Friday, 11 January 2008

ကြိုးစင်ပေါ်မှ မှတ်တမ်းများ ... အခဏ်း (၄)

နံပါတ် လေးရာသေရာမှ ပြန်၍ထခြင်းကား အတော်ပင်ထူးခြားသော ကိစ္စတရပ်ဖြစ်ပေသည်။ ဖော်ပြရန်မစွမ်းလောက်အောင် ထူးခြားလှသည်။ အိပ်ရေးဝခဲ့သည့် နေ့ တနေ့တွင်နေကလည်း သာနေမည်ဆိုက ကမ္ဘာကြီးမှာ လှပနေတတ်သည်။ သို့သော် သေရွာမှပြန်လာခြင်းကား နေက လည်းခါတိုင်းထက်ပို၍သာယာနေကာ၊ ခင်ဗျားကလည်း ခါတိုင်းထက်ပို၍ နှစ်ခြိုက်စွာအိပ်ခဲ့ ရသည်နှင့် တူလေသည်။ ခင်ဗျားက ဘ၀၏ဇာတ်ခုံကို သိကျွမ်းလှပြီဟုထင်သည်။ သို့သော် အသက်ပြန်ရှင် ခြင်းသည်ကား၊ မီးမောင်းထိုးသူတဦးက မီးလုံးကြည်ကြည်များကို ဖွင့်လိုက် ကာ၊ လင်းသွားသောဇာတ်စင်တခုလုံးကို ခင်ဗျားအား ပြလိုက်သည်နှင့်တူသည်။ ခင်ဗျားက ဘ၀ဇာတ်ခုံကို ကောင်းစွာမြင်ခဲ့ပြီဟု ယူဆသည်။
သြို့သော် အသက်ပြန်ရှင်ခြင်းသည်ကား မျက်လုံးများဆီသို့ မှန်ပြောင်းများပင့်၍ ကြည့်ရှုရုံမျှသာမက၊ ဓာတ်မှန်ဘီလူး ထပ်၍ဆင့်လိုက် သည်နှင့်လည်း တူလေသည်။ သေရာမှ ပြန်၍ထခြင်းသည် နွေဦးအဖြစ်အပျက်တမျိုးပင်ဖြစ် သည်။ နွေဦးရာသီ၏ ဗီဇအတိုင်း မမြှော်လင့်သော မျက်လှည့်အကွက်များကို ခင်ဗျားအား ခင်း ကျင်းပြသလာလေသည်။
အသက်ပြန်၍ ရှင်ရသည်မှာ ယာယီမျှသာဖြစ်သည်ဟု ခင်ဗျားအနေနှင့် သိထားစေဦးတော့ ဤသို့ပင် သရုပ်ပေါ်လေသည်။ ခင်ဗျား၏ ပတ်ဝန်းကျင်သည် ပန်းကရာ့စ်ထောင်ရှိ အကျဉ်း ခန်းတခန်းကဲ့သို့ ကြည်နူးဝေဖြိုးနေစေကာမူ ဤသို့ပင်သရုပ်ပေါ်လေသည်။ တနေ့သော အခါတွင်ကား ခင်ဗျားကို ကမ္ဘာကြီးအတွင်းသို့ပင် ပြန်လည်ခေါ်ဆောင်ကြလေသည်။ တနေ့ တွင် သူတို့ကလူနာတင်ထမ်းစင်မသုံးဘဲနှင့်ပင် ခင်ဗျားအား အစစ်ခံရန် ခေါ်ကြည်သည်ခင်ဗျား က မဖြစ်နိုင်ဟု ထင်သည့်တိုင်အောင် တနည်းနည်းနှင့်ကား အထမြောက်သွားသည်။ စင်္ကြံထဲ တွင် လက်ရန်းများရှိသည်။ လှေခါးများတွင်လည်း လက်ရန်းများရှိသည်။ လမ်း လျှောက် သွားသည်ဟု ဆိုခြင်းထက် လေးဘက်ထောက်သွားရသည်ဟု ဆိုလျှင် ပို၍မှန်ပေလိမ့် မည်။ အောက်သို့ ရောက်သော် ထောင်ကျဘော်ထောင်ကျဘက်များက ခင်ဗျားထောင်လော်လီ အတွင်းရောက်သွားရန် တာဝန်ယူကြသည်။ နောက် ... တနေရာတွင် ထိုင်မိသည်။ ဘီးတပ် ထားသော အကျဉ်းခန်းမှောင်မဲမဲတွင်၊ လူဆယ်ယောက်ဆယ့်နှစ်ယောက်။ လူသစ်မျက်နှာ သစ်များက ခင်ဗျားအား ပြုံးပြကြရာ ခင်ဗျားကလည်း ပြန်၍ပြုံးသည်။ တစုံတယောက်က ခင်ဗျားအား တစုံတရာကို တီးတိုးပြောဆိုလာသည်။ သူဘယ်သူမှန်း ခင်ဗျားကမသိ။ ခင်ဗျား က လူတယောက်၏ လက်ကို ညှစ်၍ နှုတ်ဆက်သည်။ သို့သော် မည်သူ၏လက်ဖြစ်သည်ကို မသိ - နောက်လော်လီသည် ပက်ချက်နန်းတော် ဆင်ဝင်အတွင်းသို့ ဆောင့်ဝင်သွားသည်။ မိတ်ဆွေများက ခင်ဗျားအား သယ်ယူသွားကြသည်။ ခင်ဗျားလည်း ထရံပြောင်တလင်းများ ၀န်းရံသော အခန်းတွင်းသို့ ရောက်သွားသည်။ အခန်းတွင်း၌ကား ခုံတန်းလျားရှည်ငါးလုံး၊ တလုံးနောက် တလုံးစီ၍ ချထားသည်။ ၎င်းခုံများပေါ်တွင် လူများသည် သတိအနေအထား နှင့်ထိုင်၊ ဒူးများပေါ်တွင် လက်များကပ်လျက်၊ ရှေ့တည့်တည့်မှ ထရံဟာလာဟင်းလင်းကို မလှုပ်မယှက်ကြည့်ရှုနေကြသည် ... အဲဒါကတော့ မောင်ရင်ရေ၊ မင်းကမ္ဘာသစ်ရဲ့ တစိတ်တပိုင်း၊ဘိုင်စကုပ်ရုံလို့ခေါ်သတဲ့။
(၁၉၄၃ ခုနှစ်၊ မေဒေးနေ့ ကြားဖြတ်တူရိယာသံ) ယနေ့ကား ၁၉၄၃ ခုနှစ် မေဒေးနေ့ဖြစ်သည်။ ကံကောင်းချင်တော့ ထောင်စောင့်ကလည်း သူစောင့်ချိန်အတွင်း စာရေး၍ဖြစ်နိုင်သော ထောင်စောင့်ဖြစ်နေသည်။ ဤသို့သောနေ့မျိုးတွင် ကွန်မြူနစ်သတင်းစာဆရာဘ၀သို့ ပြန် ရောက်လျက် ကမ္ဘာသစ်မှ တိုက်ခိုက်ရေး အင်အားစုတို့၏ မေဒေးပွဲသဘင်အကြောင်း သတင်း ရေးနိုင်သည်မှာ ကံကောင်းလေစွတကား။ ဝေ့၍ဝေ့၍နေသော အလံမှားအကြောင်းကို ကြားရ လိမ့်မည် ဟူ၍ကား မမြှော်လင့်လေနှင့်။ ထိုကိစ္စမျိုးကား မဟုတ်။ နားထောင်ကောင်းလှသော ကြွကြွရွရွလှုပ်ရှားမှုအကြောင်းကိုပင် ခင်ဗျားအားပြောမပြနိုင်။ ယနေ့ဘို့ အစစအရာရာကား ရိုးရိုးကလေးမျှသာဖြစ်လေသည်။ အခြားနှစ်များတွင် ပရာဟာမြို့၏ လမ်းမများမပေါ်၌ ကျွန်တော် မြင်ဘူးသကဲ့သို့ ထောင်သောင်းချီသော လူထုကြီး၏ ပေါက်ကွဲအံ့ဆဲဆဲဖြစ်နေသော လှိုင်းများလည်းမဟုတ်။ ကျွန်တော်မြင်ဘူးသည့်အတိုင်း မော်စကိုမြို့၏ ရင်ပြင်နီကိုလွှမ်းကြ သော သန်းပေါင်းများစွာတို့၏ ပင်လယ်မျိုးလည်းမဟုတ်။ ဤနေရာတွင်ကား လူများကို သန်းချီ၍လည်းမမြင်ရ။ ရာ လိုက်လည်း မမြင်ရ။ ဤနေရာတွင်ကား ယောက်ျားမိန်းမရဲဘော် တချို့တို့ကိုသာ မြင်ရသည်။ သို့စဉ်လျက် သေးနုတ်ကား မသေးနှတ်ဟုထင်မိသည်။ တကယ် လည်း မသေးငယ်ပေ။ အဘယ့်ကြောင့်ဆိုသော် ဤသည်လည်းအင်အားပြပွဲ တရပ်ပင်ဖြစ် သည်။ အဟုန်အပြင်းထန်ဆုံးသော မီးပုံအတွင်းသို့ ဖြတ်ဝင်ယင်းက၊ ပြာအဖြစ်သို့ မကြွေ သွားမူ၍ သံမဏိအဖြစ်သို့ပြောင်းလဲနေသော အင်အားများ ဖြစ်လေသည်။ စစ်မြေကတုတ်များ အတွင်း၌ ပြုလုပ်သော ဗိုလ်ရှုသဘင်ဖြစ်သည်။ ကတုတ်ရင်တားများတွင်ကား စစ်မြေမှ မီးခိုးရောင်ညို့ညို့မှိုင်းကိုဝတ်ဆင်ကြသည်။
အစစအရာရာဟာ အသေးအမွှားကိစ္စကလေး တွေသာ ဖြစ်နေလို့ တနေ့ဒီဘ၀မျိုးမှာမနေခဲ့ ရဘဲ ဒီစာကိုသာဖတ်ရမဲ့ ခင်ဗျားလိုလူမျိုးဟာ ဒီစာကိုနား လည်ပါ့မလား။ ဒါပေမယ့် နားလည် ဘို့ကြိုးစားပါ။ ဒီအသေးအဖွဲကလေးတွေမှာ အင်အားရှိတယ်ဆိုတာ ယုံပါ။ ဘဲထောဗ်န် ၏ ဂီတသံနှစ်ကြောင်းကို ထရံတွင် ခေါက်လျက်တဘက်အကျဉ်းခန်းမှ နှုတ်ဆက်လိုက်ပုံကား ယနေ့အဘို့ပိုမို၍ ခန်းနားလေးနက်သည်။ ထရံများလည်း အသံလှိုင်းများကိုမြှင့်၍ ပြန်ကြား ကြလေသည်။
ကျွန်တော်တို့သည် အ၀တ်အစားရှိစုမဲ့စုမှ အကောင်းဆုံးတို့ကို ရွေး၍၀တ်ဆင်ကြသည်။ အကျဉ်းခန်းတိုင်းတွင်လည်း ဤသို့ပင် ပြုလုပ်ကြသည်။ နံနက်စာလာ၍ ပို့ကြသောအခါတွင် ကျွန်တော်တို့ကား ကျော့ကျော့မော့မော့ကြီး ဖြစ်နေကြလေပြီ။ ဖွင့်ထားသော တံခါးပေါက်တွင် ပေါင်မုန့် ကာဖီ အမြည်းနှင့် ရေတို့ကိုဆောင်ယူလာသည့်ထောင်ဘာယာများပေါ်လာကြသည်။ ရဲဘော် စကော်ယျှက်ပါသည်၊ ပေါင်မုန့်ကလေးနှစ်လုံးအစား သုံးလုံးထုတ်ပေး သည်။ ဤကား သူ၏ မေဒေးနေ့နှုတ်ခွန်းဆက်ပင်ဖြစ်လေသည်။ ဂရုစိုက်တတ်သော သူတဦး၏ အသက်ဝင် သော နှုတ်ဆက်နည်းဖြစ်လေသည်။ ပေါင်မုန့်များ၏ အောက်တွင် တယောက်လည်းချောင်း များက တယောက်လက်ချောင်းများကို ဖိနှိပ်လိုက်သည်။ စကားမပြောရဘူးလို့ ပိတ်ပင်ထား ကြတယ်။ မျက်လုံးတွေကို တောင် အလစ်မပေးကြဘူး ဒါပေမယ့် ဆွံ့အနေတဲ့လူတွေတောင် လက်ချောင်းတွေနဲ့ ပြတ်ပြတ်သားသား စကားပြောနိုင်ကြတယ်မဟုတ်လား။ အမျိုးသမီးများ သည် နံနက်ခင်းနာရီဝက် ကျန်းမာရေးလေ့ကျင့်ခန်းများပြုလုပ်ရန် ကျွန်တော်တို့ အကျဉ်းခန်း ပြူတင်းပေါက်အောက်တည့်တည့်ရှိ ကွက်လပ်ထဲသို့ပြေးထွက်နေကြသည်။ ကျွန်တော်သည် စားပွဲပေါ်သို့တက်ကာ၊ သံတိုင်များအကြားမှနေ၍ အောက်သို့ငုံ့ကြည့်သည်။ ကျွန်တော့်အား မြင်ကောင်း မြင်ကြမည်။ မြင်လည်း မြင်ကြပေသည်။ သူတို့သည် နှုတ်ဆက်သည့်အနေဖြင့် လက်သီးဆုပ်များကို မြှောက်နေကြသည်။ ကျွန်တော်တို့ကလည်း ထို့အတူ ပြန်လည်နှုတ် ဆက်သည်။ ယနေ့သော်ကား အောက်ဘက်ရှိ ကွက်လပ်တွင် အစစအရာရမှာ အသက်ဝင် လှုပ်ရှားနေသည် အခြားနေ့များနှင့် လုံးဝကွာခြားနေ သည်။ ပိုမိုရွှင်မြူးလန်းဆန်းနေသည်။ ထောင်စောင့်ပုလိပ်မကား ဘာကိုမျှမမြင် သို့မဟုတ် ဘာကိုမျှမမြင်လိုသည်လည်း ဖြစ်ကောင်း ဖြစ်ပေမည်။ ဤသည်ပင်လျှင် ယခုနှစ်မေဒေးပွဲသဘင်အတွင်းသို့ အကြုံးဝင်လေသည်။
ယခု ကျွန်တော်တို့၏ နာရီဝက်လေ့ကျင့်ခန်း။ ကျွန်တော်က လေ့ကျင့်ခန်းများကို ခေါင်းဆောင် သည်။ ဒို့လူတို့ ဒီနေ့ဟာ မေဒေးနေ့။ ထောင်စောင့်တွေ အံ့အားသင့်ချင်သင့်ကြပါစေ။ ငါတို့ကတော့ လေ့ကျင့်ခန်းကို တမျိုးတဖုံစကြစို့။ ပဌမလေ့ကျင့်ခန်း တစ် ... နှစ် ... တစ် ... နှစ်၊ တူနှင့်ထုချက်၊ ရိုက်ချက်များ။ နောက် ဒုတိယလေ့ကျင့်ခန်း ကောက်ရိတ်ဟန်။ တူနှင့် ကောက်ရိတ်တံဇဉ် ... အနည်းငယ်ကလေး နက်သွားအောင်တွေးလိုက်လျှင် ရဲဘော်များနား လည်လောက် ကြပေသည်။ တူနှင့် တံဇဉ်။ ဘေးပတ်လည်သို့ အကဲခတ်ကြည့်လိုက်သည်။ သူတို့သည် ပြုံးလျက် လေ့ကျင့်ခန်းကို အားတိုက်အင်တိုက် ထပ်၍လုပ်ကြသည်။ ရိပ်မိကြ လေသည်။ ဒါပဲ ... ဒို့လူတို့ ... ဒါဟာ ငါတို့ရဲ့ မေဒေးအစည်းအဝေးကြီးပဲ၊ ဒီပန်တော်မိမာ ရဲ့အဓိပ္ပာယ်က ဘာလဲ။ ငါတို့ဟာ သေမင်းခံတွင်းထဲ ဆင်းနေကြရတာတောင် သစ္စာကိုစောင့် ထိန်းကြမယ်ဆိုတဲ့ မေဒေးနေ့ကျမ်းကျိန်ပွဲပဲ။ပန်တော်မိမာ - မူရာပြ ပြဇာတ်။ စကားမပြောဘဲ ခြေပြလက်ပြ အမူအရာပြယင်း ဇာတ်ကြောင်းခင်းသွားသော ပြဇာတ်တို။အကျဉ်းခန်းသို့ ပြန်ရောက်ကြပြီ။ ကိုးနာရီ။ ယခု ကရဲမလင် မှ နာရီစင်သည် ဆယ်ချက်မျှ ရိုက်ဆော်လိုက် ပြီဖြစ်သည်။ ယင်ပြင်နီတွင် ဗိုလ်ရှုသဘင်ကြီး စပေပြီ။ ကရဲမလင် - မော်စကိုမြို့လည်ရှိ နန်းတော်မြို့။ ဆိုဗိယက်အစိုးရ၏ ဗဟိုဌာနဖြစ်သည်။ ဘရေ ... သူတို့နဲ့ လိုက်ကြရ အောင်လေ။ အခုဆိုရင် အင်တာနေရှင်နယ် သီချင်းကြီးကို ဆိုနေကြပြီ။ ကမ္ဘာတ၀ှမ်းလုံးမှာလဲ ဒီအင်တာနေရှင်နယ် သီချင်းသံ ၀ဲပျံပြီးနေတာမို့ ကျွန်တော်တို့ အကျဉ်းခန်းထဲမှာလဲ ဒီသီချင်း သံ ပြည့်နက်သွားပစေ။ ကျွန်တော်တို့ကား သီချင်းဆိုကြသည်။ ၎င်းနောက် တော်လှန်ရေး သီချင်း တပုဒ်ပြီးတပုဒ် ပေါ်လာသည်။ ကျွန်တော်တို့ကား အဖော်ကွဲ၍မနေလိုကြ။ အမှန်အား ဖြင့် ကျွန်တော်တို့သည် အဖော်ကင်းမဲ့နေကြသည်မဟုတ်။ စင်စစ်အားဖြင့် ကျွန်တော်တို့ကား ယခုအချိန်တွင် လွတ်လွတ်လပ်လပ် နေထိုင်ယင်း အချုပ်အချယ်မရှိဘဲ သီချင်းဆိုနေယင်းက၊ ကျွန်တော်ကဲ့သို့ပင် တိုက်ပွဲဝင်နေကြသူများနှင့် တဂိုဏ်းတည်း တဖွဲ့တည်း ဖြစ်ကြပေသည်...
အင်တာနေရှင်နယ် - ကမ္ဘာ့ ပစ္စည်းမဲ့တို့၏ သီချင်း၊ ကမ္ဘာတ၀ှမ်းလုံးရှိ ကွန်မြူနစ်များ တော်လှန်ရေးသမားများ၏ သီချင်းဖြစ်သည်။ စာသားကိုရေးစပ်သူမှာ အဲဇဲန် ပေါ်တယဲ ခေါ် ပြင်သစ်အလုပ်သမား၊ တော်လှန်ရေးသမားဖြစ်၍ ပါရီကွန်မြူးန်တွင် တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။ ဂီတကိုဖွဲ့နွဲ့သူမှာ ပီယဲရ်ဒဂေတဲရ် ခေါ် ပြင်သစ်အလုပ် သမား၊ သီချင်းရေးဆရာတဦးဖြစ်သည်။
(တဗားရစ်ရှ်ချဖှ ကျူးရ်မာ့ခ်၊ဗဇာစကျဲန်းကာ့ခ် ခါလော့ဒ်နီးခ်၊ ဗီ ဆနားမီ၊ ဗီ ဆနားမီ၊
ခို့ခ်ျညိ့တ်ဗာ့စ်ဖှ ကလောနာ့ခ် ... )“ဒါး ... မီ ဆဗားမီ။”
ကျွန်တော်တို့သည် ၁၉၄၃ ခုနှစ် မေဒေးနေ့ပွဲသဘင်ကို အကျဉ်းခန်း ၂၆၇ ၌ ဤသို့လျှင် အဆုံးသတ်ရန် ကြံစည်ခဲ့ကြပါသည်။ သို့သော် အမှန်အားဖြင့် ထိုသို့အဆုံးသတ်ခဲ့ပါသလော။ အကျဉ်းခန်းများရှိ ယောက်ျားများအားတက်ကြစေရန် တပ်နီတော် စစ်သီချင်းကို လေချွန်ရင်း၊ ပြောက်ကျားတပ်သားသီချင်းကို လေချွန်ရင်း၊ အခြားဆိုဗိယက်သီချင်းများကို လေချွန်ရင်း ယခုနေ့လည်ပိုင်းတွင် မြေကွက်လပ်တလျှောက် လမ်းလျှောက်နေသော ထောင်ဘာယာအမျိုး သမီးအကြောင်းအကိုလည်း ထည့်ပြောရန် မလိုတော့ပြီလော။ ကျွန်တော့်ထံ စက္ကူနှင့် ခဲတံယူလာကာ ယခုလည်း တစုံတယောက်က ရုတ်တရက်ဝင်လာ၍ ကျွန်တော်စာရေးနေ သည်ကို အလစ်မဖမ်းနိုင်ရန် စင်္ကြံတွင် စောင့်ကြပ်ပေးနေသောသူ၊ ချက်အမျိုးသား ထောင်စောင့်တို့၏ ယူနီဖောင်းကို ၀တ်ဆင်ထားသည့် ယောက်ျားတယောက်၏ အကြောင်း ကိုလည်း မပြော၍ဖြစ်ပါ့မည်လော။ ဤစာရေးခြင်းကို အကယ်ပင် အစပျိုးပေးလိုက်ကာ၊ ဤစာရွက်ကလေးများကိုလည်း ယူထုတ်သွားလျက် အချိန်ကျသောအခါတွင် အလင်းသို့ပေါ် ထွက်လာအောင် စေ့စေ့စပ်စပ်သိမ်းဝှက်ပေးနေသော အခြားယောက်ျားတယောက်၏အကြာင်း ကိုလည်း မကျန်တော့သလော။ ဤစာရွက်ကလေး တပိုင်းတစကြောင့်ပင်၊ သူတို့ ခေါင်းပြုတ်သွားနိုင်သည်။ တဗားရစ်ရှ်ချဖှ ကျူးရ်မာ့ခ်၊ဗဇာစကျဲန်းကာ့ခ် ခါလော့ဒ်နီးခ်၊ ဗီ ဆနားမီ၊ ဗီ ဆနားမီ၊ခို့ခ်ျညိ့တ်ဗာ့စ်ဖှ ကလောနာ့ခ် ... - ဖူးချစ်သည် ဤသီချင်းကို မူရင်းရုရှား အသံထွက်ဖြင့် ရေးခဲ့သည်။“ထောင်များအတွင်းက ရဲဘော်တို့ရယ်အေးစက်လှတဲ့ တံတိုင်းများ နောက်ဝယ်ငါတို့နဲ့အတူတူ မချီတက်နိုင်ပေမယ့်လဲမင်းတို့ဟာ ငါတို့နဲ့အတူတကွပဲ၊ မင်းတို့ဟာ ငါတို့နဲ့အတူတကွပဲ။
“ဒါး ... မီ ဆဗားမီ။” - (ရုရှားစကား) အေး ... ငါတို့ဟာ မင်းတို့နဲ့ အတူတကွပဲ။
သူတို့ကား သံတိုင်များကာထားသော ယနေ့နှင့် လွတ်လပ်သော မနက်ဖြနအကြား ပေါင်းကူးတံတားများ ဖြစ်ကြရန် စွန့်စားနေကြသည်။ သူတို့ကား တိုက်ပွဲဝင်နေ ကြသည်။ မြေ၏ အနေအထားအလိုက်၊ ရှိသမျှသောနည်းလမ်းများကိုသုံးကာ ရောက်နေရာ၌ ရပ်တည်ရင်း သစ္စာရှိစွာတိုက်ခိုက်နေကြသည်။ ကြောက်စိတ်ကင်းမဲ့စွာ တိုက်ပွဲဝင်နေကြ သည်။ သူတို့တွင် ဟိတ်ဟန်ဟူ၍မရှိ၊ မသင်္ကာစရာလည်း မပေါ်၊ ဂရုဏာပြသော အမူအရာမျိုးပင် လုံးဝကင်းမဲ့နေသည်။ ထို့ကြောင့်လည်း အသက်နှင့်သေဘေးတို့၏ ရင်ဆိုင် တိုက်ပွဲတွင် ထိုသူများကား မိတ်ဆွေများဘက်မှ ရပ်တည်နေကြသည်၊ တိုက်ပွဲအတွင်း ကျဆုံး ရန်အလားအလာနှင့် အောင်မြင် ရန်အလားအလာများ သူတို့တွင် ဆတူရှိနေကြသည်ဟူသော အချက်တို့ကို ခင်ဗျားအနေနှင့် လုံးဝရိပ်မိနိုင်မည် မဟုတ်ပေ။ မေဒေးဗိုလ်ရှုသဘင်များ၌ တော်လှန်ရေးတပ်မတော်သားများ ချီတက်ကြသည်ကို ခင်ဗျားဆယ်ကြိမ် အကြိမ်နှစ်ဆယ်မျှ မြင်ခဲ့ရသည်။ ခမ်းနားပေစွ တကား။ သို့သော် တကယ့်တိုက်ပွဲအတွင်းသို့ ရောက်ခါမှ ဤတပ်မတော်ကြီး၏ အင်အားအစစ်အမှန်ကို တန်ဘိုးဖြတ်နိုင်တော့သည်။ သေခြင်းဟူသည် ကား ခင်ဗျားထင်ခဲ့သည့်ထက် ပို၍ရိုးနေသေးသည်။ သတ္တိရှိခြင်း၏ မျက်နှာမှလည်း ရောင်ခြည် များဖြာထွက်သည်ထက်ပင် ပိုမို၍ရက်စက်ကြမ်းကြုတ်သည်။ တိုက်ပွဲအတွင်း ကြန့်ကြန့် ခံလျက် အောင်ပွဲအထိ ချီတက်သွားရန်အလို့ငှာ အတိုင်းမသိသော အင်အားများရှိရန် လိုပေသည်။ ယင်းသို့သော အင်အားများ လှုပ်ရှားနေသည်ကို နေ့စဉ်နှင့်အမျှ မျက်မှောက်ပြု နေရသော်လည်း အမြဲတစေအားဖြင့်သော်ကား ထိုအင်အားတို့ကို ခင်ဗျားအနေနှင့်အပြည့် အ၀သတိပြုမိသည် မဟုတ်ပေ။ အစစအရာရာကား ဖြစ်ရိုးဖြစ်စဉ်အတိုင်း ဖြစ်ပေါ်နေ ကြသည် ဟု ထင်ခဲ့သည်။ ယနေ့ ၁၉၄၃ ခုနှစ်၊ မေဒေးနေ့ ဗိုလ်ရှုသဘင်တွင် ...အဆိုပါ အင်အားစိုတို့ကို ခင်ဗျားသတိပြုမိပြန်လေပြီ။
၁၉၄၃ ခုနှစ်၊ မေဒေးနေ့သည် ဤဇာတ်ကြောင်းကို ခေတ္တမျှဝင်၍ဖြတ်ခဲ့ပါသည်။ သို့ဖြစ်သည် ကား ကောင်းပင်ကောင်းနေသေးသည်။ ပွဲလမ်းသဘင် ကျင်းပသောနေ့များဝယ်၊ လူတို့သည် အတိတ်မှ အဖြစ်အပျက်တို့ကို တမျိုးတဖုံ လှီးလွှဲ၍ သတိရတတ်ကြသည်။ ယနေ့လွှမ်းမိုး နေသော ပျော်ရွှင်မှုသည်လည်း ကျွန်တော်၏ စမြုံ့ပြန်ခြင်းတို့ကို အရောင်တမျိုး ချယ်ကောင်း ချယ်ပေလိမ့်မည်။
ပက်ချက်နန်းတော်ရှိ “ဘိုင်စကုပ်ရုံ” သည်ကား၊ မည်သည့် ရှုထောင့်မှကြည့်ကြည့် ရွှင်မြူးဘွယ်ရာ အကယ်ပင် ကင်းမဲ့နေသော နေရာတနေရာဖြစ် လေသည်။ ဤသည်ကား ညှဉ်းပမ်းရာ အခန်းတွင်းသို့မ၀င်မီ စောင့်နေရသည့် အရှေ့ခန်းဖြစ်သည်။ ထိုနေရာမှနေ၍ အခြားသူများ၏ ညီးတွားသံများ၊ တုန်လှုပ်စွာ အော်ဟစ်သံများကို ကြားရသည်။ ခင်ဗျားကို ဘာလုပ်ကြမည်မသိ။ လူတို့သည် ဤအခန်းမှ ကျန်းမာသန်စွမ်း၊ သွက်လက်စွာ ထွက်ခွာသွား သည်ကို ခင်ဗျားတွေ့ လိုက်ရသည်။ နှစ်နာရီ၊ သုံးနာရီမျှ အစစ်ခံရပြီးသည့်နောက်ပိုင်းတွင်ကား ပေါက်ပြဲကျိုးပဲ့လျက် ပြန်လာကြသည်ကို တွေ့ရသည်။ အစစ်ခံရန် နာမည်ကို ခေါ်လိုက် သည်တွင် ပြတ်ပြတ်သားသား ထူးလိုက်သောအသံကို ကြားရသည် တနာရီအကြာတွင် နာကျင်ခြင်း၊ အဖျားတက်ခြင်းတို့ဖြင့် ဖျော့နေသော အသံသဲ့သဲ့သည် အသံရှင်၏ ပြန်ထွက်လာခြင်းကို ကျေညာလေသည်။ ထို့ထက်ဆိုးသော အရာတရပ်ရှိသေးသည်။ လူတို့သည် ငြိမ်သက်ဖြောင့်မတ်သော မျက်နှာထားဖြင့် ၀င်သွား ကြသည်ကို တွေ့လိုက်ရလျက်၊ ၎င်းတို့ပြန်လာကြသောအခါတွင်ကား ခင်ဗျားနှင့်မျက်လုံးချင်း မဆိုင်ကြ တော့ပေ။ အပေါ်ထပ်တနေရာ၊ စစ်ဆေးသောအခန်းတခန်းဝယ် ပျော့သွားသောအချိန် ကလေးတချိန် ယုတ်စွအဆုံး မဆုံးဖြတ်နိုင်သော အခိုက်ကလေးတခိုက်၊ ကြောက်စိတ်လွှမ်း ခဲ့သော တဒင်္ဂ၊ သို့မဟုတ် ငါတည်းဟူ သော ကိုယ်ကာယကို ကာကွယ်လိုစိတ်ကြောင့် ယနေ့ ဖြစ်စေ၊ နက်ဖြန်ဖြစ်စေ၊ ဤနေရာသို့ လူသစ်များရောက်လာကြတော့မည်။ တုန်လှုပ်ဘွယ် ရာများကို အစမှ နေ၍ ခံစားကြရတော့မည်။ ထိုလူသစ်များကား တိုက်ပွဲအတွင်း ရဲဘော် ရဲဘက်တယောက်က၊ ရန်သူ့လက်တွင်း ထိုးအပ်ခြင်းကို ခံလိုက်ရသော သူများပင်ဖြစ်လေ သည်။
စိတ်ဓာတ် အချိုးခံလိုက်ရသောသူများကို ကြည့်ရခြင်းသည်၊ ကိုယ်ကာယထုထောင်းနှိပ်စက် ခြင်းခံသော သူများအား မြင်ရခြင်းထက် ပို၍ဆိုးဝါးလေ သည်။ အနီးအပါး၌ရစ်ဝဲနေသော သေခြင်းသဘောတရားဖြင့် ဆေးကျောထားသည့် မျက်လုံးများလည်းရှိ၍၊ သေရာမှပြန်ထလာ ခြင်းကြောင့် ခါးနေသောခံစားမှု လည်းရှိမည်ဟုဆိုက၊ မည်သူသည်ယိုင်သွားခဲ့ပြီ၊ မည်သူသည် မိမိ၏၀ိဉာဉ်တနေရာကလေးတွင် ငါ၏တိုက်ပွဲဝင်ဘက်တော်သားများအနက် အရေးမကြီးဆုံး သော ဖော်ထိုက်လိုက်ရလျှင်၊ ငါ၏ကိုယ်အတွက် သက်သာမှုအနည်းငယ်ရစေလိမ့်မည်ဟု စိတ်ကူးမိခဲ့ပြီ၊ စသောအကြောင်းတို့ကို ခင်ဗျားအားမည်သူက မပြောဘဲ နှင့် စိတ်တွင်းကသိရှိနိုင်သည်။ အသဲကြောင်လိုက်တဲ့ သတ္တ၀ါတွေ။ ရဲဘော်ရဲဘက်တယောက်ရဲ့ အသက်ကိုပေးပြီး ၀ယ်ခဲ့ရတဲ့နောက်၊ မင်းတို့ရဲ့ဘ၀ဟာ သတီစရာ ရှိပါတော့မလား။
ဤသည်ကား “ဘိုင်စကုတ်ရုံ”တွင်ပဌမဆုံးအချိန်ထိုင်ခဲ့စဉ်က ဦးဦးဖျားဖျားပေါ်ပေါက်လာသော စိတ်ကူးများ ဟုတ်ချင်မှဟုတ်မည်။ သို့သော်လည်း ထို စိတ်ကူးများသည် ဤနေရာတွင် ထပ်ခါထပ်ခါပေးလာတတ်သည်။ ထိုနေ့နံနက်တွင် ရောက်သွားသည့်အခြားနေရာ တနေရာ ၌ကား ထိုစိတ်ကူးသည် အကယ်ပင် ပေါ်ပေါက်လာခဲ့သည်။ ထိုနေရာကား “ဘိုင်စကုတ်ရုံ” နှင့်အနည်းငယ်ကွာခြားသည်။ ထိုနေရာကားသိမြင်မှုတို့၏ အကြွယ်ဝဆုံးရေသောက် မြစ်ဖြစ် လျက်၊ နံပါတ် “လေးရာ” ဟု အမည်တွင်လေသည်။ကျွန်တော်သည် “ဘိုင်စကုတ်ရုံ” ထဲတွင် ကြာမြင်စွာထိုင်မနေခဲ့ရ၊ တနာရီသို့မဟုတ် တနာရီခွဲသာကြာမည်။ နောက်ကျွန်တော်၏ ကျောဘက်မှ ကျွန်တော်၏အမည်ကို ခေါ်သံပေါ်လာကာ၊ အရပ်ဝတ်အရပ်စားနှင့် ချက်စကား ပြောတတ်သူ ပုလိပ်နှစ်ယောက်က ကျွန်တော့်အားဓာတ်လှေခါးသို့ ခေါ်ဆောင်သွား သည်။ လေးထပ်ပေါ်အထိတက်၍ ကျယ်ပြန့်သော အခန်းကြီးတခန်းအတွင်းသို့ ခေါ်သွားကြသည်။ ထိုအခန်း၏ တံခါးပေါ်တွင် တပ်ဆင်ထားသည့် ဂဏန်းကား ...၄၀၀ ဟူ၍ဖြစ်ပသည်။
ရောက်စက သူတို့၏မျက်စေ့အောက်တွင် ကျွန်တော်တယောက်ထီးတည်းသာ ထိုင်နေရ သည်။ နောက်ဆုံးထရံမှာ သီးသန့်၍ချထားသော ကုလား ထိုင်တလုံးတွင် ထိုင်နေရသည်။ ထိုနေယင်းက၊ ယခုဖြစ်ပျက်နေသော အတွေ့အကြုံကို ယခင်တခါ ကြုံတွေ့ခဲ့ရဘူးသည်ဟူ သောခံစားမှုဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုမိသည်။ ဒီနေရာကို ငါရောက်ခဲ့ဘူးသလား၊ မရောက်ဘူးပါဘူး။ ဒါပေမဲ့ ဒီအခန်းကိုငါသိပါတယ်။ ဤအခန်းကို ကျွန်တော်မှတ်မိသည်။ အိပ်မက်ထဲ၌မက်ဘူး သည်။ ဤနေရာအကြောင်း ကြမ်းကြုတ်လှသော ချောက်အိပ်မက်ကြီး မက်ဘူးသည်။ ချောက်အိပ်မက်ကြောင့် အသွင်အပြင်လည်း ရွဲ့စောင်း၊ အနေအထားလည်း စက်ဆုတ်စရာကောင်းနေခဲ့သည့်တိုင်အောင် ထိုနေရာကို မမှတ်မိနိုင်သည့် အထိကားမ ရောက်။ ယခုသော် ဤအခန်းသည် ဖော်ဖော်ရွေရွေဖြစ်နေသည်။ နေ့၏ အလင်းရောင်နှင့် ကြည်လင်သောရောင်စုံများ သန်းနေကြသည်။ သံတိုင်များ ခပ်ကြဲကြဲတပ်ထားသော ပြူတင်း ပေါက် ကျယ်ကျယ်ဝန်းဝန်းများ၏အလွန်တွင်၊ တင်း ဘုရားရှိခိုးကျောင်း၊ စိမ်းစိုသော လဲ့တနာ နှင့် ဟရာ့ဒချန်နီ ရဲတိုက်တို့ကို မြင်နိုင်ပေသည်။ ကျွန်တော်၏ အိပ်မက်ထဲတွင်ကား၊ အဆိုပါ အခန်းတွင် ပြူတင်း ပေါက်များမရှိ၊ မှုန်မှုန်သိုးသိုးဖြစ်နေသည်။ ညစ်ပတ်သော အလင်းရောင်ဝါ ကျင့်ကျင့်သာ ပက်ဖြန်းထားသည်။ လူများသည်လည်း အရိပ်များနှင့် တူနေခဲ့သည်။ ဟုတ် သည်၊ ဤနေရာတွင် လူများရှိခဲ့သည်။ ယခုသော် တခန်းလုံး ဗလာဟင်းလင်းဖြစ်နေလျက်၊ တလုံးနောက်တလုံး စီ၍ချထားသော ခုံတန်းရှည်ခြောက်လုံး ကား၊ ပန်းဝါ၀ါ၊ ပန်းဖြူဖြူကလေး များပေါက်နေသည့် မြက်ခင်းကလေးနှင့်တူနေလေသည်။ အိပ်မက်ထဲတွင်မူ၊ ခုံတန်းများမှာ တယောက်ဘေးတယောက်ကပ်၍ ထိုင်နေရသော လူများဖြင့် ပြည့်နေခဲ့သည်။ ၎င်းတို့၏ မျက်နှာများမှာလည်း ဖျော့ရော့နေသည်၊ သွေးများစွန်းနေသည်။ ထို့နောက် တံခါးဘေး ထိုတနေရာဝယ် အလုပ်သမားဝတ်စုံအပြာရောင်ကို ၀တ်ထားသော လူတယောက်။ သူသည် ရေ ... ရေကို တောင့်တယင်းရပ်နေကာ၊ လျှောကျလာသော ကုလားကာကဲ့သို့ မြေ ပေါ်သို့ ဖြည်းညင်းစွာ ခွေကျသွားလေသည်။ဟုတ်သည်။ ဤသို့ပင်ဖြစ်သည်။ အိပ်မက်ကားမဟုတ်။ ယခုအကြောင်းမှန်ကို သိပြီ။ ထိုရက်စက်ကြမ်းကြုတ်သော အဖြစ်အပျက်၊ အဖျားသွေးများ တက်စေသည့် အဖြစ်အပျက်ကား၊ အကယ်ပင်ဖြစ်ပွားခဲ့သည်။ ကျွန်တော်အဖမ်းခံရ၍ ပဌမဆုံးအကြိမ် အစစ်ဆေးခံရသော ညက ဖြစ်လေသည်။ သူတို့အနားယူလိုသော အချိန်၊ သို့မဟုတ် အခြားသူများအား ကိုင် တွယ်လိုကြသည့် အချိန်များတွင် ကျွန်တော့အား ဤနေရာသို့ခေါ်၍ ခေါ်၍လာကြသည် - သုံးကြိမ်လား၊ ဆယ်ကြိမ်လားမသိ၊ သိနိုင်ပါဘူးလေ။ ကျွန်တော့တွင် ဘိနပ်များမပါ။ အကွက်ရိုက်ထားသော အုပ်ကျွတ်ကြမ်းခင်းများက၊ ပွန်းပဲ့နေ သော ခြေဖ၀ါးများကို၊ နူးနူးညံ့ညံ့အေးမြ စေခဲ့သည်ကို သတိရပါသည်။ ထိုစဉ်အခါက ခံတန်းလျားများမှာ ယွန်ကားစ် လက်နက်စက်ရုံများမှာ အလုပ်သမားတို့ဖြင့်ပြည့်လျှံနေခဲ့သည်။ ဂက်စတာပိုက တညနေခင်းပိုက်ဆွဲရာတွင် ပါလာသူများဖြစ်သည်။ အလုပ်သမား အ၀တ်ပြာ ကို ၀တ်ထားသည့် တံခါးနားမှလူကား ယွန်ကားစ် စက်ရုံအတွင်းရှိ စက်ရုံကလာပ်စည်းမှ ရဲဘော် ဘာရတော် ည်ဖြစ်သည်။ ကျွန်တော်အဖမ်းခံရသည့်အကြောင်းမှာ သူနှင့်တနည်းအား ဖြင့် ဆက်စပ်နေသည်။ ဤအချက်ကိုရေးသည်မှာ ကျွန်တော်၏ကိစ္စတွင် တစုံတယောက် ၏ သစ္စာဖောက်ခြင်း၊ သူရဲဘော်ကြောင်ခြင်းတို့မပါဝင်၊ သတိလစ်ဟင်းမှုနှင့် ကံမကောင်း အကြောင်းမလှခြင်းတို့ကြောင့်သာ ဖြစ်ရသည်ကို ရှင်းလင်းစွာသိကြစေ ရန်ဖြစ်သည်။ ရဲဘော် ဘာရတော်ည်သည် မိမိ၏ကလာပ်စည်းနှင့် ပါတီခေါင်းဆောင်မှုအကြား အဆက်အသွယ်များ ရရန် ရှာဖွေနေခဲ့သည်။ သူ၏ မိတ်ဆွေဖြစ်သူ ရဲဘော် ယဲလီနက် က အဆက်အသွယ်ရအောင် စီစဉ်ပေးပါမည်ဟု ကတိပြုလိုက်လေသည်။ ရဲဘော် ယဲလီနက်သည် ရှေးဦးပဌမ ကျွန်တော်နှင့် တိုင်ပင်သင့် သည်။ သူနှင့် လုံးဝမပတ်သက်စေပဲ၊ ကိစ္စကို ပြီးမြောက်အောင်လုပ်သင့်သည်။ ထိုသို့ပြုလုပ်ရမည့်အစား လျှို့ဝှက်မှုစည်းကမ်းကို တနည်းအားဖြင့် ဂရုမမူဘဲ ဖွင့်ဟ ၍ ကတိပေးလိုက်ခြင်းကား အမှားတရပ်ဖြစ်လေသည်။ ဒုတိယ - ပို၍ ကြမ္မာငင်သော အမှားကား ရဲဘော်ဘာရတော်ည်သည် ထိုအကြောင်းကို လူတယောက်အားယုံစား၍ ဖွင့်ပြောမိခြင်းဖြစ် သည်။ ထိုသူကား ရန်သူ့တလျှိုတယောက်ဖြစ်လျက် ဒဗောယျတ် ဟုခေါ်သည်။ ရဲဘော် ဘာရတော်ည်က၊ ယဲလီနက်၏အမည်ကို ထိုသူ့အား ဖွင့်ပြောမိသည့်အတွက် ယဲလီနက်တို့၏ အကြောင်းသည် ဂက်စတာပိုထံသို့ ရောက်သွားလေသည်။ နှစ်နှစ်ကြာမျှ ကောင်းမွန်စွာထမ်း ဆောင်ခဲ့သော တာဝန်လုပ်ငန်းများကြောင့်ကား ဘာမျှမဖြစ် တနေရာတွင်အကူအညီကလေး တခုပေးပါရန်၊ လျှို့ဝှက်မှုစည်းကမ်းများမှ ခြေလှမ်းကလေးတကွက်မှား၍ နင်းလိုက်မိသော ကြောင့် ဤသို့ဖြစ်သွားရပေမည်။ ကျွန်တော်လာမည်ဟု ချိန်းထားသောညတွင်မှ ပက်ချက် နန်းတော်မှ ဂက်စတာပိုများက၊ ယဲလီနက်တို့လင်မယားအား ဖမ်းဆီး ရန်ဆုံးဖြတ်ကြခြင်း၊ ဤမျှလောက် အင်တိုက်အားတိုက် တပ်ချီလာခြင်းတို့ကား၊ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်မျှ သာ ဖြစ်သည်။ အမှန်အားဖြင့် အစီအစဉ်အတိုင်း ဆိုလျှင် ယဲလီနက်တို့အား နောက်တနေ့မှ ဖမ်းဆီးကြရမည်ဖြစ်သည်။ သို့သော် ယွန်ကားစ်များအတွင်းရှိ ကလာပ်စည်းကိုအောင်မြင်စွာ မြေလှန်လိုက်မိကြသဖြင့်၊ သွေးတကြွကြွဖြစ်နေကြကာ၊ ယဲလီနင်တို့ထံမတော်တဆ “လေကောင်း လေသန့်ရှာရန်” ထွက်လာကြသည်ဟူ၍ပင်ဆိုနိုင်သည်။ပုလိပ်များဝင်လာသဖြင့် ကျွန်တော်တို့အံ့အားသင့်သွားခဲ့သည်မှာ သူတို့အနေနှင့် ကျွန်တော့်အားတွေ့ရသောကြောင့် အံ့အားသင့်သွားထက်မပိုပါပေ။ သူတို့ကား မည်သူ့ကိုဖမ်းကြောင်း ပင်မသိ။ စင်စစ်အားဖြင့် ကျွန်တော်မည်သူဖြစ်သည်ကို နောင်တွင်လည်း သိနိုင်စရာအကြောင်းမရှိ။ သို့သော် ကျွန်တော်နှင့် တချိန်တည်း ...သို့သော်လည်း အခန်းနံပါတ်လေးရာမှ၊ ပထမစိတ်ကူးများနှင့် ဆက်သွယ်နေသော ဤအချက်ဆီသို့ နောက်အတော်ကလေးကြာတော့မှ ဆိုက်ရောက် လာပါသည်။ ထိုအချိန်တွင်ကျွန်တော်ကား တယောက်ထီးတည်းလည်းမဟုတ်တော့။ ခုံတန်း ရှည်များပေါ်တွင်သာမက၊ အခန်းပတ်လည်ရှိ နံရံများတွင် လည်း လူများပြည့်နေသည်။ နာရီများရွေ့လျားသွားတိုင်း အံ့သြဖွယ်ရာအချက်အလက်များလည်း တိုး၍တိုး၍လာပါသည်။ ကျွန်တော်နားမလည်နိုင်လောက်အောင် ထူးခြားသောအံ့အားသင့်စရာများကိုလည်း တွေ့ရ သည်။ နားလည်နိုင်လွန်းလောက်အောင် ဆိုးဝါးသော အံအားသင့်စရာများကိုလည်း တွေ့ရသည်။
ပထမဦးစွာ ကြုံတွေ့ရသော အံ့အားသင့်ဖွယ်ရာ အဖြစ်အပျက်ကား အထက်ပါနှစ်မျိုးနှစ်စား အနက် မည်သည့်အမျိုးအစားသို့မှ အကြုံးမ၀င်ပါ။ လူ့ စိတ်ကို ကြည်နူးစေသော အသေးအဖွဲ ကိစ္စကလေးတရပ်မျှသာဖြစ်လျက် မည်သူ့အတွက်မျှ အရေးကြီးသော ကိစ္စမဟုတ်ပါပေ။
ကျွန်တော့်အနီးတွင် ဂက်စတာပိုတယောက် ရပ်နေပါသည်။ ကျွန်တော့်အား ဖမ်းဆီးစက ကျွန်တော်၏အိတ်များကို လှန်လှောရှာဖွေဖြစ်ကြောင်း မှတ် မိပါသည်။ ယခုသည် ကျွန်တော့်အား စောင့်ကြည့်နေရာမှ သောက်လက်စ စီးကရက်တလိပ်ကို ကျွန်တော့်ထံ ပစ်ပေးလိုက်ပါသည်။
ရက်သတ္တသုံးပတ်အတွင်း ပထမစီးကရက် ... ကမ္ဘာမြေပေါ်သို့ ဒုတိယအကြိမ်ပြန်ရောက် လာသူအတွက် ပထမစီးကရက် ... ကောက်ယူလိုက်ရမ လား၊ ဒါမှမဟုတ် စီးကရက်တလိပ်နဲ့ ကျွန်တော့်ကိုဝယ်လို့ရပြီးဆိုပြီး ယူဆမှာလား။ သို့ရာတွင် စီးကရက်နှင့်အတူပါလာသည့် သူ၏ အကြံတွင် ဤသဘောမျိုးကို လုံးဝမတွေ့ရ။ သူကား မည်သူ့ကိုမျှ ၀ယ်ယူလိုပုံမပေါ်ချေ။ သို့သော်ကျွန်တော်ကား စီးကရက်တလိပ်လုံးကုန်သည်အထိ မသောက်နိုင်၊ မွေးကာစ ကလေးများကား စီးကရက် အသောက်ကြူးသူများ မဟုတ်ပေ။ ဒုတိယအံအားသင့်စရာ ကိစ္စကား ဤသို့တည်း။ လူလေးယောက်သည် တယောက်နောက် တယောက်စီတန်းလျက်ဝင် လာကြကာ စောင့်ကြပ်နေကြ သော အရပ်ဝတ်အရပ်စားပုလိပ်များကိုသာမက ကျွန်တော့်ကိုပါ ချက်စကားဖြင့် နှုတ်ဆက်ကြသည်။ ၎င်းနောက်စားပွဲများတွင် ထိုင်၊ စာရွက်ဖိုင်တွဲများဖွင့်၊ စီးက ရက်များသောက်၊ ရုံးအလုပ်သမားများကဲ့သို့ လွတ်လွတ်လပ်လပ်မှ တကယ့်ကိုလွတ်လွတ် လပ်လပ်ကြီး ပြုမူကြသည်။ ဟာ ... ဒီလူတွေကို ငါအသိသားပဲ၊ အနည်းဆုံး သုံးယောက်ကို ဖြင့် သိပါတယ်။ ဂက်စတာပို ဘက်တော်သားတွေတော့ ဖြစ်မသွားနိုင်ပါဘူး။ ဒါမှမဟုတ် ရန်သူတွေများ ဖြစ်ကုန်ကြပြီလား။ သူတို့လိုလူတွေ တောင် ဒီလိုဖြစ်ကုန်ကြပြီလား။ ကြည့်စမ်းပါလား ဟိုလူဟာ ၇ ... ပါ။ တခါတုန်းက ပါတီနဲ့အလုပ်သမားသမဂ္ဂအတွင်းရေးမှူး။ လူက အရိုင်းလိုလို၊ ဒါပေမယ့် သစ္စာ ရှိတယ် မဟုတ်ပါဘူး။ မဖြစ်နိုင်ပါဘူး။ ဒီဘက်က အန်ကာဗိကောဗား၊ ခါတိုင်းလိုပဲ ကိုယ်က ခပ်တောင့်တောင့်လှတုန်း၊ ပတုန်း၊ ဆံပင်ကတော့ လုံးလုံးဖြူနေပြီ။ ခိုင်ခိုင်မြဲမြဲနဲ့ တိုက်ပွဲထဲခေါင်းမာမာနဲ့ဝင်ခဲ့တဲ့ မိန်းမတယောက် မဟုတ်သေး ပါဘူး၊ မဖြစ်နိုင်ပါဘူး။ နောက်ပြီးတော့ ဗားရှက်၊ မြောက်ပိုင်း ဘောဟီးမီးယား၊ မီးသွေးတွင်း တွေက ပန်းရံသမားတယောက်၊ ခရိုင်ပါတီအတွင်းရေးမှူးလဲ လုပ်ခဲ့သေးတယ်။ သူ့ကိုဘယ်နဲ့ လုပ်ပြီး မသိဘဲနေနိုင်ပါ့မလဲ။ သူနဲ့ငါနဲ့ တူတူတွဲပြီး ခါးကျိုး မတတ် အလုပ်လုပ်ယင်း၊ မြောက်ပိုင်းဒေသ တိုက်ပွဲတွေကို မျက်နှာချင်းဆိုင်ခဲ့ကြတယ် မဟုတ်လား။ မဟုတ်သေးပါဘူး၊ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဒီမှာဘာလာ လုပ်နေကြတာလဲ၊ ဘာတွေလုပ်နေကြသလဲ။
ဘာတွေလုပ်နေကြသလဲ။ - ဂက်စတာပိုများသည် နံပါတ်လေးရာ၌ အကျဉ်းသမားများအား ဘာသာပြန်အလုပ် စသည်တို့ကို လုပ်ခိုင်းကြသည်။ အကျဉ်းသမားများ ကလည်း ထိုအခွင့်အရေးကိုသုံး၍ ရန်သူဆန့်ကျင်ရေးလုပ်ငန်းများ လုပ်ကြသည်။ နံပါတ်လေးရာတွင် ပုလိပ်အချို့တို့ကိုပင် စည်းရုံးထားနိုင်သဖြင့် အချို့သော အချိန်များတွင် ကွန်မြူနစ်အကျဉ်း သမားများကို ချုပ်နှောင်ထားရာအခန်းနှင့် မတူတောဘဲ၊ တော်လှန်ရေးသမားများ၏ ဌာနချုပ်သဖွယ် ဖြစ်နေတတ်သည်။ ထိုမေးခွန်းများအတွက် အဖြေရှာ၍ မရသေးမီပင်၊ အခြားသူများတစုတဝေးကြီး ပေါက်လာကြသည်။ မီးရက်အပြင်၊ ယဲနီလက်တို့ လင်မယားနှင့် ဖရီးဒ်တို့လင်မယားကိုလည်း ခေါ်သွင်းလာကြသည် ဟုတ်သည်။ ဤသည်ကိုကား ကျွန်တော် သိသည်။ ဤသူများကား ကျွန်တော်နှင့်အတူ အဖမ်းခံရသည်။ သို့သော် ပညာတတ်များ အကြား အလုပ်လုပ်ရန် မီးရက်အား အကူအညီပေးခဲ့သော အနုပညာသမိုင်းဆရာ ပါဗ်လ် ကရောပါးချက်တယောက် အဘယ့်ကြောင့် ပါလာရ သနည်း။ သူ့အကြောင်းကို ကျွန်တော်နှင့် မီးရက်မှတပါး အခြားဘယ်သူမျှ မသိကြ။ ၎င်းပြင် မျက်နှာတခုလုံး ကွဲပြဲနေသော အရပ်ရှည်ရှည် လူငယ်တယောက်က၊ ကျွန်တော်တို့အချင်းချင်း မသိဟန်ဆောင်နေဟူ၍ ကျွန်တော့်အား အဘယ့်ကြောင့် လက်ဟန်ခြေဟန်ပြနေသနည်း။ အမှန်စင်စစ် သူ့အား ကျွန်တော်မသိ။ နေစမ်း ... ဘယ်သူများပါလိမ့်။ ရှတစ်ခ်လား။ ဒေါက်တာရှတစ်ခ်။ ဇဒိညက်ပါလား။ ဘုရား ... ဘုရား ... ဒါဆိုယင် ဆရာဝန်တွေရဲ့ အုပ်စုပါလား။ ဒီအုပ်အကြောင်းကိုကော ကျွန်တော်နဲ့မီးရက်ကလွဲယင် ဘယ်သူသိလို့လဲ။ အကျဉ်းခန်းထဲကို လာပြီး စစ်ကြတုန်းက ကျွန်တော့်ကို ချက်ပညာတ်တွေအကြောင်း ဘာဖြစ်လို့မေးခဲ့တာလဲ။ ကျွန်တော်နဲ့ ပညာတတ်တွေရဲ့လုပ်ငန်းကို ဘယ်လိုဆက်သွယ်မိကြသလဲ။ ဒီကိစ္စကိုကော ကျွန်တော်နဲ့ မီးရက်ကလွဲယင် ဘယ်သူသိလို့လဲ။ အဖြေပေးရန်ကားမခက်၊ သို့သော် ထိုအဖြေ ကား ကြမ်းတမ်းလှသည် ရက်စက်လှသည်။ မီးရက်ကား ယောင်းမမြင်းစီး၍ ထွက်ခဲ့လေပြီ။ ဖွင့်၍ပြော ခဲ့ပြီ။ အကုန်လုံးကို ဖွင့်၍မပြေတန်ရာဟု ခေတ္တခဏမျှမြှော်လင့်နေခဲ့သေးသည်။ သို့သော် အပေါ်ထပ်သို့ အခြားအကျဉ်းသမားများကို ထပ်မံခေါ်ဆောင်လာကြသည်။ ကျွန်တော်မြင်လိုက်ရသော သူများကား ...ဗလာဂျီလော့ဗ်၊ ဗန်ချူးရား၊ ပါမောက္ခ ဖဲလဘာနှင့် ၎င်း၏သား။ မမှတ်မိနိုင်လောက်အောင် ရုပ်ပြောင်းထားသည့် ဘက်ဒရစ်၊ ဗားစလာဗက်။ ဘောဇဲနာ၊ ပူလပါနောဗား။ ယင်းဒရစ်အဲလ်ဘလ်။ ပန်းပုဆရာ ဒဗောယျတ် - ချက်ပညာ တတ်များ၏ အမျိုးသားတော်လှန်ရေးကော်မတီကိုဖွဲ့ခဲ့သြူ သို့မဟုတ် ထိုအဖွဲ့တွင် ပါဝင် ကြမည့်သူ အားလုံးကား ဤနေရာသို့ ရောက်လာကြပြီ။ ပညာတတ်များအကြား လုပ်ငန်းဟူသ၍ကို မီးရက်သည်အလုံးစုံ ဖွင့်ပြောလိုက်လေပြီတကား။ပက်ချက်နန်းတော်သို့ ရောက်ခါစနေ့များတွင် ကျွန်တော်ကား သက်တောင့်သက်သာမနေခဲ့ရ။ သို့သော် ယခုကဲ့သို့ မြင်လိုက်ရခြင်းသည်ကား ဤနေရာတွင်ခံခဲ့ရသော ဒဏ်ချက်များအနက်၊ အပြင်းထန်ဆုံးသော ဒဏ်ချက်ဖြစ်ပါသည်။ ကျွန်တော်ကား သေဘေးကိုမြင်ခဲ့သည်၊ သစ္စာဖောက်မှုကိုကား မမြှော် လင့်ခဲ့။ မည်မျှပင် ငဲ့ငဲ့ညှာညှာဆန်းစစ်စေကာမူ သက်သာစေသည့် ပတ်ဝန်းကျင်အခြေအနေ များကို မည်မျှပင်ထည့်တွက်စေကာမူ၊ မီးရက်အနေနှင့် ဖော်မထုတ်ပဲ ထိန် ၀ှက်ထားခဲ့သော အချက်များကို မည်မျှပင်ပြန်လည်တွေးတောစေကာမူ သစ္စာဖောက်ခြင်းတည်းဟူသော စကား မှလွဲ၍ အခြားစကားအသုံးအနှုန်းကို ရှာမတွေ့ခဲ့ပါ။ ယိမ်းယိုင်မှုကလေးတချက်မျှသာမဟုတ်၊ နုနယ်ပျော့ရော့မှုမဟုတ်၊ သေလုအညှဉ်းခံရသဖြင့် ဂယောင်ဂတန်း သက်သာမှုရှာဖွေမိသော သူ၏ပြိုဆင်းမှုမဟုတ်။ သူ့အား ခွင့်လွှတ်နိုင်စရာ အကွက်ကလေးတကွက်မျှမရှိ။ ရောက် ရောက်ချင်း ပထမညကတည်းက ကျွန်တော့်နာမည်မည်သို့သိသွားကြသည်ကို ယခုနားလည် ပါပြီ။ အာညိခ်ျကာ၊ ယီရားစကောဗား ဤနေရာသို့ အဘယ်ကြောင့် ရောက်လာသည်ကို ယခုနားလည်ပါပြီ။ သူ၏အိမ်တွင် ကျွန်တော်သည် မီးရက်နှင့်အကြိမ်ကြိမ်အခါခါတွေ့ဆုံခဲ့ဘူး သည်။ ကရောပါးချက်နှင့် ဒေါက်တာ ရှတစ်ခ် တို့ အဘယ့်ကြောင့်ဤသို့ရောက်လာကြရသည် ကိုလည်း ယခုသဘောပေါက်ပါပြီ။ နောက်ကျွန်တော်သည် နေ့စဉ်နှင့်အမျှလိုလို နံပါတ်လေး ရာသို့သွားရသည်။ နေ့စဉ်နှင့်အမျှလိုလိုပင် အသေးစိတ်အချက်အလက်တို့ကို ထပ်မံသိရှိလာ ရသည်။ ၀မ်းနည်းဖွယ်ရာလည်း ကောင်းသည်။ တုန်လှုပ်ဘွယ်လည်းကောင်းသည်။ ကြည့်စမ်း ... အရင်တုန်းက သိပ်ပြီးသတ္တိကောင်းခဲ့တဲ့လူတယောက်။ စပိန်ပြည်စစ်မျက်နှာတွင် တိုက်ပွဲဝင်ခဲ့စဉ်ကကျည်ဆံများကို မရွံ့မကြောက်ခဲ့သောသူ။ ပြင်သစ်ပြည်အကျဉ်းစခန်းမှကြမ်း ကြုတ်လှသော အတွေ့အကြုံများအောက် ဒူးမထောက်ခဲ့သူတယောက်။ ယခုဂက်စတာပို၏ လက်တွင်းမှ ကြိမ်လုံးကိုမြင်သည်နှင့်တပြိုင်နက် မျက်နှာတွင်သွေးများဆုတ်ယုတ်သွားကာ၊ မိမိ၏ သွားတချောင်း မကျိုးအောင် ဖော်ကောင်လုပ်ခဲ့လေပြီ။ အရိုက်အပုတ်ကလေး အနည်း ငယ်ခံရသည်နှင့်တပြိုင်နက် ပျက်ပျယ်သွားနိုင်သော သူ၏သတ္တိအား စကောလေက်ပင် စောက်မနက်သည်တကား။ သူ၏ယုံကြည်မှုသည်လည်း ဤသို့အပေါ်ယံကြောမျိုးဖြစ်လေ သည်။ ယုံကြည်ချက်ချင်းတူသော ရဲဘော်များ၏အလယ်၊ လူအုပ်ကြီး အတွင်း၌ကား ကြံ့ခိုင် ခြင်းဖြစ်လေသည်။ ယခုအဖော်ကင်း၍ တယောက်တည်းဖြစ်သွားကာ၊ ထိုးနှက်လျက်ရှိသော ရန်သူများက ၀ိုင်းလိုက်သည်နှင့် ရှိသမျှအား အင်တို့လည်း ကုန်ခန်းသွားလေသည်။ တကိုယ် ကောင်းကိစ္စများကို စ၍တွေးလိုက်သည်နှင့်တပြိုင်နက်အစစအရာရာကို ဆုံးရှုံးသွားလေ သည်။ ကိုယ့်အသား မနာစေရန် ရဲဘော် ရဲဘက်များကို ယဇ်ပူဇော်လိုက်သည်။ သူရဲဘောကြောင်စိတ် ၀င်လာကာ၊ ကြောက်စိတ်နှင့်သစ္စာဖောက်ခဲ့လေသည်။ သူနှင့်အတူ မိသွားသော လျှို့ဝှက်ရေးစာလုံးများ၏ အဓိပ္ပာယ်ကိုရှင်းပြမည့်အစား အသေခံရသည်ဟု ကိုယ့်ကိုယ်ကိုယ်နားမချ လျှို့ဝှက်သော စာဖတ် နည်းကိုဖွင့်ထုတ်လိုက်သည်။ လျှို့ဝှက်သော အိမ်တအိမ်ကို ဖော်ပြလိုက်သည်။ ရှတစ်ခ်နှင့်ချိန်း၍ ထိုနေရာသို့ ဂက်စတာပိုစုံထောက်များကို ခေါ်သွားကာ မျက်နှာ ချင်းဆိုင်ပေးလိုက်သည်။ ဗားစကာဗက်နှင့် ကရောပါ့ခ်တို့ကိုတွေ့ရန် ရန်သူများအား ဒဗောယျတို့၏အိမ်သို့ လွှတ်လိုက်သည်။ အာညိခ်ျကာကို ထိုးအပ်လိုက်သည်။ ခိုင်ခိုင်မြဲမြဲနှင့် သတ္တိကောင်းလှသော လီဒါ၊ သူ့အား ချစ်ခဲ့ရှာသည့် ကလေးမလေးလီဒါကိုပင် ထိုးအပ်လိုက်လေသည်။ အနည်းငယ်မျှ အရိုက်အနှက်ခံရလျှင်ပင် သိသမျှအနက်တ၀က်ကို ဖွင့်ပြောလိုက်သည်။ ကျွန်တော်သေပြီဟု ယုံကြည်သွားသောအခါဝယ်၊ ဖြေရှင်းမည့်လူမရှိ တော့ပြီဟု သဘောပိုက်ကာ၊ ကျန်သမျှ အချက်အလက်အလုံးစုံကို ဖော်ထုတ်လိုက်လေသ တည်း။
ဤသို့ ပြုလုပ်လိုက်ခြင်းအားဖြင့် ကျွန်တော့အပေါ်အန္တရာယ်မရောက်စေခဲ့။ ကျွန်တော်ကား ဂက်စတာပိုလက်တွင်းသို့ ရောက်ပြီးသားဖြစ်သည် - ထို့ ထက်ပို၍ ဆိုးစရာအကြောင်းမရှိ။ အန္တရာယ်မရောက်စေသည်သာမက အကျိုးပင်တမျိုးရှိနေသေးသည်။ သူ၏ ဖြောင့်ချက်များ ကား အမှုတခုလုံးတွင် သက်သေခံ အထောက်အထားများအဖြစ် အကောင်အထည်အပေါ်ဆုံး လည်း ဖြစ်လာသည်။ ထိုအချက်အလက်များသည် သံကြိုး၏ အစွန်းအစများနှင့်လည်း တူလေသည်။ သင်းတို့သိလိုက်သော အခြားကွင်းဆက်အားလုံးတို့ကား ကျွန်တော်၏ လက်တွင်း၌သာ ရှိနေခဲ့လေသည်။ ထို့ကြောင့် မာရှယ်လေ ကျေညာပြီးသည့်နောက်တွင် ပင် ကျွန်တော့်မှာ အသက်နှင့်ခန္ဓာမြဲနေခဲ့ရလေသည်။ ကျွန်တော်သာမက ကျွန်တော်တို့လူစုမှာ လူအတော်များများလည်း အသက်ရှင်၍ကျန်ရစ်ကြလေသည်။ သို့သော် မီးရက်ကသာ ကိုယ့် တာဝန်ကိုကျေပြွန်ခဲ့လျှင် ဤနေရာတွင် ဤသို့သော်လူစုဟူ၍ပင် ပေါ်ပေါက်လာရန်အကြောင်း မရှိ။ သူရောကျွန်တော်ပါ အသက်ပျောက်ခဲ့သည်မှာ ကြာလှတော့မည်။ သို့သော် အခြားသူများ ကား ကျွန်တော်တို့ ကျဆုံးပြီးသည့်နောက်တွင်ပင် ဆက်လက်နေထိုင်ယင်း လုပ်စရာအလုပ် များကိုလည်း ဆက်လက်လုပ်ကိုင်သွားကြမည် ဖြစ်လေသည်။ လူကြောက်ဟူသည်ကား မိမိ၏အသက်တချောင်းကိုသာ ဆုံးရှုံးသည်မဟုတ်။ အစစအရာရာ အဘက်ဘက်တွင် ဆုံးရှုံး လေသည်။ ဂုဏ်သတင်း ပြောင်ဝင်းသော တပ်မတော်ကြီးမှ ထွက်ပြေးရာတွင် အညစ်ပတ် ဆုံးသော ရန်သူ၏ နှာခေါင်းရှုံ့ခြင်းကိုလည်း ခံယူရလေသည်။ အသက်ရှင်နေသေးသည်ဆိုဦး တော့ လူ့လောကတွင် မနေနိုင်တော့။ မိမိကိုယ်ကိုယ် အစုအဝေးအတွင်းမှ မိမိဖာသာ ထုတ်ပစ်ခဲ့သောကြောင့် ဤသို့ဖြစ်ရလေသည်။ နောင်သော် မီးရက်သည် သူ၏နေပုံထိုင်ပုံကို ပြုပြင်ရန်အနည်းအပါး ကြိုးစားသေးသည်။ သို့သော်သူ့အား ဘယ်တော့မျှပြန်၍ လက်မခံကြတော့။ ဤသို့သောဘ၀မျိုးကား အခြားနေရာ များတွင်ပင် ဆိုးဝါးလှသည်။ ထောင် ထဲ၌ကားပို၍ပင်ဆိုးဝါးနေပေသည်။
..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... .....
အကျဉ်းသမားနှင့်အဖော်မဲ့ခြင်း - ဤအမှတ်သညာနှစ်ရပ်တို့ကို လူတို့သည်တွဲ၍စဉ်းစား လေ့ရှိကြသည်။ သို့သော် ထိုအယူအဆကား မဟာအမှားတော်ပုံကြီး ဖြစ်လေသည်။ အကျဉ်း သမားသည် အပေါင်းအဖော်ကင်းမဲ့နေသည်မဟုတ်။ ထောင်သည် ကြီးမားသော အစုအပေါင်း ကြီးဖြစ်သည်။ ကြပ်တည်းစွာ တိုက်ပိတ်ခြင်းခံရစေဦးတော့၊ မိမိကိုယ်တိုင်က ဂိုဏ်းခွဲမထွက် သမျှ ကာလပတ်လုံး၊ မည်သူတဦးတယောက်မျှ ထိုအစုအဝေး၏ အပြင်သို့ ပဲ့ထွက်မသွားနိုင် ပေ။ အဖိနှိပ်ခံရသူတို့၏ သွေးသောက်စိတ်ဓာတ်သည် ဤနေရာတွင် ဖိနှိပ်ခြင်းဒဏ်ကို ခံရ သည်။ ယင်းဖိနှိပ်ခြင်းသည်ပင် ထိုစိတ်ဓာတ်ကို အနယ်ထိုင်စေသည်၊ ခိုင်မြဲစေသည်၊ ထက် သန်လာစေသည်။ ထရံများတွင် အသက်ရှိသည်။ ထရံများသည် စကားလည်း ပြောသည်၊ အချက်ပေးချက်များကိုလည်း ပြန်ကြားသည်။ ဤထရံများကို သွေးသောက်စိတ်ဓာတ်က ဖောက်ထွင်းဆက်သွယ်ထားသည်။ ဤစိတ်ဓာတ်သည် စင်္ကြံတလျှောက်ရှိ အကျဉ်းခန်းအား လုံးတို့ကို ထွေးပိုက်ထားသည်။ ဤအကျဉ်းခန်းများကား ဒုက္ခများကို ညီတူညီမျှခံစားကြရ သည်။ ရစရာရှိသမျှကိုလည်း ထပ်တူဆင်တူရရှိကြသည်။ စင်္ကြံအတွင်းရှိ အကျဉ်းခန်းတခန်း နှင့် ဆက်ဆံရသော ထောင်ဘာယာများသည် ထိုစင်္ကြံအတွင်းရှိ အခြားအကျဉ်းခန်းများနှင့် လည်း ဆက်ဆံရသည်။ ထို့ပြင် စင်္ကြံအလိုက် အပြင်ဘက်တွင် စုဝေးကာ၊ ကျန်းမာရေးလေ့ ကျင့်ခန်းများကို နာရီဝက်မျှ ပြုလုပ်ရသည်။ ထိုအချိန်မျိုးတွင် စကားလုံးကလေးတလုံးဖြစ်စေ၊ သို့မဟုတ် အမူအရာကလေးတခုဖြစ်စေ အသုံးပြု လျက် သတင်းပေးလို ပေးနိုင်သည်။ လူတယောက်၏အသက်ကို ကယ်ကောင်း ကယ်နိုင်သည်။ ထိုမျှသာမကသေး အစစ်ခံရာသို့ အတူယှဉ်တွဲ၍ခရီးသွားရခြင်း “ဘိုင်စကုပ်ရုံ” တွင် အတူယှဉ်၍ ပြန်လာရခြင်းစသည်တို့ဖြင့် ဆက်စပ်နေသောအခါဝယ် ဆိုခဲ့သောသွေးသောက်စိတ်ဓာတ်သည် တထောင်လုံးကို စုစည်း ထားလေသည်။ စကားလုံးနည်းသော်လည်း အကျိုးကျေးဇူးများ ကြီးစွာပြုတတ်သည့် သွေး သောက်စိတ်ဓာတ်ဖြစ်လေသည်။ အဘယ့်ကြောင့်ဆိုသော် လက်လက်ချင်း တချက်ကလေးမျှ ညှစ်လိုက်ခြင်း၊ သို့မဟုတ် စီးကရက်တလိပ်ကို တိတ်တဆိတ်လှမ်းလိုက်ခြင်းသည်ပင် ခင်ဗျား အားသွတ်သွင်းထားသော လှောင်အိမ်ကို ချိုးဖောက်ပစ်လိုက်သည်။ ခင်ဗျားဒူးထောက်သွား လောက်အောင် ဖိစီးနေသည့် အဖော်မဲ့စိတ်ဓာတ်မှ ခင်ဗျားအားလွတ်မြောက်သွားစေသည်။ အကျဉ်းခန်းများတွင် လက်များရှိကြသည်။ အစစ်ခံရာမှ နာကျင်တုန်ရီစွာပြန်၍အလာ ခွေကျမ သွားအောင် ဖေးပေးနေကြသည့် လက်များကို ခံစားထိတွေ့ရသည်။ ရန်သူက ခင်ဗျားအစာ ပြတ်၍ ငတ်သေအောင် တွန်းနေစဉ် ထိုလက်များက ခွန့်ကျွေးသော အစားအစာများကို စားသောက်ရသည်။ အကျဉ်းခန်းများတွင် မျက်လုံးများရှိကြသည်။ သေဒဏ်အပေးခံရာသို့ အသွား ထိုမျက်လုံးများက ခင်ဗျားအားဝိုင်း၍ကြည့်ကြသည်။ ထိုအခါမျိုးတွင် ခြေလှမ်းဖြောင့် ဖြောင့်လှမ်း၍ ထွက်သွားရန်လိုသည်ကို ခင်ဗျားသိသည်။ အဘယ့်ကြောင့်ဆိုသော် ခင်ဗျား သည်သူတို့နှင့် ညီအကိုတော်သည်။ သူတို့စိတ်ဓာတ်ပြော့သွားအောင် ခြေလှမ်းတလှမ်းမျှပင် တွန့်မပြစကောင်း ပေ။ ဤသည်ကား သွေးပေါက်ပေါက်ယိုစီးနေသော အဖွဲ့အစည်းဖြစ်သည်။ သို့သော်လည်း အနိုင်မခံသည့် စိတ်ဓာတ်က စုစည်းထားသည်။ ဤစိတ်ဓာတ်၏ အကူ အညီကိုသာမရပါက ခင်ဗျားသည် မိမိကံကြမ္မာ၏ ဆယ်ပုံတပုံကိုပင် ခံနိုင်လိမ့်မည်မဟုတ်။ ခင်ဗျားသာမက၊ မည်သူတဦးတယောက်မျှလည်း ခံနိုင်လိမ့်မည် မဟုတ်ပေ။ ဤဇာတ်ကြောင်း ကို ကျွန်တော်သည် ဆက်၍ ပြောနိုင်မည်ဆိုပါက (ဘယ်နေ့သေမယ် ဘယ်နှစ်နာရီသေမယ် ဆိုတာကိုမှ မပြောနိုင်ကြဘဲဟာ) ဤ အခန်း၏ ခေါင်းစဉ်တွင်ရေးထားသော “နံပါတ်လေးရာ” ဟူသော ဂဏန်းအမှတ်အသားသည် မကြာခဏပေါ်ပေါက်လာပေလိမ့်မည်။ အစ ပထမတွင် “နံပါတ် လေးရာ” ကိုအခန်းတခန်းအဖြစ် သိနားလည်ခဲ့သည်။ ထိုအခန်းထဲတွင်နေခဲ့ရသော ပထမနာရီများ၊ ထိုအခန်းထဲတွင် ပေါ်ပေါက်လာခဲ့သော ပထမအယူအဆများ၊ ဤသည်တို့ ကား စိတ်ချမ်းမြေ့ဖွယ်ရာတကွက်မျှမရှိခဲ့။ သို့သော် “နံပါတ်လေးရာ” ကား အခန်းတခန်း မဟုတ် အစုအပေါင်းတရပ် ဖြစ်လေသည်။ ရွှင်လန်းသော အစုအဝေးတခု၊ ရဲရဲတောက်သော အစုအပေါင်းတရပ်ဖြစ်လေသည်။
၁၉၄၀ ခုနှစ်အတွင်း ကန်မြူနစ်ဆန့်ကျင်ရေးဌာန၏ လုပ်ငန်းများကျယ်ပျံ့လာသောအခါတွင် “နံပါတ်လေးရာ” ပေါ်ပေါက်လာရလေသည်။ “နံပါတ် လေးရာ” မှာ “ဘိုင်စကုတ်ရုံ” ဟူသော အိမ်တွင်းထောင်၏ ဌာနခွဲဖြစ်သည်။ အစစ်ခံရမည့်လူများ ကိုယ့်အလှည့်ကို စောင့်ရာအခန်းခွဲ။ ကွန်မြူနစ်များအတွက် သီးသန့်ထားသောနေရာဖြစ်သည်။ မေးစရာအချက်တချက်ပေါ်လာ တိုင်း အောက်ဆုံးအထပ်မှ လေးထပ်ပေါ်အထိခေါ်၍ ခေါ်၍မနေရန်၊ အမှုစစ်ဆေးသူ ဂက်စတာပို အရာရှိများ၏ လက်လှမ်းမီရာတွင် အမြဲမပြတ်ရှိကြေရန် ပြုလုပ်ထားသော အခန်း တခန်းဖြစ်လေသည်။ ထိုသို့ ထွင်လိုက်သဖြင့် သူတို့အဖို့ အလုပ်သက်သာစေ မည်ဟု တွက်ဆ ကြလေသည်။
သို့သော် အကျဉ်းသမားနှစ်ယောက်ကိုတွဲထား အထူးသဖြင့်ကွန်မြူနစ်အကျဉ်းသမား နှစ် ယောက်ကိုတွဲထားလိုက်လျှင် ငါးမိနစ်အတွင်းရန်သူ၏ အကြံအစည်ဟူသမျှကို နှောင့်ယှက် ဖျက်ဆီးနေသော အစုအပေါင်းတရပ် ထိုနေရာ၌ ပေါ်ပေါက်လာတော့သည်။ ၁၉၄၂ ခုနှစ်သို့ ရောက်သည့်အခါတွင်ကား “နံပါတ် လေးရာ” ကို “ကွန်မြူနစ်ဗဟို” ဟူသော အမည်ဖြင့်သာ ခေါ်ဝေါ်ကြတော့သည်။ ဤနေရာတွင် အပြောင်းအလဲကား များပြားလှသည်။ ခုံတန်းလျားများ ပေါ်တွင် ယောက်ျား မိန်းမရဲဘော်ပေါင်း ရာလိုက်ထောင်လိုက်ချီ၍ တယောက်နေရာ တယောက်ယူကြရသည်။ သို့သော် အချက်တချက်ကားမပြောင်း။ အရေးတော်ပုံကို သစ္စာ စောင့်လျက်၊ အဆုံးသတ်၌ အောင်ပွဲခံရမည်ဟု ယုံကြည်နေသော အစုအပေါင်းဝိဉာဉ်ကား ပြောင်းမသွားပေ။
“နံပါတ်လေးရာ” ဤသည်ကား အဝေးသို့ ဖောက်ထွင်းဝင်ရောက်ထားသော ကတုတ်ရင်တား ဖြစ်သည်။ အဘက်ဘက်မှလည်း ရန်သူများဝိုင်းထား သည်။ သဲသဲမဲမဲပစ်ခတ်ခြင်းကိုလည်း အလူးအလဲခံနေရသည်။ သို့သော် လက်နက်ချရမည်ဟု ခေတ္တခဏလေးပင်မတွေးတောခဲ့ပေ။ ဤကတုတ်ရင်တား၏ အထက်တွင်နီရဲသော အလံသည် တဝေ့ဝေ့လွင့်နေခဲ့သည်။ သို့သော် လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသော တမျိုးသားလုံး၏ ယိုင်းပင်းညီညာစိတ်လည်း ဤနေရာတွင်ပေါ်လွင်နေလေသည်။
အောက်ထပ်ရှိ “ဘိုင်စကုတ်ရုံ” တွင် အက်ဆက်စ်ထောင်စောင့်များသည် ဖိနပ်ရှည်များဖြင့် လမ်းသလားယင်း၊ ခင်ဗျားမျက်စောင်းတချက်ခတ်တိုင်း ခင်ဗျားအား ငေါက်ငန်းအော်ဟစ်ေ နသည်။ ဤနေရာ “နံပါတ်လေးရာ” တွင်ကားချက်လူမျိုး ပုလိပ်အင်စပိတ်တော်များ၊ ပုလိပ် မင်းကြီးရုံးမှ စုံထောက်များက အကျဉ်းသားများကို စောင့်ကြပ်ရသည်။ ဤအရာရှိများ၏ အမိန့်အရဖြစ်စေ၊ စကားပြန်များအဖြစ် ဂက်စတာပိုဝန်ထန်းများ ဖြစ်လာကြသည်။ ၎င်းတို့သည် ဤ နေရာ၌ အလုပ်လုပ်ရာတွင် ဂက်စတာပိုဝန်ထမ်းပီပီ အမှုထမ်းသူကထမ်းကြသည်။ သို့မဟုတ် ချက်အမျိုးသားပီပီ အမှုထမ်းသူကထမ်းကြသည်။ လှေနံနှစ်ဖက် နင်းသူက နင်းကြသည်။ ဤနေရာတွင်ကား လက်များကိုဒူးပေါ်တင်၊ မျက်လုံးများကိုရှေ့တည့်တည့် စိုက်လျက် သတိအနေအထားနှင့် ထိုင်နေရန်မလိုပေ။ ဤနေရာ တွင် အနည်းငယ်ပို၍ လွတ်လပ်စွာထိုင်နေနိုင်သည်။ ဘေးပတ်လည်ကိုလည်း ကြည့်နိုင်သည်။ လက်ဟန်ခြေဟန် တောင် ပြနိုင်သည် - အရာရှိ သုံးမျိုးအနက် မည်သည့်အရာရှိမျိုး တာဝန်ကျသည်နေသည် ဟူသည့် အပေါ်၌တည်၍ ထို့ထက်ပင် အများကြီးပို၍ လုပ်နိုင်သေးသည်။“နံပါတ်လေးရာ” ဤနေရာကား လူဟူသော သတ္တ၀ါကို နက်နက်ရှိုင်းရှိုင်းကြီး သိနားလည်နိုင်သည့် နေရာဖြစ် သည်။ သေဘေး၏ နီးကပ်မှုသည် မည် သူ့ကိုမဆို ကိုယ်တုံးလုံးဖြစ်သည့်အထိ အဖုံးအကာ များဆွဲချွတ်လိုက်သည်။ လက်ပတ်အနီရောင်များကို ပတ်ထားရသော ကွန်မြူနစ်တရားခံများ၊ သို့မဟုတ် ကွန် မြူနစ်များနှင့် ဆက်သွယ်သည်ဟု သင်္ကာမကင်း အဖြစ်ခံရသူများလည်း သရုပ်ပေါ်လာသည်။ ထိုတရားခံများကို ဤနေရာ၌ စောင့်ကြပ်ရသူများအပြင် မနီးမဝေးရှိ အခန်းတခန်းတွင်း၌ တရားခံများစစ်ဆေးရာတွင် ပါဝင်ခဲ့သူများလည်းသရုပ်ပေါ်လာသည်။ အစစ်ခံသည့်နေရာတွင် စကားလုံးများသည် ဒိုင်းလဲဖြစ်နိုင်သည်။ လက်နက်လည်းဖြစ်နိုင် သည်။ သို့သော် “နံပါတ်လေးရာ” တွင်ကား စကားလုံး၏နောက်တွင် ပုန်းကွယ်၍မရ။ ဤနေရာတွင်ကား ခင်ဗျားပြောသော စကားထက် ခင်ဗျား ၀မ်းတွင်း၌ရှိသော သဘ၀ကပို၍ တာသွားသည်။ ခင်ဗျား၏ ဗီဇအရင်းခံကို ဖျော့စေ၊ လျော့စေ၊ သို့မဟုတ် မွန်းမံစေသော ဘေးပန်းအချက်အလက် အားလုံးတို့ကား ကွယ်ပျောက်သွားသည်။ သေမင်း၏ ရှေ့တော်ပြေး မုန်တိုင်းက ထိုအချက်တို့ကို တိုက်ထုတ်လိုက်ပြီဖြစ်သည်။ ဤနေရာတွင် ၀ိသေတနမပါသော ကတ္တားနှင့် ကြိယာသာကျန်တော့သည်။ သစ္စာရှိသူ ကြံ့ကြံ့ခံ၏။ သစ္စာမဲ့သူဖော်ကောင်လုပ်၏။ အသဲကြောင်သူ စိတ်ဓာတ်ကျ၏။ သူရဲကောင်းတိုက်ပွဲဝင်၏။ လူတိုင်းတွင် အင်အားနှင့်ပျော့ ရော့မှု၊ သတ္တိနှင့် ကြောက်စိတ်၊ ခိုင်မြဲမှုနှင့် ယိမ်းယိုင်ခြင်း၊ သန့်ရှင်းမှုနှင့်အညစ်အထေးဟူ၍ ရှိသည်။ သို့သော် ဤနေရာတွင်ကား တခုမဟုတ် တခုသာ ကျန်နိုင်တော့သည်။ ဟိုယောင် ယောင် သည်ယောင်ယောင်လုပ်ရန် ကြိုးစားသူက ကြိုးစားသည်။ သို့သော် ထိုသို့သော်မသာ မျိုးကား မသာချလာသောအခါ၌ ဦးထုပ်တွင် ငှက်မွှေးအ၀ါရောင်ကိုထိုး၊ လက်ထဲတွင်လဲရ ကွင်းများကိုင်ကာ ကခုန်သောထက်ပင် ထင်ထင်ရှားရှားမြင်သာ သိသာလေသည်။
ဤသို့သော သူများကား အကျဉ်းသမားများအကြား၌လဲရှိသည်။ ချက်လူမျိုး ပုလိပ်အင်စပတ် တော်များနှင့် စုံထောက်များအကြား၌လည်း ရှိပေ သည်။ စစ်ဆေးမေးမြန်းနေသည့်နေရာတွင် ဤသို့သောသူမျိုးသည် ဂျာမန်အင်ပါယာ ဘုရားသခင်အတွက် ဖယောင်းတိုင်ပူဇော်သည်။ နံပါတ်လေးရာတွင်မူ ဘော်လရှီဗစ်တစ္ဆေအတွက် ဖယောင်းတိုင်နောက်တတိုင် ထွန်းညှိလေ သည်။ ဂျာမန်အရာရှိ၏ မျက်စိအောက်တွင် ခင်ဗျားနှင့်ဆက်သွယ်သော သူ၏အမည်ကို ညှစ် ထုတ်ရန်၊ ခင်ဗျား၏သွားများကို ရိုက်ချိုးသည်။ နံပါလေးရာတွင်ကား ရင်းနှီးသောအမူအရာပြ၍ ခင်ဗျားအားအဆာပြေရန် ပေါင်မုန့်တချပ်လာပေးသည်။ ခင်ဗျား၏ အိမ်တွင်းသို့ဝင်ရောက် ရှာဖွေကြသည့်အခါတွင် ခင်ဗျား၏ပစ္စည်းများကို လုယူသယ်ဆောင်သွားသည်။ နံပါတ်လေးရာ တွင်ကား ခင်ဗျားအပေါ် မည်မျှကိုယ်ချင်း စာကြောင်းကိုဖော်ပြရန် တိုက်ခိုက်လာသော ပစ္စည်းများအနက်မှ စီးကရက်တပိုင်းကို တိတ်တိတ်လာ၍ပေးသည်။ ဤသို့သော အမျိုးအစား အတွင်း သေးစိတ်အားဖြင့် အနည်းငယ်သာမူကွဲသော လူတစုလည်းရှိသေးသည်။ ဤသူများ ကား မိမိတို့အလျောက်ဆိုလျှင် ခင်ဗျားဒုက္ခရောက်အောင် ဘယ်တော့မျှလုပ်ကြ။ ကူညီရ မည်ဆိုလျှင်လည်း သာ၍ပင်ဝေးသေးသည်။ သူတို့ကား ငတေမာလျှင်ပြီးသည့် သူများဖြစ် သည်။ ၎င်းတို့သည် ကိုယ်ကျိုးကို ထက်မြက်စွာကြည့်တတ်ကြသဖြင့် နိုင်ငံရေးရာသီတိုင်း သည့် ပြဒါးတိုင်များဖြစ်လာကြသည်။ ကြည့်စမ်း ခပ်တင်းတင်းနဲ့ အရာရှိစတိုင်ဖမ်းနေကြ သလား။ ဒါဆိုရင် ဂျာမန်တွေ စတာလင်ဂရက်မြို့ကို ချီတက်နေကြပြီဆိုတာ သေချာတယ်။ ဖော်ဖော်ရွေရွေဖြစ်လာပြီး အကျဉ်းသမားတွေနဲ့တောင် စကားပြောဖော်ရလာသလား။ ဒါဆိုရင် တို့အခြေအနေကောင်းလို့ပဲ။ ဂျာမန်တွေ စတာလင်ဂရက်က တပ်လန်သွားပြီထင်တယ်။ ကျုပ်တို့ဟာ ချက်အမျိုးအနွယ်ပါ၊ ဇွတ်အတင်းခိုင်းလို့သာ ဂက်စတာပိုထဲဝင်ပြီး အလုပ်လုပ်နေ ရပါတယ်လို့ ပြောလာကြပြီလား။ ဒါဆိုရင် လက်ခမောင်းခတ်ပေတော့။ တပ်နီတော်ဟာ ရော့စတော့ဗ်မြို့ကိုတောင် ကျော်တက်လာပြီဆိုတာ သေချာတယ် - ဤ အမျိုးအစားအတွင်း သို့ပင် အကြုံးဝင်သော အခြားသူတချို့ကား ခင်ဗျားရေနစ်နေသည် ကိုတွေ့လျှင် လက်ပိုက်၍ ကြည့်နေတတ်သည်။ ခင်ဗျားဖာသာ ခင်ဗျား ကမ်းပေါ်သို့တက်လာ သောအခါတွင်ကား ပြာပြာသလဲနှင့်လက်ကိုလှမ်း၍ဆွဲကြသည်။
ဤအမျိုးအစားသည် နံပါတ်လေးရာမှ အစုအပေါင်းအကြောင်းကို အကဲခတ်မိကြ၍ ၎င်းနံပါတ် လေးရာကိုလည်း သိနားလည်လာကြသည်။ ထို့ကြောင့်ထိုအစုအဝေးကိုချဉ်းကပ်ရန် ကြိုးစား ကြသည်။ သို့သော်ထိုအစုအပေါင်း၏ အဖွဲ့ဝင်များအဖြစ်သို့ကား ဘယ်သောအခါမျှရောက်လာ ကြ။ နံပါတ်လေးရာတွင် ယင်းသို့သော အစုအပေါင်းတရပ်ရှိနေသည်ကို အနည်းငယ်ကလေးမျှ မရိပ်မိသော အမျိုးအစားတမျိုးလည်း ရှိသေးသည်။ ၎င်းတို့အား လူသတ်သမားဟု ခေါ်နိုင် သည် - သို့သော် လူသတ်သမားဟူသည်ကား မနုဿလူသားများပင် ဖြစ်နေသေးသည်။ အမှန်အားဖြင့် ၎င်းတို့ကား ချက်စကားပြောတတ်သော အဟိတ်တိရိစ္ဆာန် များသာ ဖြစ်ကြ သည်။ လက်ထဲ၌ကြိမ်လုံးများ၊ သံဒုတ်များကိုင်ထားကြသည်။ချက်အကျဉ်းသမားများကို နှိပ်စက် ညှဉ်းပမ်းကြပြီဆိုလျှင် ဂျာမန်အရာရှိအများအပြား ပင် မကြည့်ရဲသဖြင့် ထွက်ပြေးကြ ရသည်။ သင်းတို့ကား ကိုယ့်အမျိုးကိုချစ်သည် သို့မဟုတ် ဂျာမန်အင်ပါကြီးကိုချစ်သည်ဟူ၍ အပြင်ပန်းအားဖြင့် ဟန်မဆောင်နိုင် ကြ။ ညှဉ်းပမ်းခြင်း၊ သတ်ဖြတ်ခြင်းသက်သက်တွင် အရသာခံတတ်ကြသည်။ သွားများကို ရိုက်ချိုးကြသည်။ နားအုံများကို ရိုက်ခွဲကြသည်။ မျက်လုံးများကို ညှစ် ထုတ်ကြသည်။ အင်္ဂါဇာတ်များကို ကန်ကျောက်ကြသည်။ ဥဏှောက်အရေခွံများကိုလှန်ကာ လူသေသည့်အထိ ရိုက်ကြနှက်ကြသည်။ အကြောင်းရှိ၍ ရက်စက် သည်မဟုတ်၊ ရက်စက်လို၍ ရက်စက်ကြခြင်းဖြစ်လေသည်။ ခင်ဗျားသည်နေ့စဉ် နှင့်အမျှ သူတို့နှင့်ဆက်ဆံရသည်။ ပတ်ဝန်းကျင်တခုလုံးသွေးများ၊ အော်ဟစ်သံများဖြင့် ဖုံးလွှမ်းသွားစေသော သူတို့၏အရှိန်အ၀ါကို ခင်ဗျားခံစားရသည်။ ခင်ဗျားအတွက် ဖြေစရာတကွက်သာရှိသည်။ ထိုအချက်ကား ၎င်းတို့၏ ရာဇ၀တ်ပြစ်မှု များကို မြင်ခဲ့ကြသည့် သက်သေဟူသ၍ရွေ့ကို သတ်ပစ်လိုက်ကြသည်ဆိုဦးတော့၊ တနေ့တွင် တရားစီရင်ချက်မှ သင်းတို့တတွေ ပြေး၍လွတ်လိမ့်မည်မဟုတ်ဟူ သောခိုင်မြဲသည့် ယုံကြည်ချက်ပင်ဖြစ်လေ သည်။
သင်းတို့နှင့် တစားပွဲတည်းတွင် ထိုင်နေကြသော လူများလညှ်းရိသည်။ ထိုသူများကား အပြန်ပန်းအားဖြင့် သင်းတို့နှင့်ရာထူးချင်းတူညီကြသည်။ သို့သော် ဤပုဂ္ဂများကား တကဲ့လူ အစစ်များဖြစ်လျက်၊ စာလုံးကြီးကြီးဖြင့် လူဟူ၍ပင်ရေးပြထိုက်ပေသည်။ ဤသူများသည် ထောင်တွင်းအစီအစဉ်များကို အကျဉ်း သမားအတွက် အကျိုးစေမည့်အစီအစဉ်များဖြစ်အောင် တည်ဆောက်ပေးကြသည်။ ဤသူများသည် နံပါတ်လေးရာတွင် အတွင်။မှအစုအပေါင်းကို ကူညီဖွဲ့စည်း ပေးကြသည်။ ကိုယ်တိုင်လဲ စေတနာအရရော၊ သတ္တိအလိုက်ပါ ဤအစုအပေါင်း ၏ အဖွဲ့ဝင်များဖြစ်ကြသည်။ ကွန်မြူနစ်များ မဟုတ်ကြသဖြင်းလည်း သူတို့အပေါ်ပို၍ တန်ဘိုးထားသင့်ပေသည်။ ကွန်မြူနစ်များ မဟုတ်ကြသည်သာမက၊ ယခင်ကဆိုလျှင် ချက် ပုလိပ်အဖွဲ့အတွင်း အမှုထမ်းယင်း ကွန်မြူနစ်ဆန့်ကျင်ရေးလုပ်ငန်း များ လုပ်ခဲ့ဘူးသည်။ သို့သော် နိုင်ငံခြားသားများ၏ အုပ်စိုးမှုကို ကွန်မြူနစ်များက ခံ၍တိုက်ပုံကို မြင်လာကြသော အခါတွင် တမျိုးသားလုံး၏ အရေးတော်ပုံအတွက် ကွန်မြူနစ်တို့၏အရာရောက်ပုံကို သဘော ပေါက်လာကြသည်။ ကွန်မြူနစ်တို့၏အင်အားကို သိမြင်လာကြသည်။ ထိုအချိန်မှစ၍ ထောင်ခံတန်းလျားများပေါ် ရောက်သည့်အထိ သစ္စာရှိနေကြသောသူဟူသ၍ကို သစ္စာရှိစွာ ကူညီကြသည်။ အကျိုးဆောင်ပေးကြသည်။ ဂက်စတာပိုလက်တွင်းသို့ ရောက်နှင့်တပြိုင်နက် မည် မျှရုန့်ရင်းစွာ ခံကြရမည်ကိုသိနိုင်ကြလျှင်၊ အပြင်ဘက်တိုက်ပွဲဝင်နေသူအများအပြားပင် နောက်တွန့်သွားပေလိမ့်မည်။ ဤသူတို့ကား ယင်းသို့ရက်စက်မှုတို့ကို နေ့စဉ်နှင့်အမျှ၊ နာရီနှင့် အမျှ၊ မျက်စေ့အောက်တွင် မြင်တွေ့နေကြရသည်။ နေ့မရွေး၊ နာရီမရွေး၊ ၎င်းတို့အား အကျဉ်း သမားများဘေးသို့ ချလိုက်ကြကာ၊ အခြားအကျဉ်းသမားများထက်ပင် ပိုမိုရက်စက်စွာ အစမ်း အသပ်ခံရလိမ့်မည်ကိုလည်း တွက်ထားနိုင်ပေသည်။ သို့စဉ်လျက် သူတို့ကား နောက်မ တွန့်ကြ။ ထောင်ပေါင်းများစွာသော အသက်တို့ကိုကယ်တင်ရန် ၀င်ရောက်ကူညီကြသည်။ သူတို့မကယ်ဆယ်နိုင်သော သူတို့အတွက်လဲ၊ သက်သာမှုရစေရန် ၀င်ရောက်ကူညီကြသည်။ သူရဲကောင်းဟူသော ဘွဲ့နှင့်ထိုက်တန်သော သူများဖြစ်လေသည်။ သူတို့သာမကူညီခဲ့လျှင် နံပါတ်လေးရာကား ရာလိုက်ထောင်လိုက်ချီသောကွန်မြူနစ်များ သိရှိနားလည်ကြသည့် လက်ရှိပုံစံအနေအထားသို့ ရောက်လာမည်မဟုတ်ပေ။ ယခုသော်ကား နံပါတ်လေးရာသည် မှောင်မိုက်သော အိမ်အတွင်းမှလင်းနေသော အခန်းကလေးတခန်း၊ ရန်သူ၏အနောက်သို့ ထိုးဖောက်ထားသော ကတုတ်ရင်တားတခု၊ ၀င်ရောက်ကျူးကျော်နေသူများ၏ သားရဲတွင်း အလည်တည့်တည့်မှ လွတ်မြောက်ရေးတိုက်ပွဲဆင်ရာ ဌာနတရပ်ဖြစ်ပေသတည်း။

Read More...

Sunday, 6 January 2008

သူ သို့မဟုတ် မပြီးသေးသော ပန်းချီကား


လာမယ့် စက်တင်ဘာလ ၁၆ရက်နေ့ဆိုရင် ဆရာမြို့မငြိမ်း (ငယ်မည် - မောင်ကျော်ငြိမ်း) ကွယ်လွန်တာ အနှစ် ၅၀ တင်းတင်း ပြည့်ပါပြီ၊ ရာစုနှစ်တ၀က်ပါ၊ သူ့နာမည်နဲ့ သူ့အကြောင်းကို စလိုက်တယ်ဆိုတာနဲ့ တွေ့ဖူးကြတဲ့ သူ့ရဲ့ခပ်မှုံမှုံ အပြုံးလေးနဲ့ ရုပ်ပုံရယ်။ အားလုံးစွဲလန်းနေ ကြတဲ့ သူ့သီချင်းတွေရယ်ကို ပြန်သတိရကြမှာပါ၊ နောက်တဆက်တည်း တွေးမိကြမှာက သူ့ဘ၀အဆုံးသတ်ပုံ။ သူ့မျှော်လင့် ရည်မှန်းချက်တွေ၊ အားလုံးဟာ “ပြာရီမှိုင်းကာ မို့မို။ ညို့ညို့ညိုလွင်” ဆိုတဲ့သူ မသေခင် ကလေးတင်မှာ ရေးသွားတဲ့သီချင်းလေး တပုဒ်ရဲ့အစမှာ ပါသလို ဝေရီရီ။ အုံ့မှိုင်းမှိုင်းသာ ဖြစ်နေရတယ်ဆိုတာတွေ။
၁၉၀၉ခု။ ဇန်န၀ါရီလ ၂၅ ရက်နေ့မှာမွေးခဲ့တဲ့ ဆရာငြိမ်းဟာ သူ့ရဲ့ ၄၆ နှစ်ဆိုတဲ့ အင်မတန် တိုတောင်းတဲ့ သက်တမ်းလေး အတွင်းမှာ အံ့မခမ်းလက်ရာတွေ၊ အနုပညာအမွေအနှစ်တွေ တိံပံတခေါင်းကြီးကို ရတနာသိုက်တခုလို ချန်ထားခဲ့ပါတယ်၊ တပါတည်းမှာပဲ သူ့တန်ဘိုးကို သိသူ။ သူ့လက်ရာတွေကို ချစ်မြတ်နိုးသူတွေအတွက် သူ့ကိုယ်စား မကျေနိုင်မချမ်းနိုင်၊ အားမ ရ မကျေနပ်စရာ ဟာကွက်တွေ ချန်ထားခဲ့ပါတယ်။ တခါတခါများ သူကနှောင်းလူတွေကို သူ့ ကိုယ်စား ဆက်ဖြည့်ဆည်းပေးကြပါလို့ မှာခဲ့လေသလားလို့တောင် အောက်မေ့မိပါတယ်။
သူ့အလောင်းကို တွေ့ကြတဲ့ အဲဒီနေ့ နေ့လည်မှာ သတင်းစာဆရာမ တဦးဖြစ်တဲ့ ကျနော့်အမေ (အဲဒီတုန်းက ကျနော့်အဖေ က ထောင်ထဲမှာ) စိတ်မကောင်းစွာနဲ့ ပြာပြာသလဲ လှုပ်ရှားနေ ကြတာကို အခုအထိ သတိရနေမိပါတယ်။ အဲဒီနေ့က နေ လည်းအလွန်ပူပါတယ်။ အညာမှာ က မိုးတွင်းဆိုတာ မိုးရွာတဲ့နေ့တွေကိုသာ မိုးတွင်းလို့ ခေါ်လောက်ပြီး ကျန်တဲ့နေ့တွေက နွေပဲ မဟုတ်လား။ ၁၉၅၅ ခု နှစ်တုန်းက ကျနော်ဟာ ဆရာငြိမ်းကို သိလောက်တဲ့ အရွယ်မဟုတ် သေးပါဘူး၊ အတော်ငယ် ပါသေးတယ်။ ဒါပေမဲ့ နောက်တနေ့ ကျောင်းကိုသွားတဲ့အခါ သူငယ်ချင်းတွေကို အင်မတန် တန်ဘိုးရှိတဲ့ ပုဂ္ဂိုလ်တယောက် အသေဆိုးနဲ့သေရတယ်၊ သူသေတဲ့ နေရာလေးကိုက အင်မတန် ကဗျာဆံတယ်စသဖြင့် ပြောပြခဲ့မိတာ မှတ်မိနေပါ တယ်။
ဒီနေ့အခါမှာ သူ့အကြောင်း၊ သူ့အရည်အချင်းကို လူထုကသိနေကြပြီမို့ သူသာဒီနေ့လိုအချိန် မှာ ကွယ်လွန်ရင် ဘယ်အထိအုတ်အော်သောင်းနင်း ဖြစ်မလဲဆိုတာ စဉ်းစားကြည့်ပါ။ အခု တော့ သူ့ခမျာလူသူပြတ်တဲ့ (အဲဒီတုန်းက) ဆင်ခြေဖုံးသာသာ နေရာတခုမှာ မရှုမလှ အသက် ထွက်ရှာရတယ်။ ဘယ်အထိ မရှုမလှ ဖြစ်သလဲဆိုရင် အရပ်ထဲကလူတွေက ကားနင်းလို့ပြား နေတဲ့ သူ့ခေါင်းနဲ့မျက်နှာကို ဖျာစုတ်တချပ်နဲ့ အုပ်ပေးထားရတယ်၊ အာဏာပိုင်တွေက ဘယ်လောက် အရေးတယူ ရှိလိုက် သလဲဆိုရင် ဂါတ်တဲက်ု တိုင်တာ ဂါတ်တဲကလာတောင် မကြည့်လို့ အဲဒီလိုဖျာနဲ့အုပ်ထားရတာ၊ နောက်ပြီး ကျနော်တို့ လူထုသတင်းထောက်က ဓာတ်ပုံသွားရိုက်တော့ ဆရာထိုင်ခဲ့တဲ့ တမာပင်လေးနဲ့ ၀ါးကွပ်ပြစ်လေးအပြင် ဆရာ ကား အောက်ကို ပြေးဝင်တော့ ကျန်နေရစ်တဲ့ဖိနပ်လေးပါ ဓာတ်ပုံထဲမှာပါလာပါတယ်၊ ဒီလိုနဲ့နောက် တခေါက် သွားရိုက်ပြန်တော့ ဖိနပ်ကလေး မရှိတော့ပါဘူး။ သူများ ကောက်သွားပြီ။ လူတွေက ဆင်းရဲကြတာကိုး။
ဆရာတယောက် သေကံမကောင်းဘူး ဆိုတာကတော့ ဟုတ်ပါပြီ။ မွေးကံရော ကောင်းသလား ဆိုရင် သူ့ကိုမွေးတဲ့အချိန်ဟာ ပါတော်မူပြီး ၂၄နှစ် အကြာ၊ သူ့ကျွန်ဘ၀ပါ၊ ဒါပေမဲ့ သူလူ့ လောကထဲကို ရောက်လာတဲ့အချိန်နဲ့။ သူ့အသိကို တည်ဆောက်ခဲ့ တဲ့အချိန်ဟာ ဗမာပြည် တပြည်လုံး ကိုလိုနီဘ၀ ကျရောက်ပြီးနောက် ဗမာပြည် ပြည်သူတွေရဲ့ ကိုလိုနီတံပိုးအောက် က လွတ်မြောက်ရေးလှုပ်ရှားမှုတွေ စတင်လူးလွန့်ပေါ်ပေါက် လာနေချိန်ဖြစ်ပါတယ်၊ အဲဒီ အချိန်မှာ ဗမာပြည်သားတွေဟာ ကိုလိုနီလက်အောက်မို့ မိမိတို့ရဲ့အမျိုးသားလက္ခဏာ (National Identity) မပျောက်ပျက်ရေးအတွက် အမျိုးသားမူ၊ အမျိုးသားဟန်တွေကို ထိန်းသိမ်းဖော်ထုတ်တာတွေ လုပ်နေကြရပါတယ်။ နဂိုက နန်းတွင်းနဲ့သံဃိကအဆောက် အအုံတွေထဲမှာသာ ကိန်းဝပ်နေတဲ့ အနုပညာတွေ အပြင်ကိုရောက်ချလာတဲ့ အချိန်လည်းဖြစ် ပါတယ်၊ ဒါတွေကို လူထုက ထီးကျိုးစည်ပေါက် ဖြစ်သွားလို့ ပျောက်ပျက်သွား တာမဖြစ်အောင် ထိန်းသိမ်းဖော်ထုတ်ပြီး တချိန်တည်းမှာလည်း ပြည်ပက၀င်လာတဲ့ အသစ်တွေနဲ့လည်း ထိန်း ညှိပေါင်းစပ်ယူနေကြချိန်ဖြစ်ပါတယ်။
ဒါဟာတနိုင်ငံလုံး လက္ခဏာဆောင်တယ်လို့ ဆိုနိုင်ပါတယ်။ နိုင်ငံရေးနယ်ပယ်မှာက ၀ံသာနု လှုပ်ရှားမှုက စလို့ ၁၉၂၀ ခုနှစ်။ အမျိုးသားသပိတ်ကြီး ပေါ်ပေါက်ပါပြီ၊ စာနယ်ဇင်းလောကမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့၊ လယ်တီပဏ္ဍိတ ဦးမောင်ကြီး စသူတွေက အစဉ်အလာ ဟန်နဲ့ အကြောင်းအရာသစ်တွေကို ပေါင်းစပ်ဖော်ထုတ်နေပြီး၊ ပီမိုးနင်းလို၊ ဂျိမ်စ်လှကျော်လို လူတွေက ပုံစံအသစ်နဲ့ ပြည်တွင်းယဉ်ကျေးမှုတို့ကို ပေါင်းစပ်ဖော်ထုတ်နေချိန်ဖြစ်ပါတယ်။ ဆက်တိုက်ဆိုသလို ခေတ်စမ်းစာပေလည်း ထွက်ပေါ်လာတဲ့အချိန်ပါ။ ဒီလိုအချိန်မှာ ပညာ တတ်မဟုတ်တဲ့ သာမာန်လူထုနဲ့ အနီးစပ်ဆုံးလို့ ဆိုရမယ့် ၀ါဂီနစ်လောကမှာလည်း ရုပ်သေး၊ ဇာတ်အငြိမ့်တို့ကအစ ဂီတ၊ ရုပ်ရှင်အထိ မိမိတို့အမျိုးသားယဉ်ကျေးမှုကို ထိန်းသိမ်းတန်တာ ထိန်းသိမ်း။ ဖော်ထုတ်တန်တာ ဖော်ထုတ်။ တီထွင်တန်တာတီထွင် လုပ်နေကြချိန်ဖြစ်ပါတယ်၊
လူနာမည်တွေ ရေးနေရင် ရှည်နေတော့မှာမို့ ဒီနေရာမှာ မရေးတော့ပါဘူး။ အချုပ်ဆိုလိုတာက အဲဒီအချိန်ဟာ ပြည်သူလူထု ကြီးရဲ့ အမျိုးသားရေး ရေစီးကြောင်းကြီး အားကောင်းနေချိန် ဖြစ်ပါတယ်။ ဒီခေတ်စကားနဲ့ ပြောရရင် မြန်မာမှု၊ မြန်မာအသွေး အတွက် ရွှေခေတ်ငွေခေတ် လို့ ဆိုရပါမယ်၊ ကိုယ့်အိတ်ထဲပိုက်ဆံ ထုတ်ပြီး တည်ထောင်ကြတဲ့ မြို့မတီးဝိုင်းက အသင်း သားတွေဟာ ကိုယ့်အတွက်လစာလည်းမယူ။ ဘာမှလည်းမခံစား အပျော်တမ်းသက်သက် လိုက်တီးကြတာတဲ့၊ အဲဒါ အဲဒီလို ခေတ် မို့ဖြစ်နိုင်တာပါ။
ဗမာပြည်သမိုင်းမှာ အဲဒီကာလနဲ့ နှိုင်းယှဉ်နိုင်တာဆိုလို့ (ပုံတူဆွဲယူတာမဟုတ်ပါ) ဒုတိယ ကမ္ဘာစစ်ကြီးအပြီးကာလပဲရှိပါတယ်။ လွတ်လပ်ရေးအတွက် လုံးပမ်းကြတဲ့အချိန်ပေါ့၊ဒါတောင် အဲဒီကာလဟာ တိုတောင်းလို့အထက်မှပြောခဲ့တဲ့ စာပေအနုပညာလက်ရာမျိုးတွေ သိပ်များ များမပေါ်ထွက်ခဲ့ပါဘူး၊ အကြောင်းအရာအရလူထုနဲ့နီးစပ်၊ လူထုကိုကိုယ်စားပြုပြီး ပုံ သဏ္ဌာန်အနေနဲ့လည်း အမျိုးသားဟန်ရော၊ ခေတ်မှီလက္ခဏာပါဆောင်တဲ့ စာပေအနုပညာ တွေ အများဆုံး ထွက်ပေါ်နိုင် တာဟာ ဒီလို ကာလမျိုးသာ ဖြစ်ပါတယ်။ ဒါ ဗမာပြည်သာမက၊ အမျိုးသားတိုင်းပဲ ဖြစ်ပါတယ်။ တိုင်းပြည်မှာ တကယ်တမ်း တိုင်းချစ်ပြည်ချစ်စိတ်တွေ ရှင်သန် တက်ကြွနေမှသာ ဒီလိုတခွင်တပြင် လက္ခဏာဆောင်တဲ့ အနေအထားမျိုး တွေ့နိုင် ပါတယ်။
ဒါပေမဲ့ အဲဒီ ဒီလှိုင်းကြီးဟာ ဗမာပြည်လွတ်လပ်ရေး ရပြီးတဲ့နောက်မှာတော့ အံ့သြ၀မ်းနည်း စရာ ကောင်းလောက်အောင် အားလျော့ကျသွားတာ တွေ့ရပါတယ်။ တကယ်တော့ ကိုယ့်နိုင်ငံ ကိုယ် ထူထောင်ရေးအတွက် ရွှင်လန်းအားတက်မှုတွေ တဖွားဖွားနဲ့ စာပေအနု့ညာတွေ ထုတ်လုပ်နေကြရမှာပါ။ ဆရာငြိမ်းလိုလူဆိုရင် သူ့အသဲနှလုံးထဲအထိ စွဲနေတဲ့ ဆင်ဖိုနီတီး ၀ိုင်းကြီးဟာ ကိုလိုနီဘ၀က လွတ်မြောက်လို့ ကိုယ့်တိုင်းနဲ့ ကိုယ့်အစိုးရဖြစ်လာရင်ဖြင့် အကောင်အထည် ပေါ်လာနိုင် ကောင်း ရဲ့လို့ အောက်မေ့မှာပါ၊ ဒါပေမဲ့ သမိုင်းဟာ သဝေထိုး ထွက်သွားပါတယ်။
လွတ်လပ်ရေး ရပြီးတယ်ဆိုမှ ဆရာငြိမ်း မိသားစုလေးဟာ သားသမီးလည်းပိုများလာ စားဝတ် နေရေးလည်း ပိုကြပ်တည်းလာ ပါတယ်။ ဆရာငြိမ်းတယောက် ကလေးကစားစရာ အရုပ်လေး တွေ လုပ်ရောင်းရတယ်ဆိုတာ ဒီကာလမှာပါ၊ လွတ်လပ်လို့ ကိုယ့်အစိုးရနဲ့ကိုယ် ဖြစ်ပြီဆိုပါမှာ ဆရာငြိမ်းကို “ငြိမ်းချမ်းရေးသီချင်း” ရေးလို့ မျက်တယ်ဆိုတာမျိုးတွေ ကြုံလာ ရပါတယ်၊ အဲဒီသီချင်းမျိုး ဟိုတုန်းကရေးခဲ့ရင် ဒီလိုကြုံချင်မှ ကြုံရမှာပါ၊ သူမျှော်မှန်းခဲ့တဲ့ ဆင်ဖိုနီကြီး အကောင်အထည်ပေါ်ဖို့ နေနေသာသာ မြို့မတီးဝိုင်းတောင်မှ ဂယိမ်းဂယိုင် ဖြစ်လာပါတယ်၊ (နောင်မှာတော့ ကွဲသွားပါတယ်)။
ဆရာငြိမ်းတယောက် ဗမာချင်းသွေးစုပ်တာကို နာနာကျည်းကျည်း ကြုံတွေ့ရတဲ့အခါမှာတော့ ကိစ္စတွေဟာ လွန်ကုန်ပါပြီ၊ ဆရာ့ခမျာ “သူတို့က ဘဘ ခေါင်းကိုပဲဖြတ်ပြီး လိုချင်ကြတာ၊ ဘဘ တကိုယ်လုံးလည်း ခေါင်းပဲအဖိုးတန်တာ”ဆိုတဲ့ စကားမျိုး သာ ပြောနိုင်ပါတော့တယ်။ လောကဓံရဲ့ အချောက်အချားကို ခံနိုင်လှပါတယ်ဆိုတဲ့ ဆရာဟာစနစ်ကို လက်မြှောက်အရှုံး ပေး လိုက်ရှာပါတယ်။ သူ့ခေါင်းကိုဖြတ်ကြိတ်သွားတာဟာ အုတ်သယ်တဲ့ကားတစင်း မဟုတ် ပါဘူး၊ စနစ်ကြီးဖြစ်တယ် ဆိုတာလူတိုင်းသိပါတယ်။
တလောက နအဖအစိုးရက ကျင်းပတဲ့ ဆို-က-ရေး-တီး ပြိုင်ပွဲတွေမှာ ဆရာ့သီချင်းတွေကို ဆိုတီးပြီး ပြိုင်စေတာတွေ့ရပါတယ်။ အမျိုးသားအလံလွှင့်ပြီး တပြည်လုံးကို မှိုင်းတိုက်လိမ်ညာ နေတဲ့လုပ်ငန်းမို့ တော်ရုံလူက သတိတောင်ပြုလိုက်မိမယ် မထင်ပါ။ အဲဒီမှာ ဆရာ့သီချင်း တွေထဲက ဘာသာရေးမှိုင်းတိုက်ရာမှာ အသုံးကျမယ့် ထိုသုံးပါး၊ ပါရမီတော် လို သီချင်းမျိုး၊ သူတို့ စစ်တပ်ကို ရောင်တော်ပြန်ပွဲထုတ်နိုင်လောက်မယ် ထင်ရတဲ့ နတ်သျှင်နောင်လို သီချင်းမျိုးတွေကို ရွေးပြီးဆိုခိုင်းတာပါ။ အထက်မှာ ပြောခဲ့တဲ့ ငြိမ်းချမ်းရေးလို သီချင်းမပါ ပါဘူး။ မဆလခေတ်တုန်းကလည်း စစ်အစိုးရက သူ့လူရည်ချွန်စီမံကိန်းကို ၀ါဒဖြန့်ဖို့အတွက် ဆရာ့ လူချွန်လူကောင်း သီချင်းကို အသုံးချခဲ့တာ သတိရမိပါသေးတယ်။
ဒီနေ့အခါမှာ ဆရာ့သီချင်းတွေ ခေတ်စားဆဲ၊ သီဆိုနေကြဆဲဆိုတာ မြင်တွေ့ရရင် ဆရာဘယ် လိုများခံစားရမလဲ၊ ဆရာက “ဟား- ဟား-ဟား။ ငါတို့ကို ကျော်အောင် မလုပ်နိုင်ကြပါဘူး”လို့ လက်မထောင်နေမယ်မထင်ပါဘူး။ အသစ်ကို ကြိုဆိုပြီး အမြဲ တီထွင်နေချင်တဲ့ ဆရာငြိမ်း ဟာ အကြံတူ နောက်လူသာစမြဲ ဖြစ်ရမယ့်အစား ခေတ်ရေစီးကြောင်းကြီး တန့်သလို ဖြစ်နေ ရတာကို သူဝမ်းသာမှာမဟုတ်ပါဘူး။ လမ်းရိုးဟောင်းထွင် ဆင့်ကာထင်ဆိုတာ သူ့မူပဲမဟုတ် လား။
သူချစ်မြတ်နိုးခဲတဲ့ ဒီနိုင်ငံကြီးကို ကြည့်လိုက်တော့ သူသေလွန်လို့ အနှစ်ငါးဆယ်ကြာတာ တောင်မှ သူမျှော်မှန်းခဲ့တဲ့ ဆင်ဖိုနီတီးဝိုင်းကြီးမရှိသေးဘူး။ ဆရာ တယောကိုတင်ရီတို့ လုံးပမ်း နေကြတာတော့ရှိပါရဲ့၊ တကယ့် စံချိန်မှီတီးဝိုင်းကြီးလို့ ဆိုနိုင်ဖို့ ကတော့ အဝေးကြီးလိုပါသေး တယ်၊ ၀န်ကြီးဦးထွန်းဖေတို့၊ ဆရာဦးခင်ဇော်တို့ အမှူးပြုမှုအောက်မှာ မန္တလေးက ဆရာ ရွေပြည် ဦးဘတင်၊ ဆရာဘကလေး၊ ဆရာငြိမ်းစသူတွေ၊ ရန်ကုန်က ဒေါ်စောမြအေးကြည်၊ ဒေါ်အောင်ကြည်။ ဦးဟန်ပ စသူတွေ အပတ်တကုတ်ဿကးစား ပြုစုခဲ့ကြတဲ့ ကမ္ဘာ့သင်္ကေတ နဲ့မြန်မာကြိုးသီချင်းဆိုတဲ့ စာအုပ်လည်း ထွက်မလာဘူး။ စာမူတွေ ပျောက်များ ပျောက်ကုန် လေပလားပဲ။ ဗမာနိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲမှာ တခန်းတကဏ္ဍပါဝင်ခဲ့တဲ့ ဆရာတို့ခေတ် က ဂီတအနုပညာရှင်များအတွက် အထိမ်းအမှတ် ဗိမာန်၊ ဒါမှမဟုတ် ပြတိုက်ဆိုတာကတော့ ဝေလာဝေး။ မန္တလေးက ရွာဟိုင်းသင်္ချိုင်း ကိုဖျက် တော့ ဆရာ့ အုတ်ဂူလေးတောင် ပျောက် သွားတယ်။
အဆိုးဆုံးက ဒီနေ့ဂီတလောကမှာ မြန်မာသံတွေ ပျောက်ကုန်မယ့် ဘေးအန္တရာယ်ကြီးနဲ့ ရင်ဆိုင်နေရတာပါပဲ။ ဂလိုဘယ် လိုက်ဇေးရှင်း ခေတ်ကြီးမှာ ဒီအန္တရာယ်ကို လျှော့တွက်လို့ မဖြစ်ပါဘူး၊ သူများတိုင်းပြည်တွေမှာ ဒီပြ၏နာကို အလေးအနက် ထား၊ ပြင်ဆင်နေကြတယ်၊ ဒါဟာ ဒီခေတ်ရဲ့ အမျိုးသားရေး တာဝန်တခု ဖြစ်ပါတယ်၊ နအဖလုပ်နေသလို ပုဆိုးတောင် ရှည်ဝတ်။ ခေါင်းပေါင်းပေါင်းပြီး စောင်းကောက်ကို တီးတာလောက်နဲ့ အမျိုးသားယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်မှာ မဟုတ်ပါဘူး။ တမျိုးသားလုံးကို လှုံ့ဆော်ကြပြီးလုပ်ပါမှ တော်ရုံကျမှာပါ၊ အချိန်တွေလွန်သွားရင် ဘာမှမတတ်နိုင်ပါဘူး၊ ဒီနေ့လို အခြေ အနေကိုသာ ဆရာငြိမ်း တွေ့ရ ရင် “ဦးလေးမောင် (ဦးစိန်ဗေဒါ)ရေမြင်လှည့်ပါဦး”။ “ကိုကြီးတင် (နန်းတော်ရှေ့ ဆရာတင်)ရေ ကယ်ပါဦး”၊ “ဆရာရွှေတိုင်ညွန့်ရေ ကောင်းကြသေးရဲ့လားခင်ဗျ” စသဖြင့် တကြော်ကြော် မြည်တမ်းနေမလား မသိပါ။
ဒါမှမဟုတ်လည်း သူ့ရဲ့ဝမ်းနည်းကြေကွဲမှုကို ဖွဲ့ကျူးတဲ့ ဆင်ဖိုနီကြီးတခုကို ကြိတ်ပြီးရေးဖွဲ့ နေကောင်း ရေးဖွဲ့နေပါလိမ့်မယ်။
ဖိုးသံ (လူထု)
(မှတ်ချက်။ ။ စာရေးသူ အကိုဖိုးသံ(လူထု)ရဲ့ ဆရာမြို့မငြိမ်းအကြောင်း ဆောင်းပါးကို အမှတ် တရ ပြန်လည်ဖေါ် ပြလိုက်တာပါ )

Read More...

Thursday, 3 January 2008

မလွတ်လပ်တဲ့ လွတ်လပ်ရေးနေ့

အဝေးကပေးစာတစောင်
၂၀၀၇ခုနှစ်၊ ဒီဇင်ဘာ ၂၆ရက်။
ကိုဟိုဒင်းရေ-
“ဆွေးမိသည်တည့်၊ ဆွေးမိသည်
မလေးမောင် သည်ယနေ့
ဆွေးမြေ့မိသည်။”
တနိုင်ငံလုံး၊ တမျိုးသားလုံးဂုဏ်ယူ ၀မ်းမြောက်ကြရမယ့် လွတ်လပ်ရေးအနှစ် ၆၀ မြောက်အခါသမယမှာ ဒီဆရာဇော်ဂျီရဲ့ “၁၉၄၈ ခုနှစ် လွတ်လပ်ရေးနေ့တွင်”ဆိုတဲ့ ကဗျာထဲက အစလေးတစနဲ့ ဖွင့်လိုက်ရတာကိုထောက်ရင် ကျနော်တယောက် ဘယ့်ကလောက်စိတ်မ ကောင်း ဖြစ်နေတယ်ဆိုတာ ခင်ဗျားမှန်းနိုင်မယ်ထင်ပါတယ်။ အမှန်က ကျနော်တယောက်တည်း စိတ်မကောင်း ဖြစ်တာမဟုတ်ပါဘူး၊ ကျနော်တို့ တပြည်လုံးစိတ်မကောင်းဖြစ် နေကြတာပါ။
ဒီလိုနေ့ထူးရက်မြတ်ကြီးမှာ ရန်ကုန်လမ်းမကြီးတွေပေါ်မှာ သံဃာတော် တွေရဲ့သွေးတွေ မခြောက်သေးဘူး။ အကျဉ်းထောင်တွေထဲမှာ သံဃာတော်တွေကိုရိုက်နှက် နှိပ်စက်နေကြတုံး၊ လူတွေဆိုတာတော့မပြောနဲ့တော့။ ဒါလွတ် လပ်မှုအရသာတဲ့လားဗျာ။ လွတ်လပ်ရေးနေ့မှာ မတရားအကျဉ်းကျနေသူတွေကို သတိရ၊ ကိုယ့်အတွက်လည်း တကယ့်လွတ်လပ်မှုကိုလိုချင်၊ ဒါလူ့သဘာဝပဲလေဗျာ။
လွတ်လပ်ရေး မပေးချင်ပဲနဲ့ပေးလိုက်ရတဲ့ ဟိုတုန်းက ကိုလိုနီသခင်တွေနဲ့ သူတို့ရဲ့အလိုတော်ရိတွေသာ စစ်အစိုးရအဆက်ဆက် ကြောင့် စုတ်ပြတ်သတ်နေတဲ့ ဒီနေ့ဗမာပြည်ကိုသာ မြင်ရရင်၊ “ဘယ့်နှယ်လဲ ငါတို့မပြောလား”လို့ ဒူးနှန့်ဝမ်းသာ နေကြမှာသေချာတယ်။ ၁၉၄၈ ခုနှစ်ဟာ ဗမာပြည်ပြန်လည် စည်းလုံးညွှီတ်မှုရဲ့လက္ခဏာ၊ ဒီနေ့နအဖလက်ထက်ကျတော့ ဗမာပြည်ဟာ တစစီမကွဲယုံတမယ်၊ ၁၉၄၈ ခုနှစ်ဟာ ဗမာပြည်လွတ်လပ်တဲ့လက္ခဏာ၊ ဒီကနေ့ဟာ ပြည်သူတွေ မလွတ်လပ်ဆုံး အခြေအနေ။ ဘယ်လိုမှ မယုံနိုင်စရာပါပဲ။
ကျနော်တို့ငယ်ငယ်တုန်းကတော့ဗျာ လွတ်လပ်ရေးနေ့ဆိုရင် မြို့တကာ၊ ရွာတကာမှာ ပွဲလမ်းပေါင်းစုံ၊ခိမ့်၊ခိမ့်သဲ၊ ၀ှဲချီးကျင်းပ ကြ တာကလား။ ရန်ကုန်မှာဆိုရင် ကန်တော်ကြီး၊ မန္တလေးမှာဆိုရင် ကျုံးနဘေး၊ ကြည့်ချင်ပွဲတွေစုံ၊ အစိုးရဌာနပြခန်းတွေကလည်း အမျိုးမျိုးပဲ။ အငြိမ့်ပွဲဇာတ်ပွဲတွေအပြင် ဈေးတန်းတွေအမျိုးမျိုး၊ ဆိုကရေးတီးòပိင်ပွဲတွေအသွယ်သွယ်၊ မာရသွန်လို တာဝေးပြေးပွဲအပါ အားကစားပွဲတွေ၊ မနည်းပေါင်ဗျာ။ အဲဒီလိုကာလမှာ ကျနော်တို့ မြို့ငယ်တွေ၊ ကျေးလက်တွေသွားပီး နေ့ချင်းပီး ဘော့လုံးပွဲတွေ ကစားကြတာကို မှတ်မိနေသေး တယ်။ နောက်ပြီး ဗမာ့အသံကလည်းကြားရပြီ - “ဗမာ့လွတ်လပ်ရေးအတွက်၊ အသက်ကိုပေးဖို့ဂျပန်ပြည်မှာကွယ်” စတဲ့ လွတ်လပ်ရေးသီချင်း တွေလေ။ အိမ်တွေကလည်းအလံထူ၊ မီဒီယာတွေကလည်း လွတ်လပ်ရေးကို ဘယ်လိုခက်ခက်ခဲခဲ လုံးပမ်းတိုက်ခိုက် ခဲ့ရတယ်ဆိုတာတွေ ကို ဖော်ပြကြတယ်။ စာသင်ကျောင်းတွေမှာလည်း ကလေးတွေကို ဆရာတွေက ဒီသမိုင်းအချက် အလက်တွေပြောပြကြတယ်။
အခုတော့ အနှစ် ၆၀မြောက်လိုထူးထူးခြားခြား နေ့ထူးနေ့မြတ်မှာတောင်မှဗျာ၊ နအဖစစ်ဗိုလ်တွေက တုတ်တုတ်မှမလှုပ်ကြဘူး။ ဗမာပြည်လွတ်လပ်ရေးနဲ့သူတို့နဲ့ ဘာမှမဆိုင်သလို၊ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့သမိုင်းစဉ်ကြီး မရှိခဲ့ဖူးသလိုလို၊ နေသာလိုက်ကြ တာများဗျာ။ ကိုယ့်နားမျက်စိကိုယ် မယုံနိုင်ဘူး။ နေ့ထူးနေ့မြတ်တွေဆိုတာ ၀ါဒဖြန့်ဖို့အတွက်အကောင်း ဆုံးအခွင့်အရေးဖြစ်တယ်ဆိုတာကို တောင် မေ့ပစ်လိုက်ကြပြီလာထင်ရတယ်။
ဘာပဲပြောပြော သူတို့ဘာလို့ ဒီလိုတုံဏှိဘာဝေ၊ သစ်ငုတ်လိုလုပ်နေကြတယ်ဆိုတာ လူတိုင်းသိပါတယ်။ ရှင်းရှင်းလေးပါ။ လွတ် လပ်ရေးအကြောင်းပြန်ဖော်တယ်၊ လွတ်လပ်ရေးသမိုင်းပြန်ပြောတယ်ဆိုရင် အဲဒီအထဲက သမိုင်းဇာတ်ကောင်တွေကို ပြန်ထုတ်ဖော်ဖို့လိုတယ် မဟုတ်လား။ လူတဦးချင်းတွေ၊ အဖွဲ့အစည်းတွေ၊ ရုန်းကန်တိုက်ပွဲဝင်ခဲ့ပုံတွေကို ပြန်ဖော်ထုတ်ရမယ် မဟုတ်လား။ ဒါကိုသူတို့မလုပ်နိုင်ဘူး လေဗျာ။ သူတို့က အဲဒီလူတွေ၊ အဲဒီအဖွဲ့အစည်းတွေနဲ့ ရန်ဖြစ်ထားတဲ့လူတွေမဟုတ်လား။ ဂုဏ်ပြောင်တဲ့ လွတ်လပ်ရေးသမိုင်းနဲ့ သူတို့ဟာ ရန်ဘက်လေဗျာ။ နောက်ပြီးဂုဏ်ပြောင်တဲ့ သမိုင်းခေါင်းဆောင်တွေဟာလည်း သူတို့ရဲ့ ဦးတည် ပစ်မှတ်တွေ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ကွန်မြူနစ်ပါတီ၊ ဖဆပလအဖွဲ့ကြီး၊ ဘယ်တခုမှ ပြန်မဖော်ရဲဘူး။ နယ်ချဲ့တွေ ဖက်ဆစ်တွေကို လက်နက်ကိုင်တိုက်ကြ တာ၊ သပိတ်မှောက်ကြတာ၊ ရေနံမြေကနေချီတက်ကြတာ၊ အတွင်းဝန်ရုံးကို ၀ိုင်းကြတာ၊ ရွှေတိဂုံအလယ်ပစ္စယံဇရပ်မှာ အစည်းအဝေးကြီး ကျင်းပကြတာ၊ ဘယ်ဖြစ်ရပ်မှန်ကိုမှ စံပြုလို့မရတဲ့ သူတို့အဖြစ်လေ။ အင်္ဂလိပ်တောင်မှလူတွေကို သူတို့လောက်မသတ်ခဲ့ဘူးဆိုတဲ တကယ့် အဖြစ်မှန်သက့ာယမျိုး ဖော်ရရင် ဒင်းတို့ပိုဒုက္ခတွေ့တော့မပေါ့ဗျာ၊ နားတော့လည်နိုင်ပါတယ်။ ခွင့်မလွှတ်နိုင်တာတခုပါပဲ။ ရေကြည် သောက်တဲ့ အခါ ရေတွင်းတူးတဲ့လူတွေကို သတိရတယ်ဆိုတာဟာ တကမ္ဘာလုံးက လူမျိုးတိုင်းရဲ့အစဉ်အလာပါ။ နအဖ ဗိုလ်ချုပ်တွေကတော့ အဲဒီလူတွေ ကို ကျေးဇူး မတင်တဲ့အပြင် ရန်ညှိုးထားနေကြတယ်။
ပြည်ထောင်စုနေ့ဆိုရင်လည်း ပင်လုံစာချုပ်အကြောင်းမပြောဝံ့လို့ ၀ိုးတိုးဝါးတားလုပ်ပြီး သူတို့လိုရာဆွဲကျင်းပကြတယ်။ တကယ် ဆိုရင် အဲဒီပင်လုံစာချုပ်မှာ လက်မှတ်ထိုးခဲ့သူတွေထဲက မနည်းလှတဲ့အရေအတွက်ကို သူတို့စစ်အစိုးရတွေကဖမ်းပြီး ထောင်ထဲသွင်းခဲ့ဖူးတာ ပဲ။ နောက်ပြီး သူတို့မဖော်ထုတ်ချင်ဆုံးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းအခန်းကလည်းရှိသေးတယ်။ ဗိုလ်သန်းရွှေက သူ့ကိုယ်သူ ဒီနေ့တပ်မတော် ရဲ့ ဖခင်ကြီးလို့သတ်မှတ်ချင်နေသလားမှမသိတာ။ ဒါကြောင့် ဗိုလ်သန်းရွှေတို့များဆိုရင် ဖဆပလအစိုးရခေါင်းဆောင်တွေလို ဇူလိုင် ၁၉ ရက် နေ့မှာ အာဇာနည်ကုန်းသွားပြီး အမှတ်ယူတာလေးတောင် မလုပ်နိုင်ကြဘူး မဟုတ်လား။ ဟန်တောင်မဆောင်နိုင်ဘူးလို့ ဆိုလိုတာပါ။
အမျိုးသားရေးအရ အမှားကျူးလွန်သူ၊ အမျိုးသားအကျိုးစီးပွားကို သစ္စာဖောက်သူတွေဟာ သမိုင်းတစ္ဆေခြောက်ခံရတာ သေတဲ့ အထိပဲဗျ။ ဖြစ်ပြီးခဲ့တဲ့ အမှန်တရားဆိုတာ ဘယ်တော့မှပျောက်ပျက်တော့တဲ့ အရာမျိုးပဲ။ လူကသာသေတယ်ဆိုတာ ရှိတယ်၊ ဖြစ်ရပ်မှန်ဆို တာ သေတယ်လို့မရှိဘူးလေဗျာ။ နောင်ကျရင် ဗိုလ်သန်းရွှေတို့သစ္စာဖောက်ခဲ့တာတွေဟာလည်း သမိုင်းဖြစ် ရပ်မှန်အဖြစ်ကျန်ရစ်နေအုန်းမယ် ဆိုတာ ဘာမှသံသယရှိစရာမလိုကြောင်းပါဗျား။
ဘယာဘေး ကွာဝေးကြပါစေ။

ယာတောကသာဗြော

Read More...

Tuesday, 1 January 2008

ကြိုးစင်ပေါ်မှ မှတ်တမ်းများ (ဂျူးလိယက်ဖူးချစ်) အခဏ်း (၃)

အကျဉ်းခန်း ၂၆၇
တံခါးမှသည် ပြူတင်းပေါက်သို့ ခြေလှမ်းခုနှစ်လှမ်း၊ ပြူတင်းပေါက်မှသည် တံခါးသို့ ခြေလှမ်းခုနှစ်လှမ်း။
ဒါကို ကျွန်တော်ကြုံဘူးပြီ။
ပန်းကရာ့စ်ထောင် အကျဉ်းစခန်းအတွင်းရှိ၊ ထင်းရူးပျဉ်ခင်းများ၏ ခရီးတာအကွာအဝေးကို
ကျွန်တော်သည် အကြိမ် ပေါင်းမရေမတွက်နိုင်လောက်အောင် ခေါက်တုန့်ခေါက်ပြန် နင်းခဲ့ဘူးပြီ။ ဟောသည်အခန်းကျဉ်းထဲ၌ပင် ကျွန်တော်တခါတုန်း က ၀င်ထိုင်ခဲ့ရဘူးသည် ထင်သည်။ ထိုစဉ်က၀င်ထိုင်ခဲ့ရသော အကြောင်းရင်းမှာ၊ ချက်ဓနရှင်တို့ကျင့်သုံးသည့် အန္တရာယ်ပြွမ်း သော နိုင်ငံရေးဝါဒ၏ အကျိုးသက်ရောက်ပုံတို့ကို ကျွန်တော်က ကွင်းကွင်းကွက်ကွက်ကြီး မြင်တတ်လွန်းသောကြောင့်ဖြစ် သည်။ ယခုလည်း သင်းတို့သည် ကျွန်တော်၏တမျိုးသားလုံးကို ကားစင်တင်နေကြသည်။ အကျဉ်းခန်း၏ရှေ့တွင် ဂျာမန် ထောင်စောင့်များ ကင်းလှည့်နေကြသည်။ အပြင်ဘက်တနေရာတွင်ကား မျက်စိကန်းသော နိုင်ငံရေးကြမ္မာကောင်တို့သည် သစ္စာဖောက်ပင့်ကူမျှင်များကို ရစ်သွယ်ယှက်လိမ်လျက်ရှိကြသည်။ လူသတ္တ၀ါဟာ မျက်စိပွင့်ဖို့နှစ်ပေါင်းဘယ်နှစ်ရာလိုသလဲ။ လူသားတွေဟာ တိုးတက်ရေးလမ်းခရီးမှာ အကျဉ်းခန်းပေါင်း ဘယ်နှစ်ထောင်ကို ဖြတ်တက်ခဲ့ရပြီလဲ။ နောက် ဘယ်နှစ်ခန်း ကျန်သေးသလဲ။ အို … နဲရုဒါရဲ့ ယေရှုကလေး။ လူ့လောကကြီးတခုလုံး အလင်းကိုရောက်အောင် ချီတဲ့လမ်းဟာ၊ ဆုံးကိုပဲ မဆုံးနိုင်သေးပါကလား။ ဒါပေမယ့် ခုတော့ဖြင့် အိပ်မနေနဲ့တော့၊ အိပ်မနေနဲ့တော့။
နဲရုဒါရဲ့ ယေရှုကလေး - ချက်ကဗျာဆရာကြီး ယန်နဲရုဒါသည် `ခရစ္စမတ်စ် ကလေးချော့သီချင်း´ ဟူသော ကဗျာထဲတွင် `လူ့ လောကကြီးတခုလုံး အလင်းကိုရောက်အောင် ချီတဲ့လမ်းဟာ ဆုံးကိုပဲ မဆုံးနိုင်သေးဘူး။ ဒီလမ်းတလျှောက်မှာ လုပ်စရာအ လုပ်တွေ အများကြီးရှိသေးတယ်၊ ဒါကြောင့် အားပြည့်သွားအောင် အိပ်လိုက်ပါအုံး၊ ယေရှုကလေး၊ အိပ်လိုက်ပါကလေး´ ဟု ရေးစပ်ခဲ့ဖူးသည်။
အသွားခုနှစ်လှမ်း၊ အပြန်ခုနှစ်လှမ်း၊ တဘက်နံရံတွင် ခေါက်၍ရသော အိပ်စင်တလုံး၍၊ တဘက်တွင်ကား စိတ်ပျက် စရာအညိုရောင်ကြီး သုတ်ထားသည့် စင်ကလေးတစင်ရှိသည်။ ဟုတ်သည် ဤသည်ကို ကျနော်ကြုံဖူးပြီ။ ယခုသာ အနည်း ငယ်ပို၍ စက်ဆံလာသည်။ (ဆောင်းရာသီတွင် အခန်းလိုက်မီးမဖိုရတော့ဘဲ) ဗဟိုဌာနမှ အနွေးငွေ့ပေးသော ရေနွေးပိုက်များ တပ်ဆင်ထားသည်။ ဂံဖုလား၏နေရာတွင် ရေဆွဲအိမ်သာကမုတ်ရောက်နေသည် - အထူးခြားဆုံးကား လူများပင်ဖြစ်လေ သည်။ အထူးသဖြင့် လူများကိုယ်၌ စက်ကိရိယာဆန်နေကြသည်။ အော်တိုမစ်တစ် စက်ကရိယာများကဲ့သို့ ဖြစ်နေကြသည်။ ခလုပ်တစ်ခု နှိပ်လိုက်သည်နှင့် ဆိုလိုသည်မှာ သော့အိမ်အတွင်း သော့သွင်းလိုက်သည်ဖြစ်စေ၊ တံခါးမှ ချောင်းကြည့်ပေါက် ကလေးကို ဖွင့်လိုက်သည်ဖြစ်စေ - အကျဉ်းသမားများသည် ဘာလုပ်နေရာမှမဆို ဗြုံးကနဲ ခုန်ထကြလျက်၊ တယောက်နောက် တယောက် စီတန်း၍ရပ်လိုက်ကြသည်။ တံခါးဖွင့်လိုက်သည်နှင့် တပြိုင်နက်လည်း၊ အကျဉ်းခန်းအတွင်းရှိ အကြီးအကဲ လုပ်သူက အသက်မရှူ၊ မရပ်မနားဘဲ (ဂျာမန်ဘာသာဖြင့်) ဟစ်အော်လိုက်သည်။
- “သတိ။ ။ အကျဉ်းခန်း နှစ်ရာခြောက်ဆယ့်ခွန် လူသုံးယောက် အားလုံးကောင်းပါသည်ခင်ဗျား။”
ဤသည်ပင်လျှင် - ၂၆၇။ ဤသည်ကား ကျွန်တော်တို့၏ အကျဉ်းခန်းဖြစ်သည်။ သို့ရာတွင် ဤအကျဉ်းခန်းတွင်းရှိ အော်တိုမစ်တစ် စက်ကရိယာများကား ကျကျနနမလည်။ လူနှစ်ယောက်သာ ခုန်၍ထသည်။ ကျွန်တော်ကား ထိုအချိန်ကာလ တွင် ပြူတင်းပေါက်အောက် ကောက်ရိုးမွေ့ရာပေါ်တွင် အလျားလိုက်ဆန့်ခဲ့သည်။ မှောက်လျက်သား လဲနေခဲ့သည်။ တပတ်၊ ဆယ့်လေးရက်၊ တလ၊ ခြောက်သီတင်း - ပြီးတော့ ကျွန်တော်သည် အသစ်တဖန်ပြန်လည် မွေးဖွားလာသည်။ ခေါင်းကိုလည်း လှုပ်နိုင်ပြီ။ လက်ကိုလည်း မနိုင်ပြီ။ ကိုယ်ကိုလည်း တံတောင်များဖြင့် ထောက်ကာ ပင့်နိုင်။ မှောက်ရာမှ ပက်လက်လှန်ရန်ပင် ကြိုးစားခဲ့ဘူးပြီ … ယခု ရေးပြရခြင်းကား ထိုစဉ်အခါ လက်တွေ့လုပ်ရသည်ထက် ပို၍မြန်ဆန်လှသည်။
အကျဉ်းခန်းအတွင်း၌လည်း ပြောင်းလဲ၍နေသည်။ အကျဉ်းခန်းတံခါးပေါ်တွင် ဂဏန်း ၃ အစား ၂ ကို ပြင်၍တပ် လိုက်ကြပြီ။ ယခုအခန်းထဲတွင် လူနှစ်ယောက်တည်းသာ ရှိတော့သည်။ ကျွန်တော့အား စိတ်မချမ်းမြေ့စရာ သီချင်းတပုဒ်ဖြင့် မြှုပ်နှံခဲ့ကြသော လူနှစ်ယောက်အနက်မှ အငယ်ဖြစ်သူ ကားရလစ်ကား ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ သူ၏ သဘောထား ကောင်းပုံများသာ တငွေ့ငွေ့ ကျန်ရစ်တော့သည်။ အမှန်ဆိုရလျှင်၊ ကျွန်တော့်အနေနှင့် သူ့အား အိပ်မက်လိုလို၊ တကယ်လိုလို သာ မြင်နိုင်မှတ်မိနိုင်တော့်သည်။ သူသည် မိမိ၏ အဖြစ်အပျက်များကို စိတ်ရှည်လက်ရှည်နှင့် ထပ်ကာထပ်ကာ ပြောပြနေ တတ်သည်။ ကျွန်တော်ကလည်း ဇာတ်လမ်းတ၀က်သို့ရောက်တိုင်း ရောက်တိုင်း အိပ်ပျော်သွားလေ့ရှိသည်။
သူ့အမည်ကား ကားရဲလ် (ကားရလစ်)၊ မားလဲ့စ် ဟုခေါ်သည်။ စက်ဆရာတယောက်ဖြစ်သည်။ ဟုဒလိစဲ မြို့နားမှ မိုင်းတွင်းတတွင်း၏ လှောင်အိမ်ထဲတွင် အလုပ်လုပ်ခဲ့သည်။ ထိုနေရာ၌ အလုပ်လုပ်နေစဉ် ပြည်တွင်းတိုက်ပွဲအတွက် လိုအပ်သောယမ်းများကို တိတ်တဆိတ်ခိုးထုတ်ခဲ့သည်။ တနှစ်က အဖမ်းခံခဲ့ရသည်။ ယခုရုံးတင်စစ်ဆေးရန် ဘာလင်မြို့သို့ လောမသိ သွားရမည်ဖြစ်သည်။ သူတို့တအုပ်ကြီးကို ဖမ်းထားသည်။ မည်သို့အဆုံးသတ်မည်ကို မည်သူပြောနိုင်ပါ့မည်နည်း။ သူ့တွင် ဇနီးနှင့်ကလေးနှစ်ယောက်ရှိသည်။ သူတို့အား ချစ်သည်၊ နှစ်နှစ်ကာကာကြီးချစ်သည် ဒါပေမယ့်၊ အဲဒါက တာဝန်ကိုး ဗျ။ သိလား။ ဒီတော့ ကျွန်တော်လည်း မလုပ်ဘဲ ဘယ်နေနိုင်ပါ့မလဲ။
သူသည် ကျွန်တော့်ဘေးတွင်ထိုင်ကာ ကျွန်တော့်အား အတင်းအကြပ် အစာစားခိုင်းသည်။ ကျွန်တော်က လည်း မစားနိုင်။ စနေနေ့တွင် - အလို ဒီရောက်တာ ရှစ်ရက်တောင် ရှိပြီလား - သူသည် အကြမ်းဆုံးသောလမ်းစဉ်ကို လိုက် တော့သည်။ ပေါလိစိုင်းမိုင်စတဲရ်အား ကျွန်တော်ရောက်ကတည်းက ဘာတခုမှမစားသေးကြောင်းဖြင့် ပြောပြလိုက်လေ သည်။ ပေါလိစိုင်းမိုင်စတဲရ်ကား အမြဲတမ်းအစိုးရိမ်ကြီးနေတတ်သည့် ပန်ကရာ့စ်ထောင်မှ အက်ဆက်စ်ယူနီဖောင်းဝတ် ဗိန္ဓော ဆရာဖြစ်သည်။ သူ့ကိုအသိမပေးပဲ ချက်အမျိုးသားဆရာဝန်သည် အက်စပရင်ကလေးတစ်ခဲမျှပင် ဆေးညွှန်းရေးမပေးနိုင်ပေ။ သူသည် လူမမာများသောက်သည့် ဟင်းချိုတခွက်ကို ကိုယ်တိုင်ယူလာ၍ ကျွန်တော် အကုန်သောက်ပြီးသည်အထိ စောင့် ကြည့်နေလေသည်။ ကားရလစ်ကား မိမိ၏အောင်မြင်မှုကြောင့် ကျေနပ်သွားလေသည်။ နောက်နေ့တွင် ကျွန်တော့်ပါးစပ်ထဲ သို့ တနင်္ဂနွေနေ့ ဟင်းချိုတခွက်ကို သူကိုယ်တိုင်လောင်းထည့်ပေးသည်။
နောက်ထပ်ကား ဘာမျှစား၍မရတော့။ ကျွန်တော်၏ သွားဖုံးများမှာကျေနေသဖြင့် တနင်္ဂနွေနေ့ ဂူးလာ့ရှ် ထဲမှ ပျော့် ပြဲပြဲအာလူးဖတ်များကိုပင် မ၀ါးနိုင် မချေနိုင်ဖြစ်နေခဲ့သည်။ ကျဉ်းနေသော လည်ချောင်းကလည်း အသေးဆုံးသော အဖတ် တိုင်းကိုပင် ပိတ်ဆို့နေပါတော့သည်။
- ဂူးလာ့ရှ် ... ဂူးလာ့ရှ်တောင်မှ မစားချင်ဘူးတဲ့ ... ကားရလစ်က ကျွန်တော့်ကိုယ်ပေါ်မိုးလျက် ညီးညူယင်း၊ ခေါင်းကိုလည်း ၀မ်းနည်းစွာခါ၍နေလေသည်။
၎င်းနောက် ကျွန်တော့်အတွက် ရထားသောပုံစံကို “အဘ” နှင့်ညီညီမျှမျှခွဲကာ မြိန်မြိန်ယှက်ယှက်ကြီး စားပစ်လိုက် ပါသည်။
သြော် - ခင်ဗျားတို့က ၁၉၄၂ ခုနှစ်၊ ပန်းကရာ့စ်ထောင်ထဲမှာမှ မနေခဲ့ရဘဲကိုး။ ခင်ဗျားတို့အနေနဲ့တော့ အဲဒီတုန်းက ဂူးလာ့ရှ်ဆိုတဲ့ ဟင်းဟာ ဘယ်လောက်တာသွားတယ်ဆိုတာ သိမှာမဟုတ်ဘူး။ သိလဲ ဘယ်သိနိုင်မလဲလေ။ ဆာလွန်းသဖြင့် ၀မ်းထဲမှ တကြုတ်ကြုတ်မြည်နေသည့် အခါမျိုး။ ရေချိုးထွက်ကြသည့်အခါများတွင် အကျဉ်းသမားများသည် လူ့အရေများဖုံး ထားသည့် အရိုးကောင်များအဖြစ် သရုပ်ပေါ်လာသည့် အခါမျိုး။ ရဲဘော်တိုင်းသည် မိမိ၏ရဲဘော်ထံမှ ပုံစံအချို့ကို ယုတ်စွအ ဆုံးမျက်စိများဖြင့် ခိုးယူလေ့ရှိကြသည့်အခါမျိုး။ ဟင်းသီးဟင်းရွက်ခြောက်ကို၊ ခရမ်းချဉ်သီးရည်ကျဲကျဲနှင့် ရောနှောမွှေထား လျှင်ပင် အလွန်မက်စရာကောင်းသော ဇိမ်ခံအစားအစာဟု ထင်နေကြရသည့်အခါမျိုး။
ဂူးလာ့ရှ် - သာမန်ချက်ပြုတ်သော ဂူးလာ့ရှ်မှာ အမဲသားနှင့် အာလူးဟင်းမျိုးဖြစ်သည်။ အရည်ကျဲကျဲနှင့် ဂူးလာ့ရှ် ဟင်းချိုလည်း ချက်ကြသည်။
ယင်းသို့သော်အခါမျိုးတွင်၊ ဘာကြီးပဲဖြစ်နေဖြစ်နေ ကြာသာပတေးနှင့် တနင်္ဂနွေနေ့တိုင်း တပတ်လျှင် နှစ်ကြိမ်မှန်မှန်ဂူးလာ့ရှ် ဟင်းချက်သည်။ ဟောက်ဆာရ်ဘိုင်တာရ် တို့သည် ပန်းကန်ထဲသို့ အာလူးများမကို ယောက်မတကော်စာထည်၍ မဖြစ်စ လောက်သော အသားဖတ်အနည်းပါသည့် ဂူးလာ့ရှ်ဟင်းရည်တဇွန်းကို အပေါ်ကဆမ်းနေသည်။ ထိုအစာကား အရသာရှိလှပါ ဘိတောင်း။ မှန်သည် အရသာရှိမျှမကသေး၊ လူ့လောကကို ထိထိတွေ့တွေ့ကြီးအမှတ်ရစေသည့် အရာဖြစ်သည်။ ဂက်စ်တာ ပိုထောင်၏ ရက်စက်ကြမ်းကြုတ်လှသည့် မူမမှန်လောကကြီးတွင် ဤအစားအစာကား ယဉ်ကျေးသိမ်မွေ့မှု၏ အထိမ်းအမှတ် ဖြစ်သည်။ နေရိုးထိုင်ရိုးလူ့ဘ၀၏ အထိမ်းအမှတ်ဖြစ်နေသည် - အိုလေ အမြဲမပြတ်ခြိမ်းခြောက်နေတဲ့ သေဘေးအန္တရာယ်ကြီး က ဟင်းမွှေးခတ်ထားတဲ့အတွက်၊ ဒီဟင်းရည်ကောင်းတဇွန်းဟာ ဘယ်လောက်တာသွားတယ် ဆိုတာကို ဘယ်သူခန့်မှန်း နိုင်ပါ့မလဲ။
နှစ်လမျှကြာခဲ့ပြီ။ ယခုသော ကျွန်တော်ကိုယ်တိုင်ပင် ကားရလစ် အံ့အားသင့်မှုကို သဘောပေါက်ပါပြီ။ ကျွန်တော် ကား ဂူးလာ့ရှ်ကိုမစားချင်ခဲ့ - ကားရလစ်အတွက် ဆိုလျှင်၊ ကျွန်တော်၏သေနေ့စေ့ပုံကို အခြားအခြားသော အချက်များထက် ဤတချက်တည်းက အခိုင်အမာသက်သေ ထူခဲ့ပြီးဖြစ်လေသည်။
နောက်တနေ့ည နှစ်နာရီအချိန်တွင် သူတို့သည် ကားရလစ်အား နှိုးကြသည်။ ငါးမိနစ်အတွင်းခရီးထွက်ရန် အသင့် ပြင်ဆင်ထားရမည်ဟု ဆိုသည်။ လာပြောပုံမှာ ခဏတဖြုတ်မျှအပြင်ထွက်၍ လည်ရမည့်ပုံမျိုးဖြစ်လေသည်။ လမ်းခရီး၏ အဆုံးတွင် လူတယောက်၏ဘ၀ အဆုံးသတ်ချင်သတ်တော့မည် မဟုတ်သကဲ့သို့ပင် ဖြစ်သည်။ ထောင်သစ်၊ အကျဉ်းစခန်း၊ ကွပ်မျက်ရာနေရာ၊ မည်သို့သွားရမည်ကို မည်သူမျှမသိ။ ကားရလစ်သည် ကျွန်တော်၏ ကောက်ရိုးမွေ့ရာဘေး၌ ဒူးထောက် ကာ ကျွန်တော့်ခေါင်းကိုပွေ့လျက် နမ်းသွားပါသေးသည် - ထိုခဏ၌ စင်္ကြံဘက်ဆီမှ ယူနီဖောင်းဝတ် ထောင်စောင့်၏ ငေါက် ငမ်းသံကား၊ ပန်းကရာ့စ်သည် နူးညံ့သောစိတ်မျိုးမွေးထားရမည့် နေရာမဟုတ်ကြောင်းကို ဖော်ပြသလိုပေါ်ထွက်လာခဲ့သည် - ကားရလစ်လည်း တံခါးပေါက်မှ အပြေးကလေးထွက်သွားရှာသည်။ ၎င်းနောက် သော့ခလောက်ပိတ်သံလည်းပေါ်လာလျက် ...
ဟောက်ဆာရ်ဘိုင်တာရ် - ထောင်ဘာယာ။ ပန်းကရာ့စ်ထောင်တွင် စင်္ကြံအလိုက် ထောင်ဘာယာများတာဝန်ချထားသည်။ နိုင်ငံရေးသမားများလည်း ထောင်ဘယာများအဖြစ် အလုပ်လုပ်ကြသည်။ အခဏ်း ၇ အဆုံးပိုင်းတွင် ဘာယာများအကြောင်း တွေ့နိုင်သည်။
... အကျဉ်းခန်းတွင်းဝယ် ကျွန်တော်တို့နှစ်ယောက်တည်း ကျန်ရစ်ခဲ့ကြပါတော့သည်။
ကျွန်တော်တို့အချင်းချင်း ပြန်၍တွေ့ကြဦးမည်လော။ ဘယ်သောအခါတွင် ဒုတိယအကြိမ်မြောက် ခွဲခွာပွဲပြုလုပ်ရဦး မည်နည်း။ ကျန်ခဲ့သော ကျွန်တော်တို့နှစ်ယောက်အနက် မည်သူက အလျင်ထွက်ခွာသွားရမည်နည်း။ မည်သည့်အရပ်သို့သွား ရမည်နည်း။ သွားရမည့်သူကို မည်သူက လာ၍ခေါ်မည်နည်း။ အက်ဆက်စ် ယူနီဖောင်းဝတ်ထားသည့် ထောင်စောင့်လော။ သို့မဟုတ် ယူနီဖောင်းမ၀တ်ထားသည့် သေမင်းလော။
ကျွန်တော်ဤစာများကို ရေးနေသည်မှာ၊ ထိုပထမဆုံးအကြိမ် ခွဲခွာရခြင်း၏နောက်ပိုင်း ကျွန်တော်တို့ထံ၌ကျန်ရစ်ခဲ့ သော အတွေးများ၏ ပဲ့တင်သံများဖြင့်သာ ရေးနေခြင်းဖြစ်ပါသည်။ ထိုအချိန်မှစ၍တွက်လျှင် တနှစ်လုံးလုံး ရွေ့ခဲ့ပြီဖြစ်သည်။ ခွဲ ထွက်သွားရသော မိတ်ဆွေအား လိုက်၍ပို့လိုသည့် စိတ်ကူးစိတ်သန်းများသည် ကြီးတခါ ငယ်တလှည့်ဖြင့် ပြန်ပြန်၍ လည်နေ ပါသည်။ အကျဉ်းခန်းတံခါးပေါ်တွင် ချိတ်ထားသည့် နှစ်ဂဏန်းမှာလည်း သုံးသို့တဖန်ပြောင်းသွား၍၊ တဖန် နှစ်၊ တဖန် သုံး၊ နှစ်၊ သုံး၊ နှစ် အကျဉ်းကျဘော်ကျဘက် လူသစ်များ ရောက်လာ၍၊ တဖန်ပြန်ထွက်သွားကြပြန်ကာ - ထိုယခင် တနေ့က အ ကျဉ်းခန်း ၂၆၇ တွင် ကျန်ရစ်ခဲ့သော လူနှစ်ယောက်သာ၊ သံယောဇဉ်ကြီးစွာဖြင့်၊ အတူတကွ၊ ထိုင်မြဲထိုင်လျက် ကျန်ရစ် ကြသည်။
“အဘ” နှင့်ကျွန်တော်။
... ... ... ... ... ... ... ... ... ... ... ...
“အဘ” ကား ကျောင်းဆရာများ၏ နာယက၊ အသက်ခြောက်ဆယ်အရွယ်ရှိ ယိုးဇက်၊ ပက်ရှက်ခေါ် ကျောင်းဆရာ တယောက်ဖြစ်သည်။ ကျွန်တော့အလျင်၊ ရှစ်ဆယ့်ငါးရစ်စော၍ အဖမ်းခံရသည်။ လွတ်လပ်သော ချက်စာသင်ကျောင်းများ ပြု ပြင်ပြောင်းလဲရေးစီမံကိန်းကို ရေးဆွဲခြင်းအားဖြင့် (ဂျာမန်) အင်ပါယာကြီးအား ဆန့်ကျင်ကြံစည်သည်ဟု စွပ်စွဲခဲ့ကြသည်။
“အဘ” ထိုသူကား ...
ဒါပေမယ့် သူ့အကြောင်းကို မင်းဘယ်လိုလုပ်ရေးမှာလဲ မောင်ရင် ဒါကတော့ အတော်ခက်လိမ့်မယ်။ လူနှစ်ယောက်၊ အကျဉ်းခန်းတခန်းနှင့် တနှစ်တာသောအချိန်။ ထိုအချိန်၏ နောက်ပိုင်းဝယ် “အဘ” ဟူသော အမည်မှာစကားအရဖြင့် တင် စားခေါ်ဝေါ်ခြင်းသာမဟုတ်တော့။ ထိုအချိန်အတွင်းဝယ်၊ အသက်အရွယ်ကွာခြားသော အကျဉ်းသမားနှစ်ယောက်တို့သည်၊ အ ကယ်ပင် အဖေနှင့်သား ဖြစ်လာခဲ့ကြသည်။ ထိုအချိန်အတွင်းဝယ် ကိုယ်စွဲဗီဇ၊ နှုတ်စွဲစကားလုံးများအပြင် အသံနေအသံထား ပါ ရောနှောဖလှယ်မိကြသည် - ဒီနေ့မတော့ ဘယ်ဟာက ကျွန်တော့်မူရင်း၊ ဘယ်ဟာက အဖေရဲ့ပါရင်းစွဲ၊ အကျဉ်းခန်းထဲကို သူက ဘာယူခဲ့တယ်၊ ကျွန်တော်က ဘာပါခဲ့တယ်ဆိုတာကို ခွဲနိုင်ယင် ခွဲခြားကြည့်လိုက်ပါအုံး။
အဘသည် ကျွန်တော့်အား တညပြီးတည စောင့်ရှောက်ပြုစုခဲ့သည်။ သေမင်းကြီးနီးလာတိုင်း ဖြူဖွေးသော ပတ်တီး ရေစိုများဖြင့် သေမင်းအား ခြောက်လှန့်မောင်းထုတ်နေခဲ့သည်။ အနွံအတာခံလျက် ကျွန်တော်၏ဒဏ်ရာများမှပြည်များကို ဆေးကျောပေးသည်။ ကျွန်တော်၏ကောက်ရိုးမွေ့ရာတ၀ိုက် ပျံ့နှံ့ထွက်ပေါ်နေသော ပြည်ပုပ်နံ့စိမ်းရွှေရွှေကြီးကိုပင် နှာခေါင်းရှုံ့ မပြခဲ့ပါ။ ပထမဆုံးအကြိမ် အစစ်ခံခဲ့စဉ်က ဒဏ်ထိသွားသော ရှပ်အင်္ကျီအစုတ်စုတ် အမွှာအမွှာကို လျှော်လည်း လျှော်ပေး သည်။ ချုပ်ဖာ၍လည်း ပေးသည်။ နောက်ထိုအင်္ကျီကိုအဖတ်ဆည်၍မရသောအခါ သူ့အ၀တ်အစားများ ဆင်ပေးပါသည်။ ပန်း ကရာ့စ်ထောင်တွင်း မြေကွက်လပ်တွင် နံနက်နာရီဝက်မျှ ကိုယ်လက်လှုပ်ရှားရေး ပြုလုပ်ကြစဉ် ဒေစီပန်းတပွင့်နှင့် မြက်တပင် ကို ကျွန်တော့အတွက် အသက်ဆံဖျား စွန့်စား၍ ခူးယူလာသည်။ အစစ်ခံရန် ထွက်သွားရတိုင်း သူသည် ကြင်နာသော မျက် လုံးများဖြင့် ကျွန်တော့်အားကြည့်ရင်း ကျန်ရစ်သည်။ ပြန်လာသောအခါ ဒဏ်ရာအသစ်များကို ပတ်တီးအသစ်များဖြင့် စည်း ပေးသည်။ ညဘက်တွင် ကျွန်တော့်အားခေါ်ထုတ်သွားကြလျှင် မအိပ်ဘဲ စောင့်နေ၍ ကျွန်တော်ပြန်လာသော် ကျွန်တော့်အား ကောက်ရိုးမွေ့ရာပေါ်ချ စောင်လုံလုံခြုံပေးပြီးမှ ကိုယ်တိုင်လည်း အိပ်ရာဝင်လေသည်။
ဤသည်တို့ကား နှစ်ယောက်သားတွေ့ဆုံစက အဖြစ်အပျက်များဖြစ်သည်။ နောင် ကျွန်တော့အနေနှင့် မိုးတိုးမတ် တတ်လည်း ရပ်နိုင်၊ သားပီပီမွေးကျေးဇူးလည်း ဆပ်နိုင်လာသည့်အထိ တယောက်နှင့်တယောက် ဆက်ဆံပုံမှာ မပြောင်းမလဲ ရှိနေခဲ့ပါသည်။
ဒါပေမယ့် တအောင့်ကလေးအတွင်းမှာ စုံစုံလင်လင်ပါသွားအောင် မင်းနှယ့်လုပ်ရေးမှာလဲ မောင်ရင်။ ထိုနှစ်အတွင်း အကျဉ်းခန်း ၂၆၇ မှာ အထူးတလည် အသက်ဝင်နေခဲ့သည်။ ထိုလှုပ်ရှားမှုများတွင် ဘလည်း သူ့အခန်းမှနေ၍ သူ့သဘာဝအ တိုင်း ပါဝင်ခဲ့သည်။ ဤအချက်ကိုထည့်၍ ပြောရပေမည်။ ထိုမျှမကသေး ဇာတ်ကြောင်းသည်လည်း ဤနေရာတွင် အဆုံး သတ်မည်မဟုတ်သေး (ဒီလိုဆိုလိုက်တော့ဖြင့် မြှော်လင့်ချက် အသံကလေးတွေတောင် မြည်သွားလေရော့သလား။)

... ... ... ... ... ... ... ... ... ... ... ...

အကျဉ်းခန်း ၂၆၇ ကား အထူးတလည် အသက်ဝင်နေခဲ့သည်။ နာရီတိုင်းလိုလိုပင် တံခါးပွင့်သွားလျက် စစ်ဆေး ကြည့်ရှုမည့်သူများ ရောက်လာတတ်သည်။ ထိုသို့ပြုလုပ်သည်မှာ အပြစ်ကြီးသော ကွန်မြူနစ်ရာဇ၀တ်ကောင်ကို တင်းကြပ်စွာ စောင့်ထိန်းရမည်ဟူသော အမိန့်ကြောင့်လည်းဖြစ်သည်။ ဤနေရာတွင် သေရန်မဟုတ်သော လူများပင်မကြာခဏသေကြရ သည်။ သို့သော် သေမည်ဟု လူတိုင်းက တထစ်ချယူဆထားသော လူတယောက်မသေပဲ သောင်တင်နေသည်မှာ ကြုံခဲလှ သော အဖြစ်အပျက်တရပ်ဖြစ်လေသည်။ အခြားစင်္ကြံများမှထောင်စောင့်များပင် ဤနေရာသို့ ရောက်လာကြကာ၊ စကားစရာ လိုရှာ သို့မဟုတ် စကားတခွန်းမျှမပြောဘဲ စောင်ကိုလှစ်၍ လူတတ်တို့၏ အကြည့်မျိုးဖြင့် ဒဏ်ရာများကို အရသာခံကြည့်ရှု ကြသည်။ နောက် ဥာဉ်အလိုက် ငေါ့သူကငေါ့၊ မိတ်ဆွေဖွဲ့သံ ပေးသူကပေးသည်။ ၎င်းတို့အနက်မှ ထောင့်စောင့်တယောက်ကို ကျွန်တော်တို့က “ဖိုးစပ်စု” ဟူ၍ပင် ခေါ်စပြုပြီ။ သူသည် အခြားသူများထက်လည်း ပို၍လာတတ်သည်။ ရွှန်းရွှန်းစားစားကြီး လည်းပြုံးရင်း “တစ္ဆေနီ” ဘာအလိုရှိသည်ကို မေးတတ်သည်။ ကျေးဇူးတင်ပါတယ်ခင်ဗျား၊ ဘာမှမလိုပါဘူးခင်ဗျား။ နောက် ရက်များမကြာမီတွင်ပင်၊ ဖိုးစပ်စုသည် တစ္ဆေနီတကယ်ပင်လိုအပ်နေသော အရာတရပ်ကို တွေ့ရှိသွားသည်။ ထိုကိစ္စကား မုတ်ဆိတ်ရိတ်ရမည့် ပြဿနာဖြစ်လေသည်။ ထိုကြောင့် ဆတ္တာသည်ကို ခေါ်လာသည်။
အကျဉ်းခန်းထဲရှိ လူများမှလွဲလျှင် ဤဆတ္တသည်မှာ ကျွန်တော်ပဌမဆုံးတွေ့ဆုံရသည့် အကျဉ်းသမားဖြစ်သည်။ ရဲဘော် ဘောချက်ဟု ခေါ်သည်။ ဖိုးစပ်စု၏စေတနာသည်လည်း မီးစတဖက် ရေမှုတ်တဖက်အဖြစ် ပေါ်လာလေသည်။ ဘက ကျွန်တော်၏ခေါင်းကို ကိုင်ထားကာ ရဲဘော်ဘော့ချက်က ကောက်ရိုးမွေ့ရာနံဘေး ဒူးထောက်လျက် သင်တုန်းဓား တုန်းတုန်း ဖြင့် အမွေးကြမ်းဘုတ်သိုက်ကြီးကို ခုတ်ထွင်ပစ်ရန် အားထုတ်ရသည်။ သူ၏လက်များကား တုန်၍နေသည်။ မျက်လုံးများတွင် လည်း မျက်ရည်များဝိုင်း၍နေသည်။ သူကား လူသေကောင်ကို မုတ်ဆိတ်ရိတ်ပေးနေရသည်ဟု တထစ်ကျစွဲနေလေသည်။ ကျွန်တော်က သူစိတ်သက်သာအောင် ဖျောင်းဖျပေးရသည်။
- “ရဲရဲသာအုပ်ပါ ကိုရင်ရ။ ပက်ချက်နန်းတော်မှာ စစ်ကြဆေးကြတာတွေကိုတောင် ခံနိုင်ခဲ့သေးတာ၊ ကိုယ့်လူမုတ်ဆိတ် ရိတ် တာလောက်တော့ သိပ်ဖြုံမယ် မထင်ဘူး။”
သို့သော် သူရောကျွန်တော်ပါ အားမရှိကြသဖြင့် နှစ်ယောက်လုံး အနားယူကြရသည်။
နောက်နှစ်ရက် ကြာသောအခါ အကျဉ်းသမားများအနက်မှ နောက်နှစ်ဦးကိုသိကျွမ်းလာရပြန်သည်။ ပက်ချက်နန်း တော်ရှိ အရာရှိမင်းများကား စိတ်မရှည်ကြ။ သူတို့က အခေါ်လွှတ်လိုက်တိုင်း ပေါလိစိုင်းမိုင်စတဲရ်က နေ့စဉ်နှင့်အမျှ ဆင့်စာ ပေါ်တွင် တရန်စပေါ့ရ်တွန်ပဟီးဂိ ဟူ၍ချည့် ရေးရေးလွှတ်သည်။ ထို့ကြောင့် ဖြစ်ချင်ရာဖြစ် အရောက်ပို့မည်ဟု အမိန့်ချမှတ် တော်မူကြသည်။ ထို့ကြောင့် ဟောက်ဆာရ်ဘိုင်တာရ် သို့မဟုတ် ထောင်ဘာယာ ယူနီဖောင်းများဝတ်ထားသော အကျဉ်း သမားနှစ်ယောက်လည်း ကျွန်တော်တို့အခန်းတွင်းအရောက် လူနာထမ်းစင်ဖြင့် ပေါက်လာကြသည်။ ဘက ကျွန်တော့်အား ပင်ပန်းကြီးစွာဖြင့် အ၀တ်ဝတ်ပေးသည်။ မိတ်ဆွေနှစ်ဦးကလည်း ကျွန်တော့်အား ထမ်းစင်ပေါ်သို့တင်၍ ခေါ်ဆောင်သွားကြ သည်။ ထိုသူနှစ်ယောက်အနက် တယောက်ကား နောင်တချိန်တွင် စင်္ကြံတလျှောက်လုံးရှိ အကျဉ်းသားများအပေါ် ဂရုစိုက် မည့် အဖေကြီးရဲဘော် စကော်ယျက်ပါ ဖြစ်၍ အခြားတယောက်ကား - - - - ဖြစ်သည်။ လှေခါးမှအဆင်းတွင် ကျွန်တော်သည် နိမ့်လျောကြီးဖြစ်နေသော ထမ်းစင်ပေါ်မှ လျှောကျသွားမည်ကဲ့သို့ဖြစ်ရာ ဒုတိယလူက ကျွန်တော့်ကိုပေါ်သို့ ကိုင်းငုံ့ယင်း
-“ ထိန်းထား”
ဟုပြောလေသည်။ နောက်အသံခပ်အုပ်အုပ်ဖြင့် တီးတိုးပြောဆိုလိုက်သေးသည်။
- “ဒီမှာရော၊ ဟိုမှာရော”
ဤတခေါက်တွင်ကား ထောင်ရုံးခန်းသို့ မ၀င်ကြတော့။ ကျွန်တော့်အား ရှည်လျားသော စင်္ကြံကြီးတလျှောက်မှနေ၍ ထောင်ဘူးဝအထိ သယ်ဆောင်သွားကြသည်။ စင်္ကြံကား လူများဖြင့် ပြည့်နေသည် - ကြာသပတေးနေ့ဖြစ်၍ လူတို့သည် ထောင်ကျနေသော ဆွေမျိုးသားချင်းများ၏ အ၀တ်ဟောင်းများကို လာယူနေကြသည် - အားလုံးတို့သည် ကျွန်တော်တို့၏ စိတ်မချမ်းမြေ့ဘွယ်ရာ လှည့်လည်ပွဲကို ကြည့်ရှုယင်း မျက်လုံးများတွင် ၀မ်းနည်းခြင်း အရိပ်အရောင်များ ပြလာကြသည်။ ဤ သည်ကို ကျွန်တော့်အနေနှင့် များစွာအားမလိုအားမရကြီး ဖြစ်မိသည်။ ထိုကြောင့် လက်ကို ခေါင်းဆီသို့ပင့်ကာ၊ လက်သီးကို ဆုပ်၍ပြလိုက်သည်။ မြင်ကောင်းမြင်ကြပေလိမ့်မည်။ သူတို့အား နှုတ်ဆက်ခြင်းဖြစ်သည်ကိုလည်း နားလည်ကောင်း နားလည် ကြပေလိမ့်မည်။ ကြောင်တက်သော အမူအရာတခုလည်း ဖြစ်ကောင်းဖြစ်နေမည်။ သို့သော် ကျွန်တော်ကား ထို့ထက်ပို၍မ တတ်နိုင်၊ ယခုထက်ထိ အင်အားဆို၍ ကောင်းစွာမရှိသေးပေ။
တရန်စပေါ့ရ်တွန်ပဟီးဂိ - သယ်ယူပို့ဆောင်ရန် မသင့်။
ပန်းကရာ့စ်ဝင်းတွင်းရှိ မြေကွက်လပ်တွင်၊ လူနာတင်ထမ်းစင်ကို လော်လီကြီတစီးပေါ်သို့ တင်လိုက်ကြသည်။ အက် ဆက်နှစ်ယောက်က ကားမောင်းသူ၏ဘေးတွင် ထိုက်လိုက်ကြသည်။ အခြားအက်ဆက်နှစ်ယောက်က ဖွင့်ထားသော ခြောက် လုံးပြူးအိတ်များပေါ် လက်တင်လျက် ကျွန်တော်၏ ဦးခေါင်းအနီးတွင် ကားကားရားရား ရပ်ကြသည်။ ဤသို့လျှင် ခရီးထွက် သွားခဲ့ကြပါသည်။ လမ်းကား ပြေပျစ်ပုံမရ၊ ဟုတ်သည်၊ တကယ်ကိုပင် မပြေပျစ်။ ချိုင့်တချိုင့်၊ နောက်ချိုင့်တချိုင့် - ဂိုက်နှစ်ရာ မျှ မသွားရသေးမီ ကျွန်တော်လည်း သတိလစ်သွားပါတော့သည်။ ပရာဟာမြို့တော်ရှိ လမ်းမကြီးများပေါ်၌ ယင်းသို့ ခရီးသွားခဲ့ ရသည်ကား ရယ်စရာကြီးပင် ဖြစ်နေသည်။ အကျဉ်းသားသုံးဆယ်အတွက် သတ်မှတ်ထားသော ငါးတန်မော်တော်ကားကြီးကို အကျဉ်းသမားတယောက်တည်းအတွက် ဓာတ်ဆီဖြုန်းယင်း၊ ရှေ့တွင်လည်း အက်ဆက်စမန်းနှစ်ယောက်၊ နောက်တွင်လည်း နှစ်ယောက်၊ ပြူးပြူးပြဲပြဲ အစိမ်းစားတော့မည့် ဟန်များဖြင့် လူသေကောင်တကောင် ထွက်မပြေးရန် စောင့်ကြပ်နေခဲ့ကြသ တည်း။
နောက်တနေ့တွင် အဆိုပါ ပျော်တော်ဆက်ဇာတ်လမ်းရွှင်ကို တဖန်ပြန်၍ ခင်းကျင်းပြသကြပြန်သည်။ ဤအခါတွင် ကား ကျွန်တော်သည် ပက်ချက်နန်းတော်ရောက်သည်အထိ တောင့်ခံနေခဲ့သေးသည်။ စစ်ဆေးမေးမြန်းခြင်းကား မကြာလှ။ အရာရှိ ဖရီးဒစ်က ကျွန်တော့်ကိုယ်ကို မယုမယ ကိုင်တွယ်လိုက်သည်နှင့် တပြိုင်နက် ကျွန်တော့်အား သတိလစ်လျက်သား ပြန်ခေါ်သွားကြရပါတော့သည်။
ယခုသော် ကျွန်တော်၏အသက်သည် ကိုယ်ခန္ဓာနှင့်မြဲနေပြီဖြစ်ကြောင်းကို ယုံမှားသံသယရှိစရာ မလိုတော့သည့်နေ့ များသို့ ရောက်လာခဲ့ပေပြီ။ အသက်၏အမွှာပူးညီမဟု ဆိုရမည်ဖြစ်သော နာကျင်ခြင်းသည် ဤအချက်ကို ပြတ်သားစွာ သတိ ပေးနေပါသည်။ ပန်းကရာ့စ်သည်လည်း ကျွန်တော်တယောက် လက်ချော်ခြေချော်၊ မတော်တဆနှင့် အသက်ရှင်နေကြောင်း ကို သိခဲ့ပြီ။ ထိုကြောင့် ပဌမ နှုတ်ခွန်းဆက်များလည်း ရောက်လာစပြုသည်။ ထရံထူထူကြီးများကို တဒေါက်ဒေါက်ခေါက်ခြင်း ဖြင့်၎င်း၊ အစာဝေကြသည့် စင်္ကြံဘာယာများ၏ မျက်လုံးများတွင် သယ်ယူ၍၎င်း၊ နှုတ်ခွန်းဆက်စကားများ ရောက်လာကြလေ သည်။
ကျွန်တော်၏ ဇနီးသာ ကျွန်တော့်အကြောင်းကို ဘာမျှမသိ။ ကျွန်တော့်အကျဉ်းခန်း၏ အောက်တည့်တည့်မှနေ၍ သုံးလေးခန်းအကွာ အကျဉ်းခန်းတခန်းထဲတွင် တယောက်တည်းနေရရှာသည်။ စိုးရိမ်တလှည့် မြှော်လင့်တခါ နေရရှာသည်။ နောက်ဆုံးတွင်ကား ဤမြှော်လင့်ချက်ပင်ပျောက်ကွယ်သွားလေသည်။ တခါ နံနက်ပိုင်းနာရီဝက်မျှ ကိုယ်လက်လှုပ်ရှားရေး လုပ်ကြရစဉ် သူ့ဘေးခန်းမှ အဖော်တယောက်နှင့် ဆုံမိကြသည်။ ထိုအမျိုးသမီး၏ အဆိုအရ ကျွန်တော်ကား အနိစ္စရောက်ခဲ့ ပြီ။ အစစ်ခံရစဉ်က ရရှိခဲ့သော ဒဏ်ရာများကြောင့် ကွယ်လွန်ဟန်တူသည်ဟု သတင်းကြားရလေသည်။ ထို့နောက်ပိုင်းတွင် သူ့ခမြာ မြေကွက်လပ်တလျှောက် လှည့်လည်၍နေမိသည်။ သူ၏ကမ္ဘာမှာလည်း ခြာခြာလည်နေခဲ့သည်။ ထောင်၏မူမှန်လောကဖြစ်သော တန်းစီရာသို့ပြန်ဝင်ရန် ထောင်စောင့်ပုလိပ်မက မျက်နှာကိုရိုက်ပုတ်လိုက်သည်။ ဤသို့ဖြောင်းဖျပေးသည့်တိုင်အောင် နာရကျင်ရမှန်းမသိရှာခဲ့ပေ။ အဲဒီနောက် အကျဉ်းခန်းက ထရံအဖြူကြီးကို ကောင်းမွန်တဲ့ မျက်လုံးဝိုင်းဝိုင်းကြီးတွေမှာ မျက်ရည်တွေဝိုင်းမနေနိုင်တော့ဘဲ စိုက်ကြည့်နေလိုက်တာ၊ ဘာတွေကိုများ မြင်ခဲ့ပါလိမ့်။ နောက်တနေ့တွင် သူ့ထံသို့ အခြားသတင်းတရပ်ရောက်လာပြန်သည်။ ယခင်သတင်းကား မမှန် ကျွန်တော်သည် အရိုက်ခံရသော ဒဏ်ရာများကြောင့် သေသည်မဟုတ်၊ အနာအကျင်များကို မခံနိုင်တော့သောကြောင့် ကျွန်တော်၏အကျဉ်းခန်းအတွင်း၌ပင် ကြိုးဆွဲချသေလေသည်ဟူသတည်း။
ထိုအချိန်တလျှောက်လုံးတွင် ကျွန်တော်ကားချူချာလှသော ကောက်ရိုးမွေ့ရာပေါ်တွင် အစန့်သားလဲနေသည်။ ညနေတိုင်း နံနက်တိုင်းတွင်မူ မရမကကြိုးစား၍ ဘေးတစောင်း စောင်းယင်း ဂုစတီနာအတွက် သူနှစ်သက်သော သီချင်းများကို ဆိုနေခဲ့ပါသည်။ ဒီလောက်တောင် စိတ်ပါလက်ပါနဲ့ လှိုက်လှိုက်လှဲလှဲကြီး ဆိုနေတာကို သူဘယ့်နဲ့မကြားဘဲနေပါလိမ့်။
ယခုသော် ယခင်နေခဲ့သည့်နေရာထက် ပို၍ ဝေးသွားပြီဖြစ်သည့်တိုင်အောင် ဂုစတီနာသည် သတင်းအမှန်များကို ကြားရပါပြီ၊ သိရပါပြီ။ ထိုမျှမကသေး ယခုအခါတွင်မူ ထောင်စောင့်များပင် အကြောင်းသိလာကြသည်။ အကျဉ်းခန်း ၂၆၇ မှ သီချင်းဆိုခြင်းကို ကျင်းသားရကြကာ၊ တိတ်တိတ်နေရန် တံခါးကိုထု၍ အော်ငေါက်ခြင်းပင် မပြုလုပ်ကြတော့ပါ။
အကျဉ်းခန်း ၂၆၇ ကား သီချင်းဆိုနေလေသည်။ ကျွန်တော်သည် တသက်လုံး သီချင်းဆိုခဲ့သည်။ ဘ၀၏ အဆုံး သတ်ချိန်၊ ဤမျှအသက်ပြင်းသောအခါတွင်မှ အဘယ့်ကြောင့် သီချင်းမဆိုရမည်ကို နားမလည်ပါ။ အဘပက်ရှက်ကကော ဘယ့်နဲ့လဲ။ အလိုလေး ... သူကတော့ ထူးဆန်းပေသည်။ သီချင်းဆိုခြင်းကို လှိုက်လှိုက်လှဲလှဲကြီး ၀ါသနာပါသည်။ သို့သော် ဂီတဆန်သည့် နားလည်းမရှိ၊ အသံလည်းမကောင်း၊ ဂီတမှတ်ဥာဏ်လည်း ဝေလာဝေး။ သို့သော်သီချင်းကို မြတ်နိုးတွယ်တာ စွာ ကြိုက်တတ်၍ သီချင်းသံဝယ် စိတ်ချမ်းသာနေတတ်ရကား နားက ၇ သံကို တမက်တမော တောင့်တနေချိန်ဝယ် ခေါင်းမာ မာနှင့် ငါးပေါက်ကြီးချ၍ ဆိုလိုဆို၊ တသံမှတသံပြောင်းလိုပြောင်း၊ စသည်ဖြင့် လျှောက်လုပ်သည်ကိုပင် ကျွန်တော်က ဂရုမ ထားမိတော့သည်အထိ ဖြစ်လာသည်။ သို့နှင့် လွမ်းစပျိုးလာသော အချိန်များတွင် သီချင်းဆိုကြသည်။ နေပွင့်သော အချိန်များ တွင် သီချင်းဆိုကြသည်။ နောက်ပြန်၍ တွေ့ကောင်းတွေ့ရတော့မည့် ရဲဘော်တယောက် ခွဲထွက်သွားရတော့မည့်အခါ သီချင်း နှင့်လိုက်ပို့ကြသည်။ အရှေ့ဘက် စစ်မြေပြင်များမှသတင်းကောင်းများ ကို သီချင်းနှင့် ကြိုဆိုကြသည်။ စိတ်သက်သာမှုအတွက် လည်း သီချင်းဆိုသည်။ ပျော်ရွှင်မှုအတွက်လည်း သီချင်းဆိုသည်။ ဤဓလေ့အတိုင်း လူတို့သည် တခေတ်ပြီးတခေတ် သီချင်း ဆိုခဲ့ကြသည်။ လူသတ္တ၀ါဟူ၍ တည်မြဲနေသမျှကာလပတ်လုံးလည်း သီချင်းဆိုနေကြမည်သာ ဖြစ်ပေသည်။
သီချင်းမပါသော အသက်ဟူသည်မရှိ၊ အသက်ဟူသည်လည်း နေမင်းကြီးမပါဘဲနှင့် မတည်ရှိနိုင်ပေ။ ကျွန်တော်တို့ ကား သီချင်းကိုနှစ်ဆတိုး၍ တောင့်တကြသည်။ အဘယ်ကြောင့်ဆိုသော နေရာင်သည် ကျွန်တော်တို့ထံ မရောက်တတ်သော ကြောင့်ဖြစ်ပေသည်။ အမှတ် ၂၆၇ သည် မြောက်ဘက်ကို မျက်နှာပြုထားသည်။ နွေလများ၌သာ ညနေစောင်းနေရောင်သည် ပြူတင်းပေါက်သံတိုင်အရိပ်တို့ကို အရှေ့ဘက်ထရံပေါ်၌ ခဏတဖြုတ်ထင်စေသည်။ ထိုအခါ ဘသည် အိပ်ရာစင်ကိုမှီ၍ မတ် တတ်ရပ်ယင်း လာလာသွားသွား ထွက်ခွာသွားသည့် ဧည့်သည်ရောင်ခြည်တန်းကို ကြည့်ရှုရှာလေသည် ... ဤကား၊ ဤ နေရာတွင် တွေ့နိုင်သမျှအနက် ကြေကွဲဘွယ်ရာ အကောင်းဆုံးသော ရှုခင်းတရပ်ဖြစ်လေသည်။
နေမင်းသူရိယာ... ၀ိုင်းစက်သော မျက်လှည့်ဆရာသည် ရက်ရောစွာထွန်းတောက်ယင်း အံ့သြစရာအမြောက်အများ ကို လူတို့၏ မျက်စိအောက်၌ပင် ဖန်ဆင်းပြတတ်သည်။ နေရောင်အောက်တွင် နေရသောလူတို့ကား နည်းပါးလှစွာသည်။ နောင်သော် နေမင်းကြီးသည် အပြည့်အ၀ထွန်းလင်းတောက်ပ လာပေလိမ့်မည်။ ဟုတ်သည်၊ လူများသည်လည်း နေရောင် ခြည်များအောက်တွင် နေကြရပေတော့မည်။ ဤအချက်ကို သိရခြင်းကား ၀မ်းမြောက်ဖွယ်ရာပင်ဖြစ်သည်။ သို့စဉ်လျက် ခင်ဗျားသည် ထိုအချက်နှင့် မနှိုင်းသာ မယှဉ်သာလောက်အောင် သေးမွှားလှသော အချက်ကလေးတချက်ကိုလည်း အလွန် အမင်းသိလိုလှသေးသည် - ငါတို့အတွက်ကော၊ နေမင်းကြီးထွန်းလင်းပါလိမ့်အုံးမလား။
ကျွန်တော်တို့၏ အကျဉ်းခန်းကား မြောက်ဘက်သို့ မျက်နှာမူသည်။ နွေရာသီအချိန်၊ နေသာသောနေ့များတွင်သာ နေ၀င်သည်ကို ခဏတဖြုတ်တွေ့ကြရသည်။ ဘရယ် ... ကျွန်တော်လေ၊ နောက်တခါကလေးလောက်တော့ နေထွက်တာကို မြင်ချင်စမ်းပါဘိတော့တယ်ဗျာ ....

Read More...

Monday, 31 December 2007

ကြေကွဲခြင်းများစွာဖြင့် ကြိုလိုက်ရသော နှစ်သစ်

ကမာပုလဲ (ကျောင်းသားတပ်မတော်)


ကျနော်
ရဲဘော်တွေ အသက်သွေးနဲ့
ရေးခဲ့တဲ့ အလုပ်စားပွဲပေါ်
File (ဖိုင်) အဟောင်းတွေရှာဖတ်ခဲ့
တချို့ တောက်ပ
တချို့ မှေးမှိန်ပျောက်ကွယ်
တချို့ကတော့ ပုဂ္ဂလ ဓနပင်လယ်မှာ
နေသားတကျ ယစ်မူးပျော်ဝင်။
ကျနော် မရေးဖြစ်ခဲ့
ရေးရမှာကြောက်နေတဲ့
Diary (မှတ်တမ်း) စာအုပ်ကလေးကို
အမှုမဲ့ အမှတ်မဲ့ ပြန်ဖတ်ခဲ့
စကားလုံးတွေက အဖြစ်အပျက်တွေကို
သွေးစိမ်းရှင်ရှင် မှတ်တမ်းတင်နေ
မှတ်တမ်းတွေက သမိုင်းဖြစ်
သမိုင်းတွေက
မျိုးဆက်မကွာဟသွားတဲ့
အမေ့ဘ၀ အကြောင်း
ပြန်ပြောင်း ပြောပြ နေကြတယ်။

ကျနော်တို့ မမှားခဲ့ဘူး
ကျနော်တို့ ဘ၀နဲ့ ရွေးခဲ့ရတဲ့ လမ်းဟာ မမှားဘူး
အဲဒါ သေချာတယ်
ရတနာ သုံးပါးထဲက
သံဃာတွေ အသက်သေပြခဲ့တဲ့
နှစ်ထောင့်ခုနှစ်(၂၀၀၇) ခုနှစ်
တော်လှန်ရေး သမိုင်းမှတ်ကျောက်
တွင်ရစ်စေ ။ ။

Read More...

အနှစ် ၆၀လွန်တဲ့အခါမှာ

လွတ်လပ်ရေးရတာအနှစ် ၆၀ရှိသွားပြီ။
ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက် ကမ္ဘာမှာ၊ အထူးသဖြင့်အာရှတိုက်မှာ လွတ်လပ်ရေးရတဲ့ နိုင်ငံတွေအလျှိုလျှိုပေါ် လာကြတယ်။ ဒီအထဲမှာ အိန္ဒိယ၊ အင်ဒိုနီးရှားလို လူဦးရေအင်မတန်များတဲ့ နိုင်ငံကြီးတွေလည်းပါတယ်၊ လာအိုလို၊ ကမ္ဘောဒီး ယားလို နိုင်ငံငယ်တွေလည်းပါတယ်။ စထွက်တုန်းကတော့ အားလုံးအတူတူတာထွက်ခဲ့ကြတာပဲ။ ဒါပေမဲ့ ရာစုနှစ်တစ်ဝက် ကျော်လာလို့ ပြန်ကြည့်လိုက်တော့ ဗမာပြည်က နောက်ဆုံးမှာတရွတ်ဆွဲလိုက်နေတယ်ဆိုတာ တွေ့ကြရတယ်။ နအဖလက် ထက်ဗမာပြည်ရဲ့ ဒီနေ့ တဦးချင်းဂျီဒီပီနှုန်းက အာစီယံနိုင်ငံ တွေထဲမှာတောင် အနိမ့်ဆုံး။
အာရှတိုက်မှာ ဒုတိယကမ္ဘာစစ်အပြီး လွတ်လပ်လာတဲ့နိုင်ငံတွေရဲ့ လွတ်လပ်ပြီးကာလ သမိုင်းတွေကို သုတေသန ပြုပြီးယှဉ်လိုက်ရင် ဗမာပြည်လောက် နိုင်ငံရေးအရ ဖိနှိပ်မှုပြင်းထန်တာ၊ ရှည်ကြာတာ၊ နိုင်ငံရေးအကျဉ်းသမားတွေ များပြား တာမရှိဘူးလို့ တွေ့ရမယ်ထင်တယ်။ အထူးသဖြင့် ကိုယ့်နိုင်ငံသားချင်းအပေါ် ဖိနှိပ်ရာမှာကမ္ဘာရှားဖြစ်တယ်။ အမေရိကန်နဲ့ တောင်တိုက်ခဲ့ကြရတဲ့ ကိုရီးယား၊ ဗီယက်နမ်စတဲ့ စစ်ပွဲကြီးတွေ ပြီးပြတ်ကုန်ပြီ။ ပြည်တွင်းစစ်ဆိုတာတွေလည်း အာရှအရှေ့ ပိုင်းမှာ မကျန်တော့သလောက်ပဲ။ ဗမာပြည်မှာသာ - စစ်အုပ်စုတွေဟာ (လူဦးရေနဲ့ အချိုးအစားတွက်လိုက်ရင်) ကမ္ဘာ့အကြီး ဆုံး စစ်တပ်ကြီးတည်ဆောက်၊ ပြည်တွင်းစစ်ကိုတမင်မွေးပြီး ပျော်ပျော်ကြီးစစ်တိုက်စားနေတယ်။
လွတ်လပ်ရေးနဲ့ပြည်တွင်းစစ်၊ အမွှာလိုမွေးဖွားခဲ့တဲ့ ဗမာပြည်ကြီးဟာ ဒီစစ်ကြောင့်အမျိုးသားစည်းလုံးညီညွှတ်ရေး မတည်ဆောက်နိုင်ပဲ အမျိုးသားစီးပွားရေးဟာ အဘက်ဘက်ကခြွတ်ခြုံကျလာခဲ့တယ်။ ဒါနဲ့ပြောင်းပြန် ဒီစစ်ကြောင့်ပဲ စစ်အုပ်စု ခါးပိုက်ဆောင်စစ်တပ်ကြီးဟာ ကြီးထွားသထက်ကြီးထွားလာ၊ စစ်အုပ်စုနဲ့အပေါင်းပါတွေ ချမ်းသာသတက်ချမ်းသာလာတယ်။ အရှေ့တောင်နဲ့ တောင်အာရှမှာ အစောဆုံးလွတ်လပ်ရေးရအောင် တိုက်ပွဲဝင်ခဲ့တဲ့ ဗမာပြည်ဟာ နိုင်ငံတကာအစည်းအဝေး တွေမှာ ခေါင်းမမော်နိုင်ယုံမက ဟိုလူကဝေဖန်၊ ဒီလူကဆုံးမနဲ့မို့ ခေါင်းပုနေရတဲ့ဘ၀ ရောက်နေရတယ်။
နအဖဟာ ဗမာပြည်ကို ကမ္ဘာ့အလယ်မှာဂုဏ်ယူနိုင်အောင် ဘာတွေများစွမ်းဆောင်ပေးနိုင်ခဲ့သလဲ။ စီးပွားရေး- တတိယနိုင်ငံအဆင့်ကနေ စတုတ္ထနိုင်ငံအဆင့်လျှောကျပြီး အကြွေးတွေလည်ပင်းရောက်နေတယ် (ဒါတောင်သူများတွေက ချေးမပေးကြလို့၊ နအဖကတော့ အကြွေးသာရရင် ဆင်တောင်အလကားယူမယ်ဆိုတဲ့ဟာမျိုး)။ လူမှုရေး- လူမှုဖူလုံရေးခံစား ခွင့်၊ အမတော်ကြေး စတာတွေဟာ သဏ္ဌာန်သာသာတောင်မှမရှိတော့။ ရှိသူနဲ့မရှိသူ၊ လူတန်းစားကွဲပြားမှုသိသာခြားနားလွန်း လို့ တရားရုံး၊ ဖြန်ဖြေရေးရုံး စတာတွေအားလုံးဟာ တံဆိပ်တုံးနှိပ်ရာသက်သက်ဖြစ်ကုန်တယ်။ ကျန်းမာရေး- စစ်အုပ်စုထိပ်သီး ပိုင်းသာမက ငွေးကြေး တတ်နိုင်သူမှန်သမျှ ပြည်ပထွက်ဆေးကုနေကြတယ်။ အာဟာရမပြည့်စုံသူတွေ၊ ဆေးဝါးမတတ်နိုင်သူ တွေ အများဆုံးရှိနေတဲ့ ဒီနိုင်ငံမှာမှ အေအိုင်ဒီအက်စ်ရောဂါက အဆိုးဝါးဆုံးနှိပ်စက်နေတယ်။ ပညာရေး- ကိုလိုနီခေတ်တုန်း က အိမ်နီးနားချင်းနိုင်ငံတွေကလူတွေ ဒီမှာလာပြီးပညာမျိုးစုံသင်ယူကြတာတွေရှိတယ်။ အခုတော့ သားသမီးကို ပြည်ပပို့ပညာ သင်ကြားစေရေး၊ ပြည်ပမှာပဲအလုပ် အကိုင် ရရှိစေရေးဟာ မိဘတွေရဲ့မျှော်လင့်ချက်တခုဖြစ်နေပြီ။ နိုင်ငံရေး- လက်ရှိကမ္ဘာမှာ နိုင်ငံရေးအကျဉ်းသမား အရေအတွက် အများဆုံးနဲ့ သက်တမ်းအရှည်ဆုံးစံချိန်တင်ထားတယ်။
လွတ်လပ်ရေးဟာ ဘာအဓိပ္ပာယ်များရှိသေးသလဲမေးစရာဖြစ်နေတယ်။ အာဇာနည်အဆက်ဆက်တို့ အသက်ပေး တိုက်ပွဲ ၀င်ခဲ့တာဟာ ဒီစစ်ဗိုလ်ချုပ်တွေ ကောင်းစားဖို့လားလို့လည်း မေးစရာဖြစ်နေတယ်။
လွတ်လပ်ရေးကို လွယ်လွယ်ကူကူရခဲ့တာမဟုတ်ဘူးဆိုတာ ဗမာနိုင်ငံသားတွေအသိဆုံးပဲ။ နယ်ချဲ့နိုင်ငံကြီးတွေချင်း စစ်ပွဲတွေ အသွင်နဲ့ ထိပ်တိုက်ဆောင့်နေကြတဲ့အကြားက ကိုလိုနီအမျိုးသားတရပ်က လွတ်လပ်ရေးရဖို့လုံးပမ်းရတယ်ဆိုတာ စွန့်လွှတ်ပိုင်း ဖြတ်မှုတွေလိုသလို နည်းပရိယာယ်တွေလိုလှတယ်။ အင်္ဂလိပ်ကိုလိုနီသခင်တွေရဲ့ ၉၁ ဌာန၊ ဒိုင်အာခီစတဲ့ မျက် စေ့လည်စရာ ချော့မြှူမှုအမျိုးမျိုးကိုဖယ်ရှားပြီး ဓနသဟာယနိုင်ငံစာရင်းထဲတောင်မ၀င်တဲ့ လုံးဝလွတ်လပ်ရေးကို ရအောင် တိုက်ပွဲဝင်ခဲ့ရတာ ဗမာပြည်က အမျိုးသားခေါင်းဆောင် အဆက်ဆက်နဲ့ ပြည်သူတွေရဲ့ ထူးခြားချက်ဖြစ်တယ်။ ဒီကြားထဲမှာ ဂျပန်ပေးတဲ့လွတ်လပ်ရေးကို ပါးနပ်စွာအသုံးပြုပြီး ဂျပန်ကိုပြန်တော်လှန်ခဲ့တယ်ဆိုတဲ့ ဂုဏ်ယူစရာအချက်လည်းရှိသေးတယ်။
အရှေ့တောင်အာရှနဲ့ တောင်အာရှမှာအစောဆုံးလွတ်လပ်ခဲ့တဲ့ နိုင်ငံဟာအခုအခါမှာ အဘက်ဘက်နောက်အကျ ဆုံးဖြစ်နေရတယ်။ စစ်အာဏာရှင်စနစ်ကြောင့်မို့ ဒီအဖြစ်ရောက်ရတယ်ဆိုတာ ဘာမှအငြင်းပွားစရာမရှိတဲ့အချက်ဖြစ်တယ်။ မိမိတို့ရဲ့ ဗမာနိုင်ငံကိုကမ္ဘာ့အလယ်မှာ ဂုဏ်နဲ့ဒြပ်နဲ့ ရပ်တည်နိုင်စေဖို့၊ ခေတ်မီစက်မှု၊ သိပ္ပံနည်းပညာများထွန်းကားတဲ့၊ ဖွံ့ဖြိုးတဲ့ နိုင်ငံဖြစ်စေဖို့ဆိုရင် စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရမယ်ဆိတာလည်း ရှင်းနေတယ်။
ဗမာပြည်သားများအနေနဲ့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသလိုပဲ စည်းလုံးညီညွှတ်မှု၊ စွန့်လွှတ်မှု၊ အနစ်နာခံ မှု၊ နည်းပရိယာယ်ကြွယ်ဝမှုတွေ ဖော်ပြကြရအုန်းမယ်။
ဒီနေ့အခါမှာ နိုင်ငံတကာ့အခြေအနေက ဗမာပြည်သူပြည်သားတွေ ကိုယ့်ဖာသာလုံးပမ်းတိုက်ခိုက်မှရမယ်ဆိုတာကို ပြဌာန်းနေတယ်။ ကယ်တင်ရှင်မျှော်ကိုးမှု၊ စိတ်ကူးယဉ်မှုတွေကို ဖယ်ရှားပြီး ‘ငါသာလျှင်အရှင်သခင်၊ ငါသာလျှင် ငါ့သမိုင်း ဖန် တီးသူ’ ပီသစွာ တိုက်ပွဲဝင်ကြရမှာပဲ။ စစ်အုပ်စုကို ထိထိရောက်ရောက်ထိုးနှက်နိုင်ခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံနဲ့ စက် တင်ဘာအရေးအခင်း စိတ်ဓာတ်တွေကိုကိုင်စွဲ၊ အဲဒီက သင်ခန်းစာတွေထုတ်၊ အတုယူစရာတွေယူပြီး အောင်ပွဲအလံကိုလွှင့် ထူကြပါစို့။
၂၀၀၈ခုနှစ်ကို တိုက်ပွဲဝင်စိတ်ဓာတ်၊ အောင်ပွဲခံသန္နိဌာန်နဲ့ လှမ်းဝင်ကြပါစို့။

ဗသြ

Read More...

Tuesday, 18 December 2007

ကဗျာကိုရှာတွေ့ခြင်း

(အောင်ပင်လယ်)

(က)
ပင်မှည့်သီးလိုချိုလိုက်တာကဗျာ
ခေါင်ရည်စူးစူးနဲ့တူလိုက်တာကဗျာ
ကဗျာဟာငါ့ပင်လယ် ငါ့သွေးသောက်
ကဗျာဟာငါ့ပင်နီတိုက်ပုံ ငါ့ရှူရှိုက်တဲ့လေ
ပြီးတော့ငါ့ရဲ့ အမ် ၂၂ ။
(ခ)
ကဗျာ
ငါနဲ့အတူ ပျဉ်းမနား တောင်ညိုကိုရောက်ဖူးတယ်။
ကဗျာ
ငါနဲ့အတူ အမေ့ထောင်ဝင်စာကိုလိုက်ဖူးတယ်။
ကဗျာ
ငါနဲ့အတူ နေပူလက်ကြမ်း ၃၃ လမ်း ကိုလွမ်းဖူးတယ်။
ငါနဲ့အတူ
ဗံဒါပင်ရိပ်ကီလီဆိပ်မှာ စာရွက်စာတမ်းတွေ ဝေဖူးတယ်။
မကြာမကြာ နောင်တော်မောင်လေးအောင်အတွက်
အရက်ဖိုးငါးကျပ် တဆယ်ပေးဖူးတယ်။
ငါနဲ့ အတူ
ရှမ်း ၀ လားဟူ ဓနု အင်းသား ပအို့ဝ် တို့ကြား
စားသောက် ပုန်းခို ခဲ့ဖူးတယ်။
ရှမ်းရိုးမရဲ့
တောထဲ တောင်ထဲ မိုးရေ ထဲ
တတွဲတွဲ လှည့်ပတ်ပျောက်ကြားတိုက်ဖူးတယ်။
ငါနဲ့အတူ
နယ်စပ်မျဉ်းကိုဖြတ်ဖူးတယ်
သူပုန်နီတွေနေတဲ့ “ယင်အန်း ” ကိုလဲ ရောက်ဖူးတယ်
ငါနဲ့အတူ
နမ့်ခချောင်း ရဲ့ တိုက်မောင်းသံကိုကြားဖူးတယ်။
အစာရေစာအပြည့်နဲ့
ရွှေအိမ်လှောင်ချိုင့် တွင်းကငှက် တကောင်လို
အသက်ရှင်ဖို့ကိုလဲခေါင်းခါခေါင်းရမ်းခဲ့ဖူးတယ်။

(ဂ)
ကဗျာ
ငါ့ကိုမင်း အသိဆုံးပါ
ဒို့ ဟာအမွှာ
ဒါပေမဲ့ ဒီတလော ငါ့ကို မဆိုမပြော
ရုတ်တရက်လက်မတို့ ပဲထွက်ခွာ
ဘယ်ပျောက်ဘယ်လျှောက်သွား တာလဲကဗျာ ။

မင်း ကိုဟိုမှာဒီမှာ ငါလိုက်ရှာတယ်
သွားတတ်ရာရာငါလိုက်ရှာတယ်
တောလမ်းမြို့လမ်းမှာ ငါလိုက်ရှာတယ်
ကားလမ်းရထားလမ်းမှာငါလိုက်ရှာတယ်။

ရွှေဒဂုန် မှာငါလိုက်ရှာတယ်
လေထန်ကုန်းမှာ ငါလိုက်ရှာတယ်
နေပြည်တော်မှာငါလိုက်ရှာတယ်
ရတနာပုံမှာ ငါလိုက်ရှာတယ်
စာအုပ်တန်းမှာငါရှာတယ်
ငါ့ခေါင်းအုံးအောက်မှာငါလိုက်ရှာတယ်။

ကဗျာရယ်
ရှာမတွေ့ပါလားကွယ်။
ကဗျာရယ်
ဘယ်သွားနေတာလဲကွယ်။

(ဃ)
ဟော
တွေ့ပြီတွေ့ပြီ
လောင်စာဆီဈေးနှုန်း တိုးမြှင့်တဲ့ကန့်ကွက်ဆန္ဒပြပွဲမှာ
ကျောင်းသူကျောင်းသားတွေရဲ့ စီတန်းလမ်းလျှောက်ပွဲမှာ
ရဟန်းသံဃာတော်တို့ရဲ့ ကံဆောင်သပိတ်မှောက်ပွဲမှာ
မိဘပြည်သူတို့ရဲ့ တရားတဲ့တိုက်ပွဲထဲမှာ။ မီးလျှံထဲမှာ
ကဗျာ ကဗျာ
ပါဝင်ဆင်နွဲနေတာပဲ
ကဗျာရဲရဲချွေးစိုရွှဲ။

ကဗျာ ရယ်
သွားကွယ် ပါကွယ်ထွက်ကွယ်ဆက်ကွယ်
ငါလဲလိုက်မယ် ဒို့အတူတူ ရယ်
“မနက်ဖြန်”အတွက်တေးဆိုမယ်။

Read More...

Monday, 17 December 2007

Monday, 10 December 2007

11 Dec 2007






Read More...

Friday, 7 December 2007

အဝေးကပေးစာတစောင်

၂၀၀၇ခုနှစ်။ နိုဝင်ဘာ ၂၆ရက်၊
ကိုဟိုဒင်းရေ-

“သီတင်းကျွတ်ပွဲတော်ကြီးပြီးလို့ တန်ဆောင်မုန်းတန်ဆောင်တိုင် ဆီမီးကမြိုင်။ မသိုးအလှ မြတ်သင်္ကန်း ကပ်ဖို့။ ရွှေတိဂုံ ကုန်းတော်ပေါ်မှာပြိုင်”ဆိုတဲ့ ကျနော်တို့ငယ်ငယ်တုန်းက ဒီလို အချိန်မှာကြားရလေ့ရှိတဲ့ ကိုမြကြီးရဲ့သီချင်းလေး ကိုမှတ်မိတယ် မဟုတ်လားဗျာ၊ ရန်ကုန် တန်ဆောင်တိုင်ပွဲတော်။ လေးဆူဓာတ်ပုံ ရွှေတိဂုံနဲ့ အလှူရေစက် လက်နဲ့မကွာ၊ ရက်ရောလှ တဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ၊ ခွဲလို့ရနိုင်ရိုးလား ဗျာ၊ အခုတော့ ရွှေတိဂုံကုန်းတော်ပေါ်ကို သံဃာတော်တွေဟာ ခွင်ပြုချက်လက်မှတ်နဲ့ တက် ရသတဲ့။ ဘုရားဖူးကြည်ညိုသူတွေ လူစုလူ ဝေးနဲ့ မတက်ရဘူးတဲ့၊ ကိုလိုနီခေတ်၊ ဂျပန်ခေတ်ထက်ဆိုးတဲ့ ကာလတခုကို ရောက်နေပါပေါ့ လားဗျာ။ သံဃာတော်တွေကို ရိုက်နှက်သတ်ဖြတ်၊ ဘုန်းကြီးကျောင်းတွေကနေ မောင်းထုတ်။ ပြန်ခိုင်း။ သာသနာ့စောင်းထက် နအဖစောင်းက ပိုထက်တယ်လို့ ပြောဖို့လုပ်နေတဲ့ ကာလ ကြီးမှာ ကျနော်ဖြင့်ဗမာပြည်က ကထိန် အလှူပွဲတော်များအတွက် စိုးရိမ်ပူပန်မိတာ အမှန်ပါပဲ၊ ဒီကနေ ပြန်စဉ်းစားလိုက်တိုင်း ကထိန်ပွဲကြီးတွေ ခြိမ့်ခြိမ့်သဲကျင်းပပြီး လမ်းတကာ၊ ရပ်တကာ မှာ ကထိန်ညှပ်ကြီးတွေ အပြိုင်အဆိုင်ဆင်ယင်။ ခင်းကျင်းကြ။ ပွဲတွေလမ်းတွေ ကျင်းပကြ။ ရန်ကုန်မှာဆိုရင် (ကာတွန်း)ဦဘဂျမ်းလမ်းမှာ ကာတွန်းပြပွဲတွေလုပ်ကြ။ မန္တလေးဘက်မှာဆို ရင် စစ်ကိုင်းတောင် တောင်လုံးညွှတ်မျှကထိန်သွားခင်းကြ။ ဈေးချိုထဲက အေရုံ၊ ဘီရုံ စတာ ကြီးတွေက အငြိမ့်တွေပွဲတွေနဲ့ နေ့ခင်းကြီးဧည့်ခံကြ။ ဒီလိုချစ်စရာ။ ဂုဏ်ယူစရာအစဉ် အလာ လေးတွေဟာ နအဖစစ်အစိုးရ ရဲ့စစ်မိန့်တွေကြောင့် ပျောက်ကုန်တော့မှာပါလားဗျာ။
ကျနော်တို့ဗမာနိုင်ငံသားများဟာ ကိုယ့်မှာရှိရင် ကိုယ်ချည်းမစားသုံးပဲ သူများကိုလည်း ပေးကမ်းဝေ မျှချင်တယ်ဆိုတဲ့စိတ် စေတသိက်လေးရှိနေတော့ စပါးသိမ်း။ ပဲသိမ်းပြီးရင် လှူကြ တန်းကြတာဟာ နှစ်ထောင်နဲ့တောင်ရှိပြီနဲ့ တူပါတယ်ဗျာ၊ ဘယ်သူကမှ ရိုက်ခိုင်းဖို့မလို။ အမိန့် ပေးခိုင်းဖို့မလိုတဲ့ အစဉ်အလာကောင်းပါ၊ မင်းမှ စိုးမှ လုပ်တာမဟုတ်ပါဘူး။ ဆင်းရဲသားလဲ တတ်နိုင်ရင် တတ် နိုင်သလောက် လှူကြတမ်းကြတဲ့ နိုင်ငံနဲ့ နိုင်ငံသားတွေပါဗျာ၊ အခုတော့ လှူချင်လို့မလှူရ။ လှူချင်သူကိုမလှူရ။ ၀ဋ်ဒုက္ခတမျိုးလိုပါပဲ။
ဒီကြားထဲမှာ နအဖအစိုးရရဲ့ဝါဒဖြန့်ယန္တရားများနဲ့ နောက်လိုက်ခွေး မီဒီယာများထဲမှာ သူတို့လက်ပါးစေ ကြံ့ဖွတ်တွေက ဘုန်းကြီးကျောင်းတွေကိုသွားပြီး ကထိန်ပစ္စည်းတွေအတင်း လက်ခံခိုင်း။ အတင်းရေ စက်ချ။ အတင်းကထိန်လိုက်ခင်းနေကြတယ်လို့ ကြားရတော့ ပိုပြီးစိတ် မချမ်းမသာဖြစ်ရတယ်၊ အေးဓားပြ တိုက်တယ်ဆိုတာနဲ့ ပြောင်းပြန် ကုသိုလ်ဓားပြတိုက်တယ် လို့ ဆိုရမလား မသိပါဘူး၊ တချို့သံဃာ တော်များကတော့ ပတ္တနိက္ကုဇ္ဇနကံဆောင်ထား တာမို့ သူတို့ပေးတဲ့အခါ လက်ခံထားလိုက်ပေမဲ့ သူတို့သွားတဲ့ နောက် ကိုယ်တိုင်မသုံးပဲ သူများကိုစွန့် ကြဲလိုက်ကြတယ်လို့လဲ ကြားရတယ်၊ နအဖကြောင့်မို့ သံဃာတော်များ လုပ် နေရပုံအတွက် လည်း စိတ်မကောင်းဖြစ်ရတယ်။
ကျနော်တို့ ဗုဒ္ဓဘာသာမှာ အလှူဒါနဖြစ်မြောက်ဖို့အတွက် အချက်သုံးချက်လိုအပ် တယ်ဆိုတာ ခင်ဗျားမှတ်မိတယ်မဟုတ်လား၊ အဲဒါတွေက လှူတဲ့သူရယ်၊ လှူတဲ့ပစ္စည်းရယ်၊ အလှူခံတဲ့လူရယ်လို့ ဆိုသမို့လား၊ အခုတော့ သံဃာတော်များကလက်မခံချင်တာကို အာဏာ နဲ့ အတင်းယူခိုင်းနေတယ်ဆိုတော့ အလှူဒါနဖြစ်မြောက်ဖို့အတွက် လိုအပ်တာဟာ စစ်တပ် အာဏာအပါ အချက်လေးချက်ဖြစ် သွားပြီပေါ့ဗျာ၊ မူလသုံးချက်နဲ့တင် မရတော့တာလည်း အမှန်ပဲ၊ စစ်အာဏာပိုင်တွေကခွင့်မပြုလို့ မခင်းရတဲ့ ကထိန်တွေ၊ မကျင်းပရတဲ့အလှူပွဲတွေ နည်းမှမ နည်းတော့ပဲ၊ ဗုဒ္ဓဘာသာပြော ပြောရရင် ဒါနမမြောက်အောင် နှောင့်ယှက်ဖျက်ဆီး တယ်ဆိုတဲ့ အပြစ်ဟာ ဘယ်လောက်ကြီးသလဲ စစ်ဗိုလ်ချုပ် တွေ စဉ်းစားမိရဲ့လားမသိဘူး။
ဒီစာကိုရေးနေရင်းပဲ ကိုဟိုဒင်းရေ။ သတင်းတခုဝင်လာသဗျ၊ ကောင်းသတင်းပြော ရမ လား။ ဆိုးသတင်း ပြောရမလားမသိဘူး၊ ခင်ဗျားမို့ မျှရအုန်းမယ်၊ အဲဒါ(ဦး)မြတ်ခိုင်ရဲ့ လျှပ်တစ် ပြက်ဂျာနယ်ပိတ် လိုက်ရပြီတဲ့ဗျ၊ ထုတ်ဝေခွင့်ပိတ်လိုက်တာလို့ ဆိုတာပဲ၊ ဘာကြောင့်လဲဆိုတာ တော့ မသိရသေးဘူး၊ ပြန်ကြား ရေးဝန်ကြီး (ဗိုလ်ကျော်ဆန်း) ကို ပိုင်လှတယ်ဆိုတဲ့လူ။ သူ လည်းကမ်းနားသစ်ပင် ပဲကိုး၊ ကိုယ့်ကိုယ်အမှီ ကောင်းရှိ။ အကာအကွယ်ကောင်းရှိတယ်ဆိုပြီး သူတကာကိုတွယ်။ စာပေအနုပညာ သည်တွေကို တပည့်မွေး။ ရန်သူထား လုပ်ချင်သလိုလုပ် နေတဲ့လူရယ်လေဗျာ၊ နအဖကိုယ်စား တရားမ၀င် ၀ါဒဖြန့်တာ။ တိုက်ခိုက်တာတွေလည်း လုပ်မှ လုပ်၊ လျှပ်တစ်ပြက်ဆိုတာက ဗမာပြည်ရဲ့နံပတ်ဝမ်း အ၀ါရောင် စာနယ်ဇင်းရယ်လို့ ဆိုင်းဘုတ် ချိတ်ဆွဲမထားယုံတမယ် နာမည်ကြီးပုဂ္ဂိုလ်တွေရဲ့ “အတွင်းရေး” ဆိုတဲ့ ကောလာဟာလတွေ ကိုဘုံးဘောလအော။ ရက်ရက်ရောရာကြီးဖော်ပြနေတဲ့ ဂျာနယ်ပါကလားဗျာ၊ သူနဲ့မတည့် လို့ကတော့ ရုပ်ရှင်လောကသားတွေ။ ဂီတလောကသားတွေ သွားပေရော့ပဲ၊ တယ်လဲပြောင် မြောက်ဆိုကိုးဗျ။
အရင်လတုန်းက ကျနော့်စာထဲမှာ သူ့ဂျာနယ်ကနေ နိုင်ငံရေးကျားသေတွေကို နအဖရဲ့ စီမံကိန်းနဲ့ အသက်သွင်းလာတာကို ရေးလိုက်မိသေးတယ်မှတ်တယ်၊ ဦးအောင်ကြီး။ သခင် တင်မြ။ ဦးချစ်လှိုင်တို့သုံးဦး ကို ခမ်းခမ်းနားနားကြီးပွဲထုတ်ပြီး အတိုက်အခံတွေကို တိုက်တာ လေဗျာ၊ ပြည်တွင်းက နိုင်ငံရေးလောကနဲ့ စာပေလောကမှာကို တော်တော်ပြောစရာဖြစ်ခဲ့ တာပေါ့၊ အခုတော့သူများ ပျက်စီး တဲ့အတွက် ၀မ်းသာ တယ်လို့တော့ မပြောချင်ပါဘူးဗျာ၊ ဒါပေမဲ့ ‘လျှပ်တစ်ပြက်ဘာကြောင့် အပိတ်ခံ ရတာလဲ’ ဆိုတာလို ကျနော့်ခေါင်းထဲမှာ မရှင်း တာလေးတွေ ကျန်နေခဲ့တဲ့အတွက်ပဲ အစာမကြေသလို ဖြစ်နေတာပါ၊ သူကမင်းသမီး တယောက်အကြောင်း ပုတ်ခတ်ရေးသားလို့ အဲဒီမင်းသမီးက ကြပ်ပြေးအထိ တက်တိုင်တာနဲ့ အပိတ်ခံရသလိုလိုတော့ ကြားတာပဲ၊ ကြပ်ပြေးက အာဏာပိုင်များက မင်းသမီးလေး ကိုပိုစာ နာသွား တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ဗျာ၊ အလွယ်သာမာန် အရပ်သားပြော ပြောရင်တော့လည် လွန်းတဲ့ဘီး ချေးသင့်တာပါပဲ၊ အခုလိုအခါကြီးရက်ကြီးမှာ ဗမာပြည်သားတွေအဖို့ တရား သံဝေယူစရာ ဖြစ်တာ ပေါ့လေ။
ဒါလောက်ပဲဗျာ။
ဘယာဘေး ကွာဝေးကြပါစေ။

ယာတောကသာဗြော

Read More...

နအဖရဲ့ ရှေ့ခြေလှမ်းကို ရိုက်ချိုးဖို့ပြင်ကြစို့

ဒီတခါ အာစီယံမှာ နအဖတုံးကျော်သွားတာလား၊ သက်ပြင်းချနိုင်သွားသလား။
ဒါဆွေးနွေးစရာ၊ ငြင်းခုံစရာဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့တကယ်တော့ ဒီအစည်းအဝေး ကရလဒ်ဟာ ဘာကြီးပဲဖြစ်နေနေ ဗမာပြည်ပြည်သူတွေအတွက်၊ အထူးသဖြင့် စစ်အာဏာရှင် စနစ်ဖယ်ရှားရေးအတွက် သိပ်ပြီးအရေးမပါပါဘူး၊ နအဖကို နိုင်ငံတကာအသိုင်းအ၀ိုင်းအလယ် မှာ သိက္ခာချနိုင်တာကလွဲလို့ သိပ်အရေးပါ ထိရောက်တာမဟုတ်ဘူး၊ အဲဒီမှာ ဘာပဲဆုံးဖြတ်၊ ဆုံးဖြတ် နအဖက ဂရုမစိုက်တာသေချာတယ်၊ သံတမာန်ရေးရာနဲ့ နိုင်ငံတကာဆက်ဆံရေး အပိုင်းကို နအဖအစိုးရက နကမ္ပတိလုပ်ထားရတာကြာပြီ၊ ဂမ်ဘာရီနဲ့ပီညဲရိုးတို့အပေါ် ဆက်ဆံ ပြနေပုံတွေဟာ ကုလသမဂ္ဂနဲ့အိုင်အယ်လ်အိုကိုတောင် ဂရုမစိုက်ဘူးလို့ ပြောနေတာဖြစ်တယ်၊ နောက်ပြီး ဂမ်ဘာရီရဲ့လှုပ်ရှားမှုကို တရုတ်နဲ့အိန္ဒိယတို့က ထောက်ခံထားတယ်ဆိုတာလည်း သူတို့ မသိတာမဟုတ်ဘူး၊ နအဖဟာဒီနယ်ပယ်မှာ သန်းခေါင်ထက်ညဥ့် မနက်ဘူးလို့ တွက် ထားပြီးဖြစ်တယ်၊ သူတို့မှာ လိမ္မာထိရောက်တဲ့ သံတမာန်ရေးလှုပ်ရှားမှု ပြုလုပ်နိုင်စွမ်းမရှိတော့ တာကြာပြီပဲ၊ နပေနကတ်လို တုတ်တောင်းနေတာဖြစ်တယ်လို့ ပြောရင်ရမယ်၊ အဲဒီတုတ်ချက် လောက်ကိုတော့ စစ်ဗိုလ်ချုပ်တွေက မမှုဘူးလုပ်နေကြတယ်။
ပြီးခဲ့တဲ့စက်တင်ဘာ သံဃာ့အရေးအခင်းကြီးက ရှင်းရှင်းလင်းလင်းပြသလိုက်တဲ့ အ ချက်တချက်ကတော့ နအဖတကယ်ကြောက်တာ သူတို့ကိုတကယ်ကိုင်လှုပ်နိုင်တာဟာ ပြည် တွင်းက ပြည်သူတွေရဲ့အုံကြွမှုသာဖြစ်တယ်ဆိုတာပဲ၊ သူတို့တတွေ အခုထက်ထိ အရေးအ ခင်းရဲ့ကျိန်စာကတော့ မလွတ်နိုင်သေးဘူးဆိုတာအဘက်ဘက်မှာ အထင်အရှားတွေ့နေရ တယ်။ အခုထက်ထိ လူတွေကိုလိုက်ရှာဖမ်းဆီးနေတာဟာ၊ နယ်ပယ်ပေါင်းစုံမှာ ဆင်ဆာအ မျိုးမျိုးလုပ်နေတာ စတာတွေဟာ သူတို့စိုးရိမ်ထိတ်လန့်နေတုန်းပဲ ဆိုတာကိုပြတာဖြစ်တယ်၊ နအဖအဖို့ ငြိမ်းအဖွဲ့တွေအပေါ် မီးမသေလှဘူးဆိုတာလည်း သူခြေတလှမ်းလှမ်းတိုင်း တွေ့နေ ရတယ်၊ တချို့အဖွဲ့ဟာဆိုရင် စစ်အစိုးရကလုပ်ခိုင်းသမျှကို ဆန့်ကျင်နေတဲ့ သဘောမျိုးတောင် တွေ့လာနေရပြီ၊ သူတို့ချင်းထိပ်တိုက်တွေ့မှာကို ရှောင်ဖို့ကြိုးစားလို့ ရပါအုန်းမလားဆိုတာ တောင်မှ တွေးစရာဖြစ်လာနေတယ်၊ နိုဝင်ဘာလ ၂၂ရက်နေ့က ကေအိုင်အေစခန်းကိုသိမ်း တာကိုထောက်ရင် နအဖ က သူတို့အပေါ်မှာ စစ်ရေးအရကိုပဲ စပြီးဖိအားပေးလာနေပြီ ဆိုတာ သေချာတယ်။
ဒီလိုအနေအထားမှာ ပြည်တွင်းက ဆန့်ကျင်မှုကိုသာ တကယ်လန့်သူဖြစ်တဲ့ နအဖဟာ သူ့တပ်တွင်းက တုန့်ပြန်မှုကို အဓိကထားကြည့်နေတယ်၊ တပ်ဟာသူတို့ထင်သလို ခိုင်းလို့ရမရ ဆိုတာနဲ့ အခြေအနေတွေနဲ့ သူတို့ဆက်ပြီး အုပ်စိုးလို့ ရမရဆိုတာကို သုံးသပ်တာပါ၊ အခုတ လောလေးမှာပဲ တပ်ထိပ်ပိုင်းမှာ နေရာတွေ၊ ရာထူးတွေခွဲတမ်းချဝေခြမ်းပြီးတဲ့နောက် သူတို့ ကိုယ် သူတို့အတော် စိတ်ချသွားဟန်တူတယ်၊ ဒါကြောင့် ဗိုလ်သန်းရွှေရဲ့ကြံ့ဖွတ် တွေကိုပြော တဲ့မိန့်ခွန်းမှာ သူ့ကိုယ်သူ အတော်ယုံကြည်မှု ရှိတဲ့ လေသံတွေ ပါနေတာဖြစ်တယ်။
ဘယ်အခမ်းအနားမှာပဲဖြစ်ဖြစ်၊ ဘယ်ပြည်ပခေါင်းဆောင်နဲ့တွေ့ရာမှာပဲဖြစ်ဖြစ်၊ နအဖ က တိုင်းပြည်အခြေအနေ တညငြိမ်နေ ပါတယ်လို့ ပြောနေတာဟာ သူ့တပ်ကိုသူပိုင်တယ်လို့ ယူဆပြီးပြောနေတာသာဖြစ်တယ်၊ သူတို့ပြောတိုင်းမှာ တိုင်းပြည်အခြေ အနေတညငြိမ်တယ်။ သူတို့ရဲ့လမ်းပြမြေပုံအတိုင်း ဆက်လုပ်မယ်ဆိုတာ အမြဲပါတယ်ဆိုတာ သတိထားမိစရာပဲ၊ ဒါတွေက ပြနေတာကတော့ နအဖ အနေနဲ့ လမ်းပြမြေပုံရဲ့အဆင့်လေးကို မဖြစ်မနေလုပ် တော့မယ်ဆိုတာပဲ။
နအဖဟာ ဘာကြောင့်မို့ဒီဆန္ဒခံယူပွဲဆိုတဲ့ အဆင့်လေးကို အင်မတန်စိတ်ထက် သန် နေရတာလဲ၊ သေချာတာက သူတို့ အစီအစဉ်အတိုင်းသာ ဆန္ဒခံယူပွဲလုပ်နိုင်မယ်ဆိုရင် သူတို့ အနေနဲ့ ထောက်ခံမဲ ၁၀၅ရာခိုင်နှုန်းတောင် ရအောင်လုပ်နိုင်တယ်ဆိုတာ ဘာမှသံသယရှိစ ရာမလိုဘူး၊ သူတို့ပြချင်တဲ့ကိန်းဂဏန်းကို ပြလို့ရောအင်လုပ်နိုင်တယ်၊ ၁၉၇၄ခုနှစ်တုန်းက ဗိုလ်နေ၀င်းလုပ်ခဲ့တာနဲ့ တလောက ပါကစဏတန်က စစ်အာဏာရှင် မူရှာရာ့ဖ် လုပ်ပြသွား တာတွေကိုပဲကြည့်တော့။
တကယ်က နအဖအခုလုပ်နေပြောနေတာတွေ မှန်သမျှဟာ တခုမှမျက်စိလည်စရာ မရှိဘူး၊ အင်မတန်ရှင်းနေတာတွေမို့ အတိုက်အခံတွေအကြားမှာ ဘာမှအငြင်းမပွားကြဘူး၊ နအဖအလိုတော်ရိတွေတောင်မှ အသံမထွက်ကြဘူး၊ (သူတို့ကို နအဖက ပါးစပ်ပိတ်ခိုင်းထား လို့လည်း ဖြစ်ကောင်းဖြစ်မယ်)၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်အောင်ကြည် စကားပြောတယ် ဆိုတဲ့ လုပ်ဇာတ်ဟာလည်း ဒေါ်အောင်ဆန်းစုကြည်ကို မဗေဒါရေခပ်ခိုင်းသလိုလုပ်ထားတာ ဖြစ်တယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်မပြောနဲ့ သာမာန်လူထုတောင်သိတယ်၊
ဒီတော့ အတိုက်အခံတွေ။ အထူးသဖြင့် မြေအောက်လုပ်ငန်းလုပ်နေသူတွေဟာ အဲဒီ လမ်းပြမြေပုံအဆင့်လေးလုပ်လာမှာ အတွက်အခုကတည်းက စဉ်းစားပြင်ဆင်တာတွေ လုပ် သင့်တယ်၊ အာဏာရှိတဲ့လူနဲ့ မရှိတဲ့လူနဲ့တူတာမဟုတ်ဘူး၊ အာဏာရှိတဲ့ လူကလုပ်ချင်ရင် မြန်တယ်၊ အချိန်ဆိုတာကလည်း ကုန်မှန်းမသိကုန်သွားတတ်တယ်၊ ပြီးခဲ့တဲ့သံဃာ့အရေး အခင်းကြီးတုန်းက ကိုယ်က နောက်ကလိုက်ရတာမျိုးဖြစ်ခဲ့ကြတယ်မဟုတ်လား။
ပြီးခဲ့တဲ့သံဃာ့အရေးအခင်းကြီးကို ပြန်ပြီးသုံးသပ်။ နိဂုံးချုပ်ပြီးရှေ့လုပ်စရာတွေချ မှတ်ကြသင့်ပြီ၊ ဒါကို ပါဝင်လှုပ်ရှားခဲ့ သူတွေက အဓိကလုပ်သင့်တယ်၊ ဘာဖြစ်လို့ ဒီရေလှိုင်း လုံးတွေလို ဗြုံးစားကြီးပေါ်ပေါက်လာသလဲ၊ ဘာဖြစ်လို့ တုံးတိပြတ်တောက် သွားရသလဲ၊ နအဖ တကယ်လန့်တာဘာလဲ၊ သူ့တပ်တွင်းကိုဘယ်လို ဂယက်ရိုက်ခဲ့သလဲစတာတွေကို ကိုယ်ဖြစ်စေချင်တာ။ ကိုယ့်ဆန္ဒအစွဲမပါပဲ သေသေချာချာ သုံးသပ်သင့်တယ်။
အဲဒီကနေ ဘယ်လိုတိုက်ပွဲပုံစံတွေ ကျင့်သုံးလို့ရမလဲ။ ကျင့်သုံးရင်ကောင်းမလဲ စတာ တွေကိုလည်း သုံးသပ်။ ဆုံးဖြတ်သင့်ပြီ၊ ပြီးရင် ပြင်ဆင်ရမယ်၊ ဒီတိုင်းပြည်မှာက ဘယ်သူက ပဲဖြစ်ဖြစ်။ ဘယ်အချိန်မှာပဲဖြစ်ဖြစ်။ ဘယ်ပုံစုံနဲ့ဖြစ်ဖြစ် ဒီနအဖစစ်ဗိုလ်တွေကို ဆန့်ကျင် ဆန္ဒပြတယ်ဆိုတာ တရားတာမှန်တာချည်းပဲ။ ထောက်ခံရမှာချည်းပဲ၊ ဒါကြောင့် ဒါမျိုးဟာအ ချိန်မရွေးပေါ်ပေါက်လာနိုင်တယ်။
ကိုယ့်ဘက်က ပြင်ဆင်မှုမရှိပဲ တိုက်ရတယ်ဆိုတာမျိုး မဖြစ်ရင်အကောင်းဆုံးပဲ။

ဗသြ

Read More...

ကြိုးစင်ပေါ်မှ မှတ်တမ်းများ ... အခဏ်း (၂)

အသက်ငင်ခြင်း
`နေမင်း၏ရောင်ခြည်များနှင့်
ကြယ်ပွင့်တို့၏အလင်းရောင်များသာ
ငါတို့အတွက်ကွယ်ပျောက်ခဲ့သော်
ငါတို့အတွက်ကွယ်ပျောက်ခဲ့သော်´
လူနှစ်ယေက်သည် စိတ်မချမ်းမြေ့စရာ ဓမ္မသီချင်းတပုဒ်ကို အတိုင်အဖောက်လည်းမညီဘဲ လေးတွဲ့သော အသံများဖြင့် သီဆိုနေကြသည်။ သူတို့သည် အောက်ဘက်သို့ ဆန့်တန့်ထား သောလက် များကို ကိုယ်အရှေ့တွင် ယှက်ထား၍၊ ဖြူဖွေးသော လိုဏ်ဂူအတွင်း လေးဆေး သောခြေလှမ်းများဖြင့် ၀ိုင်းကြီးပတ်လည် လှည့်နေကြသည်။

`... ၀ိဥာဉ်များလည်း နှစ်သိမ့်စဘွယ်
ဆောင်ကျဉ်း၍ သွားတော့မည်
ကောင်းကင်ဘုံ ထိုအဝေးသို့လည်း
ကောင်းကင်ဘုံ ထိုအဝေးသို့လည်း ... ´
တစုံတယောက်ကား အနိစ္စရောက်ခဲ့ပြီ။ ဘယ်သူများပါလိမ့်။ ကျွန်တော်သည် ဦးခေါင်းကိုလှည့် ရန် ကြိုးစားသည်။ အလောင်းထည့်ထားသော ခေါင်းနှင့်၊ ခေါင်းရင်းတွင် ထောင်နေသော ဖယောင်းနှစ် တိုင်ကို တစေ့တစောင်းဖြင့် မြင်ကောင်းရာသည်။
`... ထိုဌာနီတွင် ည၏မှောင်မိုက်မှုလည်းကင်း
ထာဝရရောင်ခြည်လည်း
ထွန်းလင်းနေလေသည် ...´
မျက်လုံးများကိုကား ဖွင့်၍ရခဲ့ပြီ။ အခြားမည်သူ့ကိုမျှ မတွေ့။ ဤနေရာတွင် ဤလူနှစ်ယေက်နှင့် ကျွန်တော်မှလွဲ၍၊ အခြားမည်သူ တဦးတယောက်မျှမရှိ။ သို့ဖြစ်လျှင် အသုဘတွေးချင်းကို မည်သူ့ အတွက် ဆိုနေကြသနည်း။
`... ထာဝစဉ်လက်နေသော ထိုကြယ်ပွင့်ကား
ယေရှုသခင်ကိုယ်တော်တိုင်တည်း
ယေရှုသခင်ကိုယ်တော်တိုင်တည်း။´
ဤသည်ကား အသုဘ၊ ဟုတ်သည်။ အကယ်ပင် အသုဘဖြစ်လေသည်။ မည်သူ့အား မြှုပ်နှံ နေကြသနည်း။ ဤနေရာတွင် မည်သူရှိသနည်း။ သူတို့နှစ်ယောက်နှင့် ကျွန်တော်သာရှိသည်။ ဟုတ် သည် - ကျွန်တော်သာ ရှိသည်။ ဤသည်ကား ကျွန်တော်၏ အသုဘပင်ဖြစ်ပေသလော။ ဒီမှာ ... မိတ်ဆွေတို့ ... နားထောင်ကြစမ်းပါ။ မှားနေပြီထင်တယ်။ ကျွန်တော်မသေသေးပါဘူး။ အသက်ရှင်နေ တာ မတွေ့ဘူးလား။ ခင်ဗျားတို့ကိုကြည့်ပြီး ခင်ဗျားတို့ကို စကားပြောနေတာ မြင်တယ်မဟုတ်လား။ တော်ကြပါတော့ဗျာ၊ ကျွန်တော့်ကို မြေမမြှုပ်ကြပါနဲ့အုံး။
`ကျွန်ုပ်တို့အား တစုံတဦးက
နောက်ဆုံးနှုတ်ဆက်ခြင်းဖြင့်
နှုတ်ဆက်နေသည့်အခါ
နှုတ်ဆက်နေသည့်အခါ ...´
မကြားကြ၊ နားပင်းနေကြသလော။ ကျွန်တော်ကပင် အသံခပ်ကျယ်ကျယ်မပြော၍လော။ သို့မ ဟုတ် ကျွန်တော်သည် အကယ်ပင် သေဆုံးခဲ့ပြီဖြစ်၍၊ ရုပ်မရှိတော့သော အသံကို မကြားနိုင်ကြခြင်း လော။ ကျွန်တော်၏ ကိုယ်လုံးကြီးကား မှောက်လျက်သားငြိမ်နေသည်။ ကျွန်တော်ကလည်း မိမိ၏ အသုဘကို မိမိပြန်ကြည့်နေရသည်။ ရယ်ဘွယ်ကောင်းလေစွ။
`... လျှမ်းလျှမ်းတောက် မျက်လုံးများဖြင့်
မော်၍ကြည့်သည်မှာ
ကောင်းကင်ဘုံ ထိုအဝေးသို့
ကောင်းကင်ဘုံ ထိုအဝေးသို့တည်း ...´
မှတ်မိပါပြီ။ တစုံတဦးက ကျွန်တော့်အား ခဲခဲယဉ်းယဉ်းပင့်မ၍ အ၀တ်များ ၀တ်ပေးခဲ့သည်။ နောက် လူနာတင်ထမ်းစင်ဖြင့် ကျွန်တော့အား သယ်ဆောင်သွားကြသည်။ စင်္ကြန်တလျှောက်တွင် သံခွာသံများ ဟိန်းနေခဲ့သည်။ ထို့နောက် ... ထို့ထက်လွန်၍ကား ဘာမျှမသိတော့၊ ထို့ထက်လွန်၍ကား ဘာမျှမသိ၊ ဤသည်ကား ကျွန်တော်၏ အစွမ်းကုန်ပစ်ဖြစ်သည်။
`... ထိုဌာနိအား ထာဝရအလင်းရောင်
အမြဲတစေ ၀င်းနေသည်လည်း ... ´
သို့သော် ဤကိစ္စကား အဓိပ္ပာယ်လုံးဝမရှိ။ ကျွန်တော်ကား အသက်ရှင်နေသည်။ ဝေးလံသော နာကျင်မှုတရပ်ကိုခံစားနေရသည်။ ရေလည်း ငတ်သေးသည်။ လူသေကောင်ဟူသည်ကား ရေမဆာတတ်။ ရှိသမျှအားတို့ကို အစွမ်းကုန်ညှစ်ထုတ်လျက်၊ လက်ကိုလည်း လှုပ်ရှားရန် ကြိုးစားလိုက်သည်တွင်၊ သဘာဝမကျသော အသုံးစိမ်းကြီးတသံသည် ကျွန်တော့်ကိုယ်တွင်းမှ ပွင့်ထွက်သွားသည်။
- ရေ
အခုမှပဲလေ၊ လူနှစ်ယောက်လည်း ၀ိုင်းကြီးပတ်လည်လျှောက်နေရာမှ ရပ်သွားသည်။ ယခု ကျွန်တော့်ကိုယ်ပေါ်သို့ ငုံ့မိုးလျက်ကြည့်နေကြသည်။ တယောက်က ကျွန်တော့်ခေါင်းကို ပင့်လျက် ရေခရားကို ပါးစပ်သို့ တေ့ပေးသည်။
- မောင်ရင်၊ တခုခုဖြင့် စားအုံးမှပေါ့။ နှစ်ရက်ပြီ၊ ရေချည့်ပဲ သောက် ... သောက်နေတာ။
ဘာတွေပါလိမ့်၊ နှစ်ရက်ရှိပြီတဲ့လား။ ဒီနေ့ ဘာနေ့လဲ။
တနင်္လာနေ့။
တနင်းင်္လာနေ့။ ကျွန်တော်အဖမ်းခံရသည်မှာ သောကြာနေ့ဖြစ်သည်။ ခေါင်းကလည်း လေးလှ ချည့်။ ရေကဖြင့် ရင်ကိုအေးစေလိုက်တာ။ အိပ် ... အိပ်ပါရစေ။ ရေတွင်း၏ မှန်သာရင်ပြင်ကို ရေတ ပေါက်က ဆင်းသက်လှုပ်ရှားလိုက်သည်။ ဤသည်ကား တောင်ပေါ်ရှိ မြက်ခင်းစိမ်းစိမ်းကလေးမှ စမ်း ရေဦး။ ကျွန်တော်သိပါသည်၊ ရောကလန်တောင်ခြေရှိ တောစောင့်၏ တဲနံဘေး၌ဖြစ်ပါသည်။ ထင်းရှူး တောထဲတွင်ကား မိုးတစိမ့်စိမ့် တဖျောက်ဖျောက်ရွာနေသည် ... အိပ်ရတာ အရသာရှိလိုက်တာလေ ...
... နောက်တကြိမ် ပြန်၍နိုးလာသောအခါတွင်ကား အင်္ဂါနေ့ညနေသို့ ရောက်နေလေပြီ။ ခွေး ကြီးတကောင်သည် ကျွန်တော့်ကိုယ်ပေါ်သို့ မိုး၍ရပ်နေသည်။ ခွေးဝံပုလွေမျိုးဖြစ်သည်။ လှပနက်နဲ သော မျက်လုံးများဖြင့် ကျွန်တော့အား စူးစမ်းကြည့်ရှုနေသည်။
- မင်း ဘယ်အိမ်မှာနေခဲ့သလဲ။
အို ဟုတ်သေးပါဘူးလေ။ ခွေးကမေးနေတာ မဟုတ်ပါဘူး။ အသံကား တစုံတယောက်၏ အ သံဖြစ်သည်။ မှန်သည် ဤနေရာတွင်အခြားသူတယောက် ရပ်နေသည်။ ဘွတ်ဖိနပှ်ရှည်ကြီးတရံကို မြင် ရသည်။ နောက်ထပ် ဖိနပ်ရှည်တရံနှင့် စစ်သားဘောင်းဘီများ သို့သော် ... အထက်သို့ကား မကြည့် နိုင်တော့။ မော့်ကြည့်ရန် ကြိုးစားသည့်အခါဝယ် ခေါင်းဆီက ယစ်၍ယစ်၍မူးလာသည်။ အမယ်လေး ... ဂရုစိုက်နေရမှာလား။ အေးအေးဆေးဆေး အိပ်စမ်းပါရစေအုံး ...
ဗုဒ္ဓဟူးနေ့။
ဓမ္မသီချင်းများကို သီဆိုခဲ့ကြသည့် လူနှစ်ယောက်ကား ယခုအခါတွင် စားပွဲ၌ထိုင်ကာ မြေပန်း ကန်များထဲမှ တစုံတရာကို နှိုက်၍နှိုက်၍စားနေကြသည်။ ယခုတော့ သူတို့အား ခွဲခွဲခြားခြားမှတ်မိပါပြီ။ တယောက်ကား ခပ်ငယ်ငယ်၊ ဒုတိယတယောက်ကား အရွယ်ပို၍ရင့်သည်။ ယခုမူ ဘုန်းကြီးများနှင့် လည်း မတူကြတော့။ လိုဏ်ဂူသည်လည်း လိုဏ်ဂူမဟုတ်တော့၊ သာမန် အကျဉ်းခန်းတခန်းသာဖြစ် သည်။ ကြမ်းပြင်မှ ပျဉ်ချပ်များကား ကျွန်တော်မျက်စေ့အောက်မှ တပြေးတည်းပြေး၍ စုသွားကာ၊ ၎င်း တို့၏အဆုံးတွင်မူ လေးလံနက်မှိုင်းသော တံခါးကြီး .....
သော့ခလောက်အတွင်းသို့ သော့သွင်းသံကြားရသည်။ လူနှစ်ယောက်လည်း ထိုင်နေရာမှ ခုန် ၍ထကြကာ၊ သတိအနေအထားနှင့် ရပ်လိုက်သည်။ အက်ဆက်စ်ယူနီဖောင်းဝတ် နှစ်ယောက် ၀င်လာ ၍ ကျွန်တော့်ကိုအ၀တ်အစားများဝတ်ပေးရန် အမိန့်ပေးကြသည်။ ထိုအချိန်အထိ - ဘောင်းဘီခြေအိုး တဘက်တဘက်၊ ရှပ်အင်္ကျီလက်အိုး တဘက်တဘက်တွင် နာကျင်မှုများ မည်မျှခိုအောင်းနေသည်ကို ကျွန်တော်မသိခဲ့ဘူး - သူတို့သည် ကျွန်တော့်အား လူနာထမ်းစင်ပေါ်သို့ တင်ကာ၊ လှေခါးတလျှောက်မှ နေ၍ အောက်ဘက်သို့ ခေါ်ဆောင်သွားကြသည်။ စင်္ကြန်တလျှောက်လုံး သံခွာသံများ ဟိန်းနေခဲ့သည် … တခါ ကျွန်တော့်ကို သယ်ဆောင်သွားတုန်း သတိလစ်သွားတာတောင် ဆက်ပြီးသယ်သွားကြတဲ့ လမ်းဒီလမ်းကိုး။ ဘယ်ကိုခေါ်သွားကြမလို့လဲ၊ ဘယ်ငရဲမှာ အဆုံးသတ်မှာလဲ။
ပန်းကရာ့စ် ပေါလိစိုင်း၊ ဂဲဖဲန်းဂနစ္စ ရှိ သုန်သုန်မှုန်မှုန်နှင့် ဘော်ရွှေခြင်းကင်းမဲ့လှသော ဧည့်ခံရုံး ခန်း။ သူတို့လည်း ကျွန်တော့်အား ကြမ်းပြင်ပေါ်သို့ ချလိုက်ကြသည်။ ဒေါသဖြင့် မှုတ်ထုတ်လိုက်သော ဂျာမန်အသံ၏ မေးခွန်းကိုချက်အသံက စိတ်ရင်းကောင်းသကဲ့သို့ ဟန်ဆောင်ယင်း ဘာသာပြန်ပေး သည်။
- မင်း သူ့ကို သိသလား။
ကျွန်တော်သည် ကျွန်တော်၏မေးကို လက်ဖြင့်ထိန်း၍ ကြည့်လိုက်သည်။ လူနာတင်ထမ်းစင် ရှေ့တွင် ပါးမို့ကလေးများနှင့် မိန်းကလေးခပ်ရွယ်ရွယ်တယောက် ရပ်နေသည်။ ၀င့်ဝင့်ကြွားကြွား၊ မား မားမတ်မတ်ကလေး ရပ်နေသည်။ အာခံသည့်အနေဖြင့် မဟုတ်ပဲမွန်မြတ်သော အမူအရာဖြင့်ခေါင်းကို ခပ်မော့မော့ ပင့်ထားရာမှ၊ ကျွန်တော့်အား မြင်သာရုံနှုတ်ဆက်သည့် အမူအရာပြနိုင်ရုံသာ မျက်လွှာများ ကို နှိမ့်ချထားသည်။
- မသိဘူး။
ထိုရုန့်ရင်း ကြမ်းတမ်းသော ညတုန်းက၊ သူ့အား ပက်ချက်နန်းတော်ထဲတွင် ရိပ်ကနဲတွေ့မိ ကောင်း တွေ့မိခဲ့မည်ဟု အမှတ်ရသည်။ ယခု ဒုတိယအကြိမ် တွေ့ဆုံခြင်းဖြစ်သည်။ တတိယအကြိမ် အဖြစ်နှင့်ကား မတွေ့ရတော့။ တွေ့များသာ တွေ့ရလျှင်၊ ဤနေရာ၌ ကျက်သရေရှိစွာ ရပ်တည်နေခဲ့ပုံအ တွက် သူ၏လက်ကိုညှစ်၍ နှုတ်ဆက်လိုလှပေသည်။ ထိုအမျိုးသမီးကား အာရ်နော့ရှိ၊ လောရဲန့်ဇ်၏ ဇနီးဖြစ်၍၊ ၁၉၄၂ ခုနှစ် မာရှယ်လောကျေညာပြီး ရက်အနည်းငယ်အတွင်း ကွပ်မျက်ခြင်းခံရသည်။
ပေါလိစိုင်း၊ ဂဲဖဲန်းဂနစ္စ - (ဂျာမန်စကား - ပုလိပ်အချုပ်ထောင်ကြီး)
- ဒါပေမယ့်သူ့ကိုတော့ မင်းမုချသိရမယ်။
အာညိခ်ျကာ၊ ယီရာစကောဗား။ ဘုရားရေ၊ အာညိခ်ျကာ … ခင်ဗျား ဘယ့်နဲ့ ဒီကိုရောက်လာရ တာလဲ။ ခင်ဗျားနာမည်ကို ကျွန်တော်ဖွင့်မပြောခဲ့ပါဘူး။ ခင်ဗျားနဲ့ကျွန်တော် ဘယ်လိုမှ မပတ်သက်ဘူး နော်၊ ခင်ဗျားကို ကျွန်တော်မသိဘူး။ နားလည်လား။ မသိဘူးနော်။
- မသိဘူး။
- လိမ္မာစမ်းပါ၊ ကိုယ့်လူရာ။
- မသိဘူး။
- ယူးလာ၊ ဖုံးနေလို့လဲမထူးတော့ပါဘူးရှင် - အာညိခ်ျကာက ၀င်၍ပြောလိုက်သည်။ လက်ကိုင်ပုဝါကို ဆုတ်ကိုင်ထားသော လက်ချောင်းများ၏ မသိမသာတုန်ဆက်မှုကလေးကသာ သူ၏စိတ်လှုပ်ရှားမှုကို မလုံမလဲဖြစ်စေသည် - မထူးတော့ပါဘူး၊ ကျွန်မကိုဖော်တဲ့ ဖော်ကောင်က ရှိနေပြီပဲ။
- ဘယ်သူလဲ။
- တိတ် - ပေါ်လာမည့်အဖြေကို တစုံတယောက်က ၀င်၍တားလိုက်သည်။ ထို့နောက် သူကကျွန်တော့် အားနှုတ်ဆက်ရန် ငုံ့၍လက်လှမ်းပေးသည့်အခါတွင်၊ သူ့အားကြမ်းတမ်းစွာ တွန်းထုတ်ပစ်လိုက်ကြ သည်။
- အာညိခ်ျကာရယ်။
ကျွန်တော်သည် နောက်ပေါ်လာသည့် မေးခွန်းများကိုမကြားတော့။ အက်ဆက်စမန်းနှစ် ယောက်က ကျွန်တော့်အား အကျဉ်းခန်းသို့ သယ်ယူသွားပုံ။ ထမ်းစင်ကို ရုန့်ရင်းစွာ ခါယင်းတော့ယင်း၊ ထိုသို့အနာမည့်အစား လည်ပင်းကြိုးတန်းလန်းနှင့် ယီးလေးမခိုချင်သလောဟု မေးပုံတို့ကိုပင် အဝေးမှ မနာမကျင်နိုင်သော ပွဲကြည့်သမားကဲ့သို့သာ ထိတွေ့ပါတော့သည်။
ယူးလာ - ဗမာအမည်များကို အဖျားဆွတ်ခေါ်ကြသကဲ့သို့ ချက်ကိုယ်ပိုင်အမည်မျာကို ရင်းနှီးသည့်သ ဘော၊ ချစ်စနိုးသဘောဖြင့် တမျိုးပြင်၍ခေါ်လေ့ရှိကြသည်။ သို့ဖြင့် ယူးလိယုစ်အစား ယူးလာ သို့မဟုတ် ယူးလက်။ ဂုစတာအစား ဂုစတီနာ။ စသည်ဖြင့် ခေါ်ဝေါ်ကြသည်။
ကြာသာပတေးနေ့။
ကျွန်တော်သည် ပတ်ဝန်းကျင်ကို သိတတ်စပြုပါပြီ။ ကျွန်တော်နှင့်ထောင်ကျဘက် တဦးဖြစ် သော သူငယ်မှာ ကားရလစ် ဟုခေါ်သည်။ အရွယ်ပို၍ရင့်သော အခြားသူကား `အဘ´ ဟုအမည်တွင် သည်။ သူတို့က မိမိတို့၏ ဇာတ်လမ်းအဖြစ်အပျက်များကို ကျွန်တော့အား ပြောပြကြသည်။ သို့သော် အစစအရာရာတို့သည် ကျွန်တော်၏ခေါင်းတွင်း၌ ရှုပ်ထွေးကုန်လေသည်။ မိုင်းတွင်းတတွင်း။ ခုံတန်း လျားပေါ်တွင် ထိုင်နေကြသော ကလေးများ။ ခေါင်းလောင်းထိုးသံကို ကြားရသည်။ တနေရာ၌ မီး လောင်နေသည် ထင်သည်။ ဆရာဝန်တယောက်နှင့် အက်ဆက်စ် သူနာပြုတယောက် ကျွန်တော့်ထံ လာကြသည်ဟု ဆိုသည်။ ကျွန်တော်၏ အခြေအနေမှာ ထင်သလောက်မဆိုး၊ ပစ်တိုင်းထောင် ပြန်၍ ဖြစ်လိမ့်မည်ဟု ဆိုသွားကြသည်ဟူ၍ပြောသည်။ ယင်းသို့လျှင် `အဘ´ ကပြောသည်။ သူကလည်း အရေးတယူပြန်ပြော၊ ကားရလစ်ကလည်း အားတက်သရောကြီး ထောက်ခံပြန်သောကြောင့်၊ ဝေဒနာ ကို ကိုယ်တိုင်ခံစားနေရသော ကျွန်တော့်မှာ စေတနာနှင့်လည်ဆယ်ကြရှာသည်တကား ဟူ၍သာ သဘောပိုက်ရပါတော့သည်။ ကောင်းမွန်လှသော အသိုင်းအ၀ိုင်းပါပေ။ သူတို့ပြောသမျှ မယုံကြည်နိုင် သည့်အတွက်ပင် စိတ်မကောင်းဖြစ်ရပါသေးသည်။
နေ့လည်ပိုင်း
အကျဉ်းခန်းတံခါးပွင့်သွားကာ ခွေးတကောင်သည် အသံမမြည်ဘဲ ခြေဖျားထောက်၍ ပြေးဝင် လာသည်။ ကျွန်တော်၏ခေါင်းနားတွင်ရပ်တန့်ကာ စူးစူးစမ်းစမ်းကြည့်ရှုပြန်ပါသည်။ တဖန်ဖိနပ်ရှည်ကြီး နှစ်ရံ၊ ယခုတော့သိပါပြီ။ ဖိနပ်တရံကား ခွေးပိုင်ရှင်၊ ပန်းကရာ့စ် ထောင်မှူး၏ ဖိနပ်များဖြစ်လျက် အခြား ဖိနပ်တရံကိုပိုင်သူကား ထိုတညကျွန်တော့်ကို စစ်ဆေးမေးမြန်းကြစဉ် ကြီးမှူးခေါင်းဆောင်ခဲ့သော ကွန်မြူနစ်ဆန့်ကျင်ရေး ဌာနမှူးပင်ဖြစ်သည်။ ထို့ပြင် အရပ်ဝတ် အရပ်စားဘောင်းဘီ။ ကျွန်တော်၏ မျက်လုံးများသည် ထိုဘောင်းဘီတလျှောက် မော့၍ကြည့်လိုက်သည် ဟုတ်သည်၊ သူ့ကို ကျနော်သိ သည်။ ထိုသူကား ဖမ်းဆီးသည့်တပ်စိတ်ကို ခေါင်းဆောင်ခဲ့သည့် ပုလိပ်အရာရှိ ပိန်ပိန်ရှည်ရှည်ဖြစ် သည်။ သူသည် ကုလားထိုင်တလုံး၌ ၀င်၍ထိုင်ကာ ကျနော့်အား စစ်ဆေးမေးမြန်းပြန်ပါသည်။
- မင်းရဲ့ဇာတ်ကတော့ ပျက်ပါပြီကွာ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်လို့တော့ ရအုံးမယ်၊ ဖွင့်သာပြော ပေတော့။
သူက စီကရက်တလိပ်ထုတ်ပေးသည်။ ကျွန်တော်က လက်မခံ။ ထိုစီးကရက်ကို နိုင်အောင် ကိုင်နိုင်မည်လည်းမဟုတ်။
- မင်း ဘာ့က်စ် တို့အိမ်မှာ ဘယ်လောက်ကြာကြာနေခဲ့သလဲ။
ဘာ့က်စ်တို့အိမ် … ဒါကိုလဲ သိသကိုး … သူတို့ကို ဘယ်သူကများ ဖွင့်ပြောလိုက်ပါလိမ့်။
- ကဲ၊ မြင်တယ်မဟုတ်လား၊ ဒို့ အားလုံးသိတယ်ကွ။ အကုန်သာ ဖွင့်ပြောပေတော့။
ခင်ဗျားတို့ အကုန်လုံးသိတယ်ဆိုယင်၊ ကျုပ်က ဘာများထပ်ပြီးပြောနေရအုံးမှာလဲ။ ကျုပ်ဟာ ကျုပ်ရဲ့ဘ၀ကို အလဟဿဖြုန်းတီးခဲ့တဲ့ လူစားးမဟုတ်ဘူး၊ ဒီဘ၀ရဲ့ အဆုံးသတ်ကိုလဲ အပျက်ဆီးခံ မှာမဟုတ်ဘူး။
စစ်ဆေးခြင်းကား တနာရီကြာသည်။ မငေါက်မငန်း။ မေးခွန်းကို စိတ်ရှည်လက်ရှည် ထပ်၍ ထပ်၍ ကြော့သည်။ အဖြေမရလျှင် ဒုတိယမေးခွန်း၊ တတိယမေးခွန်း၊ ဒဿမ။ ဆင့်၍ဆင့်၍လာသည်။
- ဒါလောက်တောင် ထိုင်းရသလားကွ။ ဒါအဆုံးသတ်ပဲဟာ။ နားလည်လား။ မင်းတို့ လုံးလုံးကြီးရှုံးပြီပဲ။
- ရှုံးတာက ကျုပ်တယောက်တည်း ရှုံးတာပါ။
- ကွန်မြူးန်တွေ နိုင်လိမ့်မယ်လို့ ယုံတုန်းပဲလား။
- ဒါပေါ့။
- ခုထက်ထိ ယုံတုန်းပဲတဲ့လား - တာဝန်ခံက ဂျာမန်ဘာသာဖြင့် မေးသည်ကို၊ အရာရှိ အရပ်ရှည်ရှည် က ဘာသာပြန်ပေးသည် - ရုရှတွေ အနိုင်ရလိမ့်မယ်လို့ ယုံတုန်းပဲတဲ့လား။
- ဒါပေါ့၊ အဆုံးသတ်ဟာ ဒီတလမ်းပဲရှိတာ။
ကျွန်တော်ကား နွမ်းနယ်လျက်ရှိပြီ။ အငိုက်မိမသွားစေရန် ရှိသမျှအင်အားများဖြင့် တောင့်ထား ခဲ့သည်။ ယခုမူ ဒဏ်ရာနက်နက်မှ သွေးဒလဟောထွက်သကဲ့သို့ သတိလည်း ကျွန်တော့်ထံမှ လွတ်စ ပြုလေပြီ။ ကျွန်တော်အား လက်လှမ်းပေး၍ နှုတ်ဆက်သွားကြသည်ကို တွေ့ထိလိုက်သေးသည် - ပုံ ပန်းအားဖြင့် ကျွန်တော်၏ နဖူးပြင်ပေါ်တွင် သေမင်း၏အမှတ်အသားကို ဘတ်ကြားမိကြဟန်တူသည်။ မှန်ပေသည်။ အချို့သော် တိုင်းပြည်များမှ အာဏာပါးကွက်သားတို့သည်၊ အမိန့်အတိုင်း မကွပ်မျက်မီ၊ သေဒဏ်သင့်သူ၏နဖူးကို နမ်းရှုံ့သောဓလေ့မျိုးပင် ထားခဲ့ဘူးကြသည် မဟုတ်လော။
ညနေပိုင်း။
လက်ယှက်ထားသည့် လူနှစ်ယောက်သည်၊ တယောက်နောက်မှ တယောက် ၀ိုင်းကြီးပတ် လည် လျှောက်နေကြသည်။ စိတ်မချမ်းမြေ့စရာ ဓမ္မသီချင်းတပုဒ်ကို အတိုင်အဖောက်လည်း မညီဘဲ လေးတွဲ့သော အသံများဖြင့် သီဆိုနေကြသည်။
“နေမင်း၏ ရောင်ခြည်များနှင့်
ကြယ်ပွင့်တို့၏ အလင်းရောင်များသာ
ကျွန်ုပ်တို့အတွက် ကွယ်ပျောက်ခဲ့သော် ...”
အမလေး ... ကိုယ့်လူတို့ ... ကိုယ့်လူတို့ကလဲဗျာ။ တော်ကြစမ်းပါတော့။ ခင်ဗျားတို့သီချင်းက ကောင်းယင်တော့ ကောင်းမှာပါ၊ ဒါပေမယ့် ဒီနေ့ဟာ မေဒေးအကြိုနေ့ခင်ဗျ။ မေဒေးဆိုတာ လူ့လောက တ၀ှမ်းလုံးမှာ အလှပဆုံး၊ အရွင်ပြဆုံးပွဲတော်မဟုတ်လား။ ကျွန်တော်သည် လန်းဆန်းသော သီချင်း တပုဒ်ကို ဆိုကြည့်သည်။ သို့သော် ကားရလစ်က တဘက်သို့လှည့်သွား၍ အဘခမြာ မျက်ရည်သုတ်ရ သည့်အထိ၊ ပို၍စိတ်မချမ်းမြေ့စရာဖြစ်သွားပုံရသည်။ သို့သော် ကျွန်တော်က အညံ့မခံဘဲ ဆက်၍ဆို သွားသည်တွင်၊ သူတို့လည်း ရော၍၀င်လာကြသည်။ ကျွန်တော်လည်း စိတ်ကျေနပ်စွာ အိပ်ပျော်သွားပါ တော့သည်။
မေဒေးနေ့၏၏ နံနက်စောစောပိုင်း။
ထောင်မြှော်စင်မှ နာရီသည် သုံးချက်တိတိ ရိုက်ခတ်လိုက်လေသည်။ ထိုအသံကို ပဌမဦးဆုံး အကြိမ် ကြည်ကြည်လင်လင်ကြီးကြားရသည်။ အဖမ်းခံရသည့် အချိန်မှစ၍တွက်လျှင် ပြည့်ပြည့်၀၀ သတိပြန်လည်သည်မှာ ယခအခါ ပဌမဆုံးအကြိမ်ဖြစ်လေသည်။ သန့်ရှင်းသောလေပြေသည် ပြူတင်း ပေါက်မှလျှံဆင်းလာလျက်၊ ကြမ်းပေါ်ရှိကျွန်တော်၏ ကောက်ရိုးမွေ့ရာကို ဆွ၍နေသည်။ တမဟုတ်ချင်း ပင်၊ ကောက်ရိုးစများသည် ကျွန်တော်၏ ရင်ပတ်နှင့်ဝမ်းဗိုက်အား တင်းတင်းကြပ်ကြပ်ကြီး တွန်းထိုးနေ ကြသည်ကို ခံစားရသည်။ တကိုယ်လုံးတွင်လည်း တကွက်မျှမလပ်အောင် အကိုက်အခဲပေါင်း တ ထောင်ဖြင့် ကိုက်ခဲနာကျင်နေကာ၊ အသက်ရှူရလည်း ကြပ်တည်းလာသည်။ ထိုအခိုက်၊ ပြူတင်းပေါက် ကိုဖွင့်လိုက်သကဲ့သို့ ရှင်းလင်းပြတ်သားသော အသိဓာတ်လည်းပေါ်လာသည်။ ကျွန်တော်ကား အသက်ငင်နေလေပြီ။
သေမင်းကြီး ခင်ဗျားကို စောင့်နေလိုက်ရတာဗျာ၊ ကြာလှပါပြီကော။ ဒါနဲ့များတောင် ဟိုတ လောတုန်းကဆိုရင် ခင်ဗျားနဲ့တွေ့ဘို့နှစ်တွေ အမြောက်အများလိုသေးတယ်လို့ ထင်နေသေးတယ်။ လွတ်လပ်တဲ့လူ့ရဲ့ဘ၀ကို ပြန်ရောက်လိမ့်အုံးမယ်၊ အလုပ်တွေအများကြီး လုပ်နိုင်အုံးမယ်၊ အချစ်စိတ် တွေအများကြီးမွေး၊ သီချင်းတွေအများကြီးဆို၊ ကမ္ဘာတ၀ှမ်းလုံးကိုလဲ လျှောက်ပြီးလေလွင့်လိုက်အုံးမယ် လို့တောင် မျှော်လင့်နေခဲ့သေးတယ်၊ အမှန်က ကျွန်တော်ဟာ အခုမှ အတောင်အလက်စုံစပြုရတာပါ။ အားတွေလဲ အများကြီး ... အများကြီးရှိနေခဲ့သေးတယ်။ အခုတော့ ဒီအားတွေ ဘာမှမရှိတော့ဘူး။ ကုန်လုပါပြီ။
ကျွန်တော်ဟာ ဘ၀ကိုချစ်ခဲ့တယ်။ ဘ၀ရဲ့အလှအတွက် စစ်မြေပေါ်ကို ကျွန်တော်ထွက်ခဲ့တယ်။ လူအပေါင်းတို့၊ ခင်ဗျားတို့ကို ကျွန်တော်ချစ်ခဲ့တယ်။ ဒီအချစ်ကို ခင်ဗျားတို့က တုံ့ပြန်ကြတဲ့အခါမှာ ကျွန် တော်ဟာ ပျော်ရွှင်နေခဲ့တယ်။ ကျွန်တော့်ကို ခင်ဗျားတို့နားမလည်ကြတဲ့အခါမှာတော့၊ စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ ကျွန်တော်ဟာ တစုံတယောက်ကို ထိခိုက်စရာလုပ်မိခဲ့မယ်ဆိုရင် ကျွန်တော့်ကိုခွင့် လွှတ်ကြပါ။ ကျွန်တော်က တစုံတဦးကို စိတ်ချမ်းမြေ့စရာပြုလုပ်ခဲ့တယ်ဆိုရင် အဲဒီကိစ္စကို မေ့သာပစ် လိုက်ပါတော့။ ၀မ်းနည်းမှုဆိုတာဟာ ကျွန်တော့်န်ာမည်နဲ့ ဘယ်တော့မှ တွဲမနေပါစေနဲ့။ အဲဒါပဲ ကျွန်တော့်ရဲ့ သေတမ်းစာ။ ဒီသေတန်းစာဟာ ဖေဖေ၊ မေမေ၊ ကိုကို့ညီမလေးတို့ဘို့။ ပြီးတော့ မင်းဘို့ကွဲ့ မောင့်ဂုစတီနာ။ ရဲဘော်တို့၊ ဒီသေတန်းစာဟာ ခင်ဗျားတို့ဘို့၊ ကျွန်တော်ခင်မင်ခဲ့တဲ့ လူတွေအားလုံး အတွက်ပါပဲ။ ပူဆွေးမှုဆိုတဲ့ သဲမှုန့်တွေ မျက်လုံးထဲဝင်နေတာကို၊ မျက်ရည်က ဆေးကျောပစ်နိုင် တယ်ဆိုယင်တော့၊ ခဏတဖြုတ်လောက်ငိုကြပေါ့။ ဒါပေမယ့် ယူကြုံးမရဖြစ်မနေကြပါနဲ့။ ကျွန်တော် လောကကြီးမှာ နေခဲ့တာဟာ ပျော်ရွှင်မှုအတွက်ပါ။ အခုလဲ ပျော်ရွှင်မှုအတွက် အသက်ကိုပေးတော့ မယ်။ ကျွန်တော့်ဂူပေါ်မှာ ၀မ်းနည်းမှုနတ်သ္မီးရဲ့ရုပ်တုကို တင်ထားကြမယ်ဆိုရင်တော့ ကျွန်တော့်အပေါ် မတရားရာကျနေလိမ့်မယ်။
မေဒေးနေ့။ ဤအချိန်များဝယ်၊ ကျွန်တော်တို့သည် မြို့ဆင်ခြေဖုံးများ၌ အိပ်ရာမှထ၊ အလံများ ကို ပြင်ဆင်ခဲ့ကြသည်။ ဤအချိန်များတွင် မေဒေးနေ့ စီတန်းလမ်းလျှောက်ပွဲအတွက်၊ မော်စကိုမြို့တော် လမ်းမများပေါ်၌ ပဌမလူစုလူဝေးများ ပေါ်လာစမြဲဖြစ်သည်။ ယခုအချိန်တွင်ကား သန်းပေါင်းများစွာ သောလူတို့သည် မနုဿလူသား၏ လွတ်မြောက်ရေးအတွက် နောက်ဆုံးတိုက်ပွဲကြီး ဆင်နွှဲနေကြ လေပြီ။ ယင်းတိုက်ပွဲတွင် လူပေါင်း ထောင်ပေါင်းများစွာလည်း ကျဆုံးနေကြသည်။ ထိုကျဆုံးသူတို့တွင် ကျွန်တော်လည်း တယောက်အပါအ၀င်ဖြစ်သည်။ ဤစာရင်းထဲတွင် ပါဝင်ရခြင်း၊ နောက်ဆုံးတိုက်ပွဲ ၀င်နွှဲသူတို့၏ စာရင်းတွင် ပါဝင်ရခြင်းကား ကောင်းမွန်လှပေစွ။
သို့သော် သေဇောင်နေခြင်းကား မကောင်း။ မွန်း၍နေသည်။ အသက်မရှူနိုင်။ လည်ချောင်းထဲ တွင်လည်း ဂလိုင်ခြစ်သံကို ကြားရသည်။ ဒီအသံကြောင့် ထောင်ကျဘော် ထောင်ကျဘက်များ နိုးသွား မည်ကို စိုးရသေးသည်။ အကယ်၍ ရေအနည်းငယ်နှင့် ဆွတ်လိုက်ရမည်ဆိုလျှင် ... သို့သော် ခရား တွင်းမှရေကား ကုန်နေလေပြီ။ ကျွန်တော်နှင့် ခြေလှမ်းခြောက်လှမ်းမျှအကွာ၊ အကျဉ်းခန်းထောင့်ရှိ ကမုတ်ထဲတွင်ကား ရေလိုချင်သလောက်ရနိုင်မည်။ သို့သော် ထိုနေရာသို့ အရောက်သွားရန် အားရှိမှ ရှိပါမည်လော။
သေခြင်း၏ဂုဏ်ရည်သည် မည်သူတဦးတယောက်ကိုမျှ မနှိုးမိခြင်းအပေါ်တွင်တည်နေဘိသည့် အလား၊ ကျွန်တော်သည် တိတ်ဆိတ်ငြိမ်သက်စွာ တွား၍တွား၍သွားသည်။ သို့နှင့် လိုရာသို့ရောက် သွားကာ၊ ရေဆွဲအိမ်သာ ကမုတ်တွင်းမှရေကို တကျိုက်ပြီးတကျိုက် သောက်နေခဲ့ပါသည်။ ထိုသို့ရေ သောက်နေသည်မှာ မည်မျှကြာသွားသည်မသိ၊ ပြန်၍တွားသွားသည်မှာလည်း မည်မျှကြာသည်မသိ။ သတိဟူသ၍ကား ကျွန်တော့်ထံမှ ဖယ်ခွာစပြုနေပြန်သည်။ ကျွန်တော်သည် လက်မောင်းမှ သွေးကျော ကို စမ်းကြည့်မိသည်။ အထိအတွေ့ဟူ၍ လုံးဝမခံစားရ။ ကျွန်တော်၏နှလုံးသည် လည်ချောင်းအထိ ထိုး တက်သွား၍ ယခုပြင်းထန်သော အဟုန်ဖြင့် အောက်သို့ကျလာသည်။ ကျွန်တော်သည် ထိုနှလုံးသား နှင့်အတူ ကျဆင်းလာသည်။ အကြာကြီးပင် ကျဆင်းနေခဲ့သည်။ လမ်းခုလတ်တွင် ကားရလစ်၏အသံ ကို ကြားလိုက်ရသေးသည်။
- အဘ၊ အဘ၊ ကြားလားဗျို့၊ ဒီလူ့ခမျာ တည်းတည်းကလေးပဲ ကျန်တော့တယ်။
... ... ... ... ... ... ... ... ... ... ...
နံနက်ပိုင်းတွင် ဆရာဝန်ရောက်လာသည်။
သို့သော် ထိုအဖြစ်အပျက်များကား နောက်အတော်ကြီးကြာမှ ပြန်လည်ကြားသိရခြင်းဖြစ် သည်။
ဆရာဝန်ရောက်လာ၍ ကျွန်တော့်အား စမ်းသပ်ကြည့်ကာ၊ ခေါင်းကိုခါလေသည်။ နောက်ဆေး ခန်းသို့ပြန်သွား၍၊ ယမန်နေ့ညက ကျွန်တော့်အမည်တပ်ကာ၊ အသင့်ပြင်ထားခဲ့သော သေစာရင်းလက် မှတ်ကို ဆုတ်ပစ်လိုက်သည်။ ၎င်းနောက် ကျွမ်းကျင်သော ပညာရှိ၏၀န်ခံချက်အနေဖြင့် ကျေညာသမှု ပြုလိုက်လေသည်။
- သန်လိုက်တဲ့ ဖြစ်ခြင်း၊ မြင်းနဲ့တောင် နင်လားငါလားပဲ။

Read More...

Thursday, 6 December 2007

ခြင်္သေ့မင်းကဲ့သို့သော ပြည်သူ၊ ခွေးနှင့်တူသော စစ်အုပ်စု

(ကိုရင်ဒေါင်း)

၁။
“ခြင်္သေ့ဟာ သူ့ကိုပစ်လိုက်တဲ့ အဆိပ်လူးမြား လာရာအရပ်ကို ရှာဖွေကြည့်ရှုတယ်။”
“ခွေးသတ္တ၀ါကတော့ သူ့အပါး ကျလာတဲ့ ခဲလုံးကိုသာ ဒေါသတကြီးလိုက်လံ ကိုက်ခဲတယ်။”
ခြင်္သေ့နဲ့ ခွေးသတ္တ၀ါ မကွာလား ?
အမြော်အမြင်ရှိသူများဟာ ပြ၏နာ သန္ဓေတည်မွေးဖွားရာ အကြောင်းတရားကို ရဲရဲရှာဖွေဖော်ထုတ်တယ်။ အရင်းခံအကြောင်းတရားကိုပယ်သတ်ပြီး ဖြစ်ပေါ်နေတဲ့အကျိုး ဆက်ဆိုးကျိုးကို ချုပ်ငြိမ်းစေတယ်။
လူ့အန္တတွေကတော့ ပြဿနာရဲ အရင်းခံအကြောင်းတရားကို မရှာဖွေ။ မပယ်သတ်ဘဲ ဖြစ်ပေါ်နေတဲ့ရလဒ် ဆိုးကျိုးကိုသာ ဆတက်ထမ်းပိုး တိုးပွားစေတယ်။

မြန်မာပြည်သူတွေ ဒုက္ခပင်လယ်ဝေနေရတဲ့ ပင်မအကြောင်းခံတရားဟာ စစ်အာဏာ ရှင်စနစ် ဖြစ်တယ် ဆိုတာကို ၂၀၀၇-စက်တင်ဘာ လူထုအရေးတော်ပုံကြီးကတဆင့် ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေက ဖော်ထုတ်ပြသခဲ့ကြတယ်။ ရလဒ်ဆိုးကျိုးကို ချုပ်ငြိမ်းစေဖို့။ စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းပြီး တွေ့ဆုံဆွေးနွေး အဖြေရှာရေးကတဆင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆီ ခရီးနှင်ဖို့လည်း အမြော်အမြင်ရှိစွာ တောင်းဆိုခဲ့ကြတယ်။
နအဖ စစ်အုပ်စုကတော့ သူ့ဆီပစ်လိုက်တဲ့ခဲလုံးကို ဒေါသတကြီး လိုက်ကိုက်တဲ့ခွေးလို ငြိမ်းချမ်းစွာအရေး ဆိုလာတဲ့ ရဟန်းရှင် လူပြည်သူတွေကိုပဲ ရန်မူခဲ့တယ်။ လက်နက်နဲ့အကြမ်း ဖက်ဖြိုခွဲခဲ့တယ်။ လူထုအရေးတော်ပုံများ ရဲ့ ဓမ္မတာအတိုင်း စက်တင်ဘာအရေးတော်ပုံကြီး ဟာလည်း လှိုင်းလုံးသ္ဂန် နိမ်တုံ မြင့်တုံဆောင်ခဲ့ပေမဲ့ ဦးကျိုးမသွားခဲ့ဘူး။ နအဖ စစ်အုပ်စုသာ ပြည်သူတွေရဲ့ တံတွေးမြစ်မှာ ဂျွမ်းထိုးမှောက်ခုံ မြောခဲ့ရတယ်။
ပြည်သူတွေရဲ့ အမြော်အမြင်ရှိတဲ့တောင်းဆိုချက်တွေကို ဥပက္ခာပြုခဲ့တဲ့ စစ်အုပ်စုဟာ နိုင်ငံရေးအရ ခံစစ်ဘ၀ကို လုံးလုံးကျရောက်နေရပြီ။ စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ် အပြီး အပိုင် ကျဆုံးတဲ့အထိ ဆက်လက်တိုက်ပွဲ ၀င်ကြရလိမ့်ဦးမယ်။
၂။
အမှန်နဲ့အမှားရဲ့အားပြိုင်ပွဲမှာ အဆုံးတနေ့ အမှန်ကသာ အောင်ပွဲခံရမှာပဲ။ ဒါဟာ ရှောင်လွဲ မရတဲ့ နိယာမဧကန်သဘောဖြစ်တယ်။ တချိန်တည်းမှာဘဲ တပွဲချင်းနဲ့ ရေတိုသဘောမှာတော့ ပြိုင်ဘက်ထက်သာလွန်တဲ့ လူထုအင်အားကို မစုစည်းနိုင်ရင် ယာယီအရေးမသာမှုတွေ တွေ့ရ မြဲဖြစ်တယ်။
ဒါကြောင့် အမှန်တရားရဲ့ အဆုံးတနေ့အောင်မြင်ရမှု။ ယာယီအရေးနိမ့်ရမှုနဲ့ အမှား တရားရဲ့ ယာယီအောင်မြင်မှု။ အဆုံးတနေ့မှာရှုံးနိမ့်ရမှုများနဲ့ပတ်သက်လို့ လက်တွေကျကျ ဆင်ခြင်ကြည့်မြင်ကြဖို့လိုတယ်။ အကောင်အထည်မဲ့ ယုံကြည်မှုသက်သက် တခုတည်းနဲ့တော့ အမှန်တရားရဲ့အောင်ပွဲကို ဆုပ်ဆုပ်ကိုင်ကိုင် ရရှိနိုင်မှာ မဟုတ်ဘူး။ ကိုယ့်ဘက်က မှန်နေပါ လျက်နဲ့ ဘာကြောင့် အရေးနိမ့်ရသလဲ။ ဆန့်ကျင်ဘက်က မှားနေပါလျက်နဲ့ ဘာကြောင့် အရေးသာသွားရသလဲ ဆိုတာတွေကို မှန်ကန်စွာနားလည်နိုင်မှာမဟုတ်ဘူး။ ဖြတ်သန်းခဲ့တဲ့ တိုက်ပွဲရဲ့ သင်္ခန်းစာတွေကိုလည်း မှန်ကန်စွာနိဂုံးချုပ်နိုင်မှာမဟုတ်ဘူး။ ဒီအခါမျိုးမှာ မမြင်ရတဲ့ ကံတရားဟာ ကိုးကွယ်ရာ ဖြစ်လာတတ်ပြီး ကိုယ့်အချင်းချင်းကဲ့ရဲ့သင်္ဂြိုလ် အတင်းဆိုမှုတွေနဲ့ ညီညွတ်ရေးထိခိုက်မှုဆီ ဦးတည်သွားတတ်ကြတယ်။
တကယ်တော့ အမှန်တရားဆိုတာ လူ့အဖွဲ့အစည်းနဲ့ ကင်းလွတ်တည်ရှိနေတာ မဟုတ် ဘူး။ ကျနော့်တို့ ပြောဆိုနေတဲ့ အမှန်တရားဆိုတာ အဖိနှိပ်ခံပြည်သူတွေရဲ ဘ၀တိုက်ပွဲအတွင်း က အတွေ့အကြုံအဆက်ဆက်ကို စုစည်းပေါင်းချုပ်ထားတဲ့ အကောင်အထည်မဲ့ တန်ဖိုး သဘောတရားတခုပဲ။ ပြည်သူတွေအတွက် မှန်ကန်တဲ့တန်ဖိုး သဘောတရားတခုဟာ ဖိနှိပ် အုပ်စိုးသူ အဓမ္မ၀ါဒီတွေအတွက်တော့ အမှားတရားသာဖြစ်တယ်။ ပြည်သူတွေက ဖိနှိပ်မှု အောက်က လွတ်မြောက်အောင်ရုန်းကန်တိုက်ပွဲဝင်တာကို မှန်တယ်လို့ယုံကြည်ပေမဲ့ ဖိနှိပ် အုပ်စိုးသူတွေကတော့ အဲဒါကိုဆူပူအုကြွမှု မင်းမဲ့လုပ်ရပ်လို့မြင်တယ်။ လူထုအုကြွမှုကို အကြမ်းဖက်ဖြိုခွဲတဲ့ သူတို့လုပ်ရပ်ကို တရားတယ်လို့မြင်တယ်။ ဒါကြောင့်လဲ ပြည်သူတွေရဲ့ ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ လူမျိုးတိုင်း တန်းတူသွေးစည်း ရေးလှုပ်ရှားမှုတွေကို ဆူပူသောင်းကျန်းမှုတွေအဖြစ် လက်နက်အားကိုး ဖြိုခွဲကြတာဖြစ်တယ်။
တရားဆိုတာ အကောင်အထည်မဲ့သဘောပဲ။ အမှန်တရားတခုဟာ မှန်နေပေမဲ့ အခိုင် အမာအကောင်အထည်ဖြစ်လာအောင် အသက်မသွင်းနိုင်ရင် သူရဲ့မှန်ကန်မှုနဲ့ အစွမ်းသတ္တိ ခွန်အားကို မပြနိုင်ဘူး။ စိတ်ကူးပုံပြင်ထဲက တန်ခိုးရှင်ထက် ဘာမှမလိုဘူး။ ဖိနိုပ်မှုအောက်က လွတ်မြောက်လိုကြတဲ့ ပြည်သူတွေဟာ မိမိတို့ဘ၀တိုက်ပွဲ များစွာအတွင်းက စုစည်းပေါင်းချုပ် ချက် အကောင်အထည်မဲ့ အမှန်တရားကို အကောင်အထည်ဖြစ်လာအောင် လက်တွေ့နဲ့ အသိရှိရှိပေါင်းစပ်ကြရမြဲဖြစ်တယ်။ အဲဒီအခါကျမှသာ အကောင်အထည်မဲ့ အမှန်တရား ၀ိဥာဉ် ဟာ အခိုင်အမာကိုယ်ထည် ဖြစ်တည်လာပြီး အံ့မခန်းတဲ့တိုက်ပွဲဝင်အင်အားကြီးအဖြစ် အသက်ဝင် ရုန်းကြွလာတာ ဖြစ်တယ်။ ဒါကို ပြည်တွင်း ပြည်ပ ပြည်သူ့အရေးတော်ပုံများစွာက သက်သေပြခဲ့ပြီးပြီ။
၃။
အားပြိုင်ပွဲတခုအတွင်းမှာ ပေါင်းစည်းနေတဲ့ ဘက်နှစ်ဘက်ဟာ နှစ်ဘက်စလုံးက အနိုင်ရချင် ကြသလို။ နှစ်ဘက်စလုံးကပဲ အရှုံးမပေးလိုကြဘူး။ ဒါပေမဲ့ အခိုင်အမာအားပြိုင်မှုဆိုတာ ကာလအကန့်အသတ်မဲ့မဟုတ်ဘူး။ ကာလအကန့်အသတ်ဆုံမှတ်တခု ရောက်ရင်တဘက် ကရှုံးပြီး။ တဘက်ကနိုင်ရမှာပဲ။
အများသိတဲ့အတိုင်း အဆုံးတနေ့မှာ အမှန်က အမှားအပေါ်မုချအောင်ရမှာပဲ။ ဒါပေမဲ့ ဒါဟာ အကောင်အထည်မဲ့ သဘောတရားမျှသာ ဖြစ်တယ်ဆိုတာ သတိချပ်သင့်တယ်။
အခိုင်အမာကျတဲ့ အနိုင်အရှုံးဆိုတာကတော့ အကောင်အထည်မဲ့သဘောတရား သက်သက်မဟုတ်ဘူး။ လက်တွေ့အခိုင်အမာတိုက်ပွဲရဲ့ သင်္ကေတဖြစ်တယ်။ တိုက်ပွဲတပွဲချင်း ရဲ့ အနိုင်အရှုံးကို ဆုံးဖြတ်တာဟာ ဘယ်ဘက်ကမှန်တယ်။ မှားတယ်ဆိုတာ တချက်တည်း အပေါ်မှာမတည်ဘူး။ ဘယ်ဘက်က တိုက်ပွဲလိုအပ်ချက်အင်အား (လူ။ စိတ်ဓာတ်။ ရုပ်ဝတ္တု) တွေကို ဆန့်ကျင်ဘက် ထက်သာလွန်အောင် စုစည်းအသုံးချနိုင်ခြင်း ရှိမရှိအပေါ်မှာတည် တယ်။ အမှန်တရား (ပြည်သူ) ဘက်ကရပ်တည်တဲ့တိုင်အောင် အဲဒီအမှန် တရား သက်ဝင်ရုန်း ကြွလာစေမယ့် လက်တွေ့စည်းရုံးပြင်ဆင်မှုတွေမဲ့နေရင်။ ဒါမှမဟုတ် အနိမ့်ဆုံးလိုအပ်ချက် မပြည့်မီရင် တပွဲချင်းမှာ မလွဲမရှောင်သာ အရေးမသာမှုကြုံရမှာပဲ။
ပြည်သူဆန့်ကျင်ရေး အဓမ္မ၀ါဒီများဖြစ်နေတဲ့တိုင်။ လက်နက်တခုတည်းကိုသာ အင် အားအဖြစ် အကြွင်းမဲ့ယုံကြည်ထားတဲ့ စစ်ဝါဒီများဖြစ်နေတဲ့တိုင် သူတို့ကိုင်စွဲထားတဲ့ အမှားတ ရားကို ခိုင်မာတိကျတဲ့ စည်းရုံးပြင်ဆင်မှုများနဲ့ အသက်သွင်းပြီး လက်ဦးမှုရှိရှိ အသုံးချနိုင်ရင် တပွဲချင်းအရအရေးသာမှုတွေ ရကြတာပဲ။ အဓမ္မ၀ါဒီတွေဟာ သူတို့ရဲ့ဒီလိုတပွဲချင်းအရ အရေး သာမှုတွေကို စဉ်ဆက်မပြတ်ထိန်းသိမ်းရင်း သက်ဆိုးရှည်အောင် ကြိုးပမ်းနေကြတာဖြစ် တယ်။ ဒါကိုလည်း ပြည်တွင်းပြည်ပ အမှန်နဲ့အမှားတို့ရဲ ရှည်ကြာတဲ့ တိုက်ပွဲသမိုင်းအတွေ့ အကြုံက သက်သေပြ၊ အတည်ပြုပေးခဲ့ပြီးပြီ။
၎။
အာဏာလက်ရှိ အဓမ္မ၀ါဒီ နအဖစစ်အုပ်စုဟာ အာဏာကိုအသုံးပြုပြီး ပြည်သူကိုဖိနှိပ် သတ်ဖြတ်ဖို့ စစ်တပ်၊ ပုလိပ်၊ တရားရုံး၊ အကျဉ်းထောင် စတဲ့ဖိနှိပ်ရေးယနျွှရားတွေကို အသင် ထူထောင်ထားပြီးဖြစ်တယ်။ သူတို့ရဲ့ ပြည်သူဖိနှိပ်ရေးပေါ်လစီတွေကို အသက်ဝင်လှုပ်ရှား လာအောင် အခိုင်အမာစည်းရုံးဖွဲ့စည်းမှုတွေနဲ့ လက်တွေ့ ပေါင်းစပ်ကြတာဖြစ်တယ်။ ဒါကြောင့် လည်း အဓမ္မ၀ါဒီစစ်အုပ်စုဟာ ပြည်သူဖိနှိပ်ရေးအတွက် အခိုင်အမာဆောင်ရွက်ရာမှာ ပြည်သူ တွေထက်သာလွန်ပြီး လက်ဦးမှုရယူနိုင်ကြတာပဲ။ ဒီလိုလက်ဦးမှုရယူနိုင်လို့ လည်း တပွဲချင်းမှာ အသာရသွားကြတာဖြစ်တယ်။ တခွန်းတည်းပြောရရင် လက်ဦးမှုဆိုတာ တပွဲချင်းအရ အာဏာ ရနေသူတွေရဲ့ လက်ထဲမှာ ရှိနေတယ်ဆိုတာပဲ။
အဖိနှိပ်ခံပြည်သူလူထကြီးဟာ အဖိနှိပ်ခံဘ၀က လွတ်မြောက်လိုကြတာဓမ္မတာပဲ။ အဲဒီအတွက် ရုန်းကန်တိုက်ပွဲဝင်ကြတာဟာလည်း တရားတာပဲ။ ဒါပေမဲ့လူတန်းစား။ လူ့ အလွှာတွေအဖြစ် အထပ်ထပ်။ အလွှာလွှာကွဲပြားနေတဲ့ ပြည်သူလူထကြီးကို အတွေးအခေါ် အရ။ နိုင်ငံရေးအရ။ စည်းရုံးရေးနဲ့လုပ်ဟန်အရ မစုစည်းနိုင်ရင် စစ်အုပ်စုထက်သာလွန်တဲ့ တိုက်ခိုက်ရေးအား ဖြစ်မလာနိုင်ဘူး။ ခိုင်မာသွေးစည်းတဲ့ လူထုညီညွတ်ရေး ဆိုတာမျိုးဟာ အလိုအလျောက်ဖြစ်လာနိုင်တာမျိုးမဟုတ်။ သိစိတ်ရှိရှိ အခိုင်အမာစုစည်းမှရနိုင်တာမျိုးဖြစ် တယ်။ စုစည်းညီညွတ်တဲ့ လူထုအားနဲ့ ရန်သူကိုတိုက်ရင်း လက်ဦးမှုမဲ့ရာက ရှိရာကိုကူးပြောင်း ယူရတာဖြစ်တယ်။ လက်ဦးမှုကို အဆက်မပြတ် တိုးချဲရာက နောက်ဆုံးလက်ဦးမှုကို ပိုင်ပိုင် နိုင်နိုင်မလွတ်တမ်း ဆုပ်ကိုင်နိုင်တဲ့အချိန်ဟာ အောင်ပွဲရချိန်ပဲ။
ဒါကြောင့် ပြည်သူတွေအနေနဲ့ တိုက်ပွဲမှာလက်ဦးမှုရအောင်။ တိုက်ပွဲအဆုံးသတ်အထိ လက်ဦးမှုကို မလွတ်တမ်းဆုပ်ကိုင်ထားနိုင်အောင် အားလုံးဝိုင်းဝန်းပြင်ဆင်ကြရမှာပဲ။
၅။
နောက်ထပ်လာမယ့် လူထုတိုက်ပွကြီးအတွက် ပြင်ရေးကို ဘယ်သူတွေ တာဝန်ယူမ လဲ။ ဘယ်နည်းနာ တွေနဲ့ပြင်ကြမလဲ။
ဓမ္မတာပဲ ရှည်ကြာတဲ့ လူထုတိုက်ပွကြီးအတွင်းက ထွက်ပေါ်လာတဲ့။ သက်ဆိုင်ရာ လူတန်းစား။ လူ့အလွှာ အသီးသီးကို ကိုယ်စားပြုတဲ့ လက်ရှိတိုက်ပွဲဝင်နေဆဲ ဥပဒေတွင်း။ ဥပဒေပနိုင်ငံရေးပါတီများ တက်ကြွတဲ့တိုက်ပွဲဝင် အစုအဖွဲ့များ။ တကိုယ်တော်တိုက်ခိုက်ရေး သမားများစတဲ့ ပြည်သူ့ဘက်တော်သားများက ကိုယ်နိုင်တဲ့ဝန်ကိုထမ်းပြီး ပြင်ဆင်ကြရမှာပဲ။
ပြင်တဲ့နည်းနာကတော့ လျို့ဝှက်လုပ်ငန်းနဲ့ ပြောင်လုပ်ငန်း နည်းနှစ်နည်းနဲ့ပြင်ကြရ မယ် လို့ယူဆတယ်။
ပြောင်ပြင်ဆင်ရေးလုပ်ငန်းကို တရားဝင်NLD ပါတီနဲ့ အခြားပါတီများက သက်ဆိုင်ရာ ပါတီစည်းရုံးရေး လုပ်ငန်းများကို ဗဟိုပြုပြီးရသမျှ အခွင့်အရေးကို အသုံးချလုပ်ကိုင်ကြရမှာပဲ ဖြစ်တယ်။
လျို့ဝှက်ပြင်ဆင်ရေးမှာတော့ ဥပဒေပနိုင်ငံရေးပါတီများ။ အစုအဖွဲ့များ။ တသီးပုဂ္ဂလ များနဲ့ လျို့ဝှက်နည်းအရ။ စုစည်းထားတဲ့ ခေါင်းဆောင်မှုအဖွဲ့တခုရှိသင့်တယ်။ ဒါမှသာ တပြည် လုံးလက္ခဏာအရ လမ်းညွှန်သဘောထား။ စီမံချက်စတာတွေနဲ့ လိုအပ်သလို ထိန်းကျောင်း နိုင်မှာဖြစ်တယ်။
လျို့ဝှက်ပြင်ဆင်ရေးလုပ်ငန်းတွေထဲက အခြေခံကျတဲ့အချက်အချို့ကို အကြမ်းဖျင်း တင်ပြရရင် လျို့ဝှက် ခေါင်းဆောင်မှုအောက်ရှိ လိုင်းအသီးသီးဟာ အလုပ်သမား၊ လယ်သ မား၊ ကျောင်းသား၊ ရဟန်းသံဃာ၊ အမှုထမ်း၊ အသိပညာရှင်၊ အတတ်ပညာရှင်စတဲ့ လူထု လူတန်းစားအလွှာအသီးသီးအတွင်းက တက်ကြွသူအမာခံများကို မွေးမြူစုစည်းတာ။ တက်ကြွ သူအမာခံတွေကို အခြေခံပြီး လူတန်းစား။ လူ့အလွှာအလိုက် သမဂ္ဂတွေဖွဲ့စည်းတာ။ စစ်တပ်။ ရဲ၊ ကြံဖွံ့၊ မီးသတ်၊ ကြက်ခြေနီစတဲ့ စစ်အုပ်စုရဲ့အဖွဲ့အစည်းများနဲ့ အပစ်ရပ်အဖွဲ့ တွေထဲမှာ ‘လူထုတိုက်ပွဲ ထောက်ခံရေး’ အင်အားစုတွေ လျို့ဝှက်စုစည်းတာပါပဲ။ အနိမ့်ဆုံး အားဖြင့် ကြားနေအင်အားစုများ ရှိလာအောင် လုပ်ရေးဖြစ်တယ်။ ဒီလိုပြင်ဆင်ထားနိုင်မှ ဖွဲ့စည်းထားတဲ့ သမဂ္ဂတွေ၊ လူထုတိုက်ပွဲ ထောက်ခံရေးအစုတွေကို မဏ္ဏိုင်ပြုပြီး တောရောမြို့ပါမကျန် လူထု ပါဝင်လာရေး ဖြစ်နိုင်စရာရှိတယ်၊ အထွေထွေသပိတ်ကြီးအဖြစ် အချိန်တိုအတွင်း ကူးပြောင်း နိုင်မှာဖြစ်တယ်။ လက်ဦးမှုကိုလျင်မြန်စွာတိုးချဲ့ပြီး အဆုံးအဖြတ်ကျချိန်အထိဆုပ် ကိုင်ထားနိုင် မှာ ဖြစ်တယ်။
သင့်လျော်တဲ့ ပြင်ဆင်မှုမရှိဘဲ တိုက်ပွဲကာလအတွင်းမှာမှ လူထုလူတန်းစားအဖွဲ့အ စည်းတွေကို အရေးပေါ် ဖွဲ့စည်းရတာမျိုးဟာ တိုက်ပွဲလိုအပ်ချက်ကို အချိန်မီဖြည့်ဆီးနိုင်ဖို့ မလွယ်ဘူး။ အထွေထွေသပိတ်ကြီးအဖြစ် အချိန်တို အတွင်း ကူးပြောင်းနိုင်အောင် လုပ်ဖို့ခက် တယ်။
ဒီလိုပြောလို့ အလုံးစုံပြင်ပြီးမှ တိုက်ရမယ်လို့ ဆိုလိုတာမဟုတ်ဘူး။ လူထုတိုက်ပွဲဆို တာ အင်မတန် ကျယ်ပြန့် ရှုပ်ထွေးလေ့ရှိပြီး ကိုယ်ခန့်မှန်းတွက်ချက်ထားသလို ဖြစ်ချင်မှဖြစ် တတ်တာမျိုး ဘယ်အချိန် ဘယ်နေရာမှာ ဘယ်အကြောင်းအချက်ပေါ်အခြေခံပြီး စတင်ပေါက် ကွဲမယ်ဆိုတာလဲ ဘယ်သူမှ အတတ်သိနိုင်တာမဟုတ်ဘူး။ တိုက်ပွဲမဖြစ်ခင် ပြင်နိုင်သမျှပြင်။ တိုက်ပွဲဖြစ်လာတဲ့အခါ ပြင်ဆင်ပြီးသမျှနဲ့ အားဖြည့်၊ တိုက်ပွဲတွင်း ပြောင်းလဲလာတဲ့ အခြေ အနေသစ်တွေရဲ့ တောင်းဆိုမှုအရလည်းထပ်ပြင်။ ပြင်နေရင်းတိုက်ပွဲတိုက် ဆိုတဲ့နည်းနဲ့ ပျော့ ပြောင်းစွာ ပေါင်းစပ်ရတာမျိုးလို့ သဘောပေါက်တယ်။ ဒါကြောင့်ကြိုပြင်တာဟာ မပြင်တာ ထက်၊ နောက်ကျပြင်တာထက် အကျိုးများတာအမှန်ပဲ။
၆။
နောက်ဆက်တွဲလူထုတိုက်ပွကြီးအတွက် ပြောင်လုပ်ငန်း၊ လျို့ဝှက်လုပ်ငန်း နည်းနှစ် နည်းနဲ့ ပြင်ဆင်သင့် တယ်လို့ပြောခဲ့ပြီ။ ဒီနှစ်ခုဟာ အပေါ်ယံအရ လှုပ်ရှားရပုံမတူပေမဲ့ အတွင်း သဘောအရ လူထုလှုပ်ရှားမှု အောင်မြင်ရေး ရည်မှန်းချက်အတွက်ပဲဖြစ်တယ်။
တကယ်က ပြောင်လုပ်ငန်းနဲ့လျို့ဝှက်လုပ်ငန်းဟာ တခုကိုတခုဆန့်ကျင်နေတာ မဟုတ်ဘူး။ အပြန်အလှန် ထောက်ကူနေသာဖြစ်တယ်။ အထူးသဖြင့် ဥပဒေမဲ့စစ်အာဏာရှင် စနစ် အုပ်ချုပ်မှုအောက်မှာ လျို့ဝှက်လုပ်ငန်း ကောင်းအောင်လုပ်နိုင်လေ။ ပြောင်လုပ်ငန်း အတွက် အကျိုးများလေပဲ။ အပြန်အလှန်အားဖြင့် ပြောင်လုပ်ငန်းကို မိမိရရ အသုံးချနိုင်လေ။ လျို့ဝှက်လုပ်ငန်းကို ကျယ်ပြန့်နက်ရှိုင်းစွာလုပ်နိုင်လေပဲ။
လျို့ဝှက်လုပ်ငန်းနဲ့ ပြောင်လုပ်ငန်းဟာ အပြန်အလှန်ကူးပြောင်းတဲ့ သဘောလည်းရှိ တယ်။ တိုက်ပွဲစဉ်အတွင်း အခွင့်မသာတဲ့အခါ ပြောင်လုပ်ငန်းဟာ လျို့ဝှက်လုပ်ငန်းအဖြစ်ကူး ပြောင်းသွားလေ့ရှိပြီး။ အောင်ပွဲရတဲ့အခါ လျို့ဝှက်လုပ်ငန်းဟာ ပြောင်လုပ်ငန်းအဖြစ် ကူး ပြောင်းသွားတတ်တယ်။ ဒီသဘောကို အမျိုးသားလွတ်မြောက် ရေးကာလ လှုပ်ရှားမှုများနဲ့ လွတ်လပ်ရေးခေတ် လူထုတိုက်ပွဲများအတွင်းမှာ လေ့လာတွေ့ရှိနိုင်တယ်။
၂၀၀၇ စက်တင်ဘာအရေးတော်ပုံကြီး အတွင်းမှာလည်း သံဃာနဲ့ကျောင်းသားများဟာ တိုက်ပွဲလိုအပ် ချက်အရ ပြောင်လုပ်ငန်းနဲ့ လျို့ဝှက်လုပ်ငန်း အကြားအဆက်အစပ်ကို အပြန် အလှန်ကူးပြောင်း လှုပ်ရှားခဲ့ကြတာ သတိပြုလိုက်မိတယ်။ ဒီလိုပြောင်းလွယ်ပြင်လွယ် လုပ်နိုင် တာဟာ လူထုတိုက်ပွဲအတွက် မရှိမဖြစ်လိုအပ်ချက် ဖြစ်တယ်။ ဒါပေမဲ့ စက်တင်ဘာအရေး တော်ပုံလှုပ်ရှားမှုမှာ ပြောင်လုပ်ငန်းသဘောက အဓိကလွှမ်းမိုးနေတယ်လို့ ယူဆရတယ်။ ဒီထက်ပိုမိုကျယ်ပြန့်တဲ့ လျို့ဝှက်လုပ်ငန်းတွေနဲ့သာ ကြိုပြင်ထားနိုင်ခဲ့ရင် စက်တင်ဘာအရေး တော်ပုံကြီးကို ဒီထက်ပိုမိုအားဖြည့်ပေးနိုင်မှာအမှန်ပဲ။
၇။
နိဂုံးချုပ်ရရင် တပွဲချင်းအရ အာဏာကိုအသုံးချပြီး ပြည်သူအပေါ် အနိုင်ယူနေတဲ့ နအဖ စစ်အာဏာရှင် စနစ်အတွင်းမှာ မုချကျဆုံးရမယ့် အကြောင်းတရားတခုပါရှိနေတယ်။ အဲဒါ ကတော့ ပြည်သူကို ဖိနှိပ်ဆန့်ကျင်တဲ့ ရပ်တည်မှုအမှားပဲ။ အဲဒီအမှားကို အကြောင်းပြုပြီး အတွေးမှား၊ အမြင်မှား၊ အလုပ်မှားတွေကို အဆက်မပြတ် ကျူးလွန်ကာ နောက်ဆုံးကျဆုံး ခန်းဆီ ဦးတည်စေတာဖြစ်တယ်။ ဒါပေမဲ့ သူ့အလိုလျောက် ကျဆုံးမှာတော့ မဟုတ်ဘူး။ စည်း လုံးညီညွတ်တဲ့ လူထုအားနဲ့ တိုက်ပွဲဝင်မှ အပြီးသတ်ကျဆုံးမှာဖြစ်တယ်။
တပွဲချင်းအရ အရေးနိမ့်မှုတွေ ကြုံနေရတဲ့ ပြည်သူလူထကြီးအတွင်းမှာလည်း အဆုံး တနေ့ မုချအောင်ပွဲခံရမယ့် အကြောင်းတရားတခုရှိနေတယ်။ အဲဒါက စစ်အုပ်စုလက်တဆုပ် စာရဲ့ အကြမ်းဖက်ဖိနှိပ်မှုအောက်က ပြည်သူ တရပ်လုံး လွတ်မြောက်ရေးအတွက် တိုက်ပွဲဆင် ရေးဆိုတဲ့ ရပ်တည်မှုအမှန်တရားပဲ။ ဒီရပ်တည်မှုအမှန်တရားကို အကြောင်းခံပြီး ပြည်သူတွေ ဟာ အတွေးမှန်။ အမြင်မှန်။ လုပ်နည်းမှန်တွေကို ရရှိပြီး တပွဲချင်းအရေးနိမ့်မှုက အောင်မြင် မှုကို တက်လှမ်းလာနိုင်မှာဖြစ်တယ်။ လက်ဦးမှုမဲ့ရာက ရှိရာသို့ အဆက်မပြတ်တိုးချဲ့ပြီး အောင် ပွဲကို အရယူနိုင်မှာဖြစ်တယ်။
တသက်စာ အမှားဝန်ထုပ်ကြီးကို မချိမဆန့်ပိုးထားတဲ့ နအဖ စစ်အုပ်စုကို အမှန်တရား အရ အားကောင်းမောင်းသန်စုစည်းထားတဲ့ ပြည်သူ့အားနဲ့တွန်းရင် စစ်အုပ်စုဘုံးဘုံးလဲ ရမှာပဲ။ ဒီအတွက်လိုအပ်သမျှကို ၀ိုင်းဝန်း ပြင်ဆင်ရင်း လာမယ့်တိုက်ပွကြီးကို ကြိုကြဦးစို့။
ကိုရင်ဒေါင်း

Read More...

Sunday, 2 December 2007

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၏ ၈၈နှစ်မြောက်မွေးနေ့ ပြည်သူသို့နှုတ်ခွန်းဆက်စကား


ကျနော် ဒီကနေ့အသက် ၈၈နှစ် ပြည့်ပါပြီ။ ဒီနေ့မှာပဲ အမှတ်တရအနေနဲ့ ကျနော် ပြည်သူများကို စကားအနည်းငယ်ပြောကြားလိုပါတယ်။ ပထမဆုံးအနေနဲ့ ကျနော်ချစ်မြတ်နိုး လှတဲ့ ပြည်သူအပေါင်းကို အားပေးစကား၊ ထောက်ခံစကား ပြောကြားလိုပါတယ်။ ကျနော်တို့ ပြည်သူတွေ စွန့်လွှတ်မှုကြီးစွာ၊ သူရသတိကြီးမားစွာ၊ ဇွဲနပဲကြီးစွာနဲ့ မိမိတို့လိုလားတဲ့ ဒီမိုကရေစီ စနစ်တရပ်ရဖို့၊ မိမိတို့ဘ၀လွတ် မြောက်ဖို့၊ တဗိုလ်ကျ တဗိုလ်တက်စနစ်နဲ့ စဉ်ဆက်မပြတ်ကြိုးပန်းနေမှုအပေါ် ကျနော်သိပ်ဂုဏ်ယူပါတယ်။ ခင်ဗျားတို့တတွေ အားမ လျှော့ဘဲဆက်ကြိုးစားကြပါ။ ကျနော် အမြဲထာဝရ ခင်ဗျားတို့ကို ထောက်ခံအား ပေးသွားပါ့မယ်။ ခင်ဗျားတို့နောက်ဆုံး အောင်မြင်မှာပါ။ ဒုတိယ တိုက်တွန်းပြောကြားလိုတာကတော့၊ အတိုက်အခံနိုင်ငံရေးအင်အားစုတွေ၊ လူမျိုးစုခေါင်းဆောင် တွေကိုပါ။ ခင်ဗျားတို့တကယ်ပဲ တိုင်းပြည်နဲ့ပြည်သူတွေကို ချစ်တယ်ဆို ရင် အတိတ်တွေအားလုံး၊ အမြင်မတူတာတွေအားလုံးဘေးဖယ်ပြီး အလွန်ကြီးမားကျယ်ပြန့်တဲ့ တပ်ပေါင်းစုကြီးတရပ် ပေါ်လာ အောင် ကြိုးစားကြပါ။ အခုချိန်ဟာ ဒီမိုကရေစီလှုပ်ရှားမှု အတွက် နိုင်ငံတကာက ထောက်ခံမှုကို မရစဖူး အကြီးအကျယ်ရနေချိန်၊ ပြည်သူတွေရဲ့ နိုင်ငံ ရေးစိတ်ဓါတ်အရှိန် မြင့်နေချိန်၊ ဒီအခွင့်ကောင်းကို ဆုပ်ကိုင်ပြီး သဘောထားကြီးကြီးထားပြီး စည်းလုံးညီညွတ်ရေးရအောင် ကြိုးစားကြပါလို့ တိုက်တွန်းပါရစေ။
တတိယကတော့ ကျနော်ကိုယ်တိုင် ပါဝင်တည်ဆောက်ခဲ့တဲ့ ဗမာ့တပ်မတော်ကြီးက ဗိုလ်ချုပ်ကြီးများကစလို့ အောက်ခြေတပ်မှူးတပ်သားအားလုံးကို သတိပေးစကား ပြောလိုပါ တယ်။ ကျနော်လွန်ခဲ့တဲ့နှစ်ပေါင်း သုံးဆယ် ၁၉၇၆ ခုနှစ်က တိုင်းပြည်သို့ တိုင်းပြည်သို့တင်ပြ ချက်ဆိုတဲ့ မိန့်ခွန်းတရပ် အသံလွှင့်ပြော ဖူးပါတယ်။ အဲဒီတုန်းက ခင်ဗျားတို့တပ်မတော်သား များကို ခင်ဗျားတို့ ဒီအတိုင်းသွားရင်တော့ အတော မသတ်တဲ့ ပြည်သူ့သတ်ပွဲတွေ လုပ်သွားရ လိမ့်မယ်။ ခင်ဗျားတို့ နောင်သားစဉ်မြေးဆက် ခေါင်းဖော်ရဲ မှာမဟုတ်ဘဲ သမိုင်းအမှိုက်ပုံးထဲ ပြည်သူတွေကစွန့်ပစ်ကြလိမ့်မယ်လို့ ထောက်ပြပြောဆိုခဲ့ဖူးပါတယ်၊ အခု ခင်ဗျားတို့ဘ၀ကိုပြန် ကြည့်ပါ ခင်ဗျားတို့တတွေ ကျေးလက်တောရွာ ဒေသတွေမှာ လူမျိုးစုဒေသတွေမှာ ထောင်တွေအချုပ်ခန်းတွေထဲမှာ သတ်ခဲ့၊ ဖြတ်ခဲ့၊ အနိုင်ကျင့်ခဲ့တာတွေ နည်းသလား။ ရန်ကုန်မြို့အပါအ၀င် မြို့တကာကလမ်းတွေပေါ်မှာရော ပြဿနာပေါ်တိုင်း သွေးချောင်းစီး သတ်ဖြတ်ခဲ့တာရော နည်းသလား။ လူအများအပြားကို ဖမ်းဆီးနှိပ်ဆက်၊ ပုဒ်မအမျိုးမျိုးတပ်ပြီး နစ်ရှည်ထောင်ဒဏ်တွေချနေတာရော နည်းသလား။ အခုနောက်ဆုံး စက်တင်ဘာ သံဃာ့အရေးတော်ပုံမှာ ရန်ကုန်မြို့လယ်ခေါင် ရွှေတိဂုံဘုရားခြေတော်ရင်း၊ ဆူးလေဘုရား ခြေတော်ရင်းတွေမှာ ဘုရား သားတော်သံဃာတော်များကို ရိုက်ရ၊ နှက်ရ၊ သတ်ဖြတ်ရလုပ်နေ ရပြန်ပါပြီ။ ခင်ဗျားတို့တတွေ ဒီလိုအတောမသတ် သွေးချောင်စီးသတ်ဖြတ်ပြီး ဖိနှိပ်လိုက်လို့ ပြဿနာတွေ ပြေလည်သွားသလား။ လူထုက ကာလတခုပဲ ငြိမ်သွားပြီး။ ပြန်ထကြွတာပဲ မဟုတ်လား။ ခင်ဗျားတို့ပဲ ဂုဏ်သိက္ခာတွေကျပြီးရင်း ကျရင်းနဲ့ ကမ္ဘာ့အလယ်တံတွေးခွက် ပက်လက်မြောရပြီး၊ လူတောမတိုးရဲတဲ့ဘ၀ ရောက်ရပြီးမဟုတ်လား။ ပြည်သူတွေရဲ့ မုန်းတီးရွံ ရှာနာကျည်းမှုကတော့ ပြောစရာမရှိတော့ဘူး။ ဒါ့ကြောင့် ခင်ဗျားတို့အနေနဲ့ ထစ်ကနဲ့ရှိတိုင်း လက်နက်သုံးအကြမ်းဖက် ဖြေရှင်းတဲ့နည်းကို စွန့်လွှတ်လိုက်ပါတော့။ နောက်ဖြေရှင်း နည်းတခု ဖြစ်တဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့နည်းကို စမ်းသပ်လုပ်ဆောင်ကြည့်ပါလို့ အကြံပေးပါ ရစေ။ ခင်ဗျားတို့တကယ်ပဲ ပြည်သူတွေကိုချစ်ရင်၊ ပြည်သူတွေပေါ်မှာ သဘောထားမှန်ရင်၊ အခု ကုလသမဂ္ဂက ၀င်ရောက်ဖြန်ဖြေလုပ်ဆောင်ပေးနေတဲ့ လုပ်ငန်းတွေမှာ တက်တက်ကြွကြွ ၀င်ရောက် လုပ်ဆောင်ကြည့်ပါလို့ တိုက်တွန်းပါရစေ။ ကဲဒီလောက်ပါဘဲဗျာ
နေ့စွဲ ၂၀၀၇ ခုနှစ် ဒီဇင်ဘာ ၃ ရက်

Read More...

Tuesday, 27 November 2007

အမေနဲ့ သား (သို့) “သ”၀ဂ်ကထာ


(အမေလူထုဒေါ်အမာ ၉၂နှစ်ပြည့် မွေးနေ့သို့ …)
အောင်ဝေး
ပုံတူ-ပန်းချီမင်းကျော်ခိုင်

(၁)
အမေ ကျနော့်ကို မတားနဲ့
ကျနော် ဒေါ်အောင်ဆန်းစုကြည်အိမ် သွားမှ ဖြစ်မယ်။

အမေ … အမေ့ကိုတော့ ကျနော် တားပါရစေ
အမေ တမလွန် ခရီးကို မသွားပါနဲ့ဦး
ကျနော်တို့ ဒီမိုကရက်တစ်နိုင်ငံတော်ဆီ သွားရဦးမယ် အမေ …။

(၂)
အမေ ကျနော့်ကို မတားနဲ့
ကျနော် နေပြည်တော်ကို သိမ်းမှ ဖြစ်မယ်။

အမေ … အမေ့ကိုတော့ ကျနော် တားပါရစေ
အမေ … လူ့ဘ၀ကို မသိမ်းပါနဲ့ဦး
ကျနော်တို့ သွေးစွန်းနေတဲ့ သင်္ကန်းတွေ
သွေးစွန်းနေတဲ့ ဒေါင်းအလံတွေ
သွေးစွန်းနေတဲ့ မျက်ရည်တွေ သိမ်းရဦးမယ် အမေ …။

(၃)
အမေ ကျနော့်ကို မတားနဲ့
ကျနော် စစ်အာဏာရှင်မှန်သမျှ သတ်မှဖြစ်မယ်။

အမေ … အမေ့ကိုတော့ ကျနော် တားပါရစေ
အမေ ပရိဒေ၀မီးတွေ မသတ်ပါနဲ့ဦး
ကျနော်တို့ အစိုးရအကြမ်းဖက်ဝါဒကို သတ်ရဦးမယ် အမေ
ကျနော်တို့
.................. အစိုးရ အကြမ်းဖက်ဝါဒကို
...................................... သတ်ရဦးမယ် အမေ …။ ။

အမေ့သား-အောင်ဝေး
(၂၃-၁၀-၂၀၀၇)
(ခေတ္တ ပုန်းခိုကျင်း တနေရာ)

Read More...

၉၂ နှစ်ပြည့် လူထုအမေသို့ အလွမ်းစာ

ဒေါက်တာလွဏ်းဆွေ

‘အမေ နေကောင်းလား’ လို့
ခရီးရောက်မဆိုက် ကျနော်တို့ ပြေးတွေ့တော့
ခပ်နွေးနွေး ရင်ငွေ့က
ကျနော်တို့ဆီ ပြန်ပြေးလာ
‘ငါ့သားတို့ ဘယ်ရထားနဲ့ လာကြလဲကွဲ့
ထိုင်ကြ … ထိုင်ကြ’ တဲ့
နွေးထွေးတဲ့ အမေ့ နှုတ်ဆက်သံ
ကြည်မွေ့တဲ့ အမေ့ အပြုံး
ကျနော်တို့ကို ဖုံးလွှမ်း
ခရီးပမ်းသမျှ
ကျနော်တို့ လန်းဆန်းခဲ့ရပါတယ် အမေ …။

‘ အမေ … ဒီမှာ ဆရာမြေဇာ
ဒီမှာ ဆရာဝသုန်
ဟိုဘက်ခုံမှာ ကိုအောင်ဝေး
ဒီဘေးက ကိုသာချို
ဟိုဘက်က ကိုချစ်ဝင်းမောင်’ လို့
ခပ်ရို့ရို့ ကျနော် မိတ်ဆက်တော့ …
အမေက
‘မြင်တာပေါ့ ငါ့သား
အမေ့သားတွေ အားလုံးကို
အမေ အကုန်လုံး မြင်တာပေါ့’ ဆိုပြီး
ပြုံးပြုံးကြီး ကြည့်နေတဲ့
အမေ့ရဲ့ပုံရိပ်
ရင်ထဲကို ယိုဖိတ်စီးဆင်း
အေးမြတဲ့ မြစ်တစင်းဖြစ်ခဲ့ရပါတယ် အမေ …။

‘ငါ့သားတွေ အရက် သိပ်မသောက်ကြနဲ့နော်’
‘အမေတို့ဘက်ကလူတွေ အသက်ရှည်တာကိုပဲ အမေမြင်ချင်တယ်’
‘ကိုချစ်ဝင်းမောင်တို့၊ ကိုလွဏ်းဆွေတို့
မဂ္ဂဇင်းတွေ အခြေအနေ ကောင်းကြရဲ့လား
အမေ့စာမူတွေ အချိန်မီရကြရဲ့လား
အမေလည်း ရေးဖြစ်တာဆိုလို့
ကိုဝင်းငြိမ်းနဲ့ဆို ဒီသုံးအုပ်ပဲ ရှိတာ
ငါ့သားတို့ အဆင်မပြေရင်
အမေ့ကို စာမူခ မပေးနဲ့နော်’ လို့
တိုးလျလျ အသံနဲ့
စိုးရိမ်ပူပန်တဲ့ စကား
အမေပြောကြားလေတော့
ကျနော့်စိတ်ထဲ
ပီတိတွေနဲ့ အားဖြစ်ခဲ့ရပါတယ် အမေ …။

ဦးပိန်တံတားပေါ် လမ်းလျှောက်ရင်း
လေညင်းက ပြေးဝင်ဆောင့်တော့
ကျနော့်စိတ်တွေ ခပ်မြောက်မြောက်ဖြစ်သွား
အဲဒီ အကြောင်းတရားထဲမှာ
ကျနော်လို အယ်ဒီတာ ငချွတ်ငတားလေးကို
အမေက စာမူတွေ ချီးမြှင့်ပြီး
အသိအမှတ်ပြုခဲ့တာဟာ
အဓိက အကြောင်းတရားပါ အမေ …။

နှင်းမြူတွေ ဝေနေတဲ့
တောင်သမန် နံနက်ခင်းမှာ
အမေ့မေတ္တာတွေက
နှင်းမြူတွေနဲ့အတူ ရွာကျ
အယူအဆတူ
ယုံကြည်ချက်တူ
ရည်မှန်းချက်တူ
ရင်ဘတ်ချင်းတူကြတဲ့
အမေ့သား အမေ့သမီးတွေအားလုံး
အပြုံးကိုယ်စီ ယှက်သန်း
အလွမ်းကိုယ်စီ ပွေ့ထွေး
အနာဂတ်ရေးအတွက် တိုင်ပင်
တောင်သမန် တခွင်လုံး
ငြိမ်းချမ်းတဲ့ ရသတွေ ပြည့်ဖုံး
ပျော်လို့မဆုံး ပြုံးလို့မ၀ ဖြစ်ခဲ့ကြပါတယ် အမေ …။

အခုတော့
အမေ့သား အမေ့သမီးတွေလည်း
စစ်အာဏာရှင်တွေရဲ့ အကြမ်းဖက်မှုအောက်မှာ
တမလွန် ရောက်သူရောက်
ဘ၀တက္ကသိုလ် ရောက်သူရောက်
လွတ်မြောက်နယ်မြေ ရောက်သူရောက်
တတိယနိုင်ငံ ရောက်သူရောက်
ကမောက်ကမ
ကစဥ့်ကလျားနဲ့
ပြေးလွှားရုန်းကန်နေကြရပေမယ့်
အမေ့ မေတ္တာထီးရိပ်က
ကျနော့်တို့အပေါ်
ထာဝရ အုပ်မိုးပေးထားလို့
စိတ်ဓာတ်ခွန်အား မဖောက်မပြန်နဲ့
ဖြောင့်မှန်တဲ့ လမ်းပေါ်မှာ
ကျနော်တို့ ဆက်လျှောက်နေနိုင်တာပါ အမေ …။

အခုအခါမှာ
လွတ်မြောက်နယ်မြေရောက်
အမေ့သား တယောက်အနေနဲ့
‘အမေ နေကောင်းလား’ လို့
ပြေးတွေ့ နှုတ်ဆက်ခွင့်မရတာ
သုံးနှစ်သုံးလီ ကြာခဲ့ပေမယ့်
အမေဟာ ကျနော်နဲ့ မဝေး
ကျနော့်ရဲ့ အတွေး၊ ကျနော့်ရဲ့ဘေးမှာ
မြင့်မြတ်တဲ့ အဘိဓမ္မာ
မြင့်မြတ်တဲ့ မေတ္တာတရား
မြင့်မြတ်တဲ့ စိတ်ဓာတ်ခွန်းအားတွေနဲ့
ထာဝရ အနီးကပ်
မတ်မတ်ရပ်နေဆဲလို့
ယုံမြဲယုံကြည်လျက်ပါ အမေ …။ ။

ဒေါက်တာလွဏ်းဆွေ

Read More...

 
/* EOT ----------------------------------------- */