Sunday 5 July 2009

ကလေးငိုသံ-အလံတလက်-ခေတ်ပျက်တခု

(မြတ်နိုး)(၂၀-၆-၀၇)
ခေတ်ပြိုင်...မှ

ဆောင်းယွန်းနွေဦး၏ တခုသောဝေလီဝေလင်း
တွင် ကျနော်အိပ်ရာမှနိုးလာခဲ့ပါသည်။ အိပ်ခန်း ခေါင်းရင်း ပြတင်းကို ဖွင့်လိုက်သောအခါ အရှေ့ မိုးကောင်းကင်တခိုတွင် ပတ္တမြားရည်တို့ ဖိတ်စင် စွန်းထင်းစ ပြုနေပါပြီ။ တညလုံး ကြီးစိုးမင်းမူ နေခဲ့သော အမှောင်သည် တဖြည်းဖြည်းပါးလျား အားပျော့ ဆုတ်ခွာစပြုနေပါပြီ။ မနက်ခင်း ညင်းလေပြည်သည် နေ့သစ်၏ ကိုယ်သင်းနံ့ လက်ဆောင်ကိုပေးကာ ဆက်လက်ထွက်ခွာ



သွားပါသည်။ ထိုအခိုက်မှာပင် `အူဝဲ အူဝဲ´ ဟူသော မွေးကင်းစ ကလေးငယ်၏ ခွန်းဆင့်ရှိုက်ငင် ငိုကြွေးသံကို ကျနော်ကြားလိုက်ရပါသည်။

တဘက်ခြံတွင်းရှိ အိမ်ငယ်လေးဆီမှ ကိုယ်ဝန်သည် အလုပ်သမလေးသည် သူ၏ရင်သွေးငယ်အား အောင်မြင်စွာ မွေးဖွားပေးလိုက်လေပြီ။ ကျနော်သည် ဆေးပေါ့လိပ်ကို မီးညှိဖွာကာ အရှေ့အရုဏ်ဦး မိုးကောင်းကင်ဆီ မျှော်ငေးရင်း အတွေး တံလျှပ်များအကြား လျှောက်သွားနေမိခဲ့ပါသည်။

ကျနော့်အနီးဝန်းကျင်၌ လူသားသစ်ကလေးငယ်တဦး လူ့အဖွဲ့အစည်းအတွင်း ချဉ်းနင်းဝင်ရောက်
လာခဲ့လေပြီ။ သူ မမွေးဖွားမီကပင် ရှိနှင့်ပြီးဖြစ်သော ခေတ်ကြီးတခေတ်ကလည်း သူ့အား အသင့် စောင့်ကြိုလျက်ရှိပါသည်။ ဤလူသားငယ်နှင့် ဤခေတ်ကြီးအကြား နှောင်ဖွဲ့ ရက်ရှယ်ထားသည့် ပင့်ကူအိမ်ကို ကျနော် တွေးကြည့်နေမိပါသည်။

စင်စစ်ကလေးငယ်သည် လူ့လောကသို့ သူ့အလိုဆန္ဒအရ ရောက်လာရခြင်းမဟုတ်ပါ၊ ရှိနှင့်ပြီး လူသားမိဘနှစ်ပါး၏ သံယောဇဉ်ပယောဂဖြင့် ဘုမသိဘမသိ လက်ကမ်းခံလိုက်ရခြင်းသာ
ဖြစ်ပါသည်။ သူမွေးဖွားကြီးပြင်းရမည့် ခေတ်ကြီးတခေတ် ရှိနေနှင့်သည်ကိုလည်း သိခွင့်ရခဲ့သည် မဟုတ်ပါ။ ထိုခေတ်ကြီး၏ ကောင်းကျိုးဆိုးပြစ်မှန်သမျှတွင်လည်း သူ့၏ကံသုံးပါး (ကာယကံ၊
ဝစီကံ၊ မနောကံ) အနက် တပါးပါးသော်မှ ပါဝင်ပတ်သက်ခဲ့ခြင်းမရှိပါ။ ထို့ကြောင့် သူမွေးဖွားရာ ခေတ်ကြီးနှင့် ပတ်သက်၍ သူ့တွင်တစုံတရာ တာဝန်ယူရန်အကြောင်းမရှိပါ။ သို့ရာတွင် ထိုခေတ်
ကြီး၏ ကောင်းမွေဆိုးမွေမှန်သမျှကိုကား သူ့ဆန္ဒအလျဉ်းမပါဘဲ ဆက်ခံရတော့မည်သာဖြစ်ပါသည်။ သူရောက်ရှိရာ တည်ဆဲခေတ်ကြီးကလည်း ဘုရားစူးမိုးကြိုးပစ် ယဉ်ကျေးထသော တောရိုင်းဝါဒ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီးဖြစ်နေပြန်ပါသည်။ သည်လိုခေတ်ကြီးအတွင်း ဖြူစင်သန့်ရှင်း အပြစ်ကင်းသည့် ကလေးငယ်တယောက် ရောက်လာခဲ့ရသည်မှာ မွန်မြတ်သောဆုလာဘ်လော၊ ခါးသီးသောအပြစ်ဒါဏ်လော၊ ကျနော်ဝေခွဲရ ခက်နေမိပါသည်။

လူအတော်များများ (အထူးသဖြင့် သူတို့ကိုယ်သူတို့ ခေတ်မီသည်ဟု ယူဆနေသူများ) သည် အသစ်အသစ်တို့ကိုသာ လိုလားနှစ်သက်ကြောင်း ကြွားဝါပြောဆိုလေ့ရှိကြပါသည်။ နောက်ဆုံးပေါ် ဇိမ်ခံကားသစ်၊ အ၀တ်အစား ဖက်ရှင်သစ်၊ အဆောက်အဦ ဒီဇိုင်းသစ်၊ ရုပ်ရှင်ကားသစ်၊ ကဗျာသစ်၊ နှစ်သစ်၊ အချစ်သစ် စသည်ဖြင့် စုံနေပါတော့သည်။ ကမ္ဘာဟောင်းတွင် နှစ်ခြိုက်စွာ ငိုက်မြည်းရင်း အသစ်ကိုသာ နှစ်သက်သည်ဆိုသော ထိုသူများသည် သူတို့ခေတ်က မွေးထုတ်လိုက်သော မျိုးဆက်သစ်လူသားလေးများနှင့် ထိုက်တန်သည့် ခေတ်သစ်တခုကို အတွေးသစ်ဖြင့် ဖန်တီးတည် ဆောက်ကာ အမွေပေးခဲ့ရန်ကိုကား မေ့လျော့ထားကြဟန်ရှိပါသည်။ ထို့ထက်ပို၍ စက်ဆုပ်ဖွယ် ကောင်းသည်မှာ ခေတ်၏ မျိုးဆက်သစ်များအား သူခိုးကြမ်းပိုး၊ ခါးပိုက်နှိုက်၊ သူတောင်းစား၊ ကလေးပြည့်တန်ဆာ စသည့် အနိဋ္ဌာရုံများအတွင်း ကျုံးသွင်းမောင်းပို့နေသော ဤလိုခေတ်ကြီးအား မျက်နှာပေါင်းတင် အလှပြင်ကာ စင်တင်ပွဲထုတ်နေကြခြင်းပင် ဖြစ်ပါသည်။ ဤသို့ ဤနှယ် အတွေး ဇာချဲ့နေဆဲမှာပင် မွေးကင်းစကလေးငယ်အား တိုင်တည်ပြောကြားလိုက်သော မည်သည့်အရပ်မှ ရောက်လာသည်မသိနိုင်သော အောင်မြင်ခန့်ညားသည့် စကားသံကို ကျနော်ကြားလိုက်ရ
ပြန်ပါသည်။

“အို လူသားကလေးငယ်…။ ငိုကြွေးလော့…။ ရှိုက်ကြီးတငင် ငိုကြွေးခြင်းဖြင့် သင့်ခွန်အားကို စတင်ဖြည့်တင်းလော့…။ လူ့လောက၌ ခွက်ထိုးခွက်လန် ရယ်မော၍ မွေးဖွားလာသော လူသား ကလေးငယ်ဟူ၍ မရှိစကောင်း။ ငိုကြွေးခြင်းသည် မွေးကင်းစ လူသားသစ်မှန်သမျှ၏ ဂုဏ်ဒြပ် လည်းဖြစ်၏။ မူကြိုဘာသာစကားလည်း ဖြစ်၏။ ပြုံးရွှင်ရယ်မောခြင်း အတတ်၏ ရှေ့တော်ပြေးလည်း ဖြစ်၏။ ငိုကြွေးခြင်းမှ အစပြု၍သာ လူ့ဘာသာစကား အလုံးစုံကို သင်လူသားငယ် သင်ယူ တတ်မြောက်နိုင်လိမ့်မည်။ တရွေ့ရွေ့ တတ်မြောက်လာသော ဘာသာစကားသည် သင့်အား တွေးခေါ်ခြင်းကိုပါ တဆင့်တက်သင်ကြားပေးလိမ့်မည်။”

“တွေးခေါ်ခြင်းသည် ဘာသာစကားမှတဆင့် လောကသစ္စာကို သင်မြင်တွေ့နိုင်အောင် ကိုယ်ထင်ပြ လိမ့်မည်။ အတွေးအခေါ်နှင့် ဘာသာစကားဆိုသည်မှာ နေမင်း၏ အလင်းနှင့်အဆင်းပမာ မခွဲမခွါ ပေါင်းစည်းနေသောအရာဖြစ်သည်။ ဘာသာစကား၏ အပြင်ဘက်၌ တွေးခေါ်ခြင်းဟူ၍မရှိ။ ဆွံ့အ နေသူတဦး၏ အိမ်မက် ဇာတ်ကြောင်းပြန်နှင့် သူ၏ဘ၀ ဒဿန ဟောပြောချက်များကို မည်သူမျှ ကြားနာခွင့်ရနိုင်မည်မဟုတ်။ တစုံတခုသော တွေးခေါ်ဆင်ခြင်မှုကို မဖော်ပြသည့်ဘာသာစကားဟူ၍ မရှိ။ ဘာသာစကားအား ဥပက္ခာပြုနိုင်စွမ်းရှိသော တွေးခေါ်မှုဟူ၍လည်းမရှိ။ ဘာသာစကားဖြင့်သာ တွေးခေါ်မှုကိုဖော်ပြနိုင်ပြီး တွေးခေါ်မှုဖြင့်သာ ဘာသာစကား၏ ကျယ်ဝန်းနက်ရှိုင်းတောက်ပမှုကို ဖန်ဆင်းနိုင်သည်။”

“အို ကလေးငယ်…။ သင်မွေးဖွားကြီးပြင်းရာ ခေတ်ကြီးသည် `မောဟနှင့်သစ္စာ´ တို့ လိမ်ယှက် ရက်ဖောက်ရာ မာယာဘုံ ဖြစ်၏။ တွေးခေါ်ခြင်းကို ဘာသာစကားမှတဆင့် သင်ယူလော့။ ဘာသာစကားမှတဆင့် `ကိုယ်ထင်ပြလေ့ရှိသော တွေးခေါ်မှု၏ လောကသစ္စာကို မြင်အောင်ရှုလော့´
`သစ္စာတရားသည်သာ သင့်၏ ကိုယ်စောင့်နတ်အမှန်ဖြစ်၏။ သစ္စာတရားဖြင့်သာ သင်သည် သစ္စာသိသူ၊သစ္စာရှိသူ ဖြစ်လာနိုင်၏။”

“အို ကလေးငယ်…။ သင်ဖြတ်သန်း ကြီးပြင်းရမည့် ခေတ်ကြီးသည် `ယဉ်ကျေးသောကမ္ဘာ´
အမည်ရှိ လှပသော နီယွန်မီးပွင့်ဆိုင်းဘုတ်အောက်မှ အကျည်းတန် အရိုင်းခေတ်ကြီးသာတည်း။ ခွန်အားကြီးသူက ခွန်အားနည်းသူကို၊ ဥစ္စာဓန ကြွယ်ဝသူက ဥစ္စာဓနမဲ့သူကို၊ အာဏာလက်နက် ရှိသူက အာဏာလက်နက်မဲ့သူကို စော်ကားနှိပ်စက်လေ့ရှိသော ခေတ်ရိုင်းခေတ်မိုက်ကြီးသာတည်း။ လူသားချင်းကိုပင် ကျွဲနွား တိရိစ္ဆာန်များပမာ ရောင်းဝယ်ဖောက်ကားနေသော ဈေးခင်းကြီးသာ
တည်း။ ဤခေတ်ကြီးအတွင်း၌ ငွေကြေး ဥစ္စာ၊ လက်နက်အာဏာ အရာရာပြည့်စုံသော အုပ်စိုးသူများ သည် ခေတ်၏အသီးအပွင့်မှန်သမျှကို အပိုင်စီးရိတ်သိမ်းရန် လိုင်စင်ရနေကြ၏။ သူတို့သည် လူသားအပေါင်း လဲလျောင်း မှီခိုရာဟူ၍ လက်ရှိခေတ်ကြီးမှတပါး အခြားမရှိဟူသော တရား ဒေသနာကို ဟောကြားပို့ချနေကြသည်။ သူတို့၏ နိဗ္ဗာန်ဘုံဖြစ်သော လက်ရှိခေတ်ကြီးအား ပြိုလဲမသွားစေရန် ကျားကန်ဒေါက်ထောက် ထိန်းသိမ်းစောင့်ရှောက်နေကြသည်။

“အုပ်စိုးခံ လူများစုကြီးမှာကား ဥစ္စာဓနမရှိ၊ လက်နက်အာဏာမရှိ၊ သူတို့ဘ၀ဖြင့် ရင်းနှီးစိုက်ပျိုးရာမှ သီးပွင့်လာသော ခေတ်၏ကောက်နှံများကို ရိတ်သိမ်းခွင့်မရကြ။ သူတို့သည် ခေတ်၏ရိုးပြတ်တော အလယ်မှ ကောက်သင်းကောက်သူများသာဖြစ်ကြသည်။ သူတို့မွေးဖွားသေဆုံးရာ ငရဲဘုံဖြစ်သော ထိုခေတ်ကြီးကိုလည်း မနှစ်မြို့နိုင်ကြ။ လောကကို အလှဆင်သူတို့၏ ဂုဏ်သိက္ခာနှင့်ထိုက်တန်သော ခေတ်သစ်ကို သူတို့မျှော်လင့်တောင့်တခဲ့ကြသည်။ ထို့အတွက် သူတို့၏ အသက်ကို ပေးအပ်ခဲ့ကြ၏။

“ဤနည်းအားဖြင့် တည်ဆဲခေတ်ကြီးသည် အုပ်စိုးသူနှင့်အုပ်စိုးခံတို့၏ ပဋိပက္ခဖြင့် တိုက်ပွဲဖြစ်လျက် ရှိသည်။ လူသမိုင်းနှင့်အမျှ ရှည်လျားကြာမြင့်ခဲ့လေပြီ။ သင်သည် ဘက်နှစ်ဘက်ပဋိပက္ခတွင် တဘက် ဘက်၌ ရပ်ရပေတော့မည်။ ကြားနေခြင်းသည် သင့်အတွက်လည်းကောင်း၊ လူ့လောကအတွက် လည်းကောင်း ကောင်းကျိုးရှိမည်မဟုတ်။ ကြားနေသူတို့၏ အကောင်းဆုံး ဆုလာဘ်မှာ ဘက်နှစ် ဘက်၏ အမုန်းမီးတောက်အောက်တွင် ပြာဖြစ်ရခြင်းသာဖြစ်ပေလိမ့်မည်။ အုပ်စိုးသူများသည် ယခင်ကထက် စိတ်ကောင်းစေတနာပြည့်ဝလာကာ လက်ရှိခေတ်ကြီးသည်လည်း ရှေးယခင်ကထက် နေချင့်စဖွယ်ဖြစ်လာလိမ့်မည်ဟု သင်မမျှော်လင့်အပ်။ ပုဂ္ဂလိက အတ္တချော်ရည်တို့ဖြင့် ဗွက်ပေါက် နေသော ခေတ်ကြီးအတွင်းမှ၊ လူသားအများစု(လူ့အဖွဲ့အစည်း) အတွက် ကောင်းကျိုးချမ်းသားကို မျှော်လင့်ခြင်းသည် ကျားရဲအား သူတော်စင်ဖြစ်နိုးနိုး မျှော်ကိုးခြင်းမျိုးသာဖြစ်သည်။ ခေတ်အဆက် ဆက်မှ သင်၏ဘိုးဘွားမိဘအပေါင်းသည် နှောင်းသားမြေးမြစ်အတွက် ထိုက်တန်သော ခေတ်သစ် တခေတ်ကို အမွေအဖြစ် မပေးနိုင်ခဲ့ကြသေး။ သင့်အားသူတို့ ပေးနိုင်ခဲ့သည်မှာ `မပြီးဆုံးသေး သောတိုက်ပွဲနှင့် သူပုန်အလံတလက်´ သာလျှင်ဖြစ်၏။

“ခါးသီးသော ထိုအမွေကို ဆက်ခံခြင်းဖြင့်သာ သင်သည် ခေတ်၏သားကောင်းတယောက် ကျောက် ကောင်းတစေ့ ဖြစ်နိုင်၏။”

“အို…ကလေးငယ်၊ ငိုကြွေးခြင်းဖြင့် သင့်ခွန်အားကိုဖြည့်လော့။ သင့်အမွေ သူပုန်အလံကို မြင့်မားစွာ လွှင့်ထူလော့…။ အချိန်ကာလတည်းဟူသော သိန္ဓောမြင်းကို ဇက်ခွံ့စီးကာ တိုက်ပွဲစစ်မျက်နှာသို့ ခရီးနှင်လော့…။”

တိကျရေရာစွာ ညွှန်ပြရန်ခက်ခဲသော၊ နက်ရှိုင်းဝေးလံရာအရပ်မှ ထွက်ပေါ်လာသည့် ထိုအသံသည် အရှေ့ဘက် မိုးကောင်းကင်ထက်ဝယ် ပဲ့တင်ထပ်ကာ ဖြည်းဖြည်းဝေးဝေး ပျောက်ကွယ်သွားခဲ့
ပါသည်။

နေမင်းသည် အရှေ့မိုးကုတ်စက်ဝိုင်း ထီးရိပ်အောက်မှ မြနှစ်ရောင်တောင်ကလပ်ပေါ်ဝယ် စံပယ်နေ ပါပြီ။

ကျနော်၏ အာရုံတွင် ရိပ်ရိပ်ရေးရေးပြေးလွှားနေသည့် အချိန်ကာလတည်းဟူသော သိန္ဓောမြင်း ထက်မှ သူပုန်အလံကို ဝှေ့ရမ်းကာ တိုက်ပွဲစစ်မျက်နှာသို့ တဟုန်ထိုး ချီတက်သွားသော ကလေး ငယ်အား မြင်ယောင်လာမိပါသည်။

No comments:

 
/* EOT ----------------------------------------- */