Tuesday 27 November 2007

အမေနဲ့ သား (သို့) “သ”၀ဂ်ကထာ


(အမေလူထုဒေါ်အမာ ၉၂နှစ်ပြည့် မွေးနေ့သို့ …)
အောင်ဝေး
ပုံတူ-ပန်းချီမင်းကျော်ခိုင်

(၁)
အမေ ကျနော့်ကို မတားနဲ့
ကျနော် ဒေါ်အောင်ဆန်းစုကြည်အိမ် သွားမှ ဖြစ်မယ်။

အမေ … အမေ့ကိုတော့ ကျနော် တားပါရစေ
အမေ တမလွန် ခရီးကို မသွားပါနဲ့ဦး
ကျနော်တို့ ဒီမိုကရက်တစ်နိုင်ငံတော်ဆီ သွားရဦးမယ် အမေ …။

(၂)
အမေ ကျနော့်ကို မတားနဲ့
ကျနော် နေပြည်တော်ကို သိမ်းမှ ဖြစ်မယ်။

အမေ … အမေ့ကိုတော့ ကျနော် တားပါရစေ
အမေ … လူ့ဘ၀ကို မသိမ်းပါနဲ့ဦး
ကျနော်တို့ သွေးစွန်းနေတဲ့ သင်္ကန်းတွေ
သွေးစွန်းနေတဲ့ ဒေါင်းအလံတွေ
သွေးစွန်းနေတဲ့ မျက်ရည်တွေ သိမ်းရဦးမယ် အမေ …။

(၃)
အမေ ကျနော့်ကို မတားနဲ့
ကျနော် စစ်အာဏာရှင်မှန်သမျှ သတ်မှဖြစ်မယ်။

အမေ … အမေ့ကိုတော့ ကျနော် တားပါရစေ
အမေ ပရိဒေ၀မီးတွေ မသတ်ပါနဲ့ဦး
ကျနော်တို့ အစိုးရအကြမ်းဖက်ဝါဒကို သတ်ရဦးမယ် အမေ
ကျနော်တို့
.................. အစိုးရ အကြမ်းဖက်ဝါဒကို
...................................... သတ်ရဦးမယ် အမေ …။ ။

အမေ့သား-အောင်ဝေး
(၂၃-၁၀-၂၀၀၇)
(ခေတ္တ ပုန်းခိုကျင်း တနေရာ)

Read More...

၉၂ နှစ်ပြည့် လူထုအမေသို့ အလွမ်းစာ

ဒေါက်တာလွဏ်းဆွေ

‘အမေ နေကောင်းလား’ လို့
ခရီးရောက်မဆိုက် ကျနော်တို့ ပြေးတွေ့တော့
ခပ်နွေးနွေး ရင်ငွေ့က
ကျနော်တို့ဆီ ပြန်ပြေးလာ
‘ငါ့သားတို့ ဘယ်ရထားနဲ့ လာကြလဲကွဲ့
ထိုင်ကြ … ထိုင်ကြ’ တဲ့
နွေးထွေးတဲ့ အမေ့ နှုတ်ဆက်သံ
ကြည်မွေ့တဲ့ အမေ့ အပြုံး
ကျနော်တို့ကို ဖုံးလွှမ်း
ခရီးပမ်းသမျှ
ကျနော်တို့ လန်းဆန်းခဲ့ရပါတယ် အမေ …။

‘ အမေ … ဒီမှာ ဆရာမြေဇာ
ဒီမှာ ဆရာဝသုန်
ဟိုဘက်ခုံမှာ ကိုအောင်ဝေး
ဒီဘေးက ကိုသာချို
ဟိုဘက်က ကိုချစ်ဝင်းမောင်’ လို့
ခပ်ရို့ရို့ ကျနော် မိတ်ဆက်တော့ …
အမေက
‘မြင်တာပေါ့ ငါ့သား
အမေ့သားတွေ အားလုံးကို
အမေ အကုန်လုံး မြင်တာပေါ့’ ဆိုပြီး
ပြုံးပြုံးကြီး ကြည့်နေတဲ့
အမေ့ရဲ့ပုံရိပ်
ရင်ထဲကို ယိုဖိတ်စီးဆင်း
အေးမြတဲ့ မြစ်တစင်းဖြစ်ခဲ့ရပါတယ် အမေ …။

‘ငါ့သားတွေ အရက် သိပ်မသောက်ကြနဲ့နော်’
‘အမေတို့ဘက်ကလူတွေ အသက်ရှည်တာကိုပဲ အမေမြင်ချင်တယ်’
‘ကိုချစ်ဝင်းမောင်တို့၊ ကိုလွဏ်းဆွေတို့
မဂ္ဂဇင်းတွေ အခြေအနေ ကောင်းကြရဲ့လား
အမေ့စာမူတွေ အချိန်မီရကြရဲ့လား
အမေလည်း ရေးဖြစ်တာဆိုလို့
ကိုဝင်းငြိမ်းနဲ့ဆို ဒီသုံးအုပ်ပဲ ရှိတာ
ငါ့သားတို့ အဆင်မပြေရင်
အမေ့ကို စာမူခ မပေးနဲ့နော်’ လို့
တိုးလျလျ အသံနဲ့
စိုးရိမ်ပူပန်တဲ့ စကား
အမေပြောကြားလေတော့
ကျနော့်စိတ်ထဲ
ပီတိတွေနဲ့ အားဖြစ်ခဲ့ရပါတယ် အမေ …။

ဦးပိန်တံတားပေါ် လမ်းလျှောက်ရင်း
လေညင်းက ပြေးဝင်ဆောင့်တော့
ကျနော့်စိတ်တွေ ခပ်မြောက်မြောက်ဖြစ်သွား
အဲဒီ အကြောင်းတရားထဲမှာ
ကျနော်လို အယ်ဒီတာ ငချွတ်ငတားလေးကို
အမေက စာမူတွေ ချီးမြှင့်ပြီး
အသိအမှတ်ပြုခဲ့တာဟာ
အဓိက အကြောင်းတရားပါ အမေ …။

နှင်းမြူတွေ ဝေနေတဲ့
တောင်သမန် နံနက်ခင်းမှာ
အမေ့မေတ္တာတွေက
နှင်းမြူတွေနဲ့အတူ ရွာကျ
အယူအဆတူ
ယုံကြည်ချက်တူ
ရည်မှန်းချက်တူ
ရင်ဘတ်ချင်းတူကြတဲ့
အမေ့သား အမေ့သမီးတွေအားလုံး
အပြုံးကိုယ်စီ ယှက်သန်း
အလွမ်းကိုယ်စီ ပွေ့ထွေး
အနာဂတ်ရေးအတွက် တိုင်ပင်
တောင်သမန် တခွင်လုံး
ငြိမ်းချမ်းတဲ့ ရသတွေ ပြည့်ဖုံး
ပျော်လို့မဆုံး ပြုံးလို့မ၀ ဖြစ်ခဲ့ကြပါတယ် အမေ …။

အခုတော့
အမေ့သား အမေ့သမီးတွေလည်း
စစ်အာဏာရှင်တွေရဲ့ အကြမ်းဖက်မှုအောက်မှာ
တမလွန် ရောက်သူရောက်
ဘ၀တက္ကသိုလ် ရောက်သူရောက်
လွတ်မြောက်နယ်မြေ ရောက်သူရောက်
တတိယနိုင်ငံ ရောက်သူရောက်
ကမောက်ကမ
ကစဥ့်ကလျားနဲ့
ပြေးလွှားရုန်းကန်နေကြရပေမယ့်
အမေ့ မေတ္တာထီးရိပ်က
ကျနော့်တို့အပေါ်
ထာဝရ အုပ်မိုးပေးထားလို့
စိတ်ဓာတ်ခွန်အား မဖောက်မပြန်နဲ့
ဖြောင့်မှန်တဲ့ လမ်းပေါ်မှာ
ကျနော်တို့ ဆက်လျှောက်နေနိုင်တာပါ အမေ …။

အခုအခါမှာ
လွတ်မြောက်နယ်မြေရောက်
အမေ့သား တယောက်အနေနဲ့
‘အမေ နေကောင်းလား’ လို့
ပြေးတွေ့ နှုတ်ဆက်ခွင့်မရတာ
သုံးနှစ်သုံးလီ ကြာခဲ့ပေမယ့်
အမေဟာ ကျနော်နဲ့ မဝေး
ကျနော့်ရဲ့ အတွေး၊ ကျနော့်ရဲ့ဘေးမှာ
မြင့်မြတ်တဲ့ အဘိဓမ္မာ
မြင့်မြတ်တဲ့ မေတ္တာတရား
မြင့်မြတ်တဲ့ စိတ်ဓာတ်ခွန်းအားတွေနဲ့
ထာဝရ အနီးကပ်
မတ်မတ်ရပ်နေဆဲလို့
ယုံမြဲယုံကြည်လျက်ပါ အမေ …။ ။

ဒေါက်တာလွဏ်းဆွေ

Read More...

၉၂ ပြည့်မွေးသမိခင်သို့ ပေးစာတစောင်


အဲဒီညကလေ၊ အမေ။
မိုးလေးတွေက တဖွဲဖွဲကျလို့
မသဲလှပေမဲ့ အသဲကတော့ ကျင်နေတယ်
မခွဲချင်တာကတော့ အမှန်ပါ
အရင်ဆုံးဖြတ်တာက တံခွန်တိုင်
နောက် - အရာတော်
တောင်မြင့်
မှောင်နဲ့ မည်းမည်းထဲမှာ
တနေရာပြီးတနေရာကျန်ရစ်ခဲ့တယ်
စားချင်စိတ်လည်းမရှိ
အိပ်ချင်စိတ်လည်းမရှိ
စဉ်းစားချင်တာပဲရှိပေမဲ့
ဘာမှစဉ်းစားလို့လည်းမပေါ်
သြော်၊ မြစ်ငယ်တောင်ကျော်သွားပါပေါ့လား။

အဖေနဲ့အမေကို
ကန်တော့ခဲ့ပါတယ်
ညီနဲ့ အမ နှမ
ငါ့ကိုခွင့်လွှတ်ကြနော်
တကိုယ်ကောင်းဆန်တာမဟုတ်
သူရဲကောင်းဖြစ်ချင်တာလည်းမဟုတ်
အခြေအနေက တွန်းပို့တော့
ဒို့မှာ ရွေးစရာမရှိလို့သာ။
နားလည်ကြပါကွာ
အဖေနဲ့အမေကို
ဂရုစိုက်ကြပါကွာလို့။

အဲဒီနောက်တော့ အမေရယ်
တောင်တွေ၊ တောတွေ
ချောင်းတွေ၊ အင်းတွေ
လွှားကနဲ လွှားကနဲ၊ တသွားထဲသွား၊
နယ်စွန်နယ်ဖျားထိ
ကဗျာတပုဒ်တောင်ရေးမိသေးတယ်
အမေမှတ်မိမယ်ထင်ပါတယ် …
‘အနောက်ကိုတချက်ငဲ့ကြည့်လို့
အရှေ့ကိုတဲ့ ထွက်ခဲ့တယ်’ ဆိုတာလေ။

ပြက္ခဒိန်စာမျက်နှာတွေ
သစ်ရွက်ခြောက်တွေလို
တဝေေ၀လွင့်ကျ
နီသူတွေဖြူ၊ ဖြူသူတွေနီ
ဘ၀တွေ၊ ချစ်ခင်ရင်းနှီးသူတွေ
သွေကွဲရော၊ ရှင်ကွဲရော
ခွဲခွာကုန်ကြ
အသစ်တွေနဲ့လည်း
တင်းတင်းကြပ်ကြပ်ပဲ
လက်ဆွဲနှုတ်ဆက်ကြ
ဘာသာစကားတောင်
အတော်စုံအောင်တတ်ခဲ့
နှစ်ပေါင်းသုံးဆယ်ဆိုတာ
နည်းသမို့လားအမေရယ်။

အပါးမှာအဖေလည်းမရှိ
ကျနော်တို့လည်းမရှိ
အမေချည့်တယောက်ထဲ
မဟုတ်ဘူး၊ လှေခွက်ချည်းမဟုတ်ဘူး
ပြည်သူတွေနဲ့လက်တွဲလို့
သားမြေးသစ်တွေနဲ့လက်တွဲလို့
အမယ်အို့ခြေလှမ်းမို့
သူတို့လောက်မသွက်လည်း
၁၉၃၆ တုန်းကလိုပဲ
ချီဆဲတက်ဆဲ
အခုလည်းလက်တွန်းလှည်းနဲ့
ရဲရဲကြီးချီတက်နေတဲ့
အမေ့ရဲ့သားမှာ ၁၃၀၀ ရတီ*
အမေအိုဆိုတဲ့စိန်နားကပ်ကြောင့်
ပါးအပြောင်ကြီးပြောင်ခဲ့ရပါတယ်။

အမေလဲလှမ်း
ကျနော်လည်းလှမ်း
ဒီလမ်းကြီးတလျှောက်မှာ
မောတယ်တခွန်းမပြောပါဘူး
၉၀ ကျော်ကြီးနှုတ်က
တခွန်းပဲထွက်ရှာတယ်
ဘာအဓိပ္ပာယ်လဲ
ကဗျာဖတ်သူတွေတွေးကြည့်ပါ
“ငါ့သားကျန်းမာအောင်နေ
အမေလည်းကျန်းမာအောင်နေတယ်” တဲ့။ ။

ဖိုးသံ (လူထု)

* ၁၃၀၀ ပြည့်မျိုးဆက်ကိုညွှန်းတာပါ။

Read More...

အရုဏ်ဦးဆိုတာ ရင်နဲ့ပျိုးယူရတယ်

ပင်ညဲရိုးလာပြန်ပြီ
ဂမ်ဘာရီပြန်ပြန်ပြီ
မင်းကိုနိုင်ရေ
လာရင်လာတယ်လို့မှတ်
ပြန်ရင်ပြန်တယ်လို့မှတ်။

ရဲဘော်တို့ရေ
ငါတို့ရဲ့ မေတ္တာစမ်းတွေမခမ်းသမျှ
ခြေလှမ်းတွေလှမ်းနေသမျှ
ပန်းတိုင်ဟာ နီးနီးလာမှာမုချ
လမ်းမတွေကတော့
ထုံးစံအတိုင်းစိုလိုက်ခြောက်လိုက်ပေါ့။

အဓမ္မ၀ါဒီတို့ရေ
မိစ္ဆာတို့သွားရာလမ်းကို
ဆဒမ်ဟူစိန်ကညွှန်ပြခဲ့ပြီ။
အဲဒီ အမှောင်ခါးခါးကြီးကို
ငါတို့မျိုချလိုက်နိုင်တဲ့အခါ
ဝဋ္ဋ်ကိုနောက်ဘ၀ထိစောင့်စရာမလိုတော့ပါဘူး။

ငရဲကြီးရှစ်ထပ်မှာလည်းမင်းတို့အတွက်
နေစရာတွေကအဆင်သင့်ပြင်ပြီးသား။
ကိုယ့်လူတို့ရေ
စင်ပေါ်က မင်းသားခေါင်းလေးဆောင်းပြလိုက်တာနဲ့
အဲဒီလိုဖင်တကြွကြွဖြစ်မနေပါနဲ့။
၈၈ အစ ဒီပဲယင်းအလယ် ၂၀၀၇ အဆုံး
နောက်ဘာတွေဖြစ်လာအုံးမလဲ
အရုဏ်ဦးဆိုတာ ရင်နဲ့ပျိုးယူရတယ်။

မြတ်သစ်(dawn)

Read More...

Saturday 17 November 2007

လူထုအတွက် လူထုဖက်က လူထုဒေါ်အမာ




(၀င်းတင့်ထွန်း)

( ၁ )

ကျနော်ဟာ အညာသားဖြစ်ပေမဲ့ မန္တလေးထက် ရန်ကုန်ကိုပဲ ပိုပြီး ကျွမ်းကျွမ်း ကျင်ကျင်သွားတတ်လာတတ်ရှိခဲ့ပါတယ်။ ဘ၀မှာအနေကြာခဲ့ရတာကလဲ ရန်ကုန်မှာမဟုတ် လား။ ဟိုတုန်းက မွေးရပ်ဌာနေ ရွှေဘိုမြေဆီပြန်တိုင်း မန္တလေးမှာပဲ ရက်တော်တော်ကြာကြာ ၀င်တတ်နားတတ်ရောက်တတ်ခဲ့တာ အခါခါပေမဲ့၊ ‘၀င်းတွေနဲ့တည်ထားတဲ့ မန္တလေးနေပြည်’ ကို ရန်ကုန်လောက်မကျွမ်းကျင်ခဲ့တာကတော့ အမှန်ပါ။ ဒါပေမဲ့ အညာသွေး ဗမာသွေးကပဲ စကားပြောလို့လား၊ ကုန်းဘောင်သွေးကပဲစကားပြောလို့လား၊ ဘာလို့လဲတော့မသိပါ။ မန္တလေးကို ချစ်ခဲ့တာကတော့ ငယ်ငယ်ကတည်းကပါ။ ‘မန်းရတနာပုံနေပြည် ...’ဆိုတဲ့ အသံလေးနဲ့စလိုက်တဲ့ သီချင်းသံကိုကြားရရင် ငယ်ငယ်ကတည်းက ဘာရယ်မသိ လွမ်းတတ် ခဲ့ဖူးပြီး၊ ‘ ခြေတော် အသရေလျှမ်း ... ပြည်တော်ရွှေမန်း ...ငါးစောင်လေသိုက် ကျမ်း...စိုက်နန်းရယ် တည်တော်မူ...’ဆိုတဲ့ ခန့်ခန့်ညားညားစာသားစကားပိုဒ်တွေ ပါဝင်တဲ့
အောင်မင်္ဂလာ - နဲ့အစချီ လိုက်တဲ့ အောင်မင်္ဂလာသီချင်းကြီး သီချင်းခံသံကြီးကို ကြားလိုက် ရလေတိုင်းလဲ ရင်ထဲ တလှပ်လှပ် ခံစားခဲ့ရဖူးပါတယ်။ ‘ ... ကော်ရော်သံ - ကော်ရော်သံ ... ဆင်ပန်းလက်စုံမိုးတယ် ... မျိုးလေးပါး - ရာရာကျော် ...သက်တော်ရှည်စေကြောင်းငယ် ...တောင်းဆုချွေ ...’ဆိုတဲ့ ဆုတောင်းမေတ္တာပို့ သသံအပိုဒ်နဲ့အတူ‘ - - ဘုံဝေယံ ...နိုင်ငံ ပြည်သူ ...အေးစေဗိုလ်လူ ...’ဆိုတဲ့ အပိုဒ်ကတော့ ရင်ထဲမှာ အမြဲလိုလို လှိုင်းခတ်နေတတ် ခဲ့ပါတယ်။ ကျနော်ငယ်ငယ်လေးက ကျနော်တို့အိမ်အိုလေးရဲ့ထရံစုတ်လေးပေါ်မှာ အမေမှတ် မှတ်ရရ၀ယ်လာ ချိတ်ဆွဲထားတဲ့ ‘မန်းရာပြည့်’ ပြက္ခဒိန်လေးပေါ်က မန္တလေးနန်းမြို့ရိုးနဲ့ကျုံးရိပ် ရေပြင်ညို့ညို့ မန္တလေးအမှတ်အသား မန္တလေးပန်းချီကားလေးကိုလဲ အဲဒီတုန်းကတည်းက ခဏခဏငေးကြည့်မိရင်း အိပ်မက်ထဲအထိ မကြာမကြာမက်တတ် ခဲ့ဖူးပါတယ်။ ကျနော်မှတ်မိ သမျှ ကျနော့်အမေလယ်သူမကြီးရဲ့တသက်တာမှာ လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ် ကြီး ပုံတချပ်နဲ့ မဟာမြတ်မုနိဘုရားကြီးပုံတော်တချပ်ပြီးရင်၊ ပြက္ခဒိန်အဖြစ် ၀ယ်ဖူးတာဆိုလို့ အဲဒီမန္တလေးရာပြည့် အထိမ်းအမှတ် မန္တလေးနန်းမြို့ရိုးနဲ့ကျုံးရေပြင်ညို့ညို့ပါ ပြက္ခဒိန်တခုပဲ ၀ယ်ခဲ့ဖူးပါတယ်။ အမေခမြာ တော်တော်ကို ကြိုက်လွန်းလှလို့ဝယ်ခဲ့တာဖြစ်သလို၊ ကျနော့်ဘ၀ မှာလဲ ပထမဆုံး အိမ်မှာ စမြင်ဖူး စွဲလန်းနှစ်သက်ဖူးတဲ့ပန်းချီကားဟာ အဲဒီမန္တလေးနန်းမြို့ရိုးပုံ ပန်းချီကားလေးပဲ ဖြစ်ခဲ့ပါတယ်။ ငယ်ငယ်တုန်းက ရောင်စုံခဲတံဗူးလေး စရတော့၊ ကိုယ့်ဟာ ကိုယ် မကြာမကြာလိုက်လိုက်ပြီး ကူးယူဆွဲကြည့်ခဲ့ဖူးတာဟာလဲ အဲဒီပြက္ခဒိန်ပေါ်က မန္တလေးနန်းမြို့ရိုးပန်းချီကားလေးပါပဲ။ ကျနော်ပထမဆုံး မန္တလေးကိုစရောက်တော့၊ နန်းရှေ့ ဖက်ရောက်အောင်သွားပြီး၊ ငယ်ငယ်တုန်းကတည်းက အင်မတန်နှစ်သက်ခဲ့ဖူးတဲ့ မန်းရာပြည့် ပြက္ခဒိန်ပေါ်မှာပါခဲ့တဲ့ ပန်းချီကားထဲက ရှုခင်းလေးနဲ့တူမယ့်နေရာ သေချာရွေးပြီး တမေ့တမော ထိုင်ကြည့်ခဲ့ဖူးပါတယ်။

မန္တလေးဟာ ရွှေဘိုနဲ့ဘာမှမဝေးလှပေမဲ့၊ မန္တလေးကို ငယ်ငယ်ကတည်းက စွဲစွဲလန်း လန်းရှိခဲ့ပေမဲ့၊ ဘ၀အခြေအနေအရ ကျနော့်ရဲ့လူငယ်ဘ၀နှစ်ပေါင်းများစွာဟာ မန္တလေးကို ကျော်ပြီး ရန်ကုန်မှာ သွားကြီးပြင်းခဲ့ရပါတယ်။ အကြောင်းကြောင်းကြောင့် မန္တလေးကိုရောက် ဖြစ်ရင်လဲ တပတ်ဆယ်ရက် ဆယ့်ငါးရက်တွေထက် မပိုခဲ့ရသလို ဖြစ်ခဲ့ရပြီး မချင့်မရဲ ခံစားခဲ့ ရဖူးပါတယ်။ အဲဒီလို မချင့်မရဲ ခံစားခဲ့ရတဲ့ မန္တလေးကို ကြုံမယ့်ကြုံ ဆုံမယ့်ဆုံရတော့လဲ ၀ရမ်း
ပြေးဘ၀နဲ့ပဲ ရက်ပေါင်းများစွာ လရှည်နှစ်ပေါက် ရင်ချင်းအပ်ပွေ့ဖက်နွေးထွေးခဲ့ရပါတော့ တယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီးအပြီး၊ အရေးတော်ပုံကြီးရဲ့အကျိုးဆက် နိုင်ငံရေးပါတီ တွေ အလျှိုအလျှိုပေါ်ထွက်အပြီး၊ သိပ်တောင် များများစားစားမလှုပ်ရှားလိုက်ရပါဘူး၊ နိုင်ငံ ရေးနဲ့ပဲ ၀ရမ်းပြေးဘ၀ ထပ်ရောက်ရပါတယ်။ ဟိုဟိုဒီဒီကနေ နောက်ဆုံးမှာ မန္တလေးကို ရောက်လာ ရပါတော့တယ်။ ကျောင်းရိပ်ကန်ရိပ် သံဃာ့အရိပ်ပေါင်းစုံမှာခိုရင်း၊ ရဲဘော်တကာ မိတ်ဆွေ တကာရဲ့ခြံပေါင်းများစွာ အိမ်တကာမှာခိုရင်း၊ မန္တလေးမြို့ရဲ့နေရာပေါင်းစုံ လမ်းကြို လမ်းကြား ချောင်ကြားမကျန် အနှံ့ရောက်ရကျင်လည်ရပါတော့တယ်။ လူက ၀ရမ်းပြေးဖြစ်တဲ့ အပြင်၊ စက်ဘီးမြို့တော်ကြီးဖြစ်တဲ့ မန္တလေးမြို့ပေါ်မှာစက်ဘီးမစီးတတ်တဲ့ကျနော်ဟာ မြေလျှောက်ဝိဇ္ဇာတပိုင်း ဖြစ်ရပါတော့တယ်။ ဘယ်လောက်အထိတောင် မြေလျှောက်ဝိဇ္ဇာ ဖြစ်နေရသလဲဆိုတော့၊ ယူဂျီ တပိုင်းအဖြစ်နေနေရတဲ့ကာလတချို့မှာ မန္တလေးက မိတ်ဆွေ ရဲဘော်တချို့က အထူးသဖြင့် ဟာသကြွယ်ကြွယ်လူငယ်တချို့က ကျနော့်ကွယ်ရာမှာ သူတို့ အချင်းချင်းလျှို့ဝှက်နာမည်ပေးခေါ်နေကြတာက ‘မြေလျှောက်ဝိဇ္ဇာကြီး’ ဆိုတဲ့ အထိပါပဲ။ နောက်ပိုင်းကျတော့ တချို့က ‘၀ိဇ္ဇာ’ ကြီးလို့ သူတို့ဟာသူတို့နာမည်ပြောင်ပေးပြီး လျှို့ဝှက် ခေါ်ဆိုနေကြရာကနေ၊ ‘ပထမံကြီး’လို့ပြောင်းလဲခေါ်ဝေါ်တဲ့သူတွေလဲ ရှိခဲ့ရတဲ့အထိပါပဲ။ လူက လဲ ဟိုနေရာရောက်လိုက် ဒီနေရာရောက်လိုက်နဲ့မန္တလေးအနှံ့ ခြေစကြာဖြန့် နေခဲ့ရပါတော့ တယ်။ ကိုယ်ကိုယ်တိုင်ကလဲ အညာသားဖြစ်တဲ့အပြင် အသားအရောင်ကလဲ ကြေးနီရောင် မက ကြေးညိုကြေးမဲရောင်ပေါက်နေတော့၊ လွယ်အိတ်တလုံး ပခုံးပေါ်လွယ်ပြီး လမ်းတကာ ပေါ်ကုန်းကြောင်းလျှောက်နေတဲ့ ကျနော့်ကို မြင်ရသူ မသိကြသူအပေါင်းကတော့၊ ဘယ်က တောသား-မြို့တက် ဈေးလာဝယ်သလဲလို့ပဲ မြင်ကြလိမ့်မယ်ထင်ပါတယ်။ အဲဒီလိုတောင် ရောက်လိုက် မြောက်ရောက်လိုက်နဲ့မန္တလေးရွှေမြို့တော်ကြီးရဲ့နှလုံးသား တည့်တည့်ပေါ် မကြာမကြာ သွားလာလှည့်လည်နေတတ်တဲ့ ကျနော်ဟာ မန္တလေးမြို့ကြီးရဲ့ အထင်ကရနေရာ
(ဂ၄) လမ်းမကြီးပေါ်ကိုလဲ အကြိမ်ကြိမ်ဖြတ်သန်းခဲ့ရဖူးပါတယ်။
(ဂ၄) လမ်းမကြီးပေါ်ရောက်ရလို့ ‘လူထု’ တိုက်ရှေ့က မကြာခဏ ဖြတ်သန်းသွားရလေ တိုင်း ဖျတ်ကနဲ ရင်ခုန်တတ်လေ့ ရှိပါတယ်။ ဒီအနီးအနားဝန်းကျင်မှာ အမြဲလိုလို ထောက်လှမ်း ရေး ဒလျှိုဒလံတွေ ချထားတတ်တယ် - လို့ပြောကြဆိုကြ သတိပေးကြဖူးတဲ့ လုပ်ဖော်ကိုင် ဖက် မိတ်ဆွေအပေါင်းအသင်းတွေရဲ့ စကားသံတွေကို ပြန်ပြန်ကြားမိ သတိရမိနေတာ ကြောင့်တော့ မဟုတ်ပါ။
‘လူထု’ ဆိုတဲ့ စာလုံးလေးနှစ်လုံးနဲ့ရေးထိုးထားတဲ့ ကမ္ဗည်းဆိုင်းဘုတ်လေးဟာ ဆိုင်း ဘုတ်အနေနဲ့ကတော့ ဘာမှကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားမရှိပါ။ ဒုတိယမြို့တော်ကြီး ဖြစ်နေတဲ့ မန္တလေးမြို့ကြီးပေါ်မှာ ဧရာမဆိုင်းဘုတ်ကြီးတွေ နေရာအနှံ့ရှိပါတယ်။ ထိုးမုန့်ဆိုင် တခုရဲ့နာမည်ဆိုင်းဘုတ်၊ လဖက်ရည်ဆိုင်တခု၊ လွယ်အိတ်ဆိုင်တခုရဲ့ အမည်ဆိုင်းဘုတ် လောက်တောင် ကြီးကြီးမားမားထည်ထည်ဝါ၀ါ ဟိတ်နဲ့ဟန်နဲ့နေရာယူထားတာ မရှိပေမဲ့၊ တခြားတခြားသော ဆိုင်းဘုတ်ကြီးတွေနဲ့ယှဉ်လိုက်ရင် ဆိုင်းဘုတ်လေးဟာ ခပ်သေးသေးပါပဲ လို့တောင် ပြောရမှာဖြစ်ပေမဲ့၊ ‘လူထု’ ဆိုတဲ့ စာလုံးလေး နှစ်လုံးဟာ ထူးထူးခြားခြားသက်ဝင် လှုပ်ရှားနေပါတယ်။ ‘လူ’ ဆိုတဲ့ ပထမစာလုံးလေးကိုက ‘လ’ နဲ့တဆက်တည်း နှစ်ချောင်းငင် ဟာတချောင်းနဲ့တချောင်း-ခွဲမနေပဲ ခပ်သော့သော့လက်ရေးအသွင် တဆက်တည်းဆက်နေပါ တယ်။ ‘ထု’ ဆိုတဲ့ စာလုံးလေးက နောက်ဆုံးတချောင်းငင်လေးကလဲ လှိုင်းတွန့်လေးလို ကွေးတက်သွားပြီး ရိုးရိုးလေးနဲ့ထူးထူးခြားခြားဖြစ်နေရင်း လူနဲ့အတူဟန်ချက်ညီအချိုးကျနေ တယ် ထင်မိတယ်။ ဒါကိုက ‘လူထု’ တိုက် ရဲ့လူထုအထိမ်းအမှတ် ‘လူထု’ လိုဂို၊ ‘လူထု’ မူပိုင် ထရိတ်မတ်လေးသဖွယ် လူထုကြားမှာအသားကျနေခဲ့တာ နှစ်ပေါင်းနဲနဲနောနော မဟုတ် တော့။ ‘လူထု’ ဆိုတဲ့ စာလုံးလေးက ရိုးရိုးလေးနဲ့အားပါနေသလို၊ ‘လူထု’ ဆိုတဲ့ စာလုံးလေး နှစ်လုံးကိုဆက်ပြီး ထွက်ပေါ်လာခဲ့တဲ့ ဗမာဝေါဟာရ၊ ‘လူထု’ ဆိုတဲ့ ဝေါဟာရရဲ့အနက် အဓိပ္ပါယ်ကလဲ ရိုးရိုးလေးနဲ့အားမာန်ပြည့်နေရုံမက ကျယ်ကျယ် ပြန့်ပြန့်လေးလေးနက်နက်နဲ့ အခြေခံကျကျ အနှစ်သာရသဘောကို ဖေါ်ညွှန်းနေပါတယ်။ ‘လူထု’ ဆိုတာ အခြေခံအကျဆုံး သော အကျယ်ပြန့်ဆုံးသော အများတကာ့အများစုကြီးဖြစ်သော ပြည်သူပြည်သားအားလုံးကို ကိုယ်စားပြုထားတဲ့ ဝေါဟာရမဟုတ်လား။
ကနေ့ကာလမှာတော့ ‘လူထု’ဆိုတဲ့ဝေါဟာရဟာ ရေပန်းအစားဆုံးဝေါဟာရတခု ဖြစ်နေတာ ကြာပါပြီ။ ‘လူထုသဘောထား’ ‘လူထုစစ်တမ်းကောက်ယူချက်’ ‘လူထု တိုက်ပွဲ’ ‘လူထုခေါင်းဆောင်’ ‘လူထုထောက်ခံမှု’ ‘လူထု ဆန္ဒ’။
‘လူထု’ တိုက် နားက ဖြတ်သန်းသွားရလေတိုင်း၊ ‘လူထု’ဆိုတဲ့ ဆိုင်းဘုတ်လေးဆီလှမ်း ကြည့် မိလျက်သားဖြစ်တတ်ခဲ့ပြီး၊ နိုင်ငံရေးဝရမ်းပြေးတယောက်ဘ၀ပေမို့ တခါမှမ၀င်ဖြစ် အောင် သတိထားရှောင်ကွင်းခဲ့ရပေမဲ့၊ အဲဒီနားက ဖြတ်သန်းရတိုင်း ရင်ခုန်မိတတ်တာတော့ မှတ်မှတ်ထင်ထင်ပါပဲ။
ဒီ ‘လူထု’ ဆိုတဲ့ ဆိုင်းဘုတ်လေးနဲ့‘လူထု’ဆိုတဲ့ တိုက်အိမ်လေးထဲမှာ အမေလူထုဒေါ်အမာ ရှိနေလိမ့်မယ်၊ အမေဒေါ်အမာဟာ လူထုဒေါ်အမာဆိုတဲ့အတိုင်း လူထုရပ်တည်ချက်နဲ့ လူထု ဖက်က လူထုအတွက် စာပေတွေကို အိုကြီးအိုမပေမဲ့၊ ကလောင်မချ တက်တက်ကြွကြွ ရေးသားဖေါ်ကျူး နေလိမ့်မယ် - ဆိုတာတွေကို မှန်းမျှော်တွေးဆကြည့်မိရင်း စိတ်ထဲကနေ ဂါရ၀ပြုမိခဲ့တာကလဲ အကြိမ်ကြိမ်ပါပဲ။ ကျနော်တို့ကိုယ်တိုင် နိုင်ငံရေးစာပေတွေကို အသည်း အသန် ဖတ်ရှုစအရွယ်က လူထုတိုက်ထုတ်စာအုပ်စာပေတွေကို ဖတ်ရှုခဲ့ရတာနဲ့ အမေလူထု ဒေါ်အမာရဲ့ ‘ဘ၀ချင်းမတူသည့် တရုတ်ပြည်’၊ ‘အို - ယန်းကီးတို့’ ‘ငွေနဲ့လက်နက်’ တို့အပါ အ၀င် လူထုဦးလှရဲ့ ‘လှောင်ချိုင့်တွင်းက ငှက်ငယ်များ’၊ ‘အားလုံးကောင်းကြရဲ့လား’ ‘သတင်း စာများကပြောသော သမိုင်း’ စတဲ့စာအုပ်တွေအကြောင်း ဖျတ်ကနဲဖျတ်ကနဲသတိရမိတတ် ပါတယ်။

( ၂ )

ကျနော်တို့ဗမာပြည်စာပေသမိုင်းမှာအလေးထားရမယ့် စံတင်လောက်တဲ့ အမျိုးသမီး ကလောင်ရှင်တွေ ခေတ်အလိုက် ခေတ်အလိုက်ထွက်ပေါ်ခဲ့ဖူးပါတယ်။ ပဒေသရာဇ်ခေတ်တွေ လောက်ဆီကိုခဏထား၊ အနီးခေတ်ကာလလောက်အထိပဲ ခွဲကန့်ကြည့်မယ်ဆိုရင် ဒေါ်ဒဂုန် ခင်ခင်လေး၊ ဂျာနယ်ကျော် မမလေး၊ ဒေါ်ခင်မျိုးချစ်၊ ဒေါ်ခင်နှင်းယုနဲ့ အမေလူထုဒေါ်အမာ တို့ကို အားကောင်းမောင်းသန်တကယ့်ကလောင်ရှင်ကြီးတွေအဖြစ် တွေ့ရပါလိမ့်မယ်။ ဗမာ စာပေအနုပညာလောကမှာ မှတ်တိုင်ကိုယ်စီ စိုက်ထူထားနိုင်ကြပြီးသား၊ အနုပညာအရည် အသွေးပြည့် ကလောင်ရှင်ကြီးတွေ ဖြစ်သလို၊ ဒေါ်ဒဂုန်ခင်ခင်လေး၊ ဂျာနယ်ကျော် မမလေး နဲ့ အမေလူထုဒေါ်အမာတို့ဟာ သတင်းစာနဲ့ပါ ပတ်သက်နေကြတဲ့ ရှားရှားပါးပါး အမျိုးသမီး သတင်းစာပညာရှင်ကြီးတွေလဲ ဖြစ်ခဲ့ကြပါတယ်။ ဒေါ်ဒဂုန်ခင်ခင်လေးက ယုဝတီဂျာနယ်နဲ့ ယုဝတီ သတင်းစာကို ဦးစီးထုတ်ဝေခဲ့သူ၊ အမျိုးသမီးကလောင်ရှင်တွေကို ယုဝတီကလောင် ရှင် ဘွဲ့ပေးပြီး အမျိုးသမီးကလောင်ရှင်များအဖွဲ့ကို တည်ထောင်ခဲ့သူ ဖြစ်သလို၊ ဂျာနယ်ကျော် မမလေး ဆိုတာကလဲ ခင်ပွန်းသည် ဂျာနယ်ကျော်ဦးချစ်မောင် ကွယ်လွန်ပြီးကတည်းက ဂျာနယ်ကျော်နဲ့ ‘ပြည်သူ့ဟစ်တိုင်’ နေ့စဉ်သတင်းစာတွေကို မိန်းမသားတန်မယ့် နေ့စဉ်အပတ်စဉ်မပျက် ဦးစီးထုတ်ဝေခဲ့သူဖြစ်ပါတယ်။ ကျနော်တို့တွေရဲ့အမေ အမေလူထု ဒေါ်အမာ ဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ။ လူထုဂျာနယ်နဲ့ လူထုသတင်းစာ တို့ရဲ့ဖခင်ဟာ လူထုဦးလှ ဖြစ်ခဲ့ပြီး၊ လူထုဂျာနယ်နဲ့ လူထုသတင်းစာတို့ရဲ့မိခင်ရင်းအစစ် ဟာ လူထုဒေါ်အမာပေပဲပေါ့။ ခင်ပွန်းသည် လူထုဦးလှတယောက် ဖဆဆိုရှယ်တွေရဲ့ ယုတ်မာမှုနဲ့ နရသိန်ထဲ ထောင်ထဲ ကြွရောက်စံမြန်းနေရစဉ် ကာလတလျောက်လုံးမှာလဲ အမေလူထု ဒေါ်အမာ ကပဲ အဆက်မပြတ်ဦးစီးထုတ်ဝေရှေ့ဆောင်ခဲ့ရတယ် မဟုတ်လား။ ဂျာနယ်ကျော်နဲ့
ပြည်သူ့ဟစ်တိုင်ဟာ ဗမာပြည်စာနယ်ဇင်းသမိုင်းမှာသာမက ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှု သမိုင်းမှာပါ အရေးပါတဲ့ မှတ်တိုင်တွေရှိခဲ့သလို၊ လူထုဂျာနယ်နဲ့လူထုသတင်းစာ ဆိုတာဟာလဲ လူထုအတွက် လူထုဖက်က ထွန်းပြောင်တဲ့သမိုင်းအစဉ်အလာတွေ တသီကြီးနဲ့မဟုတ်လား။ ဂျာနယ်ကျော်မမလေးရဲ့ ‘ပြည်သူ့ဟစ်တိုင်’ ဟာအာဏာရအုပ်စိုးသူ ဖေါက်ပြန်သူ ဖဆဆိုရှယ် များရဲ့ ယုတ်ယုတ်မာမာ အကြမ်းဖက်ဝင်ရောက်ပြီး၊ စက်တွေကို ရဲဒင်းတွေ ပုဆိန်တွေနဲ့ ရိုက် ချိုး၊ ခဲစာလုံးနဲ့စာစီခွက်တွေပါမကျန် တူနဲ့ထု မှောက်လှန်ချေမွ ဖျက်ဆီးပစ်တာ ခံခဲ့ရဖူးသလို၊ လူထုဦးလှ လူထုဒေါ်အမာတို့ရဲ့ ‘လူထု’ ဟာလဲ ဗုံးနဲ့ခွဲတာတောင် ခံခဲ့ရဖူးပါတယ်။
ကနေ့ခေတ်ကာလလို မဟုတ်ပဲ၊ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက နိုင်ငံတကာ့ လှုပ်ရှားမှုတွေအတွင်းအထိ တက်တက်ကြွကြွပါဝင်လှုပ်ရှားခဲ့ဖူးတဲ့ ရှားရှားပါးပါး ဗမာအမျိုး သမီးကလောင်ရှင်တွေအဖြစ် ထူးထူးခြားခြား မှတ်တမ်းတင်ထားရမှာကလဲ ဂျာနယ်ကျော် မမလေး နဲ့လူထုဒေါ်အမာပဲ ရှိမယ်ထင်ပါတယ်။ ဂျာနယ်ကျော်မမလေးဟာ ၁၉၅၈ ခုနှစ် လောက်က ဂျပန်နိုင်ငံမှာကျင်းပခဲ့တဲ့၊ အနုမြူ ဗုံးပိတ်ပင်ရေး၊ အနုမြူဗုံးမစမ်းသပ်ရေး၊ စစ်ဆန့်ကျင်ရေးညီလာခံကွန်ဖရင့်ကြီးသို့၊ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဖရင့် မြန်မာနိုင်ငံမှ ကိုယ်စား လှယ် တဦးအဖြစ်တက်ရောက်ခဲ့ဖူးပါတယ်။ အမေလူထုဒေါ်အမာဟာလဲ ၁၉၅၃ ခုနှစ်က ဒိန်းမတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ‘ကမ္ဘာ့အမျိုးသမီးများညီလာခံကြီး’ကို မြန်မာနိုင်ငံက အမျိုးသမီး ကိုယ်စားလှယ်အဖြစ် ပါဝင်တက်ရောက်ခဲ့ဖူးသူဖြစ်ပါတယ်။ ဆရာကြီး သခင်ကိုယ်တောမှိုင်း ဦးဆောင်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးလှုပ်ရှားမှု ၊ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုတွေအတွင်း တက် တက်ကြွကြွပါဝင်ခဲ့ကြတဲ့ ရှားရှားပါးပါး အမျိုးသမီးကလောင်ရှင်တွေထဲမှာ ဂျာနယ်ကျော် မမလေး နဲ့အမေလူထုဒေါ်အမာတို့ဟာ ရှေ့တန်းအခန်းက ပါခဲ့ဖူးသူတွေ ဖြစ်ပါတယ်။
အနီးခေတ်ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှု သမိုင်းတလျောက်မှာ၊ အမှန်တရားဘက်ကနေ ရပ်တည်လှုပ်ရှားခဲ့ကြတဲ့၊ သမိုင်းတာဝန်ကြေပြွန်ခဲ့ကြတဲ့၊ ထက်မြက်တဲ့ ကလောင်တွေလဲ အဆက်မပြတ်လိုလို ပေါ်ပေါက်ခဲ့ပါတယ်။ ကျနော့်တဦးချင်းခံစားနားလည်မှုအရ ပြောရရင်၊ နိုင်ငံရေးအရပါ နိုးကြားတက်ကြွတဲ့ ကလောင်ရှင်တွေထဲမှာ အမျိုးသမီးတွေထက် အမျိုးသား ကလောင်ရှင်တွေက ပိုပြီးများပါတယ်။ အဲဒီလို နိုင်ငံရေးအရပါ တိုးတက်တဲ့၊ နိုးကြားထက်မြက် တဲ့ ရှားရှားပါးပါး အမျိုးသမီး ကလောင်ရှင်တွေထဲမှာတော့ ကျနော့်အမြင်မှာ အမေလူထု ဒေါ်အမာ ဟာ ရှေ့ဆုံးကဖြစ်တယ်လို့ ဆိုလိုက်ချင်ပါတယ်။
အမေလူထုဒေါ်အမာဟာအားကျစရာကောင်းလောက်အောင်စာစုံရေးနိုင်ခဲ့တဲ့ ကလောင် ရှင်လဲ ဖြစ်ပါတယ်။ ဘာသာပြန်တွေရော ပင်ကိုရေးတွေပါ၊ ရသရော သုတပါ၊ နိုင်ငံရေးရော လူမှုရေးတွေပါ၊ အမျိုးဘာသာသာသနာအရေးတွေရော၊ အနုပညာယဉ်ကျေးမှု အမွေအနှစ် တွေပါ၊ ဘာဆိုဘာမှ မလပ်ရအောင် ထောင့်စုံအောင် စာစုံရေးနိုင်ခဲ့တဲ့ တကယ့်ကလောင်ရှင် ဆိုတာ စစ်မှန်တဲ့ဗမာပြည် စာပေအနုပညာသမားတိုင်းသိပါတယ်။ စာပေအနုပညာ ၀မ်းစာ ကလဲ ကုံလုံကြွယ်ဝသူဆိုတော့၊ ဆေးစက်ကျရာ အရုပ်ထင်စေနိုင်တဲ့ တကယ့်ပန်းချီကျော် တဦးလို၊ မြင်မြင်သမျှ ကြားကြားသမျှ၊ စိတ်ဝင်စားဖွယ်ဖြစ်အောင် ရေးပြနိုင်စွမ်းရှိတဲ့ စာပေအနု ပညာရှင်လဲဖြစ်ပါတယ်။ ဘာတွေရေးရေး၊ ရည်ရွယ်ချက်နဲ့စေတနာ အတိုင်းသားပါနေတာက တော့ အမေလူထုဒေါ်အမာရဲ့ စာပေလက်ရာတွေတိုင်းပေါ်မှာပါပဲ။
အမေလူထုဒေါ်အမာဟာ မန္တလေးသူပါ။ မန္တလေးဆိုတာ ကုန်းဘောင် (၁၁) ဆက်ရဲ့ (၁၀) ဆက်မြောက်မင်း၊မင်းတုန်းမင်းကြီး တည်ထောင်ခဲ့တဲ့ ရတနာပုံမင်းနေပြည်မြို့တော်ကြီးဖြစ် သလို၊ နောက်ဆုံးမင်းဆက် သားတော်သီပေါမင်းလက်ထက်မှာ ထီးကျိုးစည်ပေါက် သူ့ကျွန် ဘ၀ရောက်ခဲ့ရပြီး ကုန်းဘောင်ခေတ်ရဲ့နေ၀င်ချိန်မှာ ဗမာဘုရင်ခေတ်ရဲ့နောက်ဆုံးထီးစိုက် နန်းစိုက်ခဲ့ရာ မြို့တော်ကြီးလဲ ဖြစ်ခဲ့ပါတယ်။ ကုန်းဘောင်ခေတ်ရဲ့နောက်ဆုံး အမှတ်အသားလို့ ဆိုပေမဲ့၊ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းရဲ့ပြယုဂ်၊ ရာဇ၀င်ရှိတဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေ
အနှစ်တွေနဲ့ပြည့်နှက် ထုံမွှမ်းနေဆဲနေရာ၊ ဗမာအမျိုးသားတွေရဲ့ထင်ရှားတဲ့ အမျိုးသားယဉ် ကျေးမှု အမှတ်လက္ခဏာသင်္ကေတတခုလဲပဲ ဖြစ်ခဲ့ပါတယ်။ မန္တလေးဟာ ထင်ရှားတဲ့ ကိုယ့်မူ ကိုယ့်ဌာန် ကိုယ့်သဏ္ဍာန်နဲ့ကိုယ်ပိုင်ဟန်ရှိတဲ့ မြို့တော်ကြီးတခုလဲပဲ မဟုတ်လား။ စကားမှာ တောင် ချိုသာယဉ်ကျေးတဲ့ အခေါ်အဝေါ်အသုံးအနှုန်းတွေနဲ့‘မန်းစကား’ ဆိုတာ ထူးခြားတဲ့ ကိုယ်ပိုင်ဟန် ရှိတယ်မဟုတ်လား။
ဆရာစွမ်း (ဆရာမောင်စွမ်းရည်) ကတော့ မန္တလေးသူဖြစ်တဲ့ အမေလူထုဒေါ်အမာ ရဲ့ ရေးဟန်ကို ‘မန်းသံ အပြည့်နဲ့အသုံးထူးအလင်္ကာတွေ ဝေေ၀ဆာဆာနဲ့ဗြန်းဗြန်းကွဲ ရေးလေ့ ရှိတယ်’ လို့ မှတ်ချက်ပြု ဖေါ်ပြခဲ့ဖူးပါတယ်။ ဟုတ်ပါတယ်။ အမေလူထုဒေါ်အမာရဲ့ ရေး ဟန်ဟာ မန်းသံ မန်းဟန်အပြည့်နဲ့ တကယ့်ကို ထူးထူးခြားခြားကိုယ်ပိုင်ဟန်ရှိတဲ့ ရေးဟန်ပါ။ မန္တလေးဟာ ဗမာဘုရင်ခေတ်ရဲ့နောက်ဆုံးနန်းစိုက်ခဲ့ရာ မင်းနေပြည်မြို့တော်ကြီးတခု ဖြစ်ခဲ့လေ တော့၊ တချို့ကတော့ - ‘မန်းဟန်’ ‘မန်းသံ’ ဆိုတာ ‘နန်းဆန်’ တာ လို့ပဲမြင်ချင်မြင် ကြနိုင်ပါတယ်။ အမေလူထုဒေါ်အမာရဲ့ မန်းသံ မန်းဟန်ကတော့၊ ကျနော့်အမြင်မှာ အင်မတန် ကို ‘လူထုဆန်’ ပါတယ်။ လူထုကြားမှာ လူထုတွေ နေ့စဉ်သုံးစွဲပြောဆိုနေကြတဲ့ လူထုသုံး စကားတွေနဲ့ပဲ ဝေေ၀ဆာဆာဖြစ်အောင် ပေါ်ပေါ်လွင်လွင်ဖြစ်အောင် ရေးသားဖေါ်ကျူးပြလေ့ ရှိပါတယ်။ လူထုကြား ခိုင်းနှိုင်းပြောဆိုသုံးစွဲနေကြတဲ့ ပြောထုံးဆိုထုံးလေးတွေ၊စကားပုံလေး တွေ၊ ဆိုရိုးစကားလေးတွေ၊ ဒေသိယလေလေးတွေ၊ လူထုအလင်္ကာလေးတွေကတော့၊ သူ့ နေရာနဲ့သူ၊ ‘ဂွင်’ ကို ကျလို့ပေါ့။ တမင်ဟန်လုပ်ပြီး ရေးထားတာမဟုတ်ပဲ၊ ရင်ထဲကလာတဲ့ အသံနဲ့ရေးထားတဲ့ အမေရဲ့လက်ရာတွေဟာ၊ အမေ၀မ်းစာဘယ်လောက်ရှိတယ် ဆိုတာ၊ ဝေါဟာရတွေ ဘယ်လောက်ကြွယ်တယ်ဆိုတာ၊ အမျိုးသားယဉ်ကျေးမှုအနှစ်သာရနဲ့ ဘယ် လောက် တသားတည်းဖြစ်နေသလဲဆိုတာ လှစ်ကနဲလှစ်ကနဲ
ထင်ဟပ်ပြနေသလိုပါပဲ။
အမေလူထုဒေါ်အမာဟာ စာပေနယ်မှာ သူကိုယ်တိုင် အင်မတန်အရိပ်အာဝါသကြီးတဲ့ စာပေပင်ရိပ်ကြီးတပင်ဖြစ်နေပေမဲ့၊ နောက်ထပ် နောက်ထပ်သော စာပေပင်ရိပ်ပျိုပင်ရိပ်ငယ် လေးတွေရဲ့အဆက်မပြတ်ဖွံ့ ဖြိုးကြီးထွားတိုးတက်လာရေးကိုလဲ ဂရုတစိုက် အရေးတယူ ဖေး ကူ လမ်းပြသွန်သင်တတ်လေ့ရှိတာ သတိထားမိပါတယ်။ သူ့မြေးအရွယ်လောက်ပဲ ရှိမယ့်၊ ‘ချောအိမာန်’ ဆိုတဲ့ မန္တလေးသူ ကလောင်ရှင်မလေးရဲ့ ‘ကောင်းကင်အနမ်း’ဆိုတဲ့ စာအုပ် ကလေး အတွက် အမှာစကား ရေးသားချီးမြှင့်ပေးရာမှာ၊ အမေလူထုဒေါ်အမာက
‘ အမေလျှောက်ခဲ့တဲ့ လမ်းကို ခေတ်လူငယ်တယောက်အနေနဲ့ လျှောက်ဖော်ရတဲ့အတွက် အမေအရမ်းဝမ်းသာတယ်။ စာကစေတနာနဲ့များများရေးလေ ကောင်းလေလေပဲ၊ ဟန်လုပ်ပြီး ရေးရင် မကောင်းတော့ဘူး။ အမေမှာချင်တာကတော့ လူငယ်တွေ စာတွေများများဖတ်ပြီး၊ စာတွေများများ ရေးကြပါလို့ ...’ တဲ့။
လူငယ်တွေ စာတွေများများဖတ်ပြီး စာတွေများများရေးကြမှာကို လိုလိုလားလားရှိလွန်းလှ တဲ့ အမေလူထုဒေါ်အမာဟာ ကိုယ်တိုင်လဲ စာတွေများများဖတ်ပြီး များများရေးနိုင်ခဲ့သူ ဖြစ်ပါ တယ်။ အမေရေးခဲ့တဲ့ စာတွေနဲရော့သလား။ လူထုဂျာနယ် လူထုသတင်းစာ ပုံမှန်ထုတ်ဝေနေ တုန်းကတည်းက ညနက်သန်းကောင်အထိစာတွေဖတ်၊ ပရုဖ်တွေပါ ဖတ်ရလွန်းလို့၊ အသက် (၃၉)နှစ် လောက်ကတည်းက မျက်မှန် စတပ်ခဲ့ရတဲ့အမေဟာ အိုကြီးအိုမအရွယ်အထိလဲ စာတွေဖတ် စာတွေရေးနေလိုက်တာ အားကျစရာပါပဲ။
ကျနော်တို့ကအမေလူထုဒေါ်အမာကို သည့်ထက်သည် အသက်ရာကျော်ရှည်စေချင်ပြီး၊ လူထုအတွက် လူထုဖက်က အမေ့စာတွေကို သည့်ထက်သည်များနိုင်သမျှ များများကြီး၊ များလေ ကောင်းလေ ဖတ်ချင်ပေမဲ့၊ မတရားအာဏာယူထားတဲ့၊ လူထုက လုံးဝမကြည်ဖြူတဲ့ နအဖစစ်အစိုးရနဲ့စစ်အစိုးရ ရဲ့လက်ကိုင်ဒုတ်တွေ ၊ ကပ်ဖားရပ်ဖား လူရမ်းကားတွေကတော့ အမေ့ကို မလိုမုန်းထား ရန်ငြိုးထားရင်း၊ အမေ့စာတွေအပေါ် မရှုစိမ့်နိုင်ရုံမက တတ်နိုင်ရင် အမေ့ကို မြန်မြန်သေစေချင်နေကြတဲ့အထိတောင် အကုသိုလ်ပွားနေကြတာကိုလဲ ကြားနေ သိနေရပါတယ်။ လွန်ခဲ့တဲ့ (၁၀)နှစ်လောက် ၁၉၉၇ ခုနှစ်လောက်တုန်းကလဲ၊ အသက်(ဂ၂) နှစ်အရွယ်မှာရာသီဥတုက ပူလောင်လွန်းလို့ မေမြို့တက်နေရရှာတဲ့ အမေ့ကို၊ နအဖဖက်က သူတောင်းစားတွေက ‘ဒေါ်အမာ အိမ်မှာရှိသလား’ လို့သုံးကြိမ်လောက် ဖုန်းဆက်မေးရုံနဲ့ တောင် အားမရလို့ အိမ်အထိတောင်လာပြီး၊ ‘ဒေါ်အမာ သေတယ်ကြားလို့ဟုတ်သလား’ လို့ လာမေးခဲ့ကြဆိုပဲ။ အမရပူရ တောင်လေးလုံးကျောင်းက ဆရာတော်ဦးပညာ ဆီကိုလဲ ‘ဒေါ်အမာ သေတယ် ကြားတယ်၊ ဟုတ်သလား’ လို့မေးတဲ့သူက လာမေးကြသေးတယ် ဆိုပဲ။ အဲဒီတုန်းက အဖြစ်အပျက်ကိုတော့၊ အမေလူထုဒေါ်အမာကိုယ်တိုင် ပင်တိုင်ရေးနေတဲ့ ‘မိုး - ဂျာနယ်’ ကနေ ‘တုံးကျော်မ’ ဆိုပြီး ပြန်ရေးပြခဲ့ဖူးတာ ကျနော်တို့ဖတ်ရဖူးပါတယ်။ ဒါကြောင့် (၂၀၀၅)ခုနှစ်ကအမေ့အသက် (၉၀)ပြည့်အဖြစ် တောင်သမန်အင်းစောင်းက ကိုပညာရဲ့ တောင်လေးလုံးကျောင်းမှာ အခမ်းအနားပွဲ လုပ်ကြတဲ့အခါ၊ အရင်က ‘လမင်းတရာ အငြိမ့်’ ကို ခေါင်းဆောင်ကခဲ့တဲ့ မဌေးဌေးမြင့်(ပန်တျာ ဌေးဌေးမြင့်)က အမေ့ရဲ့ရှေ့မှောက်မှာပဲ ပထမဆုံး ဂုဏ်ပြုအဖွင့်အဖြစ် နာမည်ကျော် လေဘာတီရဲ့ ‘တုံးကျော်မ’ သီချင်းကို သီဆိုပြီး ဂါရ၀ပြု ဖွင့်လှစ်ပေးခဲ့တာကိုလဲ ဗွီစီဒီအပြားပေါ်ကနေတဆင့် ကျနော်တို့မှတ်မှတ်ရရ ကြည့်လိုက်ရဖူး ပါတယ်။ အမေကအတီးမပါ အဆိုပိုင်ပိုင်နဲ့သီဆိုပြသွားတဲ့ မဌေးဌေးမြင့်ရဲ့တုံးကျော်မသီချင်း ကိုနားဆင်ရင်း လှလှပပကြီးပြုံးလို့မဟုတ်လား။ ဟော..မကြာသေးခင် တလောလောက်ကပဲ၊ မန္တလေးမှာ နအဖဖက်သား လူရမ်းကားနွယ်ဝင် မသမာအဖွဲ့ဝင်တချို့က အမေလူထုဒေါ်အမာ ကို အောက်လမ်းနည်းတွေနဲ့ ဟိုလိုလိုဒီလိုလိုစကားတင်းဆိုလာကြတဲ့အသံတွေ တကျော့ပြန် ထွက်ပေါ်လာတာ ကြားလိုက်ရပြန်ပါတယ်။
အမေ့ကလောင်ကို ရောင်ခြည်မထွက်နိုင်အောင် အမှောင်ချ၊ ပိတ်ကြ ပင်ကြဦးမလား တောင် မသိပါဘူး။ ဘာပဲဖြစ်ဖြစ် အမေကတော့သတ္တိရှိရှိ နှလုံးသွေးနဲ့တုံးကျော်မ သီချင်းသံကို နားဆင်ရင်း လှလှပပကြီးပြုံးနေဦးမှာပါပဲ။

(၃)

အမေလူထုဒေါ်အမာဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ မွေးသက္ကရာဇ် အတူတူ တခုတည်း ဖွား၊ ၁၉၁၅ ခုနှစ်ဖွား ဆိုတော့၊ ဒီနှစ်ဆိုရင် အသက် (၉၂) နှစ်တောင် ရှိပါပြီ။ မကြာမီ ရက်ပိုင်း အတွင်း၊ နိုဝင်ဘာ (၂၉) ရက်နေ့ဆိုရင်အသက် (၉၂) နှစ်တင်းတင်းကြီး ပြည့်တော့မှာပါ။
နှစ်စဉ်လိုလို မွေးနေ့ကျင်းပနေကျ၊ တောင်သမန်အင်းစောင်းက တောင်လေးလုံး ကျောင်းမှာ အသက် (၉၀) ပြည့်ပွဲကို (၂၀၀၅)ခုနှစ်က ကျင်းပနိုင်ခဲ့ပေမဲ့၊ မနှစ်က (၂၀၀၆) ခုနှစ်ကတော့ အသက် (၉၁) နှစ်ပြည့်ပွဲကို ကျင်းပနိုင်ခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။ ဒီနှစ်ကော - ကျင်းပနိုင်ခွင့် ရပါ့မလား။
ဒီနှစ်ဟာ အမေလူထုဒေါ်အမာရဲ့အသက် (၉၂) မြောက်ဖြစ်သလို၊ အမေလူထုဒေါ်အမာ ရဲ့ - အမေကိုယ်တိုင် ခေါင်းစည်းတပ်ပြီး မကြာမကြာရေးဖွဲ့လေ့ရှိတဲ့ (ငယ်ကကျွမ်းတဲ့ ခင်ပွန်း သည်သို့) ဆိုတဲ့ ငယ်ကကျွမ်းတဲ့ခင်ပွန်းသည် လူထုဦးလှ ကွယ်လွန်ခဲ့တာ (၂၅) နှစ်မြောက်လဲ ဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ် သြဂုတ်လ (၇)ရက်နေ့က ကွယ်လွန်ဆုံးပါးသွားခဲ့ရတဲ့ လူထုဦးလှ ဟာ ၁၉၁၀ ပြည့် ဇန်န၀ါရီ (၁၉) ရက်နေ့ဖွားပါ။ အခုချိန်အထိ ရှိဦးမယ်ဆိုရင် (၉၇) နှစ်တောင် ကျော်ပြီပေါ့။ နောက် (၂) နှစ်ကျော်ကျော် ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလထဲဆိုရင် လူထုဦးလှရာ ပြည့်ပေါ့။ ကျနော်တို့ကတော့ လူထုဦးလှရာပြည့်ပွဲကို အမေလူထုဒေါ်အမာကိုယ်တိုင် ဦးစီး ကျင်းပသွားတာမြင်ချင်သလို၊ အမေကိုယ်တိုင် အမေ့ရာပြည့်ပွဲကို မျက်ဝါးထင်ထင် တွေ့မြင် သွားရေးကိုလဲ တမ်းတမ်းတတ ဆန္ဒပြုမိနေပါတယ်။
ကျနော်ဟာ အမေလူထုဒေါ်အမာရဲ့စာတွေနဲ့ ငယ်ငယ်ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့ရ ဖူးပေမဲ့၊ အမေလူထုဒေါ်အမာကို စတင်တွေ့ဖူးတာကတော့ ကျနော်အသက် (၃၀) ကျော်မှပါ။ အမေလူထုဒေါ်အမာတို့ လူထုဦးလှတို့ကိုယ်တိုင်လဲ ကြုံတွေ့ရင်ဆိုင်ဖြတ်သန်းခဲ့ရဖူးပြီး၊ နာမည် ကိုတောင် မခေါ်ချင်လွန်းလို့- ‘ဟိုအထဲ’ လို့အမှတ်သညာပြုထားကြတဲ့ ‘ထောင်ထဲ’ ကနေ ထွက်လာပြီးတဲ့နောက်ပိုင်းမှာမှ စတင်တွေ့ရဖူးတာပါ။ နှစ်ကတော့ ၁၉၈၆ လား၊ ၁၉ဂ၇ လား၊ သိပ်မကွဲပြားလှတော့ပေမဲ့၊ စာဆိုတော်လကြီး ဆိုတာကိုတော့ မှတ်မှတ်ရရ မှတ်မိနေပါတယ်။
အဲဒီနှစ်မှာ ထောင်ထဲမှာတုန်းက အတူနေဘက် တကသ - ဗကသခေါင်းဆောင်ဟောင်း အကို ကြီးကိုလှရွှေတို့ရဲ့ ဘိုကလေးစာပေဟောပြောပွဲ ထူးထူးခြားခြား ဖြစ်မြောက်ရေးနဲ့ပတ်သက်ပြီး တော့ဖြစ်ပါတယ်။ အကိုကြီးကိုလှရွှေတို့နဲ့ လုပ်တူကိုင်ဖက် ကျောင်းဆရာမဟောင်းကြီး တယောက်က ‘နှစ်စဉ် ဘိုကလေးမြို့မှာ ကျင်းပလာခဲ့တဲ့ စာဆိုတော်နေ့စာပေဟောပြောပွဲတွေ ဟာ မဆလနွယ်ဝင် စာပေသမားယောင်ယောင် တဦးကချည်းပဲ၊ သူ့ခြေသူ့လက်လုပ်ပြီး ဖိတ် တာကြားတာ ဦးစီးလုပ်ကိုင်နေတာဟာ တနှစ်မှလူသူလေးစားစရာ တူတူတန်တန်စာရေးဆရာ စာရေးဆရာမကြီးတွေ မပါဖူးဘူး၊ ဒါကြောင့် ဒီနှစ်တော့ အတိုက်ခံလုပ်ပြီး တူတူတန်တန်စာပေ ဟောပြောပွဲဖြစ်အောင် လုပ်ပြမယ်ဆိုပြီး တာဝန်ယူလာခဲ့ပြီ၊ အဲဒီအတွက် ၀ိုင်းပြီးအကူအညီ ပေးကြပါအုန်း’ ဆိုပြီး ကိုလှရွှေအားကိုးနဲ့ ကိုလှရွှေနေထိုင်ရာ ရန်ကုန်ကို ဆင်းလာရာကနေ ကျနော်နဲ့ပါ ဆုံဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အကိုကြီးကိုလှရွှေက ‘ဟေ့ကောင် - မင်း အကူအညီပေး အုန်း ’ဆိုပြီး ကျနော့်ကိုပြောတော့၊ ကျနော်က ကျနော်နဲ့ရင်းနှီးတဲ့ မနုနုရည် (နုနုရည် - အင်းဝ) တို့ကိုပြောပြပြီး ထပ်ဆင့်အကူအညီ တောင်းပါတယ်။ မနုနုရည်က မန္တလေးက လူထုဒေါ်အမာ ကိုပါ ရအောင်ဖိတ်ပေးမယ် တာဝန်ယူပြီး သူပါဘိုကလေးဟောပြောပွဲကို လိုက်ဟောဖို့တာဝန် ယူပါတယ်။ အဲဒီနှစ်က ဘိုကလေးမှာကျင်းပတဲ့ စာပေဟောပြောပွဲဟာ ဘယ်နှစ်ကနဲ့မှမတူ အောင် တူတူတန်တန် စည်စည်ကားကား ဖြစ်မြောက်သွားခဲ့ပါတယ်။ (ဆရာဂျမ်းတို့၊ ဆရာစွမ်း တို့တောင် ပါဝင်ဟောပြောဖြစ်သေးတယ် ထင်ပါတယ်။ ကောင်းကောင်းတော့ မမှတ်တော့ပါ။)
ကျနော်မှတ်မိနေတာကတော့ ဘိုကလေး စာပေဟောပြောပွဲအတွက် အမေလူထုဒေါ် အမာ မန္တလေးကနေ ရန်ကုန်ကိုဆင်းလာတော့၊ အကိုကြီးကိုလှရွှေနဲ့ကျနော်ဟာ အမေလူထု ဒေါ်အမာကို သွားကြိုကြပါတယ်။ မနုနုရည်တို့လင်မယားရဲ့ အကူအညီနဲ့အမေလူထုဒေါ်အမာ တည်းနေကျ ရန်ကုန်ကဦးအေးကြည်ရဲ့အိမ်အထိ သွားတွေ့ဖြစ်ကြတာပါ။ အမေလူထု ဒေါ်အမာကတော့ ပြုံးပြုံး ပြုံးပြုံးနဲ့ပါပဲ။ အဲဒီတုန်းက အမေဒေါ်အမာဟာ အသက်(၇၀) ကျော် အရွယ်ရှိနေပါပြီ။ ဒါပေမဲ့ သွက်သွက်လက်ရှိတုန်း၊ သွားနိုင် လာနိုင်တုန်းပေါ့။
အမေလူထုဒေါ်အမာနဲ့ကျနော် ဒုတိယအကြိမ် ဆုံဖူးရတာကတော့ လူချင်းမဟုတ်ပါ။ စာ ချင်းလဲ မဟုတ်ပါ။ ဒါပေမဲ့ ကျနော့်ရင်ထဲမှာ ဘယ်တော့မှ မမေ့နိုင်စရာအဖြစ်တခုအဖြစ် တိုက် တိုက်ဆိုင်ဆိုင် မှတ်မှတ်သားသားဖြစ်နေခဲ့ပါတယ်။ သမိုင်းဝင် ရှစ်လေးလုံးအရေးတော်ပုံလှုပ် ရှားမှုကြီးနဲ့လဲ ဆက်စပ်ပတ်သက်နေတာကြောင့်မို့ပါ။ ရှစ်လေးလုံးအရေးတော်ပုံကြီး မြေတုန် ဟီးအောင် ပေါ်ထွန်းနေစအချိန်ကြီးမှာ၊ ဘားကောင်စီကျေညာချက် ထွက်ပေါ်လာပြီး မကြာခင် မှာပဲ၊ ကျနော်တို့စာပေအနုပညာရှင်တွေကလဲ မဆလစစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့ ကျေညာချက်တစောင် လက်မှတ်တွေရေးထိုး လှုပ်ရှားခဲ့ကြပါတယ်။ တာဝန်ယူ ဆောင်ရွက်သူ တွေက နေရာအသီးသီးခွဲပြီး လက်မှတ်ရေးထိုး ကောက်ခံရယူရာမှာ ကျနော့်ရဲဘော် အယ်ဒီတာတဦးက ကျနော့်ဆီ လက်မှတ်ယူဖို့ရောက်လာခဲ့ပါတယ်။ မှတ်မှတ်ရရ ‘ချယ်ရီ မဂ္ဂဇင်း’ အယ်ဒီတာအဖွဲ့ဝင်တဦးဖြစ်တဲ့ ‘ကိုထွဋ်’ ရဲ့စားပွဲပေါ်မှာပါ။ လက်မှတ်ရေးထိုးဖို့ ပေးလာသူကတော့ ဆရာမောင်ကိုယုရဲ့လူရင်း၊ ဆရာမောင်ကိုယု နာယကလုပ်နေတဲ့ ‘မြတ်လေး’ မဂ္ဂဇင်းက နောက်ကွယ်အယ်ဒီတာတဦး ဖြစ်ပါတယ်။ ကျနော်က တက်တက် ကြွကြွနဲ့ လက်မှတ်ရေးထိုးပေးဖို့၊ ကျနော့်ဆီ ထိုးပေးလာတဲ့ စာရွက်ဖြူကို သေသေချာချာ ကြည့်လိုက်တော့၊ အပေါ်ဖက်မှာ လက်မှတ်တွေ တချို့အစီအရီ ထိုးထားပြီးသား ဖြစ်နေပါပြီ။ ကျနော့်ဆီ ပေးလာတဲ့ စာရွက်ဖြူပေါ်မှာ၊ ကျနော် လက်မှတ်ရေးရထိုးရမယ့်နေရာရဲ့အပေါ်မှာ နောက်ဆုံးလက်မှတ်ရေးထိုးထားတာကတော့ ဆရာ ‘လူထု စိန်ဝင်း’ ပါ။ ဆရာလူထုစိန်ဝင်းရဲ့ အပေါ်မှာ ကပ်လျက်သား တွေ့ရတာကတော့၊ အမေ ‘လူထုဒေါ်အမာ’ ပါပဲ။ အမေလူထု ဒေါ်အမာနာမည်နဲ့ လူထုဒေါ်အမာ ကိုယ်စားဆိုပြီး ဆရာလူထုဦးစိန်ဝင်းကပဲ လက်မှတ်ထိုး ထားပါတယ်။ ‘လူထုဒေါ်အမာရဲ့ ဖုန်းနဲ့လှမ်းပြီး အကြောင်းကြားချက်အရ’ ဆိုပြီးလဲ ဆရာလူထု ဦးစိန်ဝင်းက ဖေါ်ပြရေးသားထားပြီး လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။ ကျနော့်ရင်ထဲမှာ လှိုက်ကနဲ ခုန်သွားရပြန်ပါတယ်။ အမေလူထုဒေါ်အမာဆိုတာ အဲဒီလို အမေမျိုးပါကလား။ လူထုအရေး လူထုတိုက်ပွဲတွေနဲ့ပတ်သက်ရင်၊ ဘယ်နေရာကပဲဖြစ်ဖြစ်၊ ရှိရာနေရာ ကြားရာ အရပ်ကနေ တက်တက်ကြွကြွ ပါဝင်ပူးပေါင်းတတ်သူပါကလား။ လူထုအရေးအတွက် လူထု ဖက်ကနေ လူထုတိုက်ပွဲတွေနဲ့အစဉ်ထာဝရ တသားတည်း ကျနေတတ်သူမျိုးပါကလားလို့ မှတ်မှတ်သားသား ဖြစ်ခဲ့ရပါတယ်။ ကျနော်ဟာ အမေတို့လူထုဦးစိန်ဝင်းတို့ရဲ့ အောက်ခြေကပ် လျက်သားကနေ ဂုဏ်ယူစွာနဲ့ လက်မှတ်ရေးထိုးခဲ့ဖြစ်ပါတယ်။ ကျနော်ပြီးတော့ အဲဒီစာရွက် ပေါ်မှာပဲ အဲဒီနေရာနားမှာပဲ လက်မှတ်ထိုးပေးသူကတော့ ကာတွန်းကိုဝင်းထွန်း (အခု ပြည်ပ ရောက် - ကာတွန်း မစ္စတာဘားမား) လို့ပဲ စိတ်ထဲမှာ စွဲထင်မှတ်မိနေပါတယ်။
အမေနဲ့လူချင်း နောက်ဆုံးတွေ့ဆုံဖြစ်ခဲ့တာကတော့၊ ၁၉ဂဂ ခုနှစ်အကုန် ဂ၉ ခုနှစ်ဆန်း ကာစထဲမှာပါပဲ။ အမေ့ရဲ့အိမ် အမေ့ရဲ့ ‘လူထု’ တိုက်ထဲမှာပဲ သွားရောက်တွေ့ဆုံခဲ့ရတာ ဖြစ်ပါ တယ်။ ကျနော်တို့အကိုကြီးကိုလှရွှေတို့ပါ ပါဝင်ဖွဲ့စည်းဖြစ်ခဲ့ကြတဲ့ ပြည်သူ့တိုးတက်ရေးပါတီ ပေါ်ပေါက်ပြီးစ၊ သိပ်တောင်ကာလ မကြာမြင့်လှသေးတဲ့ အချိန်အတောအတွင်းမှာပါပဲ။ မှတ်မှတ်ရရ နှင်းတွေဝေနေဆဲ ဆောင်းကာလကြီးအတွင်းမှာပါပဲ။
မန္တလေးသား ရဲဘော်ကြီးတဦးနဲ့အတူ အမေ့အိမ်ကို ရောက်အောင်သွားခဲ့ကြတာပါ။ လူထုတိုက်ရဲ့ ဧည့်ခန်းလေးအတွင်း ကျနော်တို့ကိုလှရွှေတို့ ရောက်ရှိသွားချိန်မှာ အမေက အပြုံးလဲ့လဲ့လေးနဲ့ကြိုဆိုပါတယ်။ ဘေးနားမှာ ဖတ်လက်စလို့ထင်ရတဲ့ စာအုပ်တအုပ်နဲ့ အဲဒီ စာအုပ်လေးပေါ်မှာ မျက်မှန်လေးတလက် တင်ထားတာလဲ တွေ့ရပါတယ်။ အဲဒီကျတော့မှပဲ ကျနော်က အမေ့မျက်နှာကို သေသေချာချာသတိထားပြီး ကြည့်မိပါတယ်။ အသက်အရွယ် တော်တော်ကြီးနေပြီဖြစ်ပေမဲ့ အမေ့ရဲ့မျက်နှာဟာ အိုကြီးအိုမနဲ့ ဇရာထောင်းနေတဲ့ပုံ၊ အားအင် ကုန်ခမ်း ညှိုးနွမ်းဖျော့တော့နေတဲ့ပုံ မပေါက်သေးပါ။
ကျနော်က အမေလူထုဒေါ်အမာကိုယ်တိုင် တချိန်ကရေးဖွဲ့ပြခဲ့ဖူးတာလို့ စိတ်ထဲမှာ ရေးတေးတေးထင်နေတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ရုပ်ပုံဘွဲ့စာပန်းချီခြယ်သချက် စကားလုံးစာပိုဒ်တချို့ကို ဖျတ်ကနဲအမှတ်ရမိလိုက်ပါတယ်။ အမေရေးသားပြုစုခဲ့တဲ့ ‘ဆရာကြီး သခင်ကိုယ်တော်မှိုင်း’ အတ္တုပ္ပတ္တိစာအုပ်ကြီးထဲမှာပဲလို့ ထင်မိနေပါတယ်။ အဲဒါကတော့ - ‘ - - ဗမာပီသတဲ့ရုပ်ဆိုတာ ဘယ်လိုဟာလဲ မေးလာရင်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ထိုးပြ လိုက်စမ်းပါ၊ ဆရာကြီးရဲ့ရုပ်ရည်ဟာ အင်မတန် ဗမာပီသလှပါတယ်။ ဆရာကြီးရဲ့နှာတံဟာ သေသေချာချာပန်းပုထုပြီး တင်ထားသလို ဖြောင့်ဖြောင့်စင်းစင်းနဲ့ နှာတံပေါ်ပေါ် လှပလှပါ တယ်’ လို့ဆိုတဲ့ ဖွဲ့ဆိုရေးသားထားချက်ပါပဲ။ တိတိကျကျတော့ မမှတ်တော့ပါ။ အမေလူထု ဒေါ်အမာကိုယ်တိုင် ရေးသားပြခဲ့တာလို့ပဲ စိတ်ထဲမှာ ဝေေ၀၀ါးဝါး စွဲထင်နေမိခဲ့ပါတယ်။
အဲဒီလိုပါပဲ၊ အမေလူထုဒေါ်အမာကိုလဲ လေးလေးစားစားငေးမောကြည့်မိရင်း ကျနော်က ‘ဗမာအမျိုးသမီးတယောက်ရဲ့ ရုပ်ပုံဟာဘယ်လိုများပါလဲလို့ နိုင်ငံခြားသားဒါမှမဟုတ် လေ့လာ သိရှိလိုသူ တဦးဦးကများမေးလာရင်၊ ကျနော်တို့ရဲ့အမေ လူထုဒေါ်အမာရဲ့ရုပ်ပုံကိုပဲ နမူနာ အဖြစ် ထိုးပြလိုက်စမ်းပါ’ လို့ပဲပြောလိုက်ချင်ပါတယ်။ အမေလူထုဒေါ်အမာရဲ့မျက်နှာဟာ အင်မတန်ဗမာပီသလှပါတယ်။ ထူးထူးခြားခြားပေါ်လွင်နေတာကလဲ နှာတံလို့ပဲ ထင်ပါတယ်။ မျက်ခုံးမွှေးကလဲ ရှည်လျားလှတဲ့ နှာတံနဲ့လိုက်ဖက်ညီအောင် ပေါ်ပေါ်လွင်လွင် ရှိလှပါတယ်။
အမေလူထုဒေါ်အမာက ကျနော်တို့ကို လဖက်ရည်တွေ မုန့်တွေနဲ့လဲ ဧည့်ခံလိုက်ရုံမက၊ (လဖက်ရည်အချိုတွေ မုန့်ပဲသရေစာတွေနဲ့ မဆီမဆိုင်နိုင်လိုက်တာလို့ပဲ ဆိုချင်ဆို) အညာ ထွက်ပစ္စည်းစစ်စစ် အညာဇီးချိုသီးတွေနဲ့လဲ ဧည့်ခံလိုက်ပါသေးတယ်။ ဇီးချိုသီးတွေကို ပန်းကန်ပြားလေးထဲမှာ ထည့်လို့ပေါ့။
အမေလူထုဒေါ်အမာဆီကို ကျနော်တို့လာခဲ့ကြတာက အမေ့ကို လာရောက်နှုတ်ဆက် ချင် စကားစမြည် ပြောချင်လို့သာမက၊ ကျနော်တို့ ပြည်သူ့တိုးတက်ရေးပါတီ ဖွဲ့စည်းလှုပ်ရှား နေပြီ၊ အဲဒီအတွက်ပါတီရံပုံငွေ အလှူငွေထည့်ဖို့ လာရောက်အလှူခံကြတာလဲ အကြောင်း တချက်အဖြစ် ပါပါတယ်။
အမေက ပြည်သူ့တိုးတက်ရေးပါတီအတွက် အလှူငွေ (၂၀၀) လားပဲ ထည့်လိုက်ပါသေး တယ်။ အဲဒီတုန်းက အလှူငွေ (၂၀၀) ဆိုတာ သိပ်နည်းလှတဲ့ငွေ မဟုတ်ပါ။ ပါတီဖွဲ့စည်းမှတ် ပုံတင်ကြေးတခုလုံးမှ ကျပ် (၅၀၀) ပဲ သတ်မှတ်ထားတဲ့ အချိန်မဟုတ်လား။

( ၄ )

ပြည်တွင်းမှာ နေလို့မရတော့လို့ ပြည်ပကိုထွက်လာရတော့တဲ့အချိန်အထိ၊ ကျနော် နောက်ဆုံးထွက်လာခဲ့ရတဲ့ နေရာဟာလဲ မန္တလေးပါပဲ။ အခုလို နှင်းတွေ တဝေ့ဝေ့ဝေနေတဲ့ ဆောင်းတွင်းကာလကြီးမှာပါပဲ။ အရုဏ်တောင် မလာတတ်သေးတဲ့ ဆောင်းတွင်းနံနက်စော စော မြူရိပ်ဝေေ၀တွေကြားထဲမှာ လွမ်းစရာ့မန္တလေးကို ဆွတ်ဆွတ်ကျင်ကျင် နှုတ်ဆက်ခဲ့ရပါ တယ်။ ကျနော်ငယ်ငယ်တုန်းက စွဲလန်းခဲ့ဖူးတဲ့မြင်ကွင်း၊ မန္တလေးနန်းမြို့ရိုးနဲ့ ကျုံးရိပ်ရေပြင် ညို့ညို့ဟာ မလင်းနိုင်သေးတဲ့အမှောင်စတွေကြားထဲမှာ မှိုင်းမှုန်ဝေရီ ကျန်ရစ်ခဲ့ပါတယ်။
နယ်စပ်တဖက်ခြမ်းဆီ ရောက်လာပြီးတဲ့နောက်ပိုင်းမှာလဲ အမေလူထုဒေါ်အမာရဲ့ အသံ ကို လေလှိုင်းပေါ်တွေကတဆင့် အခါအားလျော်စွာ ကြားနေရပါတယ်။ အမေလူထုဒေါ်အမာရဲ့ (ဂ၀) ပြည့်မွေးနေ့ … (၉၀) ပြည့်မွေးနေ့ ... စသဖြင့်စသဖြင့်တွေသာမက၊ အခါအားလျော်စွာ ပြည်တွင်းအခြေအနေတွေနဲ့ ပတ်သက်တဲ့၊ ဒီမိုကရေစီရေးအဖြစ်အပျက်တွေနဲ့ ပတ်သက်တဲ့ အမေလူထုဒေါ်အမာရဲ့ အမြင်၊ လူထုဒေါ်အမာရဲ့သဘောထား၊ လူထုဒေါ်အမာရဲ့အသံတွေ ...
အသက်အရွယ်တွေ ဘယ်လောက်ကြီးလို့ဇရာတွေ ဘယ်လောက်ထောက်ထောက်၊ ဒေါ်အမာဆိုတဲ့ နာမည်နဲ့ပညတ်သွားရာ ဓာတ်သက်ပါလောက်အောင် ကိုက်ညီနေလွန်းလှတဲ့ အမေဒေါ်အမာရဲ့ ခိုင်မာလွန်းလှတဲ့ လူထုရပ်တည်ချက် လူထုအတွက် အသံတွေကဖြင့် - ကြားရ ကြားရလေတိုင်း ဦးညွှတ်ခဲ့ရပါတယ်။ ဒါကြောင့်လဲ ‘လူထုဒေါ်အမာ’ ဆိုတာ ‘လူထု ဒေါ်အမာ’ ဖြစ်ခဲ့ရတာကိုး - လို့လဲ ရင်တွင်းကပါ နက်နက်ရှိုင်းရှိုင်း ကျေကျေနပ်နပ် နားလည်ခဲ့ ရပါတယ်။ ။

( ၀င်းတင့်ထွန်း)
၁၅-၁၁-၂၀၀၇

(နိုဝင်ဘာ ၂၉ ရက်နေ့မှာ ကျရောက်မယ့် အမေလူထုဒေါ်အမာရဲ့အသက် (၉၂) နှစ်မြောက် မွေးနေ့ကို အထိမ်းအမှတ်ပြု ဦးညွှတ်လိုက်ပါတယ်။ )

Read More...

Wednesday 14 November 2007

အ … ညီလာခံ

ကမာပုလဲ

ခေတ်ပျက်ထဲ
ငါ … အနုပညာမြောက်အောင်
ဆက်ထုံးတွေ
စံပယ်ပွင့်တွေလို သီကုံးတုန်းက
ငါ့လက်ထဲ ပါမလာတဲ့
ရေပေါ်ဆီ မျက်နှာပြောင်တိုက်မှုများ …။

ဘုရားကားတခြား၊ မျောက်ကားတခြား
မိတ်ဆွေတခြား၊ ရန်သူတခြား
အနုပညာတခြား၊ ကြေးစားတခြား
အနှစ်သာရတခြား၊ မာယာတခြား
မကွဲပြားတဲ့
ငါတို့ ဘ၀ပတ်ဝန်းကျင်မှာ …။

ဒီနေရာမှာနေ
ဒီအစားအစာကိုစား
ဒီငွေကြေးကိုယူ
ပြီးတော့
ဒီပြဋ္ဌာန်းချက်အတိုင်းပြော
ပြီးရင်
မင်းဟာ မဟာအနုပညာရှင်က၀ိအကျော်ပေါ့ …။

အော်…
တွေးလိုက်တိုင်း အရိုးနာသည်
မဆီမဆိုင်ပေမယ့်
ငါ့လျှာကိုသာ ဖြတ်လိုက်ချင်ရဲ့။ ။

(အချုပ်တန်းဆရာဖေနှင့် ဦးပုညအမှတ်တရ)

ခေတ်ပြိုင်မှ

Read More...

ကြိုးစင်ပေါ်မှ မှတ်တမ်းများ ... အခဏ်း (၁)

အမှာ
ချက်အမျိုးသား အာဇာနည်သူရဲကောင်း ဖူးချစ်ရေးသားသော “ကြိုးစင်ပေါ်မှ မှတ်တမ်းများ” စာအုပ်ကား ယုံကြည်ချက်ကြောင့် သေမင်းကိုပြုံးပြုံးကလေး ရင်ဆိုင်သွားခဲ့သော နာဇီဆန့် ကျင်ရေးသူရဲကောင်း မှတ်တမ်းအဖြစ်၎င်း၊ ဂန္တ၀င်မြောက်သောစာပေအဖြစ်၎င်း ကမ္ဘာတွင် မော်ကွန်းတင် ကျန်ရစ်လောက်အောင် အစွမ်းထက်လှသော စာအုပ်ဖြစ်ပေသည်၊ ကမ္ဘာ အရပ်ရပ်မှ ပြည်သူများသည် ထွန်းပြောင်သော သတင်းစာဆရာတစ်ဦး၏ စာဖတ်သူအသဲ နှလုံးကို ဆွဲကိုင်နိုင်သော ပြောင်မြောက်သည့် အရေးအသားများကို၎င်း၊ သူမတူအောင် ရက်စက်ကြမ်းကြုတ်လှသော ရန်သူများကိုရင်ဆိုင်ရသည့် အချိန်အခါမျိုးတွင် အင်အားတက် ကြွကြံ့ခိုင်စေပြီး တော်လှန်ရေးစိတ်ဓာတ် မြင်မားလာအောင် ဖန်တီးပေးနိုင်စွမ်းရှိသော ထက် မြက်သည့် တော်လှန်ရေးစွမ်းရည်များကို၎င်း၊ တခဲနက်အသိ အမှတ်ပြုကြပေသည်။
“ကြိုးစင် ပေါ်မှ မှတ်တမ်းများ” သည် ဤမျှအစွမ်းထက်လှပေသည်။ နာဇီဆန့်ကျင်ရေး ကာလ၏ “ကြိုးစင်ပေါ်မှ မှတ်တမ်းများ”ကို ပြည်ထောင်စုမြန်မာနိုင်ငံတွင် အလုပ်သမား လယ်သမား အာဏာပိုင်နိုင်ငံတည်ဆောက်နေသော ယခုလိုအချိန်အခါမျိုး၌ ဘာကြောင့်ထုတ်ဝေရသ နည်းဟု စာဖတ်သူများစိတ်တွင် မေးခွန်းထုတ်ကောင်း ထုတ်လိုကြပေလိမ့်မည်။ အားလုံးသိ ရှိကြပြီးဖြစ်သည့်အတိုင်း ချက်အာဇာနည်သူရဲကောင်းဖူးချစ်သည် “ကြိုးစင်ပေါ်မှမှတ်တမ်း များ” ကို ရေးသားခဲ့သည်မှာ နှစ်ပေါင်း (၂၀) ကျော်ပြီဖြစ်သည်။ ထိုအနှစ် (၂၀) အတောအ တွင်း၌ ကမ္ဘာ့အခြေအနေ အရပ်ရပ်သည် အခြေအမြစ်မှ ပြောင်းလဲခဲ့ပြီဖြစ်သည်။ ဆိုရှယ် လစ်စနစ်သည် လွန်ခဲ့သောနှစ်ပေါင်း(၂၀)တုံးကလို နယ်ချဲ့နာဇီအရင်းရှင်များ၏ တိုက်ခိုက်မှု ကိုအလူးအလဲခံနေရသည့် အနေအထားမျိုးမဟုတ်တော့ဘဲ၊ ကမ္ဘာ့နိုင်ငံရေးလမ်းကြောင်းကြီး ၏ ကံကြမ္မာကိုဆုံးဖြတ် ဖန်တီးနိုင်စွမ်းရှိလာပြီဖြစ်သည်။ ဤသို့ချီတက်လာသော ခရီး ကြမ်းကို ပြန်လှန်သုံးသပ်ရှုမြင်ခြင်းအားဖြင့် အခြေအနေအသစ်များ ပေါ်ထွန်းပြောင်းလဲနေသည့် ရုပ် ၀တ္ထုအခြေအနေများကို တအံ့တသြမြင်နိုင်စွမ်းရှိပြီး၊ ထိုအခြေသစ်အနေသစ်များ၊ ကမ္ဘာ့လုပ် သားပြည်သူတရပ်လုံး၏ အောင်မြင်မှု အသီးအပွင့်များကို ခိုင်မာအောင်ထိန်းသိမ်းပြီး ဆက် လက်ကြီးထွားတိုးပွားအောင် ပြုလုပ်ရမည်ဖြစ်သော လုပ်ငန်းတာဝန်များကို ကြည်ကြည်လင် လင် သိမြင်နိုင်ကြမည်သာဖြစ်သည်။ အခြေသစ်အနေသစ်များ၊ ကမ္ဘာ့လုပ်သား ပြည်သူများ၏ အောင်မြင်မှုအသီးအပွင့်များ၏ အရှိန်သြဇာနှင့် မြန်မာပြည်သူများ၏ ရုန်းကန်တိုက်ပွဲဝင်မှုများ ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံဆိုလျှင် အရင်းရှင်မြေရှင်နိုင်ငံရေးဖြစ် ပေါ်တိုးတက်မှု လမ်း ကြောင်းကို မပြန်လမ်းသို့ပို့ဆောင်ပြီး မြန်မာ့ဆှိုရှယ်လစ်လမ်းစဉ်ဖြင့် အလုပ်သမားလယ် သမား အာဏာပိုင်နိုင်ငံ ထူထောင်ရေးအတွက် အရှိန်အဟုန်ပြင်းစွာ လုပ်ဆောင်နိုင်နေလေပြီ။ ဤသို့သော ကမ္ဘာ့အခြေအနေနှင့် မြန်မာ့အခြေအနေ တိုးတက်ပြောင်းလဲမှုများကို မြင်နိုင်စွမ်း မရှိသူများအား ချက်အမျိုးသား အာဇာနည်ဖူးချစ်တို့ ကမ္ဘာ့လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ကို မည်သို့မည်ပုံ ရင်ဆိုင်ခဲ့ကြသည်ဟူသော ဆိုးဝါး ပြင်းထန်သည့် အလွန်တရာခက်ခဲလှသော အခြေအနေများကို “ကြိုးစင်ပေါ်မှ မှတ်တမ်းများ” တွင် ပြန်လည်တွေ့ မြင်နိုင်ကြပြီး ယနေ့ အခြေအနေသစ်များနှင့် အခြေခံကျသော အပြောင်းအလဲများကိုလည်း ချိန်ထိုးအကဲဖြတ်နိုင် ကြရန် ဤစာအုပ်အား ထုတ်ဝေလိုက်ရခြင်းဖြစ်ပေသည်။ ဖူးချစ်ကို သူရဲကောင်းများ ထွန်းညှိညွှန်ပြရာ မီးရှူးတန်ဆောင်အတိုင်း နိုင်ငံအားလုံးမှ လုပ်သားပြည်သူအင်အား စုများ လိုက်ပါချီတက် တိုက်ခိုက်ခဲ့ကြခြင်း၏ရလဒ်အဖြစ် ကမ္ဘာကြီးပြောင်းလဲကာ အခြေသစ်အနေ သစ်များ ပေါ် ပေါက်လာရခြင်းဖြစ်သည်ကို နှလုံးသွင်းမိကြဖို့လိုအပ်သည်။ ဖက်ဆစ်နာဇီများကို ချေမှုန်းတိုက်ခိုက်ရာတွင် အမာခံဖြစ်သော ဆိုဗီယက်ပြည်သူများနှင့် နိုင်ငံတကာရှိ ဖူးချစ်လို နာဇီဖက်ဆစ် ဆန့်ကျင်ရေးသူရဲကောင်းများ၏ အနိုင်မခံအရှုံးမပေးသော တိုက်ပွဲဝင်စိတ်ဓာတ် များ၊ နယ်ချဲ့ အရင်းရှင်များနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသည့်တိုက်ပွဲတွင် အသဲနှင့်ယှဉ်ပြီး အသက်နှင့်ကိုယ်ခန္ဓာကို စတေးခဲ့ကြသော ဆိုရှယ်လစ်ဘက်တော်များ၏ ကျေးဇူး တရားကို လည်း သိတတ်ကြဘို့လိုအပ်ပေသည်။ ဤကျေးဇူးတရားများကို ရင်ဝယ်ပိုက်ထွေးရင်း ချက်အာဇာနည်သူရဲကောင်းဖူးချစ်ကို မွေးထုတ်ခဲ့သော ချက်ကို စလိုဗက်ပြည်သူများနှင့် ဖက်ဆစ်ဂျပန်များကို တော်လှန်တိုက်ခိုက်ခဲ့ကြသည့် မြန်မာပြည်သူများသည် အခြေသစ် အနေသစ်များပေါ်တွင် မိတ်ဆွေဖြစ်ရေး၊ ငြိမ်းချမ်းရေးနှင့် နှစ်ပြည်ထောင်ပူးပေါင်းဆောင် ရွက် ရေး၏ အမှတ် အသားအဖြစ်လည်းရည်စူးပြီး ဤစာအုပ်ကိုထုတ်ဝေခဲ့ခြင်းလည်း ဖြစ်ပါသည်။ ၎င်းရည်စူးချက်နှင့်တပါတည်း မြန်မာ့အာဇာနည်သူရဲကောင်းကြီး ဗိုလ်ချုပ်အောင်ဆန်းအား ချက်ပြည်သူများက ကြည်ညိုချစ်ခင်လေးစားကြသလို ချက်သူရဲကောင်းဖူးချစ်အား မြန်မာ ပြည်သူများက ပိုမိုသိနားလည်ပြီး ပိုမိုကြည်ညိုလေးစားကြစေရန် ရည်သန် ချက် အောင်မြင်ပြည့်မြောက်မည်ဆိုလျှင် ဤ “ကြိုးစင်ပေါ်မှ မှတ်တမ်းများ” စာအုပ်ထုတ်ဝေရကျိုး ပိုနပ်လိမ့်မည်သာဖြစ်သည်။
(အားသစ်စာပေကော်မတီ)

ကြိုးစင်ပေါ်မှမှတ်တမ်းများ

ပန်းကရာ့စ်၊ ဂတ်စတာပို အကျဉ်းထောင်၌ ၁၉၄၃ ခုနှစ်၊ နွေဦးရာသီတွင် ရေးသားသည်။

သတိအနေအထားနှင့်ထိုင်၊ ကိုယ်ကိုမတ်မတ်တောင့်၊ ဒူးများပေါ်တွင် လက်များကပ်ထား၊ မျက် လုံးများကလည်း ပက်ချက် နန်းတော်ရှိ “အိမ်တွင်းထောင်” မှ ၀ါကျင့်ကျင့်ထရံကို စူးစူးစိုက် စိုက်ကြည့် နေရမည်ဆိုလျှင် ဤသည်ကား အမှန်အားဖြင့်၊ အတွေးနယ်ချဲ့ရန် သက်တောင့် သက်သာရှိလှသော အနေအထားမျိုးမဟုတ်ပါပေ။ ဒါပေမယ့် စိတ်ဆိုတာမျိုးကိုတော့ သတိ အနေအထားနဲ့ ထိုင်နေလို့ဘယ်သူက အာဏာပြနိုင်မှာလဲ။ တစုံတယောက်ကမည်သူမည် ၀ါက မည်သည့်အခါတွင် ပြောခဲ့သည်ကိုကား အသေအချာစုံစမ်း၍ ရကောင်းမှ ရတော့မည် ဤပက်ချက်နန်းတော်တွင်းမှ “အိမ်တွင်းထောင်” ကို “ဘိုင်စကုတ်ရုံ” ဟု အမည်ပေးခဲ့လေ သည်။ ထက်သန်သော ပကတိဥာဏ်ပါပေ။ ကျယ်ပြန့်လှသော အခန်းကြီးအတွင်းဝယ် ခုံတန်း ရှည်ကြီးခြောက်လုံးကို တလုံးနောက်တလုံးစီချထားသည်။ ၎င်းခုံများပေါ်၌ကား အစစ်ဆေးခံ အကျဉ်းသမားများသည် ကျောများတောင့်၍ ထိုင်နေကြရသည်။ ရှေ့တည့်တည့်မှ ဗလာဟင်း လင်းဖြစ်နေသော ထရံကြီးသည်ကား ရုပ်ရှင်ရုံထဲမှ ပိတ်ကားသဘွယ် ဖြစ်နေလေသည်။ တခါ ထပ်၍ အစစ်ဆေးခံရလျက်၊ အညှင်းခံလိုခံ၊ သေလိုသေကြရမည့် အကျဥ်းသမားတို့၏ မျက်စိ များက ဤထရံပေါ်တွင် ပြသခဲ့သော ရုပ်ရှင်ဇာတ်ကားတို့ကား များပြားလှချေသည်။ တကမ္ဘာ လုံးရှိ ရုပ်ရှင်စတူဒီယိုများသည်ပင် ထိုမျှလောက်များမြောင်သော ဇာတ်လမ်းများကို မရိုက်ကူး ခဲ့ကြရသေးပေ။ မိမိတို့၏ တသက်ပတ်လုံး ဖြစ်စေ၊ ထိုတသက်တာမှ အသေးစိတ်တကဏ္ဍ ကလေးများကိုဖြစ်စေ ဖော်ပြသည့် ရုပ်ရှင်ကားများ။ မိခင်၏အကြောင်း၊ ဇနီးအကြောင်း၊ ကလေးများအကြောင်း၊ အဖျက်ဆီးခံရသော အိမ်၏အကြောင်း၊ ဆုံးရှုံးရသောအလုပ်အကိုင် အကြောင်း စသည်တို့ကိုပြသည့် ရုပ်ရှင်ကားများ။ ရဲရင့်သော ရဲဘော်တယောက်အကြောင်းနှင့် သစ္စာဖောက်မှုတမှုအကြာင်း၊ ထိုစာတမ်းတစောင်ကို ကျွန်တော်ကပေးခဲ့သော လူတယောက် ၏အကြောင်း၊ ထပ်လောင်း၍ စီးဆင်းဦးမည့် ရစ်ပတ်မိလောက်အောင် တင်းတင်းကြပ်ကြပ် လက်ချင်းညှစ်၍ နှုတ်ဆက်ပုံအကြောင်း စသည်တို့ကို ဖော်ပြသည့် ရုပ်ရှင်ကားများ။ တုန်လှုပ် ခြင်းနှင့်သန္နိဋ္ဌာန်၊ အမုန်းနှင့်အချစ်၊ သောကနှင့်မျှော်ကိုးချက်၊ ဤသည်တို့ဖြင့် ပြည့်ဝနေသော ရုပ်ရှင် ကားများပါပေ။ ဘ၀ကိုကျောခိုင်းထားကြပြီဖြစ်၍ ဤနေရာဤဌာန၀ယ် လူတိုင်းလူ တိုင်းသည် မိမိတို့၏မျက်စေ့အောက်၌ပင် နေ့စဉ်နှင့်အမျှ အသက်ပျောက်ကြသည်။ သို့သော် လူတိုင်း ကား အသစ်တဖန် မွေးဖွားလာပြန်သည်မဟုတ်။ ဤအခန်းအတွင်း၌ ကျွန်တော်သည် ကိုယ်ရေးရုပ်ရှင်ကားကို အကြိမ်ပေါင်းရာပေါင်းများစွာကြည့်ခဲ့သည်။ အသေးစိတ်များကိုလည်း အကြိမ်ပေါင်းထောင်ပေါင်းများစွာ မြင်ခဲ့သည်။ ယခုထိုရုပ်ရှင်ကားကို တကြိမ်မျှပြန်လည်ပြော စမ်းကြည့်လိုပါသည်။ အဆုံးမသတ်နိုင်မီ၊ ကြိုးကွင်းကို ဆွဲတင်းလိုက်ပြီဆိုလျှင်လည်း၊ ဤ ရုပ်ရှင်၏ “ဟက်ပီ အဲန်းဒ်” ကို ဆက်လက်ရေးသားကြမည့် လူပေါင်းကား သန်းပေါင်းအလီလီ ကျန်ရစ်ဦးမည်ဖြစ်ပေသတည်း။

“ဟက်ပီအဲန်းဒ်” – (အင်္ဂလိပ်စကား) ပျော်ရွှင်သော ဇာတ်သိမ်းခဏ်း။

အခဏ်း-၁

နှစ်ဆယ့်လေးနာရီ

နောက်ငါးမိနစ်အကြာတွင် နာရီကားဆယ်ချက်တိတိရိုက်ဆော်လေတော့မည်။ ၁၉၄၂ ခု၊ ဧပြီ လ၂၄ ရက်၊ နွေဦးရာသီ၏ လှလှပပနှင့် မပူမအေးသော ညဥ့်ဦးအခါ ဖြစ်ပေသည်ကို။
ကျွန်တော်သည် ခြေလှမ်းသွက်သွက်လေး လှမ်းနေခဲ့သည် - ရုပ်ဖျက်ထားသည့်အတိုင်း၊ ခြေ ထော့နင်းနှင့် အရွယ်ရင့်ရင့်လူကြီးတယောက်၏ ဟန်အမူအရာမပျက်စေရုံမျှ သတိထားကာ ယဲလီနက်တို့ထံ တိုက်တံခါးမပိတ်မီအရောက်၊ သွက်သွက်ကလေး လျှောက်နေခဲ့ပါသည်။ ထိုအိမ်တွင် ကျွန်တော်၏ “လက်ထောက်” မီးရက်တယောက် ဖြင့် စောင့်နေပေလိမ့်မည်။ ဤတခေါက်တွင် သူ့အနေနှင့် ပြောစရာအကြာင်းထူးမရှိမှန်း ကျွန်တော်သိသည်။ ကျွန်တော့ ဘက်ကလည်း သူ့အားမှာကြားစရာဘာမျှမရှိ။ သို့သော် ချိန်းထားလျက်နှင့် ပျက်ကွက်ခဲ့လျှင်၊ အခြားသူများစိုးရိမ်မကင်း ဖြစ်သွားနိုင်သည် - အထူးသဖြင့် အိမ့်ရှင်သူတော်ကောင်းနှစ် ယောက် အပေါ် အပို စိတ်သောက မရောက်စေလိုပါ။သူတို့က လဘက်ရည် တခွက်နှင့် ဆီးကြိုကြပါသည်။ မီးရက်ကားရောက်နှင့်နေပြီ - သူသာမက ဖရီးဒ်တို့ လင်မယားလည်း စောင့်နေကြသည်။
- ရဲဘော်တို့၊ ခင်ဗျားတို့ကိုတွေရတာတော့ ကောင်းပါရဲ့။ ဒါပေမယ့် အခုလို တပြုံကြီးစု ပြီးတော့ဖြင့် မတွေ့ချင်ဘူး။ ဒါမျိုးဆိုတာဟာ ထောင်နဲ့သေလမ်းကို တန်းနေတာပဲ။ လျှို့ဝှက် ရေးစည်းကမ်းတွေကို စောင့်ထိန်းယင်ထိန်းကြ၊ မထိန်းနိုင်ဘူးဆိုယင်တော့ အလုပ်မလုပ်ဘဲ နေကြတာကကောင်းလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီလိုလုပ်ပုံမျိုး ဟာ ကိုယ့်ကိုယ်ကိုယ် ရော၊သူများတွေကိုရောအန္တရာယ်ဖြစ်စေတယ်။နားလည်လား။
-နားလည်ပါတယ်။
-ကဲကျွန်တော်တို့ဘာများယူလာခဲ့ကြသလဲ။
-မေဒေးနေ့ထုတ်ရူဒဲပရားဗောသတင်းစာ။
ရူဒဲပရားဗော - ချက်ကိုစလိုဗားကီးယားပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ သတင်းစာ။ စစ်အတွင်းကစာကူးစက်ဖြင့် လျှို့ဝှက်စွာရိုက်နှိပ်ဖြန့်ချိရသည်။(ရူဒဲပရားဗော - အခွင့် အရေး နီ)
-ကောင်းပါ့ဗျား။အဲ...မင်းကော...မီးရက်။
- ဒီလို ဒီလိုပါပဲ၊ ထွေထွေထူးထူးတော့ ဘာမှ မရှိပါဘူး။ အလုပ်ကတော့ ချောချောမောမောပဲ ...
- ကဲ၊ ဒါဖြင့်ပြီးရော။ မေဒေးလွန်မှတွေ့ကြသေးတာပေါ့။ ကျွန်တော်အကြောင်းကြား လိုက်ပါ့မယ်။ကိုင်း...သွားတော့မယ်။
-လဘက်ရည်တခွက်လောက်ထပ်သောက်သွားပါအုံး၊ဆရာကြီး။
- ဟာ၊ မဖြစ်သေးဘူး၊ မစ္စစ် ယဲလီနကောဗား။ ဒီမှာ ကျွန်တော်တို့သိပ်စုနေကြလို့။
ယဲလီနကောဗား - ချက်လူမျိုးတို့၏ အမည်များတွင်၊ ကိုယ်ပိုင်အမည်၊ မျိုးရိုးအမည်ဟု တွဲ၍သုံးကြသည်။ ချက် အမျိုးသမီးများ၏ မျိုးရိုးအမည်များမှာ (ေ -ာဗား) သို့မဟုတ် (-ား) တွင် အဆုံးသတ်သည်။ သို့ဖြင့် ယောက်ျား အမည်များက ဖူးချစ်။ ယလီနက်။ ပလာခီ။ ဟုဆိုလျှင် မိန်းမအမည်များကို ဖူးချစ်ကောဗား၊ ယဲလီနကောဗား၊ ပလာခါ ဟူ၍ ခေါ်ကြသည်။
- တခွက်ထဲပါလေ။ သောက်သွားပါအုံး။ငှဲ့ချလိုက်သော လဘက်ရည်မှအငွေ့တထောင်း ထောင်းထလာသည်။ တစုံတယောက်က တံခါးခေါင်းလောင်းကို နှိပ်သည်။ ညကြီးမင်းကြီး အချိန်မတော် ... ဘယ်သူများပါလိမ့်။ ဧည့်သည်တော်များကား စိတ်မရှည်ကြ။ တံခါးကို တ၀ုန်းဝုန်းနှင့်ထုကြလေသည်။
-ဖွင့်ပါတော့လား။ဒီမှာပုလိပ်တွေကွ။
- ပြူတင်းပေါက်ဆီကို မြန်မြန် ... ပြေးကြ။ ကျွန်တော့မှာ ပစ္စတိုတလက်ပါလာတယ်။ ခင်ဗျား တို့ လွတ်အောင် သူတို့ကိုဟန့်ထားမယ်။နောက်ကျသွားခဲ့ပြီ။ ပြူတင်းပေါက်အောက်တွင် ဂက်စတာပိုများရောက်နေကြကာ အခန်းတွင်းသို့ ပစ္စတိုများဖြင့် ချိန်ထားကြသည်။ အရပ် ၀တ်အရပ်စားနှင့် စုံထောက်များသည်လည်း အပြင်စင်္ကြန်မှတံခါးကို ချိုးဖွင့်ဝင်ရောက် လျက်၊ မီးဖိုဆောင်ငယ်ကိုကျော်ကာ အခန်းတွင်းသို့ ရောက်လာကြသည်။ တယောက်၊ နှစ်ယောက်၊ သုံးယောက် ... အားလုံးလူကိုးယောက်။ ကျွန်တော်ကား သူတို့ဖွင့်ဝင်လာသော တံခါး၏ အကွယ်သူတို့၏ နောက်တည့်တည့် သို့ ရောက်နေသည်။ ထို့ကြောင့် ကျွန်တော့်ကိုမမြင်ကြ။ ပစ်မည်ဆိုလျှင် သူတို့အား အေးအေးဆေးဆေး ပစ်ချနိုင် သည်။ သို့သော် ပစ္စတိုကိုးလက်က မိန်းမသားနှစ်ယောက်နှင့် လက်နက်မဲ့ယောက်ျားသုံးယောက်ကို ချိန်ထား သည်။ အကယ်၍ ကျွန်တော်က စတင်ပစ်ခတ်လိုက်လျှင်၊ ကျွန်တော်မကျခင် ကျွန်တော့်ရဲဘော်များ ကျဆုံးကြရ တော့မည်။ ကျွန်တော့ကိုသာ ပြန်၍ပစ်ပြီထားဦးတော့ ကျည်ဆံများက ပလူပျံလျက်၊ ကျွန်တော့်ရဲဘော်များသာလျှင် ဓားစာခံကြရပေလိမ့်မည်။ အကယ်၍ကျွန်တော်က မပစ်ဘဲနေ ခဲ့လျှင် သူတို့အနေနှင့် နှစ်ဝက်ဖြစ်စေ၊ တနှစ်ဖြစ်စေ ၀င်ထိုင်နေကြရမည်။ နောက် တော်လှန် ရေးက ၎င်းတို့အားအရှင်လတ်လတ် ကယ်တင်လွတ်မြောက်စေလိမ့်မည်။ မီးရက်နှင့် ကျွန်တော်သာ ဤတောင်ကို ကျော်နိုင်ကြမည်မဟုတ်။ ကျွန်တော်တို့အား ညှဉ်းပန်းကြလိမ့် မည်၊ ကျွန်တော့ထံမှကား ဘာတခုမျှရကြလိမ့်မည်မဟုတ်။ မီးရက်ထံမှကော။ မီးရက်သည် စပိန်ပြည်၌ တိုက်ပွဲ ၀င်ခဲ့သောလူတယောက်၊ ပြင်သစ်အကျဉ်းစခန်းတွင် နှစ်နှစ်တာမျှနေခဲ့ရ သောသူ၊ စစ်ကာလကြီးအတွင်း၊ ပြင်သစ် ပြည်မှ ပရာဟာမြို့အရောက် လျှို့ဝှက်စွာပြန်လာခဲ့ သော သူတယောက်။ ဤသို့သောသူမျိုးကား ဘာတခုမျှဖော် လိမ့်မည်မဟုတ်။ ကျွန်တော့် အနေနှင့် ဆုံးဖြတ်ချက်ချရန် နှစ်စက္ကန့်မျှသာရှိသည်။ ဒါမှမဟုတ် သုံးစက္ကန့်ပဲလား။ ပစ်ခတ် လိုက်လျှင် ဘာတခုကိုမျှကာကွယ်နိုင်မည်မဟုတ်။ ကျွန်တော့တယောက်အနေနှင့်သာ အညှဉ်းပန်းခံရခြင်းမှ လွတ်မြောက်မည်။ သို့သော် ထိုသက်သာမှုအတွက် အကြောင်းမဲ့ သက်သက် ရဲဘော်ငါးယောက်အသက်တို့ကို ယဇ်ပူဇော်လိုက်ရမည်။ ဒီလိုတွက်တာ မှန် သလား၊ မှန်တယ်။ ဆုံးဖြတ်ချက်ချလိုက်ပြီ။ ပုန်းနေရာမှ အပြင် သို့ထွက်လိုက်သည်။
ဂက်စတာပို - နာဇီများ၏ လျှို့ဝှက်သော ပုလိပ်အဖွဲ့။ ဤဘာသာပြန်စာအုပ်ထဲတွင် အဆိုပါပုလိပ်အဖွဲ့ဝင်များကိုလည်းဂက်စတာပိုဟူ၍ပင်ခေါ်ထားသည်။
-ဟား၊နောက်တယောက်။
မျက်နှာပေါ်သို့ ပဋ္ဌမဆုံးတချက် အထိုးခံလိုက်ရသည်။ ကျွန်တော့်အား နော့ကောက် ချိန်ဟန်တူသည်။
-ဟဲန်းဒ်အောက်ဖ်။ဟဲန်းဒ်အောက်ဖ် - (ဂျာမန်စကား = လက်မြှောက်) ဒုတိယတချက်၊ တတိယအချက်။ ဤသို့လျှင် ထင်မိသည်။ တသသနှင့် လှလှပပထားခဲ့သော အိမ်ခန်းကား၊ အိမ်ထောင်ပရိဘောဂများနှင့် ဖရိုဖရဲ၊ မှန်ကွဲများအမွမွဖြစ်ခဲ့ပြီ။ လက်နှင့်အထိုးအကြိတ်၊ ခြေနှင့် အကန်အကျောက်။
-မာ့ရ်ရှ်။
မာ့ရ်ရှ် - (ဂျာမန်စကား = ရှေ့ကိုသွား)ကျွန်တော့်အား မော်တော်ကား တစင်းထဲသို့ သွတ်သွင်းလိုက်ကြသည်။ ပစ္စတိုများကား ကျွန်တော့်ကို အမြဲမပြတ် ချိန်နေကြသည်။ လမ်း တွင်ပင်ကျွန်တော့်အားစစ်လားမေးလားပြုကြပါတော့သည်။
-မင်းဘယ်သူလဲ။
-ကျောင်းဆရာဟောရတ်။
-မင်းလိမ်တာ။
ကျွန်တောကပခုံးကိုတွန့်ပြလိုက်သည်။
-ငြိမ်ငြိမ်ထိုင်နေဆို...နို့မို့ပစ်လိုက်မယ်။
-ပစ်ချင်ပစ်ပေါ့။
ပစ်မည့်အစား လက်သီးမိုးသာ ရွာလာသည်။ ကျွန်တော်တို့သည် ဓာတ်ရထားတစီးကိုကျော် တက်မိကြသည်။ အဖြူရောင်ဖြင့် မွမ်းမံထားသည်ဟု ထင်မိသည်။ ဘဲ့နဲ့ ... မင်္ဂလာဆောင် ဓာတ်ရထား အခုလို ညကြီးမင်းကြီးမှာရယ်။ အဖျားတက်စပြုပြီထင်သည်။ပက်ချက် နန်းတော်။ ဤအဆောက်အဦအတွင်းသို့ အသက်နှင့်ခန္ဓာတွဲလျက်သား ၀င်ရလိမ့်မည်ဟု ဘယ်သော အခါကမျှ မထင်မိခဲ့။ ယခုလေးထပ်အပေါ်ထိ ပုံစံအတိုင်း ပြေး၍တက်ရသည်။ သြော် ဒါကနာမည်ကျော် ဒုတိယ (က) - ၁ ဆိုတဲ့ ကွန်မြူနစ်ဆန့်ကျင်ရေးဌာနကိုး။ ကျွန်တော့အနေ နှင့် စပ်စပ်စုစုသိလိုစိတ်များပင် ပေါ်လာသည် ဟု ထင်ရသည်။ ပက်ချက် - စစ်မဖြစ်မီက အရင်းရှင်ကြီး ပက်ချက်၏ ဘဏ်တိုက်အဆောက်အဦ။ စစ်အတွင်းက ဤဂေဟာတွင် ပရာဟောမြို့ ဂတ်စတာပိုက ဌာနချုပ်ဖွင့်ထားသည်။ ဘမ်းဆီးသောတပ်စိတ်ကို အုပ်ချုပ်သည့် ပုလိပ်အရာရှိ ပိန်ပိန်ရှည်ရှည်သည် ပစ္စတိုကို အိတ်တွင်းသို့ထည့် လိုက်ကာ၊ သူ၏ အခန်းတွင်းသို့ ကျွန်တော့အား ခေါ်သွားသည်။ ၎င်းနောက် စီးကရက်တလိပ်တည်၍ မီးညှိပေး သည်။
-မင်းဘယ်သူလဲ။
-ကျောင်းဆရာဟောရတ်။
-မင်းလိမ်တာ။
သူ၏လက်ကောက်ဝတ်မှနာရီသည်ဆယ့်တစ်နာရီသို့ညွှန်ပြနေလေသည်။
-သူ့ကိုရှာကြစမ်းဟေ့။အရှာအဖွေများ စပါတော့သည်။ ကျွန်တော့ အ၀တ်အစားများကို ချွတ်ကြသည်။
-မှတ်ပုံတင်လက်မှတ်ပါတယ်ဗျ။
-နာမည်က...
-ကျောင်းဆရာဟောရတ်တဲ့။
-မှန်ရဲ့လားဆိုတာလှမ်းမေးကြည့်စမ်း။
တယ်လီဖုန်းဆက်သည်။
-ထင်သားပဲ။စာရင်းမှသွင်းမထားပဲ။ဒီလက်မှတ်ကအတုကြီးရယ်။
-မင်းကိုဒီလက်မှတ်ဘယ်သူပေးသလဲ။
-ပုလိပ်မင်းကြီးရုံးက။ပဌမဆုံးအကြိမ် ဒုတ်နှင့်အရိုက်ခံရသည်။ ဒုတိယ၊ တတိယ၊ အချက်ပေါင်း ဘယ်နှစ်ချက်ဆိုတာကို ရေတွက်ပြီး ထားရမှာလည်း။ မောင်ရင် ... ဒီအခြေအနေ ရောက်မှ တော့၊ ဒီလိုအချက်အလက်တွေကို ဘယ်နေရာဘယ်အချိန်မှာ သတင်းပြန်ပေးနိုင် တော့မှာလဲ။
- မင်းနာမည် ဘယ်သူလဲ ... ပြော ... ဘယ်မှာနေသလဲ ... ပြောစမ်း ... ဘယ်သူတွေနဲ့ အဆက် အသွယ်လုပ် သလဲ။ ပြော ... ပြော ... ပြောဆို ... နို့မို့ မင်းအသက်ထွက်သွားမယ်။
ကျန်းမာတဲ့ လူတယောက်ဟာ အချက်ပေါင်း ဘယ်နှစ်ချက်အထိ ခံနိုင်ပါသလဲ။ ရေဒီယိုမှ သန်းခေါင်ယံရိုက်ဆော် လေပြီ။ ကာဖီဆိုင်များလည်း ပိတ်ကြပြီ။ နောက်ဆုံး ဧည့်သည်များလည်း ပြန်ကြပြီ။ ချစ်သူများကား မခွဲနိုင်မခွါရက် နှင့် တံခါးဝများတွင် ရစ်သီနေကြသည်။ အရာရှိပိန်ပိန်ရှည်ရှည်ကား အခန်းတွင်းသို့ ရွှင်ရွှင်ပြုံးပြုံးကြီး ရယ် မော၍ ပြန်ရောက်လာသည်။
- ဦးအယ်ဒီတာကြီးခင်ဗျား၊ နေသာထိုင်သာ ရှိပါရဲ့နော်။ မည်သူကသူတို့အား ဖွင့်ပြောလိုက် ပြီနည်း။ ယဲလီနက်တို့လင်မယားလော။ ဖရီးဒ်တို့လော။ သူတို့ကား ကျွန်တော်၏ အမည် ကိုပင်မသိကြ။
- မြင်တဲ့အတိုင်းပဲလေ။ ကျုပ်တို့အားလုံး သိပါတယ်ဗျာ။ ကဲ ဖွင့်ပြောမလား၊ လိမ္မာစမ်း ပါကိုယ့် လူရာ။
ထူးဆန်းလှသော အဘိဓာန်ပါပေ။ လိမ္မာခြင်း = သစ္စာဖောက်ခြင်း။ ကျွန်တော်ကား မလိမ္မာပါ။
-ဒီကောင့်ကို ကြိုးနဲ့တုပ်ပြီး ထပ်အုပ်ကြစမ်းကွာ။ တနာရီ။ နောက်ဆုံး ဓာတ်ရထားများ ကားရုံများဆီသို့ ပြန်သိမ်းနေကြလေပြီ။ လမ်းများလည်း လူသွားလူလာပြတ် သလောက် ဖြစ်နေကြလေပြီ။ ရေဒီယိုကား သောတရှင်အပေါင်းကို မင်္ဂလာညပါရှင်ဟု နှုတ်ဆက်လေပြီ။
- ဗဟိုကော်မတီမှာ ဘယ်သူတွေ ပါသေးသလဲ။ အသံလွှင့်ဌာနတွေ ဘယ်မှာလဲ။ ပုံနှိပ်စက် တွေ ဘယ်မလဲ။ ပြော ... ပြော ... ပြောလေ။ ယခု ဒဏ်ရာဒဏ်ချက်များကို အေးဆေးစွာ ရေတွက်နိုင်ပြန်ပေပြီ။ ကျွန်တော်ကိုက်ထားမိရာ နှုတ်ခမ်းများတွင် သာ နာရမှန်း၊ ကျင်ရမှန်း သိတတ်ပါတော့သည်။
-ဘိနပ်တွေချွတ်လိုက်။ မှန်ပေသည်။ ခြေဖ၀ါးများကား ယခုထက်ထိ မထုံတတ်သေးပါ။ ခြေမ၀ါးများတွင်တော့ နာတတ်သေးသည်။ ငါး ချက်၊ ခြောက်ချက်၊ ခုနှစ်ချက်၊ယခုဒုတ်တို ကား ဦးနှောက်အထိ တိုးလျှိုပေါက်နေ သကဲ့သို့ခံရသည်။ နှစ်နာရီ။ ပရောဟာမြို့တော်ကား အိပ်ပျော်လေပြီ။ တနေရာတွင် ကလေးတယောက်သည် အိပ်ယင်းက အီကောင်း အီနေ ပေလိမ့်မည်။ ယောက်ျားတယောက်သည် ဇနီးသည်၏ တင်ပါးကိုပွတ်သပ်ကောင်းပွတ်သပ်နေ ပေလိမ့်မည်။
- ပြော၊ ပြောစမ်း။ပါးစပ်ထဲတွင် လျှာကိုလှည့်ယင်း၊ သွားဘယ်နှစ်ချောင်း ကျိုးခဲ့ပြီကို စမ်းသပ်ကြည့်နေမိပါသည်။ စေ့ငှအောင် မရေ တွက်နိုင်ပါ။ ဆယ့်နှစ်၊ ဆယ့်သုံး၊ ဆယ့်ခုနှစ်။ ဟုတ်သေးပါဘူးလေ၊ ဒါက ကျွန်တော့်ကို “စစ်ဆေးမေးမြန်း” နေကြ တဲ့ ပုလိပ်အရာတွေရဲ့ ဦးရေပဲ။ ထိုသူတို့အနက် အချို့ကား ယခုပင် သိသိသာသာကြီး လက်အံသေနေကြလေပြီ။ သေမင်းကလည်း ယခုထက်ထိ မလာနိုင်သေး။ သုံးနာရီ။ ရောင်နီဦးသည် မြို့ဆင်ခြေဖုန်း ဘက်မှ တွား၍တက်လာလေပြီ။ ဟင်းသီး ဟင်းရွက်သည်များကား ဈေး ဘက်သို့ ဦးတည်နေကြပြီ။ လမ်းတံမြက်လှဲသမားများလည်း လမ်းများပေါ်သို့ ထွက်လာကြပြီ။ ပုံပန်းအားဖြင့် ကျွန်တော်ကား နောက်ထပ် တမိုးသောက်ကို မြင်ရလိမ့်ဦးမည်ထင်သည်။
- ခင်ဗျား ဒီလူကိုသိသလား။ကျွန်တော်၏ ဇနီးကို ခေါ်လာကြသည်။ သူ မမြင်ပါစေရန် ကျွန်တော်သည် သွေးတို့ကို မြိုချခဲ့ သည်။ အမှန်အားဖြင့် ထိုသို့သော အားထုတ်မှုကား အလဿမျှသာဖြစ်သည်။ ကျွန်တော်၏ မျက်နှာပေါ်တွင် သွေးများတကွက်မလပ် ထွက် နေသည်သာမက၊လက်ဖျားများမှလည်းသွေးများယိုစီးနေသေးသည်။
-ခင်ဗျားဒီလူ့ကိုသိသလား။
- မသိဘူး။ဤသို့ပင် ပြောလိုက်သည်။ မျက်ရိပ်ကလေး တရိပ်မျှပင်မပျက်။ ဇမ္ဗူရာဇ် ရွှေစင် ကလေး။ ကျွန်တော့်အားသိသည်ဟူ၍ ဘယ်သောအခါမျှ မပြောပါဟူသော ကတိအတိုင်း တည်ကြည်ရှာပေသည်။ သို့သော် လက်ငင်းအခြေ အနေအရကား ထိုသို့ငြင်းရန်ပင် လုံးဝမလို အပ်တော့။ ကျွန်တော်၏ အမည်ကိုမည်သူက ဖော်ထုတ်ခဲ့လေသနည်း။ သူ့အားအပြင်သို့ခေါ် ထုတ်သွားကြသည်။ ကျွန်တော်လည်း အရွှင်လန်းနိုင်ဆုံးသော မျက်နှာထားဖြင့် သူ့အား နှုတ်ဆက်ခဲ့ပါသည်။ ထိုမျက်နှာထားကား ရွှင်လန်းကောင်းမှ လန်းပေတော့မည်။ ဒါကိုတော့ ကျွန်တော်မပြောတတ်။
လေးနာရီ။ မိုးလင်းပြီလား၊ ဒါမှမဟုတ် မှောင်နေတုန်းပဲလား။ လိုက်ကာများဆွဲချထားသော ပြူတင်းပေါက်က အဖြေမပေးကြ။ သေမင်းကလည်း လာနိုင်ခဲလှသည်။ သေမင်းကြီးခင်ဗျားဆီကို ကျွန်တော်လာခဲ့ရမလား။ ဘယ့်နဲ့ လာခဲ့ရမှာလဲ။ တစုံတယောက်အား ကျွန်တော်က လှမ်း၍ထိုးလိုက်သည်။ ထို့နောက် ကျွန်တော်လည်း ကြမ်းပေါ်သို့စိုက်၍ ကျ သွားသည်။ သူတို့က ကျွန်တော့်အား ကန်ကြသည်။ နင်းကြဆောင့်ကြသည်။ အဲ ... ဟုတ်ပြီ ... ဒါမှ ကိစ္စမြန်မြန် ချောမယ်။ ပုလိပ်အရာရှိ မဲတဲတဲသည် ကျွန်တော့်အား မုတ်ဆိတ်မွေးများမှ ကိုင်၍ဆွဲထူသည်။ ထို့နောက် ကျွတ်ထွက်သွားသော မုတ်ဆိတ်မွေးလက်တဆုပ်ကို ကျွန်တော့်အားပြန်၍ပြရင်း ဟက်ဟက်ပက်ပက်ကြီး ရယ်မော လေသည်။ တကယ်တော့လည်း ရယ်စရာပင် ဖြစ်လေသည်။ ကျွန်တော့်အနေနှင့်ကား နာရမှန်းလုံးဝမသိတော့။ ငါးနာရီ၊ ခြောက်နာရီ၊ ခုနှစ်နာရီ၊ ဆယ်နာရီ၊ တမွန်းတည့်လေပြီ။ အလုပ်သမားများလည်း အလုပ်သွား သူသွား၍ အလုပ်ပြန်သူပြန်ကြလေပြီ။ ကလေးများလည်း ကျောင်းတက်သူတက်၍ ကျောင်း ဆင်းသူဆင်းကြလေပြီ။ ဆိုင်များတွင် ရောင်းဝယ်နေကြသည်။ အိမ်များတွင်ချက်ပြုတ်နေကြ သည်။ ယခုအချိန်ဆိုလျှင် မေမေသည် ကျွန်တော့် အား သတိရကောင်းရနေပေလိမ့်မည်။ ရဲဘော်များလည်း ကျွန်တော်အဖမ်းခံရကြောင်း သိကုန်ကြပြီ ... မတော် တဆ ကျွန်တော်က များဖွင့်ပြောလိုက်လျှင် ... ဤသို့တွက်ကာ ဘေးအန္တရာယ်မှကာကွယ်ရန် အစီအစဉ်များ ပြုလုပ်ကောင်းပြုလုပ်နေကြပြီ။ မစိုးရိမ်ကြပါနဲ့၊ မပြောပါဘူး၊ ယုံကြပါ။ အမှန်ကိုဆိုရလျှင် အဆုံးသတ်ဟူသည်ကား ဝေးနိုင်တော့မည်မဟုတ်။ ခုအဖြစ်အပျက် အစစအရာရာတို့သည် အိပ်မက်၊ မကောင်းသော ချောက်အိပ်မက် ကြီးသာ ဖြစ်နေတော့ သည်။ အရိုက်အနှက် မိုးရွာ၊ နောက်ကျွန်တော့်အားရေနှင့်ဖြန်း၊ နောက်တဖန် အထိုးအကြိတ် များ ၀င်လာပြန်၍ ... ပြော ... ပြော ... ပြောဆို ... ကျွန်တော်ကဖြင့် သေပဲမသေနိုင်။ မေမေတို့ ဖေဖေတို့၊ ကျွန်တော့် ဒါလောက်အားကောင်းအောင် ဘာဖြစ်လို့ မွေးထားခဲ့ကြတာလဲ။နေ့လည်ခင်း၊ ညနေငါးနာရီ။ ယခု သူတို့အားလုံး နွမ်းနယ်နေကြပြီ။ အရိုက်အနှက်များကား ပြတ်တောင်း ပြတ် တောင်းနှင့် တချီနှင့်တချီအကြား အကြာကြီးနားနားနေတတ်သည်။ ယခုတော့ ၀တ်ကြေ၀တ်ကုန်မျှသာ ဖြစ်နေကြပြီ။ ထိုခဏတွင်၊ ခပ်ဝေးဝေးမှ အတော်မသတ်နိုင်သော အဝေးမှအေးဆေး ငြိမ်သက် သော အသံတသံပေါ်လာ သည်။ ထိုအသံကား ပွတ်သီးပွတ်သပ်လုပ်သလို နူးညံ့နေသည်။
- အဲရ် ဟတ် ရှုံဂဲနု။ နောက်တကြိမ် ပြန်၍ထိုင်၊ ရှေ့တည့်တည့်မှ စားပွဲကား ပြိုသွားလိုက်၊ ပေါ်လာလိုက်၊ နောက် တစုံတယောက်က ကျွန်တော့်အား သောက်ရေတခွက်လာပေး၊ အခြားတယောက်ကလည်း ကျွန်တော့အား ဘိနပ်များစီးပေးရန်ကြိုး စားယင်းကစွပ်မရတော့ ဟုပြော၊ နောက်သူတို့သည် ကျွန်တော့်အား ချီတခါဆွဲတလှည့်ဖြင့် လှေခါးထစ်တ လျှောက် ခေါ်ချသွား၊ ကားထဲထည့်၊ မောင်း၍သွား၊ တစုံတယောက်ကလည်း သေနတ်ဖြင့်ချိန်ထား၊ ရယ်စရာပင် ကောင်းသေးတော့၊ ပန်းဖြူဖြူများဖြင့် မွမ်းမံထားသောမင်္ဂလာဆောင်ဓာတ်ရထား ကိုကျော်တက်၊ သို့သော် ဤကိစ္စအလုံးစုံကား အိပ်မက်မျှသာ ဖြစ်ကောင်းသည်။ အဖျားတက် ခြင်း၊ ဖြစ်နေပေမည်။ သေဇော်ငင်ခြင်း၊ သို့မဟုတ် သေခြင်းစင်စစ်ပင် ဖြစ်ကောင်းဖြစ်နေ ပေမည်။ သေဇောငင်ခြင်းကား ခက်ခဲကြပ်တည်းလှသည် မဟုတ် ပါလော။ သို့ရာတွင် ဤအဖြစ်ကား ပေါ့ပေါ့ကလေးနှင့် သပွတ်အူလိမ်နေသည်။ နောက်တချက် အသာကလေး အသက်ရှူထုတ်လိုက်လျှင်ပင်၊ အစစအရာရာ အဆုံးသတ်သွားချေတော့မည်။
အဲရ် ဟတ် ရှုံဂဲနု - (ဂျာမန်စကား = ဒီလူ နောက်ထပ် ခံနိုင်တော့မှာ မဟုတ်ဘူး။)
အဆုံးသတ်သွားရောတဲ့လား။ မဟုတ်သေးဘူးလေ။ အခုတခါ ထပ်ပြီးမတ်တတ်ရပ် နေရပြန် ပြီကော။ တကယ့်ကို ပင် ရပ်နေရသည်။ တယောက်တည်း အဖေးအမမရှိဘဲ ရပ်နေသည်။ ကျွန်တော့်ရှေ့တွင်လည်း ညစ်ပတ်ဝါကျင့် သော ထရံကြီးကပ်၍နေကာ ... ထရံမှာ ဘာတွေ ပေနေပါလိမ့်။ သွေးတွေပေနေသည်ဟူ၍ကား စိတ်ကထင်မိ သည်။ ဟုတ်သည်။ သွေးတွေပင်ဖြစ်သည်။ လက်ညှိုးကို မြှောက်၍ တို့ကြည့် သုတ်ကြည့်သည်။ ဟုတ်တယ်လေ၊ လတ်လတ်ဆတ်ဆတ်ကြီးကျွန်တော့်သွေးတွေရယ်...။
တစုံတယောက်က နောက်မှနေ၍ ကျွန်တော်၏ခေါင်းကို ရိုက်လိုက်သည်။ လက်နှစ်ဖက်ကို မြှောက်၍ထိုင်ချေ၊ ထချေ လေ့ကျင့်ခဏ်းလုပ်ခိုင်းသည်။ တတိယအကြိမ်တွင် ကျွန်တော် လည်း ခွေကျသွားသည်။အရှည်ရှည်နှင့် အက်ဆက်စမန်း တယောက်သည် ကျွန်တော့် ကိုယ်ပေါ်မိုး၍ရပ်ကာ၊ ကန်လိုက်ကျောက်လိုက်နှင့် အထခိုင်းသည်။ မဖြစ်နိုင်သည်ကိုမှ ခိုင်း လေသည်တကား။ တဖန် တစုံတယောက်က ကျွန်တော့်အားဆေးကျောပေး၊ တဖန် ပြန်၍ ထိုင်မိ၊ မိန်းမတယောက်ကလည်း ကျွန်တော့်အားဆေးများ လှမ်းပေး၍၊ မည်သည့်နေရာ တွင် နာကျင်သနည်းဟု မေးမြန်းသည်။ ထိုခဏ၌ ကျွန်တော့်အနေနှင့် နာသမျှဟူသည်မှာ နှလုံးသားတွင်သာ စုပြုံနေသည်ဟု ထင်မိသည်။အက်ဆက်စမန်း - နာဇီတပ်များအနက် ရက်စက်ကြမ်းကြုတ်ရာတွင်နာမည်ကြီးလှသည့်အက်ဆက်စ်အဖွဲ့ဝင်။
- မင်းမှာနှလုံးသားဆိုတာမှ မရှိဘဲနဲ့ ဟု အက်ဆက်စမန်း အရပ်ရှည်ရှည်က ပြောလေသည်။
- အိုး ရှိတာပေါ့ကွ ဟု ကျွန်တော်က ပြန်ပြောလိုက်ကာ၊ မိမိ၏ နှလုံးသားဘက်က ခုခံပြောဆိုနိုင်လောက်အောင် အင်အားဖူဖူလုံလုံရှိသေးခြင်းအတွက် ကိုယ့်ကိုယ်ကိုယ်ဂုဏ် ယူမိသည်။ နောက် အစစအရာရာ မှုန်ပျောက်သွား ကြပြန်သည်။ ထရံ ... ဆေးနှင့် မိန်းမ ... အက်ဆက်စမန်း အရပ်ရှည်ရှည် ...ကျွန်တော့်ရှေ့တည့်တည့်တွင် အကျဉ်းခန်း၏ ပွင့်လျက် သားတံခါးပေါက်ကို တွေ့ရသည်။ အက်ဆက်စမန်း ၀၀ တုပ်တုပ်တယောက်က ကျွန်တော့်အား အကျဉ်းခန်းအတွင်းသို့ ဆွဲသွင်း၊ အစိပ်စိပ် အမွှာမွှာဖြစ်နေသော ရှပ်အင်္ကျီကိုချွတ်၊ ကောက်ရိုး မွေ့ရာပေါ်သို့ ဆွဲတင်၊ ဖောယောင်ဖုထစ်နေသော ကိုယ်ကိုစမ်းသပ်၍၊ ကျပ်ထုပ်များ ထိုးပေးရန်အမိန့်ပေးသည်။
- ကြည့်စမ်း သူက အခြားတယောက်အား ခေါင်းကိုအသာခါပြရင်း ပြောလေသည် - ကြည့် စမ်း၊ ဒီကောင်တွေ ဘယ်လောက်တတ်နိုင်တယ်ဆိုတာ ... တဖန် ခပ်ဝေးဝေးမှ အတော မသတ်နိုင်သော အဝေးမှ အေးဆေးငြိမ်သက်သော အသံတသံကို ကြားလိုက်ရပြန် သည်။ ထိုအသံကားပွတ်သီးပွတ်သပ်လုပ်သလိုနူးညံ့နေသည်။
- မနက်အထိတောင် မခံတော့ပါဘူး။နောက်ငါးမိအကြာတွင် ဆယ်နာရီထိုးပေတော့မည်။ ၁၉၄၂ ခု၊ ဧပြီလ ၂၅ ရက်၊ နွေဦးရာသီ၏ လှလှပပနှင့် မပူ မအေးသော ညဥ့်ဦးအခါ ဖြစ်ပေသည်ကို။

အိုးဝေထွန်းအောင်နှင့်ဦးစံရွှေ
ချက်ဘာသာမှ မြန်မာပြန်ဆိုသည်။

Read More...

Wednesday 7 November 2007

၇-၁၁-၂၀၀၇

တောင်ဥက္ကလာပတွင် ဒီကနေ့မနက် (၆)နာရီ၌ Spray Campaign လုပ်ဆောင် (၇-၁၁-၂၀၀၇)
ပေးပို့သူ - မဆုမွန်

ဒီကနေ့ နိုဝင်ဘာ (၇)ရက်နေ့ မနက် (၆)နာရီက တောင်ဥက္ကလာပ မြို့နယ်၊ ဝေဇယန္တာ လမ်းပေါ်မှာရှိတဲ့ အမှတ် (၂)စက်မှုဝန်ကြီး ဌာနပိုင် တာယာစက်ရုံ တရုံရဲ့ အုတ်တံတိုင်း နံရံမှာ “ဘုရား သားတော် သတ်တဲ့ စစ်အာဏာရှင် ကျဆုံးပါစေ” ဆိုတဲ့ စစ်အစိုးရ ဆန့်ကျင်ရေး စာသားတွေကို ကျောင်းသား လူငယ်တွေက မှုတ်ဆေး အနီတွေနဲ့ ပက်ဖျန်ပြီး Spray Campaign တခု လုပ်ဆောင် ခဲ့ကြကြောင်း သတင်းရရှိပါတယ်။ မနက် (၆)နာရီခွဲ လောက်မှာတော့ အဆိုပါ ကျောင်းသားတွေဟာ လေးထောင့်ကန်လမ်း တာမွေလေး ဂုံးတံတားအနီးမှာ ရှိတဲ့ အမှတ် (၁) စက်မှုဝန်ကြီးဌာနပိုင် သကြားလုံးစက်ရုံရဲ့ အုတ်တံတိုင်း နံရံပေါ်မှာ “ရဟန်းရှင်လူ ကျောင်းသားပြည်သူ ချက်ချင်းလွှတ်” ဆိုတဲ့ စာသားတွေ ရေးသားပြီး Spray Campaign တခု ထပ်မံ လုပ်ဆောင်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။
Summary

Rest of your post

Read More...

Saturday 3 November 2007

ဂဠုန် တွေ ကို ရိုက်တဲ့ ပွဲ ။
---------------------------------------------------------------
ရေးသူ- မိုးသီးဇွန်
ကျနော် အသက် ၁၉ နစ် လောက်တုံးက လူက သိပ်တက်နေတာ။ သွေးကသိပ်ဆူသပေါ့။
မဟုတ်မခံ။ လက်ကလည်း မြန်တယ်။ အမေတို့ အမတို့ ဆိုရင် တဟဲ့ ဟဲ့ နဲ့  ရင်တမမ။ အဘိဓမာတခုတည်း၊ ဒါပေမဲ့ရှင်းတယ်၊၊ မတရားတာ ဆိုရင် လက်ပိုက်ကြည် မနေနဲ့  ပြန်ဆော်ပြစ်။ မဆလ အာဏာပိုင်တွေက ကန်ကော်တန်းဈေးလေးကို ဖျက်သိမ်း လိုက်တဲ့အခါမှာ မတရားမူအတွက် တိုက်ပွဲ ၀င် ဖို့  အကြောင်း ဖန်လာတော့ သဗျို့ ။ ဘ၀မှာ ပထမဆုံး လက်နက်ကိုင်တော်လှန်ရေး လို့ တောင်ဆိုနိင်လား ဆိုနိင်ရဲ့ ။
ကန့်  ကော်တန်းဈေး ဆိုတာ က တောင်ဥက္ကလာ ၁၆ ရပ်ကွက်မှာတည်ရှိတယ်။
ဈေးကြီး ကို ကျနော်တို့  မိကျောင်းကန်၊ ၁၆ရပ်ကွက် နဲ့ ဈတောင် ရပ်ကွက် သုံးရပ်ကွက်က လူထုတွေ က အများဆုံးဝယ်ကြတယ်။ ဈေးသည်တွေကလည်း တခြားသူတွေမဟုတ်ဘူး။ ဒီရပ်ကွက်သုံးရပ်ကွက်က လူတွေပဲ။ ကန့်ကော်ပင်တန်းကြီးတွေ ကို အစွဲပြုပြီး ကန့် ကော်တန်း ဈေးလို့ ခေါ်တယ်။ အေရာမကန်ကော်ပင်တန်းကြီးတွေ။ ဈေးက နေရာလည်းကျယ်၊မြေလည်းကောင်း၊ ဈေရုံတွေနဲ့ သပ်သပ်ယပ်ယပ် ရှိတယ်။ နစ်ပေါင်းများစွာလည်း ကြာခဲ့ပြီ ဆိုတော့ဈေးသည်တွေ နဲ လူထုတွေလည်းရင်းနှီး ကြတယ်။ ကျနော် ငယ်ငယ်က ကျောင်းပိတ်တဲ့ရက်တွေမှာ ဈေးကိုသွားရင်သိပ်ပျော်တယ်။ ဈေးထဲမှာ ကျနော် စိတ်ဝင်စားဆုံးဆိုင်တွေက သံဖြူဆိုင်နဲ့ ကာတွန်းဆိုင်။ သံဖြူဆိုင်မှာ သံဖြူဆရာ က မော်တော်လုပ်နေတာကို ကြည့်ရတာ ရင်အခုန်ရဆုံး။ ၀ယ်နိင်ဖို့  နေစဉ် ပိုက်ဆံဆုခဲ့ရတာ က ချိုးလက်ရေ မကုန်နိင်။ အမေက ဟဲ့ ဈေးထဲမှာ ဘာသွားဝယ်ဦး ဆို ကောက်ကနည်းထပြေး ပေးခဲ့တာ က ဒီဆိုင် တွေ ရှိနေတာလည်း တကြောင်းပေါ့။
ဈေးသည်ကြီးတွေက ဟဲ့ ကောင်လေး ခနစောင့်ရဦးမယ်။ နင် မှာတာမရသေးဘူး။ စောင့်နိင်လားဆို ရင် စောင့်ရတဲ့အချိန်မှာ ကာတွန်းဆိုင် ကိုပြေးခဲ့မိတာမှတ်မိတယ်။ ကာတွန်းဆိုင်က ရွင်ပြုး၊ တေဇ၊ ရွေသွေး တွေကို မက်မက်ဆက်ဆက် ဖတ်တယ်။ ဦးဘကြည် လက်ရာ တွေအကြိုက်ဆုံး၊ ဇတ်လမ်းတွေကလည်း အများဆုံးက ၅၅၀ နိပတ်တော်လာတွေ။ ကလေးတွေ ကို စာရိတ္တ ကောင်းမွန်ရေးအလိုငှာ ကောင်မူနဲ့ မကောင်းမူ ဇတ် ရုပ်တွေနဲ့ ခွဲခြားပြတယ်။ စာဖတ် ကိုစွဲလို့ ။ ခုခေတ် ကာတွန်းတွေ လိုဖေတော့မောင်တော့တွေမဟုတ်ဘူး။

ဈေးကြီးက ကျနော်အရွယ်ရောက်လာလေစည်လာလေပဲ။ ဈေးထဲကို သွားရတဲ့ပျော်ရွင်မူကနေ ရင်ခုန် မူအဖြစ်လည်း ပြောင်းလဲ လာရဲ့ ။ ဒါကတော့တင်သန်းကြောင့်ပေါ့။ မိန်းမ က အသားညိုညို။ အရပ်က မြင့်မြင့်။ သွယ်တဲ့ ကိုယ်ဟာ သပြေပင် လိုလှ ။ကြည့် လို မ၀ နိင် ဘူး။

သူမက ဈေးထဲမှာ ကုန်ခြောက်ရောင်းတယ်။ ကျနော်တို ကတရပ်ကွက်တည်းသားတွေ။ ရပ်ကွက်ထဲကလူ ကြီး တွေက ပါးစပ်ကြမ်းတယ်။ တင်သန်းနဲ့ကျနော်ကိုငယ်ငယ်ကထည်းကစလာတာ။ ငယ်ငယ်တုံးက သူနဲ့စရင် စိတ်ဆိုးမိတာတွေ ကိုနောင်တရခြင်သလိုလိုဖြစ်လာတယ်။ တင်သန်းဆိုင်ကိုသွားရင် လူတွေက “ဟေ့ တင်သန်း နင့်ယောက်ကျားလာပြီ။ ” “ဟာ မဟုတ်ရပါဘူးဗျာ။ ” သူက -
“ ဦးလေးကလည်း ကလည်းပေါက်ကရ ရှစ်ဆယ်တော် ကျမတို့ က မောင်နှမတွေ ပါတော်။ ”
မျက်နာစပ်ဖျင်းဖျင်း ဖြစ်ရတယ်။ ဒါပေမဲ့ အစခံရတာကို က အရသာရှိသလိုလို ဘာလိုလို။
တနေ့ တော့ ငပေညီ ပေကြည် က ဈေးကြီးဖျက်ရတော့မယ်ကွ ဆိုတဲ့ အမင်္ဂလာ သတင်းကို ယူလာတယ်။ ဟုတ်ရဲ့ လားကွ လို့ တအံတသြမေးမိတယ်။ သူက သင်္ကန်းကျွန်း မြိုနယ်ကောင်စီ ဥက္ကဌ လက်မှတ်နဲ့  ဈေးထိပ်မှာ စာရွက်တရွက် ကပ်ထားတယ်လို့ ဆိုတယ်။

စုံစမ်းကြည့်တော့ဟုတ်တယ်။ ဈေးသူဈေးသားတွေ အားလုံး စိတ်ပျက်နေကြတယ်။ အာ ဏာ ပိုင်တွေက ဒီနေရာကမကောင်းဘူး။ ပိုကောင်းတဲ့နေရာ ကိုအစိုးရကစီစဉ်ပေးတာလို့  ပြောတယ်။ ဈေးကို ဖျက်ပြီး နေရာသစ်ကိုပို့ ဖို့  လုပ်တယ်။ နေရာသစ်က ၃မိုင်လောက်ဝေးသွားတယ်။ ၁၅ ရပ်ကွက် လမ်းဆုံး နားကနေရာ။ ဒီသုံးရပ်ကွက်ကလူတွေက ပိုများတယ်။ နေရာသစ်ကလူလည်းပြတ်တယ်။ ဈေးတည်ဖို့  မကောင်းဘူး။ဒီနေရာကိုဈေးပြောင်းရတဲ့အကြောင်းက နောက်ခံက ရှိတယ်။ ဒါကတော့ မဆလခေတ်က ၀န်ကြီးတယောက်ဖြစ်ခဲ့တဲ့ နိင်ငံတော်ကောင်စီဝင် ဦးသန်းစိန်ဆိုတဲ့လူကြီးက ၁၅ ရပ်ကွက် ကိုပြောင်းလာလို ဗျ။

သူအိမ်ကလူတွေအဆင်ပြေအောင်ဈေးကိုသူ့အိမ်နားကိုရွေ့တာလိုလူတွေကပြောကြတယ်။အစိုးရလုပ်ပေးတဲ့ဈေးသစ်မှာကလည်းဆိုင်ခန်းတွေအလုံအလောက်မပေးပြန်ဘူး။ အလုံအလောက်ဆောက်မပေးပြန်ဘူး။ ဆိုင်ခန်း ၁၀၀ ခန့် သာရှိတယ်။ တကယ်က ဈေးသည်တွေ က လေး ငါးရာခန့် အနည်းဆုံးရှိတယ်။ ဒီတော့ဆိုင်ခန်းမရတဲ့သူတွေက ဈေးနားမှာမရောင်းရဘူးဖြစ်လာတယ်။ ဒီတော့ ဈေးသည်တွေလည်းဒုက္ဒရောက်။ ဈေးဝယ်တွေလည်းဒုက္ဒရောက်ကုန်တယ်။

ဈေးကွက် ဟာ သူအလိုလိုဖြစ် ပေါ် နေတယ် ဆိုတာကို ဒီ ဈေးသည်တွေနဲ့  အာဒမ်စမစ် တို့ သိနေကြပုံကတော့ သာမန်တိုက်ဆိုင်မူလို့  ကျနော်မထင်ဘူး။ အာဒါစမစ်က ဈေးသည်တွေဆီက သင်သွားတာဖြစ်မယ်။

ဒီတော့ သူတို့  ဟာ အဏာ ပိုင်တွေချပေးတဲ့နေရာသစ်ကိုမသွားတော့ပဲ အရင်ဈေးဟောင်းနဲ့ မလှမ်းမကမ်းမှာ သူတို့  ရဲ့ ကုန်ပစ္စည်းတွေကို ချရောင်းလိုက်ကြတယ်။ ဈေးတန်း ကြီးဖြစ်လာတော့တယ်။လူထုတွေလမ်းဘေးမှာ ဖန်တီးလိုက်တဲ့ ဈေးက - ။ တစ်-သွားလာရေးအဆင်ပြေတယ်။ နစ်- လူအများစုရှိတယ်။ သုံး- ဈေးချို တယ်။
လေး- ရောင်းသူ ၀ယ်သူသိနေကြတဲ့အတွက် အကြွေးမြီ ကိစ္စ စိတ်ချရတယ်။ ဒီတော့ ဈေးကြီးက ကျိတ်ကျိတ်တိုးစည်ကားလာတယ်။ ပါတီကောင်စီလူကြီးတွေ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့တဲ့ဈေးသစ်က တလလောက်အကြာမှာတင်ပဲ ကျီးနဲ့ ဖုတ်ဖုတ် ။ ခွေးနဲ့  တရုံးရုံး။ ညဖက်မှာ ဆေးခြောက် သမားတွေ အတွက် တုံး လုံးပက်ခေါက် ဇိမ်ယူရာ ။ နေဖက်မှာ ဇယ်တောက်သူတွေ အတွက် စခန်းတခုဘ၀ နဲ့  တင်းတိမ်လိုက်ရ တယ်၊၊ အာဏာ ပိုင်တွေ ထင်ထားသလို စည်းကားတဲ့ဈေး ကြီးဖြစ်မလာခဲ့ဘူး၊၊

ဒီတော့အာဏာ ပိုင်တွေက ဈေးသည်တွေဖန်တီးထားတဲ့ လမ်းဘေး ဈေးလေးကို ကြောင့် ဒီလိုဖြစ်တာလို့  ကောက်ချက်ဆွဲတော်မူတယ်။ မြိုနယ် ကောင်စီ ဥက္ကဌ က ၀န်ကြီး ဦးသန်းစိန် ကို မျက် နာလုပ်တယ်။ သူအိမ်နားကဈေးကိုစည်အောင်လုပ်ပေးခြင်နေတယ်။ ဈေးကွက်ကို အမိန်နဲ့  ပေးပြီးတည်ဆောက်ဖို့ လုပ်တယ်။ လမ်းဘေး ဈေးလေးကို ဖျက်ဆီးတော့တယ်။ ဂဠုန်တွေလွတ်ပြီးဖမ်းတယ်။

ဂဠုန် ဆိုတာက မဆလခေတ်မှာ လမ်းဘေးဈေးသည်တွေကို ဖမ်းဖို့  ဖွဲ ပေးထားတဲ့အဖွဲ့ 
ရပ်ကွက်အသီးသီး လူဆိုးလူမိုက်တွေ နဲ့  ဖွဲ့ ပေးထားတာ။ အခုခေတ် စွမ်းအားရှင်လို အဖွဲ့ ပေါ့။
အာဏာ ပိုင်တွေက လုပ်ပိုင်ခွင့်ပေးထားတော့ အတောင်တပ်ပေးလိုက်တဲ့ တောခွေးအ လို ဖြစ်နေတယ်။ဈေးသည်တွေကိုဖမ်းတယ်။ဈေးသည်တွေပစည်းတွေကိုတရားဝင်လုယုခွင့်ရနေသလို
ဖြစ်နေတယ်။

အခုလည်းဒီအဖွဲ့  က ဈေးတန်းကို အငြိုး တကြီးနဲ့ နေစဉ်ရက်ဆက်ဖမ်းနေတဲ့သတင်းကို ကျနော်ကြားနေရတယ်။ ထွက်ပြေးလာတဲ့ ဈေးသည်တွေက ဈတောင်ရပ်ကွက် တောတန်းလေးထဲမှာ ပြန်ရောင်းချကြပြန်တယ်။ သုံးလေးလရောင်းကြပြန်တယ်။ နောက်တော့ တောတန်းလေးထဲ လိုက်ဖမ်းကြပြန်တယ်။ ဈေးသည်တွေဟာ ဟို မှာရောင်းလိုက်ဒီမှာရောင်းလိုက်နဲ့ကရွတ် ကင်းလျောက် ဖြစ်နေတယ်။ အတော်ကိုဒုက္ဒရောက်နေတယ်။

ဒီတော့ ကျနော်တို့မိကျောင်းကန်ရပ်ကွက်ကလူငယ်တွေက ကမနေနိင်တော့ဘူး။ ကျနော်တို့ ရပ်ကွက်ထဲမှာလာရောင်းပါ။ ဘယ် ဂဠုန် မှမထိစေရပါဘူးပေါ့။ ဈေးသည်တွေကို သွားပြီး ပြောတယ်။

ဒီလိုနဲ့ ဈေးတန်းဟာ ကျနော် အိမ်ရှေ့တည်တည်ကစပြီးဈေးတန်းကြီးဖြစ်နေတော့တယ်။
ဈေးက တကျိတ်ကျိတ်စည်ကားလတယ်သဗျ။ နံနက်ခင်းဟာ အသက်ဝင်နေတယ်။ ရိုးသားမူအပြည့်ရှိတယ်။ မျော်လင့်ချက်တွေရှိနေတယ်။

ဟင်းသီဟင်းရွက်သသည်တွေ၊သားငါးပုစွန်ရောင်းသူတွေတောင်းတွေပုလုံတွေကုန်ခြောက်တွေ၊သစ်သီး တွေနဲဗျာကုန်ကုန်ပြောရရင်ကျနော်ငယ်ငယ်ကနစ်သက်ခဲ့တဲ့သံဖြူဆိုင်လေးတောင်ပါလာသဗျ။။ ကျနော်တို့ အိမ်ရှေမှာ ဈေးတန်းလေ အသက်ရှင်နေတာ နစ်လလောက် ကြာလာတယ်။ ကျနော်ဆယ်တန်းစာမေးပွဲ ဖြေဖို့ အချိန်ကလည်းနီးကပ်လာပြီ။

တနေ့နံနက်ကိုးနာရီလောက်ဈေးအစည်ဆုံးဖြစ်နေတဲ့အချိန်မှာလက်ပတ်အနီပတ်ထားတဲ့ဂဠုန်တွေ ဟာမြူနီစပယ်ကားကြီးနဲ့ဈေးထဲကိုတရကြမ်းမောင်ဝင်ချလာတော့တယ်။လမ်းကလည်း သိပ်ကြယ် လှတာမဟုတ်ဘူး ကားတစီစာပဲရှိတယ်။ ကားက ဈေးဘမ်းတွေကို တခုပြီးတခုတက်ကျိတ်ပြီးမောင်း လာတယ်။ “ဂလုံဂွမ် -ဂလုံဂွမ် နဲ့ ဈေးဗန်းတွေ မှေက်ထိုးခွက်လှန်ဖြစ်ကုန်တယ်။ တချို့ ဈေးသည်တွေ လည်း ဈေးဗန်းတွေ ဆိုင်းတန်းတွေကို ထမ်းကြပိုးကြနဲ့ထွက်ပြေးကြတယ်။ ဂဋ္ဌုန် တွေ က ဈေးဗန်းတွေကို အကြမ်း ဗရမ်းဆွဲတင်ပြီး ကားပေါ်ကို ပြစ်တင်ကြတယ်။ ကမ္ဘာ ပျက်သလိုဖြစ်သွားတယ်။

ဒီမြင်ကွင်းကို ကျနော်က အိမ်အပေါ်ထပ်ကနေ မြင်နေရတယ်။ ဖတ်နေတဲ့ ကျောင်းစာ အုပ်ကို ပိတ်လိုက်ပြီး အိမ်အောက်ကို ဆင်းလာတယ်။ အမေတော့မရှိဘူး။“အမက ဟဲ မောင်လေး နင်အထဲပြန်ဝင် စမ်းပါ။ စာသွားကျက်နေနော်မောင်လေး ထွက်မပါနဲ့ ”လို လှမ်းတားတော့တယ်။ ကျနော်က “ အမ ရာ ငါ ခဏ ကြည့် မလိုပါဟ။ ” ကျနော်သူကို တွန်းဖယ်ပြီး အိမ်ရှေ့ ထွက်ခဲ့တယ်။ ဒီချိန်မှာ ကျနော်တို့ ရပ်ကွက်ထဲက ကျနော် သူငယ်ချင်းတွေဖြစ်တဲ့ကိုသိန်းဝင်း၊ ငပေနဲ့  ကုလားကြီးသန်းထွန်းတို့ နဲ့  ဂဠုန်တွေဟာ စကား စများနေတယ်။ သူတို့ အားလုံးက ကျနော်ထက်အသက်ကြီးကျတယ်။ မဟုတ်မခံတဲ့လူတွေ။ လက်သံလည်းပြောင်ကြတဲ့အတွက် ရွားနီးချုပ်စပ်မှာ သူဟာနဲ့သူနာမည်ရနေပြီးသား ကောင် တွေ။

သူတို့ ထဲမှာ ကိုသိန်းဝင်းက လူကောင်သေးပေမဲ့ စဉ်းစဉ်းစားစကားပြောတတ်တဲ့အတွက် ကျနော်တို့ က သူကို ဆရာတင်ထားသလိုဖြစ်နေတယ်။ သူက ပဲ ဂဠုန် တွေကို ဦးဆောင်ပြောတယ်။
သူက “ ခင်ဗျားတို့ ဒီလိုတော့မတရားမလုပ်နဲ့ သူဖါသာသူကောင်းရောင်းကောင်းဝယ်လုပ်စားတာ။ ဒီလိုတော့မဖမ်းသင့်ဘူး ”လို့ ပြောနေတယ်။

သူတို့ ထဲက ခေါင်းဆောင်လုပ်တဲ့သူက “ မင်း က ဘာကောင်မို့ လည်း ကိုယ်လမ်းကိုယ်သွားပါ
နာခြင်လို့ လား ” လိုဟိန်းဟောက်လိုက်တယ်။ပြီးတော့ကိုသိန်းဝင်း ရင်ဘတ်ကိုစောင့်တွန်း လိုက်တဲ့အခါမှာတော့ ပွဲကစသွားပါတော့တယ်။ တယောက်တပြန် ချ ကုန်ပြီ။ အခြေအနေကို ကျနော်သဘော်ပေါက် ခြေပြီ။ အိမ်ထဲကို ဇတ်ကနဲ ပြန်ဝင်လိုက်တယ်။ အကျီကိုချွတ်လိုက်တယ်။ အပေါ်ကိုယ်ဗလာမှာ ဆံပင်တွေကိုဖြေချလိုက်တယ်။ ပြီးတော့ တံခါးခြားမှာ ထောင်ထားတဲ့ သံတူရင်း ကောက် ကို ဆွဲ ပြီး ရိုက် ပွဲ ထဲကိုလွားကနဲ ခုန်ဝင်လိုက်ပါတော့တယ်။

လမ်းမပေါ်မှာ တွေ့  ရတဲ့ ဂဠုန် တယောက်ခေါင်း ကို သံတရွင်းနဲ့ အားပါးတရ ၀င်ရိုက်ပြစ်လိုက်တယ်။ အမ ရဲ့ “အမလေး လုပ်ကြပါဦး ”ဆိုတဲ့အသံက နားထဲမှာစူုးကနည်းကြားလိုက်ရတယ်။ဒီလူအရှောင်မြန်သွား တယ်။ ဒါပေမဲ့ သူ့ နထင်ကိုရှပ်မိတယ်။ သူ့ ပခုံးကတော့ မိမိရရ ထိလိုက်တယ်။ ဖျာကနဲ့ထွက်သွားတဲ့သွေးတွေနဲ့ အတူ သူလဲကြသွားတယ်။ ဒီလူတော်တော်နာသွားပုံရတယ်။ သူလူတွေပါလှန့် ပြီး မကပ်ရဲ ဘူးဖြစ်သွားကြတယ်။

လူက သွေးဆူ နေပြီ။ ကို သိန်းဝင်း က ဂဠုန် သုံးယောက်လောက် ကိုမနည်းခုခံနေရတယ်။ သူက နစ်တလက်မဒုတ်ကို အားကုန်လွဲရိုက်နေတယ်။ ကုလားကြီး ကို ဂဠုန် ၆ ယောက်လောက်က ၀ိုင်းကန်နေကြတယ်။ ငပေ မျက်နာ မှာ သွေးကွက်တချို ကိုတွေ နေရတယ်။ ဒါတောင် သူက ကျနော်တို့ ထဲမှာ အရပ်လည်းကောင်း၊ ကိုယ်လုံးကိုယ်ပေါက်လည်းအတောင့် ဆုံး။

လမ်းဘေးက ခြံစည်းရိုးတိုင်တွေ တဖြောင်ဖြောင်း ကျိုးသံရိုက်သံတွေ ဆူညံနေရဲ့ ။ ဒီအချိန်မှာ ကားပေါ်က ခုန်ဆင်းပြီး ဂဠုန်တွေထပ်ဝင်လာတယ်။ ဂဠုန်တွေကားပေါ်ကခုန်ဆင်းပြီး
နေရာမယူနိင်ခင်မှာ ကျနော် ပြေးပြီး သံတူရင်း ကောက် နဲ့ အားကုန်ဖြတ်ရိုက်ချ လိုက်တယ်။
တယောက် ပုံရက်လဲ ကျသွားတယ်။ နစ်ယောက် ၀င်လုံးဖို့ လုပ်တယ်။ သံတူးရင်းကောက် ကို စုံကိုင် ပြီး တည်ထားပေး လိုက်တော့ ဒီကောင်တွေမကပ်ဝံဘူး။သူတို့ ရှဲသွားတယ်။

ကျနော်တို့ ဖက်က လေးယောက်သာဖြစ်ပြီ။ ဂဠုန် က ၂၀လောက် ဖြစ်တဲ့အတွက် အခြေအနေ က မမျှဖြစ်နေတယ်။ အရေးနိမ့် မလိုဖြစ်နေတယ်။ ဈေးသည်တွေအများစုက မိန်းမကြီးတွေ ၊ အသက်ကြီးတဲ့ယောက်ကျားတွေ သူတို့ က ၀င်မကူကြဘူး။ အော်ဟစ်ငိုယိုနေကြတယ်။ တိုးရှိုးတောင်းပန်နေကြတယ်။

ဒီအချိန်မှာ ကျနော်တို့ ရပ်ကွက်သားတဦးဖြစ်တဲ့ ၀င်းကြည် ဟာ လည်း သံဒုတ် ကြီးတချောင်းကိုဆွဲ လာပြီး ကူဖို အသားကုန် ပြေးဝင်လာပါတယ်။ ရပ်ကွက်ထဲမှာ ကျနော် သူကို ကြည့်လိုမရဆုံး။ ငယ်ငယ်က သူနဲ့ ကျနော်နော် မကြာခဏ ဗိုလ်လုကြတယ်။ အရူံးအနိင်မပေါ်ခင်မှာ လူပျိုတွေဖြစ်လာကြတယ်။ ကျနော်သူကို သောက်မြင်ကပ်ရတဲ့အကြောင်းကတော့ သူဟာ ဇတ်မင်းသားရူးရူးနေသဗျ။ သူက နာမည်မရသေးတဲ့ဇတ်တဖွဲ့ မှာ ဇတ်မင်းသားလုပ်နေတယ်။ ဇတ်သံဇတ်ဟန်လိုလို စကားပြောတာ အိုင်တင်လုပ်နေပုံတွေက ရိုက်ခြင်စရာပေါ့ဗျာ။ မနစ်က တန်ဆောင်တိုင်ပွဲ တုံးကလည်း သူနဲ့ ကိုယ်နဲ့ ညိလု ညိခင်ပဲ။ ပွဲဈေးတန်းမှာ တင်သန်းကို ကြည့် တဲ့မျက်လုံး တွေက မှဲ့ တပေါက်ရုပ်ရှင်ထဲ က ဦးကျောက်လုံး ကြီး ဒေစီကျော်ဝင်းကိုကြည့် သလို မျိုး ။ ငပေနဲ့ သိန်းဝင်း က နစ်ယောက်ကြားမှာဝင်ဖျင်လိုက်လို ။ သူရှိတဲ့ ခြင်းဝိုင်းကျနော်မသွား။ ကျနော်ရှိတဲ့ ကိုတင်ဦးဆံပင်ညှပ်ဆိုင်ကိုသူမလာ။ နစ်ယောက် အထာနဲ့ နေနေကြရတယ်။

ဒီနေ့ ပွဲတော့ ကိုယ်တော်မြတ် က ဘယ်နှယ်စိတ်ကူးပေါက်ပြီး ၀င်ချလာလည်းမသိဘူး။ သူက အသားမဲတယ်။ အပေါ် ကိုယ်ဗလာ၊ အောက်က ရှမ်းဘောင်းဘီအနက် ကို ၀တ်ထားတယ်။ သူက သံဒုတ်ကိုမွေ့ ရမ်းပြီး ၀င်လာတော့ ကျနော်တို့ အားတက်သွားတယ်။ သူ ပြေးဝင်လာတော့ ကုလားကြီးသန်းထွန်းကိုကူ မယ်လို့ ကျနော်ထင်မိတယ်။ ကျနော်အထင်မှားတယ် ။ ကုလားကြီးကို မကူဖူး။ ဒီအချိန်မှာ ဂဠုန် တွေက သူကို ဆီးပြီး ရိုက်တယ်။ သူကခုန်ရှောင်လိုက်တယ်။ ဆက်ပြေးလာတယ်။ ကိုသိန်းဝင်း လည်းမကူ။ ငပေဖက်လည်းမလှည့် ။ ကျနော်ဖက်ကိုလည်း စစ်ကူမလား။ သောက်ရူးလို့ စိတ်ထဲက ဆိုမိတယ်။

သူက အားလုံးကိုကျော်လွားပြီး လမ်းဘေးမှာထိုးရပ်ထားတဲ့ မြူနီစပယ်ကား ခေါင်းပေါ်ကို လွားကနဲ ခုန်တက်တော်မူတယ်။ ပြီးတော့ လက်ထဲကသံဒုတ်ကြီး နဲ့  ကားမှန်ကြီးကို ဂွမ်း ကနဲ နေအောင်ရိုက်ချလိုက်သဗျ။ သူ့  ဗျူ ဟာ မဆိုးလှဘူး။ ဂဠုန် တွေဟာ လှန့် သွားကြတယ်။ ဂဠုန် တွေက လူများပေမဲ့ တချို ကောင်တွေက သိပ်သတ္တိရှိကြပုံမရဘူး။ သင်္ကန်ကျွန်း မြို နယ် ကောင်စီက ဘဲသားဟင်းနဲ့ ထမင်းကျွေးမယ် ဆိုပြီး လမ်းဘေးကကောင်းတွေကိုလည်းခေါ်လာတယ်လို့ နောက်ပိုင်းမှာသိရတယ်။

ဝင်းကြည်က ကားမှန်ကြီးကို ရိုက်ခွဲချလိုက်တော့ ရန်သူစစ်ဌာနချုပ်ကိုသိမ်း ပြီး ကျူပ်တို့ အလံလွင့်လိုက်သလိုဖြစ်သွားပုံရတယ်။ ငနဲ တွေ စိတ်ဓါတ်က အုန်းသီး ကြွေ ကြသလို ကျတာ။
ဝရုန်းသုန်း ကား ထွက်ပြေး ကုန်ကြတယ်။ ကျနော်တို့ စိတ်ဓါတ်တွေ ဒီရေလိုတက်လာကြတယ်။

ခြံစည်းရိုးကြား၊ ရေမြောင်ကြားမှာ ဒလိမ့်ခေါက်ခွေးဖြစ်နေတဲ့ လက်ကျန် ဂဠုန် တချို့ ကို လိုက် ရိုက်ကြတယ်။ ရပ်ကွက်ထဲကအမယ်ကြီးတွေက “ အမေလေးသတ်ကုန်ပါပြီး မလုပ်ကြပါနဲ ”
“တော်ပါတော့ သေသွားလမ့်မယ်။ ဟဲကောင်လေးတွေတော်တော့ ”
ဆိုတဲ့အသံတွေ ဆူညံနေတယ်။ ဒေါ်အေးမိကြီးဆို ပြောရင်း တက်သွားလိုက်သေး ရဲ့ ။

အချိန်က လည်း မနက်စောစောဆိုတော့ရပ်ကွက်ထဲမှာ လူကြီးတွေအလုပ်သွားချိန်ဆိုတော့ဆွဲမဲ့သူမရှိဘူး။ ဒီကောင်တွေအကုန်လုံးထွက် ပြေးကြတယ်။ ဒဏ်ရာရတဲ့သူတွေကို သယ်ပိုးပြေးကြတယ်။ ကျနော်တို့ ဆက်မလိုက်ပဲရပ်လိုက်တယ်။ သူတို့  မောင်းလာတဲ့ကားကြီး မှန်တွေ တစစီဖြစ်သွားတယ်။ ကျနော်တို့ ကားခေါင်းကို အားပါးတရ ဆက်ရိုက်လိုက် သေးတယ်။ အားရသွားတော့မှ သတိထားမိတယ်။

ကျနော် ပါးတချမ်းပူနေတယ်။ ကုလားကြီးခေါင်းကွဲတယ်။သိန်းဝင်းကခြေထော့နင်ထော့နင်ဖြစ်နေတယ်။ ငပေကမျက်လုံးတဖက်မြင်လို့မကောင်းလောက်အောင်ဖူးရောင်နေတယ်။ဝင်းကြည်ကတော့ဇတ်မင်းသားရူးပီပီ အမောက်တောင်သိပ်မပျက်လိုက်ဘူး။ ဒဏ်ရာအညိုမဲတွေစွဲနေတဲ့ တယောက်မျက်နာတယောက်ကြည့် ပြီး ရီကြတယ်။ တိုက်ပွဲအတွေ့  အကြုံကိုအားပါတရဖေါက်သည်ချကြတယ်။

ဂဠုန် တွေ တပ်ပျက်ပြေးရတော့ ဖိနပ်တွေ လမ်းထဲမှာကျွတ် ကျန်ခဲ့တာဖွေးနေတာပဲ။
ဝင်းကြည်က ဆင်ကြယ်ဖိနပ်တရံကို ကောက်စွပ်ပြီး သံဒုတ်ကို ရာမ လေးထမ်းတဲ့ဟန်နဲ့ အိမ်ကို ပြန်သွားတယ်။ ထွက်သွားတဲ့ဝင်းကြည်ကိုကြည့် ပြီး ကုလားကြီးက -

“ဒီကောင်နဲ့ ကွာ ငါ့ ရှေ့  ဟိုခွေးမသား ဂဠုန် ကွာ၊ ဆဲဗင်းဒေး အကျီအညို ရောင်ဝတ်ထားတဲ့ ဂဠုန် ကောင်လေကွာ။ ဒီကောင့် ကို ကိုင်မလားမှတ်တယ်။ မကိုင်ဘူး။ ”

ကျနော်က ဂဠုန် တွေ ကျန်ခဲ့တဲ့ ဖိနိပ်တွေထဲ က ဂွင်းထိုးအသစ်တရုံကို ကောင်စွပ်လိုက်ရင်း
“ဒါပေမဲ့ ကားမှန်ကို ခွေးမသား ၀င်းကြည် ရိုက်ခွဲ လိုက်တာ တော့ မှန်သွားတယ်နော်။ ဟို မအေ-ိုး တွေ လှန့် သွားတယ်။ နို မို့ စို ပြေးမှာမဟုတ်သေးဘူး။ ”

သိန်းဝင်းက “ ဒီကားက မြူနီစပယ်ရုံးက သူတို့  ငှားလာတဲ့ကားကွ။ ”
ပြီးတော့ ကျန်တဲ့ဖိနပ်တွေကို ဈေးသည်တွေကို ယူခြင်ယူကြလို့ လှမ်းပြောလိုက်တယ်။

ဒဏ်ရာကိုယ်စီနဲ့ ကျနော်တို့ ဟာ သိန်းဝင်းတို့ အိမ်ဝင်း ထဲ စုမိတယ်။ သိန်းဝင်း ညီမတွေ ဖြစ်တဲ့မတိုးတို့ မိုးမိုးတို့ က အမလေးအကို ကြီးတို့ ရဲ့  ဒဏ်ရာတွေခြည်းပါလား ဆိုပြီး အော်ငိုကြ။ ဒဏ်ရာတွေကိုရေစေးကြ။ တင်ချာတွေထည့် ပေးကြ။ ရူပ်ရှက်ခတ်နေကြတယ်။

ကျနော် တို့ ရပ်ကွက် ရဲ့  လှထွတ်ခေါင် တွေဖြစ်တဲ့ မိငယ် တို့  ၊ စုစုတို့  ၊ လှလှတို ကသူတို့ ရဲ့  အေရာမတင်ပါး ကြီးတွေကို ဖယ်ရမ်းရောက်လာတယ်။ ကျနော်တို့ ဒဏ်ရာတွေကို သူတို ၀ိုင်းကူ ဆေးကြောသုတ်သင်ကြပေါ့။ သိန်းဝင်းတို့ အိမ်က ယာယီဆေးခန်း ဖြစ်သွားတယ်။ လူအုပ်က ကျနော်တို့ ကိုအုံကြည့်နေတုံး။

အုန်းလက်တွေကို ဖြတ်ပြီး ကျလာတဲ့ နံနက်ခင်းနေရောင်မှာ အရှည်လျား ဆုံး မျက်တောင်တွေ နဲ့  ပြူးကျယ်ဆုံး မျက်လုံးအစုံ က ကျနော်အပေါ် ကြလာတယ်။

“ အမေလေး သွေးခြည်းပါလား။ ဒီလိုနေလို့ မဖြစ်ဘူး။ ဆေးရုံသွားမယ်။ ဆေးရုံသွားမယ်။ ဘယ်ထိသွားသေးလည်း ”လို့ စိုးရိမ်တကြီးပြောလာတော့။

ငပေက “ တင်သန်းရာ သည်းနေလိုက်တာ နင်လင့် ဘာမှမဖြစ်ဘူး။ ခံရတာက ငါ။ မေးဖေါ်မရဘူး ”
တင်သန်းက ငပေကျောကုန်းကို ဖုန်းဖုန်းနဲ့ လိုက်ထု။ ငပေက “ ဟ ကောင်မ ရ နာတယ်ဟာ နာတယ်ဟ ” ဆိုပြီး လှည်ပတ်ရှောင်။ တင်သန်းပါးစပ်ကလည်း “ မသာ ၊ သေချင်းဆိုး။ နင်သေလိုက်ဖို့ ကောင်းတယ် ” လို့ ကက်ကက်လန် ဆဲလိုက်တယ်။ အားလုံးတ၀ါးဝါးနဲ့  ၀ိုင်းကြနေကြတယ်။

ဖြူတဲ့အရောင်၊ ညီတဲ့သွား ရှည်လျားတဲ့နှုတ်ခမ်းများကြောင့် ဖရုသ၀ါစာသည်ပင် သူ့ ပါးစပ်တွင် လှနေ၏။

မိုးသီး
၁၀-၂-၀၇
-------------------------------
တိုက်ပွဲကိုနိဂုံးချုပ်တော့ ကျနော်တို့ နိင်တယ်။ ရပ်ကွက်တိုင်းမှာ စွာလာတဲ့ ဂဠုန် တွေဟာ ကျနော်တို့ ရပ်ကွက်မှာ တပ်ပျက်တယ်။ ကောင်စီတွေ ရဲတွေရောက်မလာခင် ကျနော်တို့ ရှောင်နေလိုက်တယ်။ တယောက်မှာအဖမ်းမခံရဘူး။ ကျနော်တို့ လေးငါးလ အိမ်ကိုမပြန်ကြဘူး။ အိမ်ကိုတော့ သုံးလေးခေါက်လာမေးပေမဲ့ အမေတို့အမတို့ကမရှိဘူး။ ပြေးပြီလိုလုပ်ထားလိုက်တယ် ။ တယောက်မှာအဖမ်းမခံရဘူး။ ကျနော်တို့ လေးငါးလ လောက်ပဲရှောင်နေလိုက်ရတယ်။ ကားမှန်ကြီးကွဲသွားတဲ့အတွက်မြိုနယ်ကောင်စီတချိုပြုတ်တယ်။ဘာဖြစ်လိုလည်းဆိုတော့လုပ်ပိုင်ခွင့်ကျော်လုပ်လိုသိရတယ်။သုံးလလောက် မရမ်းကုန်မြောက်ဥက္ကလာကနေမြိုထဲကိုကျောင်းဆက်တက်နေရတာတော့ကသီလင်ထနိင်တာပေါ့။ ဒီနစ်မှာ ပဲ ကျနော် ဆယ်တန်းအောင်တော့ မဆိုးဘူးပေါ့။

Read More...

Friday 2 November 2007

2 Nov 2007

လူရွှင်တော် ပါပါလေး အပါအဝင် ၃၂ဦး မန္တလေးတိုင်းက ပြန်လွှတ်
သတင်း-အာရ်အက်ဖ်အေ (၁-၁၁-၂၀၀၇)

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း သက်ဆိုင်ရာ အာဏာပိုင်တွေ ဖမ်းဆီးထိန်းသိမ်း ထားရာကနေ ပြန်လွှတ်ပေး လိုက်သူတွေထဲမှာ မန္တလေးတိုင်းက အဖမ်းခံရသူ NLD ပါတီဝင် ၃၀ကျော် ပါရှိတယ်လိုႛ သတင်းရပါတယ်။ မန္တလေးတိုင်း အတွင်းက ပြန်လွှတ်ပေးလိုက်တဲ့ NLD ပါတီဝင် တွေထဲမှာ လူရွှင်တော် ပါပါလေး အပါအဝင် ၃၂ဦး ဖြစ်တယ်လိုႛ သိရပါတယ်။ ဒါပေမယ့် မန္တလေးတိုင်းက အဖမ်းခံရသူ NLD ပါတီဝင် ၈ ဦးကတော့ ပြန် လွှတ်ခြင်း မရှိသေးဘူးလိုႛ သိရပါတယ်။ ပြန်မလွှတ်သေးသူ တွေထဲမှာ မန္တလေးတိုင်း NLD ခေၝင်းဆောင် တဦးဖြစ်တဲ့ ဒေၞဝင်းမြမြလည်း ပါပါတယ်။
Summary

Rest of your post

Read More...

 
/* EOT ----------------------------------------- */