တွေ့ဆုံဆွေးနွေးညှိနှိုင်းတာဖြစ်အောင်လုပ်ရမယ်
နအဖမီဒီယာတွေမှာ ပြီးခဲ့တဲ့စက်တင်ဘာ သံဃာ့အရေးတော်ပုံကို ကြံဖန်လည်ဆယ် အပုပ်ချတိုက်ခိုက်နေကြတယ်။ ဒါမဆန်းဘူးလို့ ပြောနိုင်တယ်။ သဲသဲမဲမဲပဲ၊ ဒါပေမဲ့ နပြာကြီး အောက်သွားမရှိတာကိုတော့ ဘယ်လိုမှဖုံးမရဘူး။ ဟိုလူက ခေါင်းခေါက်မာန်လိုက်၊ ဒီလူက ကျောသပ်ဆုံးမလိုက်။ သကာရည်လူးထားတာနဲ့ လူးမထားတာပဲကွာတယ်။ တကမ္ဘာလုံးက ၀ိုင်းပြီးပညာပေး နေကြတာတွေကို မျက်ထောင့်နီကြီးနဲ့ ငုံ့ခံနေရတယ်၊
နိုင်ငံတကာနယ်ပယ်မှာ ဒီနေ့လောက်နိုင်ငံရေးအရ နအဖ ခံစစ်ရောက်တာမရှိသေးဘူး လို့ ဆိုနိုင်တယ်၊ သူတို့မောက်မောက်မာမာ မောင်းထုတ်ခဲ့တဲ့ပီညရိုးကို သွားဖြီးလေးနဲ့ပြန်ကြို နေရပြီ။ ဂမ်ဘာရီကိုလည်း တလလောက်အတွင်း ထပ်လာတာကို လက်ခံနေရတယ်။ နောက် ဆုံးပြည်တွင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ပြင်ထုတ်လာရတယ်။ ဒါတွေဟာ နအဖ စစ်အစိုးရအနေနဲ့ သံဃာ့အရေးတော်ပုံနဲ့ နိုင်ငံတကာဖိအားကို အသိအမှတ်ပြု။ အလျှော့ပေးနေရတာဖြစ်တယ်ဆိုတာ မငြင်းနိုင်ဘူး၊
ဒါပေမဲ့ …
ဒေါ်အောင်ဆန်းစုကြည်ဟာခြေကျင်းတန်းလန်းနဲ့ ရုံးထွက်ရတဲ့တရားခံလိုဖြစ်နေတယ်။ ဗိုလ်အောင်ကြည်နဲ့ထိုင်ကြတော့ ကင်မရာတွေတဖြတ်ဖြတ်၊ လူတွေတရုန်းရုန်းးနဲ့။ ဒါပေမဲ့ ဒါဟာတဒင်္ဂကိစ္စ။ ပြီးတာနဲ့သူ့ရဲ့ တကိုယ်တော်အိမ်ချုပ်ဆီ ပြန်ဝင်သွားရတယ်။ ထောင်ဝင်စာ လာတွေ့တာနဲ့ မထူးလှဘူး။ ရေးထားသည်ဖြစ်စေ၊ ရေးမထားသည်ဖြစ်စေ။ ထုတ်ပြောသည် ဖြစ်စေ၊ ထုတ်မပြောသည်ဖြစ်စေ။ ငါတို့စိတ်ကြိုက်မတွေ့ရင် အပြင်လောကကို မထွက်ရဘူးဆို တဲ့ ခြိမ်းခြောက်မှုဟာ ဒီတွေ့ဆုံမှုမှာ အထင်အရှား လွှမ်းမိုးနေတယ်။
တန်းတူရည်တူမရှိခြင်း၊ လွတ်လပ်ပွင့်လင်းမှုမရှိခြင်း၊ ဒီမိုကရေစီနည်းမကျခြင်းတို့ဟာ ဒီတွေ့ဆုံမှုရဲ့ သင်္ကေတဖြစ်တယ်။ မီဒီယာဖော်ပြမှု၊ ၀ါဒဖြန့်မှုတို့ဟာ ဒီတွေ့ဆုံမှုရဲ့ပကာသန ဖြစ်တယ်။
ဒါတွေအပြင် အင်မတန်သတိပြုသင့်တဲ့ အချက်တချက်က ဒါဟာတွေ့ဆုံမှု သက်သက် သာဖြစ်တယ်ဆိုတာပဲ။ တွေ့ဆုံမှုဆိုတာနဲ့ တွေ့ဆုံဆွေးနွေးခြင်းဆိုတာတို့ဟာတခြားစီပဲ။ သေ ဒဏ်ပေးတော့မယ့်လူကိုတောင် တွေ့ချင်တဲ့လူနဲ့တွေ့၊ စားချင်တာစားဆိုတဲ့ အခွင့်အရေးမျိုး တွေပေးသေးတာပဲ။ တွေ့ရရုံသက်သက်နဲ့တော့ ဘာမှဖြစ်မလာဘူး။ စကားပြောတယ်ဆိုတိုင်း လည်း ဆွေးနွေး ညှိနှိုင်းတယ်လို့ အဓိပ္ပာယ်မထွက်သေးဘူး၊
နအဖဟာ ဗိုလ်ခင်ညွန့်လက်ထက်တုန်းက လုပ်သလို ဗိုလ်သန်းထွန်းနဲ့လွှဲထားတဲ့ဇာတ် မျိုးပြန်ကလို့ကတော့ ခွင့်မပြုနိုင်ဘူးပဲ။ အခုနအဖလုပ်နေပုံက အဲဒီအချိုးနဲ့ နည်းနည်းတူနေ တယ်။ ပြည်သူလူထုကြီးဟာ သူတို့လိမ်သမျှအလိမ်မိနေတယ်လို့ ထင်နေရင်တော့မှားပြီပဲ။ လူ တွေဟာ စိတ်မရှည်စွာစောင့်ဆိုင်းနေတာ ဆိုတာမမေ့ပါနဲ့။ အနှစ်နှစ်ဆယ်နီးပါးဝါးလာတာ ခါးမှန်းမသိပဲရှိပါ့မလား။
နအဖမှာ အဆိုးကြီးဆုံးချို့ယွင်းချက်ဟာ မရိုးသားတာပဲ၊ မရိုးသားတော့မပွင့်လင်းနိုင် ဘူး။ မပွင့်လင်းတော့ သူများကမယုံဘူး။ သူများဆိုတာလည်း နည်းတဲ့သူများမဟုတ်ဘူး။ ပြည် တွင်းမှာ တပြည်လုံး၊ ပြည်ပမှာနိုင်ငံအားလုံး။ သူများမယုံလို့ကတော့ အစိုးရလုပ်မနေသင့်တာ အမှန်ပဲ။
နှစ်ဘက်ဆွေးနွေးကြတယ်ဆိုရာမှာ ဘယ်သူမဆို။ ဘယ်အချိန်မဆို ကိုယ့်ရည်မှန်း ချက်ရယ်လို့ ရှိတာချည်းပဲ။ ချွင်းချက်မရှိဘူး။ ဒါမဆန်းဘူး။ ဒါပေမဲ့အဲဒီရည်မှန်းချက်ဟာ ရိုး သားဖို့လိုတယ်။ အချိန်ဆွဲချင်လို့။ သူတို့အပေါ်ပြည်တွင်းပြည်ပက ဖိအားတွေလျော့ ကျစေချင် လို့ဆိုတာမျိုးနဲ့ ဆွေးနွေးတယ်ဆိုလို့ကတော့ ဘာမှဖြစ်မှာမဟုတ်ဘူး။ မကောင်းတဲ့အကျိုး ဆက်ပဲဖြစ်မယ်။ ဗိုလ်နေ၀င်းဟာ “ငြိမ်းချမ်းရေးဆွေးနွေးပွဲ”ဆိုတာတွေခေါ်ခဲ့တယ်။ ဒါပေမဲ့ခေါ် တဲ့အခါတိုင်းဟာ ၀ါဒဖြန့်ရေးသက်သက်။ ဟန်ဆောင်သက်သက်ဖြစ်ခဲ့လို့ ဘယ်ဆွေးနွေးပွဲမှ မအောင်မြင်ခဲ့ဘူး။ ဒါတောင်ပြောစရာတခုရှိတယ်။ အဲဒါက ဗိုလ်နေ၀င်းက “ငြိမ်းချမ်းရေး ဆွေးနွေးပွဲ”ခေါ်တယ်ဆိုရာမှာ ကြိုတင်သတ်မှတ်ချက်ဘယ်တော့မှမထားဘူး။ နအဖကျတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဆွေးနွေးပွဲမစမီ လက်နက်ချခိုင်းနေတယ်။ စစ်အုပ်စုချင်းအတူတူ၊ မရိုးသားတာချင်းအတူတူ ဘာလို့ဒီလိုကွာခြားနေတာလဲ။
ဗိုလ်နေ၀င်းအာဏာသိမ်းတာဟာ ပထစအစိုးရလက်ထဲကသိမ်းတာဖြစ်ပြီး နိုင်ငံရေးအ စိုးရလက်ထက်က အစဉ်အလာတွေ ကျန်နေသေးတယ်။ ပုဂ္ဂလိကမီဒီယာတွေလည်း ရှိသေး တယ်။ ဒီတော့ထောက်ထားရတာတွေ မနည်းဘူး။ နအဖကျတော့ သူ့ရှေ့ကအစဉ်အလာဆို တာကိုက စစ်အာဏာရှင်စနစ်ရဲ့ အစဉ်အလာဖြစ်နေတယ်။ ပြည်တွင်းမှာ လွတ်လပ်တဲ့မီဒီယာ ဆိုတာလည်း လုံးဝမရှိတော့ဘူး။ နောက်ပြီးသိပ်အခရာကျတဲ့ ခြားနားချက်တခုက ဗိုလ်နေ၀င်း အာဏာသိမ်းစတုန်းက ဗိုလ်နေ၀င်းဟာ သူ့တပ်ကိုပိုင်တယ်။ ပြည်တွင်းပြည်ပမှာ သူ့ကိုဆန့် ကျင်နေကြတဲ့ အင်အားဟာလည်း အခုလောက်မများဘူး။ ဗိုလ်သန်းရွှေကျတော့ ချောင်ပိတ်မိ နေသလိုဖြစ်နေတယ်။ သူ့တပ်ကလည်း သူ့ကိုနည်းနည်းမှ ကြည်ညိုတာမဟုတ်ဘူး။ ဒီလိုအ ခြေအနေမျိုးမှာ ရေနစ်သူကောက်ရိုးမြှင်ကိုလှမ်းဆွဲသလို လုပ်နေရတာဆိုတော့ နပိန်ကန် တော့တာပဲ။
ဗမာပြည်ပြည်သူတွေဟာ လွတ်လပ်ရေးရပြီးကတည်းက အမျိုးသားစည်းလုံးညီညွတ် ရေးကို အာသာငမ်းငမ်းတောင့်တခဲ့ကြတာ ကနေ့အထိဆိုရင်အနှစ် ၅၀ကျော်သွားပြီ။ ဒီကာလ အတွင်း သေကြေသူတွေ။ ပျက်စီးသွားတဲ့အိမ်ထောင်စုတွေ၊ စည်းစိမ်ဥစ္စာတွေ၊ ဘယ်လိုရေ တွက်လို့မှ အမှန်မသိနိုင်တော့ဘူး။ ဒီအမျိုးသားချင်းပဋ္ဋိပက္ခကြီးထဲမှာ တလျှောက်လုံးပဲ စစ် အုပ်စုဟာတဘက်က ဖြစ်နေပြီး တလျှောက်လုံးပဲ အင်မတန်တင်းမာတဲ့ သဘောထားကိုကိုင် စွဲထားခဲ့တယ်။ လက်နက်ရှိရင် အရာရာကိုဖြေရှင်းနိုင်တယ်၊ အရာရာကိုစိုးမိုးနိုင်တဲ့ အတွေး အခေါ်နဲ့ ငါမှတပါးဝါဒကို ကျင့်သုံးနေတယ်။
နှစ်ပေါင်း ၅၀ကျော်ကျင့်သုံးလို့မှ မအောင်မြင်တဲ့ အရှုံးတွေသာ ဆက်တိုက်ကြုံတွေ့ရ တဲ့ တိုင်းပြည်ကိုပြာပုံထဲဆွဲပို့တဲ့ဝါဒဟာ မှားကြောင်းမသိလောက်အောက် ဗိုလ်သန်းရွှေတို့ အသိခေါက်ခက် အ၀င်နက်ရသလား။ ဗိုလ်နေ၀င်းကတော့ အသက် ၇၀ကျော်တဲ့အခါမှာ မအောင်မြင်မှန်းသိလို့ သူ့ဖာသာပလ္လင်ပေါ်ကဆင်းချသွားတယ်။ ဗိုလ်သန်းရွှေရဲ့ အာဏာ တဏှာဟာ ပိုဆိုးတယ်လို့ ပြောရတော့မယ်။
ဗသြ
Sunday, 28 October 2007
28 Oct 2007
Subscribe to:
Post Comments (Atom)
No comments:
Post a Comment