Friday, 15 May 2009
Thursday, 14 May 2009
သခင်ကိုယ်တော်မှိုင်းနဲ့တိုင်းရင်းသားအရေး

ရခိုင်တိုင်း ရင်းသားတွေ အကြီးအကျယ်ကြိုဆို ထောက်ခံတဲ့ ဗမာခေါင်းဆောင်ဆိုတာ သခင်ကိုယ်တော်မှိုင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် နှစ်ယောက်ဘဲရှိမယ်ထင်ပါတယ်။ ဗမာအမျိုးသမီးတွေတင်မက တိုင်းရင်းသူအမျိုးသမီး တွေကပါ သခင်ကိုယ်တော်မှိုင်းသွားရာလမ်းမှာ ဆံပင်ဖြန့်ခင်းပေးတာတွေ ဖြစ်ခဲ့ပါတယ်။ ဒါတွေကိုကြည့်ခြင်း အားဖြင့် ပြည်တွင်းကတိုင်းရင်းသားတွေနဲ့ သခင်ကိုယ်တော်မှိုင်း ဆက်ဆံရေးအနေအထားကို အလွယ်တကူသိ နိုင်ပါတယ်။ ...(ဂါမဏိ)
၂ဝ၁ဝ၊ အရာရှိငယ်နဲ့ အသိဂလိုဘယ်
(ဂါမဏိ)
၁၉၉ဝ ရွေးကောက်ပွဲ၊ ၁၄ နှစ်ကြာအမျိုးသားညီလာခံနဲ့ ၂ဝဝ၈ ဆန္ဒခံယူပွဲအတွေ့အကြုံတွေ ရထားတဲ့ စစ်အုပ်စုဟာ ၂ဝ၁ဝ ပွဲမှာတော့ အတိုက်အခံတွေ ဘယ်လိုမှနေရာမရအောင် လုပ်ဖို့ စီစဉ်ပြင်ဆင်ထားမှာ မြေကြီးလက်ခတ် မလွဲပါဘဲ။ နောင်မှာ ယောင်းမမြင်းစီးထွက်လို့ ပွဲပျက်နိုင်တဲ့ ရူးကြောင်မူးကြောင်လက်ကိုင်ဒုတ်တွေကိုတောင် နေရာပေး မယ့်အလားအလာ မရှိပါဘူး၊ အချိန်တခု အသုံးချ လူမိုက်မွေး တာလောက်ဘဲလုပ်ပြီး ဘုရားပြီး ငြမ်းဖျက်ခံရမှာ မြင်ယောင် ပါသေးတယ်။ စစ်အုပ်စုဆိုတာ ကိုယ့်လူရင်း ကိုယ့်စက်ရုပ်ကလွဲပြီး တခြား ဘယ်သူ့ကိုမဆို ဦး ၄ စာရင်းထဲထည့်တဲ့ အစွန်းရောက်စစ်အာဏာ မူရင်းစွဲဝါဒီ Military Fundamentalist ဖြစ်ပါတယ်။ သမိုင်းတ လျှောက်မှာ ဗိုလ်လက်ျာ၊ ဗိုလ်တင်ထွဋ်၊ ဗိုလ်စောကြာဒိုး၊ ဗိုလ်စမစ်ဒွန်း၊ ဗိုလ်ကျော်ဇော၊ ဗိုလ်အောင်ရွှေ၊ ဗိုလ်မောင်မောင်၊ ဗိုလ် အောင်ကြီး၊ ဗိုလ်ကြည်မောင်၊ ဗိုလ်စောမြင့်၊ ဗိုလ် တင်ဖေ၊ ဗိုလ်စိန်မြ၊ ဗိုလ်မောင်ရွှေ၊ ဗိုလ်တင်ဦး (ယခု NLD)၊ ဗိုလ်ထွန်းလင်းနဲ့ မဆလအတွင်းရေးမှူးအဖွဲ့၊ ဗိုလ်တင်ဦး (မျက်မှန်)၊ ဗိုလ်စောမောင်၊ ဗိုလ်ထွန်းကြည်-ဗိုလ်ကျော်ဘနဲ့ နဝတတိုင်းမှူး တပ်မှူးဟောင်းအဖွဲ့၊ ဗိုလ်တင်ဦး(တွင်း-၂)၊ ဗိုလ်နေဝင်း နဲ့ မဆလ-တစညတပ်မှူးဟောင်းအဖွဲ့၊ ဗိုလ်ခင်ညွန့် စသဖြင့် အထင်အရှား ရှိပါတယ်။ အခု ၂ဝ၁ဝ အတွက်ပြဿနာက အတိုက်အခံအဖြစ် ပြည်တွင်းပြည်ပက သိထားကြတဲ့ အဲန်အယ်လ်ဒီတွေ၊ ကျောင်းသားတွေ၊ တိုင်းရင်းသားတွေ မ ဟုတ်ပါဘူး။ ဒါတွေကို ဗိုလ်သန်းရွှေရဲ့ကိုယ်ပိုင် အထူးသီးသန့် ကြပ်ပြေးမြို့တော် သစ်ကြီးက မဟာလွှတ်တော်သစ်ကြီးမှာ စတိသ ဘောတောင် ခြေချခွင့်မပေးဖို့ အညှိုးတကြီးနဲ့ ပြတ်ပြတ်သားသား ဆုံးဖြတ်စီစဉ်ထားပါတယ်။ ဒါပေမဲ့ အခုတော့ ဒီ့ထက်ဆိုးတဲ့ ပြဿနာကို ဗိုလ်သန်းရွှေတယောက် မရှောင်နိုင်မလွှဲနိုင် ရင်ဆိုင်နေရပါပြီ။ ...
Wednesday, 6 May 2009
သမာသတိနဲ့ သတ္တိရှိတဲ့ဆုံးဖြတ်ချက်
(စိုးနေလင်း)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စဉ်းစားဆုံးဖြတ်ရတဲ့ ကိစ္စကတော့ အရေးအကြီးဆုံး ဆုံးဖြတ်ရတဲ့ ကိစ္စပါ။ တရားဝင်ပါတီဖြစ်တဲ့အပြင် ၁၉၉၀ ရွေးကောက်ပွဲမှာ တပါတီထဲအစိုးရဖွဲ့နိုင်လောက်တဲ့ မဲအရေအတွက်ထက် အများ ကြီးပိုရရှိခဲ့တဲ့ ရွေးကောက်ပွဲအနိုင်ရ ပါတီတရပ်အနေနဲ့ ဒီမိုကရေစီရဲ့အခြေခံအကျဆုံးဖြစ်တဲ့ ရွေးကောက်ပွဲကို ၀င်မလား မ၀င်ဘူးလား လို့ဆုံးဖြတ်ရတဲ့ ကိစ္စဖြစ်ပါတယ်။ နိုင်ငံရေးပါတီတခုအနေနဲ့ ရွေးကောက်ပွဲကို ဖြတ်သန်းရ မှာဟာ သဘာဝဖြစ်ပါတယ်။ ဒါပေမယ့် ... အပြည့်အစုံသို့
Saturday, 2 May 2009
Monday, 27 April 2009
အမေရိကန်မြန်မာဆက်ဆံရေးတင်းမာမှု လျော့ကျလာမှုအပေါ် တရုတ်၏စိုးရိမ်မကင်းဖြစ်မှု
http://naytthit.com မှ ကူးယူဖေါ်ပြပါသည်။
(အီးမေးမှရသော ဘာသာပြန်ဆောင်းပါးတပုဒ်ဖြစ်ပါတယ်)
(The Institute of International Studies at Fudan University, Shanghai, China က Asistant professor Jian Junbo ရဲ့ အမေရိကန် - မြန်မာ ဆက်ဆံရေးအပေါ် တရုတ်နိုင်ငံရဲ့ သဘောထားကို သုံးသပ်ထားတဲ့ ဆောင်းပါးကို ပရိတ်သတ် တဦးက ဘာသာ ပြန်ပြီး သူ့ သုံးသပ်ချက်နဲ့အတူ ပေးပို့လာလို့ တင်ပြပေးလိုက်ပါတယ်။ တချို့ နေရာတွေမှာတော့ စာရေးသူရဲ့ ခွင့်ပြုချက်နဲ့ စာဖတ် ရတာ ပိုချောအောင် ပြင်ထားပါတယ်။)
၂၀၀၉ ဧပြီလ အစောပိုင်းက အမေရိကန်၏ အရှေ့တောင် အာရှဆိုင်ရာရုံး ဒါရိုက်တာ Stephen Blake ကို မြန်မာသို့ သံတမန် အဖြစ် စေလွှတ်ခဲ့ရာ အဲဒီလို စေလွှတ်တာဟာ ပြီးခဲ့တဲ့ ခုနှစ်နှစ် အတွင်းမှာ ပထမဆုံး အကြိမ် ဖြစ်ပါသည်။ ဧပြီလ ထဲမှာပဲ US Deputy Secretary of State James Steinberg က “မြန်မာနိုင်ငံကို အထီးကျန် စေခြင်းကနေ ကင်းလွတ်စေဖို့အတွက် အာရှဒေသတွင်း အခြား နိုင်ငံများ နှင့်အတူ ဘုံဗျူဟာတခု ချမှတ်နိုင်ဖို့ ၀ါရှင်တန်က မျှော်လင့်ပါတယ်” ဟု ပြောခဲ့သည်။
အခုလို အခြေအနေ မျိုးနဲ့ ပြောင်းလဲမှု တွေဟာ သမ္မတဘုရှ် အုပ်ချုပ်မှု ကာလတုန်းက ဘယ်တုန်းကမှ မရှိခဲ့ဘူးပါ။ ဘုရှ် လက်ထက်က မြန်မာအပေါ် ဒီမိုကရေစီ ပြောင်းလဲရေးကို ဖိအားပေးမှု နှင့် အပြင်းအထန် ဆန့်ကျင် ရှုံ့ချမှု တို့သာ ရှိခဲ့သည်။
လက်ရှိ အခြေအနေတွေ အရ သမ္မတ အိုဘားမားရဲ့ အစိုးရဟာ အရင် သမ္မတ လက်ထက်က မြန်မာ နှင့် "axis of evil" ဟု ဘုရှ်က ခေါ် ခဲ့သော အီရန်၊ အီရတ် နှင့် မြောက်ကိုရီးယား တို့အပေါ် ထားတဲ့ မူဝါဒနဲ့ လုံးဝ ပြောင်းလဲ ကျင့်သုံးနေသည်။ ။ ဥပမာ အနေနဲ့ - မကြာခင် ကပင် အိမ်ဖြူတော်မှ တီဟီရန် (အီရန်) အပြန်အလှန် ဆွေးနွေးပွဲကို လည်းကောင်း၊ ခိုင်မာတဲ့ အပြန်အလှန် ဆက်သွယ်မှု နှင့်အတူ ပြုံးယမ်း (မြောက်ကိုရီးယား) ၏ ခြောက်နိုင်ငံ ဆွေးနွေးပွဲကို လည်းကောင်း အာရုံစိုက် လာကြောင်းကို ပြသခဲ့ သကဲ့သို့ ကျူးဘား ကိုလည်း အမေရိကန် ကွန်ဂရက် အဖွဲ့ဝင် (ဥပဒေပြု လွှတ်တော်အမတ်) တဦးကို စေလွှတ်ခဲ့သည်။
အပေါ်ယံအားဖြင့် အိုဘားမား၏ နိုင်ငံခြားရေး မူဝါဒဟာ ၎င်းအရင် သမ္မတ၏ မူဝါဒကို လျင်မြန်စွာ လုံလုံးလျားလျား ပြောင်းလဲလိုက်ဟန် ရှိပါသည်၊ သို့သော် ဤပြောင်းလဲမှုတွေ အားလုံးဟာ အုပ်ချုပ်မှုနည်းဗျူဟာ ပုံစံအသစ်၏ အစိတ်အပိုင်း တချို့သာ ဖြစ်ပါသည်။ အိုဘား မား လက်ထက်မှာ နိုင်ငံခြားရေး မူဝါဒဟာ ဖြစ်လာမှ တုံ့ပြန်ခြင်းထက် ဖြစ်အောင် အခြေအနေကို ဖန်တီး ယူမှုကို အခြေခံသော ခိုင်မြဲသော နိုင်ငံတကာဆိုင်ရာ တရားမျှတမှု နှင့် သမ္မတဘုရှ် လက်ထက်မှာ လျော့နည်း ဆုတ်ယုတ် လာခဲ့ရသည် ဟု ဟီလာရီ ကလင်တန် (Secretary of State) က ပြောခဲ့သော “soft power or smart power” ကို ပြန်လည်တည်ဆောက်ရေးကို ဦးတည် လာခဲ့သည်။
အိုဘားမားက သမ္မတဘုရှ် လက်ထက်မှာ များစွာအားနည်း လာခဲ့ရတဲ့ တကမ္ဘာလုံး ဆိုင်ရာ ဦးဆောင်မှု အခန်းကဏ္ဍကို ပိုမိုခိုင်မြဲ တည်တံ့စေဖို့ အတွက် အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒ ချိန်ခွင်ကို ယခင်နှင့်မတူ တခြား ဦးတည်ချက်ကို ဦးတည်ပြောင်းလဲနေဟန် ရှိပါသည်။ အထူးသဖြင့် ဘုရှ်လက်ထက်က ခေါင်းဆောင်မှု အပိုင်း၏ အဓိက အားနည်းချက်မှာ ၂၀၀၃ ခုနှစ် အီရတ်အပေါ် စစ်ရေးအရ ကျူးကျော်မှုပင် ဖြစ်သည်။ လက်ရှိ လက္ခဏာ နှင့် အခြေအနေ တွေအရ ပြောင်းလဲမှု များသည် ယခင် ဘုရှ် လက်ထက်က ဆုံးရှုံးခဲ့သော ညင်သာ ပျော့ပျောင်းသော လွှမ်းမိုးမှုကို ပြန်လည် ရရှိဖို့ အတွက် ဖြစ်ဟန် ရှိသည်။ အထက်ပါ ပြောင်းလဲမှုများကို ကြည့်ခြင်းအားဖြင့် အိုဘားမား ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ အသစ်ဟာ ၁၉၇၀ နှစ်လယ်ပိုင်း ဗီယက်နမ်စစ်ပွဲ ပြီးကတည်းက ဆုံးရှုံးခဲ့သော အမေရိကန်၏ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးမှုကို ပြန်လည် ရယူနိုင်ဖို့ ဆိုတာကို မြင်သာ နိုင်ပါသည်။
ပထ၀ီနိုင်ငံရေး အရလဲ အိုဘားမား၏ မူဝါဒဆိုင်ရာ ဦးတည်မှုများဟာ အရှေ့တောင်အာရှ ဒေသတွင်း အင်အားညီမျှမှုကို စိန်ခေါ်မှု တရပ် ဖြစ်လေမလားဟု မေးခွန်း ထုတ်စရာလဲ ဖြစ်နိုင်ပါသည်။ ၎င်းအပြင် အမေရိကန်၏ မူဝါဒဆိုင်ရာ ပြောင်းလဲမှုများဟာ အထူးသဖြင့် မြန်မာ၏ အိမ်နီးချင်း အင်အားကြီး နိုင်ငံများ ဖြစ်သည့် တရုတ်နှင့် အိန္ဒိယ ကဲ့သို့ နိုင်ငံများအတွက် အာရုံစိုက်စရာ ဖြစ်နေပါသည်။ တနည်းအားဖြင့်လဲ အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအသစ်ဟာ ကမ္ဘာမှာ အမေရိကန်၏ ပုံရိပ်ကို ကြီးမြင့်လာစေရုံသာမက ၀ါရှင်တန်က ညီညွတ်အဆင်ပြေစွာနှင့် အောင်မြင်စွာဆောင်ရွက်နိုင်သော ဒေသတွင်းပထ၀ီနိုင်ငံရေး တည်ဆောက်မှု ပုံစံအတွက် ပြောင်းလဲမှုတရပ်လဲ ဖြစ်ပေသည်။
မကြာသေးခင် နှစ်များအတွင်း အမေရိကန်သည် အာဖဂန်နစ္စတန် အကြမ်းဖက် တိုက်ဖျက်ရေး၊ အီရတ်၊ ပါကစ္စတန်နှင့် အချို့နေရာရှိ စစ်ပွဲတို့ဖြင့် အလုပ်များ နေခဲ့သည်။ ၎င်း အခြေအနေများကပင် မြန်မာနိုင်ငံ အပေါ် အမေရိကန်၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီ ဖော် ဆောင်ရေးနှင့် အစိုးရနှင့် သဘောထား ကွဲလွဲသူများကို လွှတ်ပေးရေး စသော တောင်းဆိုမှု များနှင့်အတူ ရန်လို ဖိနှိပ်ပြီး တွန်းအားပေး လိုသော မူဝါဒမျိုးကို ဖြစ်ပေါ်စေခဲ့သည်။ သို့သော် လက်တွေ့မှာ အမေရိကန် အနေနှင့် ဤ ရန်လို ဖိနှိပ်လိုပြီး တပါတီ အာဏာရှင် စနစ်ကို ဆန့်ကျင်ရေး မူဝါဒများဖြင့် အထီးကျန် နိုင်ငံများကို လက်လျော့ လိုက်လျောစေမှု အပါအ၀င် မည်သည့် အကျိုးအမြတ်ကိုမျှ မရ ရှိခဲ့ပေ။ ဘုရှ် အစိုးရသည် မြန်မာအစိုးရ အပေါ် ဖိနှိပ်အုပ်ချုပ်သော အစိုးရ တရပ်ဟု ယူဆခဲ့ချိန်မှ စ၍ ၀ါရှင်တန်ဟာ မြန်မာနိုင်ငံအပေါ် စီပွားရေး ပူးပေါင်းဆောင်ရွက်မှုပိုင်းတွင် ဖယ်ကျဉ်ထားပြီး၊ စီးပွားရေး ဖွံဖြိုးမှုဆိုင်ရာ အကူအညီ ပေးရေးကိုလည်း ငြင်းပယ်ထားခဲ့ပါ သည်။
ဤကဲ့သို့သော အခြေအနေအရပ်ရပ်ကို တရုတ်က ကောင်းစွာ အသုံးချပြီး နိုင်ငံရေးနှင့် မူဝါဒပိုင်းဆိုင်ရာ ကျောထောက် နောက်ခံအ တွက် အရေးပါသော မြန်မာနှင့် စီးပွားရေး အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုကို ပိုမို တိုးတက်အောင် ဆောက်ရွက်ခဲ့သည်။ လက်ရှိ အခြေ အနေအရ ဆိုလျှင်လဲ တရုတ် မြန်မာ အပြန်အလှန် မှီတည် ဆက်နွယ် နေမှုသည် နှစ်နိုင်ငံလုံး အကျိုးအတွက် လက်တွေ့ကျကျ အ ကောင်အထည် ပေါ်နေပြီ ဖြစ်သည်။ အပေါ်ယံ အားဖြင့် ကြည့်လျှင်လည်း အမေရိကန်၏ မြန်မာနိုင်ငံ အပေါ် သြဇာ လွှမ်းမိုးမှုကို ပြန် လည် ရယူနိုင်ရန် ကြိုးစားမှုဟာ တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို လျော့နည်းစေနိုင်သော သို့တည်းမဟုတ် အဆုံးသတ် စေနိုင်သော စိန်ခေါ်မှု တရပ်လေလားဟု မေးခွန်းထုတ်စရာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ အရှေ့တောင်အာရှ နိုင်ငံများအပေါ် အင်းအားကြီး နိုင်ငံကြီးများ ၏ ပထ၀ီနိုင်ငံရေး လွှမ်းမိုးမှုကို ရယူရန် ကြိုးစားမှုသည် ဒေသတွင်း နိုင်ငံတွေအတွက်တော့ ကောင်းမွန်သော အချက်မဟုတ်ပါ။ သို့သော် မည်သို့ပင်ဖြစ်စေ တရုတ် အနေနှင့်ကတော့ မြန်မာနှင့် အလွန်ကြီးမားသော စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက် နေပြီ ဖြစ်သည့်အတွက် လက်လျှော့ ဆုတ်ခွါမည့် ဟန်မရှိပါ။ တရုတ်အနေဖြင့် မြန်မာမှ ကုန်ကြမ်း ပစ္စည်းများကို ရယူလိုပြီး အထူးသဖြင့် အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသမှ နိုင်ငံများနှင့် ကုန်သွယ်မှု အတွက် ဆိပ်ကမ်းတခုနှင့် ကြားခံစခန်းတခု ရရှိရန် လိုနေပေသည်။
(စာရေးသူမှတ်ချက်။ ။ တရုတ်က အာဖရိက နှင့် အရှေ့အလယ်ပိုင်းမှ ရေနံနှင့် တွင်းထွက်များကို ရခိုင်ကမ်းရိုးတမ်းမှတဆင့် မြန်မာ ကုန်းတွင်းပိုင်းကို ဖြတ်၍ တရုတ်ပြည်မ အတွင်းသို့ သယ်ယူလိုပြီး ၎င်း လမ်းကြောင်းမှပင် တရုတ် ထွက်ကုန်များကို အဆိုပါ နိုင်ငံများသို့ မြန်မာနိုင်ငံကို ဖြတ်၍ တင်ပို့မည် ဖြစ်သည်။ ယခင် မလေးရှားနှင့် အင်ဒိုနီးရှားကြား မလက်ကာရေလက်ကြားမှဖြတ်ကာ စင်္ကာပူ ဆိပ် ကမ်းမှ ပတ်ပြီး သယ်ယူရေးထက် စီးပွားရေးအရ အလွန်တွက်ခြေကိုက်သော နည်းလမ်း ဖြစ်ပါသည်၊ တနည်းအားဖြင့်လဲ အလွန်လုံခြုံ စိတ်ချရပြီး ပထ၀ီနိုင်ငံရေးကိုလဲ တဘက်တလမ်းက အကျိုးသက်ရောက်နိုင်သည်ဟု တရုတ် အနေနှင့် ယူဆမည်ဟု စာရေးသူ ယုံကြည် မိသည်။ မျက်မှောက်ခေတ်မှာ မြန်မာနိုင်ငံရဲ့ ပထ၀ီနိုင်ငံရေး အရေးသာမှုဟာ ကမ္ဘာ့ထိပ်တန်း နိုင်ငံကြီးများအပေါ် လွှမ်းမိုးမှု အတော်အ တန်ကြီးမားနေသည်ကို မြန်မာတိုင်း ဂရုထားသင့်သည်ဟုလည်း ယူဆမိသည်။)
အပြင်ပန်းအားဖြင့်လဲ ၀ါရှင်တန်၏ မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှုကို ပြနေသော မူဝါဒ အသစ်ဖြစ်သော ပထ၀ီနိုင်ငံရေး ယှဉ်ပြိုင်မှုဟာ ဒေသတွင်း အငြင်းပွားမှုများကို ဦးတည် စေနိုင်ပါသည်။ ဒါပေမယ့် ဒီအချက်တွေဟာ ဒေသတွင်း နိုင်ငံတကာ မူဝါဒရေးရာမှာ မုချအမှန် ဖြစ်လိမ့်မည်ဟုလဲ သေချာပေါက် မပြောနိုင်သေးပါ။ နိုင်ငံတကာ မူဝါဒ ရေးရာ၏ အစိတ်အပိုင်း တခုမျှသာ ရှိပါသေးသည်။ မြန်မာနိုင်ငံ အပေါ် ထားရှိလာသော အမေရိကန်၏ မူဝါဒ အသစ်နှင့် ပတ်သက်၍ အကျိုးဆက်များကို စမ်းစစ် မလေ့လာမှီ “အမေရိကန် အနေနှင့် မြန်မာနှင့် မည်သို့မည်ပုံ နားလည်သဘောတူညီမှုကို ရယူမလဲ” ဆိုတဲ့ မေးခွန်းကို အရင် မေးသင့်ပေသည်။
ပထမတနည်းနေနှင့် အမေရိကန်ဟာ မြန်မာ ခေါင်းဆောင်ပိုင်းနှင့် တိုက်ရိုက်အပြန်အလှန် တွေ့ဆုံဆွေးနွေးခြင်းဖြင့် ချဉ်းကပ်ပြီး၊ မြန်မာ နိုင်ငံအပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းအတွင်း မူဝါဒရေးဆိုင်ရာ အကူအညီများ၊ စီးပွားရေးဆိုင်ရာ အကူအညီများ နှင့်အတူ ဒီမိုကရေဆီ ပြောင်းလဲရေးကို ကူညီဆောင်ရွက် ပေးခြင်းဖြင့် နည်းလမ်းရှာကောင်း ရှာနိုင်ပေသည်။ ဒါပေမယ့် ဒီ ချဉ်းကပ်နည်းဟာ ဘောင်တခုအ တွင်း ကန့်သတ်ထိန်းချုပ်မှုကို ဦးတည်တာ ဖြစ်သောကြောင့် လက်တွေ့မှာတော့ တကယ်အကောင်အထည် ဖော်ဖို့ဆိုတာ လွယ်တော့ မလွယ်လှပါ။ မြန်မာ အနေနှင့်လည်းပဲ ၎င်း၏ နိုင်ငံရေးမူဝါဒစနစ်ကို ၀ါရှင်တန်မှ ချပေးသော ပုံစံမျိုးဖြင့် ပြုပြင်ပြောင်းလဲမည် မဟုတ် သကဲ့သို့ ၎င်း၏ ပြည်တွင်းရေး ကိစ္စရပ်များကိုလည်းပဲ အမေရိကန်နှင့် ဆွေးနွေးလိမ့်မည် မဟုတ်ပါ။
ဒုတိယ တနည်း အနေနှင့် အမေရိကန်ဟာ မြန်မာ့ အဓိက အတိုက်အခံ ပါတီ ဖြစ်သော NLD ပါတီ၊ ဒါမှမဟုတ် လက်ရှိ စစ်အုပ်ချုပ်ရေး စနစ်ကို ဖြုတ်ချလိုသော အတိုက်အခံ အုပ်စုများနှင့် တွေ့ဆုံ သဘောတူညီမှုများ ရယူကောင်း ယူနိုင်ပေသည်။ ရှင်းရှင်း ပြောရလျှင်တော့ ဤကဲ့သို့သော နည်းလမ်းကို CIA အပါအ၀င်၊ ယခင် ဘုရှ် အစိုးရတို့က ကြိုးစားကျင့်သုံးပြီးဖြစ်ပြီး အကျိုးရလဒ် ထူးထူးခြားခြား ရလာစရာ အကြောင်း မရှိတော့ပေ။ ထို့ကြောင့် ဤနည်းလမ်းသည် ပထမနည်းလမ်းလောက်ပင် ကောင်းမွန်မှု မရှိဘဲ၊ အကျိုးသက်ရောက်မှု မရှိကြောင်း ကိုလဲ ၀န်ခံ သက်သေပြပြီးဖြစ်သည်။
တတိယတနည်းအနေနှင့် အမေရိကန်ဟာ မြန်မာအပေါ် စီးပွားရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နှင့် အတူ ငွေရေးကြေးရေး ဆိုင်ရာ အကူအညီများ ပေးပြီး ခေါင်းဆောင်ပိုင်းကို ချဉ်းကပ်ရေးပင် ဖြစ်သည်။ သို့သော် တဖက်ကလည်း အမေရိကန် အနေနှင့်လဲ ဖွံဖြိုးဆဲ နိုင်ငံများနှင့် ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် အကူအညီပေးရေး ဆိုင်ရာမှာ မရှိမဖြစ်သော ပြဌာန်းချက်နှင့် စည်းကမ်းချက်များကလဲ ရှိနေသေးပေသည်။ မြန်မာ အနေနှင့် ကလည်းပဲ တခြား ရရှိနေသော စီးပွားရေးဆိုင်ရာ အထောက်အကူများ ကလဲ ရရှိ နေပေသေးသည် ဥပမာ အားဖြင့် တရုတ် ထံမှဖြစ်သည်။ ထို့ကြောင့်ပင် မြန်မာက အခြေအနေအရ ဖြစ်လာသော အမေရိကန်၏ ပြောင်းလဲမှု အကူအညီကို လက်ခံလိမ့်မည် မဟုတ်ပေ။ တဖန် အမေရိကန်အနေနှင့်ကလည်းပဲ မြန်မာအပေါ် နိုင်ငံရေးမပါသော စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမျိုး ဆိုတာကလဲ မဖြစ်နိုင် သကဲ့သို့ ၎င်း၏ မြန်မာနိုင်ငံအပေါ် မူဝါဒရေး ပြောင်းလဲမှု၏ ရည်ရွယ်ချက်နှင့်လဲ ကိုက်ညီမှု မရှိလှပေ။ US Deputy Secretary of State James Steinberg ကလဲပဲ မြန်မာနိုင်ငံအပေါ် အမေရိကန်မူဝါ၏ အဓိက ဦးတည်ချက်က ပြောင်းလဲမည် မဟုတ်ဟု ဖော်ပြခဲ့ပေသည်။ သို့ပေမယ့်လဲ အမေရိကန် အနေနှင့် မြန်မာအပေါ် ပိုမို ပွင့်လင်းမှုနှင့် လူ့အခွင့်အရေးကို လေးစား လိုက်နာပြီး ကမ္ဘာ လုံးဆိုင်ရာ စီးပွားရေးကဏ္ဍမှာ ၎င်းကိုယ်တိုင် ပါဝင် ဆောင်ရွက်မှုကို မျှော်လင့်နေပေသည်။
အမေရိကန်ဟာ မြန်မာနှင့် သဘောတူညီမှုရရန်မှာ ခက်ခဲကြောင်းကို မကြာခင်မှာပဲ သိမြင်လာမှာ ဖြစ်ပါတယ်။ ထို့ကြောင့်ပင် တရုတ် အနေနှင့် အမေရိကန်၏ အရှေ့တောင်အာရှ ဒေသအတွင်းသို့ အမြင်အားဖြင့် လျင်မြန်စွာ ထိုးဖောက်ဝင်ရောက် လာမှုကို စိုးရိမ်မှု မရှိပေ။ ဖြစ်ကောင်း ဖြစ်လာနိုင်ပေမယ့် ပထ၀ီနိုင်ငံရေး ပြိုင်ဆိုင်မှုဟာ ဖြစ်အံ့ဆဲဆဲ အခြေအနေမျိုးတော့ မဟုတ်ပါ။ တရုတ် အနေနှင့် လဲပဲ ၎င်း၏ မဟာဗျူဟာ ပိုင်းဆိုင်ရာ ကိစ္စများအပြင် မြန်မာနိုင်ငံအပေါ် အမေရိကန်၏ နိုင်ငံရေး မူဝါဒပိုင်းဆိုင်ရာ နှုတ်တိုက်ပုံတူကူးချရန် တိုက်တွန်း မှုနှင့် သြဇာလွှမ်းမိုးမှုအတွက် မည်သည့် သဘောတူညီမှုမျိုးကိုမှ လက်ခံမည် မဟုတ်ပေ။ အဘယ်ကြောင့် ဆိုသော် ဤကိစ္စရပ်များသည် မြန်မာနိုင်ငံ၏ ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်နိုင်သော နိုင်ငံတွင်း ဆူပူအုံကြွမှုများကို ဖြစ်စေနိုင်သောကြောင့် ဖြစ်ပေသည်။
သို့သော် တရုတ်အနေ နှင့် အမေရိကန်၏ မြန်မာနိုင်ငံ အပေါ် စီးပွားရေးနှင့် ကုန်သွယ်မှု ပိုင်းဆိုင်ရာ သဘောတူညီမှု များကိုတော့ ကြိုဆို သွားမည်ဖြစ်သည်။ လူမှုရေး တည်ငြိမ်မှုရှိပြီး ဥစ္စာဓန ပေါကြွယ်ဝသော မြန်မာနိုင်ငံ ကဲ့သို့သော နိုင်ငံနှင့် အရှေ့တောင်အာရှ နိုင်ငံများ အသင်း (ASEAN) ၀င် နိုင်ငံများဟာ တရုတ်၏ စိတ်ဝင်စားမှုနှင့် ကိုက်ညီလျက် ရှိသည်။ အမေရိကန် အနေနှင့် မြန်မာနိုင်ငံ အပေါ် စီးပွားရေး ဆိုင်ရာ အောင်မြင် ဖြစ်ထွန်းမှုကို အကူအညီပေးမှုဟာ ASEAN အတွင်း စည်းလုံးမှုကို အထောက်အကူ ဖြစ်စေနိုင်ပါသည်။ ASEAN ၏ စည်းလုံးမှုနှင့် အကျိုး သက်ရောက်မှုရှိခြင်းဟာ ဒေသတွင်း တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ပြီး၊ တရုတ် အနေနှင့်လဲ ဤအချက် ကို အမြဲ ကြိုဆိုနေမည် ဖြစ်သည်။
အတုန့်အပြန် အားဖြင့်လဲ အမေရိကန်၏ မြန်မာနိုင်ငံ အပေါ် ပြည်တွင်းရေး စွက်ဖက်မှုပိုင်း ဆိုင်ရာ နည်းဗျူဟာများဟာ အပြုသဘော ဆောင်နေခဲ့လျှင်တောင် ဒေသတွင်း တည်ငြိမ်မှုကို ပျက်ပြားစေနိုင်ပါက တရုတ် အနေနှင့် ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်သွားမည် ဖြစ် သည်။ ထို့ပြင် အမေရိကန်သည် မြန်မာနှင့် သဘောတူညီမှု ရယူရန် ကြိုးပမ်းမည် ဆိုလျှင်လဲ အရှေ့တောင်အာရှ ဒေသတွင် တရုတ်ဟာ အဓိက အရေးကြီးသော ဇာတ်ဆောင် ဖြစ်သည် ဆိုတာကို အသိအမှတ် ပြုရမည် ဖြစ်ပြီး၊ နိုင်ငံရေးမူဝါဒအသစ်ဖြင့် မြန်မာကို တရုတ် နိုင်ငံနှင့် ဖယ်ကြဉ်စေရန် ဆောင်ရွက်မည် ဆိုပါက အလွန့်အလွန် ကြီးမားသော ခက်ခဲမှုမျိုးနှင့် ရင်ဆိုင်ရပေလိမ့်မည်။
အမေရိကန် အနေနှင့် မြန်မာနိုင်ငံနှင့် သဘောတူညီမှု ရယူရန် ကြိုးပမ်းမှုတွင် မြောက်ကိုရီးယား ကဲ့သို့ ခြောက်နိုင်ငံ ဆွေးနွေးရေး ကိစ္စလိုမျိုး အသွင်ဖြင့် မကြိုးပမ်း သင့်ပေ။ US Deputy Secretary of State James Steinberg က လွန်ခဲ့သော ရက်အနည်းငယ် အတွင်းတွင် ထုတ်ဖော်ပြောကြား ခဲ့သော်လည်း တရုတ်၊ မြန်မာ နှင့် ASEAN တို့က ဤကဲ့သို့သော အကြံပြုချက်မျိုးကို လက်ခံလိမ့်မည် မဟုတ်ပေ။ မြန်မာဟာ မြောက်ကိုရီးယား ကဲ့သို့ အခြားနိုင်ငံများကို ခြိမ်းခြောက်နေသော နိုင်ငံ မဟုတ်ပါ။ မြန်မာ့ အရေးဟာ နိုင်ငံတကာ လုံးဆိုင်ရာ ၀င်ရောက်ဆွေးနွေးရန် အရေးကိစ္စ မဟုတ်ပါ၊ ထို့ကြောင့် မြန်မာ့ အရေးနှင့် ပတ်သက်လာလျှင် ဘက်ပေါင်းစုံ ပါဝင်သော ဆွေးနွေး သုံးသပ်မှု ပုံစံမျိုးဖြင့် ပြုလုပ်ရန် မလိုအပ်ပါ။
မြန်မာနှင့် အောင်မြင်စွာ သဘောတူညီမှုရယူရန် အမေရိကန်၏ ကြိုးပမ်းမှုတွင် ယခင် ဘုရှ် လက်ထက်က အသုံးပြုခဲ့သော အသုံးမ၀င် တော့ဘဲ ခေတ်နောက်ကျနေပြီ ဖြစ်သော ချဉ်းကပ်မှုမျိုးကို နောက်တကြိမ် ထပ်သုံးဦးမည်ဆိုလျှင် အမေရိကန်အတွက် လွယ်ကူလိမ့် မည် မဟုတ်ပေ။ တရုတ် အနေနှင့်လဲ ၎င်းကိစ္စ မျိုးကို ဘယ်တော့မှ လက်ခံမည် မဟုတ်ပေ။ သို့သော် အမေရိကန် အနေနှင့် မြန်မာနိုင်ငံ အပေါ် သန့်ရှင်းသော စီးပွားရေး လုပ်ဖော်ကိုင်ဖက်သဘောမျိုး ရရှိရန်အတွက် ကြိုးပမ်းခဲ့မည် ဆိုလျှင်တော့ ဘေဂျင်း(Beijing) အနေနှင့် ၀မ်းသာစွာ ကြိုဆိုနေမည် ဖြစ်သည်။ အခြေခံအားဖြင့် မြန်မာနိုင်ငံအပေါ် အမေရိကန်၏ ချဉ်းကပ်မှု အောင်မလား ရှုံးမလား ဆိုတာ ကတော့ တခြားနိုင်ငံတွေရဲ့ ၎င်း ချဉ်းကပ်မှု နည်းလမ်းအပေါ် ထင်မြင်ယူဆချက်ထက် အမေရိကန် ကိုယ်တိုင် အသုံးပြုသော နည်းလမ်း က ပို၍ အရေးပါ ပေလိမ့်မည်။
မူရင်း ဆောင်းပါးကို ဖတ်ချင်လျင် http://www.atimes.com/atimes/China/KD17Ad01.html ၌ ဖတ်ရှုနိုင်ပါသည်။
Copyright 2009 Asia Times Online:
စာရေးသူ၏ ဖြည့်စွက် သုံးသပ်ချက်။ ။ လက်ရှိ ဆောင်းပါးဟာ ရှန်ဟိုင်း နိုင်ငံတကာ လေ့လာရေးတက္ကသိုလ် လက်ထောက် ပါမောက္ခ Dr Jian Junbo ၏ အာဘော်ကို တိုက်ရိုက်ဘာသာပြန်ထားခြင်းဖြစ်သည်။ Dr Jian Junbo က အမေရိကန် မြန်မာ ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာမှုဟာ တရုတ်၏ ဒေသတွင်းပထ၀ီနိုင်ငံရေး အတွက် အရေးကြီးပုံ၊ ပြောင်းလဲလာသော အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာနှင့် ပတ်သက်ပြီး တရုတ်၏ ပတ်သက်ဆက်စပ်နေပုံနှင့် တရုတ်၏ တုန့်ပြန်သုံးသပ်ပုံတို့ကို မျက်မှောက်ခေတ်နှင့်အညီ သုံး သပ်တင်ပြထားသည်။
တရုတ်က အမေရိကန်ဟာ မြန်မာကို ကူညီလျှင်တောင် ကိုယ်ကျိုးမဖက်ဘဲ သီးခြားကူညီဖို့ ခက်တယ်ဆိုတာကို မြန်မာကို ပြောချင်ပုံရ သည်။ ထို့ပြင် တရုတ်သာ မြန်မာ၏ အဓိက မိတ်ဆွေဖြစ်ပြီး အမေရိကန်ဟာ အခြေအနေအရ ဖန်တီးလာသော ညှိနှိုင်း ဆောင်ရွက်မှုသာ ဖြစ်သည်ဟု သတိပေးချင်ဟန် ရှိပေသည်၊ ၎င်းကိုယ်တိုင်ကလဲပဲ အမေရိကန် မြန်မာကြား သဘောတူညီမှု တခုခုကို ဦးတည်သွားမှာ ကိုလည်း စိုးရိမ်နေပုံ ရသည်။ ASEAN အပေါ်တွင်လဲ ၎င်းကပင် သြဇာ လွှမ်းမိုးပြီး အဓိက key player အနေနှင့် ရှိနေချင်ဟန် ရှိသည်။
သို့သော် အမေရိကန်၏ မြန်မာအပေါ် ချဉ်းကပ်မှုပိုင်းဆိုင်ရာကို ဖော်ပြရာ၌ နည်းလမ်းသုံးသွယ်ဖြင့် ဖော်ပြထားပြီး ဒုတိယနည်းလမ်းမှာ နှစ်ပေါင်းများစွာတိုင်အောင် ကျင်သုံးပြီးဖြစ်သော်လည်း မအောင်မြင်သည်မှာ ထင်ရှားပြီးဖြစ်သည်။ သို့သော် ပထမ နှင့် တတိယနည်း တို့မှာမူ အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအသစ်နှင့် ဆက်စပ်မှု ရှိနေပြီး အကောင်အထည် ပေါ်လာကောင်း ပေါ်လာနိုင်ပေသည်။ သို့သော် Dr Jian Junbo ကမူ ၎င်း ပထမ နှင့် ဒုတိယ အချက်တို့ကိုလည်း သိပ်မဖြစ်နိုင်ဟု ဖော်ပြသွားခဲ့ပေသည်။ တကယ်တမ်းကျ တော့ သိပ်မဖြစ်နိုင် ဆိုတာထက် ၎င်းနည်းလမ်းများအတိုင်း ဖြစ်လာမှာကို တရုတ်က အလွန်စိုးရိမ်လျက်ရှိသည်ဟု စာရေးသူ ယုံကြည်မိသည်။ ဖြစ်လာခဲ့ လျှင်တောင် တရုတ် အနေနှင့် ပထ၀ီ နိုင်ငံရေးနှင့် ပတ်သက်လျှင် မည်သည့် ချဉ်းကပ်မှုမျိုး ကိုမဆို ကန့်ကွက်မည့်ပုံ ရှိပေသည်။ ဤချဉ်းကပ်မှု နည်းလမ်းများဖြင့် ချဉ်းကပ်လာခဲ့လျှင် အမေရိကန် အနေနှင့် အခက်အခဲ များနှင့် ရင်ဆိုင် ရမည်ဟု တရုတ်က ပြောနေသော်လည်း၊ ချဉ်းကပ်မှု နည်းလမ်းများ မအောင်မြင်ခဲ့လျှင်တော့ ဟုတ်သည်ပေါ့၊ သို့သော် အမေရိကန်၏ ချဉ်းကပ်မှုများ အောင်မြင်ခဲ့ လျှင်မူကား တရုတ်ပြောခဲ့သော အခက်အခဲများဟာ အမေရိကန်အတွက် မဟုတ်ဘဲ ၎င်း တရုတ်နိုင်ငံ အတွက်သာ ဖြစ်ပေ လိမ့်မည်ဟု စာရေးသူ ယူဆမိသည်။
ထို့ပြင်လည်းပဲ တရုတ်ဟာ မြန်မာနိုင်ငံ ရခိုင်ကမ်းခြေမှာ အခြေဆိုက် ဆိပ်ကမ်း တခုကို ထားပြီး အာဖရိကနှင့် အရှေ့အလယ်ပိုင်း ဒေသများနှင့် ကုန်သွယ်မှု အတွက် မြန်မာနိုင်ငံ၏ ကုန်းတွင်း လမ်းကြောင်းကို မြန်မာနှင့် အကျိုးတူ အသုံးပြု လိုပေသေးသည်။ ထို့အတွက်လဲ မြန်မာအပေါ် သြဇာ လွှမ်းမိုးမှုကို အမေရိကန် ကိုမှမဟုတ် မည်သူ့ မည်သူကိုမျှ ခွဲဝေပေး လိုလိမ့်မည် မဟုတ်ပေ။ ၎င်းလမ်းကြောင်းသည် တရုတ်အတွက် စီးပွားရေးအရ အလွန် တွက်ခြေကိုက်ပြီး လုံးခြုံ စိတ်ချရသော လမ်းကြောင်း ဖြစ်ပေသည်။ ဤကဲ့သို့သော အရေးကိစ္စများသည် စစ်အေးခေတ် နှောင်းပိုင်း လက်ရှိ မျက်မှောက်ရေးရာ ကမ္ဘာ့ ချိန်ခွင်ကို ပြောင်းလဲနိုင်သော အာရှ အခန်းကဏ္ဍတွင် စာရေးသူတို့ နိုင်ငံ၏ ပထ၀ီ နိုင်ငံရေး အရ လွှမ်းမိုးနိုင်မှုနှင့် အရေးပါမှု တို့ပင် ဖြစ်ပေသည်။
၎င်းအပြင် စာရေးသူ အနေနှင့် မြန်မာဟာ ဒေသတွင်း ASEAN နိုင်ငံများ အပေါ်လဲ လွှမ်းမိုးမှုနှင့် အားသာချက်များ ရှိနေပေကြောင်း ကိုလဲ ပြောချင်သေးသည်။ မြန်မာနိုင်ငံ တည်နေရာအရ မြန်မာဟာ အာဖရိက၊ အရှေ့အလယ်ပိုင်း နိုင်ငံတို့နှင့် ကမ္ဘာ့အရှေ့ပိုင်း နိုင်ငံများ (တရုတ် ကဲ့သို့သော) ၏ ကုန်သွယ်မှု လမ်းကြောင်းပေါ်တွင် တည်ရှိနေသည်။ သို့သော် ပင်လယ်ကူးသင်္ဘောများသည် အိန္ဒိယ သမုဒ္ဒရာ၊ ကပ္ပလီပင်လယ် မှတဆင့် မလက္ကာ ရေလက်ကြားကို ဖြတ်ပြီး စင်္ကာပူမှပတ်ကာ ထိုင်းပယ်လယ်ကွေ့နှင့် အရှေ့ပိုင်း နိုင်ငံများသို့ ဦးတည် လျက် ရှိပေသည်။ အကယ်၍သာ ထိုင်းက ၎င်းနိုင်ငံကို ဖြတ်ပြီး စူးအက်တူးမြောင်းကဲ့သို့ တူးမြောင်းမျိုး ကိုသာ ဖောက်ခဲ့မည် ဆိုလျှင် ၎င်းကို အမှီပြု၍ မြန်မာ၏ ကူးသန်း ရောင်းဝယ်မှုနှင့် စီးပွားရေးအရ အချက်အခြာ ကျမှုတို့ဟာ ပို၍ အရေးပါလာပေလိမ့်မည်၊ သို့သော် ပွဲစား သဘောမျိုးဖြင့် အသက်မွေးနေသော စင်္ကာပူကိုမူကား ထိုင်း၏ တူးမြောင်းက အခက်တွေ့ကောင်း တွေ့စေနိုင်ပေသည်၊ လက်ရှိ မျက်မှောက် အခြေအနေမှာပင် နည်းပညာပိုင်းဆိုင်ရာ မြင့်မားလာမှုကြောင့် အချို့သော ပင်လယ်ကူးသင်္ဘောများနှင့် လေယာဉ်များဟာ စင်္ကာပူမှ တထောက် ရပ်နားခြင်းမျိုး မရှိဘဲ တိုက်ရိုက်ပျံသန်းသွားလာ နေတဲ့အတွက် စင်္ကာပူရဲ့လက်ရှိ ရပ်တည်မှုဟာ စိတ်ချရလောက် တဲ့ အနေအထားမှာ မရှိပေ၊ အချိန်မရွေး ပြောင်းလဲသွား နိုင်ပေသည်။
ထိုင်းကသာ တူးမြောင်း တူးဖော်မှုကို အကောင်အထည်ဖော်ခဲ့လျှင် ပို၍ဆိုးပေဦးမည်။ သို့သော် ထိုင်း၏ တူးမြောင်းသည် ကုန်သွယ်မှု လမ်းကြောင်းကို မြန်မာနှင့် ပို၍ နီးကပ်လာစေမည်ဖြစ်တဲ့အ တွက်ကျယ်ပြန့်သော ကမ်းရိုးတမ်းအရှည်နှင့် သဘာဝသယံဇာတ အပါအ ၀င် မြိတ်ကျွန်းစုကို ပိုင်ဆိုင်သော မြန်မာဟာ ပို၍အရေးပါ လာပေလိမ့်ဦးမယ်။ ထိုင်း အနေနှင့်လဲ စင်္ကာပူ၏ သင်ခန်းစာကိုယူပြီး အ ကောက်အခွန်နှင့် အကျိုးအမြတ်ကို လိုချင်ကောင်း လိုချင်သောကြောင့် ဖြစ်ပေမည်။ ထို့ထက် ပိုအရေးကြီးသော အချက်မှာကား ထိုင်း အနေနှင့် မြန်မာနှင့်သာ စစ်ဖြစ်ခဲ့လျှင် သို့တည်းမဟုတ် အခြားအကြောင်းတခုခုကြောင့်ဖြစ်စေ ၎င်း၏ စစ်သင်္ဘောများကို ဘင်္ဂလားပင် လယ်အော်သို့ ရောက်ဖို့အတွက် မလက္ကာရေလက်ကြားမှတဆင့် စင်္ကာပူကိုပတ်ကာ လာနေရပေသည်။ ဤအချက်သည် ထိုင်းရေတပ် အတွက် အလွန့်အလွန် ကြီးမားပြီး ခရီးဖင့်နေရသော အခက်အခဲ ဖြစ်ပေသည်။ ထိုင်းအနေနှင့် ၎င်းအခက်အခဲကိုလဲ ဖြေရှင်းရင်း စီးပွားရေးအရလဲ တွက်ခြေကိုက်အောင် စီစဉ်လျက် တချက်ခုတ်နှစ်ချက်ပြတ် စီမံကိန်းကို စဉ်းစားဟန် တူပေသည်။ (ဤဖော်ပြချက်ကို ထိုင်းက တူးမြောင်း တူးမည်ဟူသော သတင်းများကြောင့် ထည့်သွင်း ဖော်ပြခြင်း ဖြစ်ပေသည်။ သတင်း အတိအကျနှင့် သတင်း source ကိုတော့ မမှတ်မိတော့ပါ။)
စာရေးသူ အနေနှင့် လက်ရှိ သုံးသပ်ချက်တွင် မြန်မာနိုင်ငံ၏ သယံဇာတ အရင်းအမြစ် ပေါကြွယ်ဝမှု အပြင် ပထ၀ီ နိုင်ငံရေးနှင့် စီးပွားရေး အချက်အခြာ ကျမှုတို့ကို အရင်းခံပြီး မိမိနိုင်ငံ၏ တန်ဖိုးကို ဖော်ထုတ်လိုသောကြောင့်သာ ဤကဲ့သို့သော ဖော်ပြချက်များဖြင့် သုံးသပ် တင်ပြခြင်း ဖြစ်ပေသည်။ လက်ရှိ အစိုးရကို သော်လည်းကောင်း၊ အတိုက်အခံများကို သော်လည်းကောင်း ထည့်သွင်းစဉ်းစားခြင်းမပြု လိုပါ။ မိမိနိုင်ငံ၏ တန်ဖိုးကိုသိပြီး တန်ဖိုးထား ထိန်းသိမ်းသင့်သော၊ သွေးစည်း ညီညွတ်သင့်သော အမြင်၊ အမျိုးသား နိုင်ငံရေး အမြင် ဖြင့် တင်ပြလိုက်ပါသည်။ ထို့ကြောင့် မည်သို့သောအခက်အခဲ မည်သို့သော အခြေအနေ များတွင်ဖြစ်စေ မြန်မာဟာ အမြဲ ရွှေမြန်မာ ပင် ဖြစ်နေရပေမည်၊ တိုင်းရင်းသားအားလုံး သွေးစည်း ညီညွတ်စွာဖြင့် ရင်းရင်းနှီးနှီး အတူတကွ နေထိုင်ရင်း ရွှေမြန်မာ၏ တည်တံ့မှုနှင့် ခန့်ထည် တည်ကြည်မှု၊ မြင့်မြတ်သော ဘာသာရေး ဖြစ်ထွန်းတည်ရှိမှု တို့ကို ကမ္ဘာတည်သရွေ့ မြန်မာအားလုံး (တိုင်းရင်းသား အားလုံး ကို ဆိုလိုသည်) က နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊ စစ်ရေးအမြင် တို့ဖြင့် ထိန်းသိမ်းသွားသင့်ပေသည်ဟု တင်ပြလိုက်ရပေသည်။
Saturday, 4 April 2009
တတိယလှိုင်း
ရှစ်လေးလုံးလူထုအရေးတော်ပုံတုံးက အာဏာသိမ်းပြီးနောက်တရက် စက်တင်ဘာ (၁၉)ရက်မှာ ကမာရွတ် စံရိပ်ငြိမ်မှာ စစ်ပြန်စစ်မှု ထမ်းဟောင်း (၁၆) ယောက်က သေနတ် (၁၆) လက်နဲ့ အာဏာသိမ်း နဝတ စစ်တပ်ကို ခြုံခိုတိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ လူထု ဘက်တော်သား စစ်သည်ဟောင်းတယောက်ပဲ နိုင်ငံနဲ့ပြည်သူအတွက် အသက်ပေးလှူသွားခဲ့ပြီး နဝတစစ်သား ၄-၅-၁ဝ ယောက် ထက်မနည်း ကျသွားပါတယ်။ ဒီသေနတ်တွေကတော့ ကုန်သွယ်ရေးရုံးအရေးအခင်းမှာ သိမ်းရထားတဲ့လက်နက်တွေဖြစ်ပုံရပါတယ်။
တကယ်လို့သာ ဒီထက်မက လက်နက်တွေ ရန်ကုန်မြို့အနှံ့ ဖြန့်ကျက်ပြီး လူထုဘက်တော်သားစစ်သည်တွေ၊ စစ်မှုထမ်း ဟောင်းတွေ လက်ထဲမှာရှိနေရင်၊ တနည်းအားဖြင့် ကျောင်းသားလူငယ်ပထမလှိုင်းနဲ့ ရဟန်းသံဃာ ဒုတိယလှိုင်း မာန်ဟုန်သာမက တတိယလှိုင်းမာန် ဟုန်ကိုပါ အရှိန်ပြည့်စီးနင်းလိုက်ပါဖို့ ပိုင်းဖြတ်ချက်နဲ့ ပြင်ဆင်မှု ရှိခဲ့ရင် သမိုင်းဟာ ၁၉၈၈ ခုကတည်းက သစ်သွားမှာဖြစ်ပါတယ်။
ဒါပေမဲ့ ရှစ်လေးလုံးအရေးတော်ပုံအတွင်းမှာ လူထုတိုက်ပွဲခေါင်းဆောင်တွေဟာ တပ်မတော်သားတွေ လက်နက်နဲ့ တကွ လူထုဘက် ပူးပေါင်းလာဖို့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပါတယ်။ ဒီလိုနဲ့ပဲ မြန်မာ့ဒီမိုကရေစီတော်လှန်ရေးရဲ့ တတိယလှိုင်းဟာ အရှိန်ယူစမှာတင် အ ညွန့်ချိုးခံလိုက်ရပါတယ်။
လှိုင်းဆိုတာမျိုးက လေပင့်ရင် ကြီးသထက်ကြီးလာတတ်တဲ့အပြင်၊ အထူးသဖြင့် စစ်တပ်ပုန်ကန်မှုဆိုတာ ရေခံမြေခံ မှန်သွားတဲ့အခါ မှာ snowballing effect လို့ခေါ်တဲ့ တစက်မှတမျက်နှာ ပျံ့နှံ့သွားတတ်ပါတယ်။ ဒါကြောင့် လူထု တိုက်ပွဲအတွင်းမှာ စစ်အာဏာရှင် စနစ်ကို လက်နက်နဲ့ပြန်တိုက်တဲ့ တပ်မတော်သားတွေကို သိသာထင်ရှားတဲ့ အရေအတွက် မြင်နေရပြီဆိုရင် နောက်ထပ်တပ်မတော် သားတွေအပေါ် ဂယက်ရိုက်ပြီး လူထုဘက်ကူးပြောင်းရေးအတွေးအခေါ် ကူးစက်ပျံ့နှံ့သွားတာဖြစ်ပါတယ်။
အောင်မြင်တဲ့ လူထုတိုက်ပွဲတွေမှာ လှိုင်းသုံးလှိုင်း ယှဉ်တွဲရိုက်ခတ်တာ အမြဲတွေ့ရပါတယ်။ ပထမလှိုင်းဟာ အခြေခံ ရုပ်အင်အားလှိုင်း ဖြစ်ပြီး ကျောင်းသားလူငယ်တွေ၊ အလုပ်သမား-လယ်သမားတွေ၊ သာမန်မြို့ပြပြည်သူပြည်သားတွေနဲ့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေး အင်အားစုတွေ ပါဝင်ဖွဲ့စည်းထားပါတယ်။ ဒုတိယလှိုင်းကတော့ ပါဝါအပျော့ဖြစ်တဲ့ ရှေ့ဆောင် နာမ်ပိုင်းအင်အားလှိုင်း (သို့မဟုတ်) တွေးခေါ်မြော်မြင်မှုအင်အားလှိုင်းဖြစ်ပြီး ရဟန်းသံဃာစတဲ့ သာသနာပိုင်း၊ အဲန်ဂျီအို အပါအဝင် ပညာတတ်ပိုင်း၊ သို့မဟုတ် လွတ်လပ် တဲ့တရားရေးပိုင်းတို့ပါဝင်ပြီး တချို့အခြေအနေတွေမှာ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအင်အားစုတွေလည်း ပါဝင်တတ်ပါတယ်။ တတိယ လှိုင်းကတော့ ပါဝါအမာလှိုင်းဖြစ်ပြီး စစ်တပ်၊ ရဲ၊ လုံထိန်း၊ သူပုန်နဲ့ စီးပွားရေးအင်အားစုတွေပါဝင်ပါတယ်။ ဒီထဲမှာ အဓိကကတော့ နိုင်ငံရဲ့ ပင်မ လက်နက်ကိုင်အင်အားစုဘဲဖြစ်ပါတယ်။ ဒီနေရာမှာ အကြမ်းဖက်ရေး မဖက်ရေးဟာ အဓိကမကျဘဲ လက်နက်ကိုင်တပ် အင်အားပြရေးကသာ အဓိကဖြစ်ပါတယ်။ ဒါကြောင့် အကြမ်းဖက်မှုမဖြစ်၊ လက်နက်ကိုင်မတိုက်ရဘဲနဲ့လည်း လူထုတိုက်ပွဲတွေ အောင်မြင်သွားတာကို တွေ့ကြရတာဖြစ်ပါတယ်။ ဒါပေမဲ့ အခြေအနေအရ အကြီးအကျယ်လက်နက်ကိုင်တိုက်ရတာ (သို့မဟုတ်) နည်းနည်းပါးပါးလောက် အကြမ်းဖက်ရတာလည်း ရှိနိုင်ပါတယ်။
ဂေါတမဗုဒ္ဓရဲ့ အောင်ခြင်းရှစ်ပါးမှာ ပထမအောင်ခြင်းဖြစ်တဲ့ လက်နက်မျိုးစုံကိုင်ထားတဲ့ လက်ရုံးတထောင်နဲ့ မာရ်နတ်နဲ့ နတ်စစ်သည် တွေ အပေါ်အောင်ခြင်းဟာ မေတ္တာဓာတ်နဲ့ ဟောပြောဆုံးမ စည်းရုံးနားချပြီး အောင်မြင်တာ မဟုတ်ဘဲ ပထဝီမြေကိုသက်သေပြုတဲ့ အတွက် ဝသုန္တရီနတ်သမီးက စစ်ကူလာပြီး ဆံရေကိုညှစ်ချလို့ မာရ်နတ်နဲ့ သူ့တပ်ကြီး ရေထဲမျောပါပျက်စီးသွားခဲ့တာဖြစ်ပါတယ်။ ပဉ္စမအောင်ခြင်းဖြစ်တဲ့ စိဉ္ဇမာနကိုဆုံးမခန်းမှာတော့ ကိုယ်ဝန်အတုပြုတ်ကျအောင် နတ်တွေက ကြွက်ယောင်ဆောင်ပြီး ဗိုက်အတု ချီထားတဲ့ ကြိုးတွေကိုကိုက်ဖြတ်ပစ်လို့ အယောင်ဆောင်တာပေါ်ပြီး အနိုင်ရတာဖြစ်ပါတယ်။ သတ္တမအောင်ခြင်းမှာဆိုရင် နန္ဒောပနန္ဒ နဂါးမင်းကို နှိမ်နင်းဖို့ ရှင်မောဂ္ဂလန်ကို တာဝန်ပေးလိုက်တဲ့အခါ သူ့ထက်ကြီးတဲ့နဂါးပုံ ဖန်ဆင်းပြီး ဖိညှစ်ပစ်တာ၊ ပိုကြီးတဲ့မီးလျှံလွှတ် ‘ကျွေးတာ’၊ ဂဠုန်ယောင်ဆောင်ပြီး လိုက် ‘ဗျင်းဒတာ’၊ နတ်ဘီလူးကြီးယောင်ဆောင်ပြီး ခြိမ်းခြောက်တာစတဲ့ လက်ရုံးရည်အင်အားကို အထူးတလည်သုံးခဲ့ရပါတယ်။ ကျန်တဲ့အောင်ခြင်းငါးပါးမှာပဲ မေတ္တာဓာတ် သို့မဟုတ် ဉာဏ်ပညာဆိုတဲ့ နှလုံးရည်နဲ့ သာယာညှင်း ပျောင်းစွာ အနိုင်ရခဲ့တာဖြစ်ပါတယ်။
ဘုရားနဲ့စစ်ပြိုင်လို့ရှုံးသွားတဲ့ မာရ်နတ်ဟာ နောက်နှစ်ပေါင်း ၂ဝဝ အသောကမင်းလက်ထက်မှာ ရဟန္တာရှင်ဥပဂုတ်ကို ထပ်မံစိန်ခေါ် တိုက်ခိုက်ပြန်တဲ့အခါ မာရ်နတ်က နွားရိုင်းကြီးပုံဖန်ဆင်းတိုက်ခိုက်ရင် ရှင်ဥပဂုတ်က ကျားပုံဖန်ဆင်း တုံ့ပြန်၊ မာရ်နတ်က နဂါးပုံဖန် ဆင်းတိုက်ခိုက်ရင် ရှင်ဥပဂုတ်က ဂဠုန်ပုံဖန်ဆင်း ပြန်ချ၊ မာရ်နတ်က ဘီလူးကြီးပုံ ဖန်ဆင်းတဲ့အခါ ရှင်ဥပဂုတ်က နှစ်ဆပိုကြီးတဲ့ ဘီလူးကြီးပုံ ဖန်ဆင်းပြီး ဘီလူးအယောင်ဆောင်မာရ်နတ်ကိုလိုက်ရိုက်၊ မာရ်နတ်က လူကြီးလူကောင်းပုံ ဖန်ဆင်းတဲ့အခါမှာတော့ လောက်တွေဖွေးနေတဲ့ ခွေးသေကောင်ပုပ်ကို လူယောင်ဆောင် မာရ်နတ်လည်ပင်းမှာ ဘယ်သူမှ ချွတ်မရအောင်ဆွဲ၊ နောက်ဆုံး မာရ် နတ်ကို တောင်ခါးပန်းမှာ ကြိုးတုပ် စသဖြင့် အကြမ်းဖက်တိုက်ပွဲဝင် နှိမ်နင်းခဲ့ရပါတယ်။
အာရှတိုက်ရဲ့ ဒီမိုကရေစီရေးလူထုတိုက်ပွဲကြီးတွေကို ဖိလိပိုင် (၁၉၈၆)၊ မြန်မာ (၁၉၈၈ နဲ့ ၂ဝဝ၇)၊ တိဘက် (၁၉၈၉ နဲ့ ၂ဝဝ၈)၊ တ ရုတ် (၁၉၈၉)၊ နီပေါ (၁၉၉ဝ နဲ့ ၂ဝဝ၆)၊ ထိုင်း (၁၉၇၃ နဲ့ ၁၉၉၂)၊ တောင်ကိုးရီးယား (၁၉၈ဝ နဲ့ ၁၉၈၇)၊ အင်ဒိုနီးရှား (၁၉၉၈) တို့မှာ ကြုံခဲ့ကြရပါတယ်။ ဒီထဲမှာ အောင်ပွဲရခဲ့တာတွေက ဖိလိပိုင်၊ နီပေါ (၂ဝဝ၆)၊ ထိုင်း၊ တောင်ကိုးရီးယား (၁၉၈၇) နဲ့ အင်ဒိုနီးရှား တို့ဖြစ် ပါတယ်။ အာရှအပြင်ဘက်မှာလည်း အရှေ့ဂျာမဏီ (၁၉၈၉)၊ ရူမေးနီးယား (၁၉၈၉)၊ ရုရှား (၁၉၉၁)၊ တောင်အာဖရိက (၁၉၉၄)၊ ဆား ဘီးယား (၂ဝဝဝ)၊ ဂျော်ဂျီယာ (၂ဝဝ၃)၊ ယူကရိန်း (၂ဝဝ၄) တို့မှာ ဒီမိုကရေစီ တော်လှန်ရေးတွေ အောင်ပွဲခံခဲ့ကြပါတယ်။ အောင်ပွဲ အားလုံး (အားလုံး) ဟာ တိုက်ရိုက်လက်နက်ကိုင်တိုက်ပွဲ သို့မဟုတ် သွယ်ဝိုက်တပ်မတော်အရှိန်သြဇာ၊ တနည်းအားဖြင့် တတိယ လှိုင်းကိုစီးနိုင်လို့ အောင်ပွဲရတာတွေချည်းပဲ ဖြစ်ပါတယ်။ တတိယလှိုင်းနဲ့ကင်းကွာတဲ့ မြန်မာ၊ တိဘက်၊ တရုတ်နိုင်ငံ လူထုတိုက်ပွဲတွေ ကတော့ အရှုံးကိုပဲ ပွေ့ပိုက်ခဲ့ရပါတယ်။
သမိုင်းကိုပြန်ကြည့်ရင် အိüိယနိုင်ငံမှာ အကြမ်းမဖက်ရေး အဟိံသဝါဒရဲ့ ဖခင်ကြီးဖြစ်တဲ့ မဟတ္တမဂန္နီကြောင့် အိန္ဒိယပြည်သူတွေ၊ ပညာတတ်တွေနဲ့ ဟိန္နူ-မွတ်ဆလင် ဘာသာရေးသမားတွေရဲ့ ပထမလှိုင်းနဲ့ ဒုတိယ လှိုင်းလုံးကြီးတွေ အရှိန်အဟုန်ကြီးကြီးနဲ့ ထကြွ လှုပ်ရှားလာခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ဗြိတိသျှနယ်ချဲ့သမားက အိန္ဒိယနိုင်ငံကို မဖြစ်မနေ လွတ်လပ်ရေး ပေးရတာကတော့ ဆူဘတ်ချန္ဒရာဘို့စ်ရဲ့ လက်နက်ကိုင်လှုပ်ရှားမှုကြောင့် ဗြိတိသျှကိုလိုနီစစ်တပ်ထဲက အိန္ဒိယစစ်သားတွေကို စိတ်မချရတော့တဲ့ အခြေ ဆိုက်လာတာကို ဒုတိယကမ္ဘာစစ်ပြီးခါနီးမှာ သဘောပေါက်ခဲ့လို့ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းက ဂျာမဏီလက်ထဲ စစ်သုံ့ပန်း အ ဖြစ် အဖမ်းခံခဲ့ရတဲ့ ဗြိတိသျှစစ်တပ်တွင်းက အိန္ဒိယအမျိုးသားတွေဟာ ဟစ်တလာနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ အိန္ဒိယလွတ်မြောက်ရေး တပ်ဖွဲ့ထဲ ထောင်နဲ့ချီဝင်ရောက်ခဲ့ကြတာကို ဗြိတိသျှတွေ တွေ့ရှိသွားခဲ့လို့ အကြီးအကျယ်အံ့သြချောက်ချားသွားခဲ့ပါတယ်။ ဒီဂယက် ဟာ မြန်မာပြည်လွတ်လပ်ရေးအတွက်ပါ အကျိုးပြုသွားခဲ့ပါတယ်။
၁၉၈၆ ခု ဖိလိပိုင်လူထုတိုက်ပွဲမှာ ပထမလှိုင်းအဖြစ် ကိုရာဇန်အကွီနိုက အာဏာရှင်မားကို့စ်ကို အတိအလင်းအံတုပြီး သောင်းချီတဲ့ လူထုကြီးက ဝိုင်းရံလို့ သမတကျမ်းသစ္စာကျိန်ဆိုပွဲ တဖက်သတ်လုပ်ခဲ့ပါတယ်။ ဒုတိယလှိုင်းကတော့ ဖိလိပိုင်နိုင်ငံ ဘုရင်ဂျီသာသာ နာပိုင် ဂိုဏ်းချုပ်ဘုန်းတော်ကြီး ကာဒီနယ်ဆင်းက ကက်သလစ်အသံလွှင့်ရုံကနေပြီး ဘာသာသူတွေနဲ့ သာသနာ့ဝန်ထမ်း ဘုရင်ဂျီ ရဟန်း သီလရှင်အားလုံးကို အံတုပုန်ကန်သူတွေထံသွား အားပေးဝန်းရံဖို့ ဆော်သြလှုံ့ဆော်ခဲ့ပါတယ်။
၁၉၈၆ ခု ဖေဖော်ဝါရီ ၂၄ ရက်မှာ ပုန်ကန်တဲ့တပ်မတော်သားတွေက ချယ်နယ်-၄ ရုပ်သံလွှင့်ရုံကို တိုက်ခိုက် သိမ်းပိုက်ပြီး ဖိလိပိုင် အာဏာရှင်မားကို့စ်ရဲ့ကြေညာချက်တွေ မထုတ်လွှင့်နိုင်အောင် အောင်မြင်စွာပိတ်ဆို့နိုင်ခဲ့ပါတယ်။ ပုန်ကန်တဲ့တပ်မတော်သားတွေနဲ့ ပြည်သူလူထုကို တိုက်ခိုက်ချေမှုန်းဖို့ အာဏာရှင်မားကို့စ် လွှတ်လိုက်တဲ့ လေတပ်ရဟတ်ယာဉ်တွေဟာ ပုန်ကန်သူတွေနဲ့ ပူးပေါင်း သွားခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူ့ဘက်တော်သား စစ်ရဟတ်ယာဉ်တွေက ဗီလာမော်လေတပ်စခန်းကို ပစ်ခတ်တိုက်ခိုက်ပြီး မားကို့စ် ဘက်သားစစ်ရဟတ်ယာဉ်တွေနဲ့ စစ်ကားတွေကို ဖျက်ဆီးပစ်ခဲ့သလို မားကို့စ်နေတဲ့ မာလာကာနန်နန်းတော်ကိုလည်း ပြည်သူ့ဘက် တော်သား စစ်ရဟတ်ယာဉ်တစီးက ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။ ဒီညနေမှာဘဲ ဖိလိပိုင်စစ်တက္ကသိုလ်ဆင်း စစ်ဗိုလ် အများ စုဟာ ကာကွယ်ရေးဝန်ကြီး အွန်ရင်လီ၊ ဒုဦးစီးချုပ် ဗိုလ်ချုပ်ရားမို့စ်တို့ရှိရာ ပြည်သူလူထုဘက် ကူးပြောင်း ခဲ့ကြပါတယ်။ နောက်တ ရက်မှာ မားကို့စ်သ္စာခံတပ်တွေ နေရာယူပစ်ခတ်နေတဲ့ ချယ်နယ်-၉ ရုပ်သံလွှင့်ရုံကို သူပုန်တပ်မတော်သားတွေက တိုက်ခိုက်ပြီး သိမ်း ပိုက်လိုက်တယ်။ မကြာခင်မှာဘဲ နောက်ထပ် ရုပ်သံလွှင့်ရုံတွေကိုပါ ပြည်သူ့ဘက်တော်သား စစ်တပ်တွေနဲ့ ပြည်သူတွေက သိမ်းပိုက် နိုင်ခဲ့ပါတယ်။
၁၉၉၈ ခု အင်ဒိုနီးရှားနိုင်ငံ လူထုတိုက်ပွဲမှာ အာဏာရှင်ဆူဟာတိုသစ္စာခံတပ်မတော်က လူမျိုးရေးအဓိကရုဏ်းတွေ ဖြစ်အောင် အသေ အချာစီစဉ်လှုံ့ဆော်ပေးခဲ့ပေမဲ့ သမတဆူဟာတို ပြည်ပရောက်နေချိန် လက်အောက်ခံ ဗိုလ်ချုပ်အချင်းချင်း အဝေမတည့် စားခွက် လုရာက ဒီမိုကရေစီတိုက်ပွဲဝင်လူထုပထမလှိုင်းနဲ့ ဗိုလ်ချုပ်ဝီရန်တို တတိယလှိုင်း မရှောင်မလွဲသာ ပေါင်းစည်းမိသွားတာဖြစ်ပါတယ်။ ဆူဟာတို့သားမက်ဗိုလ်ချုပ် စီစဉ်ဖန်တီးတဲ့ လူထု နှိမ်နင်းဖြိုခွဲရေးအကြမ်းဖက်မှုတွေဟာ တခြားဗိုလ်ချုပ်တွေရဲ့ အကျိုးစီးပွားတွေကို သွားထိခိုက်သွားစေတဲ့အတွက် တခြားဗိုလ်ချုပ်တွေဟာ လူထုနဲ့ပေါင်းသွားပြီး အင်ဒိုနီးရှားမှာ ဒီမိုကရေစီအောင်ပွဲခံသွားတာ ဖြစ်ပါ တယ်။ ထိုင်းနိုင်ငံမှာ လည်း ၁၉၇၃ ခုနဲ့ ၁၉၉၂ ခုတို့မှာ အဲသလိုအခြေအနေမျိုးနဲ့ကြုံပြီး ဒီမိုကရေစီထွန်းပေါ်ခဲ့တာဖြစ်ပါတယ်။
၂ဝဝ၅ ခု မေလမှာ နီပေါဘုရင်က စစ်အုပ်ချုပ်ရေးကြေညာ၊ အာဏာကုန်ယူလိုက်တဲ့အခါ အတိုက်အခံနိုင်ငံရေးပါတီ ၇ ပါတီက မဟာ မိတ်အဖွဲ့ဖွဲ့ပြီး ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ပါတယ်။ ဒီ ၇ ပါတီဟာ ပါလီမန်လွှတ်တော်ထဲမှာ အမတ်နေရာ ၉ဝ ရာခိုင်နှုန်းရထားတဲ့ ပါတီတွေ ဖြစ်ပါတယ်။ ၇ ပါတီမဟာမိတ်အဖွဲ့က မော်ဝါဒီလက်နက်ကိုင်တော်လှန်ရေးအဖွဲ့နဲ့ ဒီဇင်ဘာလမှာ ၁၂ ချက် နားလည်မှုစာချုပ်ချုပ် နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲ ဟန်ချက်ညီ ပေါင်းစပ်နိုင်ခဲ့ပါတယ်။ ၂ဝဝ၆ ဧပြီ အထွေထွေသပိတ်ကြီး ဖြစ်တဲ့အခါ မော်ဝါဒီသူပုန်တပ်တွေက ၇ ပါတီ မဟာမိတ်အဖွဲ့နဲ့ ညှိနှိုင်းနားလည်မှုအရ အပစ်အခတ်ရပ်စဲပေးထားပြီး မြို့တော်ပတ် လည်မှာ အစိုးရတပ်တွေ မြို့တော်ကိုချီတက်ပြီး လူထုကိုမနှိမ်နင်းနိုင်အောင် လမ်းတွေပိတ်ဆို့ခြိမ်းချောက်ထားတာဘဲ လုပ်ခဲ့ပါတယ်။ မော်ဝါဒီ တော်လှန်ရေးတပ်တွေရဲ့ စစ်ရေးထိုးစစ်တွေကြောင့် အထိနာစစ်ပန်းနေရုံမက မော်ဝါဒီတွေနဲ့အတူ အတိုက်အခံ ပါတီအား လုံးနဲ့ ပြည်သူလူထုတရပ်လုံးကပါ ဘုရင်ကို တခဲနက် တညီတညွတ်တည်းဆန့်ကျင်နေတာ မျက်ဝါးထင်ထင် တွေ့နေရတဲ့အတွက် နီပေါဘုရင့်တပ်မတော်ဟာလည်း ဘုရင်ကို တက်တက်ကြွကြွထောက်ခံဖို့ စိတ်မပါတော့ပါဘူး။ နီပေါတော်လှန်ရေးမှာ ထူးခြားတာက နီပေါနိုင်ငံရဲ့ နယ်နိမိတ်ချင်းစပ်အိမ်နီးချင်းတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေဟာ နီပေါဘုရင်ကို ထောက်ခံခဲ့တာဘဲ ဖြစ်ပါတယ်။ နီပေါစစ်တပ်အတွက် လက်နက်ခဲယမ်းကအစ ထောက်ပံ့ ကူညီပေးပြီး နီပေါကွန်မြူနစ်ပါတီ (မော်ဝါဒီ) ကိုဆန့်ကျင်ခဲ့တာဖြစ်ပါတယ်။ ဒီကြားထဲကနေ နီပေါကွန်မြူနစ်ပါတီ (မော်ဝါဒီ)နဲ့ ပြည်သူတွေက ဘုရင်ကိုဖြုတ်ချပစ်နိုင်ခဲ့တာဖြစ်ပါတယ်။
ခရစ်ယာန် သမ္မာကျမ်းစာထဲက ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၁ အခန်းငယ် ၁၂ မှ ၁၄၊ ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၁ အခန်းငယ် ၁၅ မှ ၁၇၊ ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၉ အခန်းငယ် ၄၅ မှ ၄၆ တို့မှာ အခုလိုဆိုထားပါတယ်။ “ဂျေရုဆလင်မြို့သို့ရောက် ကြသောအခါ ယေရှုသည် ဘုရားသခင်၏ ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ ရောင်းဝယ်သောသူအပေါင်းတို့ကို နှင် ထုတ်၍၊ ငွေလဲသောသူတို့၏ ပွဲစားခုံတို့ကို၎င်း၊ ချိုးငှက်ရောင်းသောသူတို့၏ ထိုင်နေရာများကို၎င်း၊ တွန်းလှဲတော်မူလျက်၊ ဗိမာန်တော် ထဲ၌ အဆောက်အဦးကို အဘယ်သူမျှ မဆောင်မရွက်ရမည့် အကြောင်း မြစ်တားတော်မူလျက်၊ ငါ့အိမ်ကို လူအမျိုးမျိုးဆုတောင်းရာ အိမ်ဟူ၍ ခေါ်ဝေါ်ကြလတံ့ဟု ကျမ်းစာ၌ လာသော်လည်း၊ သင်တို့သည် ထိုအိမ်ကို ဓားပြတွင်း ဖြစ်စေကြပြီတကားဟု ဆုံးမသြဝါဒ ပေးတော်မူ၏။-” ခရစ်ယာန်ဓမ္မဟောင်းကျမ်းမှာဆိုရင် ထာဝရဘုရားသခင်က မိစ္ဆာဓိဋ္ဌိတွေ၊ အပြစ်သားတွေကို လောင်မီးလက်နက် (သောဒုံနဲ့ ဂိုမိုးရ)၊ ရေလွှမ်းမိုးဘေး (နောဧ) စသည်ဖြင့် အစုလိုက်အပြုံလိုက် အကြမ်းဖက်သုတ်သင်ပစ်တဲ့ သာဓကတွေ ပိုလို့တောင် အများကြီးရှိခဲ့ပါတယ်။
၂ဝဝဝ ခု ဆားဘီးယားတော်လှန်ရေးမှာ အော့ပ်တော် လို့ခေါ်တဲ့ ကျောင်းသားလူငယ်လှုပ်ရှားမှု ပထမလှိုင်းကို အတိုက်အခံ ၁၈ ပါတီ ညွန့်ပေါင်းဖြစ်တဲ့ ဆားဘီးယားပြည် ဒီမိုကရက်တစ်အတိုက်အခံအဖွဲ့ ဒုတိယလှိုင်းက အားဖြည့်ခဲ့ပါတယ်။ မေ ၅ ရက် နေ့လည် ပါလီမန်ဘေးမှာ ဆန္ဒပြလူထုကြီးနဲ့ လုံထိန်းတွေဟာ ဒုတ်တွေ ခဲတွေ မျက်ရည်ယိုဗုံးတွေနဲ့ အပြန်အလှန်တိုက်ခိုက်ကြပါတယ်။ ညနေ ပိုင်းရောက်တော့ လူထုကြီးက ပါလီမန်ကို အတင်းဝင်စီးနင်းတဲ့အခါ လုံခြုံရေးယူနေတဲ့ လုံထိန်းရဲတချို့ဟာ လက်နက်နဲ့တကွ လူထု ကြီးနဲ့ ပူးပေါင်းလိုက်ပါတယ်။ တချို့ရဲတွေလည်း ထွက်ပြေးသွားပါတယ်။ ပါလီမန်လွှတ်တော်ကို မီးရှို့ပစ်လို့ တခြမ်းလောက် လောင် သွားပါတယ်။ အဲဒါပြီးတော့ လူထုကြီးဟာ သမတမီလိုဆီဗစ် တပြည်လုံးသို့ အဓိကဝါဒဖြန့်ချိဆက်သွယ်ရာ အာဏာရှင်စနစ်ရဲ့ အဓိက ပြယုဂ်ဖြစ်တဲ့ ဆားဘီးယားရေဒီယိုနဲ့ရုပ်သံလွှင့်ရုံကို သွားဝိုင်းခဲ့ပါတယ်။ ဘူဒိုဇာမောင်းသမား လျူဘိုဆက်ဗ် ဂျိုးကစ်က သူ့ဘူဒိုဇာ ကိုမောင်းပြီး ဆားဘီးယား ရေဒီယိုနဲ့ရုပ်သံလွှင့်ရုံကို အကြမ်းဖက်ဝင်တိုက် ဂိတ်တံခါးတွေ နံရံတွေ ဖြိုချခဲ့ရာကနေ အသံလွှင့်ရုံလုံခြုံ ရေး လုံထိန်းတွေကတဖက် ပြည်သူ့ဘက်တော်သားလုံထိန်းတွေ အပါအဝင် လူထုကြီးကတဖက် အပြန်အလှန်ပစ်ခတ် တိုက်ပွဲအပြင်း အထန်ဖြစ်ပြီးနောက် သိတ်မကြာခင်မှာဘဲ အသံလွှင့်ရုံ တခုလုံးကို လူထုကြီးက စီးမိသွားခဲ့ပါတယ်။ အသံလွှင့်ရုံကိုလည်း မီးတင်ရှို့ လိုက်လို့ မီလိုဆီဗစ်ရုပ်သံလွှင့် အစီအစဉ်တွေ ရပ်ဆိုင်းသွားပါတယ်။ (မကြာခင်မှာဘဲ ပြည်သူလူထုဘက်က ရုပ်သံလွှင့်အစီအစဉ် တွေကို စတင် ထုတ်လွှင့်နိုင်ခဲ့တယ်။) ဂျိုးကစ်ကို အသံလွှင့်ရုံထဲက မီလိုဆီဗစ်ရဲ့ လုံခြုံရေးတပ်တွေက သေနတ်တွေနဲ့ ဝိုင်းပစ်ခဲ့ပေမဲ့ ကံကောင်းထောက်မစွာနဲ့ တချက်မှမထိခဲ့ပါ။ ဆားဘီးယား တော်လှန်ရေးဟာလည်း ဘူဒိုဇာတော်လှန်ရေးလို့ နာမည်တွင် သွားခဲ့ပါ တယ်။
ဖက်ဆစ်အာဏာရှင်မီလိုဆီဗစ်လက်အောက်မှာ ဘော့စနီးယား-ဟာဇီဂိုဗီးနား၊ ခရိုအေးရှား နဲ့ ကိုဆိုဗိုမှာ အဓိပ္ပာယ် မရှိတဲ့ လူမျိုးကြီး ဝါဒနယ်ချဲ့စစ်ပွဲတွေ တိုက်ခဲ့ရပြီး လက်နက်ကိုင်ဘော့စနီးယားနဲ့ ခရိုအေးရှားပြည်သူတွေ၊ လက်နက်ကိုင် ကိုဆိုဗိုပြည်သူတွေနဲ့တကွ နာတိုးတပ်တွေရဲ့ အပြင်းအထန်လက်တုံ့ပြန်တိုက်ခိုက်မှုတွေကို မရှုမလှခံခဲ့ရ၊ အော့နှလုံးနာစရာကောင်းလှတဲ့ လူမျိုးတုံးသတ်ပွဲတွေ ကို ကျူးလွန်ခဲ့ရလို့ စစ်ပန်းပြီး ဂုဏ်သက္ခာာကျနေရတဲ့ ဆားဘီးယားစစ်တပ်ကလည်း ဒီလူထုအုံကြွမှုမှာ မီလိုဆီဗစ်ခိုင်းသမျှကို မလုပ် တော့ဘဲ လက်ရှောင်ခဲ့ပါတယ်။ စစ်တပ်ကိုစည်း ရုံးနိုင်ခဲ့လို့ စစ်တပ်ထိပ်သီးတချို့က ဆန္ဒပြလူထုကို ပစ်မှာမဟုတ်ကြောင်း ကြေညာ ခဲ့ပါတယ်။ ဒီလိုနဲ့ လက်နက်ကိုင်တပ်နဲ့ လက်နက်ကိုင်လှုပ်ရှားမှု ဆိုတဲ့ တတိယလှိုင်း က ပွဲသိမ်းပေးသွားတာဖြစ်ပါတယ်။
၂ဝဝ၃ နိုဝင်ဘာလ ဂျော်ဂျီယာနိုင်ငံရဲ့ နှင်းဆီတော်လှန်ရေးမှာ ပထမလှိုင်းခေါင်းဆောင် ဆာကာ့ရှ်ဗီလီ ဦးစီးတဲ့ ပြည်သူလူထုတွေဟာ ပါလီမန်လွှတ်တော်ကို အတင်းဝင်စီးတဲ့အခါ ဂျော်ဂျီယာအာဏာရှင် ရှဗာ့ဒ်နာဇေ က အရေးပေါ် အခြေအနေကြေညာ၊ စစ်တပ်နဲ့ လုံထိန်းတွေဆင့်ခေါ်ပြီး အင်အားသုံးရှင်းလင်းဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အတိုက်အခံတွေနဲ့ ဂျော့ဆိုးရော့စ်ရဲ့အဲန်ဂျီအိုတွေ ဒေါ်လာ ၄၂ သန်းအကုန်ခံ ထိုးဖောက်စည်း ရုံးထားတဲ့ ဂျော်ဂျီယာ တပ်မတော်က အမိန့်နာခံဖို့ငြင်းဆန်ခဲ့တဲ့အတွက် တတိယလှိုင်း သြဇာအောက်မှာ သမတရှဗာ့ဒ်နာဇေ အာဏာစွန့်ခဲ့ရ ပါတော့တယ်။
၂ဝဝ၄ ခု ယူကရိန်း လိမ္မော်ရောင်တော်လှန်ရေးမှာ အာဏာရှင်ကိုအံတုတဲ့ သမတလောင်း ယူရှင်ကိုရဲ့ ရွေးကောက်ပွဲ ယှဉ်ပြိုင်မှုနဲ့ ပြည်သူလူထုအုံကြွမှုပထမလှိုင်းကို တရားရုံးချုပ်ရဲ့ မဲလိမ်မှုစီရင်ချက်ဒုတိယလှိုင်းက အားဖြည့်ခဲ့ပါတယ်။ ဒီလိမ္မော်ရောင်တော်လှန် ရေးမှာ တတိယလှိုင်းအဖြစ် (ယခင် ကေဂျီဘီထောက်လှမ်းရေး) ယခု ယူကရိန်းလုံခြုံရေးရာ ဌာနကနေ အတိုက်အခံတွေနဲ့ ပြည်သူ လူထုဆီကို အရေးကြီးသတင်းအချက်အလက်တွေ၊ မဲမသမာမှုနဲ့ပတ်သက်တဲ့ အတိအကျအချက်အလက်တွေ ပေးခဲ့သလို ဒီ (အက်စ် ဘီယူ)ယူကရိန်းထောက်လှမ်းရေးဌာနကြီးမှူး ဗိုလ်ချုပ် စမက်ရှ်ကို၊ ဂျီအာရ်ယူ တပ်မတော်ထောက်လှမ်းရေးဌာနမှူး ဗိုလ်ချုပ် အလက် ဇန်းဒါးဂါလာကာ၊ တပ်မတော် တန်ပြန်ထောက်လှမ်းရေးဌာနမှူး ဗိုလ်ချုပ်ရိုမန်ရှင်ကို တို့က လူထုကိုနှိမ်နင်းဖို့အမိန့်ပေးခံရတဲ့ လုံထိန်း တပ်တွေကို နောက်ပြန်ဆုတ်အောင် တင်းတင်းမာမာ ပြတ်ပြတ်သားသား သတိပေး တားမြစ်ခဲ့ကြလို့ လူထုတိုက်ပွဲ ဖြိုခွဲမခံရဘဲ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဒီဗိုလ်ချုပ်တွေဟာ ရာဇဝတ်မှုနဲ့ ထောင်ကျဖူးတဲ့ ဂျလေဘီ ဖိုးတွမ်တီးဟောင်း ယာနူကိုဗစ်ခ်ျ သမတဖြစ်လာ ရင် သူ့အမိန့်နာခံလုပ်ကိုင်ရမှာကို မလိုလားကြတဲ့အတွက်လည်း အတိုက်အခံသမတလောင်း ယူရှင်ကိုဘက် ထောက်ခံကြတာ ဖြစ်ပါ တယ်။
ကျနော်တို့မြန်မာနိုင်ငံမှာ ၁၉၈၈ တုံးက ကျောင်းသားလူငယ်တွေနဲ့ ပြည်သူလူထုတွေရဲ့ ပထမလှိုင်း ထကြွခဲ့ပါတယ်။ ၁၉၉ဝ မှာ နိုင်ငံ ရေးပါတီတွေရဲ့ရွေးကောက်ပွဲအောင်ပွဲနဲ့ သံဃာတော်တွေကံဆောင်ပွဲ ဒုတိယလှိုင်း စကြွခဲ့ပြီး ၂ဝဝ၇ စက်တင်ဘာမှာတော့ သံဃာ တွေရဲ့ဒုတိယလှိုင်းဟာ တနိုင်ငံလုံးသာမက တကမ္ဘာလုံးတုန်ခါသွားအောင် အရှိန်အဟုန် ကြီးမားစွာနဲ့ ရိုက်ခတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီမို ကရေစီတော်လှန်ရေးရဲ့ ပွဲသိမ်းလှိုင်းဖြစ်တဲ့ လက်နက်ကိုင်စစ်တပ် အရှိန်သြဇာ မပါဝင်သေးလို့ အောင်ပွဲမရခဲ့ကြပါဘူး။
နောက် မလွဲမသွေလာရမယ့် တတိယလှိုင်းအတွက် တဖက်မှာ လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲအရှိန်အဟုန်ကို ကြီးထွား ပြင်း ထန်အောင်လုပ်ရင်း နောက်တဖက်မှာ မြန်မာ့တပ်မတော်ကို စီမံကိန်းရှိရှိ နားလည်မှုရှိရှိ ထိုးဖောက် သိမ်းသွင်းဖို့ အကြီးအကျယ် လို အပ်ပါတယ်။ ဒီ တတိယလှိုင်း မထသရွေ့ မြန်မာနိုင်ငံမှာ ဘယ်တော့မှ ဒီမိုကရေစီ အပြောင်းအလဲ ဖြစ်မှာ မဟုတ်ပါ။
ဂါမဏိ
ကွယ်လွန်သူ ရဲဘော်မြင့်အောင် (ခေါ်) ဂုရု ABSDF ၏ ‘တတိယလူထုလှိုင်းဆီသို့’ စာတမ်း၊ ဆရာလူထုစိန်ဝင်း၏ ဆောင်းပါးနှင့် Mandela ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတို့ကို ထပ်ဆင့်ခံစားခြင်း ဖြစ်ပါသည်။
ဒေါင်းအိုဝေ၊ အတွဲ(၁)၊ အမှတ်(၈)၊ မတ်လ ၂၀၀၉၊ မှ
Friday, 3 April 2009
"ရပ်နေရင်း လွတ်ကျသွားခြင်းကိစ္စ"
မြင်ကွင်းအားလုံးမှာ | လှေကားခုနှစ်ထပ် ကျော်ဆင်းပြီး |
Tuesday, 24 March 2009
မောင်အောင်ပွင့် ၏ " ဘ ၀ မာ တိ ကာ " ကဗျာစုစည်းမှု စာအုပ်ထွက်ပြီ
တော ဘောလုံးကွင်း
ဘောလုံးသမားအားလုံး
တအား ကြုံးကြုံးကန်ကြ
ဘောလုံးထက် ရှေ့ကို
လူတွေ လွန်လွန်သွား
ဘောလုံး တခြား လူတခြား
လွဲလွဲသွား
တဂိုးမှ မသွင်းနိုင်ကြသေးဘူး
အခုထိ ။ ။
(၁၂-၅-၁၉၉၅)
စာအုပ်မှာယူလိုပါက ...
- naytthitmedia@gmail.com
- nyeinchan@luukku.com
- swammyaing@yahoo.com
Monday, 23 February 2009
ဖက်ဆစ်တော်လှန်ရေး အမှတ်တရ

---------------------------
တော်လှန်ရေး မစမီ
---------------------------
٭ ရဲဘော်သိန်းတန် ... တဲ့
တော်လှန်တဲ့ သူရဲကောင်းဟာ
ခေါင်းတခြား ကိုယ်တခြား
ဖက်ဆစ်များရဲ့ ဓါးချက်အောက်
မတွန့် မဖေါက် စတေးခံ
အမိနိုင်ငံအပေါ် သစ္စာရှိ
စစ်ကိုင်းတံတားကြီး သိပါတယ်
ဧရာဝတီ ငိုခဲ့ရတဲ့ အဲဒီနေ့ 
ဘယ်တော့မှ မမေ့ကြဖို့  မှတ်တမ်းတင်ထားပါ ၊၊
٭ လက်ပံတန်း ဦးဘတင် ကနေ
သခင် သခင်မ
အာရှ လူငယ်များ အပါအဝင်
ရဟန်းရှင်လူ အမြောက်အများ
ကင်ပေတိုင်များရဲ့ လက်ချက်အောက်
အသက်ပျောက်ခဲ့ရတာတွေလဲ မနည်းလှ
ရင်နာစရာ ကောင်းလှတယ် ၊၊
ဝင်းတင့်ထွန်း
Wednesday, 11 February 2009
အောင်ဆန်း
Tuesday, 16 December 2008
... ထဲမှာ
(မာန်လတ်)
ဆွံ့အသွားတဲ့
ကျနော့်ပါးစပ်ထဲမှာ
ပြောစရာ စကားများစွာရှိတယ်။
ပင်းသွားတဲ့
ကျနော့်နားထဲမှာ
ကြားနေရတဲ့ အသံတွေများစွာရှိတယ်။
ကွယ်သွားတဲ့
ကျနော့်မျက်လုံးထဲမှာ
အမြင်များစွာရှိတယ်။
ပျက်စီးသွားတဲ့
ကျနော့်ဦးနှောက်ထဲမှာ
ပရိုဂရမ်များစွာရှိတယ်။
အကြောသေသွားတဲ့
ကျနော့်လက်နှစ်ဖက်မှာ
လှုပ်ရှားမှုများစွာရှိတယ်။
ပိုလီယိုထိသွားတဲ့
ကျနော့်ခြေထောက်နှစ်ဖက်ထဲမှာ
ခြေလှမ်းများစွာရှိတယ်။
မခုန်တော့တဲ့
ကျနော့်နှလုံးသားထဲမှာ
အချစ်များစွာရှိတယ်။
ဒီလိုပါပဲ
ကျနော့်ရဲ့သေဆုံးမှုတိုင်းမှာ
ပုန်းလျှိုးနေတဲ့ ရှင်သန်မှုများစွာရှိတယ်။ ။
(မာန်လက်)
ဒေါင်းအိုးဝေ - အတွဲ (၃)၊ အမှတ် (၅)၊ ဇန်န၀ါရီ၊ ဖေဖော်ဝါရီ၊ မတ်။ (စာမျက်နှာ - ၈)
နေ့သစ် http://naytthit.com အမှတ်တရဒေါင်းအိုးဝေ ... မှ ...
Friday, 12 December 2008
တပ်ဦးမှ သူရဲကောင်းမ
ရုတ်တရက်
ထက်မြတဲ့လှံစွပ်
သားမြတ်ကိုဖောက်ထိုး
နောက်ကျောရိုးရောက်သည့်တိုင်။
အလံမလဲ
ဆုပ်ထားဆဲ
သွေးရဲပစေ
မျက်ရည်တစ
ကြွေမကျတမ်းလေ …..။
မုန်းတီးခြင်း
နာကျည်းခြင်း
ခံပြင်းခြင်း
မာန်သွင်းခြင်း ….. များ
အထင်းသားဖော်ကျူး
စူးရဲတဲ့အကြည့်
ပကတိရင့်ကျက်
အသက်ကိုဖက်ရွက်ပမာ။
လူ့ဘ၀ရဲ့
လှပတဲ့သိက္ခာ
သစ္စာပွင့်ဦး
မဖူးခင်ကကြွေ ….. ကြွေ …..
ကြွေပစေလေ
သင်္ချေမက
မြေမှာကျရင်
ကျသည့်မျိုးစေ့
တစေ့မကျန်
ရှင်သန်ပေါက်ဖွား
အားသစ်ခွန်သစ်
သမိုင်းသစ်
လှစ်ဖွင့်မော်ကွန်းထိုးပေအံ့။
အိုးဝေတွန်သံ
နားမှာပန်ရင်း
အောင်လံကိုင်ဆုပ်
ကျောက်ဆစ်ရုပ်ကို
ကျွန်ုပ်အလေးပြုပါ၏။ ။
ပုသိမ်အေးကျော်
ဒေါင်းအိုးဝေ - အတွဲ (၁)၊ အမှတ် (၂)၊ ၁၉၈၉။ (စာမျက်နှာ - ၃)
http://naytthit.com အမှတ်တရ ဒေါင်းအိုးဝေ ... မှ ...
Monday, 24 November 2008
Friday, 21 November 2008
ကျကျန်ခဲ့တဲ့ အိပ်မက်တွေ
အိပ်မက်တွေ
ကျဆုံးရစ်ခဲ့တာ
ဒီလို တိုးရင်း တိုက်ရင်း
ကညင်ဆီတောင် မထွန်းပနိုင်တဲ့
ညနေ ရိုင်းမှာ
သူ ကဆုန်စိုင်းသွားပြီ ….။
အရစ်ရစ် အပတ်ပတ်
သံယောဇဉ် အထပ်ထပ်တွေကို
ပင်စည်က ရိုက်ချိုးခံလိုက်ရ
ဝါးပိုးမျှစ်နဲ့ ချစ်ခြင်းတွေ ၀ဲပျံလာကြ
ခု … ည နှင်းဆီရိုင်းတွေကို လှိုင်းခတ်တယ်။ ။
ချိုစိမ့်
(ရဲဘော် ဂုရု သို့…)
၂၀-၁၁-၂၀၀၈)
Monday, 17 November 2008
ဒီနေ့စီးပွားရေးအကြပ်အတည်းနဲ့ အမေရိကန်အင်ပါယာ
(ရဲဘော်ဖိုးသံချောင်း)
အမေရိကန်ဒေါ်လာ ကျဆင်းနေပါတယ်။ ဘာကျဆင်းတာလဲဆိုရင် သူ့ရဲ့တန်ဘိုး၊ သူ့ရဲ့အ ရေးပါမှု၊ သူ့ရဲ့အဆင့်နေရာ၊ အဖက်ဖက်က ကျဆင်းနေတာပါလို့ ပြောရပါမယ်။ မကြာခင်ကမှ အမေရိကန် အစိုးရဘဏ်ဥက္ကဋ္ဌအဖြစ်က အနားယူသွားတဲ့ အယ်လင်ဂရင်းစပင် (Alan Greenspan) က အသုံးပြုလိုက် တဲ့ နိမိတ်ပုံကတော့ အခုအမေရိကန်နိုင်ငံကြုံတွေ့နေရတဲ့ စီးပွားရေးကပ်ဟာ ရာစုနှစ်တခုမှာ တခါလောက် သာကြုံရတဲ့ ငွေရေးကြေးရေးဆူနာမီကြီးဖြစ်ပါသတဲ့။
Saturday, 1 November 2008
Friday, 31 October 2008
ကျောင်းသားတပ်မတော် အမှတ်(၈)တပ်ရင်းတွင် ကျင်းပသော အနှစ်(၂၀)ပြည့် မကဒတ ဖွဲ့စည်းတည်ထောင်ခြင်း အခမ်းအနား
၁- နိုဝင်ဘာလ၊ ၂၀၀၈။
ယနေ့နံနက် မြန်မာ စံတော်ချိန် ၈ နာရီတွင် မကဒတ ကျောင်းသားတပ်မတော် အနှစ် (၂၀)ပြည့် အခမ်းအနား အား ကျောင်းသားတပ်မတော် အမှတ်(၈)တပ်ရင်း အခြေစိုက် စခန်းတွင် ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် မကဒတ တိုက်ပွဲဝင် ခွပ်ဒေါင်း အလံတော်အား အလေးပြုခြင်းနှင့် သစ္စာအဓိဌာန်ရွတ်ဆိုခြင်းများကို ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကေအန်ယူ တပ်မဟာ(၇) ရုံးထိုင်မှူး စောအဲ့ဆဲဆဲ ၊ ကေအန်ယူ တပ်မဟာ(၇) ဆေးတာဝန်ခံ ဆရာစောအဲ့မှီနှင့် ကျောင်းသားတပ်မတော် တပ်ရင်း(၈)မှ ရဲဘော်များကိုယ်စား ရဲဘော် မြင့်ဘုန်းနိုင် တို့မှ အမှာစကားများပြောခဲ့သည်။
ထိုသို့အမှာစကားပြောကြားရာ၌ ကေအန်ယူ တပ်မဟာ(၇) ရုံးထိုင်မှူး စောအဲ့ဆဲဆဲမှ “ကျောင်းသားတပ်မတော် အနှစ်(၂၀)တိုင် ရပ်တည်နိုင်ခဲ့တာ ဇွဲနှင့်ကြံ့ခိုင်မှုကောင်းလို့ဖြစ် တယ်။ အနှစ်(၂၀)ဆိုတဲ့ အရွယ်တိုင်ခဲ့ပြီ။ အတွေ့အကြုံတွေ များခဲ့ပြီ။ ယခုလို ရှိတဲ့အင်အားနဲ့ ကျစ်ကျစ်လျစ်လျစ် ဖွဲ့စည်းနေထိုင်ပြီး အောင်ပွဲရသည့်တိုင်အောင် အတူတကွလက်တွဲပြီး ဘုံရန်သူ စစ်အုပ်စုကို တိုက်ခိုက်သွားမယ်” ဟု ပြောကြားသွားခဲ့ပြီး ….
ကျောင်းသားတပ်မတော် အမှတ်(၈)တပ်ရင်းမှ တပ်ရင်းရဲဘော်များ ကိုယ်စား ရဲဘော်မြင့်ဖုန်းနိုင်မှ “ကျနော်တို့ ကျောင်းသားတပ်မတော် ယနေ့အချိန်ထိ အနှစ်(၂၀)တိုင်တိုင် ရပ်တည်နိုင်ခဲ့တယ်ဆိုတာက နိုင်ငံရေးလမ်းစဉ်မှန်ခဲ့လို့ ရပ်တည်နိုင်ခဲ့တာဖြစ်တယ်လို့ သုံးသပ်မိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျနော်တို့ မကဒတရဲ့ ပထမဦးဆုံး ထုတ်ပြန်ကြေညာချက်ဖြစ်တဲ့ အမှတ်(၁)ထုတ်ပြန်ချက်ထဲမှာ ပါဝင်ပြီး ဖြစ်ပါတယ်။ ကျနော်တို့ ကျောင်းသား တပ်မတော်ဟာ ကျောင်းသားလှုပ်ရှားမှုသမိုင်းမှာ ရှေ့တန်းကပါဝင်ခဲ့တဲ့ အစဉ်အလာကြီးမားတဲ့ ဗကသကို အခြေခံခဲ့ပါတယ်။ ကျောင်းသားထုကို ကိုယ်စားပြုပြီး ကျောင်းသားလှုပ်ရှားမှု ကျောင်းသာအဖွဲ့အစည်းအားလုံးရဲ့ လက်နက်ကိုင်တော်လှန်ရေး စစ်ကြောင်းအဖြစ်ရပ်တည်ခဲ့တာပါ။ နောက်ပြီးတော့ ၁၉၂၀ ကတည်းက ကျနော်တို့ ကျောင်းသားထု ကိုင်ဆွဲခဲ့တဲ့ အမျိုးသားနိုင်ငံရေးကို ကျနော်တို့ရဲ့ နိုင်ငံရေးလမ်းစဉ်အဖြစ် ပြဌာန်းပြီး ဗမာပြည်ကျောင်းသားထုကိုယ်စား တိုက်ပွဲဝင်နေတဲ့ကျောင်းသားထုဖြစ်ပါတယ်” စသည်ဖြင့် အသီးသီးပြောကြားသွားခဲ့ကြသည်။
အခမ်းအနားသို့ မဟာမိတ် KNU မှ ခေါင်းဆောင်တပ်မှူးများနှင့် ရဲဘော်များ၊ ABSDF အမှတ်(၈) တပ်ရင်းမှ တာဝန်ခံ တပ်မှူးများနှင့် ရဲဘော်များ တက်ရောက်ခဲ့ကြပြီး နံနက် (၁၀)နာရီတွင် “ကမ္ဘာ မကြေဘူး” သီချင်းကို သံပြိုင်သီဆိုပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်း ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။
ပေးပို့သူ … မူချိမ့်
Tuesday, 28 October 2008
ဒို့ခေတ်ကို ရောက်ကိုရောက်ရလိမ့်မယ်
(ဂါမဏိ)
(၂ဝဝ၇ အောက်တိုဘာ ၄ ရက်ထုတ် New Statesman မဂ္ဂဇင်းမှ သြစတြေးလျနိုင်ငံသား သတင်းထောက် ဂျွန်ပင်လ်ဂျာ၏ ဆောင်းပါးကို ဘာသာပြန်သည်)
၂ဝဝ၇ စက်တင်ဘာလ၌ မြန်မာပြည်သူတို့ နောက်တဖန်အုံကြွချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ကျနော် တို့ ကြုံတောင့်ကြုံခဲ တွေ့မြင်လိုက်ရသည်။ သူမကို ရန်ကုန်မြို့တော်၏ အင်းယားကန်နဘေးမှ အကျယ် ချုပ်ကျခံနေရသော နေအိမ်ခြံတံခါးဝ၌ မတ်တပ်ရပ်လျက် တွေ့လိုက်ရခြင်းဖြစ်ပါသည်။ သူမကိုကြည့်ရ သည်မှာ ပိန်လှီလှသည်။ ပြည်သူလူထုများကား သူမနေအိမ်ဘေးမှ ဖြတ်သွားနိုင်ရုံလောက်၊ သူမ၏ စန္ဒယားလက်သံကို ကြားလိုက်ရ၍ စိတ်အေးသွားနိုင်ရုံလောက်အတွက် လမ်းပိတ်ဆို့တားဆီးစစ်ဆေးမှု များကို ရင်ဆိုင်ကျော်ဖြတ်ကြသည်။ သူမသည် ခြံပြင်မှ လူသံသူသံများကို အိပ်ရာထဲလှဲရင်း စောင့် နားထောင်နေတတ်သည်၊ မိမိ၏နှလုံးခုန်သံကိုလည်း အိပ်ရာထဲလှဲရင်း နားထောင်နေတတ်သည်ဟု ကျနော့်ကို ပြန်ပြောပြခဲ့ဖူးသည်။ “ကျမ နေမကောင်းဖြစ်ပြီးတဲ့နောက် ပက်လက်လှန်အိပ်ရင် အသက်ရှူ ရတာ ခက်လာတယ်” ဟု သူမကပြောဖူးသည်။
Thursday, 11 September 2008
နောက်ဆုံးတိုက်ပွဲကို ဦးတည်မလား၊ အမှိုက်ပုံးထဲက ကြားစကား နားထောင်မလား
ရဲဘော်ဖိုးသံချောင်း
ခေတ်ပြိုင်မှ ....
