စိုးနေလင်း(၂၆-၁-၀၇)
ခေတ်ပြိုင်...မှ
အချိန်က - လူဝတ်လဲထားတဲ့ စစ်အာဏာရှင် လက်အောက် ကျနော်တို့ ကျရောက်နေတဲ့ အချိန်
နေရာက - ၃၃ လမ်း၊ ရွှေကြည်အေး လက်ဖက်ရည်ဆိုင်၊ ရန်ကုန်
ဆရာ့ကို မိတ်ဆွေကဗျာဆရာ စာရေးဆရာ ကြီးငယ်တွေနဲ့ စကားစမြည်ပြောဆိုနေတာ ကို မကြာခဏ တွေ့တွေ့နေရတယ်နော် ဆရာ၊ ဆရာတို့က တ၀ိုင်း ကျနော်တို့လူငယ် ကဗျာရေးသမားတွေကတ၀ိုင်း ခပ်လှမ်း လှမ်းက လှမ်းပြီး လေးစားကြည်ညိုအားကျ ခဲ့တဲ့အချိန်၊ “ဲဒါ ဆရာတင်မိုးလေ” ဆိုပြီး ကိုယ့်ထက်ပိုပြီး စာပေနယ်နဲ့ရင်းနှီးထိစပ်တဲ့ မိတ်ဆွေတယောက်က ခပ်တိုးတိုး အသိပေးလိုက်တယ်ဆိုရင်ပဲ “သြ ဆရာတင်မိုး ကိုး” ဆိုပြီး တငေးတမော ကြည့်လို့အားမရနိုင်ခဲ့တဲ့အချိန်။
ဆရာက တကယ့်ပီဘိ တောသူတောင်သား လူရိုးလူကောင်းကြီးတယောက်ဆိုတာ ထင်းခနဲလင်းခနဲ မြင်သာထင်ရှားပါတယ်။ တိုးတိုးတချို့ ကျယ်ကျယ်တချို့ ပြောလိုက် တဟားဟားရယ်မောလိုက်နဲ့ ဆရာဟာ သိပ်ပြီး ပေါ့ပါးလန်းဆန်းနေပုံပါပဲ။
ကျနော်ဆရာ့ကိုသိတယ်၊ လေးစားချစ်ခင်တယ်။ ကျနော့်ကိုတော့ ဆရာမသိနိုင်ဘူးပေါ့ဆရာရယ်။
ဒီလိုနဲ့ပဲ…
“ဖက်ဆစ်အောင်ပွဲ”
၁၉၄၅ မတ်လ
ပြည်သူတွေကတော်လှန်
ဖက်ဆစ်စနစ်ဆိုးနဲ့ဂျပန်
ဖက်ဆစ်တွေကျဆုံး
ပြည်သူတွေအားလုံးအောင်ပွဲခံ။
၁၉၈၉ မတ်လ
ပြည်သူတွေရင်ဝမှာ
သွေးစတွေပေကျံ
မြန်မာမျိုးချစ်ဆိုတဲ့
ဖက်ဆစ်စစ်တပ်ကဖိနှိပ်
တိရစ္ဆာန်လိုသဘောထား
ပြည်သူအများက အညှဉ်းဆဲခံ
ဖက်ဆစ်အားလုံး
လက်ရုံးဆန့်တန်း
အခမ်းအနားနဲ့အောင်ပွဲခံ
စစ်သံ စစ်မာန် စစ်အလံ
အဲဒါ မြန်မာနိုင်ငံ။ ။
တင်မိုး
(၂၇-မတ်-၁၉၉၉)
အချိန်က - ဆရာတို့ ကျနော်တို့နဲ့ ကျနော်တို့ပြည်သူတွေအားလုံး အမျိုးသားဖက်ဆစ်စနစ်အောက် ကျရောက်ခဲ့တဲ့အချိန်ပေါ့ဆရာရယ်။
နေရာက - ကန်တော်လေး (၁၀၁) လမ်း၊ အိပ်မက်ဖူးမဂ္ဂဇင်းတိုက်၊ ရန်ကုန်
