ပွင့်သစ် (ကရိန်ကန်)(၂၇-၄-၀၇)
ခေတ်ပြိုင်... မှ
ချောင်းရေသည် တိတ်ဆိတ်မှုနှင့် ကျနော်တို့အား စောင့်ကြိုနေသည်။ ကျနော်တို့ရောက်ခဲ့ကြပြီ။ မည်သူမျှ အခါမလင့်ကြ။ ကျနော်တို့နေထိုင်ရာ
ဒေသသည် မိမိ၏ စိတ်ဆန္ဒတွင်တည်ရှိသော
စားသောက်ဖွယ်ရာများကို လွယ်လင့်တကူ ရရှိနိုင်သည်မဟုတ်။ အခွင့်အခါကြုံမှသာ တွေ့မြင် ထိတွေ့ခွင့်ရသည် မဟုတ်လော။ ထို့အတွက် ဤမနက်ခင်းတွင် ယမန်နေ့ညတုန်းက မည်မျှပင် ခေါင်သောက်များသည်ဖြစ်စေ၊ အိပ်ရေးပျက် သည်ဖြစ်စေ၊ မည်သူမျှ နောက်ကျမခံကြ။
အိပ်ရေးပျက်နေသည့်၊ အမူးလွန်နေသည့် မျက်လုံးနီရဲရဲများဖြင့်၊ အိမ်မှ ဘုစုခရုများ၊
ချစ်လှစွာသောဇနီးများ၊ တောလိုက်ရာတွင်အသုံးကျသည့် သတ္တ၀ါများ (အထူးသဖြင့် ခွေးများ) ကို တစုတစည်းတည်း ပေါင်းစုခေါ်ဆောင်ကာ သုံးနှစ်ကြာမျှ စောင့်မျှော်ခဲ့ရသည့် စားကျက်ဆီသို့ ချီတက်လာခဲ့ကြသည်။ နှင်းအကြွင်းအကျန်အချို့၏ ဖွဲ့တည်မှုကြောင့် တောင်ယာဖုန်းဆိုးများပေါ်တွင် ရေစက်များထိကပ် နေသော မြက်ရိုင်းပင်များကို တရှဲရှဲတိုး၍ မပွင့်တပွင့် အရုဏ်အောက်၌ ကျနော် အပါအ၀င် ရွာသူ ရွာသားတပ်ပေါင်းစုကြီး၏ အုတ်အုတ်ကျက်ကျက် အသံများကြောင့် ချောင်း၊ တောတောင်တို့သည် ထိတ်လန့်တကြား လန့်နိုးထလာခဲ့သည်။ ကျနော်တို့ “ဟုန်း” ထုရန် လာခဲ့ကြလေပြီ။
ဤအခွင့်အရေးသည် လွယ်ကူလှသည်တော့မဟုတ်။ အချိန်ကာလများကို စောင့်မျှော်ရသည်။ အကြိမ်ကြိမ်မကသော ဆွေးနွေးညှိနှိုင်းမှုများကို နေ့ရောညပါ ကျင်းပခဲ့ရသည်။ ခြေမြန်တပ်သား များကို နီးစပ်ရာရွာများဆီသို့ စေလွှတ်ရသည်။ အသိပေးရန်ရှိသည့် အနီးဝန်းကျင်ရွာများအား ဤဟုန်းထုပွဲတွင် ပူးပေါင်းပါဝင်မည်လောဆိုသည်ကို ဆွေးနွေးရသည်။ ပူးပေါင်းဆောင်ရွက် မည်ဆိုပါက မည်သည့်နေ့ရက်ဆိုသည်ကို ညှိကြရသည်။ ထိုကဲ့သို့သော လုပ်ငန်းဆိုင်ရာများကို သေချာစေရန် စီမံဆောင်ရွက်မှုများဖြင့် ဖန်တီးခဲ့ရသည်။
ထိုသို့သောလုပ်ငန်းစဉ်များ ပြုမူဆောင်ရွက်နေဆဲကာလအတွင်း ကျနော့်ထံ ကျေးရွာအုပ်ချုပ်မှု ကော်မတီမှ စေလွှတ်လိုက်သည့် ဆက်သားတဦး ရောက်ရှိလာသည်။ သူ့တွင် အလုပ်ခန့်အပ်စာ တစောင် ပါလာသည်။ ကျနော် “ဟုန်း” ကော်မတီဖြစ်သည့်စာ။ ဟုန်းဆိုသည့်စကားလုံးမှာ ကျနော်နှင့်မရင်းနှီးသည့် အသုံးအနှုံး။ သို့သော် ကျနော်မှလွဲ၍ ကျန်သော ကျေးရွာသူရွာသား
များက ရင်းနှီးကြသည်။ အဘယ့်ကြောင့်ဆိုသော် ကျနော်က ဒေသခံမဟုတ်။ လက်နက်ကိုင် တော်လှန်ရေးသမားတဖြစ်လည်း ကျောင်းဆရာတဦး သို့တည်းမဟုတ် အပစ်ရပ်နယ်မြေတခု၏ မြို့နယ်နှင့်သက်ဆိုင်သည့် တရားရေးဌာနမှ။
ကျနော်ရပ်တည်နေရသည့်ဒေသသည် ရေထွက်ပစ္စည်းများ အရောက်အပေါက်နည်းသည်။ သို့အတွက် ရေထွက်သတ္တ၀ါအခြောက်အခြမ်းများသည်ပင် ဒေသခံတို့၏အလိုဆန္ဒကို မဖြည့်
တင်းနိုင်။ ထိုအလိုဆန္ဒအား ဖြေဖျောက်နိုင်ရန် ဟုန်းဆိုသည့်အရာကို အားကိုးအားထားပြုရသည်။ ဟုန်းဆိုသည်က ရေတွင်မှီတင်းနေထိုင်သော ရေသတ္တ၀ါများကို မူးမိုက်စေသည့် အစေးခပ်ပျစ်ပျစ် များထွက်သည့် နွယ်ဆန်ဆန်အမြစ်များ။ ထိုအမြစ်များကို အသုံးပြု၍ သူတို့၏ ဒေသအတွင်းရှိ ချောင်းများတွင် မှီတင်းနေထိုင်သည့် ငါးများကို ရှာဖွေစားသုံးကြရသည်။ သူတို့အနာဂတ်ဖြစ်သော ဆန်စပါးများရရှိရေးအတွက် တောင်ယာဆူးထိုးသောအခါ ရေသတ္တ၀ါများ၏အရသာသည် မရှိမဖြစ် လိုအပ်လာသည်။ အကြောင်းမူ သူတို့၏ဘ၀တူများက လာရောက်၍ သူတို့အားကူညီသောအခါ ကျွေးမွေးရန်အလို့ငှာဖြစ်သည်။
ဤနေရာတွင် တခုပြောရန်ရှိသည်မှာ ဟုန်းကော်မတီဝင်များသည် အခြားသော ရွာသူရွာသား များထက် အခွင့်သာမှုတခုရှိသည်။ ကော်မတီဝင်တိုင်းသည် ရွာသူရွာသားများအား သတ်မှတ် ထားသော ဟုန်းမြစ်အရေအတွက်ကို ပေးဆောင်ရန်မလိုပါချေ။ သို့အတွက် ကျနော့်ကို ဟုန်း ကော်မတီအဖွဲ့ဝင်ခန့်သည်မှာ အားနာသည်ကတကြောင်း၊ ဟုန်းမြစ်အား မည်သို့ရှာရမည်ကို မသိသည်ကတကြောင်းကြောင့် ဖြစ်သည်။ လိုအပ်လျှင်ကား လက်လီဝယ်၍ရသည့် ဟုန်းမြစ်
