Sunday 5 July 2009

နုမှည့်

ကမာပုလဲ (၂-၃-၀၇)
ခေတ်ပြိုင်...မှ

သစ်သီးကလေးတလုံး ကြွေကျလာသည်။ မြေကမ္ဘာ ပေါ်သို့ သစ်သီးကလေးတလုံး ကြွေကျလာသည်။ နောက်ထပ် သစ်သီးကလေးတလုံး ကြွေကျလာသည်။ မြေကမ္ဘာပေါ်သို့ သစ်သီးကလေးတလုံး ကြွေကျ လာပြန်သည်။ နောက်ထပ် …… ပြီးတော့ နောက်ထပ် … မြေကမ္ဘာပေါ်သို့ သစ်သီးကလေးတွေ ကြွေနေကြသည်။
သစ်သီးတို့ ရင့်မှည့်လာလျှင် မိခင်ပင်စည်မှဖြစ်စေ၊

ရိုးတံညှာမှဖြစ်စေ စွန့်ခွာကြွေသက်ရသည်မှာ လောကဓမ္မတာပင်ဖြစ်သည်။ ဆွဲငင်အားရှိသော မြေကမ္ဘာပေါ်သို့ ရင့်မှည့်သစ်သီးတို့ ကြွေကျဆင်းသက် လျက်ရှိသည်။ သစ်သီးကလေးတို့၏မိခင်သည် သစ်ပင်ဖြစ်လျှင် သစ်ပင်၏မိခင်သည် ကမ္ဘာမြေဖြစ်သည်။ ပင်စည်၊ ရိုးတံ၊ အရွက်၊ အပွင့် အသီးတို့၏ အမေသည် မြေကမ္ဘာပင်ဖြစ်သည်။ ရင့်မှည့်ကုန်ကြသော သစ်သီးကလေးတွေ မိခင်မြေကမ္ဘာပေါ် ကြွေနေကြသည်။

ဟာလာဟင်းလင်းဖြစ်နေသော၊ ဗလာဖြစ်နေသော၊ အရောင်မဲ့နေသော ပိတ်ကား သို့မဟုတ် ကင်းဗတ်စပေါ်သို့ ပန်းချီဆရာ၏ဆေးစက်တစက်၊ စုတ်ချက်တချက် ကျလာသကဲ့သို့ မြေကမ္ဘာပေါ်သို့ သစ်သီးကလေးတလုံး ကြွေကျလာသည်။ နို့နှစ်ရောင်ခလုပ်ကလေးများပေါ်သို့ တို့ထိလိုက်သော စန္ဒယားဆရာ၏ လက်ချောင်းများမှ ပေါ်ထွက်လာသည့် ဂီတသံကလေးပမာ သစ်သီးကလေးတလုံး ကမ္ဘာမြေပေါ်သို့ ကြွေကျလာသည်။

ကြွေသောသစ်သီးကလေးများမှ အမြုတေသစ်စေ့ကလေးများကို မိခင်မြေကမ္ဘာက သူ့ရင်ထဲထည့်၍ လက်ခံ သိုမှီးလိုက်သည်။ မကြာမီ သစ်စေ့ကလေးသည် စိမ်းမြနုကြွသောအဆင်းသို့ ပြောင်းလဲခြင်း ဖြစ်စဉ်အရ သစ်ပင်တပင်အဖြစ် မွေးဖွားဖြစ်တည်ရှင်သန် ထိုမှတဖန် အခက်အလက်၊ အရိုးအရွက်၊ အငုံ၊ အပွင့်၊ အသီး အဆင့်ဆင့်ဖြစ်တည်ကာ ရင့်မှည့်လာကုန်သော သစ်သီးတို့ မိခင်မြေကမ္ဘာပေါ် ကြွေကျသက်ဆင်းကြပြန်သည်။

ငယ်ဘ၀ အမေ့အိမ်၏ ပုဏ္ဍရိပ်စည်းရိုးကလေးအတွင်း မာလကာပင်ကလေးတပင်ရှိခဲ့သည်။ မာလကာပင်ကလေးသည် ကျနော်တို့ ကလေးများအဖို့ ဆော့ကစားဘက်၊ အရိပ်ခိုသောနေရာ၊ အသီးစားရသော အဆွေခင်ပွန်းအဖြစ် နှစ်ကာလများကို ရင်းနှီးခင်မင်ဖြတ်သန်းခဲ့ကြသည်။ တခါတလေ အမေသည် မာလကာ ရွက်နုကလေးများကို ခူးဆွတ်ကာ လက်ချောင်းဖြင့်ပွတ်ချေရင်း ရှူနေတတ်သည်ကို တွေ့မြင်ခဲ့ဖူးသည်။

မူးမူးမော်မော်ဖြစ်လျှင် အမေသည် မာလကာရွက်နုများကို ခူး၍ရှူတတ်သည်။ ကျနော်တို့ကလေးများ ကလည်း အတုခိုးကာ မာလကာရွက်နုကလေးများကို လူကြီးများအလစ်တွင် ခိုး၍ရှူကြသည်။ အနံ့မှာ မွှေးမြမြ၊ အသီးကိုမူ သွားရေစာအဖြစ် ခူးဆွတ်စားကြသည်။ အမေနှင့်လူကြီးများက ကျနော်တို့ မာလကာသီး ခူးစားနေသည်ကို တွေ့လျှင် အသီးများကို လက်နှင့်ဆိတ်ကြည့်သည်။ ပွသောအသီး (သို့မဟုတ်) မှည့်သောအသီးဖြစ်နေမှ စားခိုင်းသည်။ စား၍မသင့်သော အသီးနုနုများဆိုလျှင် မစားသင့်ကြောင်း၊ ရင်ကြပ်တတ်ကြောင်းပြော၍ လွှင့်ပစ်သည်။ တကြိမ်တွင် လူကြီးများမသိအောင် ငတ်ငတ်နှင့် မာလကာသီးနုနုများကိုခိုးပြီး ခူးစားမိသည်။ အအေးဓာတ် ၀င်လာသော ညအချိန်တွင် ချောင်းတဟွတ်ဟွတ်ဆိုးကာ ရင်ကြပ်တော့သည်။ တညလုံးအိပ်မရ။ အမေက ဆူသည်။ နောက်တော့ မာလကာသီးနုနုများကို မစားရဲတော့၊ တခါတည်းမှတ်သွားသည်။ တနေ့တွင် မာလကာသီးတလုံးကို အမှည့်ထင်၍ ခူးလိုက်သည်။ အရောင်က ၀ါဖန့်ဖန့်နှင့် အခွံမှာပျော့နေသည်။ ထို့ကြောင့် မှည့်ပြီ အထင်နှင့် စားမိလိုက်သည်။ ပထမတကိုက်တွင် ဘာမှအရသာမရှိ။ ချိုဖို့ဆိုသည်ကား ဝေလာဝေး။ အမေ့ကိုသွားပြတော့ မစားသင့်ကြောင်းပြောကာ လွှင့်ပစ်လိုက်သည်။ ဘာလို့မစားသင့်ကြောင်း အမေးအမြန်းထူသောအခါ အမေက “မှတ်ထား… အဲဒါ နုမှည့်လို့ခေါ်တယ်။ အရသာမရှိဘူး။ စားရင် အန္တရာယ်ဖြစ်တတ်တယ်” ဟုပြောသည်။ ထိုစဉ်က နုမှည့်ဆိုသည်ကို ကျနော်အသေအချာ နားမလည်နိုင်ခဲ့ပါ။

ဘ၀၏အတွေ့အကြုံများစွာကို ဖြတ်သန်းရင်း နုမှည့်ဆိုသည်ကို တစစနှင့် နားလည်လာခဲ့သည်။ စင်စစ် နုမှည့်ဆိုသည်မှာ ရှင်သယောင်နှင့် သေသောအသီးဖြစ်သည်။ လိုအပ်သောအချက်အလက်တို့ကို ပြည့်စုံစွာသိုမှီးရင်း တဆင့်ချင်း တရစ်ချင်း ဖြစ်ပေါ်ပြောင်းလဲကာ အသစ်အသစ်သို့ အရည်အချင်းအရ တော်လှန်ပြောင်းလဲရသော သဘာဝတ္တ တရားနှင့် ကင်းလွတ်ပြီး အရှင်မွေး နေ့ချင်းကြီးသဘော ဖြစ်သည်။ ရင့်မှည့်ယောင်နှင့် နုပျက်ဖြစ်ရသည်။ နုမှည့်မှည့်သစ်သီးသည် မျိုးဆက်လည်းမပျံ့ပွား၊ စားသုံးလျှင်လည်း ဘေးဥပါဒ်ဖြစ်နိုင်သောအရာဖြစ်သည်။

နုမှည့်သည် သစ်သီးတွင်သာရှိသည်မဟုတ်၊ လူ့အဖွဲ့အစည်း၏ ကဏ္ဍစုံတွင်လည်း နုမှည့်များရှိနိုင်သည်၊ ရှိနေကြသည်။ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ အနုပညာ၊ လောကဓာတ်ပညာရှင်များ စသည်ဖြင့် နေရာစုံ၊ အဖွဲ့အစည်းစုံတွင် လူနုမှည့်များရှိနိုင်သည်။ နုမှည့်သည် အသက်ငယ်ခြင်း၊ အသက်ကြီးခြင်းနှင့် မဆိုင်၊ အရွယ်မရွေး နုမှည့်ဖြစ်နိုင်သည်။ တချို့အသက်ကြီးလို့သွားသည်၊ အတွေးအခေါ် အကျင့် အကြံမှာ လူငယ်မကျ၊ လူကြီးမမည် ဖြစ်နေကြသည်။ အများအကျိုးမပြောနှင့် မိမိအနာဂတ်ကိုပါ နာမည်ဆိုးဖြင့် မြှုပ်နှံသင်္ဂြိုဟ်နေကြသည်။ လက်တွေ့မရှိဘဲ စာတွေ့အကဲဒမစ်ဖြစ်ကာ အလုံးစုံသိသော ပညာရှင်ဟန်ဆောင်ကြသည်။ ယုတ္တိဗေဒကို ဆန္ဒစွဲဖြင့် ရေလဲသုံးကာ နတ်နေကိုင်းပါမချန် အနှစ်မဲ့
ဝေဖန်ရေးဓားဖြင့်ချိုင်သည်။ ထိုရောအခါ နိုင်ငံတော်ပလ္လင်ထက်မှ အနှစ်မဲ့စစ်ခွေးတို့ နှလုံးပီတိ ဂွမ်းဆီထိကာ ၀မ်းမြောက်ဝမ်းသာဖြစ်ကြသည်။ နုမှည့်များလေ သူတို့၏ အာဏာသက်ရှည်နိုင်လေဟု ထင်မှတ်နေသည်မဟုတ်လား။

မီးလောင်တောင်ယာမြေမှ တမျှော်တခေါ် အလေ့ကျ ပုတက်စာပင်ကလေးများမှာ ကြည့်ရသူအဖို့ မျက်စိပသာဒလည်းဖြစ် ဟင်းလျာအဖြစ်လည်း စားသုံးနိုင်သည်။ သို့သော် နုမှည့်သစ်သီးသည်ကား စားမရ၊ စိုက်မရ၊ ပျိုးမရ၊ ထိန်းသိမ်းသိုမှီးထားသော်ငြား သူ့အနာဂတ်သည်မလှ။

သစ်သီးကလေးတွေကြွေနေသည်။ ရင့်မှည့်နေသော သစ်သီးကလေးတို့သည် မြေကမ္ဘာ၏ရင်ခွင်ထဲသို့ ကြွေကျ ဆင်းသက်ရင်း အသစ်အသစ်သော သစ်ပင်တွေအဖြစ် မွေးဖွားဖြစ်တည်နေကြသည်။ မြေကမ္ဘာပေါ်သို့ ရင့်မှည့်နေသော သစ်သီးကလေးတို့ ကြွေနေကြသည်။ ထို့အတူ နုမှည့်သစ်သီး တို့လည်း ရော၍ကြွေနေကြသည်။ သို့သော် နုမှည့်သစ်သီးတို့သည်ကား ….။ ။

No comments:

 
/* EOT ----------------------------------------- */