လောင်စာဆီဈေးတက်မှုကို ဆန္ဒပြမှုကြီးနဲ့ စက်တင်ဘာသံဃာ့ အရေးအခင်းကြီး တနှစ်ပြည့်မြောက်တော့မယ့် အချိန်မှာ နအဖကိုနိုင်ငံတကာအဝန်းအဝိုင်းမှာ နေရာပေးစေလိုတဲ့ အသံတွေ၊ နအဖ ဖော်ထုတ်တဲ့ အခင်း အကျင်းသစ်ကို လက်ခံခိုင်းသံတွေ ကြားလာရတာဟာ အံ့သြစရာ၊ ရင်နာစရာလည်း ကောင်းပါတယ်။
အရေး တော်ပုံတရပ် အချိန်ကြာမြင့်လာတဲ့အခါမှာ စိတ်ပျက်လာသူ၊ စိတ်ဓာတ်ကျသူ၊ ခွာထွက်သူ၊ လက်နက်ချသူ စတာတွေ ပေါ်ပေါက်လေ့ရှိတာ မဆန်းပါဘူး။ တရားခံရှာကြ၊ တဦးဦးအပေါ် ပုံချဖို့ကြိုးစားကြ၊ စတာတွေလည်း မဆန်းပါဘူး။ တချို့ကတော့လည်း ပက်လက်ကုလားထိုင်ပေါ်မှာ စီးကရက်ရှိုက်၊ ဘီယာ စုတ်ရင်း လေကန် သုံးသပ်တာ လုပ်ကြပါတယ်။ ကိုယ့်ရပ်တည်ချက်နဲ့ကိုယ်၊ သမိုင်းမှာပါမယ့် ကိုယ့်အခန်းနဲ့ ကိုယ် အရလို့ပဲ ဆိုကြပါစို့။
ဒါပေမယ့် အရေးတော်ပုံကို ဆက်ခံကြမယ့်၊ အရေးတော်ပုံရဲ့ မပြီးဆုံးသေးတဲ့ တာဝန်တွေကို ဆက်သယ် ဆောင်ကြမယ့် လူတွေကတော့ သုံးသပ်တာကို ဇိမ်ခံတဲ့အလုပ်လို လုပ်မနေပါဘူး။ ကိုယ့်သေရေးရှင်ရေး ကိစ္စလို ဆွေးနွေး သုံးသပ်ကြပါတယ်။ ပြီးခဲ့တာတွေထဲမှာ အမှား၊ ဒါမှမဟုတ် သင်ခန်းစာကို တွေ့ရင် တာဝန်ရှိခဲ့သူကို အပြစ်တင်နေတာထက် ဒီအမှားမျိုးကို ဘယ်လိုရှောင်မယ်၊ ပိုကောင်းတာဘာရှိသလဲဆိုတာကို ရှာဖွေ စူးစမ်း ကြပါတယ်။
တကယ်ပြောရရင် စက်တင်ဘာ အရေးအခင်းလို နအဖစစ်အစိုးရကို တုန်လှုပ်စေခဲ့တဲ့ကိစ္စမျိုး တခုမှမရှိခဲ့ဖူးပါဘူး။ နအဖဟာ ပြည်ပက ဘယ်ဖိအားကိုမှ ပြည်တွင်းက လူထုအားလောက် မကြောက်ဘူး။ ပြည်ပက ဘယ်ပိတ်ဆို့မှု (sanctions) မှ သံဃာတော်များရဲ့ ပတ္တနိက္ကုဇ္ဇနကံဆောင်တာလောက် မထိရောက်ဘူးဆိုတာ အားလုံးတွေ့ခဲ့ကြရ ပါပြီ။
၂ဝဝ၇ ခုနှစ် သြဂုတ်၊ စက်တင်ဘာ ဖြစ်စဉ်များဟာ နအဖကို ဖယ်ရှားချင်ရင် ပြည်တွင်းကအင်အားကိုသာ အားကိုးရမယ်၊ ပြည်တွင်းလုပ်ငန်းသာ အဓိက ဆိုတဲ့အချက်တွေကို အတည်ပြုပေးခဲ့ပါတယ်။ နောက်ပြီး စစ်အာဏာရှင်လက်အောက် ဗမာပြည်ရဲ့ အခြေအနေမှာ လူထုအုံကြွမှုတွေ အချိန်မရွေး ပေါက်ကွဲနိုင်တယ် ဆိုတာကိုလည်း အထင်အရှား ပြသခဲ့ပါတယ်။
လူထုအုံကြွမှုဟာ ဘယ်နေရာဘယ်ထောင့်ကမဆို ပေါ်နိုင်တယ်။ ကျောင်းသားသာမက အလုပ်သမား၊ လယ်သမား နဲ့ သံဃာတော်များကတောင်မှ နအဖကို ဆန့်ကျင်ဆန္ဒပြချင်ကြတယ်ဆိုတာကို ထင်ရှားစေခဲ့ပါတယ်။
ဒီလိုဘက်နှစ်ဘက် အင်မတန် ထင်ထင်ရှားရှားကြီး ကွဲပြားနေတဲ့ ဗမာပြည်နိုင်ငံရေးမှာ ကြားသမား လုပ်ချင်တာ၊ ဖြစ်နိုင်ရင် “နင်လည်းတန်၊ နင်လည်းတန်” ဆိုပြီး ကိုယ့်ဖာသာ ခန့်တဲ့ ပုဏ္ဏားတိုင်လုပ်ချင်တာတွေ ပေါ်လာတာ တွေ တွေ့ရပါတယ်။ ဒါပေမယ့် ၁၉၄၈ ခုနှစ် မပြောနဲ့၊ ၁၉၈၈ ခုနှစ်ကနေ ပြန်တွက်လိုက်ရင်ပဲ ဒီလိုလူမျိုးတွေ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ တွေ့ခဲ့ကြရတာ မနည်းတော့ပါဘူး။
အဆုံးကျတော့ အဲဒီလူတွေကို ပြည်ပတနေရာရာ၊ ဒါမှမဟုတ် ပြည်တွင်းတချောင်ချောင်က အမှိုက်ပုံးထဲမှာ ရောက်နေတာပဲ တွေ့ကြရတယ် မဟုတ်ပါလား။ အဲဒီလို “ပိုနေမြဲ၊ ကျားနေမြဲ” ဆိုတာကို အာဏာရနေတဲ့ လူတွေက အင်မတန်ကြိုက်ပါတယ်။ လက်ခံချင်ပါတယ်။ ဒါပေမယ့် အဖိနှိပ်ခံနေရသူတွေ၊ မတရားပြု ခံနေရ သူတွေကတော့ ‘နေ မြဲ’ အနေအထားကို ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ ဒီလိုနဲ့ပဲ အဲဒီပုဏ္ဏားတိုင်မင်းများဟာ နောက်ဆုံးမှာ ဖိနှိပ်သူနဲ့ ပေါင်းမိ၊ ဒါမှမဟုတ် အပြင်ကို လွင့်စင်သွားကြတာဖြစ်ပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံ နောက်ပိုင်းမှာ နအဖရဲ့သရုပ်သကန်ကို အပေါ်လွင်ဆုံးဖွင့်ပြတဲ့ သမိုင်းလက္ခဏာ ဆောင်တဲ့အဖြစ်အပျက်ကြီး သုံးခုရှိပါတယ်။ အဲဒါတွေက ဒီပဲယင်းလူသတ်ပွဲ၊ သံဃာတော်များအရေးအခင်းနဲ့ နာဂစ်မုန်တိုင်းတို့ ဖြစ်တယ်လို့ဆိုရင် မမှားဘူးထင်ပါတယ်။ ဒီအရေးကိစ္စတွေကြောင့် နအဖဟာ ပြည်တွင်း ပြည်ပ နိုင်ငံရေးတို့မှာ ခံစစ်ဘဝရောက်ခဲ့ပါတယ်။ ဘယ်ခွင်မှာမှ ခေါင်းမမော်နိုင်ပါဘူး။ အခုတော့ သူတို့ဟာ တဘက်က နိုင်ငံရေးအရ သူတို့အတွက် ပုံမှန်အနေအထား ပြန်ရအောင်နဲ့ သူတို့ အစီအစဉ်အတိုင်း ရာသက်ပန် အာဏာ ဆုပ်ကိုင်ရေး လမ်းပြမြေပုံကို အတင်းတွန်း အကောင်အထည်ဖော်နေပါတယ်။
ဒီလိုအခါမှာ ပြည်ပအစိုးရတွေ၊ အန်ဂျီအိုတွေအပါ တချို့လူတွေဟာ ၂ဝ၁ဝ လွန် ဗမာပြည်နိုင်ငံရေးအတွက်ဆိုပြီး စဉ်းစားပြင်ဆင်နေကြတယ်။ ဆိုလိုတာ နအဖရဲ့အခင်းအကျင်းကို အသိအမှတ်ပြု လက်ခံလိုက်ကြဖို့ပဲ။ ဒါဟာ ဗမာပြည်သားတွေရဲ့ ဆန္ဒနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်ပါတယ်။ ဗမာပြည်သားတွေအနေနဲ့ မတတ်သာလို့ အောင့်ပြီး လက်ခံထားရတာရှိမယ်။ အသိအမှတ်ပြုတဲ့သဘောတော့ ဘယ်တော့မှ မရှိဘူး။
အမှန်ပါပဲ။ ဒီနေ့အခါမှာ ဗမာပြည်ရဲ့အခြေအနေတွေကို ပြောင်းလဲဖို့အတွက် နအဖနဲ့ အတိုက်အခံအင်အားစု တွေ တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ ဖြေရှင်းရမယ်ဆိုတာဟာ နအဖမှတပါး အားလုံး လက်ခံထားတဲ့ နည်းနာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နအဖစစ်ဗိုလ်ချုပ်တွေဟာ ဒီနည်းနာကို လက်မခံရုံမက ပြည်သူလူထုအပေါ် လက်နက်သုံးတဲ့ နည်း၊ လူမိုက်နဲ့ ဝိုင်းရိုက်တဲ့နည်းအပါ နည်းအမျိုးမျိုးနဲ့ ထိုးစစ်အမျိုးမျိုး ဆင်နေပါတယ်။
အတိုက်အခံအင်အားစုတွေကို ထောင်ထဲ၊ တောထဲနဲ့ ပြည်ပကို မောင်းပို့တာ ဆက်လုပ်နေပါတယ်။ သူတို့ဖြစ် စေချင်တာကို နှုတ်နဲ့ပြောဆိုပြီး တဖက်သားကို လက်ခံအောင်လုပ်တဲ့နည်းအစား အာဏာသုံးတဲ့နည်း၊ အကြမ်း ဖက်တဲ့နည်းနဲ့ အတင်းလက်ခံခိုင်းနေပါ တယ်။ ပြည်တွင်းနိုင်ငံရေး အခြေအနေဟာ တင်းမာသထက်တင်းမာ၊ ဆိုးဝါးသထက် ဆိုးဝါးလာနေတာ ကမ္ဘာသိပါပဲ။
ဘယ်သူတွေ အသိအမှတ်ပြုပြု၊ မပြုပြု၊ အခြေအနေတွေ ပြသနေတာကတော့ ဗမာပြည်နိုင်ငံရေးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ နအဖတို့ရဲ့ နောက်ဆုံးစာရင်းရှင်းပွဲ (final show-down) တခုဆီကို ဦးတည်နေတယ်ဆိုတာပါပဲ။ ဒါဟာ နအဖနဲ့ ပြည်သူလူထုရဲ့ တိုက်ပွဲလို့လည်း ဆိုနိုင်ပါတယ်။ ဒီတိုက်ပွဲမှာ ရှုံးတဲ့ဘက်ဟာ ကာလတခု၊ ဒါမှမဟုတ် ထာဝရနာလန်မထူ ဖြစ်သွားနိုင်ပါတယ်။ နောက်ပြီး ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ တိုက်ပွဲစဉ် အဆုံးသတ်ခြင်းကိုလည်း ဖြစ်သွားစေနိုင်ပါတယ်။
ဒါတွေကြောင့် ဒီတကွေ့ဟာ ဗမာပြည်အတွက် အလွန်တရာမှ အရေးပါကြောင်း ထင်ရှားနေပါတယ်။ ဒီတိုက်ပွဲ ကြီးကို သာမန်တပွဲတိုး စဉ်းစားနည်းနဲ့ စဉ်းစားပြင်ဆင်လို့ မဖြစ်ပါ။ အမြင်ကျယ်ရ၊ ရေရှည်လှမ်းမြင်ရပါမယ်။ မလိုအပ်တဲ့ အချင်းချင်း ပဋိပက္ခတွေ မပေါ်ပေါက်အောင် ထိန်းချုပ်ထားရပါမယ်။
ရေဒီယိုတွေကနေ အတိုက်အခံတွေရဲ့အသံတွေ ထွက်ခွင့်ရနေချိန်၊ အင်တာနက်ကို ဖောဖောသီသီကြီး သုံးစွဲ နေနိုင်ချိန်မှာ အချင်းချင်းတိုက်နေတာနဲ့ အချိန်ဖြုန်း မနေသင့်ပါ။ ဒီအဆုံးအဖြတ် တိုက်ပွဲကြီးအတွက် ဘက် ပေါင်းစုံကနေ ပြင်ဆင်ရပါမယ်။ နည်းနာပေါင်းစုံကို စဉ်းစားရှာကြံရပါမယ်။ စစ်အစိုးရက လက်နက်နဲ့ သတ်ဖြတ် တာအပါအဝင် နည်းနာပေါင်းစုံနဲ့ ဖိနှိပ်နေချိန်မှာ ပြည်သူတွေဘက်က စစ်အစိုးရကို ဆန့်ကျင်တဲ့အခါ ဘယ်လို နည်းနာတော့ဖြင့် မသုံးသင့်ဘူးဆိုတာမျိုး တရားမပြသင့်ပါ။
လမ်းပေါ်မှာပရိတ်ရွတ်နေတဲ့ သံဃာတော်များကို သေနတ်နဲ့ပစ်သတ်တဲ့၊ လေမုန်တိုင်းဒဏ်ကြောင့် ဒုက္ခ ရောက်နေသူတွေကို မျက်စိစုံမှိတ်ထားနိုင်တဲ့ စစ်ဗိုလ်ချုပ်တွေအပေါ် ဘယ်နည်းပဲသုံးသုံး တရားပါတယ်။
အကြမ်းဖက်သင့်လည်းဖက်ရမှာပါ။ အကြမ်းဖက်တယ်ဆိုရာမှာ အပြစ်မဲ့ပြည်သူတွေကို ထိခိုက်စေတဲ့၊ ပြည်သူ့ သမိုင်း အမွေအနှစ်တွေကို ပျက်စီးစေတဲ့ အကြမ်းဖက်မှုမျိုးကို မဆိုလိုပါ။ ဒါပေမယ့် စစ်အုပ်စုဝင်တွေ၊ သူတို့ လက်ကိုင် နောက်လိုက်ခွေးတွေ၊ ခေါင်းမာသူတွေကိုတော့ ထိုက်သင့်တဲ့အတိုင်း တန်ပြန်ရပါမယ်။
ပြည်သူတွေ၊ သံဃာတွေ သွေးချောင်းစီးခဲ့တာ၊ စီးနေတာတွေကို မမေ့သင့်ပါဘူး။ မြေပေါ်မြေအောက်၊ ဥပဒေတွင်း ဥပဒေပ နည်းပေါင်းစုံ ဆင်နွှဲရပါမယ်။ နအဖဟာ ဥပဒေမဲ့ ပစ်ခတ်သတ်ဖြတ်ရုံမက ချောင်းရိုက်၊ ချောင်းသတ် တာတွေ၊ ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်တာတွေ၊ အထက်လမ်း၊ အောက်လမ်း နည်းလမ်းပေါင်းစုံနဲ့ ဖိနှိပ်နေတာပါ။ ဒီလိုအခါမှာ သူတို့ရဲ့ဖိနှိပ်မှုက လွတ်မြောက်လိုသူတွေဟာလည်း နည်းမျိုးပေါင်းစုံ ဆင်နွှဲရပါမယ်။ တခုပဲ သတိပြုရပါမယ်။ အဲဒါကတော့ တိုက်ပွဲတခုနဲ့တခု ကဏ္ဋကောစ မဖြစ်စေဖို့ပါ။ တခုကိုတခုက တွန်းအားဖြစ်ဖို့သာ အရေးကြီးပါတယ်။ အချိန်များများမကျန်တော့ပါ။ (၂) နှစ်သာလိုပါတော့တယ်။
Saturday, 6 September 2008
မိုးစိမ်း
မိုးတွေ
သည်းသည်းလှုပ်အောင် ရွာသွန်းခဲ့တဲ့
လွန်ခဲ့သော အနှစ်နှစ်ဆယ်က …။
ငါတို့
ဆုလာဘ်အဖြစ် ရထားတဲ့
မြေကမ္ဘာပေါ် …
ဘ၀တွေ ရွှဲရွှဲစိုအောင်
ရွာခဲ့ဖူးတယ်။
အဲဒီကစလို့
အားကောင်းမောင်းသန် ဖူးပွင့်ခဲ့တဲ့
အိပ်မက်တူရာ ချစ်သူများ …။
ခုတော့
မိုးက …
ရွာပုံလည်း မရိုးဘူး
သည်းပုံကလည်း တိုရေရှားရေ
ဒီလို … တစစနဲ့
ရှားပါးပျောက်ကွယ် ပျော်ရွှင်ဖွယ်ရာနေ့ရက်များ …
အချစ်ရေ …
မိုးကပဲ … ကန္တာရဆန်နေသလား
ဒို့တတွေကပဲ
အိပ်မက်တွေအပေါ် သစ္စာဖောက်နေတာလား
ဖြေကွယ် … ။ ။
ကမာပုလဲ
Wednesday, 6 August 2008
ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ ဂုဏ်ရောင် ထာဝရ ထွန်းပြောင်ပါစေ
၈ - ၈ - ၈၈ မှ
၁၈ - ၉ -၈၈ နေ့အထိ
၁၃၅၀ပြည့် အရေးတော်ပုံ
ရှစ်လေးလုံးအရေးတော်ပုံ -
ဒီ အရေးတော်ပုံကြီးရဲ့ ဂုဏ်ရောင်ဟာ
စစ်အာဏာရှင်တွေ ဘယ်လိုဖြို ဖြို
ဘယ်တော့မှ မပြို ပျက်
ဆက်လက်ပြီးပဲ ရှင်သန်
သမိုင်းတွင် ကျန်ရစ်ခဲ့မှာ သေချာတယ် ။
ဒီအရေးတော်ပုံကြီးဟာ
ဗမာပြည်ရဲ့ သမီးသား
ခွပ်ဒေါင်းများက စတင်လိုက်
လူထုတိုက်ပွဲပေါင်းစုံတို့ရဲ့ စုစည်းရာ
သမိုင်းဝင် မဟာအရေးတော်ပုံကြီး ဖြစ်ပါတယ် ။
ဒီအရေးတော်ပုံကြီးဟာ
သမိုင်းဂုဏ် အလွန်မြင့်မား
စံထားရမယ့် မှတ်ကျောက်နီ ။
ဒီအရေးတော်ပုံကြီးဟာ
အာဇာနည်များစွာကို မွေးဖွား
သွေးနဲ့ရေးထားရတဲ့ မော်ကွန်းရှည် ။
ဒီအရေးတော်ပုံကြီးကနေ
အမိမြေ ရဲ့ ဒီမိုကရေစီရေး
ဟစ်ကြွေး ရှေ့ရှုနိုင်ခဲ့တယ် ။။
ဒီအရေးတော်ပုံကြီးကနေ
လူတန်းစားအထွေထွေရဲ့ ဆန္ဒပြ
ဖေါ်ထုတ်ပြရာ အစုအစည်း
သမဂ္ဂအသီးသီး ပေါ်ထွန်းလာခဲ့တယ် ။။
ဒီအရေးတော်ပုံကြီးကနေ
နိုင်ငံရေးပါတီ များစွာ
မွေးဖွားပေးခဲ့တယ် ။။
ဒီအရေးတော်ပုံကြီးကနေ
ခွပ်ဒေါင်းတွေရဲ့ မူလ
ဗကသ
တကသ
ရကသ တို့အပြင်
သမိုင်းစဉ်မှာ မရှိဖူးသေး
အခြေခံပညာရေးကျောင်းသားများသမဂ္ဂ
အကသ ကို မွေးဖွားပေးခဲ့တယ် ။။
ဒီအရေးတော်ပုံကြီးကနေ
ခွပ်ဒေါင်းတွေအတွက်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး
ABSDF
ကျောင်းသားလက်နက်ကိုင်တပ်မတော်
ထွန်းပေါ် ပေါက်ဖွားလာခဲ့တယ် ။။
ဒီအရေးတော်ပုံကြီးဟာ
ဗမာ့သမိုင်းသာမက
ကမ္ဘာ့သမိုင်းအထိ မှတ်တမ်းဝင်
မော်ကွန်းတင်ထားရမယ့် အရေးတော်ပုံကြီးဖြစ်ပါတယ်။။
ဒီအရေးတော်ပုံကြီးရဲ့ ဂုဏ်ရောင်ကို
ဘယ်အချောင်သမား ဘယ်အုပ်စိုးသူ
ဘယ်ဖေါက်ပြန်သူကမှ ချေ ဖျက်မရ
သမိုင်းတလျောက် ထာဝစဉ်
ဥဒါန်းတွင်ရစ်ပါစေသောဝ် ။ ။
( ၀င်းတင့်ထွန်း )
(မှတ်ချက်။၁၉၉၅ ခုနှစ်က။ တက္ကသိုလ်စိန်ရတု အထိမ်းအမှတ်အဖြစ်။ ဗကသများအဖွဲ့ချုပ်မှ ထုတ်ဝေဖြန့်ချိခဲ့တဲ့ ‘ခွပ်ဒေါင်းတို့ရဲ့ တွန်ကျူးသံ’ လုံးချင်းကဗျာစာအုပ်မှ၈၈၈၈ ရှစ်လေးလုံးအ ရေးတော်ပုံအပိုင်းကဏ္ဍပါကဗျာပိုဒ်များကိုထုတ်နှုတ်ပြီး ရှစ်လေးလုံးအရေးတော်ပုံ အနှစ်(၂၀) မြောက်ကို အထိမ်းအမှတ်ပြုလိုက် ခြင်းဖြစ်ပါတယ်။)
Monday, 28 July 2008
ရှစ်လေးလုံးအမွေတွေကို ကာကွယ်ကြရမယ်
ရဲဘော်ဖိုးသံချောင်း
http://www.khitpyaing.org ...မှ...
နအဖရဲ့လမ်းပြမြေပုံဟာ (၇) ချက်လို့ ဆိုပေမယ့် ရေးမထားတဲ့ အချက်တချက်ရှိနေတာကို သတိ ထားမိကြသလား မသိပါ။ အဲဒါက တခြားမဟုတ်ပါ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဇီဝိန်ချုပ်စေ ရေးဖြစ်ပါတယ်။ အထူးသဖြင့် သူတို့ရဲ့ လက်ရာမပေါ်ဘဲ ဇီဝိန်ချုပ်စေရေး ဖြစ်ပါတယ်။
သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက “နိုင်ငံရေးပါတီများ” ဆိုတဲ့ အခန်းမှာ နိုင်ငံရေးပါတီတွေကို အချိန်မရွေး အရေးယူ ဖျက်သိမ်းနိုင်အောင် အချက်အလက်တွေ ဖန်တီးထားပါတယ်။ အဲဒီမှာပါတဲ့ အင်မတန်ေ၀၀ါးတဲ့ စာပိုဒ်တွေက နိုင်ငံရေးပါတီတွေကို တောက်လျှောက် ခြိမ်းခြောက်နေမှာ မလွဲ ပါဘူး။ ဥပမာပြရရင် “စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီကို လက်ခံကျင့်သုံးရမည်” ဆိုတာမျိုး ဖြစ်ပါတယ်။ တကယ်က နိုင်ငံတနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ နိုင်ငံရေးပါတီများရယ်လို့ တခန်းပါနေတာကိုက အတော့်ကို ဆန်းနေတာပါ။ နောက်ပြီး အဲဒီအခန်းမှာပဲ နိုင်ငံရေးပါတီတွေဟာ “(က) လွတ်လပ်စွာ စည်းရုံးခွင့်ရှိသည်။ (ခ) ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသည်” လို့ ရေးထားပါတယ်။ နိုင်ငံရေးပါတီတရပ်ဟာ ဒါပဲလုပ်နိုင်သလားလို့ မေးစရာဖြစ်လာပါတယ်။
ကိုယ်ယုံတာကို ဟောပြောဝါဒဖြန့်ခွင့် မရှိဘူးလား။ သတင်းစာ၊ ဂျာနယ် ထုတ်ပိုင်ခွင့် မရှိဘူးလား။ လှည့်လည်ဆန္ဒပြဖို့ စည်းရုံးလှုပ်ရှားခွင့် မရှိဘူးလား။ မေးစရာတွေ အများကြီးဖြစ်နေပါတယ်။ နအဖ လိုလားတဲ့ ပါတီအဖွဲ့အစည်းဆိုတာ တစညလို “စစ်သားကဲ့သို့ စည်းကမ်းရှိ၍ စစ်သားကဲ့သို့ နာခံ” တဲ့ ပါတီမျိုးသာ ဖြစ်ပါတယ်။
ဒီနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လုပ်နေတာတွေဟာ သူတို့ ဖွဲ့စည်းပုံဥပဒေနဲ့ မညီညွတ်ဘူးလို့ အချိန်မရွေး အပြစ်ရှာနိုင်တယ်ဆိုတာ မေ့လို့မဖြစ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို တားဆီးပိတ် ပင်ဖို့ တိုက်ရိုက်ရည်ရွယ်ပြီး သတ်မှတ်ထားတဲ့ နိုင်ငံတော်အကြီးအကဲဆိုတဲ့ အခန်းလိုဟာကတော့ ပြောနေစရာတောင် မလိုပါဘူး။ ကလေးဆန်လိုက်လေလို့သာ မှတ်ချက်ချရမယ့်ဟာမျိုးပါ။
တလောကတော့ နအဖဟာ ပါတီအဖွဲ့အစည်းတွေ ပြန်လည်မှတ်ပုံတင်ရမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့က မှတ်ပုံတင်ရာမှာ လိုက်နာရမယ့် စည်းကမ်းတွေအကြောင်း ဘာမှမပြောပါဘူး။ အရင်လိုပဲ မှတ်ပုံတင်တဲ့ပါတီဟာ သူတို့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရမယ်၊ မ၀င်ရင် မှတ်ပုံတင် ခွင့် မပေးဘူးဆိုရင် ဒီချုပ်ဟာ ချောက်ကျတော့မှာပါ။ ဒီထုတ်ပြန်ချက်ဟာ ဒီချုပ်ကို တိုက်ရိုက် ဦးတည်တာပဲလို့ဆိုရင် မမှားဘူး ထင်ပါတယ်။ သူတို့ လက်ညှိုးညွှန်ရာ ရေဖြစ်ရတဲ့ “အမျိုးသား ညီလာခံ” မှာ ဒီချုပ်ကို ပြန်ဝင်ခိုင်းလို့ မရတဲ့နောက်မှာ သူတို့အမိန့်ပေးသမျှ ခေါင်းညိတ်ရမယ့် လွှတ်တော်ထဲကို ၀င်ဖို့ ထောင်ခြောက်ဆင်တာ ဖြစ်တယ်ဆိုတာ အင်မတန်မှ မြင်သာပါတယ်။ ဒီချုပ်ကို ရှေ့တိုးလည်း လှည်းတုတ်၊ နောက်ဆုတ်လည်း ထမ်းပိုးဖြစ်အောင် လုပ်ထားတာပါပဲ။
ပြောရရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အသီးအပွင့်တခု ဖြစ်ပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံ မပေါ်ပေါက်ခဲ့ရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပေါ်မလာ နိုင်ပါဘူး။ လက်ရှိအဖွဲ့ချုပ်ခေါင်းဆောင်တွေလည်း နိုင်ငံရေး နယ်ပယ်ရဲ့ ရှေ့တန်းကို ရောက်လာ ချင်မှ ရောက်လာမှာပါ။ အခု သေချာပြန်ကြည့်လိုက်တော့ ရှစ်လေးလုံးအရေးတော်ပုံရဲ့ အရေးပါတဲ့ အောင်ပွင့်-အမွေဆိုလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တခုသာ ကျန်ပါတော့တယ်။ ဒါကြောင့် နအဖ ဘက်က ပြောရရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ချေမှုန်းလိုက်နိုင်မယ်ဆိုရင် ရှစ်လေးလုံးရဲ့ အမွေနဲ့ အစဉ်အလာတွေကို တစမကျန် ဖျက်သိမ်းလိုက်နိုင်တာပဲ ဖြစ်ပါတယ်။ ဒါဟာ သူတို့စစ်အုပ်စု အဆက်ဆက်အတွက် လက်စားချေလိုက်နိုင်ရာကျသလို သူတို့ရှေ့ရေးအတွက် အကြီးမားဆုံး အနှောင့်အယှက် အတားအဆီးကိုလည်း ဖယ်ရှားလိုက်နိုင်တာ ဖြစ်ပါလိမ့်မယ်။
တဆက်တည်းမှာ နအဖဟာ ရှစ်လေးလုံးအရေးတော်ပုံရဲ့ ဘေးထွက်ပစ္စည်းလို့ဆိုရမယ့် ငြိမ်းအဖွဲ့ တွေကို ဖျက်သိမ်းတာလည်း ဆက်လုပ်သွားပါလိမ့်မယ်။ ရှေ့နဲ့ နောက်ပဲကွာမှာပါ။ ဒီနေရာမှာလည်း အတတ်နိုင်ဆုံး လက်သယ်မပေါ်ဘဲ ဘ၀ပြောင်းအောင် လုပ်မှာ သေချာပါတယ်။
စစ်အစိုးရဟာ စစ်တိုက်သလိုပဲ ရန်သူကို အချိန်ဆွဲပြီး ပြုန်းတီးစေတဲ့နောက် ကိုယ့်ဘက်က ပိုင် လောက်ပြီဆိုတော့မှ ရန်သူကို အပြတ်ချေမှုန်းတာ လုပ်မလို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ တနည်း ပြောရရင် သူများကို ထိပ်တိုက်မတွေ့ နဲ့လို့ပြောပြီး နအဖက သူ့ ဆန့်ကျင်ဘက်မှန်သမျှကို ထိပ်တိုက်လိုက်တွေ့၊ စိမ်ခေါ်နေတာ ဖြစ်ပါတယ်။
ဒီနေ့ ဗမာပြည် နိုင်ငံရေးတိုက်ပွဲရဲ့ ဗဟိုချက်ဟာ ရှစ်လေးလုံးအရေးတော်ပုံရဲ့အမွေ၊ အကြွင်းအကျန် တွေကို အမြစ်ဖြုတ်ဖို့ လုပ်နေတာနဲ့ အဲဒါကို ပြန်တွန်းလှန်မှုတို့ရဲ့ တိုက်ပွဲပဲဖြစ်ပါတယ်။ ဒီတိုက်ပွဲဟာ နအဖအတွက်ရော၊ သူတို့ရဲ့လုပ်ရပ်ကို ဆန့်ကျင်နေသူတွေအတွက်ပါ အင်မတန်မှ အရေးပါပါတယ်။ ဘယ်သူ့ဘက်ကမှ အရှုံးမခံနိုင်ပါဘူး။ ရှုံးလိုက်ရင် သမိုင်းနဲ့ချီတဲ့ ဆုံးရှုံးမှု ဖြစ်သွားနိုင်ပါတယ်။ အရင် ရရှိထားတာတွေ အကုန်ပြုတ်သွားတာ ဖြစ်နိုင်ပါတယ်။ ဒီချုပ်ဘက်က ရှုံးတာဟာ ရှစ်လေးလုံး အရေးတော်ပုံ ဘက်တော်သားတွေဘက်က ရှုံးတာဖြစ်မှာမို့ ဒီပဋိပက္ခမှာ ဒီချုပ်နဲ့အတူ တသားတည်း ရပ်တည်ကြဖို့လိုပါတယ်။ တချိန်တည်းမှာပြောဖို့လိုတာက ဒီချုပ် အတွက်ဆိုရင်လည်း အခုအချိန်မှာ ပြည်တွင်းက ပြည်သူလူထုမှတပါး တခြားဘယ်သူ့ကိုမှ မျှော်လင့်အားထားလို့မဖြစ်ပါဘူး။ ကျန်တာ အားလုံးဟာ စိတ်ကူးယဉ်တာပဲ ဖြစ်ပါတယ်။
နအဖဟာ သူတို့လိုချင်တာကို မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတာကို သူများတွေ မသိ သိအောင် ဖော်ပြနေတာကို အားလုံးသတိပြုမိကြပါလိမ့်မယ်။ သူတို့ရဲ့မောက်မာမှု၊ သူတို့ရဲ့ရက်စက်မှုနဲ့ ခြိမ်းခြောက် အကြပ်ကိုင်ရင် ရလိမ့်မယ်လို့ တွက်ထားကြပါတယ်။ တဘက်မှာလည်း သူတို့ဟာ ရွေးကောက်ပွဲဆိုတဲ့ ဖဲချပ်ကို ချကစားလိုက်ခြင်းအားဖြင့် အတိုက်အခံတွေထဲမှာ၊ ငြိမ်းအဖွဲ့တွေ ထဲမှာ၊ နောက်ပြီး တိုင်းရင်းသားတွေထဲမှာ အက်ကြောင်းတွေ ပေါ်စေချင်တဲ့ သဘောရှိပါတယ်။ ဒီလိုကစားလိုက်ရင် အင်အားနည်းသူတွေ၊ ရပ်တည်ချက် မခိုင်မာသူတွေ စိတ်လှုပ်ရှားတတ်တယ် ဆိုတာကို သူတို့သိပါတယ်။ ဒါကြောင့် ရှေ့လာမယ့် ကာလတခုမှာ ဒီလိုအချင်းအရာတွေ တော် တော်များများကို နအဖက ဖန်တီးလာမယ့် သဘောရှိပါတယ်။ ဒီတော့ အခုအချိန်မှာ အချင်းချင်း သွေးကွဲအောင် လုပ်တာမှန်သမျှဟာ နအဖအကြိုက် လုပ်တယ်လို့ ပြောရပါမယ်။
တကယ်ကျတော့ နအဖရဲ့ ဖွဲ့စည်းပုံရော၊ ရွေးကောက်ပွဲရောဟာ ပြည်သူတွေအတွက် ဘာမှ အကျိုး မရှိရုံမက အဲဒါတွေ အောင်မြင်သွားလို့လည်း ပြည်သူတွေရဲ့ နအဖဆန့်ကျင်ရေး စိတ်ဓာတ်ကို လျော့ နည်းစေမှာ မဟုတ်ပါဘူး။ အာဏာရှင်တွေ ဖန်တီးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာတွေဟာ အဲဒီ အာဏာရှင်တွေ နန်းကျရင် ပျောက်သွားတတ်တာပါပဲ။ ဗမာပြည်သမိုင်းမှာ ပေါ်ခဲ့ဖူးတဲ့ ဖွဲ့စည်း ပုံအခြေခံဥပဒေ နှစ်ခုစလုံးဟာ အာဏာသိမ်းသူတွေကြောင့် ရုတ်ချည်းပျောက်ကွယ်ခဲ့ရတယ်ဆိုတဲ့ အချက်ကို မမေ့သင့်ပါဘူး။ ဒါပေမယ့် ဒီမိုကရေစီ တိုက်ပွဲကာလ ရှည်ကြာနေတာ၊ အခက်အခဲနဲ့ ပေးဆပ်ရမှုတွေ များလွန်းနေတာတို့ကို စိတ်မရှည်၊ တင်းမခံနိုင်သူတွေကိုတော့ ဒီနအဖရဲ့သဏ္ဍာန် အရ အောင်ပွဲတွေက တွေဝေ၊ တုံ့ဆိုင်းတာတွေ ဖြစ်ကောင်း ဖြစ်စေပါလိမ့်မယ်။
ဒါပေမယ့် ရှစ်လေးလုံးအရေးတော်ပုံနဲ့ ရှစ်လေးလုံး အာဇာနည်တွေအပေါ် သစ္စာရှိသူတွေရဲ့ ပိုင်း ဖြတ်ချက်ကိုတော့ နည်းနည်းမှ နှဲ့နိုင်မှာ မဟုတ်ပါဘူး။ ။
မိုး
တစိမ့်စိမ့်စွေ
ပြီးပြီးပျောက်ပျောက် အလွမ်းတွေမှ မဟုတ်တာ…။
ဒီလို …
ဖူးခဲ့ ပွင့်ခဲ့ဖို့
ခေတ်အဆက်ဆက် …
ပေးဆပ် ငွေ့ရည် ဖွဲ့ခဲ့ရတယ်ဆိုတာ …..။
သေချာတယ်
ဟိုး …လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က
ငါတို့ … ရိုးသားစွာတပ်မက်
လက်ချင်းယှက် သဲသဲမဲမဲ ရွာသွန်းခဲ့ပုံများ …။
ကမာပုလဲ
၂ ၀ ၀ ၈။
http://naytthit.com
Friday, 18 July 2008
ဒုက္ခသည်ခရီးစဉ်အတွင်း….အနှစ်သက်ဆုံး ကဗျာနှစ်ပုဒ်
(ခွာညို)
အို….ဖ ဘုရားသခင်
ဘာကြောင့်များ “ကပ္ပတိန်ကွတ်” ကို
ဘယ်အတွက်များ “ကိုလံဘတ်” ကို
သမိုင်းစာမျက်နှာများမှာ
နေရာပေးခဲ့ပါလိမ့်....
ရှင်တော်မြတ်ဘုရားက ဟောကြားတယ်
ပိယေဟိ ၀ိပ္ပယောကော ဒုက္ခော
အပိယေဟိ သမ္ပယောကော ဒုက္ခော…တဲ့
အစက နားမလည်
ဒါလေးများ…
ဘာမီတွန်သောက် ပျောက်…ပေါ့နော်..။
အရိုးစင်းဆုံးသော လောကဒဏ် ကဗျာကို ရေးဖွဲ့လိုက်တဲ့သူက ကဗျာဆရာရဲထွဋ် ပါ။
ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကဆောင်ရွက်ပေးနေတဲ့ ဒုက္ခသည်တွေအတွက်
ဘ၀သစ်ထူထောင်ရေး... ပြန်လည်နေရာချထားရေးအစီအစဉ်တွေဟာ
အခုဆိုရင် ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်း (၉) ခုမှာကျယ်ကျယ်ပြန့်ပြန့်စတင်ဆောင်ရွက်နေပါပြီ။
နိုင်ငံရေးလှုပ်ရှားမှုတွေ…ဘာသာရေးဖိနှိပ်မှု၊ လူမျိုးရေးနှိပ်ကွပ်မှုတွေ…
ပေါ်တာနဲ့ မုဒိန်းမှုတွေနဲ့ကင်းဝေးရာ အရပ်တခု ကမ္ဘာပေါ်မှာ ရှိနေသတဲ့…
နောက်ပြီးတော့လည်း…
အဲဒီအရပ်မှာ အလုပ်ကြမ်းသမားတွေလိုအပ်နေပြီးတော့
ဒုက္ခသည်တွေမှာတော့ လုပ်အားကလွဲရင် ဘာမဆိုလိုအပ်နေတဲ့အတွက်
အပေးအယူမျှမျှနဲ့ပဲ ခေါ်သူကခေါ် သွားသူကလည်းသွားကြနဲ့
ဒုက္ခသည်စခန်းတခုလုံး သက်ဝင်လှုပ်ရှားနေကြတယ်။
အိုပီအီး ပီးပီလား
ဒါဆို ဒီအိပ်ခ်ျအက်စ် ကတော့လိုပါသေးတယ်။
ကာချောရှော့မရအောင်
စီအို တက်ရမယ်တဲ့
တက်ကြွစွာသူတို့နှုတ်ဖျားက
အဟုတ်စကားကြွယ်လှ
ဆီမန်း မန်းမလို မန်းနေကြ
ခိုငြီးသံတွေကြားနေရ
ဂရုဏာသက်ရမှာလား
ဥပက္ခောပြုရမှာလား….။
အိုပီအီး … Overseas Processing Entity (OPE)
ဆိုတာ ဒုက္ခသည်တွေကို သက်ဆိုင်ရာအာဏာပိုင်တွေက စခန်းထဲအရောက် လာရောက်ပြီးစုံစမ်းမှတ်တမ်းတင်ခြင်းဖြစ်ပါတယ်။
ယူအန်အိပ်ခ်ျစီအာကနေ ထိုင်းနိုင်ငံ အာဏာပိုင်များကို တရားဝင်လွှဲပြောင်းပေးအပ်လိုက်ပြီး ဒုက္ခသည်စခန်းရှိရာကို
ကားတွေတသီတတန်းနဲ့ပို့ခဲ့ပြီးတဲ့နောက်…
စခန်းတွင်းမှာ ဒုက္ခသည်ဖြစ်ကြောင်း တရားဝင်မှတ်ပုံတင်ပြီးတဲ့နောက် ….
ဒါဟာ ဒုက္ခသည်များ မျှော်လင့်တောင့်တနေတဲ့ တတိယနိုင်ငံရောက်ရှိရေးအစီအစဉ်လည်း ပိုမိုနီးကပ်လာနေပြီဖြစ်ကြောင်း
သိသာထင်ရှားစေတဲ့ အမှတ်သညာတခုဆိုရင်လည်း မမှားတဲ့ အခေါ်အဝေါ်တခုဖြစ်ပါတယ်။
ဒီအိပ်ခ်ျအက်စ် (Department of Homeland Security) ဆိုတာကတော့ ဒုက္ခသည်များက အိုပီအီးတုန်းက ပြောဆိုဖြေကြားချက်တွေကို ထပ်မံအတည်ပြုမေးမြန်းစုံစမ်းခြင်းနဲ့ ကျန်းမာရေးဆေးစစ်ခြင်းတို့ကို တဆက်တည်းဆောင်ရွက်ပေးချိန်ပါပဲ။
ဒီအိပ်ခ်ျအက်စ်မှာ စစ်ဆေးသူများရဲ့ စိတ်ကြိုက်ဖြေဆိုပေးနိုင်ရင် အထူးသဖြင့် တီဘီပိုးရှိတယ်လို့လည်း သံသယအဖြစ်မခံရဘူးဆိုရင်…
ဒီပတ်ချာဒိတ် (Departure Date) စောင့်နေယုံပါပဲ။
အရှေ့နဲ့ အနောက်ရဲ့ ဆန့်ကျင်ဘက်ပေါင်းစုံဖြစ်တဲ့
ယဉ်ကျေးမှု…
ကိုးကွယ်ယုံကြည်မှု…
ပေါင်းသင်းဆက်ဆံရေး…
ဘ၀နေထိုင်ပုံနည်းစနစ်တွေ…
တောထဲမှာ မျှစ်ချိုးစားနေရသူတွေ ချက်ခြင်းစားရတော့မယ့် ဒိန်ခဲနဲ့ ထောပတ်အပြောင်းအလဲကာလများ….
တောထဲမှာ တပိုတပါးသွားကျင့်ရှိနေသူများ လေယာဉ်အိမ်သာခန်းထဲမှာ ကြုံတွေ့ရမယ့် ဒုက္ခတွေအတွက်
ကြိုတင်ပြင်ဆင်ထားရန် စည်းကမ်းချက်တွေ…
ရေပူ ရေနွေးနဲ့ ရေချိုးရန်နည်းစနစ်ပါမကျန်…
ရက်တို သင်တန်း (၃) ရက်နဲ့ ဘ၀တပါးကို အရှင်လတ်လတ်ကူးပြောင်းရေးကျင့်စဉ်များသင်ကြားပေးခြင်းကိုတော့
(စီအို) လို့ လူသိများပါတယ်။ အဲဒီသင်တန်းကို လူတိုင်း စိတ်ဝင်တစားသွားတက်ကြတယ်၊
( မတက်ရင် လေယာဉ်လက်မှတ်မရနိုင်လို့ပါ… )
ဒုက္ခသည်စခန်းကို နိုင်ငံရေးအသိုင်းအ၀ိုင်းကလူတွေကို ဒုက္ခသည်စာရင်းတင်ထားတဲ့ နံပါတ် (၂၀၈၆)ယောက်ကိုသွင်းစဉ်က
ကဗျာဆရာ အေအမ်တီရဲ့ နို့ဖိုး …ဆိုတဲ့ ကဗျာလေးတပုတ်ထွက်လာခဲ့တာကိုလည်း အခုတခါပြန်ပြီးသတိရမိတယ်။
သနားကြပါခင်ဗျာ
သနားကြပါ
နိုင်ငံအဟောင်းလေး တခုလောက်ဆိုပြီး
စားစရာ…နေစရာ
လုပ်စရာတွေ…ကိုင်စရာတွေထားရစ်လို့
ဖုတ်ပူမီးတိုက်
ငါတို့
ဒီနေရာကိုရောက်ရှိခဲ့တယ်။
ဟောဒီ ဘဒ္ဒကမ္ဘာမှာ
ဒုက္ခ ဆိုတာ အတုမရှိဘူး
ဒုက္ခသည်ပဲ အတုရှိတယ်.
တော်လှန်ရေးဆိုတာ အတုမရှိဘူး
တော်လှန်ရေးသမားပဲ အတုရှိတယ်။
တော်လှန်ရေးနယ်ပယ်ထဲမှာ ဒဏ်ခံနိုင်သူတချို့တလေက တတိယနိုင်ငံဆိုတဲ့စကားကို ကြားချင်လေ့မရှိကြဘူး။
ဒဏ်မခံနိုင်သူအတော်များများကတော့ မျိုးဆက်သစ် တိုးတက်ရစ်ဖို့….ဆိုပြီး တတိယနိုင်ငံကို အသွင်ကူးပြောင်းရေးရေယာဉ်ကျောထဲ
အလိုက်သင့်ပေါလောပေါ်နိယာမနဲ့ ….
အဲဒီထဲက တချို့ တချို့သောသူတွေကတော့ အနီးဆုံးလက်တွဲဖော်အဖြစ် မြန်မာပြည်က
ရွှေ့ပြောင်းအလုပ်သမလေးတွေလက်ကိုတွဲလို့ ထွက်ခွာခဲ့ကြတယ်။
တချို့ကတော့လည်း တတိယနိုင်ငံကို စရိတ်ငြိမ်းသွားနိုင်ဖို့
I swear to tell the truth….
လို့….လက်ယာဘက်လက်ကိုထောင်ပြီး ကျိန်ဆိုထားသည့်တိုင် အစိုးရက နှိပ်စက်လို့ မနေ၀ံ့တော့လို့ပါ…ဆိုတဲ့ မုသာဝါဒကံနဲ့အတူတူ…
တချို့ကျတော့လည်း အမှန်ကိုသာပြောပါ…လို့ သတိပေးထားတဲ့ အဲဒီ အင်တာဗျူးတာဝန်ရှိသူတွေကိုယ်တိုင်ကိုက သူတို့လိုချင်တဲ့အဖြေမရမချင်း ဘောင်သွင်းမေးလွန်းလို့ မလိမ်ချင်ဘဲလည်း လိမ်ပေးလိုက်ရတဲ့သူတွေလည်း ရှိသေးရဲ့။
ဥပမာ တယောက်ကိုထုတ်ပြပေးရမယ်ဆိုရင်--
တော်လှန်ရေးနယ်ထဲမှာနေတဲ့ တယောက် နာတာရှည်ရောဂါဖြစ်တော့ သူ့ညီမက သူ့ကိုစောင့်ရှောက်ဖို့ ဒီဘက်ကို လိုက်လာရတယ်။
အင်တာဗျူးတဲ့အချိန်ရောက်တော့ ထုံးစံအတိုင်း ပုံစံမေးခွန်းတခုကိုမေးပါတယ်။
ဘာလို့ထွက်လာရတာလည်း ….ဆိုတာရယ်….
ဘာကြောင့်ပြန်လို့မရတော့တာလည်း…ဆိုတာရယ်…
အကို့ကို ပြုစုဖို့လာရပါတယ်…ဆိုတဲ့အဖြေကို သူတို့မကြိုက်။
အကိုနဲ့ပတ်သက်ပြီး စုံစမ်းမေးမြန်းမှုမရှိဘူးလား…ဆိုတာကို ထပ်ခါထပ်ခါမေးလာတဲ့အခါ….
ဖြေရတာအာညောင်းလာတော့ ရှိပါတယ်လို့ဖြေလိုက်ရ….
ဘယ်လိုစစ်လည်းမေးတော့ မညာတတ်သူပီပီ မုသားလွတ်အောင် သန်းကောင်စာရင်းခဏ ခဏစစ်တယ်ဖြေလိုက်ပေမယ့် မေးသူကစိတ်တိုင်းမကျ။ အကိုနဲ့ပတ်သက်ပြီး အဖမ်းခံရသေးလားဆိုတာကို လိုချင်သည့်အဖြေမရမချင်း ထပ်ခါတလဲလဲမေးနေတယ်။
”နောက်ဆုံးကျတော့ အတွေ့အကြုံရနေတဲ့ စကားပြန်က “ကဲပါ ညီမရယ်။ ဒီပုံအတိုင်းဆိုရင် နောက်တရက်ဆက်မေးခံနေရလိမ့်မယ်။ အကို မရှိလို့ ဘယ်သွားလဲမေးတာ မဖြေနိုင်လို့ (၃) ရက်လောက်အချုပ်ခံခဲ့ရတယ်။ အဲဒါကြောင့်ထွက်လာရတယ်လို့ပဲ ကျနော်ပြောလိုက်တော့မယ်နော်…လို့ခွင့်တောင်းပီး ကျနော့်ကို အချုပ်ထဲ သုံးရက်လောက်ထည့်ပေးလိုက်တယ်အမရယ်“ လို့ အင်တာဗျူးကအပြန် မှာအတွေ့အကြုံရှင်းလင်းပွဲလုပ်ခဲ့တာကို သတိရမိတယ်။
မလိမ်ညာပါဘူး။ အမှန်ကိုပဲပြောပါ့မယ်လို့…လက်ထောင်ကျိန်ခိုင်းပြီးတော့မှ လိုချင်တဲ့အဖြေရသည့်အထိ
မလိမ်မချင်း ချောင်လိုက်ပိတ်နေတာကတော့ စိတ်ခံစားချက်ကို တမျိုးဖြစ်စေတာအမှန်…
တကယ်တန်းက အလုပ်သမားဖြစ်ချင်သူတွေနဲ့…..
အလုပ်သမားလိုအပ်နေသူတို့ရဲ့တွေ့ဆုံပွဲမှာ သူတို့ဘက်က ဘာမှ ကျိန်စာတိုက်နေဖို့မလိုပါဘူး။
မြန်မာပြည်ထဲက အဓိကအထွက်အများဆုံးအကြောင်းအရင်းကတော့ အစိုးရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကြောင့်
လူလိုမနေရတဲ့ဘ၀တွေထဲက ရုန်းကန်ပြေးထွက်လာကြခြင်းပါပဲ။
သည်ထဲမှာမှ စီးပွားဖြစ်လုပ်စားချင်သူ တချို့တလေ ရောနှောညပ်ပါနေတာတော့ ဘယ်နှယ်လုပ်ရွေးထုတ်နိုင်ပါ့မလဲ။
ဒုက္ခသည်အတု တော်လှန်ရေးသမားအတု…တွေရဲ့ အမေရိကန်သို့ စရိတ်ငြိမ်းခရီးစဉ်မှာ
လိမ်ညာတာကို ဒါလေးများ….ဒါလေးများလို့တောင် သီချင်းဆိုနေကြမည့်သူတွေ…..
ရှိနေတတ်တာ ဟောဒီဘဒ္ဒကမ္ဘမှာ လူ..ဆိုတာဖြစ်တည်ကတည်းက ဒွန်တွဲပါလာပြီးသား ကံကြမ္မာတခုလို….
အို… ဒုက္ခသည်များဆိုင်ရာနတ်
ပဋိပက္ခဆိုင်ရာနတ်
ငတ်မွတ်ခေါင်းပါးဘေးဆိုင်ရာနတ်..
မျိုးသုဉ်းသတ်ဖြတ်ဘေးဆိုင်ရာနတ်…
ဗဟုသုမဂ္ဂဆိုင်ရာနတ်
အဲန်ဂျီအိုရေးရာ နတ်အပေါင်းတို့….
ကြည့်လော့…ရှုလော့…
ဤပစ္စတရာဇ်သားတို့ရဲ့
ကံကြမ္မာကို……။
ဆိုတဲ့အတိုင်း ကူညီလိုတယ် ဆိုသူတွေက ခေါ်နိုင်သလောက်လူတွေကို ခေါ်သွားဖို့ပါပဲ။
အကြောင်းအမျိုးမျိုးနဲ့….အမိမြန်မာပြည်ကိုပဲဖြစ်ဖြစ်..
အမိမြေနဲ့အနီးစပ်ဆုံးတော်လှန်ရေးနယ်မြေကပဲဖြစ်ဖြစ်…တော်လှန်ရေးနယ်မြေက စီးပွားရေးနယ်မြေသစ်တခုကိုရည်ရွယ်လို့ပဲဖြစ်ဖြစ်…
အဲဒီ ပြန်လည်နေရာချထားရေးယဉ်ကျေးမှုစီးကြောင်းထဲမှာ အလိုက်သင့်မျှောပြီး လိုက်ချင်သူတွေက လိုက်ပါသွားကြပါလိမ့်မယ်။
ကျန်ရစ်သူတွေထဲမှာတော့ သားတကွဲ …မယားတကွဲတွေရဲ့ နာကျင်မှုတွေ….
မိတ်ဆွေသင်္ဂဟတွေရဲ့ ရွေ့လျားဝေးကွာရတဲ့ အထီးကျန်ဝေဒနာတွေ….
မြန်မာ့အရေးလုပ်စရာတွေတပုံကြီးနဲ့ လုပ်မယ့်သူတွေရဲ့ တကယ့်လက်တွေ့အလုပ်ပုံကြီးအောက်က အနားမရတဲ့နေ့ရက်တွေကြားမှာ….
ထွက်ခွာသွားနိုင်ရေး လုံ့လပြုနေသူတွေအပေါ်မှာလည်း အပြစ်မတင်သာ….
ထွက်ခွာသွားမှာကိုလည်း မလိုလား..
ကျပ်တည်းခက်ခဲတဲ့အခြေအနေအရပ်ရပ်ကိုလည်း နားလည်နိုင်သော်ငြားလည်း
တဖြေးဖြေးလျော့ပါးလာတဲ့ နိုင်ငံရေးအင်အားစုတွေကို ပြန်လည်အားကောင်းလာအောင်မျှော်လင့်ရင်း……
အို….ဖ ဘုရားသခင်
ဘာကြောင့်များ “ကပ္ပတိန်ကွတ်” ကို
ဘယ်အတွက်များ “ကိုလံဘတ်” ကို
သမိုင်းစာမျက်နှာများမှာ
နေရာပေးခဲ့ပါလိမ့်
စွန့်ဦးတည်ထွင်သူတွေထဲမှာ
အမုန်းဆုံးသူ “တစ်” နဲ့ “နှစ်” ဟာ
သူ နဲ့ သူပေါ့
အခုတော့
သူတို့ကြောင့်….။
ဒုက္ခဟောင်းတို့ချုပ်ငြိမ်းရေးနိဂုံး…ဒုက္ခသစ်တို့ရင်ဆိုင်ရန်နိဒါန်း
သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့်
ငါ့မြေမှာ နီဝါတင့်ရမပေါ့…
ဆိုသည့် ဆရာမငွေတာရီ၏ “သာသည့်မြေသို့….” ကဗျာသည်လည်း အခုလောက်ဆို…. ငိုနေပေတော့မည်။
နှစ်သက်ခဲ့မိသော ထို ကဗျာကလေးက ကိုယ့်ကို
နေ့စဥင်္နှင့်အမျှ အချိန်ရှိသရွေ့ ခြောက်လှန့်နေတော့မည်လား မပြောတတ်ပါ။
ရှေ့မီးနောက်မီးစုံဖွင့်ပြီးမောင်းလာတဲ့ ကားတန်းကြီးတွေကို မြင်ဖူးကြလား။
ဒါမှမဟုတ် လိုက်ပြီးစီးဖူးကြရဲ့လား….
ဒုက္ခသည်စခန်းအတွင်းသို့ဝင်စဉ်က ထိုသို့ မီးဖွင့်မောင်းသော ကားတန်းကြီးနှင့် စည်စည်ကားကားဝင်ဖို့အရေးတွင်
နံနက်ခင်းနေမထွက်ခင် မြို့ပိုင်ကွင်းဟုခေါ်သော အုပ်ချုပ်ရေးရုံးအတွင်းသို့ သွားကြရသည်။ အဲသည်မှာကတည်းက လူတန်းစား စပြီး ညီလာသည်။
ဆရာဝန်၊ အင်ဂျင်နီယာ၊ ကျောင်းဆရာမ၊ စာရေးဆရာ အထီးဖြစ်ဖြစ်….အမဖြစ်ဖြစ်
ရုပ်ရှင်သရုပ်ဆောင်လည်းမကျန်စေရ…
နိုင်ငံ့ခေါင်းဆောင်လည်းပါချင်ပါ..ပဲပြုတ်သည်…စက်ရုံအလုပ်သမ…ဘာသာပေါင်းစုံဖြစ်ချင်ဖြစ်
အားလုံးအတူတကွ ထိုင်းစစ်သားတွေရှေ့မှာ ငုတ်တုပ်လေးတွေ ထိုင်ကြရသည်။
သည်ကြားထဲ ထိုင်းစစ်သားတယောက်ယောက်က တခုခုအတွက် ထ …ဟု အမိန့်ပေးခဲ့သောအခါ
ဒုက္ခသည်တွေက အလွန်ပင်ညီညွတ်သေ၀ပ်စွာ ထလိုက်ကြသည်။
ထိုင်းစကားကိုနားမလည်ကြသည့်တိုင် သူတို့လက်ထဲက နှင်တံ (တုတ်ချောင်း)ကို မြှောက်ပြလိုက်သည်နှင့်
ဒါ…မတ်တပ်ရပ်ခိုင်းတာ ဟု နားလည်ကြသည်။
အမိန့်ပေးသူက ပေးပြီးထွက်သွားသောအခါ မိုးတိုးမတ်တပ်ရပ်ကျန်ရစ်ခဲ့သူတွေကို နောက်စစ်သားတယောက်က
"ဘာဖြစ်လို့ရပ်တာလဲ။ ထိုင်..ထိုင်"… ဆိုပြီး ဒေါသတကြီးအော်ဟစ်ပြန်သည့်အခါ
တယောက်မျက်နှာတယောက်ကြည့်ကာ ထိုင်လိုက်ကြရပြန်သည်။
အဲဒါ ကိုယ့်အသုဘကိုယ်ပြန်ပြီးလိုက်ပို့နေရသလို ခံစားချက်ကိုဖြစ်ပေါ်စေတဲ့ခရီးစဉ်တခု၏နိဒါန်းဖြစ်သည်။
ကားတန်းရှည်ကြီးနှင့် ဒုက္ခသည်အမည်ခံ အသုဘခရီးကို
၂၀၀၆ ခုနှစ်။ စက်တင်ဘာ (၁၉) ရက်နေ့မှာ စတင်ထွက်ခွာပို့ဆောင်ခဲ့ကြသည်။
မီးဖွင့်မောင်းလာသော ကားတန်းပေါ်မှာလိုက်ပါရင်း မိနစ်ဝက်တခါလောက်မှာ ကွေ့ချိုးနေသည့် တောင်တက်လမ်းကြမ်းကြမ်းမှာ
နောက်ကလိုက်ပါနေကြသော ကားတန်းကြီးတွေကို လည်ပြန်ငေးရင်း ဆုံးရှုံးမှုများစွာကို ရင်နှင့်ရင်းပြီး ခံစားနေခဲ့ရသည်။
မြန်မာနိုင်ငံသားဖြစ်မှုသည်လည်းကောင်း…
မြန်မာနိုင်ငံသားတယောက်အနေနှင့် ပြောရေးဆိုခွင့်သည်လည်းကောင်း….
မြန်မာ့မြေနှင့် အနီးဆုံးမှာပင်ကုပ်ကပ်နေနိုင်ခွင့်သည်လည်းကောင်း…
လည်းကောင်းပေါင်းများစွာတို့ဖြင့်ထုံမွှမ်းထားသော ဒုက္ခသည်တို့သည်
တွန့်လိမ် တွန့်လိမ်သွားလာနေသော မြွေတကောင်နှင့်တူသည့် ကားတန်းကြီးသယ်ဆောင်နေသည့်အတိုင်းလိုက်ပါနေခဲ့ကြသည်။
သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့်
ငါ့မြေမှာ နီဝါတင့်ရမပေါ့…
ဆိုသည့် ဆရာမငွေတာရီ၏ “သာသည့်မြေသို့….” ကဗျာသည်လည်း အခုလောက်ဆို…. ငိုနေပေတော့မည်။
နှစ်သက်ခဲ့မိသော ထို ကဗျာကလေးက ကိုယ့်ကို
နေ့စဥင်္နှင့်အမျှ အချိန်ရှိသရွေ့ ခြောက်လှန့်နေတော့မည်လား မပြောတတ်ပါ။
အားလုံး ဒုက္ခသည်အဖြစ်မှာ တူညီကုန်ကြသော်ငြားလည်း ဒုက္ခသည်အားလုံး၏ စိတ်အတွေးနှင့် ခံစားချက်ခြင်းတို့သည်လည်းကောာင်း၊
မျှော်လင့်ချက်နှင့် အနာဂတ်ပန်းတိုင်တို့သည်လည်းကောင်း တူလိမ့်မည်မထင်။
ထိုသို့ ကားတန်းကြီးနှင့် ပထမဦးဆုံးသော ကိုယ်တိုင်ပို့ခရီးစဉ်၏အဆုံးသတ်တွင် တခါးမရှိ…အကာအရံမလုံမခြုံသော တဲလေးတွေကစောင့်ကြိုနေသည်။
တအိမ်ကို လေးယောက်နှုန်းနေရမည်တဲ့။ တချို့အိမ်လေးတွေ နှစ်ယောက်ပင် အနိုင်နိုင်နေရသည့်အိမ်မည်ကာမတ္တလေးတွေဖြစ်သည်။
ဒုက္ခသည် အတုရော အစစ်ရော အားလုံးတပြေးညီ….
ဖက်မိုးထားသည့် ၀ါးခင်း။ ၀ါးကာ ၀ါးတိုင်နှင့်ဆောက်သောအိမ်မှာ နေပေတော့ အားလုံး အဆင့်တူ…အတန်းတူ….
ချစ်ခြင်းမှာ လူသည်အခါခါသေ၏….ဆိုတာ….
ကြောက်သောသူ နှစ်ခါသေ၏…ဆိုတာတွေကို မကြုံဖူးပါ။
ဒုက္ခသည်တယောက်ဖြစ်ဖို့တော့ ကိုယ့်အသုဘကိုယ် အခါခါပို့တတ်နေရပြီ။
၂၀၀၅ စက်တင်ဘာ (၁၉) ရက်နေ့ က ထိုသို့သော ခရီးစဉ်မျိုးကို ယခု ၂၀၀၈ ခုနှစ် ဧပြီလလောက်မှာ ပြန်စသည်။
သည်တခါတော့ ဒိုင်နာကားအသေးတွေနှင့်မဟုတ်။
အိုင်အိုအမ် (IOM- International Organization for Migration) က ကားပြာကြီးတွေနှင့်ဖြစ်သည်။
ကားက ဘေးခုံနှစ်ခုံသာ ပါသော်လည်း ဗမာများနှင့်အလုပ်တွဲလုပ်ကာ ဗမာ့နည်း ဗမာ့ဟန်နှင့် ရင်းနှီးကျွမ်းဝင်နေသော ထိုင်းနိုင်ငံသားများက
အလယ်တွင် ခုံတန်းတခု ထပ်ထိုးသည့်နည်းပညာကို ရထားကာ လူတွေကို အလယ်တန်းတတန်းထပ်ဖြည့်ပြီးတင်ကြသည်။
မြေပြန့်ခရီးတွင် ထိုသို့စီးရသည်က မထောင်းတာလှသော်လည်း မိနစ်ဝက်လျှင် တကြိမ်ကွေ့နေသော တောင်ဆင်း တောင်တက်ခရီးတွင်မူ
တခါတရံ ပက်လက်ပင်လန်ကာလဲကျတတ်သေးသည်။ ထိုသို့ ပုံဆိုးပန်းဆိုးလဲမကျစေရေးအတွက် ခြေကိုတောင့်ကာကန်ထားရသည့်
တနေ့တာခရီးအဆုံးတွင် တကိုယ်လုံးကိုင်အရိုက်ခံထားရသလို နာကျင်နေကြတော့သည်။
မဲဆောက်နှင့် ဒုက္ခသည်စခန်း အပြန်အလှန်သွားရသောခရီးသည် ဆေးစစ်ချက်အောင်မအောင်နှင့်သက်ဆိုင်သည်။
ဆေးကျပါက ထိုခရီးကို နောက်တကျော့ပြန်ကာသွားရပေမည်။ သည်တော့ လူတွေ ရူုးကုန်သည်။
အဓိကဆေးကျရသည့်အကြောင်းရင်းသည် အဆုတ်တွင် မြစ်ဖျားခံနေသောကြောင့် ဆေးမကျရေး စီမံကိန်းများရေးဆွဲအကောင်အထည်ဖော်ကြသည်။
အဆုတ်မှာ စပေါ့ (အစက်) မထင်အောင် ဓာတ်မှန်မရိုက်ခင် နွားနို့သောက်ရသတဲ့….
ဘယ်က၀ိက ဘယ်ကျမ်းနှင့်ညှိကာထုတ်လိုက်သည့် အယူအဆလည်း မပြောတတ်ပါ။
နွားနို့ဗူးများရောင်းသော ထိုဒုက္ခသည်စခန်းထဲက ကုလားတွေ နို့ဗူးရောင်းရငွေနှင့်ပင် အတော်လေးအလုပ်ဖြစ်ကုန်ကြသည်။
ကလေးအဖေတွေလည်း ကလေးတွေအတွက် နို့ဗူးလုသောက်ကုန်သည်အထိ။
ဆေးလိပ်မသောက်သော ကလေးများထက် ဆေးလိပ်သောက်သောအဖေများ
က ယခုအခါမှာ နွားနို့ပိုပြီးလိုအပ်သည်ဟု မိခင်များကလည်း ဆုံးဖြတ်အတည်ပြုပေးကြသည်။
တချို့ကျတော့လည်း ဓာတ်မှန်ရိုက်ကာနီး ရေမချိုးရ…..တဲ့။
တော်ကြာ အပူခိုးတွေကန်တက်လာကာ ဓာတ်မှန်ပြားမှာ မရှင်းလျှင် ဆေးကျသွားမည်ဆိုကြသည်။
ဒုက္ခသည်ဖြစ်ချင်ကြသူများမို့ပင်လားမသိ။
ဒုက္ခမှန်သမျှကို သည်းခံခြင်းတရားလက်ကိုင်ထားကာ ကျော်ဖြတ်နေတာကို အံ့ဖွယ်သုတအဖြစ်လည်း တွေ့မြင်ကြရသည်။
အိမ်သာနှင့် ထမင်းစားဆောင်ကပ်နေသည့်အတွက် လူ (၈၀၀) ကျော်ထုတ်စွန့်ထားသည့် အစာဟောင်းနံ့များတသင်းသင်းဝင်နေသော
ထမင်းစားဆောင်ထဲတွင် ထမင်းကိုလည်း မြိန်ရည်ယှက်ရည်စားနိုင်ကြသည်။
ကြက်သားမည်ကာမတ္တကို ငှက်ပျောအူနှင့်ရောကြိုထားသည့်ရေလုံပြုတ်ဟင်းကိုလည်း မစားနိုင်သော်ငြားလည်း မည်သူမျှ ကန့်ကွက်သူမရှိ။
မစားနိုင်သောအစာများအားလုံး ပန်းကန်လိုက် အမှိုက်အိပ်ထဲသို့ရွေ့ကုန်ကြသည်။
ဟင်းတိုင်းတွင်ပါဝင်နေသော အုန်းနို့သည် မြန်မာလူမျိုးများအတွက် အစာမကြေသောရောဂါကိုဖြစ်စေသည်။
စပါးလင်။ ဂျင်းစိမ်းနံ့များကဲသောဟင်းတို့အား တနေ့လျှင် သုံးကြိမ်စားကြရသည်။
မစားနိုင်သူများအတွက် ဆန်ပြုတ်ရှိနေသဖြင့်တော်ပါသေးသည်။
အရာရာတန်းတူဖြစ်နေသောအခြေအနေတွင် အိမ်သာနံ့ကိုရှူရှိုက်ရင်း ဆန်ပြုတ်အတူတူသောက်ကြရသည်။
အစ္စလာမ်ဘာသာဝင်ယောက်ကျားများ၏ပုဆိုးတွေနှင့် ကရင်အမျိုးသမီးလုံခြည်များ တန်းတတန်းထဲတွင်ယှဉ်တွဲလှမ်းထားတာကိုလည်းတွေ့ရသည်။
ကျား-မတန်းတူညီမျှရေးအတွက် အစ္စလာမ် ဘာသာဝင်များအနေနှင့် အတော်လေး စိတ်ကသိကအောက်ဖြစ်နေမည်လားတော့ မပြောတတ်ပါ။
တန်းတူညီမျှရေးမှာတော့ အလွန်ပီပြင်သော ပြကွက်ကို ထို ဒီအိပ်ခ်ျအက်စ်အင်တာဗျူးတွင်တွေ့နိုင်သည်။
အစ္စလာမ်ဘာသာဝင်ရော။ ကရင်ခရစ်ယာန်ရော…ဗုဓ္ဒဘာသာဘုန်းတော်ကြီးတွေပါ ခန်းမကျယ်ကြီးထဲမှာ တန်းစီပြီးအိပ်ကြ နေကြရသည်။
မာတုဂါမများနှင့် တမိုးအောက်မှာ အတူမအိပ်ရ….ဆိုသော ဗုဓ္ဒဘာသာအရ ပညတ်ချက်သည်လည်း အမေရိကန်အင်တာဗျူးကာလတွင် အသက်ဝင်ခြင်းမရှိ။
ဘာသာရေးဆိုင်ရာပညတ်ချက်တို့လည်း လူသားအားလုံးတန်းတူအခွင့်အရေးထဲတွင် ပျော်ဝင်သွားခဲ့ပုံပင်။
အသက်ကြီး ငယ်မရွေး…
ကျား- မ မရွေး….
ဘာသာမရွေး…
ဆင်းရဲ ချမ်းသာလည်းမရွေးဘဲ တန်းတူမှ တကယ့်ကို တန်းတူစနစ်ဖြင့် အင်တာဗျူးစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းဆိုရပါလိမ့်မည်။
ဦးစားပေးခံရသူများသည် အသက် (၁၈) နှစ်ပြည့်ပြီးသော ကျန်းမာရေးကောင်းသူ သန်စွမ်းသူများသာလျှင်ဖြစ်သည်။
ပင်စင်တန်းထုတ်ပေးရမည့် နိုင်ငံရေးသမားအိုတချို့၏ စိုးရိမ်ပူပန်သံများကို ကြားရစပြုလာသည်။
လုပ်နိုင်လျှင်လုပ်နိုင်သလောက်ပိုက်ဆံရသော အမေရိကန်ကို ဆင်းရဲသောနိုင်ငံတိုင်းက လူတိုင်း လူတိုင်း အိမ်မက် မက်ကြသည်။
ယခု ထိုအိမ်မက်တွင်းသို့ အားလုံးခုန်ဆင်းနေကြပေပြီ။
တကယ်တန်း အကောင်အထည်ပေါ်လာသော ထိုအိမ်မက်ကမ္ဘာတွင်လည်း
ခြောက်လှန့်တတ်သော သွေးပျက်ဖွယ်အိမ်မက်ဆိုးများရှိနေတတ်ကြောင်းကိုတော့ ဒုက္ခသည်အားလုံး အတူတူ စတင်မြင်စပြုလာချိန်လည်းဖြစ်သည်။
ခွာညို
ဂျူလိုင်လ (၁၅) ရက်။ ၂၀၀၈ ခုနှစ်။
(အလင်းအိမ်မဂ္ဂဇင်းသို့ပေးပို့ထားပါသည်။)
Tuesday, 1 July 2008
သမီးကို လွှတ်မချလိုက်ပါနဲ့ အဖေရယ်...
တစ်ညအတွင်း လူတစ်သိန်းကျော်၏ အသက်ကို ၀ါးမျိုခဲ့သော နာဂစ် လေမုန်တိုင်း သည် မြန်မာ့သမိုင်းတွင် အချိန်တိုအတွင်း အသေအပျောက်အများဆုံးသော သဘာဝဘေး အဖြစ် မှတ်တမ်းဝင်သွားချေပြီ။ မုန်တိုင်းပြီးသည်နှင့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင် များက မုန်တိုင်းသင့်ဒေသများသို့ တတ်စွမ်းသရွေ့သွားရောက်လှူဒါန်းရင်း လူ့အသက်များကို ကယ် ဆယ်ခဲ့ကြသည်။
ကျွန်တော်သည်လည်း ပုဂ္ဂလိကစေတနာရှင်တစ်ဦးအနေဖြင့် မုန်တိုင်းသင့်ဒေသများ သို့ အကြိမ်ကြိမ် သွားရောက်ခဲ့ပါသည်။ ထိုကဲ့သို့ အကြိမ်ကြိမ် သွားရောက်သည့် အခါတိုင်း နာဂစ်ကြောင့် ဖြစ်ပေါ်ခဲ့သော အနိဋ္ဌာရုံများ၊ ကြေကွဲဖွယ်ရာများ၊ ဒေါသထွက်ဖွယ် ရာများကို မမြင်ရက်သော်လည်း မြင်ခဲ့ရ၊ မကြားရက်သော်လည်း ကြားခဲ့ရသည်။ မော်လမြိုင်ကျွန်း ဒုက္ခ သည်စခန်းတစ်ခုတွင် ဖခင် လက်ကို ကျစ်ကျစ်ပါအောင် ကိုင်ထားသော သားအဖနှစ်ဦးကို တွေ့ခဲ့ရသည်။
ဖခင်ရောသမီးဖြစ်သူပါ တစ်နာရီ မိုင် ၁၂၀နှုန်းနှင့်တိုက်ခဲ့သော လေပြင်းကြောင့် ခန္ဓာ ကိုယ် အရေပြားများ စုတ်ပြတ်ညိုမည်း မီးလောင်သကဲ့သို့ ဖြစ်နေသည်ကိုတွေ့ရသည်။ ဖခင် ဖြစ်သူ၏အမည်က ကိုဘဦး၊ အလုပ်အကိုင်က ရေလုပ်သား၊ နာဂစ်မုန်တိုင်းအတွင်း ဇနီးနှင့် သား ဆုံးရှုံးခဲ့ရသည်။သူက မုန်တိုင်း၏ ငရဲညကို ယခုလိုပြောပြခဲ့သည်။
"မုန်တိုင်းလာမယ်ဆိုတာကို ရေဒီယိုကလဲ ကြားတယ်။ ကျွန်တော်တို့အတွက်ကတော့ မုန်တိုင်းဆိုတာ မဆန်းပါဘူး။ မုန်တိုင်း ကျမယ်ဆိုတာသိပေမယ့် တွေ့နေကျလို့ပဲ ထင်ခဲ့တယ်။ အဲဒီနေ့က ပင်လယ်ထဲကိုတော့ မထွက်ဘူးပေါ့။ မွန်းလွဲ နှစ်နာရီလောက်မှာတရွှီ ရွှီမြည်သံနဲ့ လေပြင်းစတိုက်သံကို ကြားရတယ်။ ခဏအတွင်းမှာပဲ ကျွန်တော်တို့မိသားစုလည်း ယိမ်းယိုင် နေတဲ့အိမ်ပေါ်က ဆင်းခဲ့ ရတယ်။ ခြံထဲက အုန်းပင်တွေဆီကို ပြေးဖက်ထားရတယ်။ မျက်စိ အောက်မှာတင် ကျွန်တော်တို့အိမ်ကလေးက လေထဲကို တစ်စစီပါ သွားတယ်။ တစ်ပြိုင်တည်း မှာပဲ ရေက တရိပ်ရိပ်တက်လာတယ်။ ဒါနဲ့ အငယ်ဆုံးနှစ်နှစ်သားကလေးကို လည်ပင်းပေါ်မှာ ခွထိုင်ခိုင်း၊ ခြောက်နှစ်သမီးကြီးနဲ့ ငါးနှစ်သားလတ်ကို အုန်းပင်ပေါ်တွန်းတင်ပြီး ဖက်ထားခိုင်းရ တယ်။ ပြီးတော့ ကျွန်တော်ကိုယ်တိုင် အုန်းပင်ပေါ် တက်ပြီး ခုနကလေးနှစ်ယောက်ကို ဖက် ထားတယ်။ အဲဒီအချိန်က ကျွန်တော့်မိန်းမ ဘယ်ရောက်သွားမှန်းလဲ မသိလိုက်တော့ဘူး။ အချိန် ကလည်း မှောင်လာတယ်။ အမှောင်ထဲမှာ ကယ်ကြပါဆိုတဲ့ အသံတွေ၊ အဖေရေ၊ အမေ ရေ အသံတွေ ကြားနေရတယ်။ ရေကလဲ တက် လာလိုက်တာ အုန်းပင်ပေါ်က ကျွန်တော့်ခါးဆီ အထိ ရောက်လာတယ်။ သစ်ပင်ကိုဖက်ထားတာ နှစ်နာရီလောက်ကြာတော့ လက်အံ သေလာ တယ်။ လည်ပင်းပေါ်က အငယ်ဆုံးသားလေးက ကြောက်ကြောက်နှင့်ဖက်ထားတော့ လည် ပင်း အစ်ပြီး အသက်ရှူလည်းကျပ် လာတယ်။ ၀တ်ထားတဲ့အ၀တ်လည်း မုန်တိုင်းကြောင့် စုတ် ပြတ်သတ်ကုန်ပြီ။ မျက်လုံးတွေလဲ ဖွင့်လို့မရတော့ဘူး။
ကျွန်တော် လက်အံသေလို့ ပြုတ်ကျရင် မိသားစုလေးယောက်လုံး သေရ တော့မယ်။ လည်ပင်းအပေါ်က အငယ် လေးက အတင်းဖက်ထားတော့ အသက်ရှူလည်း မ၀ တော့ဘူး။ ဒါနဲ့ခေါင်းကိုခါပြီး အသက်ရှူလိုက်ချိန်မှာ ကျွန်တော့်လည်ပင်းပေါ်မှာ ထိုင်တဲ့သား လေးက ရေထဲကို ပြုတ်ကျသွား တယ်။ သွားနှင့်တော့ သားလေးရယ်။ မကြာခင် အဖေတို့လဲ မင်းနောက်ကို လိုက်ရတော့မှာပါလို့ နာနာကြည်းကြည်း အော်လိုက်မိတယ်။ အခုတော့ ကျွန် တော်ရယ်၊ သားရယ်၊ သမီးကြီးရယ်ပဲ ကျန်တော့တယ်။ ဒီလိုနဲ့ နောက်ထပ် နှစ်နာရီလောက် ကြာပြန်တော့ ကျွန်တော် ဘယ်လိုမှ ဆက်ပြီးမတောင့်ထားနိုင်တော့ဘူး။ စိတ်တစ်ချက် လျှော့ လိုက်တဲ့အခါ ညာဘက်လက်မှာ ဖက် ထားတဲ့ သားလတ် ရေထဲကို ပြုတ်ကျသွားပြန်တယ်။ အဖေလို့ စူးစူးရှရှ အော်လိုက်တဲ့အသံကို ရေလှိုင်းကဖုံးသွားတယ်။ ကျွန်တော်နဲ့ သမီးနှစ် ယောက်တို့ပဲ ကျန်တော့တယ်။ သမီးကြီး က သူ့မောင်လေးနှစ်ယောက်ကို ကျွန်တော်က ရေထဲ ကို လွှတ်ချလိုက်တာ ထင်ပုံရတယ်။ သမီးကို လွှတ်မချလိုက်ပါနဲ့ အဖေရယ်လို့ အော်ရင်းငိုနေ တယ်။ ကျွန်တော့်အသည်းတွေ ပေါက်ထွက် မတတ် ခံစားရတယ်။ ကျွန်တော့်သားတွေကို ကျွန်တော် ရေထဲပစ်ချမလားဗျာ။ ဒါပေမဲ့ ကျွန်တော် သွေးရူးသွေးတန်းနဲ့ ပြောလိုက်ပါတယ်။ သမီးကို ဘယ်တော့မှ အဖေလွှတ်မချဘူး။ သမီးရဲ့ မောင်လေးနှစ်ယောက်ကိုလဲ အဖေ လွှတ်ချ ခဲ့တာ မဟုတ်ဘူးလို့ပြောရင်း ကျွန်တော် ရှိုက်ကြီးတငင် ငိုချလိုက်မိတယ်။ ဒီလိုနဲ့ သားအဖ နှစ်ယောက် အုန်းပင်ကို ကျစ်ကျစ်ပါအောင် ဖက်ထား ရင်း ရေကတဖြည်း ဖြည်းကျသွားတယ်။ မနက်လင်းတော့ အုန်းပင်တွေကြားမှာ သေနေတဲ့ ကျွန်တော့်သားလေးနှစ်ယောက်အလောင်း နဲ့ အုန်းပင်ပိပြီး သေနေတဲ့ ကျွန်တော့်မိန်းမအလောင်း ကို တွေ့လိုက်ရတယ်။ သားနှစ်ယောက် အလောင်းကို ကျွန်တော်ဖက်ပြီး ဘယ်လောက်ကြာအောင် ငိုနေမိလဲ မသိတော့ဘူး။ အသက် မသေတဲ့ တခြားရွာသားတွေလာပြီး ကျွန်တော့်ကို ဖျောင်းဖျ၊ ကျွန်တော့်လက်ထဲက ကလေး အလောင်းတွေကို ယူသွားတာပဲ မှတ်မိပါတော့တယ်ဗျာ"ဟု ပြောပြသည်။
ဖခင်လက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း မျက်ရည်တွင်တွင်ကျနေသော သမီး ဖြစ်သူအား ကျွန်တော်က 'သမီး ဘာလို့ငိုနေတာလဲ၊ ဆာလို့လား၊ ရော့- ဦးဦးဆီကမုန့်တွေကို စား'ဟု ပေးသော်လည်း မယူပါ။ ဆာလို့မဟုတ်ဘူး၊ မောင်လေးတွေကို သတိရလို့ပါဟုပြော ရင်း ငိုနေရှာသည်။ သူတို့သားအဖကိုကြည့်ရင်း ကျွန်တော် မျက်ရည်ကျမိသည်။ သူတို့၏စိတ် ဒဏ်ရာမှာ ဘယ်အချိန်တွင်မှ ပျောက်ကင်းမှာလဲဟု ကျွန်တော် ကိုယ့်ကိုယ်ကို မေးမိသော် လည်း အဖြေကမရှိ။ စေတနာရှင်၊ မေတ္တာရှင်၊ ကရုဏာရှင်များ၏ ကူညီဖေးမမှု များက သူတို့အတွက် လိုနေသည်ကတော့ အမှန်ပင်။
Thursday, 26 June 2008
ကိုယ်မစည်းရုံးနိုင်ရင် ကိုယ်ခံ
ကိုရင်ဒေါင်း
၁၉၆၂ ခုနှစ်က စတွက်ရင် တိုင်းပြည်ကို စစ်အုပ်စုမင်းဆက် တဆက်ပြီးတဆက် ကြီးစိုးမင်းမူခဲ့တာ ၄၆ နှစ် တောင်ရှိနေပြီ။ လက်ရှိအနေအထားအတိုင်း နိုင်ငံရေးအင်အားစုတွေ ကျဲကျဲကွဲကွဲ မညီမညွတ်ဆက်သွား နေကြဦးမယ်ဆိုရင် နအဖစစ်အုပ်စုရဲ့ ညောင်နှစ်ပင်အခြေခံဥပဒေအောက်မျာ ပြည်သူတွေနောက်ထပ် အနည်းဆုံးရာစုနှစ် တ၀တ်လောက် ဒုက္ခပင်လယ်ဝေကြရဦးမယ်လို့ ယူဆရတယ်။ တိုင်းပြည်ဟာလည်း အလုံးစုံ ပျက်စီးရေး နွံကြီးထဲမှာ တရိပ်ရိပ်နစ်သွားရမယ့် အနေအထားပဲ။
ဒီဆောင်းပါးမှာ ပြည်သူလူထုကြီးတရပ်လုံးက နည်းမျိုးစုံနဲ့ဆန့်ကျင်ကန့်ကွက်နေတဲ့ကြားက နအဖစစ် အာဏာရှင်စနစ် ဘာ့ကြောင့်သက်ဆိုးရှည်စေနိုင်တာမှာ အကြောင်းတရား အများအပြားရှိမှာ ဖြစ်ပေမယ့် စစ်အုပ်စုလက်တဆုတ်စာရဲ့ မတရားတဲ့အမိန့်တွေကို တပ်မတော်တရပ်လုံး (ကြည်း၊ ရေ၊ လေ)က မငြင်းဆန် နိုင် ဘဲ နာခံနေရတာဟာ အရေးပါတဲ့ အကြောင်းတခုဖြစ်တယ်။
စစ်အာဏာရှင်စနစ်ရဲ့ ကျောရိုးဟာ စစ်တပ်ဖြစ်တယ်။ စစ်အုပ်စုလက်တဆုတ်စာရဲ့ ပြည်သူအပေါ် ဖိနှိပ် သတ်ဖြတ်ရေးအမိန့်တွေကို တပ်မတော်က မနာခံတော့ဘူးဆိုရင် တပ်မတော်တရပ်လုံး (ကြည်း၊ ရေ၊ လေ) ရဲ့ အင်အားတ၀တ် ဒါမှမဟုတ် သုံးပုံတပုံလောက်ဖြစ်စေဦးတော့ စစ်အာဏာရှင်စနစ် ယိုင်ယဲ ပျက်စီးရမှာဖြစ်တယ်။ တပ်မတော်နဲ့ ပြည်သူ ပေါင်းမိပြီဆိုတာနဲ့ ဒီမိုကရေစီအရေးတော်ပုံလည်း အောင်ပွဲ ခံရမှာ သေချာတယ်။ ဒါဟာ သဘောတရားအရသာမဟုတ်ဘဲ လက်တွေ့အရလည်း အကောင်အထည် ဖော်နိုင်တဲ့ ကိစ္စဖြစ်တယ်။ ဖြစ်နိုင်တဲ့ ကိစ္စဖြစ်ပါလျက် ဘာကြောင့် ဒီနေ့အထိဖြစ်မလာနိုင်သေးလဲလို့ မေးရင် နိုင်ငံရေးအင်အားစုတွေဟာ ယေဘူယျ ဆော်သြချက် (ဒါတောင် သိပ်တက်တက်ကြွကြွ လုပ်တာ မဟုတ်) လောက်သာလုပ်ပြီး တိကျတဲ့လက်တွေ့နဲ့ မပေါင်းစပ်ကြလို့ ဖြေရမှာပဲ။
တပ်မတော်ကို စစ်အုပ်စုလက်တဆုတ်စာရဲ့ အမိန့်ကိုဖီဆန်ပြီး ပြည်သူလူထုနဲ့ပူးပေါင်းလာအောင် စည်းရုံး လို့ ရနိုင်တယ်လို့ပြောတာဟာ အချက်အလက်မဲ့၊ အထောက်အထားမရှိ လေဖမ်းဒန်းစီးနေတာ မဟုတ်ဘူး။ ကိုယ်တိုင်က တပ်မတော်သားတဦးအဖြစ် (ပထစ နဲ့ တော်လှန်ရေးကောင်စီခေတ်မှာ) စစ်မှုထမ်းခဲ့ရတဲ့ လက်တွေ့ဘ၀ အတွေ့အကြုံ၊ တပ်တွင်းယူဂျီဘ၀နဲ့ ဗိုလ်နေ၀င်းစစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့တဲ့ အတွေ့ အကြုံနဲ့ အရာရှိ၊ အရာခံ၊ အကြပ်တပ်သားအများစုကြီးရဲ့ အရင်းခံစိတ်ဓာတ်တွေကို အနီးကပ် မြင်တွေ့ခဲ့ရတဲ့ အပေါ်ကပြောတာ။ စစ်မိန့်၊ စစ်စည်းကမ်းဆိုတဲ့ ဖိနှိပ်ချုပ်ချယ်နေတဲ့ သူတို့ဘ၀တွေကို သိမြင်လာရတဲ့အပေါ်ကနေ ပြောတာဖြစ်တယ်။
စစ်အုပ်စုလက်တဆုတ်စာနဲ့ သာမန်တပ်မတော် အရာရှိ၊ အရာခံ၊ အကြပ်တပ်သားအများစုကြီးအကြားမှာ ကြီးမားတဲ့ အကျိုးစီးပွားခြားနားမှုရှိတယ်။ တပ်အပြင်လောကမှာဆိုရင်လည်း စစ်အုပ်စုရဲ့ မိဘ၊ ဆွေမျိုး၊ အသိုင်းအ၀ိုင်းနဲ့ သာမန်အရာရှိ၊ အရာခံ၊ အကြပ်တပ်သားအများစုကြီးရဲ့ မိဘဆွေမျိုးအသိုင်းအ၀ိုင်းကြား ကြီးမားတဲ့ အကျိုးစီးပွား ခြားနားမှုရှိတယ်။ ဒီလို အကျိုးစီးပွားအရ မိုးနဲ့မြေလောက် ကွာခြားနေတဲ့ မတရား မှုကြီးကို တပ်မတော်သားအများစုကြီးက မသိလို့ ဒါမှမဟုတ် ကျေနပ်လို့ ငြိမ်ခံနေကြတာတော့မဟုတ်ဘူး။ အကျိုးအကြောင်း၊ အဆိုးအကောင်း ဘာကိုမှစဉ်းစားနိုင်စွမ်းမရှိတဲ့ ကြေးစားစစ်သား လူမိုက်အနည်းစုက လွဲပြီး အများစုကြီးဟာ သူတို့ရင်ဆိုင်ဖြတ်သန်းနေရတဲ့တပ်မတော်သားဘ၀ကို ကျေနပ်ကြတာ မဟုတ်ဘူး။ အားမတန်လို့ မာန်လျော့နေကြတာဖြစ်တယ်။ နိုင်ငံရေးအတွေးအခေါ်အရ၊ လက်တွေ့ စည်းရုံးရေးအရ သူတို့ကို ဦးဆောင်မှုပေးမယ့် ခေါင်းဆောင်မှုမရှိလို့ဖြစ်တယ်။
လက်ရှိကာလမှာ တပ်မတော်အတွက် မှန်ကန်တဲ့ နိုင်ငံရေးခေါင်းဆောင်မှုနဲ့ လက်တွေ့ကျတဲ့ စည်းရုံး လှုပ်ရှားမှု မရှိမဖြစ်လိုအပ်နေတယ်။ အဖိနှိပ်ခံ ဘ၀တူ တပ်မတော်သားအချင်းချင်း ဘယ်လိုစုစည်းရမယ်။ လူထုတိုက်ပွဲနဲ့ မပူးပေါင်းဘဲ တပ်မတော်အတွင်း ဦးတည်ချက်ရှိရှိ၊ စီမံကိန်းရှိရှိ မစည်းရုံး မလှုပ်ရှား ကြသေးလို့ တပ်မတော်ကို ပြည်သူလူထုနဲ့ အတူရပ်တည်လာအောင် မစွမ်းဆောင် နိုင်ကြတာဖြစ်တယ်။
တပ်မတော်ကို ပြည်သူတွေနဲ့အတူ ရပ်တည်လာစေချင်ရင် ယေဘူယျ လှုံဆော်စည်းရုံးရုံနဲ့တော့ မရနိုင်ဘူး။ မှန်ကန်တဲ့ နိုင်ငံရေးမူ၊ ပေါ်လစီတွေအပေါ် အခြေခံပြီး လက်တွေ့ကျကျ အဆင်းရဲအပင်ပန်းခံ စည်းရုံး လှုပ်ရှားမှ ဖြစ်မယ်။ တပ်မတော်ကို ပြည်သူလူထုနဲ့ အတူရပ်တည်လာအောင် စည်းရုံးဖို့ နိုင်ငံရေး အင်အားစုမှန်သမျှမှာ တာဝန်ရှိတယ်။ တပ်မတော်ကို ကိုယ်က မစည်းရုံးနိုင်ရင် စစ်အုပ်စုက အမိန့်၊ စည်းကမ်းဆိုတာနဲ့ရော လိမ်ညာမှိုင်းတိုက်မှုနဲ့ပါ စည်းရုံးမှာပဲ။ ဒီလိုဆို တပ်မတော်တခုလုံး စစ်အုပ်စု လက်တဆုတ်စာ လက်အောက်က ရုန်းထွက်နိုင်မှာ မဟုတ်ဘူး။ လူထုဘ၀လည်း အလားတူဖြစ်မှာပဲ။
နိုင်ငံရေးအင်အားစုများအဖို့ တပ်မတော်ကို စည်းရုံးရေးဟာ လူထုစည်းရုံးရေး စစ်မျက်နှာတခုဖြစ်တယ်။ ဒီလို ပြောရတာက စစ်အာဏာရှင်စနစ်ကို အနိုင်တိုက်နိုင် မတိုက်နိုင်၊ ဒီမိုကရေစီအရေးတော်ပုံ အောင်ပွဲရ မရဆိုတာ တပ်မတော်အင်အားအများစုကြီး ပြည်သူလူထုဘက် ရပ်တည်၊ မရပ်တည်ဆိုတဲ့အချက်ပေါ်မှာ တည်နေလို့ပဲ။ တပ်မတော်ဆိုတာ လက်နက်ကိုင်ထားတဲ့ လူထုပဲ။ စစ်အုပ်စုနဲ့ တပ်မတော်ကို တတန်း တည်းထားစဉ်းစားတာ မမှန်ဘူး။
ကျနော်တို့တိုက်ဖျက်နေတာ တပ်မတော်ကိုမဟုတ်ဘူး။ တပ်မတော်ကိုသူတို့ လူတစုအကျိုးအတွက် အသုံး ချနေတဲ့ စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ကိုသာ ဖြစ်တယ်။ ဒါ့ကြောင့် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ဒီမိုကရေစီရေးမှာ အခြား လူထု၊ လူတန်းစား၊ လူ့အလွှာတွေကို ပေါ်လစီချ စည်းရုံးသလို တပ်မတော် ကိုလည်း အခိုင်အမာထူးခြားချက်အရ ပေါ်လစီချ စည်းရုံးရမှာဖြစ်တယ်။ တပ်မတော်စည်းရုံးရေးကို တပါတီ၊ တသင်း၊ တဖွဲ့တည်းကလုပ်ရုံနဲ့ မလုံလောက်နိုင်ဘူး။ လက်ဝဲ၊ လက်ယာ နိုင်ငံရေးအင်အားစု အားလုံးက ၀ိုင်းဝန်းဆောင်ရွက်ကြရမှာ ဖြစ်တယ်။ တပ်မတော်သားဘ၀ကို ကိုယ်တိုင်ဖြတ်သန်းခဲ့ကြဖူးတဲ့၊ ဒီမိုကရေစီလိုလားတဲ့ တိုင်းချစ်၊ ပြည်ချစ် တပ်မှူး၊ တပ်သားဟောင်းတွေထဲက တရားမျှတမှုကို လိုလား သူတွေရဲ့ ပူုးပေါင်းကူညီမှုကို ရယူကြရမှာပဲ။
တပ်မတော်တွင်း ဘယ်လိုအခိုင်အမာ ထိုးဖောက်စည်းရုံးမလဲဆိုတာနဲ့ ပတ်သက်လို့ ကျနော်စဉ်းစားမိတဲ့ ယေဘူယျပုံကြမ်းတခုကို တင်ပြချင်တယ်။ စိတ်ဝင်စားသူတွေ စဉ်းစားနိုင်ဖို့ပါ။ တပ်မတော်တွင်းထိုးဖောက် စည်းရုံးနိုင်ရေးအတွက် သီးသန့် စည်းရုံးဖွဲ့စည်းမှု သဏ္ဍန်တခုရှိရမယ်။ ဥပမာ - မြန်မာနိုင်ငံလုံးဆိုင်ရာ တပ်မတော်အတွင်း ထိုးဖောက်စည်းရုံးရေးကော်မတီ ဆိုတာမျိုးဖြစ်တယ်။ အဲဒီကော်မတီမှာ ဖွဲ့စည်းမှု ဆိုင်ရာ စည်းမျဉ်းရှိရမယ်။ လုပ်ငန်းစဉ်ရှိရမယ်။ လုပ်ငန်းလမ်းညွှန် ပေါ်လစီရှိရမယ်။ ရေတို၊ ရေရှည် စီမံကိန်းရှိရမယ်။ ကြည်း၊ ရေ၊ လေ ယူနစ်အလိုက် တာဝန်ခွဲဝေမှုမျိုး ရှိရမယ်။ ယူဂျီစနစ်ကျင့်သုံးရမယ်။ ယူဂျီလုပ်ငန်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများရှိရမယ်။ ယူဂျီလိုင်းတွေ၊ ကွန်ယက်တွေ ဖွဲ့စည်းမှုစနစ် ရှိရမယ်။ မိမိတပ်တွင်း ယူဂျီများ အရေးကြုံလာက ရန်သူ့လက်မကျရေးအတွက် ထွက်ပေါက်လမ်းကြောင်း များ ဖောက်လုပ်ထားရေး စတာတွေ အခိုင်အမာ ပြင်ဆင်ရမယ်။
တပ်မတော်အတွင်း လျှို့ဝှက်ထိုးဖောက်စည်းရုံးရေးကို အထောက်အကူပြုနိုင်ဖို့ ဗြောင်လုပ်ငန်း ယေဘူယျ လှုံ့ဆောင်စည်းရုံးမှုနဲ့ ပေါင်းစပ်ရမယ်။ သတင်းစာ၊ ဂျာနယ်၊ အထူးသဖြင့် အသံလွှင့်ဌာနများရဲ့ အကူအညီ ကို ဖြစ်နိုင်သမျှရယူပြီး တပ်မတော်တွင်း နိုင်ငံပညာပေးရေးကို အလေးထားလုပ်ရမယ်။
တပ်ပြင်ရောက် စစ်ပြန်၊ စစ်မှုထမ်းတွေထဲက တရားမျှတမှုကို လိုလားတဲ့ စစ်မှုထမ်းဟောင်းတွေ၊ တာဝန် ထမ်းဆောင်ဆဲ စစ်မှုထမ်းတွေရဲ့ မိဘ၊ ညီအကို၊ မောင်နှမ၊ ဆွေမျိုးသားချင်းတွေကို စနစ်တကျ ဦးတည် ချက်ရှိရှိ ချဉ်းကပ်ရေး၊ သူတို့ကတဆင့် တပ်တွင်းသို့ ထိုးဖောက်ရေးဖြစ်တယ်။ ဒီနည်းနဲ့ ကြည်း၊ ရေ၊ လေ တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များအတွင်း ယူဂျီလိုင်းတွေ၊ ကွန်ယက်တွေ ဖြန့်ကျက်တည်ဆောက်နိုင်ရေး ဖြစ်တယ်။
အတွေ့အကြုံအရ တပ်ရင်းတရင်းမှာ ငွေကြေးအရ အခစားလုပ်စားတဲ့ ကြေးစားယူဂျီမဟုတ်ဘဲ နိုင်ငံရေး အတွေးအခေါ်အရ ကိုယ်ပိုင်နိုးကြားမှုနဲ့လုပ်တဲ့ ဒီမိုကရေစီအမာခံ ယူဂျီတယောက်ရပြီဆိုရင် အဲဒါဟာ မဟာအောင်မြင်မှုပဲ။ အဲဒီအမာခံကတဆင့် တစက်က တမျက်နှာ ဖွံ့ဖြိုးယူဖို့မခက်တော့ဘူး။ အဲဒါ ကိုယ်တွေ့ပဲ။ အရေးကြီးတာက အဲဒီလို အမာခံယူဂျီတွေကို ရေရှည်မြှပ်နှံထားဖို့ပဲ။ ဖော်ပြပါအချက်တွေဟာ တပ်မတော်တွင်း ထိုးဖောက်စည်းရုံးရေးနဲ့ပတ်သက်လို့ စဉ်းစားနိုင်အောင် အကြမ်းဖျမ်း တင်ပြချက် သာဖြစ်တယ်။ တကယ်လက်တွေ့မှာ စုပေါင်းစဉ်းစားကြရင် ကျယ်လည်း ကျယ်ပြန့်၊ လက်တွေ့လည်းကျပြီး ပိုမိုကောင်းမွန်တဲ့ အလုပ်စနစ်တွေရလာမှာသာ ဖြစ်တယ်။ လက်တွေ့လုပ်ရင်လည်း လုပ်နိုင်သလောက် အောင်မြင်မှာပဲ။
နိုင်ငံတကာအကူအညီတွေကိုယူပြီး လူမှုရေးဆန်ဆန် အသင်းတွေကိုတောင် လုပ်နိုင်ကြသေးတာပဲ။ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ဒီမိုကရေစီအရေးတော်ပုံ အောင်ပွဲခံရေးအတွက် တိုက်ရိုက်ဆက်စပ် ပတ်သက်နေတဲ့ တပ်မတော်တွင်း ထိုးဖောက်စည်းရုံးရေး မြေအောက်လုပ်ငန်းမျိုးကို ဘာ့ကြောင့် မလုပ်နိုင် ကြတာလဲ။ ဘာ့ကြောင့် တာဝန်ပျက်ကွက်နေကြတာလဲ။
ပြည်တွင်းရှိ ရဲဘော်တယောက်ကတဆင့် တာဝန်ထမ်းဆောင်ဆဲ တပ်မတော်သားတချို့ရဲ့စကားကို ပြန်ကြားရတာရှိတယ်။ `နိုင်ငံရေးပါတီတွေက တပ်မတော်သားတွေကိုမှ မစည်းရုံးကြဘဲ။ တပ်မတော်သား အများစုကလည်း လက်ရှိအခြေအနေကို ပြောင်းလဲချင်နေကြတာ။ အားကိုးလောက်တဲ့ ခေါင်းဆောင်မှုသာ တို့ကို ခေါင်းဆောင်ရင် တို့လဲ လုပ်ရဲပါတယ်´တဲ့။ စစ်အုပ်စုကတော့ တပ်မတော်ကို အမိန့်ပေးစေခိုင်းပြီး ပြည်သူတွေကို ဆက်လက်သတ်ဖြတ် ဒုက္ခပေးနေဦးမှာပဲ။ ကိုယ်က တပ်မတော်ကို မစည်းရုံးနိုင်ရင် ကိုယ်ပဲ နာဖို့ရှိတယ်။
ကိုရင်ဒေါင်း
ဒေါင်းအိုးဝေ အတွဲ (၁) အမှတ် (၆)



