အသိပေးရန်ရှိသည့် အနီးဝန်းကျင်ရွာများအား ဤဟုန်းထုပွဲတွင် ပူးပေါင်းပါဝင်မည်လောဆိုသည်ကို ဆွေးနွေးရသည်။ ပူးပေါင်းဆောင်ရွက် မည်ဆိုပါက မည်သည့်နေ့ရက်ဆိုသည်ကို ညှိကြရသည်။ ထိုကဲ့သို့သော လုပ်ငန်းဆိုင်ရာများကို သေချာစေရန် စီမံဆောင်ရွက်မှုများဖြင့် ဖန်တီးခဲ့ရသည်။

ထိုသို့သောလုပ်ငန်းစဉ်များ ပြုမူဆောင်ရွက်နေဆဲကာလအတွင်း ကျနော့်ထံ ကျေးရွာအုပ်ချုပ်မှု ကော်မတီမှ စေလွှတ်လိုက်သည့် ဆက်သားတဦး ရောက်ရှိလာသည်။ သူ့တွင် အလုပ်ခန့်အပ်စာ တစောင် ပါလာသည်။ ကျနော် “ဟုန်း” ကော်မတီဖြစ်သည့်စာ။ ဟုန်းဆိုသည့်စကားလုံးမှာ ကျနော်နှင့်မရင်းနှီးသည့် အသုံးအနှုံး။ သို့သော် ကျနော်မှလွဲ၍ ကျန်သော ကျေးရွာသူရွာသား
များက ရင်းနှီးကြသည်။ အဘယ့်ကြောင့်ဆိုသော် ကျနော်က ဒေသခံမဟုတ်။ လက်နက်ကိုင် တော်လှန်ရေးသမားတဖြစ်လည်း ကျောင်းဆရာတဦး သို့တည်းမဟုတ် အပစ်ရပ်နယ်မြေတခု၏ မြို့နယ်နှင့်သက်ဆိုင်သည့် တရားရေးဌာနမှ။

ကျနော်ရပ်တည်နေရသည့်ဒေသသည် ရေထွက်ပစ္စည်းများ အရောက်အပေါက်နည်းသည်။ သို့အတွက် ရေထွက်သတ္တ၀ါအခြောက်အခြမ်းများသည်ပင် ဒေသခံတို့၏အလိုဆန္ဒကို မဖြည့်
တင်းနိုင်။ ထိုအလိုဆန္ဒအား ဖြေဖျောက်နိုင်ရန် ဟုန်းဆိုသည့်အရာကို အားကိုးအားထားပြုရသည်။ ဟုန်းဆိုသည်က ရေတွင်မှီတင်းနေထိုင်သော ရေသတ္တ၀ါများကို မူးမိုက်စေသည့် အစေးခပ်ပျစ်ပျစ် များထွက်သည့် နွယ်ဆန်ဆန်အမြစ်များ။ ထိုအမြစ်များကို အသုံးပြု၍ သူတို့၏ ဒေသအတွင်းရှိ ချောင်းများတွင် မှီတင်းနေထိုင်သည့် ငါးများကို ရှာဖွေစားသုံးကြရသည်။ သူတို့အနာဂတ်ဖြစ်သော ဆန်စပါးများရရှိရေးအတွက် တောင်ယာဆူးထိုးသောအခါ ရေသတ္တ၀ါများ၏အရသာသည် မရှိမဖြစ် လိုအပ်လာသည်။ အကြောင်းမူ သူတို့၏ဘ၀တူများက လာရောက်၍ သူတို့အားကူညီသောအခါ ကျွေးမွေးရန်အလို့ငှာဖြစ်သည်။

ဤနေရာတွင် တခုပြောရန်ရှိသည်မှာ ဟုန်းကော်မတီဝင်များသည် အခြားသော ရွာသူရွာသား များထက် အခွင့်သာမှုတခုရှိသည်။ ကော်မတီဝင်တိုင်းသည် ရွာသူရွာသားများအား သတ်မှတ် ထားသော ဟုန်းမြစ်အရေအတွက်ကို ပေးဆောင်ရန်မလိုပါချေ။ သို့အတွက် ကျနော့်ကို ဟုန်း ကော်မတီအဖွဲ့ဝင်ခန့်သည်မှာ အားနာသည်ကတကြောင်း၊ ဟုန်းမြစ်အား မည်သို့ရှာရမည်ကို မသိသည်ကတကြောင်းကြောင့် ဖြစ်သည်။ လိုအပ်လျှင်ကား လက်လီဝယ်၍ရသည့် ဟုန်းမြစ်
ရှာသူများရှိသည်။ သို့သော် ကျနော်ဝယ်လျှင် မည်သူမျှရောင်းမည်မဟုတ်သည့်အပြင် အလကား ပေးရမည်ဖြစ်ခြင်းကြောင့် ဟုန်းကော်မတီဝင်အဖြစ် နားအေးပါးအေး ခန့်လိုက်ဟန်ရှိသည်။

ကျနော်တို့ ဟုန်းထုရန်သတ်မှတ်ထားသောနေရာ ရောက်သောအချိန်တွင် နေခြည်သည် အရှေ့ ဘက်အရုဏ်ဦးမှ ပေါ်လာ၍ ချောင်းအတွင်းသို့ မရောက်တရောက်အချိန်သာဖြစ်သည်။ ဟုန်း
ကော်မတီဝင်တဦး၏တာဝန်ကို တွေးကြည့်ပါက စိတ်ညစ်ညူးဖွယ်ကောင်းလှသည်။ သို့သော် မတတ်သာ။ တာဝန်သည် တာဝန်သာဖြစ်သည်။ အလုပ်သည် အလုပ်သာဖြစ်သည်။ ကျနော်က
တာဝန်ယူခဲ့ပြီးဖြစ်သည်။ ထို့အတွက် ကိုယ့်ကိုယ်ကို အားပေးသည်။ ရဲဘော် …. ဆက်လုပ်ဟူ၍။

စစခြင်း ကျနော်တို့ အပ်ချည်တလုံးဖြင့် ကြိုးတားရသည်။ ထိုနေရာသည် ဟုန်းမြစ်များအား စတင်ထုရန်၊ ဟုန်းအမြစ်မှ ခပ်ပျစ်ပျစ်အစေးများအား စတင်၍ ရေစီးထဲတွင် မျောရမည့်နေရာ ဖြစ်သည်။

ထို့နောက် မိသားစုတစုချင်းသည် ကျနော်တို့ ဟုန်းကော်မတီအခြေစိုက်သောနေရာသို့ မိမိတို့ မိသားစုတွင်ပါလာသည့် ဟုန်းမြစ်များကို သယ်ပိုး၍ရောက်ရှိလာသည်။ ထိုအခါ ကော်မတီက ချိန်ခွင်တလက်ဖြင့် ချိန်တွယ်ပေးရသည်။ ဟုန်းမြစ်တူးရာတွင် သတ်မှတ်ချက်ရှိသည်။ လူကြီး ငါးပိဿာ၊ ကလေး သုံးပိဿာ စသဖြင့်။ သို့သော် နားလည်မှုသည် နေရာတိုင်းတွင် ထွန်းကား
သည်။ ဟုန်းပြည့်ချင်း မပြည့်ခြင်းသည် ဆွေမျိုးညာတိစိတ်ဓာတ်နှင့် မကင်းမကွာ။ သွေးရင်း သားရင်းစိတ်ရှိကြသည်။ ပြုံးကြ၊ ရယ်မောကြသည်။ နောက်ကြပြောင်ကြသည်။ သို့သော်
မည်သူမျှ အလေးချိန်မပြည့်ဟုဆိုပြီး ဟုန်းပွဲမှ မထွက်ခွာသွားစေရ။ ဘ၀ဒဏ်ကြောင့် မပျော်ရွှင် နိုင်သော ဒေသအတွက် ဤကဲ့သို့ ရွာလုံးကျွတ်စု၍ ငါးဖမ်းရခြင်းသည်ပင် ပင်ပန်းသော်ငြား ပွဲတော်တခုပင် မဟုတ်ပါလား။

ထိုအချိန်တွင် ချောင်းနံဘေး၌ သစ်ခုတ် ၀ါးခုတ်သံ ပွက်ညံနေသည်။ ငါးဘူးနှင့် ထမင်းဖုတ်သည့်
အနံ့ ပျံ့လွင့်နေသည်။ ရယ်မောကြည်စယ်သံများ သောသောအုတ်အုတ်ရှိသည်။ ခေါင်ဖောက်သူ ဖောက်၊ သောက်သူသောက်နှင့် ငိုသည့်ကလေးကငို၊ ဆူသည့်အမိုးကဆူကြ။ ချောင်းရေက ထိုအချိန်တွင် ကြည်လင်စွာစီးဆင်းနေဆဲ။

ဖျတ်ခနဲ ခြေသံကြား၍ လှည့်ကြည့်လိုက်တော့ ကျနော်၏တောင်ပေါ်သူ၊ “ထမင်းစားမယ်လေ၊ အမိုးကခေါ်ခိုင်းလိုက်တယ်” ဆိုတော့ ကျနော့်ခြေလှမ်းများက သူ့နောက်ပါသွားခဲ့သည်။ ဖောက် ခေါင်ပြင်းပြင်းကို ၀ါးခွက်နှင့် နှစ်ခွက်လောက်သောက်မိပြီး ထမင်းစားရင်း စကားပြောတော့ စကားသံများက ချောင်းရေစီးသံနှင့်အပြိုင်။ ချောင်းနံဘေး တဖက်တချက်ဆီမှာတော့ ဟုန်း မြစ်များကို ပေါ်နေသည့်ကျောက်တုန်းများအပေါ်တင်၍ ထုနေသည့်အသံများက ရီဝေနေသည့် နားများထဲသို့ စူးစူးရဲရဲတိုးဝင်လာသည်။

နေလည်းမြင့်လှပြီ။ လူများလည်း သွေးကြွနေကြပေပြီ။ သူတို့၏မျက်ဝန်းများတွင် မိသားစုအတွက် စားကောင်းသောက်ဖွယ်ဖြစ်သည့် ရေသတ္တ၀ါများအား တွေ့နေရပြီဖြစ်သည်။ သူတို့၏လက်မောင်း များသည် အိမ်နီးနားချင်းများအား ဟင်းကောင်းတခွက်ပေးရန်အတွက် ရေသတ္တ၀ါများအား ဖမ်းဆီး ရန် အသင့်ဖြစ်နေလေပြီ။ သူတို့၏ခြေလှမ်းများသည်လည်း ထို့အတူပင် တောင်ပေါ်ဒေသမှ မြေပြန့် ဒေသသို့ ရေသတ္တ၀ါများကို မရောက်ရှိသွားစေရန်အတွက် အပြေးလှမ်းရန် အသင့်ဖြစ်နေလေပြီ။ ထိုအရာများကို မည်သူမျှ သင်ပေးသည်မဟုတ်။ သူတို့၏ဘ၀က သူတို့၏အသက်ရှင်နေထိုင်မှုကို ပြဋ္ဌာန်းခဲ့သည်မဟုတ်လော။

လူအုပ်တအုပ်၏ စိတ်မရှည်သည်းမခံနိုင်မှုကို မည်သူမျှ တားဆီးနိုင်မည်မဟုတ်ချေ။ ကော်မတီဖွဲ့၍ တားခဲ့လျှင်လည်း အချိန်သည် တဒင်္ဂမျှသာ ရရှိနိုင်မည်ဖြစ်သည်။ သို့အတွက် ပေါက်ကွဲလုဆဲဆဲ အချိန်တွင် ကျနော်တို့ ဟုန်းကော်မတီသည် သတ်မှတ်ထားသည့် အချိန်မတိုင်မီ အနည်းငယ်စောစွာ တူမီးသေနတ်ကို ဖောက်လိုက်နိုင်လေသည်။ ထိုအခါ လူအုပ်ကြီးသည် ရေထဲတွင်ရှိသည့် အရာ အားလုံးသည် မိမိတို့တဦးချင်းစီနှင့်သာ သက်ဆိုင်သည်ဆိုသည့် အမူအရာမျိုးနှင့် ချောင်း၏ ရေအလျင်နှင့်အတူ ပြေးလွှားသွားကြသည်။ ငါးမိနစ်ခန့်ကြာသောအခါ နောက်ကျိနေသည့်
ချောင်းရေပြင်အလယ်တွင် ကျနော်တဦးတည်းသာ ကျန်ခဲ့သည်။ ငါးများစတင်၍ မူးဝေမှုကြောင့် ရေမျက်နှာပြင်အပေါ်သို့ တက်လာကြပြီဖြစ်သည်။ ကျနော်နှင့် ရှေ့ကိုက်တရာအကွာတွင် ရွာမှ ကျနော်နှင့်ခင်မင်သော အဖွားကြီးများ။ ကျနော် အမီလိုက်ရသည်။ သူတို့က ယက်သဲ့နှင့် ချောင်း နံဘေးတလျှောက် ငါးမှုန် ငါးမွှားများ ထိုးနေခြင်းဖြစ်သည်။ သို့သော် ထိုငါးများသည်ပင် မူးယစ် နေကြပြီ။ အသက်ကုန်နေကြလေပြီ။ သူတို့နှင့်အပြိုင်လု၍ ယက်သဲ့ထိုးသော်လည်း ဘ၀အတွေ့
အကြုံက လက်တွေ့ကိုပြဋ္ဌာန်းသည် မဟုတ်လော။ သို့အတွက် ကျနော်သည် သူတို့လောက် မကျွမ်းကျင်၍ သူလို့လောက်မရချေ။

ကျနော်ဆက်၍ လျှောက်သွားသည်။ ချောင်းသည် တဖြည်းဖြည်းကျဉ်းလာသည်။ တခါတရံ နက်သွားသည်။ နေခြည်သည်လည်း အနောက်ဘက်စွန်းစွန်းသို့ မျက်စပစ်နေသည်။ ချောင်း အောက်ပိုင်းရောက်လာသည်နှင့်အမျှ အခြားရွာ၏ ရေပိုင်နက်နှင့် နီးသောနေရာ ရောက်လေလေ၊ အရှေ့မှဆင်းသွားသောလူများကို မီလာလေလေ ဖြစ်လာသည်။ ဖြစ်ချင်တော့ ချောင်း၏ ရေနက် ပိုင်းတနေရာတွင် ရွာသားများက ရေငုပ်၍ ငါးဆယ်နေကြသည်။ ထိုနေရာ ရောက်သောအခါ ကျနော်လည်း စတန့်ပြချင်သည့်သဘောလား၊ ငါးရချင်သည့် ဆန္ဒကြောင့်လားမသိ၊ ချောင်းထဲသို့ ရေငုပ်လိုက်မိသည်။ ထိုအခါ ဘေးပတ်ဝန်းကျင်တွင်ရှိ ကျနော်၏ချစ်သောရွာသားများက ၀ါးခနဲ
ရယ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ကျနော် ရေသာငုပ်လိုက်သည်၊ ငါးတကောင်ရသည်ကား မှန်ပါသည်။ ကျနော်ရေငုပ်စဉ် ယခင်ငါးဖမ်းစဉ်က လွယ်ခဲ့သော ပလိုင်းအား ချွတ်ရန်မေ့ခဲ့သည့် အတွက် ပလိုင်းထဲရှိငါးများအားလုံး ရေထဲသို့ ပါသွားခဲ့၍ဖြစ်သည်။

ညနေစောင်းပြီဖြစ်၍ တဖြည်းဖြည်းနှင့် ချမ်းစပြုချေပြီ။ အဖော်အဖြစ်ရှိနေသည့် အမိုးများထံမှ ခေါင်အိုးတောင်း၍ သောက်ပြီး ဆေးရွက်ကြီးကို မြုံ့လိုက်သည်။ နည်းနည်းတော့ နွေးသွား
သလိုပင်။ ဆက်၍ နည်းနည်းလျှောက်တော့ ရွာနယ်နိမိတ်သတ်မှတ်ထားသော တောင်တက်
လမ်းအား မြင်နေရပြီ။ ငါးက ဘာမှမရသေး။

ဘေးရေထဲသို့ ခဲတလုံးကျသံကြားရသည်။ မော့ကြည့်တော့ ချောင်းကမ်းပါးစပ်မှာ တောင်ပေါ်သူ။ တက်ခဲ့ရန် အချက်ပြသည်။ အမိန့် မလွန်ဆန်နိုင်ပါ။ တက်သွားတော့ သူနှင့် သူ့မောင်လေးငယ်ငယ်။ “ပြန်ကြရအောင်” ဆိုသည်။ ဘာမှမပြောမိ။ သူက အရှေ့က ပလိုင်းနှင့်တရွေ့ရွေ့။ နေရောင်က ရွာပြန်သည့် တောင်ကုန်းအမြင့်ပေါ်ရောက်လေလေ သူ့ခန္ဓာကိုယ်မှာ စူးစူးရဲရဲ။ လမ်းတ၀က် ရောက်လုဆဲမှ “ပြကြည့်ပါဦး၊ ငါးဘယ်လောက်ရလဲ” မေးသည်။ “မကြည့်ပါနဲ့၊ ဘာမှမရဘူး” “မဟုတ်ဘူးလေ၊ ကြည့်တယ်ဆိုတာ မရဘူးဆိုတာတော့ သိတာပေါ့။ ဒါမှ ကျန်တဲ့ ဆေးမှူးတို့၊
ရဲဘော်တို့ကို စားဖို့ထည့်ပေးဖို့အတွက် ချိန်လို့ရတာပေါ့”။ အဲဒီကျတော့လည်း ကျေးဇူးတင်ပါ တယ်ပေါ့။ ရွာအ၀င် ဘုရားကျောင်းနံဘေးရောက်တော့ လမ်းခွဲရတော့မယ်။ သူကတလမ်း၊ ကျနော်ကတလမ်း။ လမ်းခွဲရောက်လုနီးကာမှ သူ့မောင်လေးကို လက်ဆွဲခေါ်ပြီး ပြောသည်။ “ညကျရင် အိမ်မှာခေါင်လာသောက်ပြီး ထမင်းစား၊ ပြီးတော့ ဟုန်းကော်မတီလည်း ဘယ်တော့မှ မလုပ်နဲ့၊ ရှက်စရာကြီး၊ ငါးက ဘာမှလည်းရတာမဟုတ်ဘူး။” သူကျီစယ်မှုမှန်းတော့ သိပါသည်။ သို့သော် ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် အတွေ့အကြုံဆိုသည်မှာ ဤကဲ့သို့သာ သင်သွားရသည် မဟုတ်ပါလား။

ဘာပဲဖြစ်ဖြစ် ထိုညကတော့ ကျနော် သူ့အိမ်သွားပြီး ငါးဟင်းမြည်းလို့၊ ခေါင်ရည်တွေသောက် လုပ်ခဲ့သေးသည်။ ကဲ နောက်တခါလုပ်မယ့် ဟုန်းပွဲတော်က နောက်သုံးနှစ်ကြာမှတဲ့။ ဘယ်သူ
တွေက အဝေးရောက်၍ ဘယ်သူတွေကျန်ခဲ့မလဲ။ မည်သူမျှ မှန်းဆနိုင်တော့မည်မဟုတ်။ အဝေး ရောက်သူတွေကတော့ ဝေးဝေးကသာ သတိရနေရပေမည်။ ကျန်ခဲ့သူတွေကတော့ ပင်ပန်းတကြီး ဟုန်းပဲဆက်ထုနေရမှာလား၊ အပစ်ရပ်ခြင်းရဲ့ အကျိုးဆက်အရ ရေသတ္တ၀ါများကို ဖောသီစွာ စားသုံးနေနိုင်မည်လား။ အခုတော့ အိမ်တိုင်းတွင် ငါးကျပ်တင်သည့် ရနံ့က ရွာလေထုအတွင်း ပျံ့နှံ့နေဆဲ။ ။

Read More...

ကလေးငိုသံ-အလံတလက်-ခေတ်ပျက်တခု

(မြတ်နိုး)(၂၀-၆-၀၇)
ခေတ်ပြိုင်...မှ

ဆောင်းယွန်းနွေဦး၏ တခုသောဝေလီဝေလင်း
တွင် ကျနော်အိပ်ရာမှနိုးလာခဲ့ပါသည်။ အိပ်ခန်း ခေါင်းရင်း ပြတင်းကို ဖွင့်လိုက်သောအခါ အရှေ့ မိုးကောင်းကင်တခိုတွင် ပတ္တမြားရည်တို့ ဖိတ်စင် စွန်းထင်းစ ပြုနေပါပြီ။ တညလုံး ကြီးစိုးမင်းမူ နေခဲ့သော အမှောင်သည် တဖြည်းဖြည်းပါးလျား အားပျော့ ဆုတ်ခွာစပြုနေပါပြီ။ မနက်ခင်း ညင်းလေပြည်သည် နေ့သစ်၏ ကိုယ်သင်းနံ့ လက်ဆောင်ကိုပေးကာ ဆက်လက်ထွက်ခွာ



သွားပါသည်။ ထိုအခိုက်မှာပင် `အူဝဲ အူဝဲ´ ဟူသော မွေးကင်းစ ကလေးငယ်၏ ခွန်းဆင့်ရှိုက်ငင် ငိုကြွေးသံကို ကျနော်ကြားလိုက်ရပါသည်။

တဘက်ခြံတွင်းရှိ အိမ်ငယ်လေးဆီမှ ကိုယ်ဝန်သည် အလုပ်သမလေးသည် သူ၏ရင်သွေးငယ်အား အောင်မြင်စွာ မွေးဖွားပေးလိုက်လေပြီ။ ကျနော်သည် ဆေးပေါ့လိပ်ကို မီးညှိဖွာကာ အရှေ့အရုဏ်ဦး မိုးကောင်းကင်ဆီ မျှော်ငေးရင်း အတွေး တံလျှပ်များအကြား လျှောက်သွားနေမိခဲ့ပါသည်။

