Thursday 7 February 2008

ဆရာမြသန်းတင့်(၁၉၂၉ - ၁၉၉၈)ကွယ်လွန်ခြင်း(၁၀)နှစ်ပြည့် အမှတ်တရ


စာရေးဆရာအလုပ်ဟာ ဂုဏ်အရှိဆုံးအလုပ် တခုလို့ ငယ်ငယ်ကတည်းကထင်ခဲ့တာ။ ဂုဏ်ဆိုတာ ပကာသနကို ပြောတာမဟုတ်ဘူး။ ရိုးသားမှန်ကန်တဲ့ ဂုဏ်သိက္ခာကိုပြောတာ။ စာရေးဆရာဆိုတဲ့ဘ၀ကို ဘာနဲ့မှမလဲနိုင်ဘူး။ ခုလည်းမလဲနိုင်ဘူး။ နောင်လည်း မလဲနိုင်ဘူး။ စာရေးခြင်းအလုပ်ကို ယုံကြည်မှု တခု၊ ယုံကြည်းခြင်းတရားတခု အနေနဲ့ ကျနော်ယုံတာ။ သဘောထားတာ။ ဒါ့ကြောင့် ငါကြီးရင် စာရေးဆရာလုပ်မယ်လို့ပဲ ဆုံးဖြတ်ခဲ့တယ်။ စာရေးဆရာအလုပ်ကလွဲလို့ ဘယ်အလုပ်ကိုမှ မလုပ်ခဲ့ဖူးသေးဘူး။
စာရေးခြင်းအလုပ်ဆိုတာ ခဏတဖြုတ်လမ်းကြုံလို့ ၀င်လုပ်ရမယ့် အလုပ်မျိုးမဟုတ်ဘူး။ အပျင်းပြေ ၀င်လုပ်ရမယ့် အလုပ်မျိုးမဟုတ်ဘူး။ အားအားယားယားရှိလို့ ၀င်လုပ်ရမယ့် အလုပ်မျိုးမဟုတ်ဘူး။ တကယ့်ကို စွဲစွဲ မြဲမြဲ လုပ်ရမယ့် အလုပ်။ အချိမ်မရွေး လုပ်နေရမယ့် အလုပ်။ တသက်လုံးလုပ်နေရမယ့် အလုပ်လို့ မြင်တယ်။
မြသန်းတင့်
(ပေဖူးလွှာ မဂ္ဂဇင်း အင်တာဗျူးမှ)

ဆရာမြသန်းတင့် ကိုယ်တိုင်ရေးအထ္ထုပ္ပတ္တိအကျဉ်း
၁၉၂၉။ ဦးပေါတင့်၊ ဒေါ်လှိုင်တို့မှ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် ၁၉၂၉၊ မေ၊ ၂၃ ကြာသပတေးနေ့၌ မွေးဖွားခဲ့သည်။ မွေးချင်း ခုနှစ်ယောက်တွင် အကြီးဆုံး ဖြစ်သည်။
၁၉၄၁။ ပဉ္စမတန်းတွင် ပညာသင်သည်။
၁၉၄၂။ ဂျပန်ခေတ်တွင် ကျောင်းပြန်တက်သည်။
၁၉၄၃။ အာရှလူငယ်များအစည်းအရုံး၌ တက်တက်ကြွကြွ ပါဝင်သည်။
၁၉၄၄။ ဂျပန်တော်လှန်ရေး မြေအောက်ကလပ်စည်းများ နှင့်ဆက်သွယ်၍ ဖက်ဆစ်တော်လှန်ရေးကြီးတွင် ပါဝင်သည်။
၁၉၄၅။ ဂျပန်တော်လှန်ရေးကာလတွင် စစ်ကိုင်းရှိ ဗိုလ်သိန်းဦး(တော်လှန်ရေးတွင် ကျဆုံး)၊သခင်မော်တင်(ပြည်တွင်းစစ်တွင် ကျဆုံး)နှင့် မြိုင်မြို့ ဘုန်းတော်ကြီးဦးစရိယ(မြိုင်ဖဆပလ အမတ်ဟောင်းဦးသက်ရှည်) တို့၏ ဦးဆောင်မှုအောက်တွင် ပါဝင်လှုပ်ရှားသည်။
၁၉၄၅-၄၇။ ဒုတိယကမ္ဘာစစ်ကြီးအပြီး မြင်းခြံခရိုင်တွင် တာဝန်ကျသည်။မန္တလေးခရိုင် အထက်ဗမာပြည် ဖဆပလအဖွဲ့ချုပ်၊ မန္တလေးခရိုင် ကွန်မြူနစ်ပါတီတို့တွင် အချိန်ပြည့် တာဝန်ထမ်းဆောင်သည်။မြင်းခြံခရိုင် ကွန်မြူနစ်ပါတီကို စတင်တည်ထောင်၍ ခရိုင်ကော်မတီဝင်အဖြစ် ဆောင်ရွက်သည်။ ကျောက်ပန်းတောင်းတွင် အက်တူး-သခင်အုန်းဖေ (ပြည်တွင်းစစ်တွင်ကျဆုံး)နှင့်အတူ ’ လယ်သမားများသီးစားခမပေးရေး တိုက်ပွဲ၊ လက်ငုတ် လယ် ပြန်ထွန်ရေး တိုက်ပွဲ၊ မြေရှင်ကြီးများ၏ လယ်များကို အတင်းဝင်ထွန်ရေး’ တိုက်ပွဲ များကိုဦးဆောင်သည်။ သီးစားခ မပေးရေးတိုက်ပွဲတွင် အင်္ဂလိပ်အစိုးရ သိမ်းယူထားသော လယ်သမားများ၏ ပစ္စည်းများကို ပြန်လည်လုယူသည့်အတွက် (ရုံးမင်းတစ်ထိုင်) ပြစ်ဒဏ်ကျခြင်းခံရသည်။မြင်းခြံခရိုင်တွင် အခြားသော ခေါင်းဆောင်များ နှင့်အတူ သူ့ခေါင်းကိုဖြတ်နိုင်လျှင် ဆုငွေပေးမည်ဟု အင်္ဂလိပ်အလိုတော်ရိ နှင့် မြေရှင်များက တိတ်တဆိတ်ဆုငွေထုတ်သည်။ အထွေထွေ သပိတ်ကြီးတွင် မြင်းခြံ၊ မန္တလေး၊ ဒလသင်္ဘောကျင်း အထွေထွေ အလုပ်သမားထုကြီး ပါဝင်ရေးအတွက်တာဝန်ယူသည်။ မြင်းခြံခရိုင် အလုပ်သမားသမဂ္ဂနှင့် လယ်သမားသမဂ္ဂတို့တွင် အလုပ် အမှုဆောင်အဖြစ် ဆောင်ရွက်ရင်း ဖြူးမြို့တွင်ကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဖြူးလယ်သမား ကွန်ဂရက်ကြီးသို့ မြင်းခြံခရိုင်ကိုယ်စား လှယ်’ အဖြစ်တက်ရောက်သည်။
၁၉၄၇။ မကျန်းမာသဖြင့် တာဝန်မှ အနားယူကာ တက္ကသိုလ်ဝင်စားမေးပွဲ ဖြေဆိုသည်။ ပခုက္ကူခရိုင် ကျောင်းသားများဥက္ကဋ္ဌ အဖြစ်ဆောင် ရွက်သည်။
၁၉၄၈။ ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်သည်။
၁၉၄၉။ ပထမဦးဆုံးရေးသည့် ‘ဒုက္ခသည်’ ဝတ္ထုတိုကို တာရာမဂ္ဂဇင်း (တွဲ-၃၊ မှတ်-၂၁၊ ၁၉၄၉) တွင်ပုံနှိပ်ဖော်ပြသည်။
၁၉၅၀။ ‘စာပေသည်ပြည်သူ့အတွက်’ ဟူသော ကြွေးကြော်ဖြင့် ‘စာပေသစ်မဂ္ဂဇင်း’ ကို ကိုသန်းတင်၊ ဒဂုံတာရာ၊ မောင်ကြည်လင်း၊ အောင်လင်းတို့နှင့် အတူဦးဆောင်ထုတ်ဝေသည်။
၁၉၅၁။ ပထမဦးဆုံး ဘာသာပြန်လက်ရာအဖြစ် ဂေါ်ကီ၏ ‘မာလ်ဗာနှင့် အခြားဝတ္ထုများ’ ကို ရေးသားထုတ်ဝေသည်။
၁၉၅၂။ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက်(မြန်မာနိုင်ငံ) နှင့် မြန်မာနိုင်ငံစာရေးဆရာအသင်း အလုပ်အမှုဆောင် အဖြစ်ဆောင်ရွက်သည်။ စာရေးဆရာအသင်းမှ ထုတ်ဝေသော ‘စာပေမဂ္ဂဇင်း’ တွင် တာဝန်ခံအယ်ဒီတာအဖြစ် လည်းကောင်း၊ ‘ပြည်တော်သစ်ဂျာနယ်’ တွင် အယ်ဒီတာချုပ်အဖြစ် လည်းကောင်း၊ ‘တိုးတက်ရေးသတင်းစာ’ တွင် နိုင်ငံခြားရေး အယ်ဒီတာအဖြစ် လည်းကောင်း၊ ဒုတိယမြောက် ဘာသာ ပြန်အဖြစ် ဂေါ်ကီ၏ အတ္ထုပ္ပတ္တိ ‘မက္ကဇင်ဂေါ်ကီ’ ကို ဗန်းမော်စာအုပ်တိုက်မှ ထုတ်ဝေသည်။
၁၉၅၃။ ပထမဆုံး ပင်ကိုယ်ရေး လုံးချင်းဝတ္ထု ‘မေတ္တာအသေင်္ချေ’ ကို ရေးသည်။
၁၉၅၄။ ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရသည်။
၁၉၅၅။ သခင်ကိုယ်တော်မှိုင်း ဦးဆောင်သော ပြည်တွင်းငြိမ်းချမ်းရေး ဗဟိုကော်မတီတွင် အတွင်းရေးမှူး တစ်ဦးအဖြစ်ဆောင်ရွက်သည်။
၁၉၅၆။ ဥပဒေဘွဲ့ရရှိသည်။
၁၉၅၇။ ‘ပြည်သူ့တိုးတက်ရေးပါတီ’ ပေါ်လစ်ဗျူရိုတွင်ပါဝင်သည်။ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) အတွင်းရေးမှူးချုပ်နှင့် သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် ဌာနချုပ်လုပ်ထားသော ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ၏ ဗျူရိုကရက် အဖွဲ့ ဝင်လူကြီးဖြစ်ခဲ့သည်။
၁၉၅၈။ ပဒေသရာဇ် ဆန့်ကျင်ရေးဝတ္ထု ‘လိုက်ခဲ့တော့မြနန္ဒာ’ ကို မြဝတီမဂ္ဂဇင်း(အယ်ဒီတာ ချုပ် ဇဝနလက်ထက်) တွင်ရေးသားသည်။ အထိန်းသိမ်းခံဘဝဖြင့် ကိုကိုးကျွန်းသို့ရောက် သည်။
၁၉၆၀။ အထိန်းသိမ်းခံ ဘဝမှ လွတ်မြောက်ခဲ့သည်။ စာရေးဆရာကလပ် တွင် အမှုဆောင်ဖြစ်သည်။ အမှောင်ရိပ်ဝယ် ဝတ္ထုကိုရေး သည်။ ဗိုလ်တထောင် သတင်းစာတွင် နေ့စဉ်အခန်းဆက်အဖြစ် ‘နွံထဲကကြာ’ (နှစ်နှစ်နီးပါး)ကို သိန်းဖေမြင့်နှင့် ပူးတွဲရေးသည်။
’ နွံထဲကကြာ’ ဝတ္ထုစာအုပ်မှ အစပြု၍ မူလကလောင်နာမည် မြသန်း မှ မြသန်းတင့် သို့ ပြောင်းခဲ့သည်။
၁၉၆၁။ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် ကျင်းပသော‘ ငြိမ်းချမ်းရေးကောင်စီ’ အစည်းအဝေးသို့ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ) ကိုယ်စားလှယ် အဖြစ်တက်ရောက်သည်။
ညီလာခံမှအပြန် ဆိုဗီယက်ယူနီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ငြိမ်းချမ်းရေး ကော်မတီများ၏ ဖိတ်ကြားချက်အရ ဒဂုန်တာရာ၊ ပါမောက္ခ ဦးအောင်လှတို့နှင့် အတူ သွားရောက်သည်။
၁၉၆၃။ ပြည်တွင်းငြိမ်းချမ်းရေး အဖွဲ့ဝင် နှင့် ပြည်သူ့ကော်မတီတစ်ဦး အဖြစ် တာဝန် ယူခဲ့သည်။ ပြည်တွင်းငြိမ်းချမ်းရေး တွေ့ဆုံဆွေး နွေးပွဲ ပျက်သောအခါ အထိန်းသိမ်းခံခဲ့ရပြီး ဒုတိယအကြိမ်မြောက် ကိုကိုးကျွန်း ရောက်ခဲ့သည်။
၁၉၇၂။ အထိန်းသိမ်းခံဘဝမှ လွတ်မြောက်ခဲ့သည်။ တော်စတွိုင်း၏ ‘စစ်နှင့်ငြိမ်းချမ်းရေး’ ဝတ္ထုဘာသာပြန်(၁၉၇၂) ခုနှစ်အတွက် ’ အမျိုးသားစာပေဘာသာပြန်ဆု’ ရခဲ့သည်။
၁၉၇၈။ အမေရိကန် စာရေးဆရာမ မာဂရက်မစ်ချယ်၏ ‘ လေရူးသုန်သုန်’ ဝတ္ထုဘာသာ ပြန်ဖြင့် ’ အမျိုးသားစာပေ ဘာသာပြန်ဆု’ ကိုရခဲ့ သည်။
၁၉၈၈။ တရုတ်စာရေးဆရာကြီး ဆောင်ဇူချင်းနှင့် ကောက်ငိုတို့၏ ‘ခန်းဆောင်နီအိပ်မက်’ ဝတ္ထုဖြင့် ’ အမျိုးသားစာပေ ဘာသာပြန် (ရသ)ဆု’ ကို ရရှိခဲ့သည်။
၁၉၉၂။ ပြင်သစ်စာရေးဆရာ ဒိုမိနိလာပီယဲ၏ ‘သုခမြို့တော်’ ဝတ္ထုဘာသာပြန်(ရသ) ဖြင့် ’အမျိုးသားစာပေ ဘာသာပြန်ဆု’ ကိုရသည်။
၁၉၉၅။ စာရေးဆရာ ဒိုမိနိလာပီယဲ၏ ‘အချစ်မိုးကောင်းကင်’ ဝတ္ထုဘာသာပြန်ဖြင့် ‘အမျိုးသားစာပေ ဘာသာပြန်ဆု(ရသ)ဆု ’ ကို ရခဲ့ သည်။
၁၉၉၈။ ဖေဖော်ဝါရီ ၁၈ရက်၊ ည ၉၊၁၅ တွင် ကွယ်လွန်သည်။

No comments:

 
/* EOT ----------------------------------------- */