ဆရာနဲ့ ကျနော်တို့ကို အိပ်မက်ဖူးမဂ္ဂဇင်းအယ်ဒီတာတွေဖြစ်တဲ့ မောင်သာချိုနဲ့ ခင်လွန်းတို့က မိတ်ဆက် ပေးတော့ ဆရာက ပြုံးပြုံးကြီးနဲ့ အားရ၀မ်းသာ လက်ဆွဲနှုတ်ဆက်ခဲ့တဲ့အချိန်မှာ ကျနော်ဝမ်းသာဂုဏ်ယူ ရပါတယ် ဆရာရယ်။ ကျနော်တို့ငယ်ငယ်က ကြိုက်နှစ်သက်ခဲ့တဲ့ကဗျာလေးတွေ ရေးစပ်ခဲ့တဲ့ ကဗျာ ဆရာကြီး၊ ကျနော်လေးစားကြည်ညို ခင်မင်ချစ်ခင်တဲ့ ကဗျာဆရာကြီးနဲ့ သိကျွမ်းခင်မင်ရပြီမဟုတ်လား ဆရာ။
အဲဒီတုန်းက ဆရာနဲ့ အခြားဆရာကြီးတချို့ ပါလာသေးပေမယ့် ကွယ်လွန်သူ ဆရာလင်းယုန်မောင်မောင် တယောက်ကိုပဲ ကျနော်အမှတ်ရတော့တယ်ဆရာ။ အဲဒီအချိန်က ကျနော့်မှာလည်း ကျနော့်အရေးနဲ့ ကျနော်၊ ကျနော့်သောကနဲ့ ကျနော် ဖြစ်နေခဲ့ရတယ်လေ။ ဆရာနဲ့ ပထမဦးဆုံးသိကျွမ်းမိတ်ဆွေဖြစ်ခဲ့ရတဲ့ အဲဒီအချိန်မှာ အမှတ်ရစရာလေးတခုလည်း ဖြစ်ခဲ့ရတယ်နော် ဆရာ။ အဲဒီအချိန်မှာ အိပ်မက်ဖူးမဂ္ဂဇင်းမှာ နေ့ရောညပါလာပြီး ကူညီလုပ်ကိုင်ပေးနေတဲ့ ကဗျာဆရာ နေဇော်နိုင်ကလေးလည်း ရှိနေတယ်လေဆရာ။ ဆရာတို့တိုက်ပေါ်မှာရှိနေတုန်း သူက အောက်ထပ်ကပြေးတက်လာပြီး ကျနော့်ကို မျက်ရိပ်မျက်ခြည်ပြ တိုက်ခန်းနောက်ဘက်ခေါ်ပြီး “ဆရာဂျမ်းကိုပဲလား အစ်ကိုတို့ကိုပဲလားတော့ မသိဘူး၊ အောက်မှာတော့
MI တွေလာပြီး စောင့်ကြည့်နေပြီအစ်ကို” လို့ လာပြီး အထိတ်တလန့် သတိပေးခဲ့တယ် ဆရာ။ သူက စစ်သားလူထွက်ဆိုတော့ လူတွေရဲ့ပုံပန်းကိုကြည့်လိုက်တာနဲ့ သိနေတာပေါ့ဆရာရယ်။ ဆရာတို့လူကြီး တွေကတော့ ပြောလားဆိုလား ရယ်လားမောလားဆိုတော့ သတိတောင်ထားမိပုံမရပါဘူး။ နောက်ဘာမှ သိပ်မကြာခင်မှာဘဲ ကျနော်က ဆိပ်ဖလူးနံ့သင်းပျံတဲ့ ဘ၀တက္ကသိုလ်ကို ရောက်သွားခဲ့ရတော့ ဆရာနဲ့ နောက်ထပ်ဆုံစည်းခွင့်မရခဲ့တော့ဘဲ ဆရာ့ရဲ့တက်ကြွတဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုသတင်းတွေ၊ ကဗျာ သီချင်းတွေနဲ့ လူထုကြားဆင်းပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အောင်ပွဲရရေးအတွက် စည်းရုံးလှုံ့ဆော် မှုတွေကိုပဲ တဆင့်စကား တဆင့်နားနဲ့ပဲ ကြားသိခွင့်ရခဲ့တော့တယ်ဆရာ။ ဆရာနဲ့ ရဲဘော်ရဲဘက် ကဗျာဆရာ၊ စာရေးဆရာတွေရဲ့ မှန်ကန်ရဲရင့်တဲ့ရပ်တည်ချက်နဲ့ အရည်အချင်းပြည့်ဝတဲ့ စည်းရုံးရေး ခရီးစဉ်တွေရဲ့ အောင်မြင်မှုတွေအတွက် ကျနော်တို့ မမြင်ကွယ်ရာကဘဲ ၀မ်းသာပီတိဖြစ်ခဲ့ရပါတယ်။ ကျနော် ဆရာ့ရဲ့ ကဗျာရွတ်သံကို စိတ်ထဲကကြားယောင်ရင်း တကယ်ပဲလွမ်းခဲ့ရပါတယ် ဆရာ။
အချိန်က - ၂၀၀၆ ခု၊ စစ်အာဏာရှင်စနစ်အောက် မြန်မာပြည်ကျရောက်နေဆဲ
နေရာက - ခေတ်ပြိုင်ဂျာနယ်တိုက်၊ ဘင်းခင်း၊ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ
ကျနော်ထင်တာထက် ဆရာပိုပြီး ၀ဖြိုးလာသလို လှုပ်ရှားမှုတွေလေးလံနေသလိုပဲ၊ ကျနော့်ကိုလည်း ပြန်ပြောမှ တစွန်းတစပြန်အမှတ်ရသွားပြီး ပြုံးနေကျအပြုံးနဲ့ လက်ဆွဲနှုတ်ဆက်ပြီး “၀မ်းသာတယ်ဗျာ၊
ဝမ်းသာတယ်” လို့ တဖွဖွပြောနေခဲ့တယ်။ ဆရာက ကျနော်တို့တွေ့ဆုံပြီးနောက်ပိုင်း ဖြစ်ပုံတွေကိုပြန်ပြောပြ။ နောက် သူ့ရဲ့ ဆိပ်ဖလူးရနံ့ကာလနဲ့ ကျနော့်ရဲ့ဆိပ်ဖလူးရနံ့ကာလ အတွေ့အကြုံတွေ ဆုံခဲ့ရသူ တွေကို အပြန်အလှန် ကြေကွဲဆွတ်ပျံ့ကြ၊ နောက် ဆရာ့ရဲ့ နိုင်ငံရပ်ခြားအတွေ့အကြုံ ဒီမိုကရေစီရေး လှုပ်ရှားမှု၊ စာပေဟောပြောပွဲတွေအကြောင်း၊ တော်လှန်တိုးတက်သူတွေ ဖောက်ပြန်သူတွေအကြောင်း၊ နယ်စပ်ဒေသ ဒီမိုကရေစီအင်အားစုတွေအပေါ်ထားရှိတဲ့ ဆရာ့ရဲ့သံယောဇဉ်နဲ့ အတွေ့အကြုံတွေကို စီးကရက်တွေ တလိပ်ပြီးတလိပ်ဖွာရှိုက်ရင်း အားပါးတရပြန်ပြောပြနေတဲ့ ဆရာ့ရဲ့ပုံရိပ်လွှာဟာ ကျနော့် မျက်စိထဲမှာ ထင်ထင်ရှားရှား စွဲမြဲနေတုန်းပါပဲ ဆရာရယ်။
“လှည်းကျိုးစီးတဲ့ခရီး”
သက္ကရာဇ်အပုပ်အသိုးတွေကို