ကျနော့်အနီးဝန်းကျင်၌ လူသားသစ်ကလေးငယ်တဦး လူ့အဖွဲ့အစည်းအတွင်း ချဉ်းနင်းဝင်ရောက်
လာခဲ့လေပြီ။ သူ မမွေးဖွားမီကပင် ရှိနှင့်ပြီးဖြစ်သော ခေတ်ကြီးတခေတ်ကလည်း သူ့အား အသင့် စောင့်ကြိုလျက်ရှိပါသည်။ ဤလူသားငယ်နှင့် ဤခေတ်ကြီးအကြား နှောင်ဖွဲ့ ရက်ရှယ်ထားသည့် ပင့်ကူအိမ်ကို ကျနော် တွေးကြည့်နေမိပါသည်။

စင်စစ်ကလေးငယ်သည် လူ့လောကသို့ သူ့အလိုဆန္ဒအရ ရောက်လာရခြင်းမဟုတ်ပါ၊ ရှိနှင့်ပြီး လူသားမိဘနှစ်ပါး၏ သံယောဇဉ်ပယောဂဖြင့် ဘုမသိဘမသိ လက်ကမ်းခံလိုက်ရခြင်းသာ
ဖြစ်ပါသည်။ သူမွေးဖွားကြီးပြင်းရမည့် ခေတ်ကြီးတခေတ် ရှိနေနှင့်သည်ကိုလည်း သိခွင့်ရခဲ့သည် မဟုတ်ပါ။ ထိုခေတ်ကြီး၏ ကောင်းကျိုးဆိုးပြစ်မှန်သမျှတွင်လည်း သူ့၏ကံသုံးပါး (ကာယကံ၊
ဝစီကံ၊ မနောကံ) အနက် တပါးပါးသော်မှ ပါဝင်ပတ်သက်ခဲ့ခြင်းမရှိပါ။ ထို့ကြောင့် သူမွေးဖွားရာ ခေတ်ကြီးနှင့် ပတ်သက်၍ သူ့တွင်တစုံတရာ တာဝန်ယူရန်အကြောင်းမရှိပါ။ သို့ရာတွင် ထိုခေတ်
ကြီး၏ ကောင်းမွေဆိုးမွေမှန်သမျှကိုကား သူ့ဆန္ဒအလျဉ်းမပါဘဲ ဆက်ခံရတော့မည်သာဖြစ်ပါသည်။ သူရောက်ရှိရာ တည်ဆဲခေတ်ကြီးကလည်း ဘုရားစူးမိုးကြိုးပစ် ယဉ်ကျေးထသော တောရိုင်းဝါဒ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီးဖြစ်နေပြန်ပါသည်။ သည်လိုခေတ်ကြီးအတွင်း ဖြူစင်သန့်ရှင်း အပြစ်ကင်းသည့် ကလေးငယ်တယောက် ရောက်လာခဲ့ရသည်မှာ မွန်မြတ်သောဆုလာဘ်လော၊ ခါးသီးသောအပြစ်ဒါဏ်လော၊ ကျနော်ဝေခွဲရ ခက်နေမိပါသည်။

လူအတော်များများ (အထူးသဖြင့် သူတို့ကိုယ်သူတို့ ခေတ်မီသည်ဟု ယူဆနေသူများ) သည် အသစ်အသစ်တို့ကိုသာ လိုလားနှစ်သက်ကြောင်း ကြွားဝါပြောဆိုလေ့ရှိကြပါသည်။ နောက်ဆုံးပေါ် ဇိမ်ခံကားသစ်၊ အ၀တ်အစား ဖက်ရှင်သစ်၊ အဆောက်အဦ ဒီဇိုင်းသစ်၊ ရုပ်ရှင်ကားသစ်၊ ကဗျာသစ်၊ နှစ်သစ်၊ အချစ်သစ် စသည်ဖြင့် စုံနေပါတော့သည်။ ကမ္ဘာဟောင်းတွင် နှစ်ခြိုက်စွာ ငိုက်မြည်းရင်း အသစ်ကိုသာ နှစ်သက်သည်ဆိုသော ထိုသူများသည် သူတို့ခေတ်က မွေးထုတ်လိုက်သော မျိုးဆက်သစ်လူသားလေးများနှင့် ထိုက်တန်သည့် ခေတ်သစ်တခုကို အတွေးသစ်ဖြင့် ဖန်တီးတည် ဆောက်ကာ အမွေပေးခဲ့ရန်ကိုကား မေ့လျော့ထားကြဟန်ရှိပါသည်။ ထို့ထက်ပို၍ စက်ဆုပ်ဖွယ် ကောင်းသည်မှာ ခေတ်၏ မျိုးဆက်သစ်များအား သူခိုးကြမ်းပိုး၊ ခါးပိုက်နှိုက်၊ သူတောင်းစား၊ ကလေးပြည့်တန်ဆာ စသည့် အနိဋ္ဌာရုံများအတွင်း ကျုံးသွင်းမောင်းပို့နေသော ဤလိုခေတ်ကြီးအား မျက်နှာပေါင်းတင် အလှပြင်ကာ စင်တင်ပွဲထုတ်နေကြခြင်းပင် ဖြစ်ပါသည်။ ဤသို့ ဤနှယ် အတွေး ဇာချဲ့နေဆဲမှာပင် မွေးကင်းစကလေးငယ်အား တိုင်တည်ပြောကြားလိုက်သော မည်သည့်အရပ်မှ ရောက်လာသည်မသိနိုင်သော အောင်မြင်ခန့်ညားသည့် စကားသံကို ကျနော်ကြားလိုက်ရ
ပြန်ပါသည်။

“အို လူသားကလေးငယ်…။ ငိုကြွေးလော့…။ ရှိုက်ကြီးတငင် ငိုကြွေးခြင်းဖြင့် သင့်ခွန်အားကို စတင်ဖြည့်တင်းလော့…။ လူ့လောက၌ ခွက်ထိုးခွက်လန် ရယ်မော၍ မွေးဖွားလာသော လူသား ကလေးငယ်ဟူ၍ မရှိစကောင်း။ ငိုကြွေးခြင်းသည် မွေးကင်းစ လူသားသစ်မှန်သမျှ၏ ဂုဏ်ဒြပ် လည်းဖြစ်၏။ မူကြိုဘာသာစကားလည်း ဖြစ်၏။ ပြုံးရွှင်ရယ်မောခြင်း အတတ်၏ ရှေ့တော်ပြေးလည်း ဖြစ်၏။ ငိုကြွေးခြင်းမှ အစပြု၍သာ လူ့ဘာသာစကား အလုံးစုံကို သင်လူသားငယ် သင်ယူ တတ်မြောက်နိုင်လိမ့်မည်။ တရွေ့ရွေ့ တတ်မြောက်လာသော ဘာသာစကားသည် သင့်အား တွေးခေါ်ခြင်းကိုပါ တဆင့်တက်သင်ကြားပေးလိမ့်မည်။”

“တွေးခေါ်ခြင်းသည် ဘာသာစကားမှတဆင့် လောကသစ္စာကို သင်မြင်တွေ့နိုင်အောင် ကိုယ်ထင်ပြ လိမ့်မည်။ အတွေးအခေါ်နှင့် ဘာသာစကားဆိုသည်မှာ နေမင်း၏ အလင်းနှင့်အဆင်းပမာ မခွဲမခွါ ပေါင်းစည်းနေသောအရာဖြစ်သည်။ ဘာသာစကား၏ အပြင်ဘက်၌ တွေးခေါ်ခြင်းဟူ၍မရှိ။ ဆွံ့အ နေသူတဦး၏ အိမ်မက် ဇာတ်ကြောင်းပြန်နှင့် သူ၏ဘ၀ ဒဿန ဟောပြောချက်များကို မည်သူမျှ ကြားနာခွင့်ရနိုင်မည်မဟုတ်။ တစုံတခုသော တွေးခေါ်ဆင်ခြင်မှုကို မဖော်ပြသည့်ဘာသာစကားဟူ၍ မရှိ။ ဘာသာစကားအား ဥပက္ခာပြုနိုင်စွမ်းရှိသော တွေးခေါ်မှုဟူ၍လည်းမရှိ။ ဘာသာစကားဖြင့်သာ တွေးခေါ်မှုကိုဖော်ပြနိုင်ပြီး တွေးခေါ်မှုဖြင့်သာ ဘာသာစကား၏ ကျယ်ဝန်းနက်ရှိုင်းတောက်ပမှုကို ဖန်ဆင်းနိုင်သည်။”

“အို ကလေးငယ်…။ သင်မွေးဖွားကြီးပြင်းရာ ခေတ်ကြီးသည် `မောဟနှင့်သစ္စာ´ တို့ လိမ်ယှက် ရက်ဖောက်ရာ မာယာဘုံ ဖြစ်၏။ တွေးခေါ်ခြင်းကို ဘာသာစကားမှတဆင့် သင်ယူလော့။ ဘာသာစကားမှတဆင့် `ကိုယ်ထင်ပြလေ့ရှိသော တွေးခေါ်မှု၏ လောကသစ္စာကို မြင်အောင်ရှုလော့´
`သစ္စာတရားသည်သာ သင့်၏ ကိုယ်စောင့်နတ်အမှန်ဖြစ်၏။ သစ္စာတရားဖြင့်သာ သင်သည် သစ္စာသိသူ၊သစ္စာရှိသူ ဖြစ်လာနိုင်၏။”

“အို ကလေးငယ်…။ သင်ဖြတ်သန်း ကြီးပြင်းရမည့် ခေတ်ကြီးသည် `ယဉ်ကျေးသောကမ္ဘာ´
အမည်ရှိ လှပသော နီယွန်မီးပွင့်ဆိုင်းဘုတ်အောက်မှ အကျည်းတန် အရိုင်းခေတ်ကြီးသာတည်း။ ခွန်အားကြီးသူက ခွန်အားနည်းသူကို၊ ဥစ္စာဓန ကြွယ်ဝသူက ဥစ္စာဓနမဲ့သူကို၊ အာဏာလက်နက် ရှိသူက အာဏာလက်နက်မဲ့သူကို စော်ကားနှိပ်စက်လေ့ရှိသော ခေတ်ရိုင်းခေတ်မိုက်ကြီးသာတည်း။ လူသားချင်းကိုပင် ကျွဲနွား တိရိစ္ဆာန်များပမာ ရောင်းဝယ်ဖောက်ကားနေသော ဈေးခင်းကြီးသာ
တည်း။ ဤခေတ်ကြီးအတွင်း၌ ငွေကြေး ဥစ္စာ၊ လက်နက်အာဏာ အရာရာပြည့်စုံသော အုပ်စိုးသူများ သည် ခေတ်၏အသီးအပွင့်မှန်သမျှကို အပိုင်စီးရိတ်သိမ်းရန် လိုင်စင်ရနေကြ၏။ သူတို့သည် လူသားအပေါင်း လဲလျောင်း မှီခိုရာဟူ၍ လက်ရှိခေတ်ကြီးမှတပါး အခြားမရှိဟူသော တရား ဒေသနာကို ဟောကြားပို့ချနေကြသည်။ သူတို့၏ နိဗ္ဗာန်ဘုံဖြစ်သော လက်ရှိခေတ်ကြီးအား ပြိုလဲမသွားစေရန် ကျားကန်ဒေါက်ထောက် ထိန်းသိမ်းစောင့်ရှောက်နေကြသည်။

“အုပ်စိုးခံ လူများစုကြီးမှာကား ဥစ္စာဓနမရှိ၊ လက်နက်အာဏာမရှိ၊ သူတို့ဘ၀ဖြင့် ရင်းနှီးစိုက်ပျိုးရာမှ သီးပွင့်လာသော ခေတ်၏ကောက်နှံများကို ရိတ်သိမ်းခွင့်မရကြ။ သူတို့သည် ခေတ်၏ရိုးပြတ်တော အလယ်မှ ကောက်သင်းကောက်သူများသာဖြစ်ကြသည်။ သူတို့မွေးဖွားသေဆုံးရာ ငရဲဘုံဖြစ်သော ထိုခေတ်ကြီးကိုလည်း မနှစ်မြို့နိုင်ကြ။ လောကကို အလှဆင်သူတို့၏ ဂုဏ်သိက္ခာနှင့်ထိုက်တန်သော ခေတ်သစ်ကို သူတို့မျှော်လင့်တောင့်တခဲ့ကြသည်။ ထို့အတွက် သူတို့၏ အသက်ကို ပေးအပ်ခဲ့ကြ၏။

“ဤနည်းအားဖြင့် တည်ဆဲခေတ်ကြီးသည် အုပ်စိုးသူနှင့်အုပ်စိုးခံတို့၏ ပဋိပက္ခဖြင့် တိုက်ပွဲဖြစ်လျက် ရှိသည်။ လူသမိုင်းနှင့်အမျှ ရှည်လျားကြာမြင့်ခဲ့လေပြီ။ သင်သည် ဘက်နှစ်ဘက်ပဋိပက္ခတွင် တဘက် ဘက်၌ ရပ်ရပေတော့မည်။ ကြားနေခြင်းသည် သင့်အတွက်လည်းကောင်း၊ လူ့လောကအတွက် လည်းကောင်း ကောင်းကျိုးရှိမည်မဟုတ်။ ကြားနေသူတို့၏ အကောင်းဆုံး ဆုလာဘ်မှာ ဘက်နှစ် ဘက်၏ အမုန်းမီးတောက်အောက်တွင် ပြာဖြစ်ရခြင်းသာဖြစ်ပေလိမ့်မည်။ အုပ်စိုးသူများသည် ယခင်ကထက် စိတ်ကောင်းစေတနာပြည့်ဝလာကာ လက်ရှိခေတ်ကြီးသည်လည်း ရှေးယခင်ကထက် နေချင့်စဖွယ်ဖြစ်လာလိမ့်မည်ဟု သင်မမျှော်လင့်အပ်။ ပုဂ္ဂလိက အတ္တချော်ရည်တို့ဖြင့် ဗွက်ပေါက် နေသော ခေတ်ကြီးအတွင်းမှ၊ လူသားအများစု(လူ့အဖွဲ့အစည်း) အတွက် ကောင်းကျိုးချမ်းသားကို မျှော်လင့်ခြင်းသည် ကျားရဲအား သူတော်စင်ဖြစ်နိုးနိုး မျှော်ကိုးခြင်းမျိုးသာဖြစ်သည်။ ခေတ်အဆက် ဆက်မှ သင်၏ဘိုးဘွားမိဘအပေါင်းသည် နှောင်းသားမြေးမြစ်အတွက် ထိုက်တန်သော ခေတ်သစ် တခေတ်ကို အမွေအဖြစ် မပေးနိုင်ခဲ့ကြသေး။ သင့်အားသူတို့ ပေးနိုင်ခဲ့သည်မှာ `မပြီးဆုံးသေး သောတိုက်ပွဲနှင့် သူပုန်အလံတလက်´ သာလျှင်ဖြစ်၏။

“ခါးသီးသော ထိုအမွေကို ဆက်ခံခြင်းဖြင့်သာ သင်သည် ခေတ်၏သားကောင်းတယောက် ကျောက် ကောင်းတစေ့ ဖြစ်နိုင်၏။”

“အို…ကလေးငယ်၊ ငိုကြွေးခြင်းဖြင့် သင့်ခွန်အားကိုဖြည့်လော့။ သင့်အမွေ သူပုန်အလံကို မြင့်မားစွာ လွှင့်ထူလော့…။ အချိန်ကာလတည်းဟူသော သိန္ဓောမြင်းကို ဇက်ခွံ့စီးကာ တိုက်ပွဲစစ်မျက်နှာသို့ ခရီးနှင်လော့…။”

တိကျရေရာစွာ ညွှန်ပြရန်ခက်ခဲသော၊ နက်ရှိုင်းဝေးလံရာအရပ်မှ ထွက်ပေါ်လာသည့် ထိုအသံသည် အရှေ့ဘက် မိုးကောင်းကင်ထက်ဝယ် ပဲ့တင်ထပ်ကာ ဖြည်းဖြည်းဝေးဝေး ပျောက်ကွယ်သွားခဲ့
ပါသည်။

နေမင်းသည် အရှေ့မိုးကုတ်စက်ဝိုင်း ထီးရိပ်အောက်မှ မြနှစ်ရောင်တောင်ကလပ်ပေါ်ဝယ် စံပယ်နေ ပါပြီ။

ကျနော်၏ အာရုံတွင် ရိပ်ရိပ်ရေးရေးပြေးလွှားနေသည့် အချိန်ကာလတည်းဟူသော သိန္ဓောမြင်း ထက်မှ သူပုန်အလံကို ဝှေ့ရမ်းကာ တိုက်ပွဲစစ်မျက်နှာသို့ တဟုန်ထိုး ချီတက်သွားသော ကလေး ငယ်အား မြင်ယောင်လာမိပါသည်။

Read More...

ခေတ်ပြိုင်မြို့ကလေး၏ ဂန္တ၀င်နံနက်ခင်း (၈၈)

ကမာပုလဲ (၇-၈-၀၇)
ခေတ်ပြိုင်...မှ

အဲဒီနေ့က မိုးစက်ကလေးတွေ ရွာသွန်းနေသည်။ သည်းသည်းမည်းမည်းမဟုတ၊် ဖွဲဖွဲကလေးမျှသာ။ ရွာသွန်းဖြိုးလိုက် တိတ်သွားလိုက်။ နံနက်ခင်း၏ နေခြည်လည်း ဖြာဆင်းလာလိုက် ညိုမှောင်လိုက် နှင့် မြေသင်းရနံ့ကလေး၏ လွှမ်းခြုံနေမှုအောက်မှာ မြို့ကလေးသည် သွားလာလှုပ်ရှားနေသော မြို့သူ မြို့သားများနှင့်အတူ ဣနြေ္ဒရရ တည်ငြိမ်သက်ဝင်
နေခဲ့သည်။

သက်ဝင်တည်ငြိမ်နေသော မြို့ကလေး၏မျက်နှာသည် ခါတိုင်းနေ့တွေကဲ့သို့မဟုတ်၊ တစုံတရာကို ဖွင့်ဟပြောပြချင်နေသလိုလို။ တစုံတခုကို ဖွင့်မပြခင် ၀ှက်သိုမြိုသိပ်ထားသလိုလိုနှင့် တိကျဖော်ပြ ခြင်းငှာ မစွမ်းသာသော နိမိတ်ပုံကို ဆောင်နေသည်။ မြို့ကလေး၏ လမ်းမတွေသည်လည်းကောင်း၊ လမ်းသွားလမ်းလာ မြို့သူမြို့သားများ၏ တယောက်နှင့်တယောက် အကြည့်တို့သည်လည်းကောင်း၊ ဈေးရောင်းဈေးဝယ်သူများ၊ ယာဉ်မောင်းနှင့်ယာဉ်စီးခရီးသည်များ၊ လက်ဘက်ရည်ဆိုင်နှင့် လက်ဘက်ရည်ဆိုင် ထိုင်သူများ စသည်တို့၏ ဆက်ဆံရေးယဉ်ကျေးမှုသည် ခါတိုင်းနေ့တွေကဲ့သို့ မဟုတ် ထူးခြားစွာလှုပ်ခတ် လှုပ်ရှားနေလျက်ရှိသည်။

မြို့ကလေး၏ ထိုနေ့နံနက်ခင်းသည် ထူးခြားနေသော တိတ်တခိုးရင်ခုန်သံတို့ဖြင့် အတိပြီးလျက် ရှိသည်။ အချိန်မှန်ထွက်ရမည့် သင်္ဘော၊ မော်တော်၊ ကူးတို့သမ္ဗာန်တို့သည် ထွက်ခွာရန် အချက် အလက်တို့ ပြည့်စုံနေသော်ငြား သင်္ဘော၊ မော်တော်၊ ကူးတို့သမ္ဗာန်တို့သည်လည်းကောင်း၊ ဦးဆောင်မောင်းနှင်တာဝန်ယူထားကြသည့် မာလိန်မှူး တက်မကိုင်သင်္ဘောသားများနှင့် ခရီးသည် တို့သည်လည်းကောင်း၊ ညို့ယူစရာမလိုသော သဘောတူညီမှုဖြင့် ကမ်းမှခွာရန် ငြိမ်သက် ငြင်းဆန် နေကြသည်။

ဈေးရောင်းသူက သူ၏ကုန်ပစ္စည်းဈေးနှုန်းကို ပြောရာတွင် အယောင်ယောင်အမှားမှားနှင့် ဈေးနှုန်း လျော့ပြောနေကြသလို ၀ယ်သူများကလည်း ပြန်အမ်းငွေယူရန် အမေ့မေ့အလျော့လျော့နှင့် ဖြစ်နေ ခဲ့ကြသည်။ အုံနာခ မပြည့်မီခဲ့ရင်ဟူသော သောကဖြင့် အသားကျနေတတ်သည့် ဆိုက်ကားဆရာ တို့သည် လက်ဘက်ရည်တခွက်၊ အကြမ်းရည်တအိုးနှင့်အတူ လက်ဘက်ရည်ဆိုင်အတွင်း
ကျောက်ချထိုင်နေခဲ့ကြသည်။

မြို့ကလေး၏ တဘက်ကမ်းမှ အတန်းလိုက်တည်ရှိနေသော ဆန်စက်တို့၏ စက်ခေါင်းတိုင်များသည် မီးခိုးငွေ့တို့ ပျောက်ဆုံးနေကာ အသက်ရှူဖို့ကို မေ့နေကြသည်။ ဆန်စက်တာဝန်ခံတွေရှိနေကြသည်။ ဆန်စက်အလုပ်သမားတွေရှိနေကြသည်။ ကြိတ်ခွဲရမည့်စပါးတွေလည်း အဆင်သင့်ရှိနေကြသည်။ ဆန်စက်ကြိတ်ခွဲလည်ပတ်ရန် စက်ယန္တရားများနှင့် လိုအပ်သည့် အချက်အလက်တို့သည်လည်း ချွတ်ယွင်းချက်မရှိ အသင့်ဖြစ်နေပြီးဖြစ်သည်။ သို့သော်မြို့ကလေး၏ တဘက်ကမ်းသည် မြို့ကလေး ဆီသို့ တမျှော်မျှော်၊ တကြည့်ကြည့်နှင့် နားစွင့်ရင်ခုန်နေလျက်ရှိနေသည်။

ပုံမှန်နံနက်ခင်းများကဲ့သို့ မြို့ကလေး၏ ရင်နှစ်သည်းခြာ ကျောင်းသူကျောင်းသားကလေးများ ကျောင်းသို့သွားနေကြသည်။ အဖြူနှင့်အစိမ်းရောင် ကျောင်းတက်ဝတ်စုံကိုဝတ်ဆင်ထားကြသော ကျောင်းသားကျောင်းသူကလေးများ မိခင်ကျောင်းတော်ကြီးများရှိရာသို့ အသီးသီးသွားနေကြသည်။ ထူးခြားနေသည်။ ခါတိုင်းလိုစက်ဘီးစီးသူများက ကျောင်းသူကျောင်းသားကလေးများအနီးသို့ရောက် ရှိချိန်တွင် ကပ်၍ကွေ့ကာစီးနင်းသွားခြင်းမရှိကြ။ စက်ဘီးကို ရပ်ပေးလိုက်ကြသည်။ ဆိုက်ကား ယာဉ်များကလည်း အဖြူနှင့်အစိမ်းဝတ်ကလေးများအနီးသို့ ရောက်လာလျှင် ဘီးကို မလှိမ့်တော့။ မရွေ့တော့။ စိတ်ရှည်စွာ ရပ်တန့်ပေးနေကြသည်။

မြို့သူမြို့သားများကလည်း အဖြူအစိမ်းဝတ် ကျောင်းသူကျောင်းသားကလေးများကို ခါတိုင်းထက် ပိုလို့ဂရုစိုက်ကြည့်နေကြသည်။ ထူးခြားမှုတွေထဲက ထူးခြားမှုတခုမှာ စာသင်ကျောင်းအသီးသီးရှေ့ရှိ မုန့်ဆိုင်ကလေးများ၊ ကုက္ကိုလ်ပင်ရိပ်များအောက်တွင် ကျောင်းသူကျောင်းသားများ၏ မိဘများ အရင်နေ့တွေကထက် ပိုများနေသလို ကလေးများ ကျောင်းအတွင်းသို့ ၀င်သွားသည်ကိုမျက်စေ့ဖြင့် တပ်အပ်မြင်နေကြပါလျက် အိမ်သို့ပြန်ရန် တွန့်ဆုတ်နေကြသည့်မြင်ကွင်းပင်ဖြစ်သည်။

မြို့ကလေး၏ အမှတ် (၁) အထက်တန်းကျောင်းမှ ကျောင်းတက်ခေါင်းလောင်းထိုးသံကြားရသည်။ ထိုနေ့က ကျောင်းတက်ခေါင်းလောင်းထိုးသံတွင် အမည်ဖော်မရသော ထူးခြားမှုတခု သက်ဝင်နေ သည်ဟုထင်ရသည်။ ကျောင်းတော်ကြီးသည် အပ်ကျသံပင်မကြားရ တိတ်ဆိတ်ငြိမ်သက်နေသည်။ ခဏအကြာတွင် “အားလုံးမတ်တပ်ရပ်” အသံကို ကြားနေကြအတိုင်း ကြားလိုက်ရသည်။

တဆက်တည်းတွင် “ကမ္ဘာမကျေ” သီချင်းကို သံပြိုင်ဆိုလိုက်သည့်အသံကိုကြားရသည်။ ကျောင်း တော်ကြီးသည် “ကမ္ဘာမကျေ” သီချင်း သံပြိုင်သီဆိုသံများအောက်ဝယ် သိမ့်သိမ့်ခါနေသည်ဟု ခံစားရသည်။ “မင်္ဂလာပါဆရာ”၊ “မင်္ဂလာပါဆရာမ” ဆိုသည့် ကြားနေကျ အသံများကြားရသည်။ ထို့နောက်ကျောင်းတော်ကြီးသည် ထူးခြားလွန်းစွာ တဖန်တိတ်ဆိတ်သွားပြန်သည်။ ထိုစဉ်ခဏမှာပင်
“အားလုံးသတိ”
“ကျဆုံးလေပြီးသော အာဇာနည်ကျောင်းသားများအားအလေးပြု”
“ကမ္ဘာမကျေသီချင်းဆို”
“ကမ္ဘာမကျေ … ဗမာပြည် … ဒါဒို့ပြည် … ဒါဒို့မြေ … ”

ဆန်းကြယ်လွန်းလှပါလား။ ထူးခြားဆန်းကြယ်လွန်းလှပါလား။ ကျောင်းတော်ကြီးရှေ့ရှိ လွတ်လပ် ရေးအားကစားကွင်းနှင့် ကပ်လျက် ကုက္ကိုလ်ပင်ရိပ်လွှမ်းသော လမ်းမထက်ဆီမှ အဖြူအစိမ်း
ဝတ်ထားသော ကျောင်းသားကျောင်းသူများကို တွေ့မြင်လိုက်ရသည်။ သူတို့ဆီမှ ရင်ခုန်လှိုင်းထ ဖွယ်ရာကြွေးကြော်သံများ သတိ၊ အလေးပြု၊ ကမ္ဘာမကြေသီချင်း သီဆိုသံများကို ကြားရသည်။

ကျောင်းသူ ကျောင်းသားကလေးများအားလုံး (၁၆၊ ၁၇) နှစ် ထက်မကျော်၊ ရိုးရှင်းသော၊ ရဲရင့်သော၊ အပြစ်မဲ့ကင်းသော နုပျိုဖူးသစ် မျက်နှာကလေးများကို ပိုင်ဆိုင်ထားကြသည်။ သူတို့သည် စည်းကမ်း တကျ လေးယောက်တတန်း စီလိုက်ကြသည်။ အားလုံးငါးဆယ်ခန့်ရှိသည်။ ရှေ့ဆုံးမှ ကျောင်းသား တယောက်က ၀ှက်ယူလာခဲ့သော ကြယ်ငါးပွင့်ပါ နိုင်ငံတော်အလံကို ၀ါးလုံးဖြင့် တပ်ဆင် ချီနှောင်ကာ အလံကို လွှင့်ချီလိုက်ပြီး ရှေ့ဆုံးမှ ချီတက်လာသည်။ သူ့နောက်မှ တယောက်လက်တယောက် ဆုပ် ကိုင်ရင်း စည်းကမ်းတကျ လေးယောက်တတန်းချီတက်လာကြသည်။ သူတို့ထံမှ
“ဒီမိုကရေစီရရှိရေး … ဒို့အရေး”
“မဆလပါတီ … အလိုမရှိ”
“အရေးတော်ပုံ … အောင်ရမည်”

သူတို့ချီတက်လာကြသည်။ စနစ်တကျတန်းစီထားသော အဖြူအစိမ်းဝတ် ကျောင်းသူ ကျောင်းသား လေးများ ချီတက်လာကြသည်။ ရှေ့ဆုံးမှကျောင်းသားက အလံကိုင်ချီတက်လာသည်။ သူ့နောက်မှ တန်းစီချီတက်လာသော ကျောင်းသားများက ကြွေးကြော်သံများတိုင်ကာ ပြိုင်တူဟစ်ကြွေးရင်း ချီတက်လာသည်။ သူတို့၏ ကျောင်းတော်ကြီးရှေ့အရောက်တွင် ချီတက်လာသော ကျောင်းသူ ကျောင်းသားများရပ်လိုက်ကြသည်။

ခွေးခြေခုံတန်းလျားတခု ဘယ်ကဘယ်လို ရောက်လာသည်မသိ ရောက်လာသည်။ အထက်တန်း ကျောင်းသားတယောက်က ခုံပေါ်တက်မတ်တပ်ရပ်လိုက်သည်။ သူ့ခေါင်းတွင် လျှပ်ပန်းနီပိတ်စ ကလေးကို စည်းနှောင်ထားသည်။ သူက သူခံစား နားလည်သမျှ မဆလပါတီ၏ ဖိနှိပ်မှု၊ မဆလ ပညာရေးစနစ်၊ မဆလစစ်အာဏာရှင်စနစ်၏ ယုတ်မာပက်စက်မှု၊ မကြာသေးမီကမှ ကျဆုံးသွား
သော ရဲဘော်ဖုန်းမော် (စက်မှုတက္ကသိုလ်ကျောင်းသား)၊ (၂၁) ဇွန်လ အရေးအခင်း၊ (၁၉၆၂) ခုနှစ် ဇူလိုင် (၇) ရက် ကျောင်းသားအရေးတော်ပုံနှင့် မိုင်းခွဲဖျက်ဆီးခံလိုက်ရသော သမိုင်းအစဉ်အလာ ကြီးမားသည့် ကျောင်းသားသမဂ္ဂအဆောက်အဦအကြောင်း စသည်ဖြင့်သူသိသမျှကို ဟောပြော လေသည်။ သူခံစားရသမျှကို ဟောပြောနေသည်။ မပြည့်စုံသော်လည်း အချက်အလက်တို့သည်
မမှား၊ သူ့အရွယ်နှင့်သူသိသမျှ သမိုင်းဒဏ်ရာဒဏ်ချက်တွေကို ကျောင်းသားများကိုယ်စား ပြောပြ နေခြင်းဖြစ်သည်။

သူတို့ကို မြို့သူမြိ့သားများက ၀ိုင်းရံလိုက်ကြသည်။ လက်ခုပ်သံဖြင့် ထောက်ခံအားပေးလိုက်ကြသည်။ မြို့သူမြို့သား တနည်းအားဖြင့် မြို့ကလေး၏ ပြည်သူလူထုက ဆန္ဒပြကျောင်းသူကျောင်းသားကလေး များကို သူတို့ရင်ခွင်အတွင်းလွတ်လပ်စွာ လှုပ်ရှားစေရန် ဆွဲသွင်းဝန်းရံလိုက်ခြင်းဖြစ်သည်။ အကယ်၍ အာဏာပိုင်များက သေနတ်အားကိုး၍ ပစ်ခတ်လာလျင် မြို့ကလေး၏ ပြည်သူလူထုက အရင် အသေ ခံသွားကြမည့် သဘောဖြစ်သည်။

ကြိုတင်ညှိယူမထားသော ပိုင်းဖြတ်ချက်ဖြစ်သည်။ ရိုက်နှက်နှိမ်နှင်းလျင်လည်း လူထုက ရှေ့က ခံမည်ဖြစ်သည်။ ကျောင်းသားသုံးလေးယောက် ဟောပြောအပြီးတွင် ဆန္ဒပြကျောင်းသားများ
အားလုံး စနစ်တကျချီတက်ကြပြန်သည်။ လူထုကလည်း ကျောင်းသားများကို နံဘေးမှကာရင်း ချီတက်လာသည်။ ကျောင်းတော်ကြီးကို ရှေ့မှနောက်သို့ပတ်သော လမ်းအတိုင်း ချီတက်လာကြ
သည်။ ကျောင်းတော်ကြီးအတွင်းမှ တိတ်ဆိတ်ငြိမ်သက်မှုသည် ဆူညံလှုပ်ရှားစပြုလာသည်။

စာသင်ခန်းတံခါးများ အားလုံး ပွင့်သွားသည်။ ဆရာဆရာမများကို တိုးဝှေ့ရှောင်ဖယ်ရင်း ကျောင်းသူ ကျောင်းသားလေးများ ထိုးထွက်လာကြသည်။ ကျောင်းဝင်းတံခါးပိတ်ထားသဖြင့် ကာရံထားသော သွပ်ဆူးကြိုးတန်းများကြားမှ ခက်ခက်ခဲခဲ တိုး၍ လမ်းမပေါ်သို့ ထွက်လာကြသည်။ ဆန္ဒပြ ကျောင်းသားများနှင့် ပူးပေါင်းပါဝင်လိုက်ကြသည်။

ကျောင်းသူလေးတဦးက သံဆူးကြိုး ကပ်ရိုက်ထားသော တိုင်အတိုင်းအဆင့်ဆင့်တက်၍ လမ်းမ ဘက်ကိုခုန်ဆင်းနေရာ သူ့အခက်အခဲကို ကျောင်းသားလေးတဦးက လမ်းမဘက်ခြမ်းမှ ကူညီ၍ အောက်သို့ချပေးနေသည်။ လက်ချင်းဆုပ်လျှက်၊ ကျောင်းသူကလေးရဲ့ ဖိနပ်မဲ့ခြေဖ၀ါးတဖက်က ကျောင်းသားကလေးရဲ့ လက်ဖ၀ါးပေါ်နင်းကာ ကျောင်းတော်ကြီး၏ အ၀န်းအ၀ိုင်းအပြင်ဘက်ကို ရောက်ရှိသွားခဲ့ပုံမှာ ဘယ်တော့မှမေ့လို့မရနိုင်သော သမိုင်းရုပ်ပုံလွှာကားတချပ်။

ဆန္ဒပြကျောင်းသူကျောင်းသားများသည် ကမ္ဘာမကျေသီချင်းကိုဆိုရင်း၊ တောင်းဆိုချက်များကို သံပြိုင်ဟစ်အော်ရင်း၊ အင်အားတိုးပွားလာရင်း မြို့ကလေး၏ ပြည်သူလူထုကြီးရဲ့ ၀န်းရံအားပေး ပူးပေါင်းရင်းဖြင့် ချီတက်လာကြသည်။ အမှတ် (၁) အလယ်တန်းကျောင်း ရှိရာ၊ အမှတ် (၂) အထက်တန်းကျောင်းရှိရာ၊ မြို့၏အလယ်ဗဟို ဈေးရုံဈေးတန်းကြီးရှိရာသို့ တလမ်းဝင်တလမ်းထွက် ချီတက်လာကြသည်။

အိမ်တွင်ရှိနေသော မြို့သူမြို့သားများက ရေကြည်အေးမြ ထွက်တိုက်ကြသည်။ အချိုရည် တိုက်နိုင် သည့်အိမ်က အချိုရည်ထွက်တိုက်ကြသည်။ မြို့ကလေး၏ ကျောင်းသူ ကျောင်းသားတစုက စတင် လိုက်သောဆန္ဒပြပွဲကြီးသည် တမြို့လုံးဆိုင်ရာ လက္ခဏာဆောင်သွားသည်။ ဆိုက်ကားဆရာများက ဆိုက်ကားများကိုမနင်းဘဲ လက်ဖြင့်တွန်းကာလိုက်ပါချီတက်နေကြသည်၊ စာရေးစာချီများ၊ ဈေး သည်များ၊ ဆရာဆရာမတချို့။ ၀န်ထမ်းများအားလုံးပါဝင်လာကြသည်။ တိုက်ပွဲ၏အမှန်တရားသည် အင်အားဖြစ်လာသည်။ ထိုအင်အားသည် တစက်မှ တမျက်နှာဖြစ်လာသည်။

ချီတက်ဆန္ဒပြလာသော ကျောင်းသားထုထဲမှ ထူးခြားဆန်းကြယ်သော အလံတလက်မိုးယံထက်မှာ လွင့်ချီလာခဲ့သည်။ ထိုအလံကို အထက်တန်းကျောင်းသားကြီးတယောက်က လွှင့်ထူလာခြင်းဖြစ်
သည်။ ဘာအလံလဲ။ မမြင်ဘူးပါလား။ မြင်ဖူးသလိုလိုပဲ။ “ဟင် … ဒါ … ငါတို့ကျောင်းသားသမဂ္ဂရဲ့ တိုက်ပွဲဝင်ခွပ်ဒေါင်းအလံကွ”။ အသက်ငါးဆယ်ခန့်ရှိ မြို့ကလေး၏ကျောင်းသားဟောင်းကြီးများဆီမှ အသံ၊ သူတို့မျက်နှာတွင် ပီတိနှင့်မျက်ရည်များ။ သူတို့အသီးသီး၏ အကြောပြိုင်းပြိုင်းထနေသော လက်သီးဆုပ်များကိုတွေ့ရသည်။ ကျောင်းသားသမဂ္ဂအဆောက်အဦကို မိုင်းခွဲဖြိုဖျက်နိုင်သော်လည်း သမိုင်းဝင်ကျောင်းသားသမဂ္ဂနှင့် တိုက်ပွဲဝင်ခွပ်ဒေါင်းအလံကို ဖျက်လို့ မရနိုင်ပါလား။ ဒါဟာ
ဘယ်လိုမှ ပြောင်းလဲပျက်သုဉ်းမသွားနိုင်သည့် သမိုင်းသစ္စာတရား။

ချီတက်လာသော ဆန္ဒပြကျောင်းသားများနှင့် မြို့ပြည်သူလူထုကြီးနှင့်အာဏာပိုင်တို့ ထိပ်တိုက် တွေ့ကြသည်။ ရဲစခန်းထိပ်တွင်ဖြစ်သည်။ အာဏာပိုင်တွေကစည်းသုံးတန်တားကာ သေနတ်များ နှင့်တန်းစီ မောင်းထိုးချိန်ထားသည်။ ဆန္ဒပြကျောင်းသားနှင့်လူထုကြီးကလည်း စည်းသုံးတန်နား အရောက်ကပ်၍ ရပ်လိုက်သည်။ နောက်သို့ လုံးဝမဆုတ်။ လှည့်ပြန်မသွား။ ဆူပူလှုပ်ဆော်ရေး သမားများဟု မတရားတံဆိပ်ကပ် ဖမ်းဆီးထားသော ကျောင်းသားများအား လွှတ်ပေးရန် တောင်း ဆိုသည်။ အာဏာပိုင်များက လွှတ်မပေး။ ကျောင်းသားထုနှင့်လူထုကြီးကလည်း နောက်မဆုတ်။

တဖြည်းဖြည်းနှင့် အခြေအနေတင်းမာလာသည်။ ဆန္ဒပြကျောင်းသားများနှင့်လူထုကြီးက အဖမ်း ဆီးခံကျောင်းသားများကို လွှတ်မပေးလျှင်မပြန်။ ပစ်လျှင်လည်းအသေခံမည်ဖြစ်သည်။ ဒါဟာ ဘယ်သူတဦးတယောက်ကမှ သွေးထိုးလှုံ့ဆော်မှုကြောင့်ဖြစ်ပေါ်လာသော ပိုင်းဖြတ်ချက်များမဟုတ်။ မညှိဘဲညီခဲ့ကြသော အဖိနှိပ်ခံတို့၏ တိုက်ပွဲဝင် သွေးစည်းညီညွတ်ခြင်းပင်ဖြစ်သည်။ ကျဆုံးသွား
သော တိုက်ပွဲဝင်ကျောင်းသားပြည်သူလူထုကြီး၏ အရိုးတွန်သံဖြစ်သည်။ အဖိနှိပ်ခံဘ၀ထိုထို၏ လွတ်မြောက်ရေးတိုက်ပွဲအိပ်မက် အသက်ဝင်လာခြင်းဖြစ်သည်။

အာဏာပိုင်များဘက်က လက်လျှော့လိုက်ပါသည်။ အရှုံးပေးလိုက်ရပါသည်။ အဖမ်းဆီးခံ ကျောင်း သားများကို ပြန်လွှတ်ပေးလိုက်ရသည်။ မြို့ကလေး၏ ဆန္ဒပြကျောင်းသားနှင့် ပြည်သူလူထု၏ ညီညွတ်စည်းလုံးမှုဖြင့် အောင်ပွဲကိုရရှိခဲ့ခြင်းဖြစ်သည်။ သို့သော် တိုက်ပွဲသည်မဆုံးသေး။ အဖိနှိပ်ခံ တို့၏ တိုက်ပွဲသမိုင်းသည်မဆုံးသေး။ အနာဂတ်က အဖိနှိပ်ခံတို့၏တိုက်ပွဲနှင့် အောင်ပွဲသမိုင်းကို စောင့်မျှော်နေသည်။ အဖိနှိပ်ခံတို့ညီညွတ်ရေး အစဉ်ခိုင်မာလျင် အောင်ပွဲအသေအချာရရှိမည်ကို မြို့ကလေးက ထိုနေ့နံနက်ခင်းတွင် ရုပ်ကျကျ သက်သေပြခဲ့သည်။

လွမ်းပါတယ်မြို့ကလေး.....။ ။

Read More...

ခွဲဝေပေးရမည့်အရာများ

( မြင့်ဇေ)(၂၇-၇-၀၇)
ခေတ်ပြိုင်...မှ

နွားလှည်းတစီးသွားဖို့သာသာလောက်သာ ရှိတဲ့ လမ်းကလေးအတိုင်း ကျနော်တို့ လျှောက်လာ ခဲ့ကြတယ်။ တောအုပ်အတွင်း နှစ်နာရီလောက် ဖြတ်သန်းလျှောက်ပြီးတော့ ကျယ်ပြန့်ပြီး မြက်ပင်တွေဖုံးလွှမ်းနေတဲ့ စားကျက်မြေတခုကို ကျနော်တို့ ရောက်သွားတယ်။ ကျနော်တို့ ဖြတ်လာခဲ့တဲ့ လမ်းရဲ့ ညာဘက်တကြောမှာက
ဝါခင်းတွေ၊ နှမ်းခင်းတွေ၊ သခွားခင်းတွေနဲ့ အခြားရိတ်သိမ်းရမယ့်သီးနှံစိုက်ခင်းတွေ။

ဟိုအဝေးလှမ်းကြည့်ရင် အခြားသစ်ပင်ငယ်တွေကို အရိပ်မိုးနေတဲ့ အုန်းပင်ရှည်ရှည်တွေ။

အိမ်ခေါင်မိုး နှစ်ခု သုံးခုကို သစ်ပင်အုပ်ကြားကနေ လှမ်းတွေ့ရတယ်။ တခြား အိမ်ခေါင်မိုးတွေ
ကတော့ သိပ်သည်းတဲ့ သစ်ကိုင်းသစ်ခက်တွေရဲ့ အနောက်မှာ ကွယ်နေတယ်။ နောက်ဆုံးတော့ ကျနော်တို့ရဲ့ ရည်မှန်းချက် ခရီးလမ်းဆုံးကို နီးကပ်လာခဲ့ပြီ။

ဒီခရီးမှာ ကျနော်နဲ့အတူ စာနယ်ဇင်းသမားနှစ်ယောက် ပါလာခဲ့တယ်။ သူတို့က ရွာနဲ့ ပတ်သက်တဲ့ စာမတတ်သူ ရာခိုင်နှုန်းကို အချက်အလက်စုဖို့ လိုက်လာတာပါ။ ကျနော်က ပညာသင်ကြားရေးမှာ အထောက်အကူအဖြစ် အသုံးချနိုင်မယ့် ကျေးလက်လူထုပါးစပ် ပုံပြင်တွေကို မှတ်တမ်းတင်ဖို့ပါ။

လမ်းဘေးအတိုင်း ကျနော်လျှောက်လာရင်း မမှားယွင်းနိုင်စိတ်ခံစားမှုတွေ၊ အမှတ်ရဖွယ်ရာတွေ ပြန်နိုးထလာတယ်။ ကျနော်ဟာ ကိုယ့်မွေးရပ်ဇာတိကို ဘယ်လို ခွဲခွာသွားခဲ့တယ်၊ ဘယ်လိုပြန် ရောက်လာခဲ့တယ် စတာတွေကို ကျနော် တွေးတောနေခဲ့တယ်။ ဖြတ်ခနဲ ပေါ်လာတဲ့ ဒီလို စိတ် လှုပ်ရှားစဖွယ် အမှတ်သညာ ပုံရိပ်တွေနဲ့ အတူလျှောက်လာဆဲမှာပဲ လေထဲမှာလွင့်လာတဲ့ ခီအိုမြက် (လော အခေါ်အဝေါ်ပါ) ရဲ့ စူးရှတဲ့ရနံ့ကို ခံစားနေရတယ်။

တပင်နဲ့တပင် ပွတ်တိုက်မိနေတာကြောင့်ထင်တယ်။ ၀ါးပင်ရဲ့ အကိုင်းအခက်တွေဆီက ထွက်လာတဲ့ တဂျိဂျိ အသံ.. ။ အဝေးဆီက ကြီးမားကြည်လင်တဲ့ သူတို့ရဲ့ အတောင်ပံတွေနဲ့ ရည်ရွယ်ရာမဲ့ အော်နေတဲ့ စီကာဒါ ပိုးကောင်တွေရဲ့ အသံတွေ။ ကျနော့်နားစည်ထဲမှာ လှပတဲ့ ဂီတသံတခုလို ပဲ့တင်ထပ်နေတယ်။ ကြားနေရတဲ့အသံတွေက ကျနော့်ဇာတိချက်ကြွေနဲ့ တူညီလှတဲ့ ပတ်ဝန်းကျင် အနေအထားတခုကို ပဉ္စလက်ဆန်ဆန် ဖန်တီးနေပေမယ့် တကယ်တမ်းကတော့ ကျနော့်နဲ့အတူ ပါလာတဲ့ ခရီးသွားဖော်တဦးဖြစ်တဲ့ ဘွန်ခမ်းရဲ့ မွေးရပ်မြေကို ပြန်လာခဲ့ကြတာပါ။

သူ့ ဇာတိရွာကလေးကို ကွက်ကွက်ကွင်းကွင်း မြင်ရချိန်မှာတော့ စိတ်လှုပ်ရှားမှုအတိနဲ့ ဘွန်ခမ်းက ပြောပြတယ်။ “ကျနော် ဒီရွာကို ခွဲခဲ့တာ နှစ် နှစ်ဆယ်ရှိသွားခဲ့ပြီ။ ကျနော့်ရွာဆီ ရောက်မယ့်
သယ်သွားမယ့်လမ်းကလေးကို မြင်လိုက်ရတော့ မောပန်းနွမ်းနယ်မှုတွေအားလုံး ပျောက်ကွယ်သွား သလိုပဲ။ ပန်းချီကားတချပ်ကို ဆွဲထားသလိုမျိုး ဖြစ်နေတယ်။” ဘွန်ခမ်းရဲ့ အသံဟာ ပျော်ရွှင် ရယ်မောသံနဲ့ ပြည့်လျှမ်းနေတယ်။

ဒီနေရာမှာ သူမွေးဖွားခဲ့တဲ့အကြောင်း။ ပြီးတော့ ဒီနေရာမှာပဲ သူအသက်ရှစ်နှစ်သားမှာ သူ့အမေဟာ ကွယ်လွန်သွားခဲ့တယ်ဆိုတဲ့အကြောင်း။ သူ့အဖေဟာ အခြားရွာက အမျိုးသမီးတယောက်နဲ့ နောက် အိမ်ထောင်ပြုခဲ့ပြီး စစ်ပွဲနဲ့ ရုန်းကန်ထကြွမှုတွေကြောင့် တိုင်းပြည် အစိတ်စိတ်အမွှာမွှာ ဖြစ်နေချိန် နှစ်ပေါင်းများစွာ အတောအတွင်း သူတို့မိသားစုဟာ တရွာပြီးတရွာ ပြောင်းရွှေ့ပြီးနေထိုင်ခဲ့ရတဲ့ အကြောင်း ဘွန်ခမ်းက ကျနော်တို့ကို ပြန်ပြောပြတယ်။

အခုအချိန်တိုင်အောင် သူမွေးရပ်ကို ပြန်လာဖို့အတွက် တခါမှ အခွင့်အလမ်းလည်း မရခဲ့ဘူးလေ။ ရွာမှာတော့ သူ့အမေရဲ့အကို သူ့ဦးကြီးတယောက်ရှိနေဆဲဖြစ်ပေမယ့် အလွန့်ကို အိုမင်းနေပါပြီ။ ဘွန်ခမ်းဟာ သူ့ဦးကြီးကို လေးစားတန်ဘိုးထားကြောင်း ပြဖို့အနေနဲ့ လက်ဆောင်အဖြစ် နို့ဆီ နှစ်ဘူးကို သယ်ဆောင်လာခဲ့တယ်။ လမ်းကကြမ်းတမ်းလွန်းပြီး နို့ဆီဗူး အပိုတွေက သယ်ဆောင်
ရာမှာ လေးလံလွန်းမှာ ဖြစ်တဲ့အတွက်ကြောင့် ဘွန်ခမ်းအနေနဲ့ ဒီထက် ပိုမယူလာနိုင်ခဲ့ပါဘူး။

“ရွာထဲက လူတွေက ခင်ဗျားကို မှတ်မိပါ့မလား” ကျနော်မေးတော့
“ဘယ်သူမှ မှတ်မိမှာ မဟုတ်ဘူးဗျ၊ ဒါပေမယ့်ဦးကြီးအိမ်နေရာကို ကျနော်တိတိကျကျ မသိတော့လို့ ရွာထဲက လူတွေဆီမှာပဲ မေးမြန်းစုံစမ်းရမှာပဲ။”
ကျနော်တို့လည်း ဥယျာဉ်များ၊ သစ်သီးခြံများ ပေါများကြွယ်ဝမှုကို အံ့သြချီးကျူးရင်း ဟိုကြည့်၊ ဒီကြည့်နဲ့ ဆက်လျှောက်လာကြတယ်။ အဲဒီလိုနဲ့ ကျနော်တို့ရဲ့ ဘယ်ဘက်မှာရှိတဲ့ ဥယျာဉ်တခုကနေ စုံလင်လှတဲ့ ဟင်းသီးဟင်းရွက်အပြည့်နဲ့ ပလိုင်းကို ပိုးထားတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး ထွက်လာတယ်။

“နေကောင်းရဲ့လား ဒေါ်ဒေါ်၊ ဘယ်နားမှာ နေတာလဲခင်ဗျ။” ယဉ်ကျေးစွာနဲ့ ဘွန်ခမ်းက နှုတ်ဆက်ပြီး မေးတယ်။

“ဒီနားမှာပါပဲကွယ်” ကျနော်တို့က မျက်နှာစိမ်းတွေဖြစ်တာကြောင့် သံသယရှိပုံရတယ်။ တွန့်ဆုတ် တွန့်ဆုတ်နဲ့ ပြန်ဖြေတယ်။

“ကျနော်တို့က မြို့ပေါ်ကလာတာပါ။ ကျနော်ကို ဒီရွာမှာ မွေးခဲ့တာပါ။ ဒါပေမယ့် ကျနော် ရွာကနေ ထွက်သွားတာကတော့ နှစ်တော်တော်ကြာသွားပါပြီ။” ဘွန်ခမ်းက ရှင်းပြနေတယ်။ အမျိုးသမီးကြီးရဲ့ မယုံကြည်မှု ပျောက်ကွယ်စေဖို့ပေါ့။
“ဟုတ်လား။ အဒေါ်ကတော့ ဒီမှာ ကြီးသွားတဲ့ မင်းတို့အရွယ်ကလေးတွေကို မမှတ်မိတော့ပါဘူး
ကွယ်။ ဒါနဲ့ ဘယ်သူ့ရဲ့သား ၊ ဘယ်သူ့ရဲ့တူလဲ။”

ကျနော်တို့နာမည်တွေကို ပြောပြတော့ ဘွန်ခမ်းက သူ့မိဘများရဲ့ နာမည်တွေရော၊ သူ့ဦးကြီးရဲ့ နာမည်ကိုပါ ထည့်ပြီး ပြောလိုက်သေးတယ်။ ကိုယ်ဝန်ဆောင် အမျိုသမီးကြီးက သူ့ဦးကြီးကို ကောင်းကောင်းသိတယ်။ ရွာတောင်ပိုင်းမှာ နေတယ်လို့လည်းပြောတယ်။ သူကတော့ ရွာမြောက် ပိုင်းမှာနေတဲ့ “အမေကြီးပွန်း” (မယ့်ပွန်း-မယ့်ဆိုတာထိုင်းမှာ အမေကို ခေါ်တာပါ။ လောက ထိုင်းနဲ့ နီးတော့ လောမှာလည်း ဒီစကားက အမေကို ခေါ်တာဖြစ်နိုင်ပါတယ်။ ဘာသာပြန်သူ) ဖြစ်ကြောင်း လည်း မိတ်ဆက်ပါတယ်။ ဘွန်ခမ်းက ဒီနာမည်ကို မကြားခဲ့ဖူးကြောင်း အမူအရာပြတယ်။ ဒါပေမယ့် စကားပြောတဲ့အခါမှာတော့ သိခဲ့လေသယောင် ပုံစံမျိုးနဲ့ ပြန်ပြောခဲ့ပါတယ်။ “အမေပွန်း၊ ကျနော်တို့ ရွာရဲ့အခြေအနေကရော ဘယ်လိုလဲ” လို့မေးတော့

အမယ်ကြီးက ရွာသူရွာသားတွေ အားလုံး အဆင်ပြေချောမွေ့ကြောင်း ပြန်ဖြေတယ်။ “သူတို့အားလုံး လုံလုံလောက်လောက်စားနိုင်ကြပါတယ်။ တယောက်တည်း လုပ်စာနဲ့ တအိမ်လုံးထိုင်စားလို့ရတယ်။ အသီးအနှံတွေကတော့ အများကြီးရောင်းရပေမယ့် အမြတ်က အရမ်းနည်းလွန်းတယ်ကွယ့်။
ဘာလို့လဲဆိုတော့ လမ်းပန်းဆက်သွယ်ရေးက ခက်ခဲတာကိုး။” အဲဒီလိုပြောပြီး လမ်းညာဘက်မှာ
ရှိတဲ့ စပါးခင်းထဲကို ဆင်းသွားတယ်။ အိမ်က၀က်တွေအတွက် ၀က်စာကျိုဖို့ အပင်တွေ ခူးရဦး မယ်ဆိုပြီးတော့ ပြောသွားသေးတယ်။

ဘွန်ခမ်းက သူ့မှာပါလာတဲ့ နို့ဆီနှစ်ဗူးထဲက တဗူးကို ထုတ်ပြီး အမယ်ကြီးကို လှမ်းခေါ်တယ်။ “ခဏလေး ဒေါ်ဒေါ်၊ ဒီနို့ဆီဗူးလေးကို ယူသွားပါ” လို့ပြောပြီးပေးတော့
“နတ်ကောင်းနတ်မြတ်စောင်မပါစေ၊ ငါ့သားရယ်” ဆိုပြီး အမယ်ကြီး ဆုပေးတယ်။ ဆုပေးပြီးတော့ လမ်းခွဲထွက်ခွာသွားတယ်။

အလျင်ကလမ်းအတိုင်းပဲ ကျနော်တို့ဆက်လျှောက်လာကြတယ်။ ကျနော်ကတော့ ဘွန်ခမ်းရဲ့ ကြင်နာတတ်မှုကို ချီးကျူးနေမိတယ်။ သူ့ဦးလေးအတွက် ရည်ရွယ်ပြီး နို့ဆီနှစ်ဘူးကို ယူလာခဲ့
ပေမယ့် တဗူးကို လုံးဝမသိတဲ့ လူစိမ်းတဦးကို ပေးလိုက်တဲ့အတွက်ကြောင့်ပါ။

“ကျနော်တို့မိသားစုမှာ ဒါမျိုးလုပ်ဆောင်ဖို့အတွက် ကျနော်တို့ကို အမွေပေးခဲ့တာပါ။ အထူးသဖြင့် ကျနော့်ကိုပေါ့။” ဘွန်ခမ်းရဲ့ ပြန်ရှင်းပြတဲ့ စကားကြားရတော့ ကျနော့်မှာ ဂုဏ်ယူခြင်းရော၊ ၀မ်းမြောက်
မှုပါ နှစ်ခုစလုံး ခံစားရတယ်။ “ကျနော့်အမေက ဒီလိုအလုပ်မျိုး လုပ်ဖြစ်ဖို့ သွန်သင်ပေးခဲ့တာပါ။

ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးကို တွေ့တဲ့အချိန်မှာ ကျနော်တို့ဆီမှာ အစားအသောက်တခုခု ပါလာ ခဲ့တယ်ဆိုရင် သူ့အတွက် ခွဲဝေပေးသင့်တယ် ဆိုတာကိုပေါ့။ နည်းတာများတာက အကြောင်း မဟုတ်ဘူး။ ဘယ်လောက်ပဲ ဖြစ်ဖြစ် ခွဲဝေပေးရမယ်။ ဒါဟာ ကျနော်တို့ရဲ့ ထိန်းသိမ်းရတဲ့ ရိုးရာ အစဉ်အလာပဲ။ ဒီရွာက လူတော်တော်များများက ဒါကို လုပ်ကြတယ်။”

ဘွန်ခမ်းက ဆက်ပြောတယ်။ “အဖေက သူ့ကို အမေပြောခဲ့ဖူးတဲ့ ဇာတ်လမ်းတခု ပြန်ပြောပြဖူး
တယ်။ အမေကျနော်ကို ကိုယ်ဝန်ဆောင်ထားတဲ့အချိန်မှာပေါ့။ အမေက ရွာပြင်ထွက်ပြီး လမ်း လျှောက်ရတာကို ကြိုက်တယ်။ တရက်ကျတော့ လမ်းအတိုင်း အမေ လျှောက်နေတုန်း အမဲ လိုက်ရာက ပြန်လာတဲ့ ကျနော်တို့ရွာသား လေးငါးခြောက်ယောက်နဲ့ သွားဆုံတယ်။ သူတို့က သမင်တကောင်ရလာတယ်။ အရည်ခွံလည်း ခွာပြီးသား။ အမဲလိုက်သူတွေအကြား ခွဲဝေဖို့အတွက် ခုတ်ထစ်နေတုန်း။ ဒါနဲ့ အမေ့ကို မုဆိုးတွေက သမင်သားဝေစု အများနည်းတူ ခွဲဝေပေးတယ်။ ကျနော်တို့ရဲ့ ရိုးရာအစဉ်အလာအရ ဒါဟာ ကိုယ်ဝန်ဆောင်တယောက်ရဲ့ အခွင့်အရေးပဲ။ အများဆုံး ရတဲ့သူကတော့ သေနတ်ပိုင်ဆိုင်တဲ့ မုဆိုးပါပဲ။ သူက အခြားသူတွေထက် နှစ်ဆရတဲ့အပြင်
ခေါင်းရယ် ခြေလေးချောင်းရယ် အရေခွံရယ်ပါရတယ်။”

“အဲဒီညနေမှာပဲ ကျနော်မိသားစုဟာ ကြွယ်ဝခြင်းနဲ့ ကံကောင်းမှုအထိမ်းအမှတ်ဖြစ်တဲ့ သမင်သားကို စားကြတယ်။ နောက်နေ့မနက် အရုဏ်တက်ခါနီးမှာ အမေဟာ ယောင်္ကျားလေးတယောက်ကို မွေးပါလေရော။ အဲဒီယောင်္ကျားလေးက သူ့ရဲ့ဇာတိကို အခုလမ်းလျှောက်ပြီး ပြန်လာနေတဲ့ ကျနော် ပေါ့ဗျာ။”

ကျနော်တို့ အရမ်းကို စိတ်လှုပ်ရှားသွားကြတယ်။ စာနယ်ဇင်းသမားတဦးက “အဲဒီသမင်က ဘွန်ခမ်း ဆိုပြီး ပြန်ဝင်စားတာ ဖြစ်နိုင်တယ်” လို့ အရွှန်းဖောက်တော့
“ရွာသားတွေကတော့ အဲဒီလို ထင်ကြတာပဲ။ တကယ်လို့ အဲဒီသမင်ဟာ သေဆုံးပြီး နောက်သမင် တကောင်အဖြစ် ပြန်မွေးလာရင်လည်း ထပ်ပြီး အပစ်သတ်ခံရဦးမှာ သေချာသလောက်ပဲပေါ့။ ရွာသားတွေရဲ့ တဆင့်စကားကို ကျနော်ကြားရတာကတော့ ဒီဒေသက တောထဲမှာ သမင်တွေ မရှိသလောက်ဖြစ်သွားပြီ။”

“ဘယ်လောက်ဆိုးရွားလှတဲ့ ပျက်သုဉ်းမှုလဲ” ကျနော်အလန့်တကြားရေရွတ်မိတယ်။ ဘွန်ခမ်းက သူ့ဇာတ်လမ်းကို ဆက်ပြောတယ်။

“ကိုယ်ဝန်ဆောင်တဦးဟာ သူ့ခန္ဓာကိုယ်ထဲက သူ့ရင်သွေး အာဟာရ ဖြစ်ဖို့အတွက် အစားအသောက် ကို ပုံစံတကျ လုံလုံလောက်လောက် စားဖို့လိုပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တဦးဟာ အစားအစာ ပါလာတဲ့ တစုံတဦးကို ဆုံမိရင် ဆင်တကောင်လုံးကိုတောင်မှ စားပစ်နိုင်သလိုမျိုး အလွန်အမင်း ဆာလောင်လာတယ်။ ကိုယ်ဝန်ဆောင်တဦးက ကျနော့်ကို ဒါနဲ့ပတ်သက်ပြီး ပြောခဲ့ဘူးသေးတယ်။

တစုံတယောက်က သူ့ကို အစားအသောက်ရှိရက်နဲ့ မခွဲဝေပေးဘူးဆိုရင် အဲဒီလူကို ဘယ်တော့မှ မမေ့တော့ဘူး။ သူ့အပေါ် ကြင်နာမှု မရှိတဲ့သူဆိုပြီး အဲဒီလူအပေါ် ခါးခါးသီးသီးဖြစ်မှုက ရှိနေ
လိမ့်မယ်။ ကျနော့်အဖေအပြောအရ အမေဟာ အပစ်သတ်ခံခဲ့ရတဲ့ သမင်အတွက် အလွန့်ကို စိတ်မကောင်းဖြစ်ခဲ့တယ်တဲ့။ သူကိုယ်တိုင်လည်း နောက်ပိုင်းသမင်သားကို ဘယ်တော့မှ မစားတော့ဘူး။

ဒါပေမယ့် သူရတဲ့ ဝေစုကိုတော့ အိမ်သားတွေအတွက် ယူလာလေ့ရှိတယ်။ ဒါမှသာ အသားစားဖို့ အခွင့်အလမ်း အိမ်သားတွေရမှာကိုး။ ကျနော့်ကို မွေးပြီးတော့ အမေဟာ အရမ်းကို ကျနော့်ကို ချစ်တယ်။ ကြင်နာတယ်။ ဒါပေမယ့် အမေဟာ သူ့အချစ်ဆုံးသားတယောက် လူလားမြောက်ပြီး ပျော်ရွှင်နေတဲ့ မျက်နှာကိုတော့ တွေ့မြင်ရဖို့ အခွင့်အလမ်း ဘယ်တော့မှ မရတော့ပါဘူး။ ကျနော့်ကို ဘွန်ခမ်းလို့ အမည်ပေးခဲ့ပေမယ့် အမေကတော့ “ငါ့အချစ်ဆုံးလေး” ဒါမှမဟုတ်ရင် “မေမေ့ အချစ်ရ ဆုံးလေး” လို့ ခေါ်ရတာကိုပဲ နှစ်ခြိုက်တယ်။”

အဲဒီအချိန်မှာ ကျနော်တို့ဟာ ရွာထဲဝင်တဲ့ ဂိတ်တံခါးအနားကို ရောက်နေပါပြီ။ လမ်းကတော့ ကြမ်းလွန်းလှပါတယ်။ ဘွန်ခမ်းရဲ့ ဇာတ်လမ်းကို နားထောင်ပြီး ခုနက ကိုယ်ဝန်နဲ့ အမယ်ကြီး ထွက်သွားရာဘက်ကို နောက်ပြန်လှည့်ကြည့်မိတော့ လယ်ကွင်းထဲမှာ သူရဲ့ပုံရိပ်က ပျောက်ကွယ် လုဆဲဆဲ။ ဒါပေမယ့် ကျနော်မှတ်ဥာဏ်ထဲမှာတော့ သူဟာ စွဲထင်ကျန်ရစ်ခဲ့ပါတယ်။ ဒီကမ္ဘာထဲကို ၀င်ရောက်လာမယ့် အလွန်သေးငယ်လှတဲ့ လူသားတဦးအတွက် ကူညီဖို့ ခွဲဝေပေးရမယ့် တာဝန် ရှိတယ်ဆိုတဲ့ အသိတခုကို ပထမဆုံးအကြိမ်အဖြစ် ကျနော် ခံစားခဲ့ရတယ်။

လောစာရေးဆရာ Outhine Bounyavong ရဲ့ Mother beloved ကို ပြန်ဆိုပါတယ်။

Read More...

 
/* EOT ----------------------------------------- */