Friday 18 July 2008

ဒုက္ခဟောင်းတို့ချုပ်ငြိမ်းရေးနိဂုံး…ဒုက္ခသစ်တို့ရင်ဆိုင်ရန်နိဒါန်း

သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့်
ငါ့မြေမှာ နီဝါတင့်ရမပေါ့…
ဆိုသည့် ဆရာမငွေတာရီ၏ “သာသည့်မြေသို့….” ကဗျာသည်လည်း အခုလောက်ဆို…. ငိုနေပေတော့မည်။

နှစ်သက်ခဲ့မိသော ထို ကဗျာကလေးက ကိုယ့်ကို
နေ့စဥင်္နှင့်အမျှ အချိန်ရှိသရွေ့ ခြောက်လှန့်နေတော့မည်လား မပြောတတ်ပါ။


ရှေ့မီးနောက်မီးစုံဖွင့်ပြီးမောင်းလာတဲ့ ကားတန်းကြီးတွေကို မြင်ဖူးကြလား။
ဒါမှမဟုတ် လိုက်ပြီးစီးဖူးကြရဲ့လား….

ဒုက္ခသည်စခန်းအတွင်းသို့ဝင်စဉ်က ထိုသို့ မီးဖွင့်မောင်းသော ကားတန်းကြီးနှင့် စည်စည်ကားကားဝင်ဖို့အရေးတွင်
နံနက်ခင်းနေမထွက်ခင် မြို့ပိုင်ကွင်းဟုခေါ်သော အုပ်ချုပ်ရေးရုံးအတွင်းသို့ သွားကြရသည်။ အဲသည်မှာကတည်းက လူတန်းစား စပြီး ညီလာသည်။

ဆရာဝန်၊ အင်ဂျင်နီယာ၊ ကျောင်းဆရာမ၊ စာရေးဆရာ အထီးဖြစ်ဖြစ်….အမဖြစ်ဖြစ်
ရုပ်ရှင်သရုပ်ဆောင်လည်းမကျန်စေရ…
နိုင်ငံ့ခေါင်းဆောင်လည်းပါချင်ပါ..ပဲပြုတ်သည်…စက်ရုံအလုပ်သမ…ဘာသာပေါင်းစုံဖြစ်ချင်ဖြစ်
အားလုံးအတူတကွ ထိုင်းစစ်သားတွေရှေ့မှာ ငုတ်တုပ်လေးတွေ ထိုင်ကြရသည်။

သည်ကြားထဲ ထိုင်းစစ်သားတယောက်ယောက်က တခုခုအတွက် ထ …ဟု အမိန့်ပေးခဲ့သောအခါ
ဒုက္ခသည်တွေက အလွန်ပင်ညီညွတ်သေ၀ပ်စွာ ထလိုက်ကြသည်။
ထိုင်းစကားကိုနားမလည်ကြသည့်တိုင် သူတို့လက်ထဲက နှင်တံ (တုတ်ချောင်း)ကို မြှောက်ပြလိုက်သည်နှင့်
ဒါ…မတ်တပ်ရပ်ခိုင်းတာ ဟု နားလည်ကြသည်။

အမိန့်ပေးသူက ပေးပြီးထွက်သွားသောအခါ မိုးတိုးမတ်တပ်ရပ်ကျန်ရစ်ခဲ့သူတွေကို နောက်စစ်သားတယောက်က
"ဘာဖြစ်လို့ရပ်တာလဲ။ ထိုင်..ထိုင်"… ဆိုပြီး ဒေါသတကြီးအော်ဟစ်ပြန်သည့်အခါ
တယောက်မျက်နှာတယောက်ကြည့်ကာ ထိုင်လိုက်ကြရပြန်သည်။

အဲဒါ ကိုယ့်အသုဘကိုယ်ပြန်ပြီးလိုက်ပို့နေရသလို ခံစားချက်ကိုဖြစ်ပေါ်စေတဲ့ခရီးစဉ်တခု၏နိဒါန်းဖြစ်သည်။

ကားတန်းရှည်ကြီးနှင့် ဒုက္ခသည်အမည်ခံ အသုဘခရီးကို
၂၀၀၆ ခုနှစ်။ စက်တင်ဘာ (၁၉) ရက်နေ့မှာ စတင်ထွက်ခွာပို့ဆောင်ခဲ့ကြသည်။

မီးဖွင့်မောင်းလာသော ကားတန်းပေါ်မှာလိုက်ပါရင်း မိနစ်ဝက်တခါလောက်မှာ ကွေ့ချိုးနေသည့် တောင်တက်လမ်းကြမ်းကြမ်းမှာ
နောက်ကလိုက်ပါနေကြသော ကားတန်းကြီးတွေကို လည်ပြန်ငေးရင်း ဆုံးရှုံးမှုများစွာကို ရင်နှင့်ရင်းပြီး ခံစားနေခဲ့ရသည်။
မြန်မာနိုင်ငံသားဖြစ်မှုသည်လည်းကောင်း…
မြန်မာနိုင်ငံသားတယောက်အနေနှင့် ပြောရေးဆိုခွင့်သည်လည်းကောင်း….
မြန်မာ့မြေနှင့် အနီးဆုံးမှာပင်ကုပ်ကပ်နေနိုင်ခွင့်သည်လည်းကောင်း…
လည်းကောင်းပေါင်းများစွာတို့ဖြင့်ထုံမွှမ်းထားသော ဒုက္ခသည်တို့သည်

တွန့်လိမ် တွန့်လိမ်သွားလာနေသော မြွေတကောင်နှင့်တူသည့် ကားတန်းကြီးသယ်ဆောင်နေသည့်အတိုင်းလိုက်ပါနေခဲ့ကြသည်။

သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့်
ငါ့မြေမှာ နီဝါတင့်ရမပေါ့…
ဆိုသည့် ဆရာမငွေတာရီ၏ “သာသည့်မြေသို့….” ကဗျာသည်လည်း အခုလောက်ဆို…. ငိုနေပေတော့မည်။

နှစ်သက်ခဲ့မိသော ထို ကဗျာကလေးက ကိုယ့်ကို
နေ့စဥင်္နှင့်အမျှ အချိန်ရှိသရွေ့ ခြောက်လှန့်နေတော့မည်လား မပြောတတ်ပါ။

အားလုံး ဒုက္ခသည်အဖြစ်မှာ တူညီကုန်ကြသော်ငြားလည်း ဒုက္ခသည်အားလုံး၏ စိတ်အတွေးနှင့် ခံစားချက်ခြင်းတို့သည်လည်းကောာင်း၊
မျှော်လင့်ချက်နှင့် အနာဂတ်ပန်းတိုင်တို့သည်လည်းကောင်း တူလိမ့်မည်မထင်။

ထိုသို့ ကားတန်းကြီးနှင့် ပထမဦးဆုံးသော ကိုယ်တိုင်ပို့ခရီးစဉ်၏အဆုံးသတ်တွင် တခါးမရှိ…အကာအရံမလုံမခြုံသော တဲလေးတွေကစောင့်ကြိုနေသည်။
တအိမ်ကို လေးယောက်နှုန်းနေရမည်တဲ့။ တချို့အိမ်လေးတွေ နှစ်ယောက်ပင် အနိုင်နိုင်နေရသည့်အိမ်မည်ကာမတ္တလေးတွေဖြစ်သည်။

ဒုက္ခသည် အတုရော အစစ်ရော အားလုံးတပြေးညီ….
ဖက်မိုးထားသည့် ၀ါးခင်း။ ၀ါးကာ ၀ါးတိုင်နှင့်ဆောက်သောအိမ်မှာ နေပေတော့ အားလုံး အဆင့်တူ…အတန်းတူ….

ချစ်ခြင်းမှာ လူသည်အခါခါသေ၏….ဆိုတာ….
ကြောက်သောသူ နှစ်ခါသေ၏…ဆိုတာတွေကို မကြုံဖူးပါ။
ဒုက္ခသည်တယောက်ဖြစ်ဖို့တော့ ကိုယ့်အသုဘကိုယ် အခါခါပို့တတ်နေရပြီ။

၂၀၀၅ စက်တင်ဘာ (၁၉) ရက်နေ့ က ထိုသို့သော ခရီးစဉ်မျိုးကို ယခု ၂၀၀၈ ခုနှစ် ဧပြီလလောက်မှာ ပြန်စသည်။
သည်တခါတော့ ဒိုင်နာကားအသေးတွေနှင့်မဟုတ်။
အိုင်အိုအမ် (IOM- International Organization for Migration) က ကားပြာကြီးတွေနှင့်ဖြစ်သည်။

ကားက ဘေးခုံနှစ်ခုံသာ ပါသော်လည်း ဗမာများနှင့်အလုပ်တွဲလုပ်ကာ ဗမာ့နည်း ဗမာ့ဟန်နှင့် ရင်းနှီးကျွမ်းဝင်နေသော ထိုင်းနိုင်ငံသားများက
အလယ်တွင် ခုံတန်းတခု ထပ်ထိုးသည့်နည်းပညာကို ရထားကာ လူတွေကို အလယ်တန်းတတန်းထပ်ဖြည့်ပြီးတင်ကြသည်။

မြေပြန့်ခရီးတွင် ထိုသို့စီးရသည်က မထောင်းတာလှသော်လည်း မိနစ်ဝက်လျှင် တကြိမ်ကွေ့နေသော တောင်ဆင်း တောင်တက်ခရီးတွင်မူ
တခါတရံ ပက်လက်ပင်လန်ကာလဲကျတတ်သေးသည်။ ထိုသို့ ပုံဆိုးပန်းဆိုးလဲမကျစေရေးအတွက် ခြေကိုတောင့်ကာကန်ထားရသည့်
တနေ့တာခရီးအဆုံးတွင် တကိုယ်လုံးကိုင်အရိုက်ခံထားရသလို နာကျင်နေကြတော့သည်။

မဲဆောက်နှင့် ဒုက္ခသည်စခန်း အပြန်အလှန်သွားရသောခရီးသည် ဆေးစစ်ချက်အောင်မအောင်နှင့်သက်ဆိုင်သည်။
ဆေးကျပါက ထိုခရီးကို နောက်တကျော့ပြန်ကာသွားရပေမည်။ သည်တော့ လူတွေ ရူုးကုန်သည်။

အဓိကဆေးကျရသည့်အကြောင်းရင်းသည် အဆုတ်တွင် မြစ်ဖျားခံနေသောကြောင့် ဆေးမကျရေး စီမံကိန်းများရေးဆွဲအကောင်အထည်ဖော်ကြသည်။

အဆုတ်မှာ စပေါ့ (အစက်) မထင်အောင် ဓာတ်မှန်မရိုက်ခင် နွားနို့သောက်ရသတဲ့….

ဘယ်က၀ိက ဘယ်ကျမ်းနှင့်ညှိကာထုတ်လိုက်သည့် အယူအဆလည်း မပြောတတ်ပါ။
နွားနို့ဗူးများရောင်းသော ထိုဒုက္ခသည်စခန်းထဲက ကုလားတွေ နို့ဗူးရောင်းရငွေနှင့်ပင် အတော်လေးအလုပ်ဖြစ်ကုန်ကြသည်။
ကလေးအဖေတွေလည်း ကလေးတွေအတွက် နို့ဗူးလုသောက်ကုန်သည်အထိ။
ဆေးလိပ်မသောက်သော ကလေးများထက် ဆေးလိပ်သောက်သောအဖေများ
က ယခုအခါမှာ နွားနို့ပိုပြီးလိုအပ်သည်ဟု မိခင်များကလည်း ဆုံးဖြတ်အတည်ပြုပေးကြသည်။

တချို့ကျတော့လည်း ဓာတ်မှန်ရိုက်ကာနီး ရေမချိုးရ…..တဲ့။

တော်ကြာ အပူခိုးတွေကန်တက်လာကာ ဓာတ်မှန်ပြားမှာ မရှင်းလျှင် ဆေးကျသွားမည်ဆိုကြသည်။

ဒုက္ခသည်ဖြစ်ချင်ကြသူများမို့ပင်လားမသိ။
ဒုက္ခမှန်သမျှကို သည်းခံခြင်းတရားလက်ကိုင်ထားကာ ကျော်ဖြတ်နေတာကို အံ့ဖွယ်သုတအဖြစ်လည်း တွေ့မြင်ကြရသည်။
အိမ်သာနှင့် ထမင်းစားဆောင်ကပ်နေသည့်အတွက် လူ (၈၀၀) ကျော်ထုတ်စွန့်ထားသည့် အစာဟောင်းနံ့များတသင်းသင်းဝင်နေသော
ထမင်းစားဆောင်ထဲတွင် ထမင်းကိုလည်း မြိန်ရည်ယှက်ရည်စားနိုင်ကြသည်။

ကြက်သားမည်ကာမတ္တကို ငှက်ပျောအူနှင့်ရောကြိုထားသည့်ရေလုံပြုတ်ဟင်းကိုလည်း မစားနိုင်သော်ငြားလည်း မည်သူမျှ ကန့်ကွက်သူမရှိ။
မစားနိုင်သောအစာများအားလုံး ပန်းကန်လိုက် အမှိုက်အိပ်ထဲသို့ရွေ့ကုန်ကြသည်။

ဟင်းတိုင်းတွင်ပါဝင်နေသော အုန်းနို့သည် မြန်မာလူမျိုးများအတွက် အစာမကြေသောရောဂါကိုဖြစ်စေသည်။
စပါးလင်။ ဂျင်းစိမ်းနံ့များကဲသောဟင်းတို့အား တနေ့လျှင် သုံးကြိမ်စားကြရသည်။
မစားနိုင်သူများအတွက် ဆန်ပြုတ်ရှိနေသဖြင့်တော်ပါသေးသည်။

အရာရာတန်းတူဖြစ်နေသောအခြေအနေတွင် အိမ်သာနံ့ကိုရှူရှိုက်ရင်း ဆန်ပြုတ်အတူတူသောက်ကြရသည်။

အစ္စလာမ်ဘာသာဝင်ယောက်ကျားများ၏ပုဆိုးတွေနှင့် ကရင်အမျိုးသမီးလုံခြည်များ တန်းတတန်းထဲတွင်ယှဉ်တွဲလှမ်းထားတာကိုလည်းတွေ့ရသည်။
ကျား-မတန်းတူညီမျှရေးအတွက် အစ္စလာမ် ဘာသာဝင်များအနေနှင့် အတော်လေး စိတ်ကသိကအောက်ဖြစ်နေမည်လားတော့ မပြောတတ်ပါ။
တန်းတူညီမျှရေးမှာတော့ အလွန်ပီပြင်သော ပြကွက်ကို ထို ဒီအိပ်ခ်ျအက်စ်အင်တာဗျူးတွင်တွေ့နိုင်သည်။

အစ္စလာမ်ဘာသာဝင်ရော။ ကရင်ခရစ်ယာန်ရော…ဗုဓ္ဒဘာသာဘုန်းတော်ကြီးတွေပါ ခန်းမကျယ်ကြီးထဲမှာ တန်းစီပြီးအိပ်ကြ နေကြရသည်။
မာတုဂါမများနှင့် တမိုးအောက်မှာ အတူမအိပ်ရ….ဆိုသော ဗုဓ္ဒဘာသာအရ ပညတ်ချက်သည်လည်း အမေရိကန်အင်တာဗျူးကာလတွင် အသက်ဝင်ခြင်းမရှိ။
ဘာသာရေးဆိုင်ရာပညတ်ချက်တို့လည်း လူသားအားလုံးတန်းတူအခွင့်အရေးထဲတွင် ပျော်ဝင်သွားခဲ့ပုံပင်။

အသက်ကြီး ငယ်မရွေး…
ကျား- မ မရွေး….
ဘာသာမရွေး…
ဆင်းရဲ ချမ်းသာလည်းမရွေးဘဲ တန်းတူမှ တကယ့်ကို တန်းတူစနစ်ဖြင့် အင်တာဗျူးစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းဆိုရပါလိမ့်မည်။
ဦးစားပေးခံရသူများသည် အသက် (၁၈) နှစ်ပြည့်ပြီးသော ကျန်းမာရေးကောင်းသူ သန်စွမ်းသူများသာလျှင်ဖြစ်သည်။
ပင်စင်တန်းထုတ်ပေးရမည့် နိုင်ငံရေးသမားအိုတချို့၏ စိုးရိမ်ပူပန်သံများကို ကြားရစပြုလာသည်။

လုပ်နိုင်လျှင်လုပ်နိုင်သလောက်ပိုက်ဆံရသော အမေရိကန်ကို ဆင်းရဲသောနိုင်ငံတိုင်းက လူတိုင်း လူတိုင်း အိမ်မက် မက်ကြသည်။
ယခု ထိုအိမ်မက်တွင်းသို့ အားလုံးခုန်ဆင်းနေကြပေပြီ။
တကယ်တန်း အကောင်အထည်ပေါ်လာသော ထိုအိမ်မက်ကမ္ဘာတွင်လည်း
ခြောက်လှန့်တတ်သော သွေးပျက်ဖွယ်အိမ်မက်ဆိုးများရှိနေတတ်ကြောင်းကိုတော့ ဒုက္ခသည်အားလုံး အတူတူ စတင်မြင်စပြုလာချိန်လည်းဖြစ်သည်။

ခွာညို
ဂျူလိုင်လ (၁၅) ရက်။ ၂၀၀၈ ခုနှစ်။
(အလင်းအိမ်မဂ္ဂဇင်းသို့ပေးပို့ထားပါသည်။)

No comments:

 
/* EOT ----------------------------------------- */