Sunday, 5 July 2009

မလွတ်လပ်ရေးနေ့အကြောင်း

ဂါမဏိ (၃-၁-၀၇)
ခေတ်ပြိုင်...မှ

ကျနော် ကလေးဘ၀ သိတတ်စအချိန်တွင် လွတ်လပ်ရေးနေ့ကို စတင်တွေ့ထိခဲ့ရပါသည်။ မုန့်စားပြေးပြိုင်ပွဲ၊ ဂုန်အိပ်စွပ်ပြေးပြိုင်ပွဲများကို
ဝင်ရောက်ယှဉ်ပြိုင်ကစားရသည်၊ ကျနော့်ထက်ကြီးသော ကိုကို၊ မမတို့ကတော့ ရေအိုးရွက်ပြေးပြိုင်ပွဲ၊ မျက်စိအ၀တ်စည်း သံပုံးရိုက်ပြိုင်ပွဲ စသည်တို့ကို ဆင်နွှဲရပါသည်၊ ကျနော်လည်း ကိုကိုတို့ အရွယ်ရောက်သောအခါ ထိုကစားပွဲများ၌ ရယ်မောပျော်ရွှင် ပါဝင်ခွင့် ရလာပါသည်။ အစ်ကိုကြီးများ၊ ဦးလေးများက တော့ ချောတိုင်တက်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲများ ကို တပျော်တပါး ဆင်နွှဲကြပါသည်။

ဇန်န၀ါရီ (၄) ရက် လွတ်လပ်ရေးနေ့ဆိုသည်မှာ ကစားနည်းမျိုးစုံကစားရ၊ မုန့်မျိုးစုံစားရပြီး လွတ်လပ်စွာရယ်မော ပျော်ရွှင်သော နေ့တနေ့အဖြစ်သာ စွဲမှတ်ခဲ့မိပါသည်၊ ထိုရက်ကို လွန်မြောက်သွားသောအခါ ကလေးတို့ထုံးစံအတိုင်း အခြားအရေးကြီး သို့မဟုတ် ဦးစားပေး ကစားခုန်စားမှုများတွင် နစ်မျောသွားခဲ့ပြန်ပါသည်။ ထို့အပြင် စိတ်ညပစ်စရာကောင်းလှသော စားသင်ရခြင်းနှင့် စာကျက်ရခြင်းတို့ကိုလည်း မပျော်ရွှင်စွာ ဖြတ်သန်းရပါသေးသည်၊ အဆော့လွန်၍ မိဘများ၏ ဆဲဆိုငေါက်ငန်းမှုမှသည် ရိုက်နှက်ကန်ကျောက်မှုအဆုံး မျက်ရည်နှင့် ရင်ဆိုင်ရခြင်းမှာလည်း မဆန်းလှ။ စင်စစ် ကလေးဘ၀သည် သီချင်းထဲကလို လုံးဝအပူအပင်ကင်းတဲ့ဘ၀တော့ မဟုတ်ဟု ယူဆမိပါသည်။

ဤသို့ဖြင့် လွတ်လပ်ရေးနေ့များကို နှစ်စဉ်နှစ်စဉ် ဖြတ်သန်းလာရင်း ထိုတနှစ် တနှစ်စီ၌ မလွတ်လပ်သောနေ့များ ကလည်း အမှတ်ထင်ထင်ဖြစ်လာခဲ့ပါသည်၊ ထိုမှသည် လက်တွေ့လူမှုစီးပွားနယ်ပယ်၌ ကူးခတ်နေရသော ဘ၀များနှင့် တရွေ့ရွေ့ နီးကပ်ယှက်ဖြတ်လာရသလို ရှောင်လွှဲမရသော အထွေထွေသုတအသိပညာတို့ကလည်း ကျနော်၏အတွေးအခေါ်များအပေါ် အရိပ်ထိုးလာခဲ့ပါသည်။

စစ်အာဏာရှင်စနစ်အောက် စီးပွားရေးအဆိုးဆုံးသံသရာတွင်းမှ မိဘများ၏မွန်းကြပ်မှု၊ ရပ်ရွာ
ပတ်ဝန်းကျင်မှ ဆွေမျိုးများ၊ မိတ်ဆွေအပေါင်းအသင်းများ၊ အသိအကျွမ်းအရပ်သားများတို့၏ မောဟိုက်မှုများသည် ကလေးဘ၀မှ မလွတ်လပ်ရေးနေ့များကို အရည်အချင်းအရလည်းကောင်း၊ အရေအတွက်အရလည်းကောင်း ပြောင်းလဲ အရောင်ဆိုးပစ်လိုက်ပါသည်။

ဇန်န၀ါရီ (၄) ရက် လွတ်လပ်ရေးနေ့၏ အရိပ်ကို ကျနော့်နှလုံးသားထဲမှ အပြီးအပိုင် ပျောက်ကွယ်သွားစေခဲ့သော (ကျနော့်အတွက်) ပထမဆုံး မလွတ်လပ်ရေးနေ့မှာ ၁၉၇၄ ဇွန် (၆) ရက်နေ့ဖြစ်ပါသည်။ ဆင်းရဲပင်ပန်းစွာ ခွန်အားစိုက်ထုတ် အလုပ်လုပ်ရသော အလုပ်သမားကြီးများ စားစရာမရှိ၍ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုသည်ကို အစုလိုက်အပြုံလိုက် ပစ်သတ်လိုက်ခြင်းအား ကျနော်ကြုံတွေ့ရသည့်အခါ ကျနော့်ဘ၀၌ လွတ်လပ်ရေးနေ့ ပျောက်ဆုံးသွားပါတော့သည်၊ ဇန်န၀ါရီ (၄) ရက်နေ့သည် မလွတ်လပ်သော လွတ်လပ်ရေးနေ့ ဖြစ်သွားရပါသည်။

ထိုမှတဖန် နောက်ခြောက်လအကြာ ၁၉၇၄ ဒီဇင်ဘာ (၁၁) ရက်တွင် ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာ ဦးသန့်၏ဈာပနကို ငြိမ်းချမ်းစွာစုဝေးလျက် စီစဉ်ခင်းကျင်းနေသော ကျောင်းသားများ၊ သံဃာတော်များနှင့် ပြည်သူလူထုများအား အကြမ်းဖက်တိုက်ခိုက်ပြီး ထောင်သွင်းအကျဉ်းချ၊ ပစ်ခတ်သတ်ဖြတ်ပြန်သောအခါ ကျနော့်အတွက် ဒုတိယမြောက် မလွတ်လပ်ရေးနေ့ကို တွေ့ရှိခဲ့ရပြန်သည်။ ဤသို့ဖြင့် နောက်ထပ်ခြောက်လအကြာ ၁၉၇၅ ဇွန် (၁၁) ရက်နေ့သည်လည်းကောင်း၊ ၁၉၇၆ ခု မတ်လ (၂၃) ရက်သည်လည်းကောင်း နောက်ထပ်နောက်ထပ် မလွတ်လပ်ရေးနေ့များဖြစ်ခဲ့ရပါသည်၊
စင်စစ်အားဖြင့် ကျနော်တဦးတည်းအနေဖြင့် မစဉ်းစားမခံစားဘဲ မြန်မာနိုင်ငံလူ့အဖွဲ့အစည်းအရ ကြည့်လျှင်မူ ၁၉၆၂ ခု မတ်လ (၂) ရက်နေ့သည် ပထမဦးဆုံးသော မူလလက်ဟောင်း မလွတ်လပ်ရေးနေ့ဖြစ်သည်ကို နောက်ပိုင်းတွင် ကျနော်သိလာခဲ့ရပါသည်။ တနည်းအားဖြင့် ဘ၀များနှင့် ဆက်နွယ်ပြီး လောကအမြင်များ ရရှိလာသလို ထိုဘ၀များကို ထင်ဟပ်နေသည့် စာပေ၊ စာနယ်ဇင်းတို့မှလည်း လောကအသိတရားများ ရရှိလာခဲ့ပါသည်။

၁၉၇၄ ဇွန် (၆) ရက်၊ ၁၉၇၄ ဒီဇင်ဘာ (၁၁) ရက်၊ ၁၉၇၅ ဇွန် (၁၁) ရက်၊ ၁၉၇၆ မတ် (၂၃) ရက်တို့သည် ၁၉၆၂ မတ်လ (၂) ရက်နေ့မှစတင်ခဲ့သော မလွတ်လပ်ရေးနေ့ရှည်ကြီးအတွင်းမှ ၁၉၆၂ ခု ဇူလိုင် (၇) ရက်လို မလွတ်လပ်ရေးနေ့၊ ကစားခုန်စားပွဲများသာ ဖြစ်နေသည်ကို တုန်လှုပ်ချောက်ချားစွာ တွေ့ရှိသွားမိပါသည်။ ဤသို့ဖြင့် ၁၉၈၈ ခု မတ်လ (၁၃) ရက်သည်လည်းကောင်း၊ ၁၉၈၈ ခု ဇွန်လ (၂၁) ရက်သည်လည်းကောင်း၊ ၁၉၈၈ သြဂုတ် (၈) ရက်သည်လည်းကောင်း၊ မလွတ်လပ်ရေးနေ့ မပျော်ပွဲမရွှင်ပွဲများ အထူးဝှဲချီးကျင်းပရာကာလများ ဖြစ်သွားပါတော့သည်။

၁၉၈၈ ခု သြဂုတ် (၁၂) ရက် ဖက်ဆစ်လက်ရုံး လူသတ်သမ္မတ ရာထူးကျပြီးနောက် သြဂုတ် (၂၆) ရက် ရွှေတိဂုံ အနောက်မုခ်၌ ဒေါ်အောင်ဆန်းစုကြည် ထူထုရင်ထဲသို့ လွတ်လပ်ရေးပန်း မျိုးစေ့ချလိုက်သည့်အခါ ပျောက်ဆုံးနေခဲ့သော လွတ်လပ်ရေးနေ့၏ ရနံ့များကို ဝေ့ခနဲ ရှူလိုက်ရပါသည်၊ သို့သော် လွပ်လပ်ရေးနေ့၏ ရနံ့မွှေးမြမြလေးမှာ တလမကြာမီ လွင့်ပြယ်သွားခဲ့သည်။ ၁၉၈၈ ခု စက်တင်ဘာ (၁၈) ရက်သည် ရိုင်းစိုင်းညစ်ထေးလှသော မလွတ်လပ်ရေးနေ့သစ်အဖြစ် ယမ်းငွေ့ တလူလူလွင့်ကာ မပျော်ပွဲမရွှင်ပွဲ အကြီးအကျယ်ပွဲခံခဲ့ပါသည်။

မလွတ်လပ်ရေးနေ့သည် ၁၉၆၂ ခု မတ်လ (၂) ရက် သို့မဟုတ် ၁၉၈၈ ခု စက်တင်ဘာ (၁၈) ရက်တို့တွင်သာ မြစ်ဖျားခံခဲ့သည်မဟုတ်ပါ။ မြန်မာပြည်ဖွားတိုင်းရင်းသားလူမျိုးစုများအတွက် သီးသန့်မလွတ်လပ်ရေးနေ့များ စောစွာကတည်းက ရှိခဲ့သည်ကို ကြည့်သောသူ မြင်တွေ့သိမှတ်လာရပါသည်။

၁၇၅၇ ခု မေလ (၆) ရက်သည် မွန်အမျိုးသားတို့၏ လွတ်လပ်သော ဟံသာဝတီနိုင်ငံကို မုဆိုးဘိုရွာသူကြီး တဖြစ်လဲ ရွှေဘိုဘုရင် ဦးအောင်ဇေယျက သိမ်းပိုက်ဖျက်ဆီးလိုက်သော မလွတ်လပ်ရေးနေ့ တနေ့ဖြစ်ပါသည်။ မွန်တို့မှာ ၁၇၄၀ ခုနှစ်စ၍ အင်းဝဘုရင် မဟာဓမ္မရာဇာဓိပတိကို စတင်တော်လှန်ခဲ့သော်လည်း ၁၇၅၁ ခုနှစ်ကျမှ လွတ်လပ်သော တတိယမွန်နိုင်ငံ ပြန်လည်ထူထောင်နိုင်ခဲ့သည်ဖြစ်၍ လွတ်လပ်ရေးနေ့ကို (၆) နှစ်သာ ခံစားလိုက်ရပါသည်။ သည့်အရင်ကမူ ၁၀၅၇ ခု အနော်ရထာဘုရင် သထုံမသိမ်းမီ ပထမမွန်နိုင်ငံ နှစ်ပေါင်း (၅၀၀) ခန့်၊ ပုဂံပျက်ပြီးနောက်ပိုင်း ၀ါရီရူမင်း၏ အဆက်အနွယ်များ ယိုးဒယားမင်းသြဇာခံဘ၀မှ ရုန်းထွက်နိုင်ခဲ့သည့် ၁၃၄၀ ခုနှစ်နှင့် တောင်ငူဘုရင်တပင်ရွှေထီး ဟံသာဝတီသိမ်းသည့် ၁၅၃၆ ခုကြား ဒုတိယမွန်နိုင်ငံ နှစ်ပေါင်း (၂၀၀) နီးပါး စသည်ဖြင့် လွတ်လပ်ရေးနေ့များကို ခံစားခဲ့ရပါသည်။ ပထမဦးဆုံးသော မွန်လွတ်လပ်ရေးတိုက်ပွဲဖြစ်သည့် ၁၀၈၃ ခု ငရမန်ကန်း၏တော်လှန်ရေးကို ကျန်စစ်သားက ချေမှုန်းပစ်ခဲ့သလို နောက်ဆုံး မွန်လွတ်လပ်ရေးတိုက်ပွဲဖြစ်သည့် ၁၈၂၇ ခုနှစ်ဆန်း သမိန်ဗရူးခေါင်းဆောင်သော မွန်နှင့်ကရင်တို့၏ တော်လှန်ရေးကိုလည်း ဘကြီးတော်မင်းက နှိမ်နင်းပစ်ခဲ့ပါသည်။

အလောင်းဘုရားခေါ် ဦးအောင်ဇေယျနှင့် ဗမာအမျိုးသားတို့မှာ ၁၇၅၂ ခု မတ်လ (၁၁) ရက်တွင် အင်းဝဘုရင် မဟာဓမ္မရာဇာဓိပတိအား ဟံသာဝတီနိုင်ငံက လက်ရဖမ်းဆီးပြီး အင်းဝတနိုင်ငံလုံးကို သိမ်းပိုက်လိုက်ချိန်မှ ၁၇၅၄ ခု ဇန်န၀ါရီ (၃) ရက်တွင် အင်းဝမြို့တော်ကို မွန်တို့လက်လွှတ်လိုက်ရချိန်အထိ မလွတ်လပ်ရေးနေ့ကို ခံစားခဲ့ရသည်။ ယင်း၏အကျိုးဆက်အဖြစ် ဦးအောင်ဇေယျက မွန်အမျိုးသားတို့ကို ၁၇၅၇ ခု၌ မလွတ်လပ်ရေးနေ့ တန်ပြန်သက်ရောက်စေခဲ့ပါသည်။ သို့ရာတွင် လူမျိုးရေးအရ လက်စားချေသန့်စင်ပစ်မှုကြောင့် မွန်အမျိုးသားတို့ ခံစားရသော မလွတ်လပ်ရေးနေ့မှာ ပို၍ပြင်းထန်ခါးသီးခဲ့ပါသည်။ တချိန်က မွန်အမျိုးသားတို့ ပျံ့နှံ့ပွားစီးရာ အောက်မြန်မာပြည် မြစ်ဝကျွန်းပေါ်ဒေသကြီးတခုလုံးတွင် မွန်များ ပြောင်တလင်းခါသွားခဲ့ပါသည်။

၁၇၈၄ ခု ဒီဇင်ဘာ (၂၈) ရက်မှာမူ ရခိုင်အမျိုးသားတို့၏ မလွတ်လပ်ရေးနေ့ဖြစ်ခဲ့ပါသည်။ ယင်းနေ့တွင် အင်းဝဘုရင် ဘိုးတော်ဘုရားခေါ် မောင်ဝိုင်းက လွတ်လပ်သော မြောက်ဦးနိုင်ငံကို သိမ်းပိုက်ခဲ့ပါသည်။ ယခင်က ပုဂံမင်း၊ အင်းဝမင်း ဟံသာဝတီမင်းတို့ထံ လွတ်လပ်ရေးဆုံးရှုံးခဲ့ရခြင်းများ ရှိသော်လည်း ယခုနောက်ပိုင်းအကြိမ်လို ကြာရှည်ခြင်းမရှိခဲ့။

ရှမ်းတို့၏ မလွတ်လပ်ရေးမှာမူ ၁၅၅၈ ခုကပင် စတင်ခဲ့ပါသည်။ ယင်းနှစ်တွင် တောင်ငူ-ဟံသာဝတီဘုရင် ဘုရင့်နောင်က ယခုအထက်မြန်မာနိုင်ငံနှင့် ရှမ်းပြည်နယ်ရှိ လွတ်လပ်သော ရှမ်းစော်ဘွားနယ်အားလုံးကို အပြီးအပိုင် သိမ်းပိုက်လိုက်ခြင်းဖြင့် ရှမ်းတို့၏မလွတ်လပ်ရေးနေ့များ စတင်ခဲ့ပါသည်။ သည့်အရင်က ရှမ်းတို့သည် ၁၄၅၀ ခုအထိ ရွှေလီကို ဗဟိုပြုသော လွတ်လပ်သည့် မောရှမ်း ဘုရင့်နိုင်ငံကြီးကို တည်ထောင်စိုးစံခဲ့ဖူးပါသည်။ ထိုမျှမက ပုဂံပြည်ကို မွန်ဂိုတို့ သိမ်းပိုက်ဖျက်ဆီးပြီးနောက် ရှမ်းတို့က လွတ်လပ်သော အင်းဝနိုင်ငံ ထူထောင်ခဲ့ရာ ၁၅၅၅ ခု အင်းဝကို တောင်ငူဘုရင် တပင်ရွှေထီး သိမ်းပိုက်သည့်အချိန်ထိ ရှမ်းမင်းများ၊ ဗမာမင်းများ သို့မဟုတ် ရှမ်းဗမာကပြားမင်းများက ရှမ်း-ဗမာပူးတွဲနိုင်ငံဖြစ်သော အင်းဝထီးနန်းကို အုပ်စိုးခဲ့ကြပါသည်။

ကရင်နီတို့၏ မလွတ်လပ်ရေးနေ့မှာ ၁၉၄၈ ခု သြဂုတ်လ (၉) ရက်ဖြစ်ပါသည်၊ ၁၈၇၅ ခု အင်္ဂလိပ်-မြန်မာ စာချုပ်အရ အနောက်ပိုင်းတခြမ်း လွတ်လပ်ရေးရထားသော ကရင်နီပြည်ကို ဖဆပလဦးနု၏တပ်များက ထိုနေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်သဖြင့် မလွတ်လပ်သွားခြင်းဖြစ်ပါသည်။

လက်နက်အားကိုး စုစည်းထားသော ရှေးဟောင်းမြန်မာနိုင်ငံအဖို့ ကမ္ဘာ့နယ်ချဲ့စနစ်ဟူသော ပထမဂလိုဘယ်လိုက်ဇေးရှင်းနှင့် ကြုံရသည့်အခါ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းရှိ တိုင်းရင်းသားလူမျိုးအားလုံးအတွက် မလွတ်လပ်ရေးနေ့များပေါင်းဆုံသွားခဲ့ပါသည်။ ရန္တပိုစာချုပ် ချုပ်ပြီး ပထမအင်္ဂလိပ်-မြန်မာစစ် အဆုံးသတ်သွားသော ၁၈၂၆ ခု ဖေဖေါ်ဝါရီ (၂၄) ရက်သည်လည်းကောင်း၊ ဒုတိယစစ်အပြီး အောက်မြန်မာနိုင်ငံကို ဗြိတိသျှသိမ်းပိုက်ကြောင်း ကြေညာသည့် ၁၈၅၂ ခု ဒီဇင်ဘာ (၁၇) ရက်သည်လည်းကောင်း၊ တတိယစစ်အပြီး မြန်မာ့အချုပ်အခြာပြယုဂ် သီပေါမင်း ပါတော်မူသည့် ၁၈၈၅ ခု နိုဝင်ဘာ (၂၉) ရက်သည် လည်းကောင်း၊ တတိယစစ်အပြီး မြန်မာ့အချုပ်အခြာ၏ပြယုဂ် သီပေါမင်း ပါတော်မူသည့် ၁၈၈၅ ခု
နိုဝင်ဘာ (၂၉) ရက်သည်လည်းကောင်း၊ မြန်မာတနိုင်ငံလုံးအား ဗြိတိသျှအင်ပါယာတွင်း
တရားဝင်သွတ်သွင်းလိုက်သည့် ၁၈၈၆ ခု ဇန်န၀ါရီ (၁) ရက်နေ့သည်လည်းကောင်း ထပ်ဆင့်မလွတ်လပ်ရေးနေ့များ ဖြစ်ခဲ့ပါသည်။

ဤသို့သော မလွတ်လပ်ရေးနေ့များသည် ၁၉၄၇ ခု ဖေဖေါ်ဝါရီ (၁၂) ရက်၌ တခုတည်းသော လွတ်လပ်ရေးနေ့အဖြစ်သို့ လှပစွာ ပေါင်းစည်းသွားနိုင်မည့် အခွင့်အလမ်း ရရှိခဲ့ပါသည်။ အမြော်အမြင်ကြီးမားပြီး စိတ်ရင်းစေတနာ ပြည့်ဝလှသော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် အလားတူ ဉာဏ်ပညာကြီးမားသော တိုင်းရင်းသားခေါင်းဆောင်တို့နှင့်အတူ၊ ပင်လုံစာချုပ်အားဖြင့် မြန်မာပြည်ဖွား တိုင်းရင်းသားအားလုံးအတွက် လွတ်လပ်ရေးနေ့ကို ဆောင်ကြဉ်းနိုင်ရန် လုံ့လစိုက်ထုတ်ခဲ့ပါသည်။

သို့ရာတွင် ယင်းတိုင်းရင်းသားအားလုံး၏ လွတ်လပ်ရေးနေ့အလင်းစသည် ဗိုလ်ချုပ်ကျဆုံးခြင်းနှင့်အတူ ပိတ်ဖုံးသွားခဲ့ရပါသည်။ ၁၉၄၈ ခု ဇန်န၀ါရီ (၄) ရက် လွတ်လပ်ရေးနေ့သည် အနော်ရထာ-ကျန်စစ်သား၊ တပင်ရွှေထီး-ဘုရင့်နောင်၊ ဦးအောင်ဇေယျ-ဘိုးတော်မောင်ဝိုင်းတို့၏ မျိုးဆက်သစ် ဖဆပလ-ဆိုရှယ်လစ်ခေါင်းဆောင်များက တိုင်းရင်းသားတို့အပေါ် မလွတ်လပ်ရေးပေးသောနေ့ ဖြစ်သွားခဲ့ပါသည်။ တိုင်းရင်းသားလူမျိုးစုများသာမကဘဲ ကျောမွဲနင်းပြားလူတန်းစားများအတွက်လည်း မလွတ်လပ်ရေးနေ့ဖြစ်နေခဲ့ရပါသည်။

ဤမလွတ်လပ်ရေးနေ့များသည် ၁၉၆၂ ခု မတ်လ (၂) ရက်တွင် အဆင့်သစ်တခုဆီ ပေါင်းဆုံတိုးတက်သွားခဲ့သည်။ လက်တဆုပ်စာ စစ်အုပ်စုမှအပဖြစ်သော လူမျိုးအားလုံး၊ လူ့အလွှာအားလုံး၊ လူတန်းစားအားလုံး၏ မလွတ်လပ်ရေးနေ့များသည် ၁၉၈၈ ခု စက်တင်ဘာ (၁၈) ရက်တွင် နောက်ထပ်တဖန် တဆင့်မြင့်ပေါင်းစည်းသွားခဲ့ပြီး၊ ၁၉၉၀ မေ (၂၇) ရက်နေ့တွင်မူ မလွတ်လပ်ရေးနေ့အောက်မှ ပျော်ပွဲရွှင်ပွဲကို ထူးထူးခြားခြားကျင်းပနိုင်ခဲ့ပါသည်။ သို့ရာတွင် ထုံးစံအတိုင်း ဤပျော်ပွဲရွှင်ပွဲသည် မကြာမီခဏတိုအတွင်း မပျော်မရွှင်ပွဲအဖြစ်သို့၊ မလွတ်လပ်ရေးနေ့စစ်စစ် အဖြစ်သို့ ကြေကွဲနာကျင်စွာပြောင်းလဲသွားရပါသည်။

ကျနော်တို့အားလုံး၏ မလွတ်လပ်ရေးနေ့များကို သာယာပျော်ရွှင်ဖွယ်ကောင်းသော၊ တခုတည်းသော လွတ်လပ်ရေးနေ့အဖြစ် တပျော်တပါးဝိုင်းဖွဲ့ဆင်နွှဲ ခံစားနိုင်ဖို့ အားလုံးမှာ အိပ်မက်များရှိနေပါသည်။ ။

No comments:

 
/* EOT ----------------------------------------- */