လှည်းကျိုးအောင်ထမ်းတင်ပြီး
ခယောင်းပြင်မှာ မောင်းနှင်ခဲ့တဲ့
မဟာခရီးကြမ်းကြီးမှာ။
နေရာကလေးတခုအတွက်
အလုအယက် အကန်အကျောက်
အိပ်ပေါက်နဲ့ ဖားကောက်ရသလို
ဟိုကယို သည်ကဖိတ်နဲ့
စိတ္တဇလူနာတွေ ပြည့်သိပ်လျက်နေ၏။
စမြိန်စာကလဲ
မြိန်စရာမရှိ။
သဲချောင်းလမ်းမှာ
လှည်းမောင်းတမ်းကစားနေရသလိုရှိ၏။
လှမ်းသာလှမ်းခဲ့ရ
ပန်းတိုင်ကဘယ်မှာမှန်းမသိ။
မသိခရီးမှာ
သတိကြီးကြီးထားဖို့လို၏။
ဖူးငုံလဲရှိ ဆူးချုံလဲရှိ။ ။
တင်မိုး
(၁၁၊ ဧပြီ၊ ၁၉၉၉)
မှန်ပါတယ်ဆရာ။ ဆရာ့ရဲ့ကဗျာလေးက ပီပီသသ၊ ထိထိရှရှ ရှိလှပါရဲ့။ ကျနော်ကတော့ ဆရာ့ရဲ့လှည်း ထဲမှာ ခရီးသည်အဖြစ် ဆက်ပြီးစီးနင်းလို့ နေတုန်းပေါ့ဆရာ။ ဒါပေမယ့် တနေ့နေ့မှာတော့ အမိနိုင်ငံပြန်ရ မယ်လို့ ဆရာယုံကြည်ခဲ့တယ်နော်။
“အမေ့ထံပြန်လာမည်”
တနေ့နေ့မှာ
အမေ့နိုင်ငံ အမေ့ထံသို့
ငါပြန်လာမည် ပြန်ခဲ့မည်။
အမေ့ကိုနှိပ်စက်၊ လက်ကိုရိုက်ချိုး
ကြိုးဖြေပြီးမှ၊ ပြန်ခွင့်ရမည်
ပထမ အမေ လွတ်လပ်ရမည်။
အမေ့ရင်ခွင် သားခိုဝင်ဖို့
နေ့စဉ်ကြိုးပမ်းပါမည်အမေ။
အမေ့လက်များ တုတ်နှောင်ထားပြီး
အားရပါးရ နှိပ်စက်ကြသည်ကို
သားမကြည့်ရက်နိုင်ပါ။
အမေ့အိမ်ကို
လိမ်လည်သိမ်းပိုက်၊ ဓားပြတိုက်၍
ရိုက်လားနှက်လား သေနတ်များနှင့်
နားကိုဆို့ပိတ်၊ မျက်စိပိတ်လျက်
နှိပ်စက်ဗိုလ်ကျ မင်းမူကြပြီး
မထနိုင်တော့ဘူးလား အမေရယ်။
အမေ့ဖြစ်ချက်၊ မကြည့်ရက်ပါ
လက်နက်အပိုင် ကလောင်ကိုင်၍
အနိုင်တိုက်ပွဲ ရင်ဆိုင်နွှဲဖို့
ငါလဲ ဆုံးဖြတ်ခဲ့ပါပြီ။
အမေ့သားတွေ သမီးတွေလဲ
အောင်မြေနင်းရေး အသက်သွေးတွေ
ပေးဆပ်ခဲ့ကြရပါပြီ။
အမေမုချ လွတ်မြောက်ရမည်
အမေ့ဘ၀ လှပရမည်။
အမေ့သားကောင်း ဒို့ခွပ်ဒေါင်းလည်း
ဇာတ်ပေါင်းခန်းမှာ
ချီတက်လာပြီး
မာစေ သာစေ တို့အမေဟု
မိုးမြေတုန်အောင် ကြွေးကြော်မည်။
တနေ့နေ့မှာ
အမေ့နိုင်ငံ ဒို့နိုင်ငံသို့
ပြန်လာခဲ့မည် ပြန်ခဲ့မည်ဟု
ယုံကြည်ပါလေ အမေရေ …။ ။
တင်မိုး
(၁၁၊ စက်တင်ဘာ၊၁၉၉၉၊ ဥရောပ တလပြည့်)
ဆရာရေ အခုတော့ ဆရာသိပ်ချစ်ခဲ့တဲ့ အမိနိုင်ငံကို ဆရာမပြန်နိုင်ဘဲ ရေခြားမြေခြားမှာ ဆရာကြွေလွင့် ခဲ့ရပြီ။ လူဆိုတာသေမျိုးမို့ မဆန်းလှပေမယ့် ဆရာ့လို တိုင်းပြည်သားကောင်းရတနာ ကဗျာစာဆို တော်လှန်ရဲဝံ့သူတယောက်ကို မသေစေချင်သေးဘူးဆရာ။ နှမြောတသကြေကွဲရ လွမ်းရပါတယ်ဆရာ။ ဒါပေမယ့် …
“မျက်နှာပြောင်တဲ့ရှင်သေမင်း”
ကံကြမ္မာကို မင်းတို့ကနိုင်တော့
ပြိုင်သမျှရှုံးရတဲ့ဒို့ဘဝ
ဒုက္ခတွေပင်လယ်ဝေပြီပေါ့။
မကောင်းသမျှဥသျှောင်
မင်းတို့ရဲ့ခေါင်းဆောင်တွေ
ဒေါင်ဒေါင်မည်ကျန်းမာ
ဘီလူးပြိတ္တာ အသက်ရှည်ပါဘိခြင်း။
လူကောင်း လူလိမ္မာ
ပညာရှိ ပညာရှင်
စိတ်နေ ယဉ်သူတို့ကို
သေမင်းငင်ခေါ်ဆောင်
မျက်နှာပြောင်လှတဲ့ ကံကြမ္မာပါလား။
မကျေမနပ်တောက်ခေါက်
မျက်ရည်ပေါက်ကြီးငယ်ကျရတဲ့
သောကတွေသာ မီးတောက်ဖြစ်ခဲ့ရင်
ခေတ်ကြီးတခုလုံး
မီးဟုန်းဟုန်းကျွမ်းချေရဲ့။ ။
တင်မိုး
(၂၇၊ မတ်၊ ၁၉၉၉)
ဆရာက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ခင်ပွန်း မစ္စတာမိုက်ကယ်အဲရစ် ကွယ်လွန်တဲ့ အကြောင်းကြားပြီး ဒေါမနဿနဲ့ရေးခဲ့တဲ့ ကဗျာလေးလေဆရာ။ ခု ဆရာရဲ့ အဲဒီကဗျာလေးကိုဖတ်ပြီး ကျနော်လည်း ဒေါမနဿ ဖြစ်ရပြန်ပါပြီဆရာ။ ကျနော်တို့အားလုံးဟာ ဆရာပြောတဲ့ မီးဟုန်းဟုန်း ကျွမ်းနေတဲ့ ခေတ်ကြီးထဲကနေ ဖီးနစ်ငှက်တွေလို ရှင်သန်ပျံတက်ဖို့ ကြိုးစားရင်း ဆရာ့ကို ထာဝရ လွမ်းနေကြမှာပါ။ ။
(ဤစာဖြင့် ကွယ်လွန်သူ တော်လှန်ကဗျာစာဆိုကြီး တင်မိုး (ဦးဘဂျမ်း) အား ဦးညွှတ်ဂုဏ်ပြုနှုတ်ဆက်ပါသည်)
Sunday, 5 July 2009
ဆရာဂျမ်းသို့ လွမ်းလို့ရေးတဲ့စာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment