ချိုစိမ့်
(၁၂-၁-၀၇)
choseint
ဖယောင်းတိုင်တွေ
ကိုယ်စီကိုင်လို့
အမှောင်တ၀က် ကိုယ်စီလင်းလက်ကြ …
ဟော …
ခန်းမ ၀ရံတာမှာ
သူထွက်လာနေပြီ
သူလက်ယမ်းနှုတ်ဆက်
Fredpris* ဆိုတာ
သူနဲ့ သူ့ပြည်သူရင်ဗဟိုမှာ ရောက်ခဲ့ပေါ့
ကမ္ဘာ့ရင်ဗဟိုမှာ ရောက်ခဲ့ပေါ့
ငတို့ရင်ဗဟိုမှာ ရောက်ခဲ့ပေါ့ …
အလင်းတိုင်တွေ မြှောက်ချီကြ
သူ့နာမကို ရွတ်ဆို ဟစ်ကြွေးကြ
“ယူနွတ်စ် ယူနွတ်စ်”
သူ့နှလုံးသားကို ကောင်းချီးပေးကြ
ဒီည
နှင်းမကျနိုင်တော့
ကောင်းကင်ဘုံက နှင်းကိုတားပြီ
“အပြစ်ကင်းသူတွေ
အချစ်ကြီးသူတွေ
နှင်းမခစေနဲ့
နွေးထွေးစေလော့” …။
ဒီမှာ
ရှိုက်သံ
ငါကြားရတယ် ရှိုက်သံ
ဒီညမှာကြားရတယ်
ရှိုက်သံ
ဟုတ်ပ
ရှိုက်သံ
ပြီးတော့
အမေး
ဟုတ်တယ် မေးခွန်း
နှစ်မျိုး နှစ်မျိုး
ရှိုက်သံတခုက
ရက်ရောသူ စွန့်သူ
ဘင်္ဂလားဒေ့ရှ် ပြည်သူတွေရဲ့ ချစ်သူအတွက်
ချမ်းမြေ့စရာ
ပန်းအစုံညွတ်ကျ
ကြည်နူးလွန်းလို့ ဆွတ်ပျံ့ရှိုက်သံ
ဆာရီဝတ်ရုံအောက်က တိုးထွက်လာခဲ့တာ …
နောက် …
ရှိုက်သံ
မှောင်ညို့အခန်းကျဉ်းထဲကသူတွေနဲ့
အိမ်အိုတွင်းက သူမ
အခုလို ခန်းမ၀ရံတာက သူ့ချစ်သူတွေကို
လက်ပြခွင့်မရသေးတဲ့ သူမနဲ့အတူ
တမန်တော်ငှက်ရဲ့ ၀ဲပျံမှုအောက်
မရောက်ရသေးတဲ့
ငတို့ချစ်သူတွေအတွက် ရှိုက်သံ …
ပြီးတော့ အမေး
ဘယ်မှာလဲ သူမ
ဘယ်မှာလဲ သီဂွန်ဒုံး**
ဘယ်မှာလဲ ဘယ်မှာလဲ
အဲဒီည
ကောင်းကင်တော်က
နှင်းမကျပေမယ့်
ကြည်နူး ၀မ်းနည်းတို့ပေါင်းစည်း
ငိုညည်းရှိုက်သံတွေလွှမ်းမိုး
ကောင်းကင်ယံအထိ ထိုးတက်သွားတယ် …။ ။
(၂၀၀၆ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရင် မစ္စတာယူနွတ်စ်အား ဆုပေးပွဲအပြီး ရေးဖွဲ့ပါသည်။)
* Fredpris = ငြိမ်းချမ်းရေးဆု (နော်ဝေဘာသာဖြင့်)
** သီဂွန်ဒုံး = ဗီယက်နမ် ရက်ဖ်တို နော်ဝေလူ့အခွင့်အရေးဆုရှင် (၂၀၀၆)
Sunday, 5 July 2009
ကောင်းကင်တော်သို့ ရှိုက်သံများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment