Sunday 5 July 2009

ကျမတို့တိုင်းပြည်မှာ

ခွာညို (၁၆-၈-၀၇)
ခေတ်ပြိုင်...မှ

ကျမတို့တိုင်းပြည်မှာ…
စစ်အုပ်စုက တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးဆိုတာကို အော်ရသူတွေ ရင်ကွဲမတတ်။ ကြားရသူအပေါင်းလည်း နားကွဲမတတ် ထုတ်လွှင့်နေသည်။ တကယ်တော့ အဲသည်လို အော်ချည်း နေဖို့မလိုပါ။ အလုပ်နှင့်သက်သေပြရန်သာဖြစ်ပါသည်။


ကျမတို့တိုင်းပြည်မှာ…
ပြည်သူတွေက အစိုးရအပေါ် မယုံကြည်တော့သည့်စိတ်၊ အားမကိုးကြတော့သည့်စိတ် နာကျည်း မုန်းတီးသည့်စိတ်၊ ရွံရှာစက်ဆုပ်သည့်စိတ်များ တနေ့တခြားတိုးပွားများပြားလာနေသည်။ နှစ်ဦး နှစ်ဘက်လုံးအတွက် ဤမနှစ်မြို့ဖွယ်ရာ စိတ်ခံစားမှုကို ဖျောက်ဖျက် ဆေးကြောနိုင်ရန် စစ်အုပ်စုမှ သက်သေပြရန် အချိန်ကောင်း၊ အခွင့်ကောင်းတခုကို အသုံးချသင့်နေပြီဖြစ်သည်။

ကျမတို့တိုင်းပြည်မှာ…
တိုင်းရင်းသားအချင်းချင်း အမှန်ပင် ချစ်ခင်စည်းလုံးစေချင်လျှင် ရွာပုန်းရွာရှောင်ဘ၀နှင့် တဘ၀လုံး (တချို့ဆိုလျှင် မျိုးရိုးစဉ်ဆက်) ပြေးလွှားနေရသည့် တောင်ပေါ်သားများအား အခြေတကျ မြေသတ် မှတ်ပေးသင့်နေပါပြီ။ သူတို့ရိုးရာ တောင်ယာလုပ်ငန်းများကို မြေအတည်တကျနှင့် စိုက်ပျိုးရာတွင် ခေတ်မီနည်းစနစ်များနှင့် ထောက်ပံ့ကူညီသင့်နေပါပြီ။ သည်လိုဆိုလျှင် တိုင်းပြည်အတွက် စားစရိတ် မြင့်တက်မှုများလျှော့ပါးစေလျှက် ကမ္ဘာ့သတင်းရပ်ကွက်မှာ မြန်မာ့သတင်းများနှင့် ပတ်သက် ရေးသားတိုင်း အလွန်အကျည်းတန်သည့် ထိုရွာပုန်းရွာရှောင်ဆိုသောစကားလုံးတို့ ပျောက်ကွယ် သွားပါလိမ့်မည်။

ကျမတို့တိုင်းပြည်မှာ…
ဘယ်အခါမှာ တိုင်းရင်းသားလူမျိုးစုငယ်လေးများ၏ တန်းတူအခွင့်အရေး တောင်းဆိုမှုများ ဆိတ်ငြိမ်သွားစေလိုလျှင် တောင်းဆိုသံများကို ကျည်ဆံနှင့် ဟန့်တား ပိတ်ဆို့နေမည့်အစား ကျောသားရင်သားမခွဲခြားသော စိတ်ထားမျိုးကို ပြသင့်ပါသည်။

ကျမတို့တိုင်းပြည်မှာ…
စိုက်ပျိုးရေးကောင်းမွန်စေမည့် မြေဆီလွှာတွေနှင့်တကွ ရေချိုလည်းအလျှံပယ်ပေါများသည့်အတွက် ထမင်းငတ် သေသောမသာဟူ၍ မရှိနိုင်ဟု ကျမအခိုင်အမာတွေးထင်ခဲ့မှုသည် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတခုအတွင်းသို့ ရောက်လာသည့် လူနာတဦးကို သွားကြည့်မိစဉ်ခဏမှာ ထိုအတွေး မှားယွင်းကြောင်း သိလိုက်ရပါသည်။

အသက်သုံးဆယ်ကျော် ကရင်တိုင်းရင်းသူအမျိုးသမီးတယောက် သူ့အသက်ကိုသာမသိရလျှင် အသက်ခြောက်ဆယ်ခန့်ဟုသာ လူတိုင်းထင်နေကြလေသည်။ သူ့အရည်အသားများက မွဲပြာ မဲခြောက်လျှက်။ ဖျားနေသည်မှာ နှစ်နှစ်ရှိပြီး လမ်းမလျှောက်နိုင်တော့တာ (၃) လကျော်ပြီဟု သိရသည်။ သူမသည် ကြာအင်း၊ ၀င်းရေးစသည့် စစ်ရင်ပြင်ဖြစ်နေသည့် ကရင့်မြေမှ တောင်ကို ကျော်ကာ ထိုင်း-မြန်မာနယ်စပ်မှ ဒုက္ခသည်စခန်းတွင်း ဆေးခန်းသို့ အခမဲ့ဆေးကုသမှု ခံယူနိုင် ရန်ရောက်လာခဲ့ခြင်းဖြစ်သည်။

ကျမတို့အိမ်တန်းနား အရောက်တွင် သူမ ဆက်မလျှောက်နိုင်တော့ဘဲ လဲကျသွားခဲ့သည်။ သူမ နောက်က အဖော်လိုက်လာသူဟူ၍ လူမမည်ကလေးတယောက်ကို ကျောပိုးထားသည့် ဗမာ စကားမပြောတတ်သော သူမသမီးတဦးသာလျှင်ရှိသည်။ ထို့ကြောင့် ယခင်ကျောင်းသား
တပ်မတော်မှ တပ်မှူးဟောင်းတယောက်နှင့် အခြားအဖော်တယောက်တို့က စောင်ဖြင့်ထမ်းကာ ဆေးရုံသို့ လိုက်ပို့လိုက်ရသည်။

ရက်အနည်းငယ်အတွင်း နောက်ထပ်နှစ်ယောက် ထပ်ရောက်လာသည်မှာလည်း သူမနှင့် ထူးမခြား နားသည့် အာဟာရပြတ်လပ်နေသည့် အမျိုးသမီးများသာဖြစ်လျှက် ဆေးရုံက သူမတို့သုံးယောက်
အား “သရီးလေဒီးစ်” ဟုခေါ်သည်။ သူတို့သုံးယောက်ပေါင်းမှ အမျိုးသမီးတယောက်၏ ပုံမှန် အလေးချိန်မျှသာရှိသောကြောင့်ဖြစ်သည်။

သူတို့အား ဆေးရုံမှ နွားနို့တိုက်သောအခါ သူတို့မသောက်တတ်ကြဘူးဆိုသည့်စကားက ကြားရသူ အပေါင်း၏ ရင်ကို နာကျင်စေခဲ့တာ ကျမတို့တိုင်းပြည်က လူမျိုးစုများ၏ ဖြစ်ရပ်မှန်များအနက်က တခုမျှသာဖြစ်ပါသည်။

လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်ကျော်က ကိတ်မုန့်ကိုဘာမှန်းမသိသော တခါကြားယုံမျှဖြင့် ကိတ်မုန့် ဟူသောအမည်နာမကို နောက်တခါ ပြန်မပြောတတ်သော ချင်းမလေးတယောက်ကို မှတ်မိ နေသည့်နာကျင်မှုမျိုးဖြင့် ထိုသရီးလေဒီးစ်ကိုလည်း ကျမ မေ့နိုင်တော့မည်မဟုတ်ပါ။

အာဖရိကမှ သဘာဝဘေးဒဏ်ကြောင့် ငတ်မွတ်ခေါင်းပါးဒဏ်ကိုခံနေရသည့် တိုင်းပြည်များမှ နိုင်ငံခေါင်းဆောင်တို့သည် မိမိတိုင်းသူ ပြည်သားများအတွက် နိုင်ငံတကာအကူအညီများကို မရှက်မကြောက် တောင်းခံလျှက် ပြည်သူတို့၏၀မ်းကို ပြည့်အောင်တတ်နိုင်သမျှဖြည့်စွမ်းခဲ့ပါသည်။

ကျမတို့တိုင်းပြည်မှာ …
နိုင်ငံတကာက ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးဆိုင်ရာ အကူအညီပေးလိုသည့် အစိုးရမဟုတ်
သော အဖွဲ့အစည်းများ အဆင်သင့်ရှိနေသည့်တိုင် အုပ်ချုပ်မင်းမူနေသည့်အစိုးရ၏ မယုံသင်္ကာ ဖြစ်မှုများ။ အကျင့်ပျက်လာဘ်စားမှုများကြောင့် ပြည်သူများ၏ ရပိုင်ခွင့်များ ဆုံးရှုံးနစ်နာနေလျှက် တိုင်းပြည်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်ပင်အန္တရာယ်ကြီးလှသော အခြေအနေ မျိုးတွင် ရောက်နေပါသည်။

မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် အာဏာလွှဲပြောင်းသိမ်းပိုက်ခဲ့သည့် စစ်အစိုးရ၏ စကားအတိုင်း ဆိုရပါသော်- ကျမတို့တိုင်းပြည်၏ ကံကြမ္မာမှာ ချောက်ထဲကျရန် အမှန်ပင် လက်နှစ်လုံးမျှသာ လိုတော့ပါသည်။

ကျမတို့တိုင်းပြည်မှာ…
အသက်အရွယ်ကြီးမြင့်သည့်တိုင်အောင် အနားမရသောလက်များ သန်းပေါင်းများစွာရှိနေပါသည်။ အထက်တန်း ကျောင်းအုပ်ဘ၀တွင် စစ်အုပ်စုမှ ပင်စင်ပေးခြင်းခံခဲ့ရသည့် ကျမအဖေသည် ကျောင်း ဆရာဘ၀က လူငယ်များအား ဆေးလိပ်မသောက်၊ ကွမ်းမစားရန် တင်းကျပ်သော အမိန့်များထုတ်
ကာ ပိတ်ပင်ခဲ့သော်လည်း အလုပ်မှ ရပ်စဲခံရပြီးသည့်နောက်တွင် သူကိုယ်တိုင်ပင် ဆေးလိပ်နှင့် ကွမ်းယာကို ၀မ်းရေးအတွက် လူငယ်လေးများအား သူကိုယ်တိုင်ရောင်းချပေးနေခဲ့ရပါသည်။

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းထဲတွင် ဒုက္ခသည်များအား ဆန်၊ ဆီ၊ ဆား၊ သကြား၊ ပဲ၊ လောင်စာ မီးသွေးတောင့် စသည်ဖြင့် ကုန်မာများကို လစဉ်ထုတ်ပေးနေပါသည်။ သို့သော် ဆောင်းနံနက်ခင်းတခု၏ နေရောင်အောက်ဝယ် နေစာလှုံရင်း မီးသွေးမှုန့်များကို ထမင်းရည် ပျစ်ပျစ်နှင့်ရောဆုပ်ကာ လောင်စာ ဖန်တီးနေရသေးသော အသက်ရှစ်ဆယ်နီးပါး ကရင် အဖွားအိုများကို ကျမတွေ့ခဲ့ရသောအခါ ဆရာကြီး ဦးတင်မိုး ကျမတို့မိုးကြိုးသတင်းဌာနသို့ လာရောက်လည်ပတ်စဉ် ပြောခဲ့သောစကားများကို တလုံးမကျန်သတိရလာပြီး စိတ်မကောင်း ဖြစ်ရပြန်ပါသည်။

“သူတို့တိုင်းပြည် (အမေရိကန်) က လူထုကိုစောင့်ရှောက်တာ တာဝန်ကျေလွန်းအားကြီးလို့ ဆဲတောင်ဆဲချင်လာတယ်။ အသက် ခြောက်ဆယ်ကျော်တယ်ဆိုတာနဲ့ ပိုက်ဆံ (၂၀၀) လည်း တန်းပေးတယ်။ အဘ အသက်ကြီးနေပြီ။ အဘကိုစောင့်ရှောက်ဖို့ နာ့စ်တယောက် အဘအတွက် ထားပေးမယ်လို့လည်းပြောသေးတယ်။ ငါ့အတွက် လူအကူမလိုသေးပါဘူး။ ငါ သွားနိုင်လာနိုင် ပါသေးတယ်ဆိုတာ ငါကိုယ်တိုင်ပြောနေတာတောင်မှ သူတို့က ငါ့အတွက်စိတ်ပူပေးနေလို့
သူတို့ကို ငါဆဲချင်တယ်”

ထိုစကားများကို ဆရာကြီးက ပြီးပြည့်စုံနေသော ကျေနပ်နှစ်သက်မှုတို့ဖြင့် ပါးစုံ့ကြီးများ ထွက်လာ သည်အထိ ပြုံးလျှက် ပြောသွားခဲ့တာဖြစ်ပါသည်။

ကျမတို့တိုင်းပြည်က ကျမတို့၏ စစ်အစိုးရကိုလည်း ကျမတို့ပြည်သူလူထုက ထိုသို့သော
အပြုံးမျိုးဖြင့် ၀ိုင်း၍ ဆဲလိုက်ချင်စမ်းလှသည်။

No comments:

 
/* EOT ----------------------------------------- */