ရှာသူများရှိသည်။ သို့သော် ကျနော်ဝယ်လျှင် မည်သူမျှရောင်းမည်မဟုတ်သည့်အပြင် အလကား ပေးရမည်ဖြစ်ခြင်းကြောင့် ဟုန်းကော်မတီဝင်အဖြစ် နားအေးပါးအေး ခန့်လိုက်ဟန်ရှိသည်။
ကျနော်တို့ ဟုန်းထုရန်သတ်မှတ်ထားသောနေရာ ရောက်သောအချိန်တွင် နေခြည်သည် အရှေ့ ဘက်အရုဏ်ဦးမှ ပေါ်လာ၍ ချောင်းအတွင်းသို့ မရောက်တရောက်အချိန်သာဖြစ်သည်။ ဟုန်း
ကော်မတီဝင်တဦး၏တာဝန်ကို တွေးကြည့်ပါက စိတ်ညစ်ညူးဖွယ်ကောင်းလှသည်။ သို့သော် မတတ်သာ။ တာဝန်သည် တာဝန်သာဖြစ်သည်။ အလုပ်သည် အလုပ်သာဖြစ်သည်။ ကျနော်က
တာဝန်ယူခဲ့ပြီးဖြစ်သည်။ ထို့အတွက် ကိုယ့်ကိုယ်ကို အားပေးသည်။ ရဲဘော် …. ဆက်လုပ်ဟူ၍။
စစခြင်း ကျနော်တို့ အပ်ချည်တလုံးဖြင့် ကြိုးတားရသည်။ ထိုနေရာသည် ဟုန်းမြစ်များအား စတင်ထုရန်၊ ဟုန်းအမြစ်မှ ခပ်ပျစ်ပျစ်အစေးများအား စတင်၍ ရေစီးထဲတွင် မျောရမည့်နေရာ ဖြစ်သည်။
ထို့နောက် မိသားစုတစုချင်းသည် ကျနော်တို့ ဟုန်းကော်မတီအခြေစိုက်သောနေရာသို့ မိမိတို့ မိသားစုတွင်ပါလာသည့် ဟုန်းမြစ်များကို သယ်ပိုး၍ရောက်ရှိလာသည်။ ထိုအခါ ကော်မတီက ချိန်ခွင်တလက်ဖြင့် ချိန်တွယ်ပေးရသည်။ ဟုန်းမြစ်တူးရာတွင် သတ်မှတ်ချက်ရှိသည်။ လူကြီး ငါးပိဿာ၊ ကလေး သုံးပိဿာ စသဖြင့်။ သို့သော် နားလည်မှုသည် နေရာတိုင်းတွင် ထွန်းကား
သည်။ ဟုန်းပြည့်ချင်း မပြည့်ခြင်းသည် ဆွေမျိုးညာတိစိတ်ဓာတ်နှင့် မကင်းမကွာ။ သွေးရင်း သားရင်းစိတ်ရှိကြသည်။ ပြုံးကြ၊ ရယ်မောကြသည်။ နောက်ကြပြောင်ကြသည်။ သို့သော်
မည်သူမျှ အလေးချိန်မပြည့်ဟုဆိုပြီး ဟုန်းပွဲမှ မထွက်ခွာသွားစေရ။ ဘ၀ဒဏ်ကြောင့် မပျော်ရွှင် နိုင်သော ဒေသအတွက် ဤကဲ့သို့ ရွာလုံးကျွတ်စု၍ ငါးဖမ်းရခြင်းသည်ပင် ပင်ပန်းသော်ငြား ပွဲတော်တခုပင် မဟုတ်ပါလား။
ထိုအချိန်တွင် ချောင်းနံဘေး၌ သစ်ခုတ် ၀ါးခုတ်သံ ပွက်ညံနေသည်။ ငါးဘူးနှင့် ထမင်းဖုတ်သည့်
အနံ့ ပျံ့လွင့်နေသည်။ ရယ်မောကြည်စယ်သံများ သောသောအုတ်အုတ်ရှိသည်။ ခေါင်ဖောက်သူ ဖောက်၊ သောက်သူသောက်နှင့် ငိုသည့်ကလေးကငို၊ ဆူသည့်အမိုးကဆူကြ။ ချောင်းရေက ထိုအချိန်တွင် ကြည်လင်စွာစီးဆင်းနေဆဲ။
ဖျတ်ခနဲ ခြေသံကြား၍ လှည့်ကြည့်လိုက်တော့ ကျနော်၏တောင်ပေါ်သူ၊ “ထမင်းစားမယ်လေ၊ အမိုးကခေါ်ခိုင်းလိုက်တယ်” ဆိုတော့ ကျနော့်ခြေလှမ်းများက သူ့နောက်ပါသွားခဲ့သည်။ ဖောက် ခေါင်ပြင်းပြင်းကို ၀ါးခွက်နှင့် နှစ်ခွက်လောက်သောက်မိပြီး ထမင်းစားရင်း စကားပြောတော့ စကားသံများက ချောင်းရေစီးသံနှင့်အပြိုင်။ ချောင်းနံဘေး တဖက်တချက်ဆီမှာတော့ ဟုန်း မြစ်များကို ပေါ်နေသည့်ကျောက်တုန်းများအပေါ်တင်၍ ထုနေသည့်အသံများက ရီဝေနေသည့် နားများထဲသို့ စူးစူးရဲရဲတိုးဝင်လာသည်။
နေလည်းမြင့်လှပြီ။ လူများလည်း သွေးကြွနေကြပေပြီ။ သူတို့၏မျက်ဝန်းများတွင် မိသားစုအတွက် စားကောင်းသောက်ဖွယ်ဖြစ်သည့် ရေသတ္တ၀ါများအား တွေ့နေရပြီဖြစ်သည်။ သူတို့၏လက်မောင်း များသည် အိမ်နီးနားချင်းများအား ဟင်းကောင်းတခွက်ပေးရန်အတွက် ရေသတ္တ၀ါများအား ဖမ်းဆီး ရန် အသင့်ဖြစ်နေလေပြီ။ သူတို့၏ခြေလှမ်းများသည်လည်း ထို့အတူပင် တောင်ပေါ်ဒေသမှ မြေပြန့် ဒေသသို့ ရေသတ္တ၀ါများကို မရောက်ရှိသွားစေရန်အတွက် အပြေးလှမ်းရန် အသင့်ဖြစ်နေလေပြီ။ ထိုအရာများကို မည်သူမျှ သင်ပေးသည်မဟုတ်။ သူတို့၏ဘ၀က သူတို့၏အသက်ရှင်နေထိုင်မှုကို ပြဋ္ဌာန်းခဲ့သည်မဟုတ်လော။
လူအုပ်တအုပ်၏ စိတ်မရှည်သည်းမခံနိုင်မှုကို မည်သူမျှ တားဆီးနိုင်မည်မဟုတ်ချေ။ ကော်မတီဖွဲ့၍ တားခဲ့လျှင်လည်း အချိန်သည် တဒင်္ဂမျှသာ ရရှိနိုင်မည်ဖြစ်သည်။ သို့အတွက် ပေါက်ကွဲလုဆဲဆဲ အချိန်တွင် ကျနော်တို့ ဟုန်းကော်မတီသည် သတ်မှတ်ထားသည့် အချိန်မတိုင်မီ အနည်းငယ်စောစွာ တူမီးသေနတ်ကို ဖောက်လိုက်နိုင်လေသည်။ ထိုအခါ လူအုပ်ကြီးသည် ရေထဲတွင်ရှိသည့် အရာ အားလုံးသည် မိမိတို့တဦးချင်းစီနှင့်သာ သက်ဆိုင်သည်ဆိုသည့် အမူအရာမျိုးနှင့် ချောင်း၏ ရေအလျင်နှင့်အတူ ပြေးလွှားသွားကြသည်။ ငါးမိနစ်ခန့်ကြာသောအခါ နောက်ကျိနေသည့်
ချောင်းရေပြင်အလယ်တွင် ကျနော်တဦးတည်းသာ ကျန်ခဲ့သည်။ ငါးများစတင်၍ မူးဝေမှုကြောင့် ရေမျက်နှာပြင်အပေါ်သို့ တက်လာကြပြီဖြစ်သည်။ ကျနော်နှင့် ရှေ့ကိုက်တရာအကွာတွင် ရွာမှ ကျနော်နှင့်ခင်မင်သော အဖွားကြီးများ။ ကျနော် အမီလိုက်ရသည်။ သူတို့က ယက်သဲ့နှင့် ချောင်း နံဘေးတလျှောက် ငါးမှုန် ငါးမွှားများ ထိုးနေခြင်းဖြစ်သည်။ သို့သော် ထိုငါးများသည်ပင် မူးယစ် နေကြပြီ။ အသက်ကုန်နေကြလေပြီ။ သူတို့နှင့်အပြိုင်လု၍ ယက်သဲ့ထိုးသော်လည်း ဘ၀အတွေ့
အကြုံက လက်တွေ့ကိုပြဋ္ဌာန်းသည် မဟုတ်လော။ သို့အတွက် ကျနော်သည် သူတို့လောက် မကျွမ်းကျင်၍ သူလို့လောက်မရချေ။
ကျနော်ဆက်၍ လျှောက်သွားသည်။ ချောင်းသည် တဖြည်းဖြည်းကျဉ်းလာသည်။ တခါတရံ နက်သွားသည်။ နေခြည်သည်လည်း အနောက်ဘက်စွန်းစွန်းသို့ မျက်စပစ်နေသည်။ ချောင်း အောက်ပိုင်းရောက်လာသည်နှင့်အမျှ အခြားရွာ၏ ရေပိုင်နက်နှင့် နီးသောနေရာ ရောက်လေလေ၊ အရှေ့မှဆင်းသွားသောလူများကို မီလာလေလေ ဖြစ်လာသည်။ ဖြစ်ချင်တော့ ချောင်း၏ ရေနက် ပိုင်းတနေရာတွင် ရွာသားများက ရေငုပ်၍ ငါးဆယ်နေကြသည်။ ထိုနေရာ ရောက်သောအခါ ကျနော်လည်း စတန့်ပြချင်သည့်သဘောလား၊ ငါးရချင်သည့် ဆန္ဒကြောင့်လားမသိ၊ ချောင်းထဲသို့ ရေငုပ်လိုက်မိသည်။ ထိုအခါ ဘေးပတ်ဝန်းကျင်တွင်ရှိ ကျနော်၏ချစ်သောရွာသားများက ၀ါးခနဲ
ရယ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ကျနော် ရေသာငုပ်လိုက်သည်၊ ငါးတကောင်ရသည်ကား မှန်ပါသည်။ ကျနော်ရေငုပ်စဉ် ယခင်ငါးဖမ်းစဉ်က လွယ်ခဲ့သော ပလိုင်းအား ချွတ်ရန်မေ့ခဲ့သည့် အတွက် ပလိုင်းထဲရှိငါးများအားလုံး ရေထဲသို့ ပါသွားခဲ့၍ဖြစ်သည်။
ညနေစောင်းပြီဖြစ်၍ တဖြည်းဖြည်းနှင့် ချမ်းစပြုချေပြီ။ အဖော်အဖြစ်ရှိနေသည့် အမိုးများထံမှ ခေါင်အိုးတောင်း၍ သောက်ပြီး ဆေးရွက်ကြီးကို မြုံ့လိုက်သည်။ နည်းနည်းတော့ နွေးသွား
သလိုပင်။ ဆက်၍ နည်းနည်းလျှောက်တော့ ရွာနယ်နိမိတ်သတ်မှတ်ထားသော တောင်တက်
လမ်းအား မြင်နေရပြီ။ ငါးက ဘာမှမရသေး။
