Sunday 5 July 2009

ခေတ်ပြိုင်မြို့ကလေး၏ ဂန္တ၀င်နံနက်ခင်း (၈၈)

ကမာပုလဲ (၇-၈-၀၇)
ခေတ်ပြိုင်...မှ

အဲဒီနေ့က မိုးစက်ကလေးတွေ ရွာသွန်းနေသည်။ သည်းသည်းမည်းမည်းမဟုတ၊် ဖွဲဖွဲကလေးမျှသာ။ ရွာသွန်းဖြိုးလိုက် တိတ်သွားလိုက်။ နံနက်ခင်း၏ နေခြည်လည်း ဖြာဆင်းလာလိုက် ညိုမှောင်လိုက် နှင့် မြေသင်းရနံ့ကလေး၏ လွှမ်းခြုံနေမှုအောက်မှာ မြို့ကလေးသည် သွားလာလှုပ်ရှားနေသော မြို့သူ မြို့သားများနှင့်အတူ ဣနြေ္ဒရရ တည်ငြိမ်သက်ဝင်
နေခဲ့သည်။

သက်ဝင်တည်ငြိမ်နေသော မြို့ကလေး၏မျက်နှာသည် ခါတိုင်းနေ့တွေကဲ့သို့မဟုတ်၊ တစုံတရာကို ဖွင့်ဟပြောပြချင်နေသလိုလို။ တစုံတခုကို ဖွင့်မပြခင် ၀ှက်သိုမြိုသိပ်ထားသလိုလိုနှင့် တိကျဖော်ပြ ခြင်းငှာ မစွမ်းသာသော နိမိတ်ပုံကို ဆောင်နေသည်။ မြို့ကလေး၏ လမ်းမတွေသည်လည်းကောင်း၊ လမ်းသွားလမ်းလာ မြို့သူမြို့သားများ၏ တယောက်နှင့်တယောက် အကြည့်တို့သည်လည်းကောင်း၊ ဈေးရောင်းဈေးဝယ်သူများ၊ ယာဉ်မောင်းနှင့်ယာဉ်စီးခရီးသည်များ၊ လက်ဘက်ရည်ဆိုင်နှင့် လက်ဘက်ရည်ဆိုင် ထိုင်သူများ စသည်တို့၏ ဆက်ဆံရေးယဉ်ကျေးမှုသည် ခါတိုင်းနေ့တွေကဲ့သို့ မဟုတ် ထူးခြားစွာလှုပ်ခတ် လှုပ်ရှားနေလျက်ရှိသည်။

မြို့ကလေး၏ ထိုနေ့နံနက်ခင်းသည် ထူးခြားနေသော တိတ်တခိုးရင်ခုန်သံတို့ဖြင့် အတိပြီးလျက် ရှိသည်။ အချိန်မှန်ထွက်ရမည့် သင်္ဘော၊ မော်တော်၊ ကူးတို့သမ္ဗာန်တို့သည် ထွက်ခွာရန် အချက် အလက်တို့ ပြည့်စုံနေသော်ငြား သင်္ဘော၊ မော်တော်၊ ကူးတို့သမ္ဗာန်တို့သည်လည်းကောင်း၊ ဦးဆောင်မောင်းနှင်တာဝန်ယူထားကြသည့် မာလိန်မှူး တက်မကိုင်သင်္ဘောသားများနှင့် ခရီးသည် တို့သည်လည်းကောင်း၊ ညို့ယူစရာမလိုသော သဘောတူညီမှုဖြင့် ကမ်းမှခွာရန် ငြိမ်သက် ငြင်းဆန် နေကြသည်။

ဈေးရောင်းသူက သူ၏ကုန်ပစ္စည်းဈေးနှုန်းကို ပြောရာတွင် အယောင်ယောင်အမှားမှားနှင့် ဈေးနှုန်း လျော့ပြောနေကြသလို ၀ယ်သူများကလည်း ပြန်အမ်းငွေယူရန် အမေ့မေ့အလျော့လျော့နှင့် ဖြစ်နေ ခဲ့ကြသည်။ အုံနာခ မပြည့်မီခဲ့ရင်ဟူသော သောကဖြင့် အသားကျနေတတ်သည့် ဆိုက်ကားဆရာ တို့သည် လက်ဘက်ရည်တခွက်၊ အကြမ်းရည်တအိုးနှင့်အတူ လက်ဘက်ရည်ဆိုင်အတွင်း
ကျောက်ချထိုင်နေခဲ့ကြသည်။

မြို့ကလေး၏ တဘက်ကမ်းမှ အတန်းလိုက်တည်ရှိနေသော ဆန်စက်တို့၏ စက်ခေါင်းတိုင်များသည် မီးခိုးငွေ့တို့ ပျောက်ဆုံးနေကာ အသက်ရှူဖို့ကို မေ့နေကြသည်။ ဆန်စက်တာဝန်ခံတွေရှိနေကြသည်။ ဆန်စက်အလုပ်သမားတွေရှိနေကြသည်။ ကြိတ်ခွဲရမည့်စပါးတွေလည်း အဆင်သင့်ရှိနေကြသည်။ ဆန်စက်ကြိတ်ခွဲလည်ပတ်ရန် စက်ယန္တရားများနှင့် လိုအပ်သည့် အချက်အလက်တို့သည်လည်း ချွတ်ယွင်းချက်မရှိ အသင့်ဖြစ်နေပြီးဖြစ်သည်။ သို့သော်မြို့ကလေး၏ တဘက်ကမ်းသည် မြို့ကလေး ဆီသို့ တမျှော်မျှော်၊ တကြည့်ကြည့်နှင့် နားစွင့်ရင်ခုန်နေလျက်ရှိနေသည်။

ပုံမှန်နံနက်ခင်းများကဲ့သို့ မြို့ကလေး၏ ရင်နှစ်သည်းခြာ ကျောင်းသူကျောင်းသားကလေးများ ကျောင်းသို့သွားနေကြသည်။ အဖြူနှင့်အစိမ်းရောင် ကျောင်းတက်ဝတ်စုံကိုဝတ်ဆင်ထားကြသော ကျောင်းသားကျောင်းသူကလေးများ မိခင်ကျောင်းတော်ကြီးများရှိရာသို့ အသီးသီးသွားနေကြသည်။ ထူးခြားနေသည်။ ခါတိုင်းလိုစက်ဘီးစီးသူများက ကျောင်းသူကျောင်းသားကလေးများအနီးသို့ရောက် ရှိချိန်တွင် ကပ်၍ကွေ့ကာစီးနင်းသွားခြင်းမရှိကြ။ စက်ဘီးကို ရပ်ပေးလိုက်ကြသည်။ ဆိုက်ကား ယာဉ်များကလည်း အဖြူနှင့်အစိမ်းဝတ်ကလေးများအနီးသို့ ရောက်လာလျှင် ဘီးကို မလှိမ့်တော့။ မရွေ့တော့။ စိတ်ရှည်စွာ ရပ်တန့်ပေးနေကြသည်။

မြို့သူမြို့သားများကလည်း အဖြူအစိမ်းဝတ် ကျောင်းသူကျောင်းသားကလေးများကို ခါတိုင်းထက် ပိုလို့ဂရုစိုက်ကြည့်နေကြသည်။ ထူးခြားမှုတွေထဲက ထူးခြားမှုတခုမှာ စာသင်ကျောင်းအသီးသီးရှေ့ရှိ မုန့်ဆိုင်ကလေးများ၊ ကုက္ကိုလ်ပင်ရိပ်များအောက်တွင် ကျောင်းသူကျောင်းသားများ၏ မိဘများ အရင်နေ့တွေကထက် ပိုများနေသလို ကလေးများ ကျောင်းအတွင်းသို့ ၀င်သွားသည်ကိုမျက်စေ့ဖြင့် တပ်အပ်မြင်နေကြပါလျက် အိမ်သို့ပြန်ရန် တွန့်ဆုတ်နေကြသည့်မြင်ကွင်းပင်ဖြစ်သည်။

မြို့ကလေး၏ အမှတ် (၁) အထက်တန်းကျောင်းမှ ကျောင်းတက်ခေါင်းလောင်းထိုးသံကြားရသည်။ ထိုနေ့က ကျောင်းတက်ခေါင်းလောင်းထိုးသံတွင် အမည်ဖော်မရသော ထူးခြားမှုတခု သက်ဝင်နေ သည်ဟုထင်ရသည်။ ကျောင်းတော်ကြီးသည် အပ်ကျသံပင်မကြားရ တိတ်ဆိတ်ငြိမ်သက်နေသည်။ ခဏအကြာတွင် “အားလုံးမတ်တပ်ရပ်” အသံကို ကြားနေကြအတိုင်း ကြားလိုက်ရသည်။

တဆက်တည်းတွင် “ကမ္ဘာမကျေ” သီချင်းကို သံပြိုင်ဆိုလိုက်သည့်အသံကိုကြားရသည်။ ကျောင်း တော်ကြီးသည် “ကမ္ဘာမကျေ” သီချင်း သံပြိုင်သီဆိုသံများအောက်ဝယ် သိမ့်သိမ့်ခါနေသည်ဟု ခံစားရသည်။ “မင်္ဂလာပါဆရာ”၊ “မင်္ဂလာပါဆရာမ” ဆိုသည့် ကြားနေကျ အသံများကြားရသည်။ ထို့နောက်ကျောင်းတော်ကြီးသည် ထူးခြားလွန်းစွာ တဖန်တိတ်ဆိတ်သွားပြန်သည်။ ထိုစဉ်ခဏမှာပင်
“အားလုံးသတိ”
“ကျဆုံးလေပြီးသော အာဇာနည်ကျောင်းသားများအားအလေးပြု”
“ကမ္ဘာမကျေသီချင်းဆို”
“ကမ္ဘာမကျေ … ဗမာပြည် … ဒါဒို့ပြည် … ဒါဒို့မြေ … ”

ဆန်းကြယ်လွန်းလှပါလား။ ထူးခြားဆန်းကြယ်လွန်းလှပါလား။ ကျောင်းတော်ကြီးရှေ့ရှိ လွတ်လပ် ရေးအားကစားကွင်းနှင့် ကပ်လျက် ကုက္ကိုလ်ပင်ရိပ်လွှမ်းသော လမ်းမထက်ဆီမှ အဖြူအစိမ်း
ဝတ်ထားသော ကျောင်းသားကျောင်းသူများကို တွေ့မြင်လိုက်ရသည်။ သူတို့ဆီမှ ရင်ခုန်လှိုင်းထ ဖွယ်ရာကြွေးကြော်သံများ သတိ၊ အလေးပြု၊ ကမ္ဘာမကြေသီချင်း သီဆိုသံများကို ကြားရသည်။

ကျောင်းသူ ကျောင်းသားကလေးများအားလုံး (၁၆၊ ၁၇) နှစ် ထက်မကျော်၊ ရိုးရှင်းသော၊ ရဲရင့်သော၊ အပြစ်မဲ့ကင်းသော နုပျိုဖူးသစ် မျက်နှာကလေးများကို ပိုင်ဆိုင်ထားကြသည်။ သူတို့သည် စည်းကမ်း တကျ လေးယောက်တတန်း စီလိုက်ကြသည်။ အားလုံးငါးဆယ်ခန့်ရှိသည်။ ရှေ့ဆုံးမှ ကျောင်းသား တယောက်က ၀ှက်ယူလာခဲ့သော ကြယ်ငါးပွင့်ပါ နိုင်ငံတော်အလံကို ၀ါးလုံးဖြင့် တပ်ဆင် ချီနှောင်ကာ အလံကို လွှင့်ချီလိုက်ပြီး ရှေ့ဆုံးမှ ချီတက်လာသည်။ သူ့နောက်မှ တယောက်လက်တယောက် ဆုပ် ကိုင်ရင်း စည်းကမ်းတကျ လေးယောက်တတန်းချီတက်လာကြသည်။ သူတို့ထံမှ
“ဒီမိုကရေစီရရှိရေး … ဒို့အရေး”
“မဆလပါတီ … အလိုမရှိ”
“အရေးတော်ပုံ … အောင်ရမည်”

သူတို့ချီတက်လာကြသည်။ စနစ်တကျတန်းစီထားသော အဖြူအစိမ်းဝတ် ကျောင်းသူ ကျောင်းသား လေးများ ချီတက်လာကြသည်။ ရှေ့ဆုံးမှကျောင်းသားက အလံကိုင်ချီတက်လာသည်။ သူ့နောက်မှ တန်းစီချီတက်လာသော ကျောင်းသားများက ကြွေးကြော်သံများတိုင်ကာ ပြိုင်တူဟစ်ကြွေးရင်း ချီတက်လာသည်။ သူတို့၏ ကျောင်းတော်ကြီးရှေ့အရောက်တွင် ချီတက်လာသော ကျောင်းသူ ကျောင်းသားများရပ်လိုက်ကြသည်။

ခွေးခြေခုံတန်းလျားတခု ဘယ်ကဘယ်လို ရောက်လာသည်မသိ ရောက်လာသည်။ အထက်တန်း ကျောင်းသားတယောက်က ခုံပေါ်တက်မတ်တပ်ရပ်လိုက်သည်။ သူ့ခေါင်းတွင် လျှပ်ပန်းနီပိတ်စ ကလေးကို စည်းနှောင်ထားသည်။ သူက သူခံစား နားလည်သမျှ မဆလပါတီ၏ ဖိနှိပ်မှု၊ မဆလ ပညာရေးစနစ်၊ မဆလစစ်အာဏာရှင်စနစ်၏ ယုတ်မာပက်စက်မှု၊ မကြာသေးမီကမှ ကျဆုံးသွား
သော ရဲဘော်ဖုန်းမော် (စက်မှုတက္ကသိုလ်ကျောင်းသား)၊ (၂၁) ဇွန်လ အရေးအခင်း၊ (၁၉၆၂) ခုနှစ် ဇူလိုင် (၇) ရက် ကျောင်းသားအရေးတော်ပုံနှင့် မိုင်းခွဲဖျက်ဆီးခံလိုက်ရသော သမိုင်းအစဉ်အလာ ကြီးမားသည့် ကျောင်းသားသမဂ္ဂအဆောက်အဦအကြောင်း စသည်ဖြင့်သူသိသမျှကို ဟောပြော လေသည်။ သူခံစားရသမျှကို ဟောပြောနေသည်။ မပြည့်စုံသော်လည်း အချက်အလက်တို့သည်
မမှား၊ သူ့အရွယ်နှင့်သူသိသမျှ သမိုင်းဒဏ်ရာဒဏ်ချက်တွေကို ကျောင်းသားများကိုယ်စား ပြောပြ နေခြင်းဖြစ်သည်။

သူတို့ကို မြို့သူမြိ့သားများက ၀ိုင်းရံလိုက်ကြသည်။ လက်ခုပ်သံဖြင့် ထောက်ခံအားပေးလိုက်ကြသည်။ မြို့သူမြို့သား တနည်းအားဖြင့် မြို့ကလေး၏ ပြည်သူလူထုက ဆန္ဒပြကျောင်းသူကျောင်းသားကလေး များကို သူတို့ရင်ခွင်အတွင်းလွတ်လပ်စွာ လှုပ်ရှားစေရန် ဆွဲသွင်းဝန်းရံလိုက်ခြင်းဖြစ်သည်။ အကယ်၍ အာဏာပိုင်များက သေနတ်အားကိုး၍ ပစ်ခတ်လာလျင် မြို့ကလေး၏ ပြည်သူလူထုက အရင် အသေ ခံသွားကြမည့် သဘောဖြစ်သည်။

ကြိုတင်ညှိယူမထားသော ပိုင်းဖြတ်ချက်ဖြစ်သည်။ ရိုက်နှက်နှိမ်နှင်းလျင်လည်း လူထုက ရှေ့က ခံမည်ဖြစ်သည်။ ကျောင်းသားသုံးလေးယောက် ဟောပြောအပြီးတွင် ဆန္ဒပြကျောင်းသားများ
အားလုံး စနစ်တကျချီတက်ကြပြန်သည်။ လူထုကလည်း ကျောင်းသားများကို နံဘေးမှကာရင်း ချီတက်လာသည်။ ကျောင်းတော်ကြီးကို ရှေ့မှနောက်သို့ပတ်သော လမ်းအတိုင်း ချီတက်လာကြ
သည်။ ကျောင်းတော်ကြီးအတွင်းမှ တိတ်ဆိတ်ငြိမ်သက်မှုသည် ဆူညံလှုပ်ရှားစပြုလာသည်။

စာသင်ခန်းတံခါးများ အားလုံး ပွင့်သွားသည်။ ဆရာဆရာမများကို တိုးဝှေ့ရှောင်ဖယ်ရင်း ကျောင်းသူ ကျောင်းသားလေးများ ထိုးထွက်လာကြသည်။ ကျောင်းဝင်းတံခါးပိတ်ထားသဖြင့် ကာရံထားသော သွပ်ဆူးကြိုးတန်းများကြားမှ ခက်ခက်ခဲခဲ တိုး၍ လမ်းမပေါ်သို့ ထွက်လာကြသည်။ ဆန္ဒပြ ကျောင်းသားများနှင့် ပူးပေါင်းပါဝင်လိုက်ကြသည်။

ကျောင်းသူလေးတဦးက သံဆူးကြိုး ကပ်ရိုက်ထားသော တိုင်အတိုင်းအဆင့်ဆင့်တက်၍ လမ်းမ ဘက်ကိုခုန်ဆင်းနေရာ သူ့အခက်အခဲကို ကျောင်းသားလေးတဦးက လမ်းမဘက်ခြမ်းမှ ကူညီ၍ အောက်သို့ချပေးနေသည်။ လက်ချင်းဆုပ်လျှက်၊ ကျောင်းသူကလေးရဲ့ ဖိနပ်မဲ့ခြေဖ၀ါးတဖက်က ကျောင်းသားကလေးရဲ့ လက်ဖ၀ါးပေါ်နင်းကာ ကျောင်းတော်ကြီး၏ အ၀န်းအ၀ိုင်းအပြင်ဘက်ကို ရောက်ရှိသွားခဲ့ပုံမှာ ဘယ်တော့မှမေ့လို့မရနိုင်သော သမိုင်းရုပ်ပုံလွှာကားတချပ်။

ဆန္ဒပြကျောင်းသူကျောင်းသားများသည် ကမ္ဘာမကျေသီချင်းကိုဆိုရင်း၊ တောင်းဆိုချက်များကို သံပြိုင်ဟစ်အော်ရင်း၊ အင်အားတိုးပွားလာရင်း မြို့ကလေး၏ ပြည်သူလူထုကြီးရဲ့ ၀န်းရံအားပေး ပူးပေါင်းရင်းဖြင့် ချီတက်လာကြသည်။ အမှတ် (၁) အလယ်တန်းကျောင်း ရှိရာ၊ အမှတ် (၂) အထက်တန်းကျောင်းရှိရာ၊ မြို့၏အလယ်ဗဟို ဈေးရုံဈေးတန်းကြီးရှိရာသို့ တလမ်းဝင်တလမ်းထွက် ချီတက်လာကြသည်။

အိမ်တွင်ရှိနေသော မြို့သူမြို့သားများက ရေကြည်အေးမြ ထွက်တိုက်ကြသည်။ အချိုရည် တိုက်နိုင် သည့်အိမ်က အချိုရည်ထွက်တိုက်ကြသည်။ မြို့ကလေး၏ ကျောင်းသူ ကျောင်းသားတစုက စတင် လိုက်သောဆန္ဒပြပွဲကြီးသည် တမြို့လုံးဆိုင်ရာ လက္ခဏာဆောင်သွားသည်။ ဆိုက်ကားဆရာများက ဆိုက်ကားများကိုမနင်းဘဲ လက်ဖြင့်တွန်းကာလိုက်ပါချီတက်နေကြသည်၊ စာရေးစာချီများ၊ ဈေး သည်များ၊ ဆရာဆရာမတချို့။ ၀န်ထမ်းများအားလုံးပါဝင်လာကြသည်။ တိုက်ပွဲ၏အမှန်တရားသည် အင်အားဖြစ်လာသည်။ ထိုအင်အားသည် တစက်မှ တမျက်နှာဖြစ်လာသည်။

ချီတက်ဆန္ဒပြလာသော ကျောင်းသားထုထဲမှ ထူးခြားဆန်းကြယ်သော အလံတလက်မိုးယံထက်မှာ လွင့်ချီလာခဲ့သည်။ ထိုအလံကို အထက်တန်းကျောင်းသားကြီးတယောက်က လွှင့်ထူလာခြင်းဖြစ်
သည်။ ဘာအလံလဲ။ မမြင်ဘူးပါလား။ မြင်ဖူးသလိုလိုပဲ။ “ဟင် … ဒါ … ငါတို့ကျောင်းသားသမဂ္ဂရဲ့ တိုက်ပွဲဝင်ခွပ်ဒေါင်းအလံကွ”။ အသက်ငါးဆယ်ခန့်ရှိ မြို့ကလေး၏ကျောင်းသားဟောင်းကြီးများဆီမှ အသံ၊ သူတို့မျက်နှာတွင် ပီတိနှင့်မျက်ရည်များ။ သူတို့အသီးသီး၏ အကြောပြိုင်းပြိုင်းထနေသော လက်သီးဆုပ်များကိုတွေ့ရသည်။ ကျောင်းသားသမဂ္ဂအဆောက်အဦကို မိုင်းခွဲဖြိုဖျက်နိုင်သော်လည်း သမိုင်းဝင်ကျောင်းသားသမဂ္ဂနှင့် တိုက်ပွဲဝင်ခွပ်ဒေါင်းအလံကို ဖျက်လို့ မရနိုင်ပါလား။ ဒါဟာ
ဘယ်လိုမှ ပြောင်းလဲပျက်သုဉ်းမသွားနိုင်သည့် သမိုင်းသစ္စာတရား။

ချီတက်လာသော ဆန္ဒပြကျောင်းသားများနှင့် မြို့ပြည်သူလူထုကြီးနှင့်အာဏာပိုင်တို့ ထိပ်တိုက် တွေ့ကြသည်။ ရဲစခန်းထိပ်တွင်ဖြစ်သည်။ အာဏာပိုင်တွေကစည်းသုံးတန်တားကာ သေနတ်များ နှင့်တန်းစီ မောင်းထိုးချိန်ထားသည်။ ဆန္ဒပြကျောင်းသားနှင့်လူထုကြီးကလည်း စည်းသုံးတန်နား အရောက်ကပ်၍ ရပ်လိုက်သည်။ နောက်သို့ လုံးဝမဆုတ်။ လှည့်ပြန်မသွား။ ဆူပူလှုပ်ဆော်ရေး သမားများဟု မတရားတံဆိပ်ကပ် ဖမ်းဆီးထားသော ကျောင်းသားများအား လွှတ်ပေးရန် တောင်း ဆိုသည်။ အာဏာပိုင်များက လွှတ်မပေး။ ကျောင်းသားထုနှင့်လူထုကြီးကလည်း နောက်မဆုတ်။

တဖြည်းဖြည်းနှင့် အခြေအနေတင်းမာလာသည်။ ဆန္ဒပြကျောင်းသားများနှင့်လူထုကြီးက အဖမ်း ဆီးခံကျောင်းသားများကို လွှတ်မပေးလျှင်မပြန်။ ပစ်လျှင်လည်းအသေခံမည်ဖြစ်သည်။ ဒါဟာ ဘယ်သူတဦးတယောက်ကမှ သွေးထိုးလှုံ့ဆော်မှုကြောင့်ဖြစ်ပေါ်လာသော ပိုင်းဖြတ်ချက်များမဟုတ်။ မညှိဘဲညီခဲ့ကြသော အဖိနှိပ်ခံတို့၏ တိုက်ပွဲဝင် သွေးစည်းညီညွတ်ခြင်းပင်ဖြစ်သည်။ ကျဆုံးသွား
သော တိုက်ပွဲဝင်ကျောင်းသားပြည်သူလူထုကြီး၏ အရိုးတွန်သံဖြစ်သည်။ အဖိနှိပ်ခံဘ၀ထိုထို၏ လွတ်မြောက်ရေးတိုက်ပွဲအိပ်မက် အသက်ဝင်လာခြင်းဖြစ်သည်။

အာဏာပိုင်များဘက်က လက်လျှော့လိုက်ပါသည်။ အရှုံးပေးလိုက်ရပါသည်။ အဖမ်းဆီးခံ ကျောင်း သားများကို ပြန်လွှတ်ပေးလိုက်ရသည်။ မြို့ကလေး၏ ဆန္ဒပြကျောင်းသားနှင့် ပြည်သူလူထု၏ ညီညွတ်စည်းလုံးမှုဖြင့် အောင်ပွဲကိုရရှိခဲ့ခြင်းဖြစ်သည်။ သို့သော် တိုက်ပွဲသည်မဆုံးသေး။ အဖိနှိပ်ခံ တို့၏ တိုက်ပွဲသမိုင်းသည်မဆုံးသေး။ အနာဂတ်က အဖိနှိပ်ခံတို့၏တိုက်ပွဲနှင့် အောင်ပွဲသမိုင်းကို စောင့်မျှော်နေသည်။ အဖိနှိပ်ခံတို့ညီညွတ်ရေး အစဉ်ခိုင်မာလျင် အောင်ပွဲအသေအချာရရှိမည်ကို မြို့ကလေးက ထိုနေ့နံနက်ခင်းတွင် ရုပ်ကျကျ သက်သေပြခဲ့သည်။

လွမ်းပါတယ်မြို့ကလေး.....။ ။

No comments:

 
/* EOT ----------------------------------------- */