ဘေးရေထဲသို့ ခဲတလုံးကျသံကြားရသည်။ မော့ကြည့်တော့ ချောင်းကမ်းပါးစပ်မှာ တောင်ပေါ်သူ။ တက်ခဲ့ရန် အချက်ပြသည်။ အမိန့် မလွန်ဆန်နိုင်ပါ။ တက်သွားတော့ သူနှင့် သူ့မောင်လေးငယ်ငယ်။ “ပြန်ကြရအောင်” ဆိုသည်။ ဘာမှမပြောမိ။ သူက အရှေ့က ပလိုင်းနှင့်တရွေ့ရွေ့။ နေရောင်က ရွာပြန်သည့် တောင်ကုန်းအမြင့်ပေါ်ရောက်လေလေ သူ့ခန္ဓာကိုယ်မှာ စူးစူးရဲရဲ။ လမ်းတ၀က် ရောက်လုဆဲမှ “ပြကြည့်ပါဦး၊ ငါးဘယ်လောက်ရလဲ” မေးသည်။ “မကြည့်ပါနဲ့၊ ဘာမှမရဘူး” “မဟုတ်ဘူးလေ၊ ကြည့်တယ်ဆိုတာ မရဘူးဆိုတာတော့ သိတာပေါ့။ ဒါမှ ကျန်တဲ့ ဆေးမှူးတို့၊
ရဲဘော်တို့ကို စားဖို့ထည့်ပေးဖို့အတွက် ချိန်လို့ရတာပေါ့”။ အဲဒီကျတော့လည်း ကျေးဇူးတင်ပါ တယ်ပေါ့။ ရွာအ၀င် ဘုရားကျောင်းနံဘေးရောက်တော့ လမ်းခွဲရတော့မယ်။ သူကတလမ်း၊ ကျနော်ကတလမ်း။ လမ်းခွဲရောက်လုနီးကာမှ သူ့မောင်လေးကို လက်ဆွဲခေါ်ပြီး ပြောသည်။ “ညကျရင် အိမ်မှာခေါင်လာသောက်ပြီး ထမင်းစား၊ ပြီးတော့ ဟုန်းကော်မတီလည်း ဘယ်တော့မှ မလုပ်နဲ့၊ ရှက်စရာကြီး၊ ငါးက ဘာမှလည်းရတာမဟုတ်ဘူး။” သူကျီစယ်မှုမှန်းတော့ သိပါသည်။ သို့သော် ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် အတွေ့အကြုံဆိုသည်မှာ ဤကဲ့သို့သာ သင်သွားရသည် မဟုတ်ပါလား။
ဘာပဲဖြစ်ဖြစ် ထိုညကတော့ ကျနော် သူ့အိမ်သွားပြီး ငါးဟင်းမြည်းလို့၊ ခေါင်ရည်တွေသောက် လုပ်ခဲ့သေးသည်။ ကဲ နောက်တခါလုပ်မယ့် ဟုန်းပွဲတော်က နောက်သုံးနှစ်ကြာမှတဲ့။ ဘယ်သူ
တွေက အဝေးရောက်၍ ဘယ်သူတွေကျန်ခဲ့မလဲ။ မည်သူမျှ မှန်းဆနိုင်တော့မည်မဟုတ်။ အဝေး ရောက်သူတွေကတော့ ဝေးဝေးကသာ သတိရနေရပေမည်။ ကျန်ခဲ့သူတွေကတော့ ပင်ပန်းတကြီး ဟုန်းပဲဆက်ထုနေရမှာလား၊ အပစ်ရပ်ခြင်းရဲ့ အကျိုးဆက်အရ ရေသတ္တ၀ါများကို ဖောသီစွာ စားသုံးနေနိုင်မည်လား။ အခုတော့ အိမ်တိုင်းတွင် ငါးကျပ်တင်သည့် ရနံ့က ရွာလေထုအတွင်း ပျံ့နှံ့နေဆဲ။ ။
Sunday, 5 July 2009
ရှားပါးမှု၊ တောင်ကျချောင်းနှင့် ရေသတ္တ၀ါများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment