ရဲဘော်ဖိုးသံချောင်း
ဝန်ခံစကား
ကျနော်ဝန်ခံပါရစေ...။
ဒီစာအုပ်ထဲမှာပါတဲ့ အချက်အလက်တွေဟာ ကျနော်တယောက်တည်းရဲ့ဝါယမက ပေါ်ထွက် လာတာမဟုတ်ပါဘူး။ စာဖတ်သူက နည်းနည်းလေး ပြန်စဉ်းစားလိုက်ရင် ကျနော့်အသက် အရွယ်နဲ့ ဒါတွေအားလုံးကိုမသိနိုင်ဘူးဆိုတာ သဘောပေါက်လာမှာပါ။
ကျနော်သေသေချာချာ သိမီတဲ့အပိုင်းက ပထစအစိုးရလက်ထက် ကာလလောက်မှာမှဖြစ်ပါတယ်။ အဲတော့ ဒီဆောင်းပါးများဖြစ်ပေါ်ရေးအတွက် ကျနော့်ကိုကူညီကြသူတွေ လိုခဲ့ပါတယ်။ သဘာဝကျစွာပဲ ကျနော်တို့ ပါတီရဲ့အရင်မျိုးဆက်က ခေါင်းဆောင်ဟောင်းများဆီက အကူအညီတွေ အများ ကြီးရခဲ့ပါတယ်။ နောက်ပြီး တခြားပါတီဝင်တွေဆီကရောပေါ့။ အမှန်ပြောရရင် ဒီစာအုပ်ဟာ “မြင်းဝန်မင်းဘုရားတည်၊ မြင်းသားများကောင်းမှု” ဆိုတာမျိုးသာသာပါ။ ဒါကြောင့် ကျနော် ဒီမှာသူတို့အားလုံးကို လေးစားကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်ချင်ပါတယ်။ ကျနော်ဝင်ခံ ချင်တဲ့ နောက်တချက်က ဒီဆောင်းပါးဟာ ပြည့်စုံဖို့အများကြီးလိုသေးတယ်ဆိုတဲ့ အကြောင်း ပါ။ စစ်အုပ်စုသမိုင်းကို သုတေသနပြုမယ်၊ ကျမ်းတစောင်ပေတဖွဲ့ ပြုမယ်ဆိုတာ အင်မတန် လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စပါ။ ဒါပေမယ့်ကျနော့်လို ကိုယ့်တိုင်းပြည်ပြင်ပကိုရောက်နေသူ တယောက်အနေနဲ့ လုံးဝမဖြစ်နိုင်ပါ။ သတင်းစာတွေ၊ မှတ်တမ်းတွေ၊ မေးရမယ့်လူတွေ ပြည် တွင်းမှာမှ ပြည့်ပြည့်စုံစုံရှာဖွေလို့ ရမယ့်အရာတွေဖြစ်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးများကို ကျနော် ရေဒီယိုကနေ ပြောကတည်းက “စစ်တပ်နဲ့ နိုင်ငံရေး” လို့ ခေါင်းစဉ်ကို သေချာစဉ်းစား ပြီးပြောခဲ့တာပါ။
ကျနော်တို့နိုင်ငံမှာ စစ်အုပ်စုရဲ့ အုပ်စိုးမှုဟာ ကြာရှည်လွန်းတာကတကြောင်း၊ ဖိနှိပ်မှုတွေက လည်း ပြင်းထန်လွန်းတာက တကြောင်းတို့ကြောင့် နောင်မှာစစ်အုပ်စု သမိုင်းကိုပြော ကြစို့ဆို ရင်တောင် တုတ်ထမ်းပြီးပြောရမလားမသိပါ။ အမှန်ပြောရရင် နဂိုက စစ်အုပ်စုခေါင်းဆောင် ပိုင်းမှာပါခဲ့သူတွေ ဒီမိုကရေစီဖက်ကို ကူးပြောင်းရပ်တည်လာကြတာတွေ တွေ့မြင်ခဲ့ရတော့ စစ်အုပ်စုတွင်းပြဿနာတွေနဲ့ စဉ်းစားတွေးခေါ်နည်းတွေကို သူတို့ပါးစပ်ကများကြားရရင်ဘယ် လောက်စိတ်ဝင်စားစရာကောင်းလိုက်မလဲလို့ တောင့်တမိခဲ့ပါတယ်။ လုပ်ငန်းစဉ်တွေချမှတ်ရာ မှာ အများကြီးအထောက်အကူရမယ်လို့ တွက်ခဲ့ပါတယ်။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ အခု ထက်ထိတခါမှ မကြားရပါ။ သူတို့တတွေလည်း အသက်အရွယ်တွေ ကြီးလာပြီ၊ အလုပ်လည်း များကြတာဆိုတော့ အသက်ရှိတုန်းလေး၊ မှတ်တမ်းလေးတွေ ရေးခဲ့ကြပါစေလို့ ဆုတောင်းမိ ပါတယ်။ နအဖတို့ကတော့ ခြေစလက်စမှန်သမျှကို ဖျောက်ဖျက်ပစ်ချင်တဲ့ စိတ်မျိုးသာရှိမှာ ပါပဲ။
နောက်ဆုံးတော့ ကျနော့်ကို ဒီဆောင်းပါးများရေးဖြစ်အောင် အားပေးတိုက်တွန်းတဲ့ ဒီဗီဘီဝိုင်း တော်သားများနဲ့ စာအုပ်ဖြစ်မြောက်ရေး လုံးပမ်းကြတဲ့ တိုက်ဖော်တိုက်ဖက်များအားလုံးရဲ့ ကျေးဇူးပြုမှုဟာလည်းခြွင်းချန်လို့မဖြစ်ပါကြောင်းဝန်ခံပါရစေခင်ဗျား။
ရဲဘော်ဖိုးသံချောင်း
နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်နဲ့ လက်နက်ကိုင်တော်လှန်ရေးအယူအဆ လွတ်လပ်တဲ့နိုင်ငံ တနိုင်ငံမှာ တပ်မတတော်တရပ်ဆိုတာ ရှိရတာပါပဲ။ အမျိုးသားတရပ် လွတ်လပ်သလား မလွတ်လပ်ဘူးလားဆိုတာကို တိုင်းတာတဲ့အခါမှာ သူတို့မှာကိုင်ပိုင်တပ်မတော်တရပ် ရှိမရှိဆိုတဲ့ အချက်ဟာ အင်မတန်အဓိကကျတဲ့ပုံစံ ဖြစ်ပါတယ်။ တပ်မတော်မရှိရင် ဘာမှအာမခံချက်မရှိဘူးဆိုတာ လူတိုင်းသိကြပါတယ်။ ဒါအထူးပြောစရာမလိုတဲ့ကိစ္စပါ။ ပဒေသရာဇ်မင်းတွေ လက်ထက်တုန်းက ကျနော်တို့ဗမာပြည်မှာ စစ်တပ်ဆိုတာက ပုံစစ်တပ်တွေ မဟုတ်သေး ပါဘူး။ တိုက်စရာရှိမှ၊ စစ်တိုက်တော့မယ်ဆိုမှ လယ်သမားတွေကို ခေါ်ပြီး တပ်ဖွဲ့၊ အမြန်လေ့ကျင့်ပေးပြီး တိုက်ကြတာ။ ဒုတိယ ကုန်းဘောင်ခေတ် ကုန်ခါနီးမှာ အမြဲတမ်းတပ် တတပ်လိုအပ်တယ်ဆိုတာကို သဘောပေါက်လာတဲ့ ကနောင်မင်းသားကြီးဟာ တည်ထောင်ဖို့ ကြိုးစားခဲ့တာတော့ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ဗမာပြည်မှာ ပဒေသရာဇ်လက်ထက် တလျှောက်လုံးအမျိုးသားတပ်၊ အမျိုးသားတပ်မတော်တရပ် ရှိတယ်လို့ ပြောလို့မရပါဘူး။ အဲဒီနောက် ကျနော်တို့ဗမာပြည် ကိုလိုနီနိုင်ငံဘ၀ရောက်တဲ့အခါမှာ ကိုလိုနီနယ်ချဲ့သမားဟာ သူတို့လုပ်လေ့ရှိတဲ့အတိုင်း လုပ်တော့တာပါပဲ။ အဲဒါကတော့ နိုင်ငံတခုကိုသိမ်းပိုက်လိုက် တယ်ဆိုရင် ပထမဦးဆုံးသူတို့လုပ်တာက လက်နက်ကိုင်အဖွဲ့အစည်းနဲ့တူတာ၊ လက်နက်ကိုင် အဖွဲ့အစည်း ထူထောင်လို့ရတာမှန်သမျှကို ပထမဆုံးနဲ့ အရင်ဆုံးဖျက်ဆီးပစ်တာပဲ။ ရတနာပုံမန္တလေးကိုအင်္ဂလိပ်က သိမ်းတဲ့အခါကျတော့ အမရစံခေါင်ရပ်ကွက် (အခု မန္တလေးဘီယာ စက်ရုံရဲ့အရှေ့မြောက်ဘက်ရှိတဲ့) လက်နက်စက်ရုံကို အရင်ဖျက်ပစ်တာပဲ။ ဒါအရင်ဆုံး သူတို့ ဖြေရှင်းကြတာ။ ပြီးရင် တပ်ကြွင်းတပ်ကျန်တွေကို နှိမ်နှင်းတာတွေဆက်လုပ်တယ်။ ပြီးတော့ အနယ်နယ်အရပ်ရပ်မှာ လက်နက်နဲ့ခုခံနေတဲ့ဟာတွေကို လိုက်ဖြိုပစ်တာပဲ။ အဲဒါတွေအားလုံး ကိုသိမ်းနိုင်ပြီ၊ သူတို့အုပ်ချုပ်နိုင်ပြီဆိုတဲ့အခါမှာ လက်နက်ဆိုရင် ၆လက်မလောက်ရှိတဲ့ ဓားမြှောင်တောင် မကိုင်ရဘူးဆိုတဲ့ ဥပဒေတွေကိုထုတ်တော့တာပဲ။ အဲဒီ ၆လက်မအထက် ဓားမြှောင်ဆိုတဲ့ဥပဒေဟာ အာမခံချက်မရနိုင်တဲ့ပုဒ်မမျိုး ဖြစ်ပါတယ်။ အဲတော့ လမ်းမပေါ်မှာဆန္ဒပြတဲ့ မန္တလေးကဆန္ဒပြပွဲမျိုးဆိုရင် ဗြိတိသျှကိုလိုနီက ရဟန်းရှင်လူ ၁၇ ဦးကွယ်လွန်တဲ့ အထိ နှိမ်နှင်းတာမျိုးတွေရှိတယ်။ လက်နက်ကိုင်ပုန်ကန်မှုဆိုလို့ကတော့ ဒီထက်ကိုပိုပြီး ပြတ် ပြတ်သားသား နှိမ်နှင်းတော့တာဖြစ်ပါတယ်။ ဆရာစံပုန်ကန်မှုဟာ အထင်ရှားဆုံးပါ။ နောက်ပြီး (တွေ့ဖူး ကြပါလိမ့်မယ်။ ပြတိုက်ထဲမှာဖြစ်စေ၊ သမိုင်းစာအုပ်တွေမှာဖြစ်စေ) အင်္ဂလိပ်သိမ်းပြီး ကာစဗမာနိုင်ငံမှာ အနယ်နယ်အရပ်ရပ်ကပုန်ကန်တဲ့ ဗမာအမျိုးသားခေါင်း ဆောင်တွေ၊ဗိုလ်ချို တို့ ဘယ်သူတို့ပုံတွေ၊ အဲဒီခေါင်းဆောင်တွေ အကုန်းလုံးကို သတ်ပစ်တာပါ။ ကျုပင်ခုတ်ကျူငုတ်မှမကျန်အောင် သတ်ပစ်တာပါဖြစ်ပါတယ်။ အဲဒါကြောင့် ကျနော်တို့ဗမာပြည်က ဟိုခေတ်ကလူငယ်တွေ၊ ပညာတတ်တွေအပါအ၀င် ကိုယ့်အမျိုးသားရေးကို၊ ကိုယ့်နိုင်ငံကို တန်ဖိုးထားတဲ့လူတွေဟာ ကိုယ့်နိုင်ငံလွတ်လပ်ရေးအတွက် စဉ်းစားကြတဲ့အခါမှာ သဘာဝကျစွာပဲ လက်နက်ကိုင်နည်းကိုလည်း စဉ်းစားကြတာရှိပါတယ်။ အဲဒီတုန်းက ဗမာပြည် လူငယ်တွေရဲ့ စိတ်ထဲမှာ ငါတို့မှာသာစစ်တပ်တတပ်ရှိရင် ကိုယ့်ကိုလာပြီး ကျွန်ပြုနေတဲ့လူတွေကို မောင်းနှင်ထုတ်ပစ်မှာပဲလို့ စဉ်းစားကြတယ်။ အဲဒီလိုနဲ့ဗမာပြည်မှာ လက်နက်ရရာရကြောင်း ရှာကြ တယ်။ စစ်လေ့ကျင့်ရေး၊ တပ်ဖွဲ့စည်းရေးတွေလေ့လာကြတယ်။ လုပ်ကြတယ်။ အဲဒီလို နောက်ခံသမိုင်းကြောင်းတွေရှိခဲ့ပြီးနောက် ဗမာပြည်ရဲ့ပထမဆုံး တပ်မတော်လို့ပြောရမယ့် BIA တပ်ပေါ်လာတာဖြစ်ပါတယ်။ ရဲဘော်သုံးကျိပ်ဆိုတဲ့ဟာက အဲဒီ ၁၉၄၁ ခုနှစ်ကျမှ ဗြုန်းကနဲ တိုက်ချင်ခိုက်ချင်စိတ်ပေါ်ပြီး စစ်တပ်တတပ် ထဖွဲ့တာလို့ပြောရင်မှားပါတယ်။ ဒါဟာ သမိုင်းနဲ့ဆုံးဖြတ်ပြီး စဉ်းစားတယ်လို့ပြောလို့ရပါတယ်။ ကျနော်ပြောချင်တာက အဲဒီလိုပေါ် ပေါက်လာတဲ့တပ်၊ နိုင်ငံရေးနောက်ခံတွေ ဗမာပြည်သူလူထုတရပ်လုံးရဲ့ နိုင်ငံရေးနောက်ခံ တွေနဲ့ ပေါ်ပေါက်လာတဲ့တပ်ဟာ နိုင်ငံရေးနဲ့ဘယ်လိုဆက်နွယ်နေတဲ့အကြောင်း၊ ဒီနေ့အထိ ဘယ်လိုပတ်သက်နေတဲ့အကြောင်း ပြောချင်တာပါ။ ဒါကြောင့် ကျနော် ပြောတဲ့အခါမှာ ၁၉၄၁ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်ထိ၊ ၁၉၄၅ ကနေ ၁၉၄၈ အထိ စသဖြင့်အပိုင်းတွေခွဲပြီး ပြောသွားဖို့ စဉ်းစားပါတယ်။
တပ်ကိုနိုင်ငံရေးအရတည်ဆောက်ရမယ်
၁၉၄၁ ခုနှစ်ကနေ ၄၅ ခုနှစ်ထိကာလဟာ ကျနော်တို့နိုင်ငံမှာ တိုင်းချစ်ပြည်ချစ် စိတ်ရှိတဲ့သူ တွေ အမျိုးသားရေးအလံတော်အောက်မှာ အတူလက်တွဲလုပ်ခဲ့ကြတဲ့ကာလဖြစ်ပါတယ်။ နောင်တချိန်မှာ နိုင်ငံ့ခေါင်းဆောင်၊ နိုင်ငံရေးပါတီခေါင်းဆောင်၊ တပ်မတော်ခေါင်းဆောင် ဖြစ်လာမယ့်လူတွေအားလုံး စည်းစည်းလုံးလုံးညီညီညွတ်ညွတ် ရှိခဲ့ကြတဲ့ကာလပါ။ ဒါဟာ လည်း အကြောင်းမဲ့တိုက်ဆိုင်မှုမဟုတ်ပါဘူး။ သူ့ကျွန်ဖြစ်ပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့သမိုင်း စဉ်ရဲ့ စုစည်းဖော်ပြချက်လို့ပြောရင်ရပါတယ်။ ဒီလိုဖြစ်လာရတာရဲ့ အနီးကပ်ဆုံးနဲ့ သြဇာအညောင်းဆုံး၊ ဂယက်အရိုက်ဆုံးကိစ္စကတော့ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးလို့ပြောလို့ရပါ တယ်။
၁၃၀၀ ပြည့် အရေးတော်ပုံကြီးမှာ မြင်းခွာပေါက်ခဲ့လို့ မီးတောက်တယ်လို့ ပြောလို့ရပါတယ်။ နောင်မှာ ကွန်မြူနစ်ဖြစ်လာမယ့်လူတွေ၊ ဆိုရှယ်လစ်ပါတီဝင်ဖြစ်လာမယ့်လူတွေ ဒီအရေး တော်ပုံမှာ ပေါင်းစည်းမိခဲ့ကြပါတယ်။ အဲဒီက အဆက်အနေနဲ့ သခင်ဂိုဏ်းခွဲ ၂ ခွဲက လူတွေ ရဲဘော်သုံးကျိပ်မှာလာပြီးပေါင်းဖြစ်ကြတယ်။ ပြည်တွင်းမှာကျန်ခဲ့တဲ့ အဓိကကျတဲ့ သခင်ခေါင်း ဆောင်တွေဟာလည်း ထောင်ထဲမှာဆုံမိကြတယ်။ အဲဒီတုန်းကတတိုင်းပြည်လုံး၊ ညီညွတ်ဖို့၊ စုစည်းဖို့၊ လက်တွဲဖို့ စည်းစားနေကြ၊ လုံးပန်းနေကြတဲ့ကာလဖြစ်ပါတယ်။ သူတို့အားလုံးခေါင်း ထဲမှာ ကိုယ့်တိုင်းပြည်လွတ်လပ်ရေးဆိုတဲ့ ဘုံရည်မှန်းချက်အပေါ်မှာ မူတည်နေကြတော့ အား လုံးတွဲပြီး လုပ်နိုင်ခဲ့ကြပါတယ်။ အဲဒီကာလမှာ သူတို့ခေါင်းထဲမှာ အယူဝါဒကွဲပြားတာ၊ မတူတာ မရှိဘူးလားဆိုတော့လည်း ရှိပါတယ်။ ဥပမာ...အသိသာဆုံးက ဒုတိယကမ္ဘာစစ်ဖြစ် လာချိန်မှာ အဓိကအားဖြင့် အယူအဆ ၃ မျိုးကွဲတယ်လို့ ပြောလို့ရတယ်။ (၁) က ဂျပန်နဲ့ပေါင်းပြီး ဗြိတိသျှလက်အောက်က ရုန်းထွက်ရေး၊ (၂)က ဂျပန်ကိုလည်း တိုက်မယ်၊ ဗြိတိသျှကိုလည်း တိုက်မယ် (၃)ကတော့ အင်္ဂလိပ်အပါအ၀င် အရှင်းရှင်ဒီမိုကရေစီနိုင်ငံတွေနဲ့ပေါင်းပြီး ဂျပန် အပါအ၀င် ဖက်ဆစ်တွေကိုတိုက်မယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။ အဲဒီ ၃ မျိုးကွဲနေကြတာပါ။
အဲဒီတုန်းက ကွန်မြူနစ်တွေ၊ နောင်မှာကွန်မြူနစ်ဖြစ်လာမယ့်လူတွေက အဲဒီ ၃ မျိုးစလုံးထဲမှာ ပါဝင်နေကြပါတယ်။ ဒါပေမယ့် ပါတီစည်းရုံးရေးအရ၊ ပါတီရဲ့ဆုံးဖြတ်ချက်အရ အားလုံးဟာ အင်္ဂလိပ်အပါအ၀င် ဒီမိုကရေစီနိုင်ငံတွေနဲ့ ပူးပေါင်းပြီး ကမ္ဘာ့ဖက်ဆစ်ဝါဒကို တိုက်မယ်ဆိုတဲ့ တတိယအမျိုးအစားမှာ ပါဝင်ကြပါတယ်။ နောင်မှာ ဆိုရှယ်လစ်ပါတီဖြစ်လာမယ့်လူတွေကလည်း အထက်ကပြောခဲ့တဲ့ အမျိုးအစား ၁ နဲ့ ၂ မှာ ပါဝင်ကြပါတယ်။ ထွန်းအုပ် - ဗစိန်ဂိုဏ်းက လူတွေကတော့အမျိုးအစား(၁)မှာပဲ ပါဝင်တာတွေ့ရပါတယ်။ ဒီလို စည်းလုံးညီညွတ်ရေး အရှိန်ရနေတဲ့အခြေခံပေါ်မှာ ရဲဘော်သုံးကျိပ်ဟာ ဂျပန်ပြည်ကိုသွားပြီး စစ်ပညာသင်တာတွေ ကိုလုပ်ခဲ့ပါတယ်။ နောင်သူတို့ပြန်လာပြီးတော့လည်း ဂျပန်ကို စစ်ပညာသင်ထပ်ပြီးလွှတ်ခဲ့တာ တွေ ရှိပါတယ်။ ဒီနေရာမှာ ဖြတ်ပြောချင်တာတခုက အဲဒီလိုနောက်ခံရှိနေတဲ့ အလျောက် နိုင်ငံရေးအမြင်မတူတဲ့သူတွေ ဒီတပ်မတော်ထဲမှာပါဝင်လာတဲ့အလျောက် ဒီတပ်ထဲမှာ အဲဒီ ဂယက်၊ နောင်မှာဂိုဏ်းဂဏဖြစ်လာမယ့် ဂယက်တွေလည်းရှိတန်သလောက် ရှိတယ်လို့ဝန်ခံရမှာပါ။
ဂျပန်တော်လှန်ရေးစိတ်ဓာတ် မြင့်တက်နေတဲ့ကာလမှာ ကွန်မြူနစ်ပါတီ၊ အရေးတော်ပုံပါတီ၊ ဗိုလ်ချုပ်အောင်ဆန်းတို့ဟာ “ကျောင်းသားတပ်ဦး” နာမည်နဲ့ ပူးပေါင်းခဲ့ကြပါတယ်။ ၁၉၄၄ ခုနှစ်မှာ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး (ဖတပလ) ကို ဖွဲ့ခဲ့ကြတယ်။ တဆက်တည်းမှာ တပ်ကိုနိုင်ငံရေးအရ တည်ဆောက်ရမယ်ဆိုတဲ့ အယူအဆကို ကွန်မြူနစ် တွေကတင်ပြတယ်။ ဗိုလ်ချုပ်အောင်ဆန်းက လက်ခံအတည်ပြုခဲ့လို့ တပ်ထဲမှာနိုင်ငံရေးသင် တန်းတွေ ပေးခဲ့ပါ တယ်။ အမှန်ပြောရရင် ရဲဘော်သုံးကျိပ်အဖြစ် သန္ဓေတည်ပေါက်ဖွားလာတဲ့ ဒီတပ်မတော်ဟာ အားလုံးသိကြတဲ့အတိုင်း ဂျပန်ပြည်မှာ ပျိုးထောင်လေ့ကျင့်ခဲ့ရတာပါ။ ဂျပန် လေ့ကျင့်ပေးတာရခဲ့တဲ့၊ ဂျပန်တွေရဲ့ သူတို့တပ်ပုံစံအတိုင်း (ပဒေသရာဇ်တပိုင်း ဖက်ဆစ်တ ပိုင်း ပုံစံအတိုင်း) ပုံသွင်းခံခဲ့ရတာပါ။ တသွေးတသံတမိန့်ဆိုတာကိုပဲ အလေးဂရုပိုထားတဲ့ တပ်မျိုးပါ။ ဒါကြောင့်မို့လည်း ဒီ BIA တပ်ဟာ အစောပိုင်းမှာ ဖက်ဆစ်ဆန်လို့ လူထုရဲ့ မကျေနပ်မှုတွေ အတော်များများ ကြုံတွေ့ခဲ့ရပါတယ်။ ဒီလိုပုံစံနဲ့ဖြင့် တိုင်းပြည်လွတ်လပ်ရေးအတွက် ဆောင်ရွက်လို့မဖြစ်နိုင်ဘူးဆိုတာကို သတိထားမိတဲ့ ကွန်မြူနစ်ပါတီဟာ ဒီတပ်ထဲမှာနိုင်ငံရေး သင်တန်းပေးရမယ်လို့သဘောပေါက်ပြီး အခုလိုလှုပ်ရှားခဲ့တာဖြစ်ပါတယ်။ ဒီလိုတပ်ကို နိုင်ငံရေးသင်တန်းပေးတာကို အဲဒီတုန်းက မကြိုက်တဲ့သူတွေ ရှိပါတယ်။ အထူးသဖြင့် ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးစတဲ့ လူတွေပါ။ (နောင်မှာ ဆိုရှယ်လစ်ပါတီဝင် ဖြစ်လာမယ့် လူတွေပါ။) သူတို့ကဒီတပ်ကို သူတို့တလက်ကိုင်တပ်ဖြစ်လာတဲ့အခါ၊ ဆိုရှယ်လစ်ပါတီရဲ့ တလက်ကိုတပ်ဖြစ်လာတဲ့အခါမှာ နောင်မှာတပ်ကို နိုင်ငံရေးလုံးဝသင်မပေးတော့ဘဲနဲ့ တသွေး တသံတမိန့် သူတို့ခိုင်းရာလုပ်၊ သူတို့စေရာသွားဆိုတဲ့ တပ်ဖြစ်အောင်လုပ်ခဲ့တာပါပဲ။ ဒါကနောင်မှာပါ။
အဲဒီတုန်းကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သဘောတူခွင့်ပြုမှုနဲ့တပ်ထဲမှာ နိုင်ငံရေးသင်တန်း တွေပေးခဲ့ကြပါတယ်။ အဲဒီတုန်းက နိုင်ငံရေးသင်တန်း ပေးတတ်တာကလည်း ကွန်မြူနစ်တွေ ပဲ ရှိတယ်ဆိုတော့ ကွန်မြူနစ်တွေကပဲ ပေးတာပါ။ ကွန်မြူနစ်ပါတီက အဲဒီအချိန်ကတည်း က မြေအောက်လုပ်ငန်းရှိနေပါတယ်။ ကလာပ်စည်းတွေရှိနေပါတယ်။ တချို့ခရိုင်တွေမှာဆိုရင် ခရိုင်တခုတည်း ကလာပ်စည်း ၃ - ၄ ခုတောင် ရှိပါတယ်။ ဒါပေမယ့် တယောက်နဲ့ တယောက် တော့မသိကြသေးဘူးပေါ့။ သူတို့ကဂျပန်တွေမရိပ်မိအောင် နိုင်ငံရေးသင်တန်းပေးရတာဆို တော့ သူတို့ကို ဗိုလ်နာမည်တွေတပ်ပြီး တပ်ထဲမှာသွင်းထားရပါတယ်။ အဲဒီအချိန်တုန်းက တော့ ညီညွတ်ရေးစိတ်ဓာတ်ကလည်းလွှမ်းနေ၊ ဗိုလ်ချုပ်အောင်ဆန်းကလည်း သဘောတူ ထားတာဆိုတော့ ဒီလိုတပ်ထဲမှာ အပြင်ကနေလာပြီး တိတ်တိတ်သင်တန်းပေးတာတွေကို ဂျပန်မသိအောင် ကာကွယ်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉၄၄ ခုနှစ်၊ စက်တင်ဘာလထဲမှာ အရေး တော်ပုံပါတီကလူတွေနဲ့ ကွန်မြူနစ်ပါတီကလူတွေပေါင်းပြီး ကွန်မြူနစ်ပါတီရယ်လို့ ဖွဲ့ခဲ့ပါတယ်။ ဆိုရှယ်လစ်ပါတီဆိုတာက ၁၉၄၅ ခုနှစ်၊ စက်တင်ဘာကျမှ အဲဒီထဲက ပြန်ထွက်ပြီး စင်ပြိုင်ပါတီတရပ် ထူထောင်တာဖြစ်ပါတယ်။ အဲဒီလိုတပြည်လုံးရဲ့အရေး၊ နိုင်ငံရဲ့အရေး၊ လွတ်လပ်ရေးကို ရှေ့တန်းတင်လုံးပန်းနေကြတုန်းမှာပဲ နဂိုကမတူတဲ့လူတွေဟာ တွဲဖက်လုပ် နိုင်ခဲ့ကြတယ်။ နောင်ကျမှ ဒီလူတွေဟာ နိုင်ငံ့အရေးထက်ကိုယ်ကျိုး၊ ကိုယ့်အစုအကျိုးကို ရှေ့ တန်းတင်လာကြပြီး တွဲမလုပ်နိုင်ဘဲ ဖြစ်ခဲ့တာပါ။ ဒါဒီနေ့အထိပါပဲ။ အဲဒီတုန်းက ကွန်မြူနစ် ပါတီအပေါ် အငြိုးထားခဲ့တဲ့ လူတွေဟာအခုထိ ကွန်မြူနစ်ပါတီအပေါ်သာမက ဗိုလ်ချုပ် အောင်ဆန်းအပေါ်လည်း အငြိုးထား၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည် အပေါ်ကိုလည်း အငြိုးကြီးထားပြီးတော့ သူတို့တပ်ထဲက မျိုးဆက်သစ်တွေအပေါ်မှာ ဒီအငြိုး ကို ဆွေစဉ်မျိုးဆက်လက်လွှဲပေးသွားတဲ့ သဘောမျိုးတွေ့ရပါတယ်။ ဗမာပြည်ရဲ့သမိုင်းမှာ အဲဒီ လိုပဲ ပဋ္ဋိပက္ခတွေဖြစ်နေတဲ့ အင်အားစုတွေဟာ အခြေအနေတခုအောက်မှာ တွဲပြီးလုပ်ကြ တယ်။ နောက်တခါကျတော့ တဖက်စီတိုက်ကြတယ်။ လက်နက်တွေနဲ့ အသေအကြေတိုက် ကြတယ်။ အဲလိုတိုက်နေတဲ့ကြားထဲမှာပဲ ထိပ်တိုက်စေ့စပ်ကြတယ်၊ ဆွေးနွေးကြတယ်။ ဒါတွေ ဟာ တလျှောက်လုံးရှိနေခဲ့တဲ့ဟာပါ။ ဒီနေ့နအဖအစိုးရက စေ့စပ်တယ်၊ ဆွေးနွေးတယ်ဆိုတာကို မျက်စေ့မှိတ် ဘူးခါငြင်းနေတဲ့အခါမှာ အရင်တုန်းက အဲဒီလိုမဟုတ် ဘူးဆိုတာပြောချင်လို့ ဒီနေရာမှာအလေးထားပြီးပြောတာဖြစ်ပါတယ်။
ခေါင်ကိုဖြိုဖို့ကြံတဲ့နယ်ချဲ့
၁၉၄၅ ခုကနေ ၁၉၄၈ ခုနှစ်ထိ ဆိုတဲ့ကာလဟာ (ဒီသုံးနှစ်ဟာ) ဗမာပြည်ရဲ့ ကံကြမ္မာကို ဖန်တီးလိုက်တဲ့ သုံးနှစ်ဖြစ်တယ်။ ဒါကြောင့်ဒီအခန်းကိုကျနော် နည်းနည်းကျယ်ကျယ်လေး ပြောချင်တယ်။ ကျနော်တို့တိုင်းပြည်ရဲ့ ကံကြမ္မာသာမက တပ်မတော်ရဲ့ ကံကြမ္မာကိုလည်း အလှည့်အပြောင်းဖြစ်စေတဲ့ သုံးနှစ် ဖြစ်ပါတယ်။ အထက်မှာပြောခဲ့တဲ့ ပြင်ပနိုင်ငံရေးရဲ့ ဂယက်တွေလဲ တပ်မတော်ထဲကို ဒီအချိန်မှာဝင်လာတယ်လို့ ပြောလို့ရပါတယ်။ နဂိုကတော့ ဂျပန်ကိုတိုက်နေရ တဲ့အတွက် ဒီဟာကို ထိန်းထားလို့ရတယ်။ နောက်ပြီးတော့လဲ ဂျပန်ကို အောင်ပွဲခံလိုက်တဲ့အခါ အောင်ပွဲရတဲ့အရှိန်နဲ့ ပြည်သူလူထုကလဲ တက်ကြွနေ၊ ပြည်သူ လူထုကလဲ တောင်းဆိုတဲ့အလျောက် သွေးစည်းညီညွတ်မှုကို ထိန်းသိမ်းနိုင်ကြပါတယ်။ အဲဒီလိုဗမာပြည်ရဲ့ နိုင်ငံရေးအင်အားစုတွေအားလုံး သွေးစည်းညီညွတ် နေတာကိုမလိုလား တဲ့လူက ဗြိတိသျှကိုလိုနီသမားပဲဖြစ်ပါတယ်။ ဗြိတိသျှကိုလိုနီသမားဟာ ဗမာပြည်ထဲပြန်ဝင် လာတယ်ဆိုကတည်းက သူတို့ရဲ့ အဓိကပစ်မှတ်၊ သူတို့ရဲ့လုပ်ငန်းဟာ ဗမာပြည်ကို အဦးဆုံး သိမ်းပိုက်တုန်းက စဉ်းစားနည်းမျိုးနဲ့ပဲ သူတို့ ချဉ်းကပ်တာပါ။ အဲဒါဘာလဲဆိုတော့ ပထမဆုံး ဗမာအမျိုးသားတွေရဲ့ စစ်တပ်ကိုဖြိုခွဲဖို့၊ ဖျက်ဆီးဖို့ဖြစ်ပါတယ်။ အထူးသဖြင့် အင်္ဂလိပ်ဟာ BIA ကို အင်မတန်အငြိုးထားပါတယ်။ သူတို့ခေါင်းထဲမှာ BIA ကိုတော့ မှတ်လောက်သား လောက်ဖြစ်အောင်ဆုံးမရမယ်လို့ တေးထားပါတယ်။ အင်္ဂလိပ်တွေကို တို့ပေးထားကြတာတွေ ကလဲရှိပါတယ်။ BIA အပေါ်မှာချဲ့ကားပြီးတော့ အင်္ဂလိပ်နဲ့ရန်တိုက် ပေးတာတွေလဲရှိသ လောက်ရှိပါတယ်။ အင်္ဂလိပ်ကတော့ ခေါင်ကိုဖြိုရင်အားလုံးကို ပြိုမယ်လို့တွက်တာပါ။ ဒါကြောင့် သူတို့အဓိကထားတာ BIA ဖြိုဖို့အတွက်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းကို အရင်ဖြို မယ်။ ဒါကြောင့် သူတို့ကဗိုလ်ချုပ်အောင်ဆန်းကို သထုံခရိုင်သဲဖြူကုန်းသူကြီး အဗ္ဒူရာရှစ်ကို သတ်မှုနဲ့ ဖမ်းဖို့စဉ်းစားကြတယ်။ ပြင်ဆင်ကြတယ်။ အဲဒီတုန်းက ဒီလူကို ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် သတ်တာပါလို့ သက်သေခံမယ့်လူတွေကလဲ အသင့်ပြင်ပြီးစောင့်နေကြတယ်။ သူတို့ကလဲ အင်္ဂလိပ်နဲ့ပေါင်းရရင်ပြီးရော ဆိုတဲ့လူတွေ။ အဲလို သက်သေခံမယ့်လူက ဘယ်သူ လဲဆိုတော့ သခင်ထွန်းအုပ်။ သခင်ထွန်းအုပ်ဆိုတာ ဗိုလ်နေ၀င်းရဲ့ လက်ရင်းဆရာ။ (ဒါက အားလုံးသိပြီးသားမို့ အကျယ်မပြောတော့ဘူး။) အဲတော့ မေးစရာရှိတယ်။ အင်္ဂလိပ်က ဘာလို့ ခေါင်ကိုဖြိုချင်တာလဲ။ ဘာကြောင့်လဲဆိုတော့ရှင်းတယ်။ အဲဒီတုန်းက တပ်မတော်ကို ကိုယ်စားပြုနေတာက ဗိုလ်ချုပ်အောင်ဆန်း။ ဗိုလ်ချုပ်အောင်ဆန်းကို နှိမ်နိုင်ရင်၊ ချိုးနိုင်ရင် ဒီတပ်မတော်တခုလုံး ဦးကျိုးပြီလို့ သူတို့တွက်ထားတာ။ ဒါကြောင့် ဒီအမှုမှာ တရား စွဲမယ့်လူကလဲ ရှိတယ်။ သက်သေလဲ ရှိတယ်။ကိုလိုနီသမားဟာ သူတို့ကိုလိုနီလုပ်ခဲ့တဲနိုင်ငံမှာ အဲဒီနိုင်ငံက နိုင်ငံသားတွေရဲ့တပ်ဆိုတာကို နည်းနည်းမှ ခွင့်ပြုချင်တာမဟုတ်ဘူး။ ဒါပေမယ့် ဒါက ကိုလိုနီသမားရဲ့ သာမန်စဉ်းစားနည်းဖြစ်တယ်။ လက်တွေ့အနေနဲ့ကျတော့ သူတို့လုပ် လို့မရဘူး။ ဖမ်းလဲမဖမ်းဖြစ်ခဲ့ဘူး။ ဘာကြောင့်လဲဆိုရင် အဲဒီတုန်းကသာ ဗိုလ်ချုပ်အောင်ဆန်း ကို ဖမ်းလိုက်တယ်ဆိုရင် ဗမာပြည်မှာ တော်လှန်ရေးထပေါက်ကွဲမှာ၊ ပြည်သူတရပ်လုံးက ထပြီး လက်နက်ကိုင်မှာ။ (လက်နက်တွေကလဲ အနှံ့အပြားရှိနေတယ်။) အင်္ဂလိပ်ဆိုတာကလဲ အဲဒီအချိန်တုန်းက အင်အားအင်မတန်ငယ်တယ်။ ဒုတိယကမ္ဘာစစ်ကြီးထဲမှာ အင်မတန်ပင်ပန်း ပြီးတော့ ဒီမှာဝင်လာနိုင်တဲ့အင်အားကလည်း သိပ်များတာမဟုတ်ဘူး။ အဲလိုအချိန်မှာ ဗမာ တမျိုးသားလုံး ထသာတိုက်လိုက်ရင် ဘယ်လိုဖြစ်မလဲ။ ဗမာပြည်ရဲ့တော်လှန်ရေးဟာ တရုတ် ပြည်တော်လှန်ရေးနဲ့ ဆက်မိသွားလိမ့်မယ်။ နောက်ပြီး ဗမာပြည်ကဗမာအမျိုးသားတွေရဲ့ တော်လှန်မှုကို ကုလားတပ်တွေကိုသုံးပြီး နှိမ်နှင်းဖို့ဆိုတာလဲ မဖြစ်နိုင်ဘူး။ ဒါက ဘိလပ်မှာ ရှိတဲ့ အင်္ဂလိပ်အစိုးရကတွက်တာ။ ဘုရင်ခံက တွက်တာမဟုတ်ဘူး။ သူတို့တွက်တာကလဲ မှန်တယ်။ သူတို့က အခြေအနေအားလုံးကို အကျယ်အပြန့်သိတဲ့လူတွေ။ အထူးသဖြင့် ကုလားတပ်ကို မသုံးနိုင်တော့ဘူးဆိုတာ သိပ်မှန်တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်မှာ ကုလားတပ်ကို မသုံးရဘူးဆိုပြီးတော့ အိန္ဒိယနိုင်ငံမှာ ကွန်ဂရက်ပါတီ၊ ကွန်မြူနစ်ပါတီနဲ့ အိန္ဒိယပြည်သူတွေက ပြတ်ပြတ်ဖော်ထုတ်ပြောထားပြီးဖြစ်တယ်။ သူတို့ဖာသာ အိန္ဒိယတပ်နဲ့ ဗမာပြည်ကိုနှိမ်ဖို့လုပ်မယ်ဆိုရင် စောစောပြောသလို ဗမာပြည်မှာတော်လှန်ရေးကလဲအောင် မှာပဲ။ တရုတ်ပြည်တော်လှန်ရေးလဲ ဆက်နိုင်တယ်။ အိန္ဒိယအထိပါ တော်လှန်ရေးဆက်ပြီး ပေါက်ကွဲနိုင်တယ်။ ဒါအင်္ဂလိပ်အကြောက်ဆုံးပဲ။ ဒီမှာ ရှိတဲ့ဘုရင်ခံကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းချင်တယ်။ တကယ်လို့ တော်လှန်ပုန်ကန်လာရင်လဲ တိုင်းရင်းသား သူတို့ သစ္စာခံတပ်တွေနဲ့ နှိမ်နှင်းပစ်နိုင်တယ်လို့ သူတို့ထင်ထားတယ်။ ဒါပေမယ့် ဘိလပ်က အစိုးရက အဲဒီလိုမထင်ဘူး။ အဲဒီတုန်းက အခြေအနေက ၁၉၄၅ ခုနှစ် စက်တင်ဘာလမှာ ဂန္ဒီစာချုပ်အရ PBF တပ်ထဲက အင်အား ၅၂၀၀ ကို အင်္ဂလိပ်စစ်တပ်က ယူကိုယူထားရတာ။ ကျန်တဲ့ တပ်မတော်သားတွေက ပြည်သူ့ရဲဘော် အဖြစ် ဖွဲ့ထားတယ်။ အဲဒီတပ်မတော်သား တွေက လက်နက်သာမရှိတာ၊ စစ်အတွေ့အကြုံရှိပြီးသား၊ စစ်တိုက်ဖူးပြီးသား။ စစ်လက်နက် ဆိုတာကလဲ တပြည်လုံးအနှံ့အပြား ပြန့်ကြဲနေတာ။ မြို့တွေရွာတွေမှာ ရွာသားက လေးခွစမ်း သလို သေနတ်ပစ်လက်တည့် စမ်းနေကြတဲ့ကာလမျိုး။ အဲဒါကိုသာ ခုနကတပ်က ထွက်ထား တဲ့သူတွေလက်ထဲ အပ်လိုက်ရင် ချက်ချင်း ပုံမှန်တပ်တွေဖြစ်သွားမှာ။ ခုနက ဂန္ဒီစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်သန်းထွန်း။ ဗိုလ်ချုပ်အောင်ဆန်းက ဖဆပလ ဥက္ကဋ္ဌ၊ သခင် သန်းထွန်းက ဖဆပလ အထွေထွေအတွင်းရေးမှူးအနေနဲ့ ခေါင်းဆောင်ပြီးတော့ မောင့်ဘက် တန်နဲ့ချုပ်ထားတဲ့စာချုပ်ဖြစ်တယ်။
ဒီမှာထောက်ပြစရာတခုက အဲဒီကာလတုန်းက နောင်မှာဆိုရှယ်လစ်ပါတီခေါင်းဆောင်တွေ ဖြစ်မယ့် ဦးကျော်ငြိမ်းတို့၊ ဦးဗဆွေတို့က တော်လှန်ရေးရဲ့ ပင်မရေစီးထဲမှာ မရှိဘူး။ သူတို့က ဘေးရောက်နေကြတာ။ ဘေးရောက်နေတယ်ဆိုတာလဲ မဆန်းဘူး။ ဦးကျော်ငြိမ်းက ဂျပန် တော်လှန်ရေးမှာ တိုင်းခြောက်ရဲ့ နိုင်ငံရေးမှူးအဖြစ် သူ့ကိုပျဉ်းမနားကိုသွားဖို့လွှတ်တယ်။ အဲဒါ သူမသွားဘဲ ပုန်းနေတယ်၊ ရှောင်နေတယ်။ ဒါကြောင့်မို့လို့ သူ့နေရာမှာ ကွန်မြူနစ်ပါတီက သခင်တင်ထွန်းက ၀င်ယူရတယ်။ ဦးဗဆွေကလဲ အကြောင်းရှာပြီးတော့ ရန်ကုန်မှာပဲ ခိုကပ်နေ တယ်။ ဘာမှမလုပ်ဘူး။ ဂန္ဒီစာချုပ်အရ ဖွဲ့လိုက်တဲ့တပ်ထဲမှာ ဆိုရှယ်လစ်တပ်ကလူတွေပါ တယ်။ သူတို့ကတော့ ဗိုလ်နေ၀င်း၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ရွှေတို့ပေါ့။ ဗိုလ်အောင်ကြီး က အဲဒီတုန်းက ဆိုရှယ်လစ်ပါတီ တွဲဖက်အတွင်းရေးမှူးလုပ်နေတာ။ တပ်ထဲပြန်မ၀င်ဘူး။ အဲတော့ ဂန္ဒီစာချုပ်တပ်မတော်ထဲမှာ BIA, BDF, PBF ကလာတဲ့လူတွေက အနည်းစုတွေဖြစ် နေတယ်။ စစ်တပ်ရဲ့အများစုနဲ့ စစ်ရုံးချုပ်တခုလုံးက သစ္စာခံတိုင်းရင်းသားတွေပဲ။ ဒါကြောင့်မို့ ဗမာပြည်မှာသာ (အထက်က ပြောခဲ့သလို) တော်လှန်ရေးပေါက်ကွဲလာတယ်ဆိုရင် အဲဒီတိုင်း ရင်းသားတပ်တွေကို အားကိုးနိုင် အားမကိုးနိုင်ဆိုတာလဲ အင်္ဂလိပ်တွေ ချင့်ချိန်ကြ၊ စဉ်းစားကြ တယ်။ ဘုရင်ခံဦးစီးတဲ့ ဗမာပြည်ရောက် အင်္ဂလိပ်စစ်ဗိုလ်တွေကတော့ အားကိုးနိုင်တယ်လို့ တွက်တယ်။ ဒါပေမယ့် ဘိလပ်အစိုးရက အားမကိုးလောက်ဘူးလို့တွက်တယ်။ သူတို့ စဉ်းစားတာက ဗိုလ်ချုပ်အောင်ဆန်းကို ၁၉၄၆ ခုနှစ် မတ်လ ၂၇ ရက်နေ့ တော်လှန်ရေးနှစ်ပတ်လည်အပြီး နောက်တရက်မှာ ဖမ်းဖို့စီစဉ်တာ။ သူတို့က ဘိလပ်ကိုတင်ပြတယ်။ ဒါပေမယ့် ဘိလပ်က ပယ်ချတယ်။ တကယ်လို့များ အဲဒီတုန်းက ဖမ်းများဖမ်းလိုက်ရင် ကျနော်တို့တိုင်းပြည်မှာ တကယ့်ကို ပွဲကြီးပွဲကောင်းတွေ့ရမှာ သေချာတယ်။ ကျနော်တို့တိုင်းပြည်ဟာ ပြည်ပအကူ အညီမပါဘဲ အင်္ဂလိပ်ကို ကျနော်တို့အင်အားနဲ့ ကျနော်တို့ကြိုးစားမှုနဲ့ မောင်းထုတ်ပစ်နိုင်မှာ သေချာတယ်။ အဲလိုသာ လုပ်နိုင်ရင် ကျနော်တို့တိုင်းပြည်မှာ ပြည်တွင်းစစ်လဲ ဖြစ်ချင်မှဖြစ် မယ်။ ဗမာပြည်ရဲ့ကံကြမ္မာဟာ အခုလို ဟုတ်ချင်မှဟုတ်မယ်။ ဗမာပြည်ရဲ့ ကံကြမ္မာကိုအဆုံးအဖြတ်ပေးမှာ အဲဒီတော်လှန်ရေးက အဆုံးအဖြတ်ပေးမှာဖြစ်သွားမယ်။ ဒါပေမယ့် အင်္ဂလိပ်အုပ်စိုးသူက ပြင်သစ်လိုမမိုက်ဘူး။ အမေရိကန်လိုလဲ သွေးနားထင်ရောက်နေတာ မဟုတ်ဘူး။ သူတို့က အင်မတန်ဉာဏ်နီဉာဏ်နက်များတဲ့လူတွေ။ သိပ်လည်တယ်။ သူတို့လုပ်တာကို ကြည့်ပါ။
၁၉၄၇ ခုနှစ်၊ မတ်လမှာ ဗိုလ်နေ၀င်းရဲ့ တပ်ရင်း ၄ ကို အင်္ဂလိပ်ကတပ်တွေနဲ့တွဲပြီး ပျဉ်းမနား - လယ်ဝေး ဒေသတွေထဲမှာ စစ်ဆင်ရေးတွေ လုပ်ခိုင်းတယ်။ နာမည်ပေးထားတာကတော့ Operation Flash လို့ပေးထားတာ။ ဒီ flash ကို ဘယ်လိုပြန်မလဲ။ ဒါဟာ ကောင်းအောင်ဘာသာပြန်ရင်လဲ ရတယ်။ ဆိုးအောင် ဘာသာပြန်ရင်လဲရတယ်။ အဲဒီထိုးစစ်လုပ်တဲ့အလုပ်က ဘာလဲဆိုတော့ အဲဒီတုန်းက ကွန်မြူနစ်ပါတီရဲ့ရှေ့ဆောင်မှုနဲ့ တိုက်ပွဲဝင်နေတဲ့ လယ်သမား သမဂ္ဂ၀င်တွေကို ချေမှုန်းရေးပဲ။ အဲဒီတုန်းက လယ်သမားတွေက မြေရှင်တွေရဲ့ မြေကွက်တွေထဲဝင်ပြီး ထွန်တုန်းတိုက်ပွဲတွေလုပ်နေတာ။ သူတို့က လက်ငုတ်လယ်လက်မလွှတ်ချင်လို့ လုပ်နေတာဖြစ်တယ်။ မြေရှင်တွေက လက်ငုတ်လယ်သမားတွေကို နှင်ထုတ်နေလို့ ပြန်တိုက်ရ တဲ့တိုက်ပွဲဖြစ်တယ်။ အဲဒီစစ်ဆင်ရေးကို အင်္ဂလိပ်က ဘာအဓိပ္ပာယ်နဲ့ လုပ်တာလဲဆိုရင် ဆိုရှယ်လစ်နဲ့ကွန်မြူနစ်ကို ရန်တိုက်ပေးတာ။ နောက်တခါ တပ်ရင်း ၅ ကိုလဲ ရခိုင်ဘက်သွား ပြီး နှိမ်နှင်းခိုင်းတယ်။ ဒါဟာလဲ ငါး ကြင်းဆီနဲ့ငါးကြင်းကြော်တဲ့ နည်းပရိယာယ်ပဲဖြစ်တယ်။ လူမျိုးရေးအာဃာတတွေ ကျန်နေအောင် တမင်လုပ်ခိုင်းတာဖြစ်တယ်။ သူတို့အင်္ဂလိပ်တပ် တွေ မသွားဘူး။ ဗိုလ်နေ၀င်းရဲ့ တပ်ရင်း ၄ မှာ အဲဒီတုန်းက အကြပ်လုပ်နေတဲ့လူတွေက ဗိုလ်ကျော်ထင်တို့၊ ဗိုလ်အေးကိုတို့ပေါ့။ သူတို့ကိုပဲ ဒေါက်တာမောင်မောင် နောက်ဆုံးရေး သွားတဲ့စာအုပ်ထဲမှာ အင်္ဂလိပ်လို Coterie လို့သုံးသွားတယ်။ Coterie ဆိုတာ “အတွင်းစည်းဝိုင်း” လို့ သဘောပေါက်တယ် ထင်ပါတယ်။ အဲဒီတုန်းက တပ်ကျော်ထင်တို့၊ တပ်ကြပ်အေးကိုတို့ဟာ နေ၀င်းရဲ့လက်သုံးတော်ကြီးများဖြစ်တယ်။ ၁၉၄၈ ခုနှစ်၊ မတ်လအ ၀င်မှာ ကွန်မြူနစ်ပါတီကကျင်းပခဲ့တဲ့ ပျဉ်းမနားလယ်သမားကွန်ဂရက်ကြီးကို ဗိုလ်ကျောင်ထင် နဲ့ ဗိုလ်အေးကိုတို့က အရပ်ဝတ်ဝတ်ပြီး လာဖူးတယ်လို့ ၁၉၈၀ ခုနှစ်တုန်းက ကျနော်တို့ပါတီနဲ့ မဆလအစိုးရနဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ ပြောဖူးတယ်။ ဗိုလ်အေးကို ကိုယ်တိုင်ကနေ ကျနော်တို့ပါတီရဲ့ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်လုပ်တဲ့ ဒု - ဥက္ကဋ္ဌ သခင်ဖေတင့်ကို ပြောပြတာ။ သူတို့က အရပ်ဝတ်နဲ့လာပြီးတော့ တက်တာပေါ့လေ။ သူတို့တက်တာက ထောက်လှမ်းတဲ့သမျိုးတက်တာပါ။
ဒါနဲ့ တဆက်တည်းမှာ ပြောဖို့လိုတာက ကန္ဒီစာချုပ်အရ PBF ကို အင်္ဂလိပ်က မျိုယူခဲ့ပုံ။ နဂိုက သောင်းနဲ့ချီပြီးရှိခဲ့တဲ့တပ်ထဲက ဗိုလ်က ၂၀၀၊ အောက် ခြေတပ်သားက ၅၀၀၀ ကိုပဲလက် ခံတာဖြစ်တယ်။ ဗိုလ်တွေကိုအင်္ဂလိပ်က အကြီးအကျယ်စစ်ဆေးပြီးမှ လက်ခံတာ။ စစ်မဖြစ်မီ က ဘွဲ့ကြိုနဲ့ဘွဲ့ရဆိုရင် လွယ်လွယ် နဲ့လက်ခံတယ်။ ဒါကြောင့်မို့လို့ကွန်မြူနစ်ဗိုလ်၊ ဆိုရှယ်လစ် ဗိုလ်တွေအများကြီး ဗိုလ်အဖြစ်အရွေးခံရတာ။ BIA, BDA ထဲမှာမပါဘူးတဲ့ PBF ကျမှပါလာတဲ့ ကွန်မြူနစ် ဗိုလ်တွေတော်တော်များများလဲ အရွေးခံရတယ်။ ကွန်မြူနစ်ဗိုလ်တွေထဲကဆိုရင် ရှမ်းပြည်မှာ လက်နက်ကိုင်တိုက်ပွဲတုန်းကကျသွားတဲ့ ဗိုလ်မောင်စိုးတို့၊ တော်လှန်ရေးကောင် စီအစိုးရခေတ်တုန်းက လယ်သမားနှီးနှောဖလှယ်ပွဲတွေမှာ စွာကျယ်စွာကျယ်နဲ့ပြောနေခဲ့တဲ့ ဗိုလ်တင်စိုးတို့ အဲလိုလူတွေပါတယ်။ အစဉ်အလာနဲ့ ဂုဏ်သိက္ခာကြောင့် ပညာတတ်မဟုတ် ပေမယ့် အရွေးခံရတဲ့ ကွန်မြူနစ်ဗိုလ်တချို့လဲပါတယ်။ ဥပမာ ဗိုလ်အာဠာဝကတို့။ အဲဒီတုန်းက ကွန်မြူနစ်ပါတီရဲ့ အကြံအစည်က ဘာလဲဆိုရင် ရရင်ရ မရရင်ချမှာ။ ဒါကြောင့်မို့လို့ နောက်ဆုံးတိုက်ပွဲ တိုက်ဖို့အတွက် တပ်ထဲမှာ ကွန်မြူနစ်တွေကို သွင်းထားတာဖြစ်တယ်။
တပ်ထဲမှာ ၀င်လာတယ်ဆိုရင် အစိုးရလခစားတွေဖြစ်တယ်။ ကွန်မြူနစ်ပါတီဝင်တွေဟာ တပ်ထဲရောက်သွားတယ်ဆိုရင် ကွန်မြူနစ်ပါတီကို လစဉ်ကြေးအဖြစ်နဲပဲ သူတို့လခရဲ့ ၂၀% ကိုလှူရတယ်။ တချို့ဆိုရင် တော်လှန်ရေးတုန်းက ဂျပန်ပြည်ရောက်နေလို့ မတ်လတော်လှန် ရေးမှာ မပါလိုက်ရတဲ့ဗိုလ်တွေလဲ ရှိသေးတယ်။ သူတို့လဲ ပါတီဝင်တွေ။ သူတို့လဲ လစဉ်ကြေး ပေးကြတယ်။ အဲဒီတုန်းက ကွမြူနစ်ပါတီမှာက အချိန်ပြည့်ပါတီဝင်ရှိ တယ်။ အချိန်ပိုင်း ပါတီ ၀င်ရှိတယ်။ အချိန်ပြည့်ရော၊ အချိန်ပိုင်းရော ပါတီဝင်ကြေးတော့ ပေးကြတယ်။ ဖဆပလနဲ့ ကွန်မြူနစ်ကွဲတဲ့ ၁၉၄၆ ခု၊ အောက်တိုဘာလကျမှ တပ်တွင်း ကွန်မြူနစ်တွေအတော်များများ ပါတီကထွက်ကြတယ်။ သူတို့မထွက်ရင်လဲ ဖဆပလနဲ့ အင်္ဂလိပ်နဲ့ပေါင်းပြီး တပ်ထဲကထုတ် တာပဲ။ ဗိုလ်အာဠာဝကတို့ဆိုရင် တပ်ထုတ်တာခံရတယ်။ နောင်မှာ ဗိုလ်အာဠာဝကကမန္တလေး မှာ အချိန်ပြည့်ပါတီဝင်လာလုပ်တယ်။ တချို့လဲ ကွန်မြူနစ်ပါတီနဲ့ မပတ်သက်တော့သလို နေကြတယ်။ လွတ်လပ်ရေးရမှ၊ ပြည်တွင်းစစ်ဖြစ်တော့မှ တောပြန်ခိုကြတယ်။ အဲဒီတုန်းက အင်္ဂလိပ်ရဲ့အစီအစဉ်က ဘာလဲဆိုတော့ သူတို့မျိုယူလိုက်ရတဲ့ ဗိုလ်တွေကို နိုင်ငံရေးစစ်သား ဘ၀ကနေ ကြေးစားစစ်သားဖြစ်အောင် (သူ တို့ပြောတဲ့ professional စစ်သားဖြစ်အောင်) လုပ် ဖို့ လခနဲ့အခွင့်အရေးနဲပ မြှူဆွယ်တာပဲ။ တကယ့်ကို သူတို့ရဲ့ ကိုလိုနီကြေးစား တပ်ပုံစံ အတိုင်းသွင်းတာပဲ။
ဒီနေရာမှာစပ်မိလို့ ကျနော်အထက်မှာပြောခဲ့တဲ့ ဗိုလ်စိုးမောင်ပြောတဲ့ ရယ်စရာလေးတခု ဖြတ်ပြောဦးမယ်။ အင်္ဂလိပ်တပ်ရင်းမှူးကြီးတွေက သူတို့တပ်တွေကိုပုံစံကျတဲ့ အင်္ဂလိပ် ကြေးစားတပ်ပုံစံအတိုင်း ပုံသွင်းတာ။ သူတို့တပ်ထဲမှာ အိန္ဒိယကပြန်လာတဲ့ ပုံစံကျပြီးသား တိုင်းရင်းသားဗိုလ်တွေ အတော်များတယ်။ ဗိုလ်စိုးမောင်တို့လို PBF ဗိုလ်က အနည်းစုလေးပဲရှိ တာ။ အင်္ဂလိပ်တပ်ရဲ့ အဲဒီတုန်းကထုံးစံက ဗိုလ်တွေအချင်းချင်း ရင်းနှီးကြဖို့၊ တနည်းအားဖြင့် ကြေးစား ပုံစံသွင်းပေးဖို့ တပ်ရင်းမှူးကြီးက ဗိုလ်တွေအားလုံးကို တပတ်မှာတခါ ညစာအတူ စားတယ်။ တပ်သားနဲ့အတူမစားဘူး။ ဗိုလ်ဟာဗိုလ်ပဲဆိုတဲ့ ဗိုလ်စိတ်သွင်းပေးတာ။ တပ်သားနဲ့ ကင်းကွာကြောင်းကိုယ့်ကိုယ်ကိုယ် သိအောင်လုပ်ပေးတာ။ အဲလို ညစာစားပွဲကို အပတ်စဉ် လုပ်တယ်။ တပ်ရင်းမှူးကြီးကိုယ်တိုင် တက်တယ်။ သောက်ကြစားကြ ပျော်ပျော်ပါးပါးပေါ့လေ။
အဲလို မိတ်ဆုံစားပွဲလုပ်မယ့်ညတခုမှာ ကွန်မြူနစ် PBF ဗိုလ်တွေကမြို့ထဲသွားပြီး နိုင်ငံရေး အစည်းအဝေးတက်ကြတယ်။ ပြန်လာတော့ အပြန်နည်း နည်းနောက်ကျသွားတယ်။ အင်္ဂလိပ် တပ်ရင်းမှူးကြီးက ထမင်းစားပွဲမစသေးဘဲ သူ့ရဲ့ဆင်းမလားပြန်ဗိုလ်တွေနဲ့ စကားစမြည် ပြောရင်း စောင့်နေတာပေါ့။ ခုနက PBF ဗိုလ်တွေဖြစ်တဲ့ ဗိုလ်စိုးမောင်တို့ကလည်း ကမန်းကတမ်းပြန်လာကြတယ်။ နောက်ကျသွားပြီ။ အရာရှိထမင်းစားခန်း (Officermess) ထဲရောက်တဲ့အခါ ကျတော့ တယောက်ကသတိနဲ့အလေးပြုပြီး အင်္ဂလိပ်လို သူတို့ထုံးစံအတိုင်း "Good night, sir." လို့ပြောတယ်။ ဗမာကတော့ နေ၀င်ညကိုး။ အဲဒါကြောင့် Good night လို့ပြောမိ တာ။ အမှန်ကတော့ Good evening လို့ပြောရမှာ။ အဲဒီလို အပြောမှားလိုတဲ့ အင်္ဂလိပ်တပ်ရင်းမှူးကြီးက ယမ်းပုံမီးကျဒေါပွတာ။ ဒါကို ပုံစံကျကုလားပြည်ပြန် တိုင်းရင်းသား အရာရှိများက ၀ိုင်းဟားကြ တာပေါ့လေ။ အင်္ဂလိပ်လိုကျတော့ ဟုတ်ပါတယ်။ Good night ဆိုတာ ပြန်ကြတဲ့အခါကျမှ နှုတ်ဆက်ပြောကြတဲ့ဟာ။ ဒါကို အင်္ဂလိပ်တပ်ရင်းမှူးကြီးတို့က အခွင့် ကောင်းယူပြီး နံနှိမ်တာပေါ့လေ။ “မင်းတို့ တက္ကသိုလ်ဘွဲ့ရတွေ။ တချို့က အင်္ဂလိပ်စာဂုဏ်ထူးနဲပတောင် ရတယ်လို့ပြောတာ၊ ဒါလေးမှ မသိဘူးလား။ ငါ့စွားပွဲထိုးတို့၊ အစေခံတွေတို့၊ ဘတ်တလာတို့ကမှ မင်းတို့ထက် တတ်သေးတယ်။” နှိမ်လဲနှိမ် ကြိမ်းလဲကြိမ်း တာပေါ့လေ။ အဲဒီနောက်ပိုင်းမှာ PBF တပ်ကလာတဲ့ အရာရှိတွေနဲ့ ခုနက အိမ်တော်ပါအိန္ဒိယ က ပါလာတဲ့ တပ်မှူးတွေနဲ့ ဆက်ဆံရေးတွေလဲ တန်းကုန်တယ်လို့ပြောပြတယ်။ ဒါကို ကျနော် ပြောတဲ့အဓိပ္ပာယ်က ဘာဘဲဆိုတော့ တပ်တတပ်ကို မျိုယူဖို့ဆိုတာ မလွယ်ဘူး ဆိုတာပြော ချင်တယ်။ အင်္ဂလိပ်တပ်ကနေ PBF တပ်ကို မျိုယူဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ အများကြီးဖြတ်သန်းရတယ်။ အများကြီး ဖြုတ်တန်တာဖြုတ်လုပ်တာပဲ။ အဲလိုပဲ အခု နအဖ ကလည်းမျိုယူဖို့သူတို့ဘယ်လိုလုပ်ရမှန်းမသိဘူး။မျိုမရထွေးမရဖြစ်နေတာ။
အောင်ဆန်းကိုဘယ်သူသတ်သလဲ
နောက်တချက် ကျနော်ပြောချင်တာက “အောင်ဆန်းကို ဘယ်သူသတ်သလဲ” ဆိုတဲ့ ပြဿနာ။
ဗမာပြည်မှာ ဒီပြဿနာဟာဒီနေ့အထိ ဂယက်ထနေတဲ့ပြဿနာ။ ဒီနေ့ထိ မပြီးပြတ်သေးတဲ့ ပြဿနာ။ နိုင်ငံတကာနဲ့ပါ ဆက်နေတယ်လို့ ဗမာ့အမျိုး သားများက စဉ်းစားတဲ့ပြဿနာ။ ခုနောက်ပိုင်းမှာဆိုရင် ဒီဟာကို အကြောင်းပြုပြီး “..... ခဲ့သော်” ဆိုတဲ့ စဉ်းစားနည်းတွေ ပိုများလာနေတယ်။ “ဗိုလ်ချုပ်အောင်ဆန်းသာ အလုပ်ကြံမခံရသော် ...” အဲဒီကနေ စဉ်းစား လာတယ်။ နောက်ဘယ်သူလုပ်တာလဲ။ ဘယ်သူလုပ်ကြံတာလဲဆိုတာ။ ကျနော်တို့တိုင်းပြည် ဟာ ဗိုလ်နေ၀င်းရဲ့အမွေဆိုးကို ခံရလေလေ ဗိုလ်ချုပ်အောင်ဆန်းကို တမ်းတလေလေဖြစ်နေ တယ်။ “ဗိုလ်နေ၀င်း လုပ်ကြံတာပဲ၊ ဗိုလ်နေ၀င်းဟာ အဓိကတရားခံပဲ” အထိ ပြောလာတာမျိုး တွေလဲရှိနေတယ်။
ရန်ကုန်ဘဆွေ သူကမသေခင်ဝန်ခံသွားလို့ ဂဠုန်စောကိုလုပ်ကြံဖို့စီစဉ်တာ ဘယ်သူတွေ လုပ်တယ်ဆိုတာ သိရတယ်။ နောက်ပြီး တလောကကျနော် ဖတ်လိုက်ရတဲ့ပြည်ပရောက် ဆရာဝန်ဒေါက်တာကြင်ဟိုးရေးတဲ့ အောင်ဆန်းကိုနေ၀င်းသတ်တယ်ဆိုတဲ့ စာအုပ်ထဲမှာ သူ့ကိုပေဖူးလွှာဦးမြလှိုင်က ပြောပြတာရေး ထားတာကို ဖတ်လိုက်ရတယ်။ ဦးမြလှိုင်ဆိုတာက အဲဒီတုန်းက ရန်ကုန်ဘဆွေက ဦးစောကိုသေနတ်နဲ့ပစ်ရာမှာ ကားမောင်းပို့တာ။ ဦးမြလှိုင် ကတော့ ၄ လက်ညှိုးထိုးပြသွားတယ်။ အဲဒီအထဲမှာ ဗိုလ်အောင်ကြီးလဲပါတယ်။
ကျနော်တို့ ကွန်မြူနစ်ပါတီကတော့ ဂဠုန်စောသေနတ်နဲ့ပစ်ခံရတဲ့ကိစ္စမှာ ဗိုလ်နေ၀င်းဟာ သွေးထိုးတဲ့ခန်းက ပါတယ်ဆိုတာအတိအကျသိတယ်။ ဘာကြောင့်သိလဲဆိုတော့ ကျနော်တို့ပါတီက တပ်နီရဲဘော်တွေ အဲဒီတုန်းကပါနေတယ်။ အဲဒီရဲဘော်က အခုတော့ တရုတ်ပြည်မှာကွယ်လွန်သွားပြီ။ သူကိုယ်တိုင်ပါလို့ ပြန်ပြောပြတာ။ တနေ့မှာ ပြည်သူ့ရဲဘော် ဌာနချုပ်ကို ဗိုလ်နေ၀င်းရောက်လာတာ။ သူက “ဟေ့ ... ဟေ့ ... ဂဠုန်စောကို ဆုံးမမယ့်လူ မရှိတော့ဘူးလား” လို့ပြောလိုက်တယ်။ အဲလို သူကဆွပေးလိုက်တာနဲ့ ဂဠုန်စောကိုလုပ်ကြံဖို့ ဆိုတဲ့ အစီအစဉ်ဖြစ်သွားတာလို့ သူကပြောတယ်။ အဲတော့ မင်းမဲ့စရိုက်ရှိတဲ့သူက ရှိပြီးသား။ ခုနက ဗိုလ်အောင်ကြီးတို့ ဘယ်သူတို့ဆိုတာကလဲ ဗိုလ်နေ၀င်းမျက်ရည်ကျရင် သူတို့က ရိုက်ပြီးသားဆိုတဲ့လူမျိုး။ပေါင်းပြီးလုပ်ကြတာပဲ။
ဂဠုန်စောကမသေဘဲ ဒဏ်ရာရပြီးဆေးရုံရောက်တယ်။ ဒါကို အခြေအနေဘာမှမသိရှာတဲ့ ဗိုလ်ချုပ်အောင်ဆန်းကဆေးရုံသွားပြီး (ဗမာတွေရဲ့ ယဉ် ကျေးမှုထုံးစံအရ) လူနာမေးတာပေါ့။ ဗိုလ်ချုပ်အောင်ဆန်းကတော့ တကယ်ကိုစေတနာနဲ့ ရိုးရိုးသားသားသွားမေးတာ။ ဒါပေမယ့် ဂဠုန်စောဘက်ကကျတော့ ဒါ ဟာ သူ့ကိုစော်ကားတာဆိုပြီးတော့ အနာပေါ်တုတ်ကျဖြစ်တော့ တာ။ “ငါ့ကိုလည်း သေကြောင်းကြံသေးတယ်။ နောက်ပြီး မျက်နှာထူထူနဲ့လာမေးနေတယ်” ဆိုတာ မျိုးပေါ့လေ။ သူ့ကို တမင်စော်ကားတာပဲလို့ယူဆပြီး သူကလည်း ပြန်လက်စားချေဖို့ လုပ်ကြတော့တာပဲ။ ဂဠုန်စောပြောလေ့ရှိတဲ့စကားက “ဒို့အမျိုးက ကိုယ့်တ ချက်ချရင် ကိုယ် ကနှစ်ချက်ပြန်ချရမှကျေနပ်တဲ့အမျိုး”လို့ကြုံးဝါးလေ့ရှိတယ်။
အဲဒီနောက်မှာတော့ ဖဆပလ - ကွန်မြူနစ်ကွဲတယ်။ နိုင်ငံရေးမှာအကွက်၊ လာဘ်တွေ အင်မတန်မြင်တတ်ပါတယ်ဆိုတဲ့ ဦးကျော်ငြိမ်းက ဂဠုန်စော လုပ်ကြံမယ်ဆိုတာ မသိတာ ကျတော့ အတော်အံ့သြစရာကောင်းတယ်လို့ ကျနော်ထင်တယ်။ တကယ်ကျတော့ ဂဠုန်စော ရဲ့စရိုက်နဲ့ ဦးနေ၀င်းရဲ့စရိုက်က တထပ်တည်းပဲ။ အင်္ဂလိပ်ကတော့ ဂဠုန်ဦးစောစရိုက်ကို ဘယ်လိုသုံးသပ်လဲဆိုတော့ “ဒီလူဟာ နိုင်ငံရေးပညာမဲ့တယ်။ အငြိုးအတေးကြီးတယ်။ တစောက်ကန်းလူမိုက် ခေါင်းဆောင်စရိုက် အပြည့်ရှိတယ်”လို့ သူတို့သုံးသပ်တယ်။ ဒါဟာ နေ၀င်းရဲ့စရိုက်နဲ့တထပ်တည်းဖြစ်တယ်။
စရိုက်ချင်းတူပေမဲ့ နေ၀င်းကသာသွားတာကဘာလဲဆိုတော့ စစ်ကြီးအတွင်းမှာ ဦးစောက ယူဂန်ဒါကို အပို့ခံလိုက်ရတာ။ ဗမာပြည်ကအခြေအနေတွေ နဲ့ ပြတ်သွားတာ။ ဒီထဲမှာဖြတ် သန်းရင်း ဗိုလ်နေ၀င်းဟာ အခြေအနေတွေကို ပိုပြီးဆုပ်မိတယ်။ အတွေ့အကြုံလဲ ပိုကြွလာ တယ်။ လူရည်လဲပိုပြီး လည်လာတယ်။ နောက်လိုက် အခြွေအရံလဲ ပိုများလာတယ်။ ဒါတွေမှာ ဦးစောနေ၀င်းကိုအရှုံးပေးလိုက်ရတာဖြစ်တယ်။
ဗမာပြည်ရဲ့ကံကြမ္မာ-ဗိုလ်နေ၀င်းရဲ့ကံဇာတာ
၁၉၄၈ ခုနှစ်နဲ့ ၅၈ ခုနှစ်အကြားကာလ ဆယ်စုနှစ်ဟာ ကျနော်တို့ ဗမာပြည်ရဲ့ကံကြမ္မာ အမှေး မှိန်ဆုံးကာလဖြစ်သလို ဗိုလ်နေ၀င်းရဲ့ ကံဇာတာအတက်ဆုံးကာလလို့ပြောရင် မမှားဘူးထင် ပါတယ်။
ကျနော်တို့တိုင်းပြည်ရဲ့ကံကြမ္မာ အမှေးမှိန်ဆုံးလို့ပြောရတဲ့ အကြောင်းက အချက် ၃ ချက် ကြောင့်ဖြစ်ပါတယ်။အဲဒါတွေကဘာလဲဆိုတော့...
၁။ပြည်တွင်းစစ်ကြီးဖြစ်တာ။
၂။ဗိုလ်နေ၀င်းတို့ဆိုရှယ်လစ်ပါတီအစုကတပ်မတော်ကိုအုပ်စီးမိသွားတာ။
၃။ဖဆပလကွဲတာ။
ဒီ ၃ ချက်ကနေ နောင်ဗမာပြည်ရဲ့ အဆိုးဆုံးသမိုင်းကာလကို ဖြစ်ပေါ်စေတဲ့ စစ်အာဏာ ရှင်တွေ ပေါ်ထွက်လာစေတာကြောင့် ဖြစ်ပါတယ်။ အဲတော့ ဒီ ၃ ချက်ကို ကျနော်ပြောပါတယ်။ အဲဒီထဲက ပြည်တွင်းစစ်ဖြစ်ပွားတဲ့ ကိစ္စနဲ့ပတ်သက်လို့ အဲဒါကိုအဓိကပြောမှာမို့လို့ အကျယ် မချဲ့တော့ပါဘူး။ ဒါအားလုံးလဲ သိနေကြတဲ့ကိစ္စပါ။ ဒီနေရာမှာ ကျနော်တခုပဲ ကိုးကားချင် တယ်။ အဲဒါဘာလဲဆိုတော့ ဗိုလ်နေ၀င်းက ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ သခင်ဗသိန်းတင် ကို ပြောဖူးတဲ့စကားပါ။ ၁၉၈၀ ခုနှစ်မှာ မဆလအစိုးရနဲ့ ကျနော်တို့ ကွန်မြူနစ်ပါတီနဲ့ စေ့စပ် ဖို့ပြင်ဆင်တဲ့အနေနဲ့ ပီကင်းမှာ ဦးနေ၀င်းနဲ့ သခင်ဗသိန်းတင်တို့ တွေ့ကြပါတယ်။ အဲလိုတွေ့ ကြတော့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြတာပေါ့။ အဲလိုပြောကြရင်းနဲ့ ဗိုလ်နေ၀င်းက စကားတလုံးထည့်လိုက်ပါတယ်။ ၄၈ ခုနှစ်က အဖြစ်အပျက်နဲ့ ပတ်သက်လို့။ အဲဒီတုန်းက ဦးကျော်ငြိမ်းက ဗမာပြည်ကွန်မြူနစ်ပါတီရုံးချုပ်ဖြစ်တဲ့ ဗားကရာလမ်းကပါတီရုံးမှာ တပ်ရင်း တရင်းရှိတယ်လို့ပြောတယ် ဆိုတဲ့ကိစ္စ။ အဲဒါကြောင့် ၀င်ဖမ်းရပါတယ်လို့ ဦးကျော်ငြိမ်းက ပြောတဲ့ကိစ္စ။ ဒါကို ဗိုလ်နေ၀င်းက ဘယ်လိုပြောလဲဆိုတော့ သူ့အနေနဲ့တဲ့ ကိုကျော်ငြိမ်းက ဒီလိုပြောတဲ့အခါမှာ “ဒီအပေါင်ဆိုင် ထပ်ခိုးလေးမှာ တပ်ရင်းတရင်း ရှိနေပါ့မလား” ကျနော်ပြန် ပြောလိုက်တယ်တဲ့။ ဒါဟာ ဗိုလ်နေ၀င်းရဲ့ လုပ်နေကျလုပ်နည်းလုပ်ဟန်တခုပါ။ သူတခု ခုလုပ်တော့မယ်ဆိုရင် အဲလိုကြိုက်လုံးလေးတွေ ပစ်ပစ်ပေးပါတယ်။ တဆက်တည်း ဗိုလ်နေ၀င်းလုပ်ဟန်တခု ထပ်ပြောလိုက်မယ်ဆိုရင်လည်း ၁၉၆၃ ခုနှစ်၊ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲဖြစ်ကြတဲ့အခါကျတော့ ဗိုလ်နေ၀င်းနဲ့ သခင်ဗသိန်းတင်တို့ ရန်ကုန်မှာတွေ့ကြတော့ ဗိုလ်နေ၀င်းက ဘယ်လိုပြောလဲဆိုရင် “ကျနော်တို့က စစ်သားပါ”တဲ့။ “နိုင်ငံရေးတွေ နားမ လည်ပါဘူး”တဲ့။ “သခင်ဗသိန်းတင်တို့ ကွန်မြူနစ်ခေါင်းဆောင်တွေက နိုင်ငံရေးနားလည်ပါ တယ်။ တိုင်းပြည်လဲ တည်ဆောက်တတ်ပါတယ်။ အဲတော့ သခင်ဗသိန်းတင်တို့ပဲ မဆလပါတီ ကိုကိုင်ပြီးတော့ နိုင်ငံတော်အစိုးရလုပ်ကြပါ။ ကျနော်တို့တပ်ကိုပြန်ပါ့မယ်” လို့ပြောတယ်။ ပြောလိုက်ရင်တော့ ဟုတ်သလိုလိုပဲ။ ဒါပေမယ့် ကျနော်တို့ကပြန်စဉ်းစားပြီး ဗမာပြည် ကွန်မြူနစ်ပါတီက ဘာပြန်ပြောလဲဆိုတော့ “ခုဟာက ကွန်မြူနစ်ပါတီဖျက်ပြီးတော့ မဆလ ပါတီထဲ အ၀င်ခိုင်းတာပဲ။ အဲဒါတော့ မလုပ်နိုင်ဘူး” လို့ ပြောလိုက်တယ်။ အဲဒီလို ဗိုလ်နေ၀င်း ကပစ်လုံးလေးတွေနဲ့ဝင်လေ့ရှိတယ်။
ကျနော်ပြောချင်တာက ပြည်တွင်းစစ်ဖြစ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးဗိုလ်နေ၀င်းက ဦးကျော်ငြိမ်းကို လက်ညှိုးထိုးပြပြီး ကိုယ်လွတ်ရုန်းတာကို ပြောချင်တာ။ အခုအခါမှာလည်း စစ်အုပ်စုရဲ့ စတုတ္ထမျိုးဆက်လို့ဆိုရမယ့် ဗိုလ်သန်းရွှေနဲ့သူ့တပည့်တွေက ပြည်တွင်းစစ်ကိုဖန်တီးတာလက် ရှိ ဒီချုပ်ခေါင်းဆောင် တွေအပါအ၀င် အရင်ကတပ်မတော်မျိုးနွယ်တွေပဲဖြစ်တယ်။ သူတို့နဲ့ မဆိုင်ဘူးလို့ ပြောနေကြတယ်။ အဲဒါနဲ့ ယှဉ်စဉ်းစားကြည့်ဖို့ပြောတာပါ။ စစ်အုပ်စုထိပ်သီးတွေ ဟာ ကိုယ်လုပ်တာတွေ မကောင်းမှန်း၊ မဟုတ်မှန်း မသိဘူးမဟုတ်ဘူး၊ သိတယ်။ ဒါပေမယ့် သူတို့တာဝန်မယူချင်ဘူး။ ဟိုလွှဲချ ဒီလွှဲချလုပ်တယ်။ သူတို့အစဉ်အလာပဲ။ ၇ ရက်၊ ဇူလိုင်တုန်းက သမဂ္ဂအဆောက်အဦကြီး ဖြိုတဲ့ကိစ္စကိုပဲကြည့်။ ကျနော် အကျယ်ပြောဖို့မလို ဘူး။
အဲဒီလို ပြည်တွင်းစစ်အကြောင်းပြုပြီး စစ်တပ်ရဲ့အခန်းက အရေးပါလာတယ်။ စစ်ရေးမှာ စစ်တပ်ကို မလွန်ဆန်နိုင်တာက တခြားကိစ္စတွေမှာလည်း စစ်တပ်ကို အလျှော့ပေးလိုက်တာ တွေဖြစ်လာပါတယ်။ နောက်တချက်က အဲဒီပြည်တွင်းစစ်ကြောင့် အိန္ဒိယကပြန်လာတဲ့ တိုင်း ရင်းသားတပ်မတော် အရာရှိတွေ တပ်ကထွက်ရတယ်။ တိုင်းရင်းသားတပ်တွေကို ဖဆပလ ဆိုရှယ်လစ်အုပ်စုနဲ့ ဗိုလ်နေ၀င်းတို့က လက်နက်တွေဖြုတ်တယ်။ တပ်တွေဖျက်ပစ်တယ်။ အဲလို တဖြည်းဖြည်းနဲ့ ဗိုလ်နေ၀င်းတို့က တပ်ကိုအုပ်စီးမိသွားပါတယ်။ ဗိုလ်နေ၀င်း တပ်ကို အုပ်စီးမိသွားတာနဲ့တပါတည်းမှာ ဖဆပလကလည်း ဗိုလ်နေ၀င်းကို ဆွဲပြီးယူလိုက်ရတယ်။ နဂိုတုန်းကလဲသူက ဆိုရှယ်လစ်ပါတီ ကလူပါပဲ။ ဒါပေမယ့်အဲလိုတပ်ကို အုပ်စီးမိသွားတဲ့ အခါမှာ ပိုပြီးတော့ကိုယ့်ဖက်အတွင်းလူထဲ ဆွဲသွင်းလိုက်တာ။ ဗိုလ်နေ၀င်းဟာဒီလိုနဲ့ ဆိုရှယ်လစ်ပါတီအမာခံ ဖြစ်တယ်။ ဒီနေရာမှာ ကြုံလို့ပြောပြချင်တာတခုက အိန္ဒိယပြန်တွေ ဟာ ပြည်တွင်းစစ်မှာ တော်လှန်ရေးအင်အားစုတွေဘက်ကို ပါမလာပါဘူး။ တိုင်းရင်းသား တပ်မှူးကြီးတွေပါ။ တော်လှန်ရေးထဲကိုပါသွားတဲ့ တပ်ကလူတွေကလည်း ဗိုလ်နေ၀င်းနဲ့ပြိုင် ဘက် တွေမဟုတ်ကြပါဘူး။ ဘယ်လိုပဲပြောပြော ဒီတကွေ့မှာတော့ ဆိုရှယ်လစ်ပါတီခေါင်း ဆောင်တွေဟာ တိုင်းရင်းသားတပ်မှူးတွေကို တပ်ထဲကဖယ်ရှားလို့ရလိုက်ပြီး သူတို့အတွက် လုပ်ချင်တာလုပ်ဖို့ အခွင့်ကောင်းတခုရသွားတာတော့ အမှန်ပဲ။ တကယ်ကပြောရရင် လွတ်လပ်ရေးရခါနီးမှာဗိုလ်နေ၀င်းကို အင်္ဂလိပ်အလိုတော်ရိတွေက မျက်စေ့ကျပါတယ်။ သူတို့ က ဗိုလ်ချုပ်အောင်ဆန်းနဲ့အပြိုင် Figure တခု (ပုဂ္ဂိုလ်တယောက်) မွေးချင်နေတာ။ ဗိုလ်နေ၀င်းကလည်း ပျဉ်းမနားမှာလယ်သမားတွေကို နှိမ်တဲ့အခါမှာ ရက်ရက်စက်စက်နှိမ်နှင်း တဲ့နည်းနဲ့ အင်္ဂလိပ် အကြိုက်ကို လုပ်ပြထားတာရှိတယ်။ ဗိုလ်နေ၀င်းရဲ့ တပ်ရင်း ၄ ကို တာဝန်ပေးလိုက်တဲ့အခါမှာ သူကအင်္ဂလိပ်ကို မျက်နှာလိုအားရလည်းဖြစ်၊ သူကိုယ်တိုင်လဲ ပုဂ္ဂိုလ်ရေးအရ အာဃာတတွေထားတဲ့ ကွန်မြူနစ်တွေကို နှိမ်နှင်းရတာမို့ လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်နေကြတဲ့ကာလကြီးမှာ ကိုယ့်အမျိုးသားချင်းကို ပြတ် ပြတ်သားသား ရက်ရက် စက်စက်နှိမ်နှင်းပြခဲ့ပါတယ်။ အဲဒါကို အင်္ဂလိပ်က အင်မတန်သဘောကျပါတယ်။ အင်္ဂလိပ်ရဲ့ အလိုတော်ရိတွေလည်း သဘောကျတယ်။ နောက်တချက်က ဗိုလ်နေ၀င်းရဲ့ အကျင့်စရိုက်။ ဒီလိုအကျင့်စရိုက်ရှိတဲ့လူမျိုးကို တပည့်မွေးချင်တဲ့လူတွေက အရမ်းကြိုက် တယ်။ အဲဒီအချိန်က ကိုလို နီအစိုးရဘက်ကကြည့်ရင် သူတို့မွေးစရာ Figure က များများ မရှိဘူး။ ICS ဦးတင်ထွဋ္ဋ်လိုပုဂ္ဂိုလ်မျိုး။ သူက ဗိုလ်နေ၀င်းလို ရုပ်ပြမကောင်းဘူး။ ဦးတင်ထွဋ္ဋ်က လန်ဒန်မှာ အင်္ဂလိပ်အစိုးရအတွက် အလုပ်လုပ်ပြီးပြန်လာတာ။ အဲဒီကနေ ပြန်လာတဲ့အခါမှာ အိန္ဒိယမှာရှိတဲ့ ဒေါ်မန်စမစ်တို့ဆီဝင်တာ။ လူတိုင်းက သူတို့အင်္ဂလိပ်ရဲ့လူလို့ သတ်မှတ်ကြ တာ။ သူ့ကို ဗမာပြည် ပြည်သူလူထုက နည်းနည်းမှလက်မခံဘူး။ ဗိုလ်နေ၀င်းကျတော့ သူက “ရဲဘော်သုံးကျိပ်ဝင်” ဆိုတဲ့အရှိန်က ရှိနေတယ်။ ဒါကြောင့် အဲဒီတုန်းက ဘီအိုစီကိုယ်စား လှယ်လုပ်နေတဲ့ ဦးဘဖေက ဗိုလ်နေ၀င်းကို အာဏာသိမ်းခိုင်းတယ်။ ဒါပေမယ့် ဗိုလ်နေ၀င်းက ဦးဘဖေထက်ပိုလည်တယ်။ ဒီလောက်မအဘူး။ အဲလိုအချိန်မှာ လောဘတကြီး သူလုပ်လိုက် ရင် လူထုခြေဖ၀ါးအောက်မှာ မှုန့်မှုန့်ညက်ညက်ကြေသွားမယ်ဆိုတာ သူသိတယ်။ အဲဒီအချိန် တုန်းက ဗမာပြည်ပြည်သူလူထုကြီးဟာ လွတ်လပ်ရေးဘယ်လောက်လိုလားနေတယ်၊ ဘာမ ဆိုလုပ်တော့မယ်ဆိုတဲ့ အခြေအနေမှာရှိနေတယ်ဆိုတာ သူသိတယ်။ ဒါကြောင့်မို့လို့ ဦးဘဖေ သူ့ကိုခိုင်းတဲ့ကိစ္စကို သူကဖော်ကောင်လုပ်ပြီး အမှတ်ယူလိုက်တယ်။ ဒီနည်းနဲ့ ဆိုရှယ်လစ် ပါတီရဲ့လူယုံတော်လည်းပိုဖြစ်လာတယ်။
ဦးတင်ထွဋ္ဋ်ကျတော့ “ဗိုလ်ချုပ်” ဆိုတဲ့ ရာထူးကရထားတယ်။ ဆိုရှယ်လစ်အုပ်စုနဲ့လည်း မတည့်တော့၊ ခလုတ်ကန်သင်းတွေ ဖြစ်နေတော့အဲဒီကာလ တုန်းက ခေတ်စားတဲ့လုပ်ကြံ နည်းဖြစ်တဲ့ လက်ပစ်ဗုံးနဲ့ပစ်သတ်တာခံလိုက်ရတယ်။ သူဟာ နိုင်ငံခြားရေးဝန်ကြီးနော်။ အဲဒီတုန်းက ခေတ်စားတယ်ဆိုတာက “ဗမာ့ခေတ်” သတင်းစာတိုက်ကိုလည်း အလားတူပဲ လက်သည်မပေါ်အောင် လက်ပစ်ဗုံးနဲ့ပစ်ခဲ့တယ်။ ဦးတင်ထွဋ္ဋ်ကိစ္စလည်း ဒီနေ့ထိလက်သည်မ ပေါ်ပါဘူး။ (ဟို တလောကတော့ အဲဒီတုန်းက ဆိုရှယ်လစ်ပါတီထိပ်သီး စစ်ဗိုလ်တွေရဲ့ လက်ချက်လို့ သုတေသနပြုသူတဦးက ရေးတာဖတ်လိုက်ရတယ်။) ဒီလိုနဲ့ ဖဆပလ တိုင်းပြည် အာဏာရလာတဲ့အခါမှာ ဦးနုက ၀န်ကြီးချုပ်ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်ကက်ဘိနက် တခု လုံးကို (အစိုးရအဖွဲ့တခုလုံးကို) ချယ်လှနေတာဟာ ဆိုရှယ်လစ်ပါတီက လူတွေပါ။ ဦးနုဟာ အနည်းစုဖြစ်ပြီး ဘာမှပြန်မပြောနိုင်ပါဘူး။ ဟိုလူတွေက ဂိုဏ်းအုပ်စုသဏ္ဌာန်နဲ့ အင်အားလည်း တောင့်တယ်။ အဲဒါအပြင် သူတို့ရဲ့ နောက်ကွယ်မှာ စပကသတို့၊ TUCB တို့၊ ဗလမစတို့စတဲ့ အဖွဲ့အစည်းတွေကလည်း ရှိနေသေးတယ်။ အဲတော့ကက်ဘိနက်ရယ် လို့ဖွဲ့လိုက်ရင် ဆိုရှယ် လစ်ပါတီကလူတွေက အရေးကြီးဆုံးဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီး ဌာနကို အပိုင်ကိုင်လိုက်တာပဲ။ အဲဒီ ၀န်ကြီးဌာန နှစ်ခုကနေ နိုင်ငံရေးအရ ချုပ်ကိုင်ညွှန်ကြား တာလုပ်ကြတော့တာပါပဲ။
Psycho လို့ခေါ်တဲ့ လူမှုဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးဌာနတို့၊ နောင်မှာ MIS ဖြစ်လာမယ့် စစ်ထောက်လှမ်းရေးတို့ စတာတွေဟာ အဲဒီကာလမှာ ပေါ်လာတာဖြစ်ပါတယ်။ အဲဒီဌာနတွေကို ကိုင်တာကဗိုလ်မောင်မောင်ပါ။ နောက်ပြီး ဆိုရှယ်လစ်ပါတီကလူတွေ အလွတ်မပေးတဲ့ဝန်ကြီးဌာနတခုက ဘာလဲဆိုတော့ အဲဒီတုန်းကပြည်ပလက်ဝေခံတွေ အတွက် အင်မတန်အရေးပါလှတဲ့ ကုန်သွယ်ရေးဌာနပါ။ အဲဒီဌာနကိုလည်း ဆိုရှယ်လစ် အုပ်စုကအပိုင်ကိုင်ထားပါတယ်။
အဲဒီကာလတုန်းက ဆိုရှယ်လစ်ပါတီက တပ်မတော်ကို နိုင်ငံရေးနဲ့ ချုပ်ကိုင်ထားတယ်လို့ ပြောလို့ရပါတယ်။ သူတို့ ချုပ်ကိုင်ထားတယ်ဆိုတာ ဘာလဲ ဆိုတော့သူတို့ရဲ့အဓိကပေါ်လစီ ဖြစ်တဲ့ “ပြည်တွင်းစစ် အပြုတ်တိုက်ရေး”၊ “ငြိမ်းချမ်းရေးစကားပြောသူတွေကို အတိုက်အခံ၊ ကွန်မြူနစ်ကိုယ်စားလှယ်တွေဆိုပြီး ဖိနှိပ်ရမယ်”။ အဲဒါကို တပ်မတော်က တသွေးတသံတမိန့် ဆိုပြီး နာခံအကောင်အထည်ဖော်ရတာပဲ ဖြစ်ပါတယ်။ ဆိုရှယ်လစ်ပါတီနဲ့ ဗိုလ်နေ၀င်းတို့ဟာ သူတို့ရဲ့တပ်ထဲမှာကျတော့ တပ်မှူးတပ်သားတွေကို ဘာနိုင်ငံရေးမှ စဉ်းစားခွင့်၊လုပ်ကိုင်ခွင့် ပေးတာ မဟုတ်ပါဘူး။ သူတို့ ရွေးကောက်ပွဲတွေလုပ်တယ်ဆိုရင် တပ်တွင်းမဲပေးရုံတွေမှာဆို ဗြောင်ပဲ၊ တချို့နေရာတွေမှာဆို ဖဆပလရဲ့ မဲပုံးတပုံးတည်းကို ချပေးထားတယ်။ ဒါမှမဟုတ် ရင် လဟာပြင်ကစားပွဲပေါ်မှာ မဲပုံးတွေတင်ထားပြီး အရာရှိတွေက ထိုင်ကြည့်နေတယ်။ အရာ ရှိတွေ မျက်စေ့အောက်မှာ မဲထည့်ရတယ်။ ဖဆပလမဲပုံးထဲ ထည့်ခိုင်းတာပဲ။ တပ်မတော်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးဆိုတဲ့ဟာက အစိုးရကို (အထူးသဖြင့် ဦးနုတို့ကို) မဖြတ်သန်းဘဲ သူတို့ ၀ါဒဖြန့်ချင်တာတွေဖြန့်တယ်။ ပါလီမန်မှာ အဆုံးအဖြတ်မကျသေးတဲ့ဟာတွေကို အသံလွှင့်ပစ် တယ်။ တပြည်လုံးကို အသိပေးပစ်တယ်။ ဦးနုဟာဒီလိုနဲ့ အရုပ်သက်သက်ဖြစ်မှန်းမသိ ဖြစ် လာတယ်။ ဒါကို ဦးနုက သိတယ်။ ရိပ်မိတယ်။ မရိပ်မိတာက ဆိုရှယ်လစ်ပါတီက လူတွေပဲ။ ဆိုရှယ်လစ်ပါတီကလူတွေက ၀မ်းသာအားရနဲ့ သူတို့ခေတ်၊ သူတို့အခါ၊ သူတို့မိုးပဲလို့ လုပ်နေ ကြတာ။ ဒါပေမယ့် သူတို့အဲလိုလုပ်တာဟာ နိုင်ငံတော်ထဲမှာနိုင်ငံတော်တခုထောင်ပေးနေ တာ။ နောင်မှာ သူတို့ကိုပါကန်ထုတ်နိုင်မယ့် ဗိုလ်နေ၀င်းကို အာဏာရှင်ဖြစ်လာအောင် မြင်းချို တပ်ပေးနေခဲ့တယ်လို့ သူတို့ သတိမထားမိခဲ့ဘူ။ အဲဒီကာလတုန်းက တပ်တွင်းကဆိုရှယ်လစ် ပါတီတွင်း စစ်ဗိုလ်တွေဟာ “တပ်သားများစောင့်ရှောက်ရေး” နာမည်နဲ့ DSI, BEDC စတာတွေ လုပ်ခွင့်ရပြီး စီးပွားရေးပါလုပ်လာကြတယ်။ DSI ဆိုတာကအစိုးရကို အခွန်အကောက်တွေ မပေးရဘူး။ ပြီးတော့နိုင်ငံခြားက တင်သွင်းခွင့်လိုင်စင်တွေလည်း အပြည့်ရထားတာ။ အဲတော့ DSI က ပစ္စည်းကောင်းလေးတွေရှိတယ်၊ ဈေးသက်သာတယ်ဆိုတော့ အဲဒီသွားဝယ်ကြတယ်။ အပြင်မှာ ၀ယ်မရတဲ့ဟာတွေ သူတို့ဆီသွားဝယ်ကြတယ်။ အဲဒီတပ်တွင်းကနေ တဖြည်းဖြည်း တပ်ပြင်ကိုချဲ့လာတယ်။ နယ်ပယ်တွေလဲ ကျယ်ပြန့်လာတယ်။သွင်းကုန်လိုင်စင်လုပ်ငန်းသာ မက နိုင်ငံခြားစာအုပ် ရောင်းတာကနေ အရက်ချက်တာထိ သူတို့လုပ်လာတယ်။လက်ဝါးကြီး အုပ်တယ်လို့ဆိုရင် ပိုမှန်မယ်လို့ထင်ပါတယ်။ အဲလိုနဲ့တင်တွင်းမှာ ဆှိုရယ်လစ်ပါတီလိုင်းက အတိအလင်းတွင်ကျယ်နေတယ်။ ဒါကိုကျန်တဲ့ စစ်ဗိုလ်တွေလဲသိနေကြတယ်။ဒါကြောင့်ခုန က အိန္ဒိယကပြန်လာတဲ့ “သခင်ကြီးတပ်” ကလာတဲ့ ပေါထွန်းရွှေတို့လို ဗိုလ်တွေက “ငါတို့က တော်လှန်ရေးကာလတုန်းက အိန္ဒိယကိုရောက်နေတာ။ ဒါကြောင့် ကွန်မြူနစ်နဲ့ လဲ မနီးစပ်ဘူး။ ဆိုရှယ်လစ်ပါတီနဲ့လဲ မနီးစပ်ဘူး။ ဒါကြောင့် ငါတို့ ဘာအခွင့်အရေးမှ မခံစားခဲ့ရဖူးဘူး။ နောက် တခါမှာ ဘာပါတီပေါ်ပေါ် ၀င်ပစ်လိုက်မယ်” လို့ ထုတ်ပြောလာတဲ့အထိ ဖြစ်လာတယ်။ အဲဒီဗိုလ်တွေက နောက်တော့ မဆလ ပေါ်လာတဲ့အခါ (သူတို့ပြောတဲ့အတိုင်း)ခြေစုံပစ်ဝင်ခဲ့ ကြတာပဲ။ မဆလခေါင်းဆောင်တွေ ဖြစ်လာကြတယ်။ အင်္ဂလိပ်အစိုးရဟာ ဂန္ဒီစာချုပ်အရတပ် ကို ပြန်ဖွဲ့တဲ့အခါကျတော့ ဂျပန်တော်လှန်ရေးဆင်နွှဲခဲ့တဲ့ PBF ကိုတပ်သား ၅၂၀၀ ထိလျှော့ချ ပစ်လိုက်ရတယ်။ အရာရှိက ၂၀၀ ပါတယ်။ အဲလို လျှော့်ချပစ်လိုက်ဦးတောင်မှ တပ်သားတွေရဲ့ခေါင်းထဲမှာ နိုင်ငံရေးရှိတယ်။ တိုင်းချစ်ပြည်ချစ်နိုင်ငံရေးရှိတယ်။ အဲဒီတပ်သားတွေကို အင်္ဂလိပ်က သူတို့ထဲသွင်းတဲ့အခါကျတော့ Professional Soldier လို့ခေါ်တဲ့ ကြေးစားတပ်ပုံစံ သွင်းတယ်။ ကြေးစားတပ်လို့ပြောရတာ ဘာကြောင့်လဲဆိုတော့ အဲဒီ တပ်ဟာ နိုင်ငံရေးအ တွေးအခေါ်တခုအတွက် မဟုတ်ဘူး။ အဲဒီတပ်ထဲဝင်တဲ့လူတိုင်းဟာ တိုင်းပြည်ကိုချစ်လို့ အဲလို မဟုတ်ဘူး။ လစာအတွက် တပ်ထဲဝင်တာပဲ။ အဲဒီတပ်သားတွေကိုလဲ အင်္ဂလိပ်အစိုးရက လစာနဲ့၊ အခွင့်အရေးနဲ့ ထိန်းကြတာပဲ။ ဗိုလ်နေ၀င်းနဲ့ ဖဆပလ ဆိုရှယ်လစ်ပါတီတို့ဟာ တပ်မတော်ကိုသူတို့လက်အောက် သွင်းလိုက်တဲ့အခါမှာလဲ အဲလိုပဲတပ်သားတွေကို နိုင်ငံရေး အ တွေးအခေါ် သွင်းပေးမထားဘူး။ တပ်မှူးတွေရော။ သူတို့ရဲ့ အမိန့်နာခံရေးသက်သက် တပ်အဖြစ်နဲ့ပဲ ဖွဲ့ထားခဲ့တာ။ အဲဒါဟာ လွတ်လပ်ရေးရပြီးကလာကနေ ဒီနေ့ အထိလို့ပြောလို့ရ တယ်။
အဲလို နိုင်ငံရေးအသိ တပ်ဆင်မထားလို့လဲ ဒီတပ်ဟာ ဗိုလ်နေ၀င်းတလက်ကိုင်အဖြစ် အလွယ် တကူကျရောက်သွားတာ ဖြစ်တယ်။ အခု နအဖ စစ် အုပ်စုလက်အောက်ကနေ တပ်မတော်ကို ဆွဲထုတ်မယ်ဆိုရင်လဲ ကျနော်တို့အနေနဲ့ တပ်မတော်ကို နိုင်ငံရေးစိတ်ဓာတ်သွင်းပေးရမယ်လို့ ထင်တယ်။ အထူးသဖြင့် တပ်မှူးကြီးတွေ အမျှော်အမြင်ကြီးဖို့လိုတယ်။ ပြည်ချစ်စိတ်၊ ဒီမို ကရေစီလိုလားစိတ် ရှိရမယ်။ ပြည်သူ့အတွက် ရပ်တည်ချင်တဲစိတ်ရှိရမယ်။ တပ်မတော် ဟာ ကိုယ့် စားဝတ်နေရေးချောင်အောင် ဘယ်လိုအကွက်ရှာရပါ့မလဲဆိုတာချည်း စဉ်းစားနေအောင် လုပ်ထားတာက ဗိုလ်သန်းရွှေတို့ ပုံသွင်းထားတာ။ သူတို့က အဲဒီလိုဖြစ်စေချင်တာ။
ကျနော်တို့ အတွေ့အကြုံအရဆိုရင် အစိုးရတပ်ကအရာရှိတွေဟာ စစ်မတိုက်တဲ့ကာလမှာ တပ်ထဲမှာနေချင်ကြတယ်။ စစ်တိုက်ရလို့တိုက်ပွဲတွေ ပြင်းထန်လာရင် နောက်တန်းမှာထိုင်ပြီး အစိုးရဌာနတွေမှာ အရာရှိလုပ်ချင်ကြတာ။ မဆလခေတ်တုန်းက အရှေ့မြောက်မှာတိုက်ပွဲ တွေပြင်းထန်လို့ အဲဒီလိုဖြစ်တာချည်းပဲ။ တခါမှ နိုင်ငံရေးစိတ်မ၀င်စားခဲ့တဲ့ စောစောက ပေါထွန်းရွှေလိုလူတောင်မှ မဆလပါတီမှာ ထိပ်တန်းကိုရောက်လာတာပဲ။ နဂိုကသူက တပ်မတော်ခေါင်းဆောင် တယောက်ပဲ။ ခုပြောခဲ့တာ တပ်ကို ဆိုရှယ်လစ်ပါတီက စီးမိသွားတဲ့ ကိစ္စ။ဗိုလ်နေ၀င်းကစီးမိသွားတဲ့ကိစ္စ။
ခေါင်းနှစ်လုံးနဲ့နဂါးကြီးဖဆပလ
နံပါတ်သုံးအချက်က ဖဆပလ ကွဲတဲ့ကိစ္စ။ ဖဆပလကွဲတာရယ်၊ ကြားဖြတ်အစိုးရအာဏာ သိမ်းတာရယ်တို့က တိုက်ရိုက်ဆက်နွယ်နေတာ ဖြစ်ပါတယ်။ ၄၈ နဲ့ ၅၈အကြားဖြစ်ပေါ်တိုးပွား မှုတွေဟာ ဗိုလ်နေ၀င်းရဲ့ အာဏာရမက်ကို တလိပ်လိပ်တက်လာစေခဲ့တယ်။ ပြည်တွင်းစစ် ကြောင့်ဖြစ်ဖြစ်၊ ကိုယ့်အချင်းချင်း ပြဿနာတွေကြောင့်ဖြစ်ဖြစ် ဆိုရှယ်လစ် ပါတီကလူတွေဟာ ဗိုလ်ဝေင်းကို နေရာပေးသည်ထက်ပေးလာကြတယ်။ ဒီနေရာမှာဦးကျော်ငြိမ်းက ဇာတ်ညွှန်း ရေးပြီး ဦးသိန်းဖေ (မြင့်) ပါဝင်ကပြခဲ့တဲ့ “လက်ဝဲညီညွတ်ရေး” ပြဇာတ်ကိုလဲ ထည့်ရေးဖို့လို တယ်။ အသေးစိတ် တော့ မပြောတော့ဘူး။ အားလုံးလဲ သိပြီးသားမို့ပါ။ အဲဒီကိစ္စကို စစ်အုပ်စု က ကိုးကားပြီး အမှတ်ယူလေ့ရှိတာကိုတော့ အားလုံးမှတ်မိကြလိမ့်မယ်ထင်ပါတယ်။ အဲဒီ “လက်ဝဲညီညွတ်ရေး” ဆိုတဲ့ထိုးဇာတ်ကြီး လုပ်လိုက်တဲ့အတွက်ဗိုလ်နေ၀င်းကိုရာဇာပလ္လင် အနား ခေါ်လိုက်သလိုဖြစ်သွားတယ်။ ဒါဟာ တိုင်းပြည်ကြမ္မာငင်ဖို့ ဖြစ်လာတာပဲ။ ဗိုလ်နေ၀င်းဟာ စစ်သားသာဖြစ်တယ်၊ နိုင်ငံရေးအစိုးရတရပ်ရဲ့ အမိန့်နာခံရတာကို အင်မတန် မကျေနပ် တဲ့လူပဲ။ “ရန်ကုန်အစိုးရ” ဘ၀ရောက်တဲ့ ၁၉၄၉ ခုနှစ်၊ အုပ်စိုးတဲ့အစိုးရအတွင်းမှာ ရုတ်ရုတ် သဲသဲတွေ ဖြစ်ကုန်ကြတယ်။ ဗမာပြည်တပြည်လုံးမှာ တော်လှန်ရေးအင်အားစုတွေက မြို့ကြီးတွေရော၊ ကားလမ်းတွေရော၊ သိမ်းထားတဲ့အဆင့် ရောက်လာတယ်။ အဲလိုအခြေ အနေမှာ ၀န်ကြီးတွေက နှုတ်ထွက်ကုန်ကြတယ်။ ဘာလုပ်ရကိုင်ရမှန်းကို မသိဘူဖြစ်ကုန်တယ်။ အဲလိုအခါမှာ ဗိုလ်နေ၀င်းကဦးနုကို ဘယ်လိုပြောလဲဆိုတော့ “တပ်မတော်ဟာ ၀န်ကြီးတွေကို ကာကွယ်ဖို့ မွေးထားတဲ့အိမ်စောင့်ခွေးမဟုတ်ဘူး။ ဒီဝန်ကြီး တွေကို ကာကွယ်ဖို့အတွက် အသေမခံနိုင်ဘူး”လို့ မောက်မောက်မာမာပြောခဲ့တယ်။ သူက အဲဒီလိုတင်ပြလိုက်ပြီးတော့ ဆက်တိုက်ဆိုသလိုပဲ ပြန်ဖွဲ့လိုက်တဲ့ အစိုးရထဲမှာ ဦးဟာ ဗိုလ်နေ၀င်းကို ဒု - ၀န်ကြီးချုပ် ခန့်လိုက်ရတယ်။ ဒါကို ဦးနုကသူ့ရဲ့ “တာတေစနေသား” ထဲမှာ ရေးထားတယ်။ ဗိုလ်ဝေင်းဟာ အဲဒီအချိန်က စပြီး ဦးနုရဲ့အထာကို သိသွားတယ်လို့ဆိုရင် မှန်မယ်လို့ထင်ပါတယ်။
အဲဒီကနေ ဆက်လိုက်တော့ ၁၉၅၆ ခုနှစ်၊ အကုန်ပိုင်းလောက်မှာ ဦးနုကို ဦးဗဆွေ၊ သံအမတ် ဦးလှမောင်၊ ဗိုလ်နေ၀င်း စသူတို့က ၀န်ကြီးချုပ်အဖြစ် ထွက်ပေးဖို့ တောင်းဆိုတာလုပ်လာ တယ်။ သူတို့ပြောနည်းကတော့ “တရုတ်ပြည်မှာ မော်စီတုန်းက အစိုးရအဖွဲ့ထဲမှာမပါဘူး။ ပါတီဥက္ကဋ္ဌအဖြစ်ပဲနေတယ်။ ဦးနုလည်း ဖဆပလ ဥက္ကဋ္ဌအဖြစ်ပဲနေပါ” လို့။ အမှန်က ဦးနုကို အစိုးရထဲကဖယ်ပစ်တာ။ ဖဆပလအဖွဲ့ဥက္ကဋ္ဌက ဘာမှလုပ်စရာမရှိဘူး။ မော်စီတုန်းနေရာမျိုး မဟုတ်ဘူး။
ဒါကို ဦးနုက ဘယ်လောက်ရိပ်မိလဲတော့ မသိဘူး။ ဆိုရှယ်လစ်တွေအဖို့တော့ ဦးနုဟာ သူတို့ အတွက် ခလုတ်ကန်သင်းဖြစ်နေပြီလို့ သတ်မှတ်ထား တာ ပိုရှင်းသည်ထက်ရှင်းလာတယ်။ ဖဆပလရဲ့ အက်ကြောင်းဟာလဲ အဲဒီကာလနဲ့ မတိမ်းမယိမ်းမှာ ပေါ်လာတာပဲ။ အဲဒီနောက် ဖဆပလကွဲတယ်။ ပါလီမန်ထဲမှာ မဲခွဲကြရင် ဦးနုဘယ်လိုမှ မနိုင်နိုင်ဘူးလို့ တည်မြဲတွေက အပိုင်တွက်ထားတယ်။ ဒါပေမယ့် တကယ်ခွဲလိုက်ကြတဲ့အခါကျတော့ ပမညတကသန့်ရှင်းကို မဲပေးပစ်လိုက်တယ်။ အဲလို မမျှော်လင့်တဲ့အဖြေ ထွက်လာတယ်။ အဲဒီတုန်းက ဆိုရှယ်လစ် ပါတီကလူတွေဟာ အာဏာကို သူတို့တကယ် လက်လွတ်ရမယ်ဆိုတာကို သဘောပေါက်သွားတယ်။ အဲတော့ အရှုံးကိုအလွယ်တကူဝန်မခံလိုတဲ့ ဆိုရှယ်လစ်ပါတီကလူတွေက အာဏာသိမ်းမယ်လို့ဆုံးဖြတ်လိုက်တာပဲဖြစ်တယ်။
အဲဒီတုန်းက သူတို့အကြောင်းပြတာကတော့ သန့်ရှင်းဟာ မြေပေါ်ကွန်မြူနစ်တွေနဲ့ ပေါင်းမိသွား ပြီလို့ အကြောင်းပြတာ။ ဒါဟာ ဗိုလ်နေ၀င်းအနေနဲ့ “အိမ်စောင့်အစိုးရ” ဆိုပြီး အာဏာသိမ်းတာလုပ်ဖို့ ဆုံးဖြတ်ချက်ကျသွားစေတဲ့အချက်လို့ ပြောရင်ရပါတယ်။ ဒါပေမယ့် ဒါဟာ အနီးကပ်အကြောင်းရင်းပါ။ အဝေးအကြောင်းရင်းတွေလည်း ဒီနေရာမှာ ထည့်ပြောဖို့ လိုလို့ကျနော်ပြောချင်ပါသေးတယ်။
အဲဒါက တခြားမဟုတ်ပါဘူး။ စစ်တပ်ထိပ်သီးတွေအနေနဲ့က ဖဆပလနဲ့အတူ လုပ်လာကြာတာကြာတော့ ဖဆပလ ခေါင်းဆောင်တွေထဲမှာ တကယ်အရည်အချင်းရှိတာ၊ လူအရိုအသေ ခံလောက်တာ နည်းနည်းလေးရှိတယ်ဆိုတာ သူတို့လဲသိမြင်လာကြတယ်။ ဖဆပလ ခေါင်းဆောင်တွေထဲမှာ အကျင့်စာရိတ္တ မမှန်တဲ့သူတွေက ဒုနဲ့ဒေး။ နောက်ပြီး ဦးနှောက်မမှန်တဲ့သူတောင် ပါသေးတယ်။ (ကျနော် နာမည်မပြောတော့ပါဘူး။ ကွယ်လွန်သွားပါပြီး။) အဲဒီ ဖဆပလ အဖွဲ့ကို ဦးနုကိုယ်တိုင်က ထင်ရှူးသေတ္တကြီး ခြစားပုံနဲ့ နှိုင်းပြောလိုက်တော့ ဖဆပလတွေရဲ့ သိက္ခာက ကုန်နေပြီ။ အဲလိုနဲ့ ကြာလာတော့ စစ်ဗိုလ်တွေရဲ့ခေါင်းထဲမှာ ... “ဟာ ... သူတို့လောက်တော့ ငါတို့လဲဖြစ်တာပေါ့။ ငါတို့လဲ အစိုးရလုပ်ရင် ရတာပေါ့” လို့ အတွေးပေါ်လာတယ်။ ၀န်ကြီးဆိုတဲ့ဟာတွေက တိုင်းခန်းလှည့်လို့ကြိုပါဆိုရင် စစ်ဗိုလ်တွေက အရိုအသေပေးရတယ်။ ၀န်ကြီးတွေရဲ့ လုံခြုံရေးယူပေးရတော့၊ အနီးကပ်နေရတော့ ပိုသိလာတယ်။ အဲလို သူတို့မကြည်ညိုတဲ့သူတွေကို အရိုအသေပေးရတာကြာလာတော့ သည်းညည်းမခံနိုင်ဘူး။ ဒီလိုနဲ့ နေသေးသပ ခြုံထဲက ဖြစ်လာတယ်။ ၁၉၅၈ ခုနှစ်ဆီလောက်က ကျနော်တို့ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ရှမ်းပြည်နယ်ပါတီကော်မတီကို တာဝန်ယူထားတဲ့ တာဝန်ခံရဲဘော်ကို ပါတီကော်မတီက စစ်အစိုးရတပ်မှူးကြီးတွေနဲ့ ဆွေးနွေးဖို့ တာဝန်ပေးတယ်။ အဲတော့ သူက လားရှိုးသွားပြီးတော့ တပ်မင်း၊ တပ်မှူးတွေနဲ့သွားပြီး အကြိမ်ကြိမ်ဆွေးနွေးရတယ်။ ကွန်မြူနစ်ပါတီကတင်ပြတဲ့ အဓိကအကြောင်းကတော့ ပြည်တွင်းစစ်ရပ်စဲပြီး ရှမ်းပြည်နယ်ထဲမှာဝင်နေတဲ့ တရုတ်ပြည်ကူမင်တန်တွေကိုတိုက်ဖို့။ ဟိုကတော့ လုံးလုံးလက်မခံပါဘူး။လက်နက်ချဖို့ပဲ ပြောနေတယ်။ အစည်းအဝေးအပြင်မှာ သူတို့နဲ့ ရှေးဟောင်းနှောင်းဖြစ်တွေပြောကြ တော့ (နဂိုကလည်း လူချင်းသိကြတဲ့ဟာတွေ ဆိုတော့) စပ်မိစပ်ရာ တွေအကုန်ပြောကြတာ ပေါ့။ တပ်မင်းဆိုတဲ့လူက သူ့ခံစားမှုတွေကိုလဲ ထုတ်ပြောတယ်။ ၀န်ကြီးတွေအကြောင်းလဲပြောတယ်။ ဗိုလ်နေ၀င်းအကြောင်းလဲ ပါတယ်။ အတင်းအဖျင်းစကား ဆန်ဆန်တွေပါ။ ဖဆပလ စကွဲတဲ့အချိန်မှာ “ကိုကျော်ငြိမ်းက ကညွတ်ရိုး၊ ကျော်ဒွန်းက တောထဲက ဇရစ်ရိုး၊ ဘာယှဉ်နိုင်မလဲ” လို့ပြောတာလဲ အဲဒီစစ်ဗိုလ်တွေက ပြောတာပဲ။ အဲဒီအခါမှာ တပ်မင်းဆိုတဲ့ လူပြောတဲ့အထဲက သတိထားစရာကောင်းတဲ့ စကားတခွန်းက “ကျနော်တို့ အာဏာသိမ်းရင် ၂၄ နာရီအတွင်း အောင်မြင်နိုင်တယ်” လို့ပြောလိုက်တာပါပဲ။
Sunday, 27 January 2008
စစ်တပ်နှင့်နိုင်ငံရေး အပိုင်း(၁)
Thursday, 24 January 2008
ငါဟာ မိန်းမ
လင်းလွင်
တယောက်တည်းဆို ငါ ၀တ်လစ်စလစ်နေမယ်
အခုတယောက်တည်းမဟုတ်တော့ ငါ ၀စ်လစ်စလစ်မနေဘူး
အချစ်ကိစ္စကို ငါ့ဘက်က စရမယ်
အခု ငါကမိန်းမဆိုတော့ ငါ စ လို့မရဘူး
ငါဟာ မိန်းမ
ငါဟာ အခူးအဆွတ်ခံဖို့ ပွင့်လာတဲ့ မိန်းမ
ခုနှစ်ရက်သားသမီး ပန်းအိုးတွေအတွက်ဆို
မြန်မြန်ခူးဆွတ်စမ်းပါလို့ မြူဆွယ်နေတဲ့ မိန်းမ
ငါဟာ မိန်းမ
ငါဟာ အသီအကုံးခံဖို့ ကြွေနေတဲ့ မိန်းမ
ခုနှစ်ရက်သားသမီး ဧည့်ခန်းတွေအတွက်ဆို
မြန်မြန်ကောက်ယူစမ်းပါလို့ ဖြားယောင်းနေတဲ့ မိန်းမ
ငါဟာ မိန်းမဆိုတော့ နေချင်သလိုနေလို့မရဘူး
ငါဟာ မိန်းမဆိုတော့ ချစ်ချင်သလို ချစ်လို့မရဘူး
မြုံနေတဲ့ ဝေဒနာတွေနဲ့ ငါဟာ
မြုံနေတဲ့ မိန်းမတော့ မဟုတ်ဘူး
မိန်းမ ငါဟာ ကိုယ်ဝန်ဆောင်ထားတဲ့ မိန်းမ
ငါ့ကိုယ်ဝန်ဟာ အခုလက်ရှိကမ္ဘာနဲ့ ရတာပေါ့
ငါဟာ မိန်းမဆိုတော့ မိခင်ကောင်းတယောက်လည်းဖြစ်ရမယ်
အခုလက်ရှိကမ္ဘာရဲ့ အကျင့်စရိုက်ဆိုးတွေ
ငါမွေးဖွားမယ့် ငါ့ကမ္ဘာလေးမှာ ပါမလာအောင်
ငါမွေးဖွားမယ့် ငါ့ကမ္ဘာလေးကို ငါ ပျိုးထောင်ပေးရမယ်
ငါဟာ မိန်းမ
တရားမျှတမှုကို တန်းဖိုးထားတဲ့
ငါ့ကမ္ဘာလေးကို မွေးဖွားပေးချင်နေတဲ့ မိန်းမ
ငါဟာ မိန်းမ
နိုင်ငံတော်ကိုချစ်တတ်တဲ့
ငါ့ကမ္ဘာလေးကို မွေးဖွားပေးချင်နေတဲ့ မိန်းမ
ငါဟာ မိန်းမ
ငါဟာ ကိုယ်ဝန်သည် မိန်းမ
အခုကတည်းက ကိုယ်ချင်းစာနာမှု အင်္ကျီလေးတွေချုပ်လို့
အခုကတည်းက ယဉ်ကျေးလိမ္မာ ပုံပြင်စာအုပ်လေးတွေ ဖတ်လို့။ ။
ပိတောက်ပွင့်သစ် မဂ္ဂဇင်း (အမှတ်-၁၅၊ ဇန်န၀ါရီလ၊ ၂၀၀၈)
ဆွံ့အသူ
ခင်မေနှင်း
တိတ်ဆိတ်တဲ့ညမှာ
ပန်းရနံ့လေးလို
ခေါင်းအုံးနားကို တိုးတိုးလေးရောက်လာတယ်။
ဖုံးထားတဲ့ ခန်းဆီးစကို
သူလှစ်ဟပေးခဲ့တယ်။
ကောင်းကင်ပြာကြီးကိုခံစားနိုင်အောင်
လမင်းကြီးကိုထွန်းညှိပေးခဲ့တယ်။
ရင်ကိုဖွင့်လိုက်ချင်ရဲ့
ဒါပေမယ့်
ကိုယ့်မှာဆွံ့အသူ။
မနက်လင်းသွားပေမယ့်
အခန်းပြတင်းလေးပွင့်ဟကျန်ခဲ့တယ်။
ပိတောက်ပွင့်သစ် မဂ္ဂဇင်း (အမှတ်-၁၅၊ ဇန်န၀ါရီလ၊ ၂၀၀၈)
Tuesday, 22 January 2008
Sunday, 20 January 2008
လွတ်လပ်ရေးတိုက်ပွဲက ပြဋ္ဌာန်းခဲ့တာတွေ
ကျန်ာတို့တတွေအသလွတ် ဘ၀င်ကိုင်နေတာမဟုတ်ပါ။ ဒါပေမဲ့မှန်တာကိုတော့ ပြောရပါမယ်။ အထူးသဖြင့် အခုလိုအခါမှာပြောရပါမယ်။ အဲဒါက တခြားမဟုတ်ပါ၊ ဗမာပြည်သူတွေဟာကိုယ့်အစွမ်းနဲ့ကိုယ်၊ ဘယ်သူ့ကိုမှအားမကိုးပဲ
တိုက်ပွဲသဏ္ဌာန်မျိုးစုံဆင်နွှဲပြီး၊ နယ်ချဲ့နှစ်မျိုးကို တွန်းလှန်ပြီး လွတ်လပ်ရေး ရခဲ့တယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။
ကမ္ဘာစစ်တွေဟာ ကမ္ဘာ့အခင်းအကျင်းအပြောင်းအလဲတွေကို ဖြစ်စေတတ်တယ်ဆိုတဲ့အတိုင်း နေမ၀င်အင်ပါယာသခင် အင်္ဂလိပ်နယ်ချဲ့သမားဟာ ဒုတိယကမ္ဘာစစ်ကြီးပြီးတာနဲ့ သူ့ကိုလိုနီတွေကို သူမထိန်းနိုင်တော့ပဲဖြစ်လာပါတယ်။ သူ့မှာစစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးအရ ဘာအင်အားမှ မလုံလောက်တော့ ဘူး။
ဒီအချိန်မှာ ကိုလိုနီနိုင်ငံတွေကလည်း ဘယ်တုန်းကမှနဲ့မတူအောင် နိုးကြားလာကြပြီး လွတ်လပ်ရေးတိုက်ပွဲတွေကို ပြတ်ပြတ်သားသားဆင်လာကြပါတယ်။ ရှင်ကြီးဝမ်းလည်းဝင်ဖူး၊ ရှင်ငယ်ဝမ်းလည်းဝင်ဖူးဆိုသလို နယ်ချဲ့သမားနှစ်မျိုးစလုံးနဲ့ နီးနီးကပ်ကပ်နေလိုက်ရတဲ့ ဗမာပြည်သားများနဲ့ ဗမာပြည်ကနိုင်ငံရေးသမား များဟာ အဲဒီတုန်းက နိုင်ငံတကာအခြေအနေကို အသေအချာဆုပ်ကိုင်မိပြီး လုံးဝလွတ်လပ်ရေးကနေ တပြားဖိုးမှမလျော့တဲ့ လွတ်လပ်ရေးရဖို့အတွက် တိုက်ပွဲဝင် ခဲ့ကြတာ စစ်ကြီးပြီးလို့ သုံးနှစ်တောင်မကြာလိုက်ပဲ လွတ်လပ်ရေးရခဲ့ပါတယ်။
ဒါပေမဲ့ လွတ်လပ်ရေးနဲ့ ပြည်တွင်းစစ် အမြွာညီနောင်လို မွေးဖွားပေါ်ပေါက်ခဲ့တဲ့ ဒီနိုင်ငံမှာ အာဏာရဖဆပလအစိုးရရဲ့ အတွင်းပိုင်းမညီညွတ်မှု၊ ဂိုဏ်း ဂနစိတ်ပြင်းထန်မှု၊ အာဏာမက်မောမှုတို့ကြောင့် စစ်တပ်ရဲ့ထိပ်ပိုင်းကို စစ်တပ်ရဲ့နယ်ပယ်လွန်ပြီး နိုင်ငံတော်အုပ်ချုပ်ရေးအာဏာထဲ ဆွဲသွင်းလာကြပါတယ်။ ဒါဟာဗိုလ်နေ၀င်းတို့လို စစ်တပ်ထိပ်သီးတတွေကို ဖိုးကျိုင်းတုတ်ဖြစ်စေယုံမက အရူးအမဲသား ကျွေးလိုက်သလိုပါ ဖြစ်သွားခဲ့ပါတယ်။
အခုတော့ ဒီကုလားအုပ်ကိုမောင်းထုတ်လို့ မရတော့ဘူးဖြစ်နေပါပြီ။ ကုပ်နဲ့ကော်ထုတ်လို့လည်းမရတော့ဘူး။ စစ်တပ်ကို စစ်တန်းလျားပြန်ပို့ရေးဟာ ဒီနေ့အခါမှာ အရေးကြီးဆုံးလုပ်ငန်းဖြစ်ပါတယ်။ နအဖထိပ်သီးတွေနဲ့ တွေ့ဆုံဆွေးနွေးစကားပြောဖို့ တိုက်တွန်းနေတာဟာ စစ်တပ်ကိုဂုဏ်သိက္ခာရှိစွာနဲ့ သူ့နေရာ မှန်ပြန်သွားစေနိုင်ရေးအတွက်ဖြစ်ပါတယ်။ ဒါပေမဲ့ နအဖစစ်ဗိုလ် တွေဟာ“သံသရာဝဋ္ဋ်ထဲ၊ မကျွတ်ပဲနေနေ၊ ဇွတ်ဆွဲလို့တပေပေငယ်၊ သေပစေခင်ရဲ့”ဆိုသလို ခြေ စုံကန်ငြင်းနေပါတယ်။ အပ်နဲ့ထွင်းလို့ မရတဲ့အခြေအနေတွေ မြင်တွေ့နေကြရပါတယ်။ ဒီလိုတမျိုးသားလုံး အကြပ်အတည်းရောက်တဲ့အချိန်မှာ ဗမာပြည်ရဲ့ သမိုင်း မှာဂုဏ်အပြောင်ဆုံးလို့ပြောရမယ့် လွတ်လပ်ရေးအောင်ပွဲကို ရယူခဲ့တဲ့နည်းနာတွေကို လေ့လာပြီး ဒီနေ့ကာလမှာ အဲဒီအထဲက အသုံးချလို့ရတာတွေ အသုံးချဖို့ စဉ်းစားသင့်ပါတယ်။
လွတ်လပ်ရေးအတွက် တိုက်ပွဲလို့ပြောရင် နောက်ဆုံးအပိုင်း၊ အောင်ပွဲခံခါနီးအပိုင်းကိုသာ ကွက်ပြီးပြောလို့မဖြစ်ပါဘူး။ သူ့ကျွန်ဘ၀ရောက်ရတဲ့အချိန် ကနေ ဇန်န၀ါရီလ ၄ ရက်နေ့အထိသမိုင်းကိုပြောမှ ပြည့်စုံမှာပါ။ ဒီတိုက်ပွဲစဉ်တွေထဲမှာ အောင်ပွဲရခဲ့တာလည်းရှိ၊ ရှုံးနိမ့်ခဲ့တာတွေလည်းရှိပါတယ်။ ဗမာပြည်ရဲ့ နိုင်ငံ ရေးအခြေအနေဟာ တပြည်လုံးနဲ့စစ်အုပ်စု ထိပ်တိုက်တွေ့၊ စီးချင်းထိုးနေရတဲ့ အခြေအနေမျိုးဖြစ်လို့ သူ့ကျွန်ဘ၀လွတ်မြောက်ရေး တိုက်ပွဲတွေထဲက ဒုတိယ ကမ္ဘာစစ်အပြီး နောက်ဆုံးအပိုင်းနဲ့ တူတယ်လို့ ဆိုချင်ပါတယ်။
ဒီနေရာမှာ နိုင်ငံတကာအခြေအနေ၊ ပြည်တွင်းအခြေအနေတွေ အထူးပြောမနေတော့ပါဘူး။ ခေါင်းဆောင်မှုရဲ့ သီးခြားအခန်းကိုလည်း မပြောတော့ ပါဘူး။ ပြည်သူတွေဘက်က ဘယ်လို လုပ်ခဲ့ကြတယ်ဆိုတာကိုပဲ ပြောပါမယ်။
နံပတ်တစ်ထားပြောရမှာက ပြည်သူတွေရဲ့အတွေးအခေါ်နဲ့ ပိုင်းဖြတ်ချက်ပါ။ အဲဒီအချိန်က ပြည်သူတွေမှာ လွတ်လပ်ရေးနဲ့ ပတ်သက်လို့ နည်းနည်းမှ မတွေဝေကြဘူး။ လုံးဝလွတ်လပ်ရေးမှတပါး ဘာမှမလိုချင်ဘူးဆိုတာပဲ။ ရရင်ရ၊ မရရင်ချဖို့ အသင့်ရှိနေခဲ့ ကြပါတယ်။ ဒီစိတ်ဓာတ်ဟာ အဲဒီတုန်းကအင်္ဂလိပ်နဲ့ စေ့စပ်ချင်တဲ့၊ ဗမာပြည်သား အင်္ဂလိပ်အလိုတော်ရိတွေကို ခေါင်းမထောင်ဝံ့အောင် ဖိထားနိုင်ခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေဟာလည်း ဒီစိတ်ဓာတ်ကိုပဲ ဦးထိပ် ပန်ဆင်ထားကြပါတယ်။
နောက်အရေးကြီးတဲ့ အချက်တချက်က စည်းလုံးညီညွတ်ရေးပါ။ ကိုယ့်အချင်းချင်း ဘယ်လောက်ပဲကွဲနေနေ ဗြိတိသျှအစိုးရနဲ့ ရင်ဆိုင်ကြရင်တော့ အားလုံးညီညွတ်ကြပါတယ်။ လုပ်ဟန်အရသာညီညွတ်တာမဟုတ်၊ နိုင်ငံရေးလမ်းစဉ်အရလည်း ညီညွတ်ကြတာပါ။ ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်တွေအကြားမှာ မတူ တဲ့ရေရှည်မျှော်မှန်းချက်တွေ ရှိကြတယ်ဆိုတာဟာ ဖုံးကွယ်ထားတဲ့အရာ မဟုတ်ပါဘူး။ ဒါပေမဲ့ လက်ငင်းတိုက်ပွဲမှာတော့ အားလုံးက လွတ်လပ်ရေးရရှိရေးလမ်း စဉ်ကိုပဲ ရှေ့တန်းတင်ထားကြပါတယ်။ တခြားဘယ်တောင်းဆိုချက်ကိုမှ လွတ်လပ်ရေးတောင်းဆိုချက်နဲ့ တန်းတူမထားယုံမက တင်တောင်မတင်ကြပါဘူး။
တတိယတချက်ကတော့ တိုက်ပွဲသဏ္ဌာန်မျိုးစုံဆင်နွှဲဖို့ ပိုင်းဖြတ်ပြင်ဆင်ထားကြတာ၊ အဲဒီလိုလုပ်မယ်လို့ အင်္ဂလိပ်ကိုအသိပေး ထားကြတာပါ။ အဲဒီ တုန်းက လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သူတွေဟာ တိုက်ပွဲသဏ္ဌာန်နဲ့ပတ်သက်လာရင် ကိုယ့်ကိုယ်ကို ချည်မိတုပ်မိတဲ့စကားမျိုးတွေ ဘယ်သူမှမပြောကြပါဘူး။ တပ်နီ၊ ပြည်သူ့ရဲဘော်စတာတွေက စစ်ရေးလေ့ကျင်တာကို လူထုကအားပေးသလို ပုလိပ်တွေပါ ပါတဲ့ အမှုထမ်းပေါင်းစုံသပိတ်ကြီးလိုဟာတွေမှာ တပ်နီတွေ၊ ပြည်သူ့ရဲဘော်တွေက ထိန်းသိမ်းပေးရင်း ပါလာပါတယ်။ ဆိုလိုတာ ကိုယ့်အချင်းချင်း ထိန်းသိမ်းနိုင်ကြောင်း၊ တိုက်ပွဲသဏ္ဌာန်ပေါင်းစုံ ပေါင်းစပ်နိုင်ကြောင်း အင်္ဂလိပ်အစိုးရ သိအောင်ဖော်ပြတာဖြစ်ပါတယ်။
ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်းတို့ လန်ဒန်ကိုသွားနေတုန်းမှာ လူထုဆန္ဒပြပွဲကြီးတွေ ကျင်းပတာလို အင်အားပြတာတွေဟာလည်း အင်မတန်မှအရာ ရောက်ခဲ့ပါတယ်။ ဗမာပြည်သူတွေနဲ့ အနီးကပ်ဆုံးထိတွေ့နေရတဲ့ ဘုရင်ခံကိုယ်တိုင်က သူတို့အင်ပါယာအဖို့ ဗမာပြည်မှာ မျှော်လင့်ချက်မရှိတော့ဘူး ဆိုတာ သဘောပေါက်ပြီး လန်ဒန်ကိုပြန်နားချနေတဲ့ အဖြစ်ရောက်ခဲ့ရတာပါ။ ဒါနဲ့ တချိန်တည်းမှာ အင်္ဂလိပ်စစ်တပ်ကလည်း ဂျပန်ကိုအတူတိုက်ခဲ့တဲ့ ဗမာပြည်သားတွေရဲ့ စိတ်ဓာတ်နဲ့အရည်အသွေးကို သိနေပါတယ်။ ဒါ့အပြင် အင်္ဂလိပ်တပ်တွေထဲမှာရှိနေတဲ့ အိန္ဒိယတပ်သားတွေကလည်း ဗမာပြည်သားတွေရဲ့ လွတ်လပ်ရေးတိုက်ပွဲ ကို နှိမ်နင်းဖို့ဆိုရင် ဒို့ကိုတော့ ထည့်မတွက်လေနဲ့လို့ အတိအလင်းပြောထားတာပါ။
နောက်ဆုံး တချက်အနေနဲ့က ဗမာပြည်ပြည်သူတွေဟာ ဘယ်ပြည်ပအင်အားကိုမှ အားမကိုးပဲ ကိုယ်ချည်းလှုပ်ရှားတိုက်ပွဲ ၀င်ခဲ့ကြတယ်ဆိုတဲ့ အ ချက်ပါပဲ။ အဲဒီတုန်းက အမေရိကန်ကလွဲလို့ နိုင်ငံတိုင်းလိုလို စစ်ရဲ့ဒဏ်ရာဒဏ်ချက်တွေကို ကုသပွတ်သပ်နေရတုန်းမို့ သူများနိုင်ငံအရေးကိစ္စတွေကို ခေါင်းထဲ မထည့်နိုင်ကြပါဘူး။ ကုလသမဂ္ဂဆိုတာလဲ ဥထဲကထွက်ကာစ အတောင်အလက် မစုံသေးဘူးလို့ဆိုရမှာပါ။ ဗမာပြည်ရဲ့ လွတ်လပ်ရေးအတွက် ဘယ်ပြည်ပအစိုးရ၊ ဘယ်ပြည်ပအဖွဲ့အစည်းကိုမှ သွားပြီးတင်ပြ နေတာမရှိခဲ့ပါဘူး။ ကွန်မြူနစ်တွေသာ ကွန်မြူနစ်ပါတီတွေအချင်းချင်း သတင်းဖလှယ်တာမျိုးလုပ်ခဲ့ပါတယ်။ ဒီတော့ တိုက်ပွဲဝင်သူ တွေအနေနဲ့ အာရုံမပြားခဲ့ကြပဲ လမ်းစဉ်တွေကိုပြည်တွင်းမှာ စိုက်လိုက်မတ်တပ်ချမှတ်နိုင်ခဲ့ပါတယ်။
တခြားအချက်တွေ ရှည်ရှည်မတင်ပြတော့ပါ။ အခုတင်ပြတဲ့အချက်တွေနဲ့ ဒီနေ့ပြည်သူ့လှုပ်ရှားမှုအခြေအနေတွေကို နှိုင်းယှဉ်ကြည့်ရင် ဘာတွေ ခြားနားတယ်၊ လိုအပ်တယ်ဆိုတာ အလွယ်ပဲတွေ့နိုင်မယ်လို့ ယုံပါတယ်။
နံပတ်တစ်အချက်မှာလို ဒီနေ့အခါမှာ ရရင်ရ၊ မရရင်ချမယ်ဆိုတဲ့ ပိုင်းဖြတ်ချက်မျိုး အဖွဲ့အစည်းတိုင်း၊ တက်ကြွသူတိုင်းမှာ ရှိပါသလား။
စည်းလုံးညီညွတ်မှုမှာကော၊ ဘယ်လိုရှိပါသလဲ။ ဆိုလိုတာ နအဖအလိုတော်ရိတွေနဲ့ ညီညွတ်ဖို့မဟုတ်ပါ။ ဆွဲထုတ်လို့ ရသလောက်တော့ ဆွဲထုတ်ရ မှာပါ။ ဒါပေမဲ့ကိုယ့်ချင်းညီညွတ်ရေးဟာ တကယ်တမ်းကျစ်လစ်သိပ်သည်းရဲ့လား။ တူညီတဲ့နိုင်ငံရေး တောင်းဆိုချက်ရှိရဲ့လား။ စစ်အာဏာရှင်စနစ်နဲ့ တတန်းတည်း တင်နေတဲ့ တခြားတောင်းဆိုချက်၊ ကြွေးကြော်သံတွေရှိနေသလား။ “အေအိုင်ဒီအက်စ်ရောဂါဟာ ဒီမိုကရေစီရအောင်စောင့်မနေနိုင်ဘူး”ဆိုတဲ့ အပြောမျိုးတွေဟာ ဟုတ်သလိုလိုရှိပေမဲ့ အဓိကနိုင်ငံရေး တောင်းဆိုချက်ကို သဘောမပေါက်တဲ့လက္ခဏာ၊ လှုပ်ရှားမှုကို အားနည်းစေတဲ့ပြောနည်းဆိုနည်း ဖြစ်နေပါတယ်။ ဒါက ဥပမာတခုပါ။
နအဖကို ဖိအားပေးရာမှာ တိုက်ပွဲသဏ္ဌာန်မျိုးစုံနဲ့ တကယ်တမ်းဖိအားပေးနိုင်ရဲ့လား။ နအဖကို အကြမ်းနည်းနဲ့မဆန့်ကျင်ပါဘူးလို့ ကတိပေးနေတာ တွေတောင်ရှိနေတယ် မဟုတ်ပါလား။ နအဖက လူထုဆန္ဒပြပွဲတွေကို အနုနည်းနဲ့ပဲထိန်းသိမ်းပါမယ်လို့ ဘယ်သူများကြားမိပါသလဲ။ ၁၉၄၆ ခုနှစ်ကျတော့ ပျဉ်းမနားနယ်မှာ “လယ်ဝေးသူပုန်” လို့နာမည်ကြီးခဲ့တဲ့ လယ်သမားသူပုန်ထမှုတောင် ပေါ်နေပြီမဟုတ်ပါလား။ ဗမာပြည်သားတွေဟာ ချရဲတယ်၊ ချမှာလို့ ကိုလိုနီ အစိုးရကို ပြသနေကြတာပါ။
အဲဒီလို အတိတ်ကကောင်းမွန်တဲ့ နမူနာယူစရာတွေနဲ့ ဒီနေ့ကာလထူးခြားချက်တွေကို မှန်မှန်ကန်ကန်ပေါင်းစည်းနိုင်ရေးဟာ ခေါင်းဆောင်းကောင်းရဲ့ အရည်အသွေးဖြစ်မှာပါပဲ။
ဒါကြောင့်မို့ လွတ်လပ်ရေးအနှစ် (၆၀) ပြည့်မြောက်တဲ့ ဒီနေ့လိုအခါသမယမှာ လွတ်လပ်ရေးတိုက်ပွဲထဲက လေ့လာအတုယူ စရာရှိတာတွေ အတု ယူပြီး အဲဒီတုန်းကလို အတွေးအခေါ် စိတ်ဓာတ်တွေနဲ့ အဲဒီတုန်းလိုအောင်ပွဲတွေရယူကြပါစို့လို့ တင်ပြလိုက်ပါတယ်။
ရဲဘော်ဖိုးသံချောင်း
Friday, 11 January 2008
ကြိုးစင်ပေါ်မှ မှတ်တမ်းများ ... အခဏ်း (၄)
နံပါတ် လေးရာသေရာမှ ပြန်၍ထခြင်းကား အတော်ပင်ထူးခြားသော ကိစ္စတရပ်ဖြစ်ပေသည်။ ဖော်ပြရန်မစွမ်းလောက်အောင် ထူးခြားလှသည်။ အိပ်ရေးဝခဲ့သည့် နေ့ တနေ့တွင်နေကလည်း သာနေမည်ဆိုက ကမ္ဘာကြီးမှာ လှပနေတတ်သည်။ သို့သော် သေရွာမှပြန်လာခြင်းကား နေက လည်းခါတိုင်းထက်ပို၍သာယာနေကာ၊ ခင်ဗျားကလည်း ခါတိုင်းထက်ပို၍ နှစ်ခြိုက်စွာအိပ်ခဲ့ ရသည်နှင့် တူလေသည်။ ခင်ဗျားက ဘ၀၏ဇာတ်ခုံကို သိကျွမ်းလှပြီဟုထင်သည်။ သို့သော် အသက်ပြန်ရှင် ခြင်းသည်ကား၊ မီးမောင်းထိုးသူတဦးက မီးလုံးကြည်ကြည်များကို ဖွင့်လိုက် ကာ၊ လင်းသွားသောဇာတ်စင်တခုလုံးကို ခင်ဗျားအား ပြလိုက်သည်နှင့်တူသည်။ ခင်ဗျားက ဘ၀ဇာတ်ခုံကို ကောင်းစွာမြင်ခဲ့ပြီဟု ယူဆသည်။
သြို့သော် အသက်ပြန်ရှင်ခြင်းသည်ကား မျက်လုံးများဆီသို့ မှန်ပြောင်းများပင့်၍ ကြည့်ရှုရုံမျှသာမက၊ ဓာတ်မှန်ဘီလူး ထပ်၍ဆင့်လိုက် သည်နှင့်လည်း တူလေသည်။ သေရာမှ ပြန်၍ထခြင်းသည် နွေဦးအဖြစ်အပျက်တမျိုးပင်ဖြစ် သည်။ နွေဦးရာသီ၏ ဗီဇအတိုင်း မမြှော်လင့်သော မျက်လှည့်အကွက်များကို ခင်ဗျားအား ခင်း ကျင်းပြသလာလေသည်။
အသက်ပြန်၍ ရှင်ရသည်မှာ ယာယီမျှသာဖြစ်သည်ဟု ခင်ဗျားအနေနှင့် သိထားစေဦးတော့ ဤသို့ပင် သရုပ်ပေါ်လေသည်။ ခင်ဗျား၏ ပတ်ဝန်းကျင်သည် ပန်းကရာ့စ်ထောင်ရှိ အကျဉ်း ခန်းတခန်းကဲ့သို့ ကြည်နူးဝေဖြိုးနေစေကာမူ ဤသို့ပင်သရုပ်ပေါ်လေသည်။ တနေ့သော အခါတွင်ကား ခင်ဗျားကို ကမ္ဘာကြီးအတွင်းသို့ပင် ပြန်လည်ခေါ်ဆောင်ကြလေသည်။ တနေ့ တွင် သူတို့ကလူနာတင်ထမ်းစင်မသုံးဘဲနှင့်ပင် ခင်ဗျားအား အစစ်ခံရန် ခေါ်ကြည်သည်ခင်ဗျား က မဖြစ်နိုင်ဟု ထင်သည့်တိုင်အောင် တနည်းနည်းနှင့်ကား အထမြောက်သွားသည်။ စင်္ကြံထဲ တွင် လက်ရန်းများရှိသည်။ လှေခါးများတွင်လည်း လက်ရန်းများရှိသည်။ လမ်း လျှောက် သွားသည်ဟု ဆိုခြင်းထက် လေးဘက်ထောက်သွားရသည်ဟု ဆိုလျှင် ပို၍မှန်ပေလိမ့် မည်။ အောက်သို့ ရောက်သော် ထောင်ကျဘော်ထောင်ကျဘက်များက ခင်ဗျားထောင်လော်လီ အတွင်းရောက်သွားရန် တာဝန်ယူကြသည်။ နောက် ... တနေရာတွင် ထိုင်မိသည်။ ဘီးတပ် ထားသော အကျဉ်းခန်းမှောင်မဲမဲတွင်၊ လူဆယ်ယောက်ဆယ့်နှစ်ယောက်။ လူသစ်မျက်နှာ သစ်များက ခင်ဗျားအား ပြုံးပြကြရာ ခင်ဗျားကလည်း ပြန်၍ပြုံးသည်။ တစုံတယောက်က ခင်ဗျားအား တစုံတရာကို တီးတိုးပြောဆိုလာသည်။ သူဘယ်သူမှန်း ခင်ဗျားကမသိ။ ခင်ဗျား က လူတယောက်၏ လက်ကို ညှစ်၍ နှုတ်ဆက်သည်။ သို့သော် မည်သူ၏လက်ဖြစ်သည်ကို မသိ - နောက်လော်လီသည် ပက်ချက်နန်းတော် ဆင်ဝင်အတွင်းသို့ ဆောင့်ဝင်သွားသည်။ မိတ်ဆွေများက ခင်ဗျားအား သယ်ယူသွားကြသည်။ ခင်ဗျားလည်း ထရံပြောင်တလင်းများ ၀န်းရံသော အခန်းတွင်းသို့ ရောက်သွားသည်။ အခန်းတွင်း၌ကား ခုံတန်းလျားရှည်ငါးလုံး၊ တလုံးနောက် တလုံးစီ၍ ချထားသည်။ ၎င်းခုံများပေါ်တွင် လူများသည် သတိအနေအထား နှင့်ထိုင်၊ ဒူးများပေါ်တွင် လက်များကပ်လျက်၊ ရှေ့တည့်တည့်မှ ထရံဟာလာဟင်းလင်းကို မလှုပ်မယှက်ကြည့်ရှုနေကြသည် ... အဲဒါကတော့ မောင်ရင်ရေ၊ မင်းကမ္ဘာသစ်ရဲ့ တစိတ်တပိုင်း၊ဘိုင်စကုပ်ရုံလို့ခေါ်သတဲ့။
(၁၉၄၃ ခုနှစ်၊ မေဒေးနေ့ ကြားဖြတ်တူရိယာသံ) ယနေ့ကား ၁၉၄၃ ခုနှစ် မေဒေးနေ့ဖြစ်သည်။ ကံကောင်းချင်တော့ ထောင်စောင့်ကလည်း သူစောင့်ချိန်အတွင်း စာရေး၍ဖြစ်နိုင်သော ထောင်စောင့်ဖြစ်နေသည်။ ဤသို့သောနေ့မျိုးတွင် ကွန်မြူနစ်သတင်းစာဆရာဘ၀သို့ ပြန် ရောက်လျက် ကမ္ဘာသစ်မှ တိုက်ခိုက်ရေး အင်အားစုတို့၏ မေဒေးပွဲသဘင်အကြောင်း သတင်း ရေးနိုင်သည်မှာ ကံကောင်းလေစွတကား။ ဝေ့၍ဝေ့၍နေသော အလံမှားအကြောင်းကို ကြားရ လိမ့်မည် ဟူ၍ကား မမြှော်လင့်လေနှင့်။ ထိုကိစ္စမျိုးကား မဟုတ်။ နားထောင်ကောင်းလှသော ကြွကြွရွရွလှုပ်ရှားမှုအကြောင်းကိုပင် ခင်ဗျားအားပြောမပြနိုင်။ ယနေ့ဘို့ အစစအရာရာကား ရိုးရိုးကလေးမျှသာဖြစ်လေသည်။ အခြားနှစ်များတွင် ပရာဟာမြို့၏ လမ်းမများမပေါ်၌ ကျွန်တော် မြင်ဘူးသကဲ့သို့ ထောင်သောင်းချီသော လူထုကြီး၏ ပေါက်ကွဲအံ့ဆဲဆဲဖြစ်နေသော လှိုင်းများလည်းမဟုတ်။ ကျွန်တော်မြင်ဘူးသည့်အတိုင်း မော်စကိုမြို့၏ ရင်ပြင်နီကိုလွှမ်းကြ သော သန်းပေါင်းများစွာတို့၏ ပင်လယ်မျိုးလည်းမဟုတ်။ ဤနေရာတွင်ကား လူများကို သန်းချီ၍လည်းမမြင်ရ။ ရာ လိုက်လည်း မမြင်ရ။ ဤနေရာတွင်ကား ယောက်ျားမိန်းမရဲဘော် တချို့တို့ကိုသာ မြင်ရသည်။ သို့စဉ်လျက် သေးနုတ်ကား မသေးနှတ်ဟုထင်မိသည်။ တကယ် လည်း မသေးငယ်ပေ။ အဘယ့်ကြောင့်ဆိုသော် ဤသည်လည်းအင်အားပြပွဲ တရပ်ပင်ဖြစ် သည်။ အဟုန်အပြင်းထန်ဆုံးသော မီးပုံအတွင်းသို့ ဖြတ်ဝင်ယင်းက၊ ပြာအဖြစ်သို့ မကြွေ သွားမူ၍ သံမဏိအဖြစ်သို့ပြောင်းလဲနေသော အင်အားများ ဖြစ်လေသည်။ စစ်မြေကတုတ်များ အတွင်း၌ ပြုလုပ်သော ဗိုလ်ရှုသဘင်ဖြစ်သည်။ ကတုတ်ရင်တားများတွင်ကား စစ်မြေမှ မီးခိုးရောင်ညို့ညို့မှိုင်းကိုဝတ်ဆင်ကြသည်။
အစစအရာရာဟာ အသေးအမွှားကိစ္စကလေး တွေသာ ဖြစ်နေလို့ တနေ့ဒီဘ၀မျိုးမှာမနေခဲ့ ရဘဲ ဒီစာကိုသာဖတ်ရမဲ့ ခင်ဗျားလိုလူမျိုးဟာ ဒီစာကိုနား လည်ပါ့မလား။ ဒါပေမယ့် နားလည် ဘို့ကြိုးစားပါ။ ဒီအသေးအဖွဲကလေးတွေမှာ အင်အားရှိတယ်ဆိုတာ ယုံပါ။ ဘဲထောဗ်န် ၏ ဂီတသံနှစ်ကြောင်းကို ထရံတွင် ခေါက်လျက်တဘက်အကျဉ်းခန်းမှ နှုတ်ဆက်လိုက်ပုံကား ယနေ့အဘို့ပိုမို၍ ခန်းနားလေးနက်သည်။ ထရံများလည်း အသံလှိုင်းများကိုမြှင့်၍ ပြန်ကြား ကြလေသည်။
ကျွန်တော်တို့သည် အ၀တ်အစားရှိစုမဲ့စုမှ အကောင်းဆုံးတို့ကို ရွေး၍၀တ်ဆင်ကြသည်။ အကျဉ်းခန်းတိုင်းတွင်လည်း ဤသို့ပင် ပြုလုပ်ကြသည်။ နံနက်စာလာ၍ ပို့ကြသောအခါတွင် ကျွန်တော်တို့ကား ကျော့ကျော့မော့မော့ကြီး ဖြစ်နေကြလေပြီ။ ဖွင့်ထားသော တံခါးပေါက်တွင် ပေါင်မုန့် ကာဖီ အမြည်းနှင့် ရေတို့ကိုဆောင်ယူလာသည့်ထောင်ဘာယာများပေါ်လာကြသည်။ ရဲဘော် စကော်ယျှက်ပါသည်၊ ပေါင်မုန့်ကလေးနှစ်လုံးအစား သုံးလုံးထုတ်ပေး သည်။ ဤကား သူ၏ မေဒေးနေ့နှုတ်ခွန်းဆက်ပင်ဖြစ်လေသည်။ ဂရုစိုက်တတ်သော သူတဦး၏ အသက်ဝင် သော နှုတ်ဆက်နည်းဖြစ်လေသည်။ ပေါင်မုန့်များ၏ အောက်တွင် တယောက်လည်းချောင်း များက တယောက်လက်ချောင်းများကို ဖိနှိပ်လိုက်သည်။ စကားမပြောရဘူးလို့ ပိတ်ပင်ထား ကြတယ်။ မျက်လုံးတွေကို တောင် အလစ်မပေးကြဘူး ဒါပေမယ့် ဆွံ့အနေတဲ့လူတွေတောင် လက်ချောင်းတွေနဲ့ ပြတ်ပြတ်သားသား စကားပြောနိုင်ကြတယ်မဟုတ်လား။ အမျိုးသမီးများ သည် နံနက်ခင်းနာရီဝက် ကျန်းမာရေးလေ့ကျင့်ခန်းများပြုလုပ်ရန် ကျွန်တော်တို့ အကျဉ်းခန်း ပြူတင်းပေါက်အောက်တည့်တည့်ရှိ ကွက်လပ်ထဲသို့ပြေးထွက်နေကြသည်။ ကျွန်တော်သည် စားပွဲပေါ်သို့တက်ကာ၊ သံတိုင်များအကြားမှနေ၍ အောက်သို့ငုံ့ကြည့်သည်။ ကျွန်တော့်အား မြင်ကောင်း မြင်ကြမည်။ မြင်လည်း မြင်ကြပေသည်။ သူတို့သည် နှုတ်ဆက်သည့်အနေဖြင့် လက်သီးဆုပ်များကို မြှောက်နေကြသည်။ ကျွန်တော်တို့ကလည်း ထို့အတူ ပြန်လည်နှုတ် ဆက်သည်။ ယနေ့သော်ကား အောက်ဘက်ရှိ ကွက်လပ်တွင် အစစအရာရမှာ အသက်ဝင် လှုပ်ရှားနေသည် အခြားနေ့များနှင့် လုံးဝကွာခြားနေ သည်။ ပိုမိုရွှင်မြူးလန်းဆန်းနေသည်။ ထောင်စောင့်ပုလိပ်မကား ဘာကိုမျှမမြင် သို့မဟုတ် ဘာကိုမျှမမြင်လိုသည်လည်း ဖြစ်ကောင်း ဖြစ်ပေမည်။ ဤသည်ပင်လျှင် ယခုနှစ်မေဒေးပွဲသဘင်အတွင်းသို့ အကြုံးဝင်လေသည်။
ယခု ကျွန်တော်တို့၏ နာရီဝက်လေ့ကျင့်ခန်း။ ကျွန်တော်က လေ့ကျင့်ခန်းများကို ခေါင်းဆောင် သည်။ ဒို့လူတို့ ဒီနေ့ဟာ မေဒေးနေ့။ ထောင်စောင့်တွေ အံ့အားသင့်ချင်သင့်ကြပါစေ။ ငါတို့ကတော့ လေ့ကျင့်ခန်းကို တမျိုးတဖုံစကြစို့။ ပဌမလေ့ကျင့်ခန်း တစ် ... နှစ် ... တစ် ... နှစ်၊ တူနှင့်ထုချက်၊ ရိုက်ချက်များ။ နောက် ဒုတိယလေ့ကျင့်ခန်း ကောက်ရိတ်ဟန်။ တူနှင့် ကောက်ရိတ်တံဇဉ် ... အနည်းငယ်ကလေး နက်သွားအောင်တွေးလိုက်လျှင် ရဲဘော်များနား လည်လောက် ကြပေသည်။ တူနှင့် တံဇဉ်။ ဘေးပတ်လည်သို့ အကဲခတ်ကြည့်လိုက်သည်။ သူတို့သည် ပြုံးလျက် လေ့ကျင့်ခန်းကို အားတိုက်အင်တိုက် ထပ်၍လုပ်ကြသည်။ ရိပ်မိကြ လေသည်။ ဒါပဲ ... ဒို့လူတို့ ... ဒါဟာ ငါတို့ရဲ့ မေဒေးအစည်းအဝေးကြီးပဲ၊ ဒီပန်တော်မိမာ ရဲ့အဓိပ္ပာယ်က ဘာလဲ။ ငါတို့ဟာ သေမင်းခံတွင်းထဲ ဆင်းနေကြရတာတောင် သစ္စာကိုစောင့် ထိန်းကြမယ်ဆိုတဲ့ မေဒေးနေ့ကျမ်းကျိန်ပွဲပဲ။ပန်တော်မိမာ - မူရာပြ ပြဇာတ်။ စကားမပြောဘဲ ခြေပြလက်ပြ အမူအရာပြယင်း ဇာတ်ကြောင်းခင်းသွားသော ပြဇာတ်တို။အကျဉ်းခန်းသို့ ပြန်ရောက်ကြပြီ။ ကိုးနာရီ။ ယခု ကရဲမလင် မှ နာရီစင်သည် ဆယ်ချက်မျှ ရိုက်ဆော်လိုက် ပြီဖြစ်သည်။ ယင်ပြင်နီတွင် ဗိုလ်ရှုသဘင်ကြီး စပေပြီ။ ကရဲမလင် - မော်စကိုမြို့လည်ရှိ နန်းတော်မြို့။ ဆိုဗိယက်အစိုးရ၏ ဗဟိုဌာနဖြစ်သည်။ ဘရေ ... သူတို့နဲ့ လိုက်ကြရ အောင်လေ။ အခုဆိုရင် အင်တာနေရှင်နယ် သီချင်းကြီးကို ဆိုနေကြပြီ။ ကမ္ဘာတ၀ှမ်းလုံးမှာလဲ ဒီအင်တာနေရှင်နယ် သီချင်းသံ ၀ဲပျံပြီးနေတာမို့ ကျွန်တော်တို့ အကျဉ်းခန်းထဲမှာလဲ ဒီသီချင်း သံ ပြည့်နက်သွားပစေ။ ကျွန်တော်တို့ကား သီချင်းဆိုကြသည်။ ၎င်းနောက် တော်လှန်ရေး သီချင်း တပုဒ်ပြီးတပုဒ် ပေါ်လာသည်။ ကျွန်တော်တို့ကား အဖော်ကွဲ၍မနေလိုကြ။ အမှန်အား ဖြင့် ကျွန်တော်တို့သည် အဖော်ကင်းမဲ့နေကြသည်မဟုတ်။ စင်စစ်အားဖြင့် ကျွန်တော်တို့ကား ယခုအချိန်တွင် လွတ်လွတ်လပ်လပ် နေထိုင်ယင်း အချုပ်အချယ်မရှိဘဲ သီချင်းဆိုနေယင်းက၊ ကျွန်တော်ကဲ့သို့ပင် တိုက်ပွဲဝင်နေကြသူများနှင့် တဂိုဏ်းတည်း တဖွဲ့တည်း ဖြစ်ကြပေသည်...
အင်တာနေရှင်နယ် - ကမ္ဘာ့ ပစ္စည်းမဲ့တို့၏ သီချင်း၊ ကမ္ဘာတ၀ှမ်းလုံးရှိ ကွန်မြူနစ်များ တော်လှန်ရေးသမားများ၏ သီချင်းဖြစ်သည်။ စာသားကိုရေးစပ်သူမှာ အဲဇဲန် ပေါ်တယဲ ခေါ် ပြင်သစ်အလုပ်သမား၊ တော်လှန်ရေးသမားဖြစ်၍ ပါရီကွန်မြူးန်တွင် တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။ ဂီတကိုဖွဲ့နွဲ့သူမှာ ပီယဲရ်ဒဂေတဲရ် ခေါ် ပြင်သစ်အလုပ် သမား၊ သီချင်းရေးဆရာတဦးဖြစ်သည်။
(တဗားရစ်ရှ်ချဖှ ကျူးရ်မာ့ခ်၊ဗဇာစကျဲန်းကာ့ခ် ခါလော့ဒ်နီးခ်၊ ဗီ ဆနားမီ၊ ဗီ ဆနားမီ၊
ခို့ခ်ျညိ့တ်ဗာ့စ်ဖှ ကလောနာ့ခ် ... )“ဒါး ... မီ ဆဗားမီ။”
ကျွန်တော်တို့သည် ၁၉၄၃ ခုနှစ် မေဒေးနေ့ပွဲသဘင်ကို အကျဉ်းခန်း ၂၆၇ ၌ ဤသို့လျှင် အဆုံးသတ်ရန် ကြံစည်ခဲ့ကြပါသည်။ သို့သော် အမှန်အားဖြင့် ထိုသို့အဆုံးသတ်ခဲ့ပါသလော။ အကျဉ်းခန်းများရှိ ယောက်ျားများအားတက်ကြစေရန် တပ်နီတော် စစ်သီချင်းကို လေချွန်ရင်း၊ ပြောက်ကျားတပ်သားသီချင်းကို လေချွန်ရင်း၊ အခြားဆိုဗိယက်သီချင်းများကို လေချွန်ရင်း ယခုနေ့လည်ပိုင်းတွင် မြေကွက်လပ်တလျှောက် လမ်းလျှောက်နေသော ထောင်ဘာယာအမျိုး သမီးအကြောင်းအကိုလည်း ထည့်ပြောရန် မလိုတော့ပြီလော။ ကျွန်တော့်ထံ စက္ကူနှင့် ခဲတံယူလာကာ ယခုလည်း တစုံတယောက်က ရုတ်တရက်ဝင်လာ၍ ကျွန်တော်စာရေးနေ သည်ကို အလစ်မဖမ်းနိုင်ရန် စင်္ကြံတွင် စောင့်ကြပ်ပေးနေသောသူ၊ ချက်အမျိုးသား ထောင်စောင့်တို့၏ ယူနီဖောင်းကို ၀တ်ဆင်ထားသည့် ယောက်ျားတယောက်၏ အကြောင်း ကိုလည်း မပြော၍ဖြစ်ပါ့မည်လော။ ဤစာရေးခြင်းကို အကယ်ပင် အစပျိုးပေးလိုက်ကာ၊ ဤစာရွက်ကလေးများကိုလည်း ယူထုတ်သွားလျက် အချိန်ကျသောအခါတွင် အလင်းသို့ပေါ် ထွက်လာအောင် စေ့စေ့စပ်စပ်သိမ်းဝှက်ပေးနေသော အခြားယောက်ျားတယောက်၏အကြာင်း ကိုလည်း မကျန်တော့သလော။ ဤစာရွက်ကလေး တပိုင်းတစကြောင့်ပင်၊ သူတို့ ခေါင်းပြုတ်သွားနိုင်သည်။ တဗားရစ်ရှ်ချဖှ ကျူးရ်မာ့ခ်၊ဗဇာစကျဲန်းကာ့ခ် ခါလော့ဒ်နီးခ်၊ ဗီ ဆနားမီ၊ ဗီ ဆနားမီ၊ခို့ခ်ျညိ့တ်ဗာ့စ်ဖှ ကလောနာ့ခ် ... - ဖူးချစ်သည် ဤသီချင်းကို မူရင်းရုရှား အသံထွက်ဖြင့် ရေးခဲ့သည်။“ထောင်များအတွင်းက ရဲဘော်တို့ရယ်အေးစက်လှတဲ့ တံတိုင်းများ နောက်ဝယ်ငါတို့နဲ့အတူတူ မချီတက်နိုင်ပေမယ့်လဲမင်းတို့ဟာ ငါတို့နဲ့အတူတကွပဲ၊ မင်းတို့ဟာ ငါတို့နဲ့အတူတကွပဲ။
“ဒါး ... မီ ဆဗားမီ။” - (ရုရှားစကား) အေး ... ငါတို့ဟာ မင်းတို့နဲ့ အတူတကွပဲ။
သူတို့ကား သံတိုင်များကာထားသော ယနေ့နှင့် လွတ်လပ်သော မနက်ဖြနအကြား ပေါင်းကူးတံတားများ ဖြစ်ကြရန် စွန့်စားနေကြသည်။ သူတို့ကား တိုက်ပွဲဝင်နေ ကြသည်။ မြေ၏ အနေအထားအလိုက်၊ ရှိသမျှသောနည်းလမ်းများကိုသုံးကာ ရောက်နေရာ၌ ရပ်တည်ရင်း သစ္စာရှိစွာတိုက်ခိုက်နေကြသည်။ ကြောက်စိတ်ကင်းမဲ့စွာ တိုက်ပွဲဝင်နေကြ သည်။ သူတို့တွင် ဟိတ်ဟန်ဟူ၍မရှိ၊ မသင်္ကာစရာလည်း မပေါ်၊ ဂရုဏာပြသော အမူအရာမျိုးပင် လုံးဝကင်းမဲ့နေသည်။ ထို့ကြောင့်လည်း အသက်နှင့်သေဘေးတို့၏ ရင်ဆိုင် တိုက်ပွဲတွင် ထိုသူများကား မိတ်ဆွေများဘက်မှ ရပ်တည်နေကြသည်၊ တိုက်ပွဲအတွင်း ကျဆုံး ရန်အလားအလာနှင့် အောင်မြင် ရန်အလားအလာများ သူတို့တွင် ဆတူရှိနေကြသည်ဟူသော အချက်တို့ကို ခင်ဗျားအနေနှင့် လုံးဝရိပ်မိနိုင်မည် မဟုတ်ပေ။ မေဒေးဗိုလ်ရှုသဘင်များ၌ တော်လှန်ရေးတပ်မတော်သားများ ချီတက်ကြသည်ကို ခင်ဗျားဆယ်ကြိမ် အကြိမ်နှစ်ဆယ်မျှ မြင်ခဲ့ရသည်။ ခမ်းနားပေစွ တကား။ သို့သော် တကယ့်တိုက်ပွဲအတွင်းသို့ ရောက်ခါမှ ဤတပ်မတော်ကြီး၏ အင်အားအစစ်အမှန်ကို တန်ဘိုးဖြတ်နိုင်တော့သည်။ သေခြင်းဟူသည် ကား ခင်ဗျားထင်ခဲ့သည့်ထက် ပို၍ရိုးနေသေးသည်။ သတ္တိရှိခြင်း၏ မျက်နှာမှလည်း ရောင်ခြည် များဖြာထွက်သည်ထက်ပင် ပိုမို၍ရက်စက်ကြမ်းကြုတ်သည်။ တိုက်ပွဲအတွင်း ကြန့်ကြန့် ခံလျက် အောင်ပွဲအထိ ချီတက်သွားရန်အလို့ငှာ အတိုင်းမသိသော အင်အားများရှိရန် လိုပေသည်။ ယင်းသို့သော အင်အားများ လှုပ်ရှားနေသည်ကို နေ့စဉ်နှင့်အမျှ မျက်မှောက်ပြု နေရသော်လည်း အမြဲတစေအားဖြင့်သော်ကား ထိုအင်အားတို့ကို ခင်ဗျားအနေနှင့်အပြည့် အ၀သတိပြုမိသည် မဟုတ်ပေ။ အစစအရာရာကား ဖြစ်ရိုးဖြစ်စဉ်အတိုင်း ဖြစ်ပေါ်နေ ကြသည် ဟု ထင်ခဲ့သည်။ ယနေ့ ၁၉၄၃ ခုနှစ်၊ မေဒေးနေ့ ဗိုလ်ရှုသဘင်တွင် ...အဆိုပါ အင်အားစိုတို့ကို ခင်ဗျားသတိပြုမိပြန်လေပြီ။
၁၉၄၃ ခုနှစ်၊ မေဒေးနေ့သည် ဤဇာတ်ကြောင်းကို ခေတ္တမျှဝင်၍ဖြတ်ခဲ့ပါသည်။ သို့ဖြစ်သည် ကား ကောင်းပင်ကောင်းနေသေးသည်။ ပွဲလမ်းသဘင် ကျင်းပသောနေ့များဝယ်၊ လူတို့သည် အတိတ်မှ အဖြစ်အပျက်တို့ကို တမျိုးတဖုံ လှီးလွှဲ၍ သတိရတတ်ကြသည်။ ယနေ့လွှမ်းမိုး နေသော ပျော်ရွှင်မှုသည်လည်း ကျွန်တော်၏ စမြုံ့ပြန်ခြင်းတို့ကို အရောင်တမျိုး ချယ်ကောင်း ချယ်ပေလိမ့်မည်။
ပက်ချက်နန်းတော်ရှိ “ဘိုင်စကုပ်ရုံ” သည်ကား၊ မည်သည့် ရှုထောင့်မှကြည့်ကြည့် ရွှင်မြူးဘွယ်ရာ အကယ်ပင် ကင်းမဲ့နေသော နေရာတနေရာဖြစ် လေသည်။ ဤသည်ကား ညှဉ်းပမ်းရာ အခန်းတွင်းသို့မ၀င်မီ စောင့်နေရသည့် အရှေ့ခန်းဖြစ်သည်။ ထိုနေရာမှနေ၍ အခြားသူများ၏ ညီးတွားသံများ၊ တုန်လှုပ်စွာ အော်ဟစ်သံများကို ကြားရသည်။ ခင်ဗျားကို ဘာလုပ်ကြမည်မသိ။ လူတို့သည် ဤအခန်းမှ ကျန်းမာသန်စွမ်း၊ သွက်လက်စွာ ထွက်ခွာသွား သည်ကို ခင်ဗျားတွေ့ လိုက်ရသည်။ နှစ်နာရီ၊ သုံးနာရီမျှ အစစ်ခံရပြီးသည့်နောက်ပိုင်းတွင်ကား ပေါက်ပြဲကျိုးပဲ့လျက် ပြန်လာကြသည်ကို တွေ့ရသည်။ အစစ်ခံရန် နာမည်ကို ခေါ်လိုက် သည်တွင် ပြတ်ပြတ်သားသား ထူးလိုက်သောအသံကို ကြားရသည် တနာရီအကြာတွင် နာကျင်ခြင်း၊ အဖျားတက်ခြင်းတို့ဖြင့် ဖျော့နေသော အသံသဲ့သဲ့သည် အသံရှင်၏ ပြန်ထွက်လာခြင်းကို ကျေညာလေသည်။ ထို့ထက်ဆိုးသော အရာတရပ်ရှိသေးသည်။ လူတို့သည် ငြိမ်သက်ဖြောင့်မတ်သော မျက်နှာထားဖြင့် ၀င်သွား ကြသည်ကို တွေ့လိုက်ရလျက်၊ ၎င်းတို့ပြန်လာကြသောအခါတွင်ကား ခင်ဗျားနှင့်မျက်လုံးချင်း မဆိုင်ကြ တော့ပေ။ အပေါ်ထပ်တနေရာ၊ စစ်ဆေးသောအခန်းတခန်းဝယ် ပျော့သွားသောအချိန် ကလေးတချိန် ယုတ်စွအဆုံး မဆုံးဖြတ်နိုင်သော အခိုက်ကလေးတခိုက်၊ ကြောက်စိတ်လွှမ်း ခဲ့သော တဒင်္ဂ၊ သို့မဟုတ် ငါတည်းဟူ သော ကိုယ်ကာယကို ကာကွယ်လိုစိတ်ကြောင့် ယနေ့ ဖြစ်စေ၊ နက်ဖြန်ဖြစ်စေ၊ ဤနေရာသို့ လူသစ်များရောက်လာကြတော့မည်။ တုန်လှုပ်ဘွယ် ရာများကို အစမှ နေ၍ ခံစားကြရတော့မည်။ ထိုလူသစ်များကား တိုက်ပွဲအတွင်း ရဲဘော် ရဲဘက်တယောက်က၊ ရန်သူ့လက်တွင်း ထိုးအပ်ခြင်းကို ခံလိုက်ရသော သူများပင်ဖြစ်လေ သည်။
စိတ်ဓာတ် အချိုးခံလိုက်ရသောသူများကို ကြည့်ရခြင်းသည်၊ ကိုယ်ကာယထုထောင်းနှိပ်စက် ခြင်းခံသော သူများအား မြင်ရခြင်းထက် ပို၍ဆိုးဝါးလေ သည်။ အနီးအပါး၌ရစ်ဝဲနေသော သေခြင်းသဘောတရားဖြင့် ဆေးကျောထားသည့် မျက်လုံးများလည်းရှိ၍၊ သေရာမှပြန်ထလာ ခြင်းကြောင့် ခါးနေသောခံစားမှု လည်းရှိမည်ဟုဆိုက၊ မည်သူသည်ယိုင်သွားခဲ့ပြီ၊ မည်သူသည် မိမိ၏၀ိဉာဉ်တနေရာကလေးတွင် ငါ၏တိုက်ပွဲဝင်ဘက်တော်သားများအနက် အရေးမကြီးဆုံး သော ဖော်ထိုက်လိုက်ရလျှင်၊ ငါ၏ကိုယ်အတွက် သက်သာမှုအနည်းငယ်ရစေလိမ့်မည်ဟု စိတ်ကူးမိခဲ့ပြီ၊ စသောအကြောင်းတို့ကို ခင်ဗျားအားမည်သူက မပြောဘဲ နှင့် စိတ်တွင်းကသိရှိနိုင်သည်။ အသဲကြောင်လိုက်တဲ့ သတ္တ၀ါတွေ။ ရဲဘော်ရဲဘက်တယောက်ရဲ့ အသက်ကိုပေးပြီး ၀ယ်ခဲ့ရတဲ့နောက်၊ မင်းတို့ရဲ့ဘ၀ဟာ သတီစရာ ရှိပါတော့မလား။
ဤသည်ကား “ဘိုင်စကုတ်ရုံ”တွင်ပဌမဆုံးအချိန်ထိုင်ခဲ့စဉ်က ဦးဦးဖျားဖျားပေါ်ပေါက်လာသော စိတ်ကူးများ ဟုတ်ချင်မှဟုတ်မည်။ သို့သော်လည်း ထို စိတ်ကူးများသည် ဤနေရာတွင် ထပ်ခါထပ်ခါပေးလာတတ်သည်။ ထိုနေ့နံနက်တွင် ရောက်သွားသည့်အခြားနေရာ တနေရာ ၌ကား ထိုစိတ်ကူးသည် အကယ်ပင် ပေါ်ပေါက်လာခဲ့သည်။ ထိုနေရာကား “ဘိုင်စကုတ်ရုံ” နှင့်အနည်းငယ်ကွာခြားသည်။ ထိုနေရာကားသိမြင်မှုတို့၏ အကြွယ်ဝဆုံးရေသောက် မြစ်ဖြစ် လျက်၊ နံပါတ် “လေးရာ” ဟု အမည်တွင်လေသည်။ကျွန်တော်သည် “ဘိုင်စကုတ်ရုံ” ထဲတွင် ကြာမြင်စွာထိုင်မနေခဲ့ရ၊ တနာရီသို့မဟုတ် တနာရီခွဲသာကြာမည်။ နောက်ကျွန်တော်၏ ကျောဘက်မှ ကျွန်တော်၏အမည်ကို ခေါ်သံပေါ်လာကာ၊ အရပ်ဝတ်အရပ်စားနှင့် ချက်စကား ပြောတတ်သူ ပုလိပ်နှစ်ယောက်က ကျွန်တော့်အားဓာတ်လှေခါးသို့ ခေါ်ဆောင်သွား သည်။ လေးထပ်ပေါ်အထိတက်၍ ကျယ်ပြန့်သော အခန်းကြီးတခန်းအတွင်းသို့ ခေါ်သွားကြသည်။ ထိုအခန်း၏ တံခါးပေါ်တွင် တပ်ဆင်ထားသည့် ဂဏန်းကား ...၄၀၀ ဟူ၍ဖြစ်ပသည်။
ရောက်စက သူတို့၏မျက်စေ့အောက်တွင် ကျွန်တော်တယောက်ထီးတည်းသာ ထိုင်နေရ သည်။ နောက်ဆုံးထရံမှာ သီးသန့်၍ချထားသော ကုလား ထိုင်တလုံးတွင် ထိုင်နေရသည်။ ထိုနေယင်းက၊ ယခုဖြစ်ပျက်နေသော အတွေ့အကြုံကို ယခင်တခါ ကြုံတွေ့ခဲ့ရဘူးသည်ဟူ သောခံစားမှုဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုမိသည်။ ဒီနေရာကို ငါရောက်ခဲ့ဘူးသလား၊ မရောက်ဘူးပါဘူး။ ဒါပေမဲ့ ဒီအခန်းကိုငါသိပါတယ်။ ဤအခန်းကို ကျွန်တော်မှတ်မိသည်။ အိပ်မက်ထဲ၌မက်ဘူး သည်။ ဤနေရာအကြောင်း ကြမ်းကြုတ်လှသော ချောက်အိပ်မက်ကြီး မက်ဘူးသည်။ ချောက်အိပ်မက်ကြောင့် အသွင်အပြင်လည်း ရွဲ့စောင်း၊ အနေအထားလည်း စက်ဆုတ်စရာကောင်းနေခဲ့သည့်တိုင်အောင် ထိုနေရာကို မမှတ်မိနိုင်သည့် အထိကားမ ရောက်။ ယခုသော် ဤအခန်းသည် ဖော်ဖော်ရွေရွေဖြစ်နေသည်။ နေ့၏ အလင်းရောင်နှင့် ကြည်လင်သောရောင်စုံများ သန်းနေကြသည်။ သံတိုင်များ ခပ်ကြဲကြဲတပ်ထားသော ပြူတင်း ပေါက် ကျယ်ကျယ်ဝန်းဝန်းများ၏အလွန်တွင်၊ တင်း ဘုရားရှိခိုးကျောင်း၊ စိမ်းစိုသော လဲ့တနာ နှင့် ဟရာ့ဒချန်နီ ရဲတိုက်တို့ကို မြင်နိုင်ပေသည်။ ကျွန်တော်၏ အိပ်မက်ထဲတွင်ကား၊ အဆိုပါ အခန်းတွင် ပြူတင်း ပေါက်များမရှိ၊ မှုန်မှုန်သိုးသိုးဖြစ်နေသည်။ ညစ်ပတ်သော အလင်းရောင်ဝါ ကျင့်ကျင့်သာ ပက်ဖြန်းထားသည်။ လူများသည်လည်း အရိပ်များနှင့် တူနေခဲ့သည်။ ဟုတ် သည်၊ ဤနေရာတွင် လူများရှိခဲ့သည်။ ယခုသော် တခန်းလုံး ဗလာဟင်းလင်းဖြစ်နေလျက်၊ တလုံးနောက်တလုံး စီ၍ချထားသော ခုံတန်းရှည်ခြောက်လုံး ကား၊ ပန်းဝါ၀ါ၊ ပန်းဖြူဖြူကလေး များပေါက်နေသည့် မြက်ခင်းကလေးနှင့်တူနေလေသည်။ အိပ်မက်ထဲတွင်မူ၊ ခုံတန်းများမှာ တယောက်ဘေးတယောက်ကပ်၍ ထိုင်နေရသော လူများဖြင့် ပြည့်နေခဲ့သည်။ ၎င်းတို့၏ မျက်နှာများမှာလည်း ဖျော့ရော့နေသည်၊ သွေးများစွန်းနေသည်။ ထို့နောက် တံခါးဘေး ထိုတနေရာဝယ် အလုပ်သမားဝတ်စုံအပြာရောင်ကို ၀တ်ထားသော လူတယောက်။ သူသည် ရေ ... ရေကို တောင့်တယင်းရပ်နေကာ၊ လျှောကျလာသော ကုလားကာကဲ့သို့ မြေ ပေါ်သို့ ဖြည်းညင်းစွာ ခွေကျသွားလေသည်။ဟုတ်သည်။ ဤသို့ပင်ဖြစ်သည်။ အိပ်မက်ကားမဟုတ်။ ယခုအကြောင်းမှန်ကို သိပြီ။ ထိုရက်စက်ကြမ်းကြုတ်သော အဖြစ်အပျက်၊ အဖျားသွေးများ တက်စေသည့် အဖြစ်အပျက်ကား၊ အကယ်ပင်ဖြစ်ပွားခဲ့သည်။ ကျွန်တော်အဖမ်းခံရ၍ ပဌမဆုံးအကြိမ် အစစ်ဆေးခံရသော ညက ဖြစ်လေသည်။ သူတို့အနားယူလိုသော အချိန်၊ သို့မဟုတ် အခြားသူများအား ကိုင် တွယ်လိုကြသည့် အချိန်များတွင် ကျွန်တော့အား ဤနေရာသို့ခေါ်၍ ခေါ်၍လာကြသည် - သုံးကြိမ်လား၊ ဆယ်ကြိမ်လားမသိ၊ သိနိုင်ပါဘူးလေ။ ကျွန်တော့တွင် ဘိနပ်များမပါ။ အကွက်ရိုက်ထားသော အုပ်ကျွတ်ကြမ်းခင်းများက၊ ပွန်းပဲ့နေ သော ခြေဖ၀ါးများကို၊ နူးနူးညံ့ညံ့အေးမြ စေခဲ့သည်ကို သတိရပါသည်။ ထိုစဉ်အခါက ခံတန်းလျားများမှာ ယွန်ကားစ် လက်နက်စက်ရုံများမှာ အလုပ်သမားတို့ဖြင့်ပြည့်လျှံနေခဲ့သည်။ ဂက်စတာပိုက တညနေခင်းပိုက်ဆွဲရာတွင် ပါလာသူများဖြစ်သည်။ အလုပ်သမား အ၀တ်ပြာ ကို ၀တ်ထားသည့် တံခါးနားမှလူကား ယွန်ကားစ် စက်ရုံအတွင်းရှိ စက်ရုံကလာပ်စည်းမှ ရဲဘော် ဘာရတော် ည်ဖြစ်သည်။ ကျွန်တော်အဖမ်းခံရသည့်အကြောင်းမှာ သူနှင့်တနည်းအား ဖြင့် ဆက်စပ်နေသည်။ ဤအချက်ကိုရေးသည်မှာ ကျွန်တော်၏ကိစ္စတွင် တစုံတယောက် ၏ သစ္စာဖောက်ခြင်း၊ သူရဲဘော်ကြောင်ခြင်းတို့မပါဝင်၊ သတိလစ်ဟင်းမှုနှင့် ကံမကောင်း အကြောင်းမလှခြင်းတို့ကြောင့်သာ ဖြစ်ရသည်ကို ရှင်းလင်းစွာသိကြစေ ရန်ဖြစ်သည်။ ရဲဘော် ဘာရတော်ည်သည် မိမိ၏ကလာပ်စည်းနှင့် ပါတီခေါင်းဆောင်မှုအကြား အဆက်အသွယ်များ ရရန် ရှာဖွေနေခဲ့သည်။ သူ၏ မိတ်ဆွေဖြစ်သူ ရဲဘော် ယဲလီနက် က အဆက်အသွယ်ရအောင် စီစဉ်ပေးပါမည်ဟု ကတိပြုလိုက်လေသည်။ ရဲဘော် ယဲလီနက်သည် ရှေးဦးပဌမ ကျွန်တော်နှင့် တိုင်ပင်သင့် သည်။ သူနှင့် လုံးဝမပတ်သက်စေပဲ၊ ကိစ္စကို ပြီးမြောက်အောင်လုပ်သင့်သည်။ ထိုသို့ပြုလုပ်ရမည့်အစား လျှို့ဝှက်မှုစည်းကမ်းကို တနည်းအားဖြင့် ဂရုမမူဘဲ ဖွင့်ဟ ၍ ကတိပေးလိုက်ခြင်းကား အမှားတရပ်ဖြစ်လေသည်။ ဒုတိယ - ပို၍ ကြမ္မာငင်သော အမှားကား ရဲဘော်ဘာရတော်ည်သည် ထိုအကြောင်းကို လူတယောက်အားယုံစား၍ ဖွင့်ပြောမိခြင်းဖြစ် သည်။ ထိုသူကား ရန်သူ့တလျှိုတယောက်ဖြစ်လျက် ဒဗောယျတ် ဟုခေါ်သည်။ ရဲဘော် ဘာရတော်ည်က၊ ယဲလီနက်၏အမည်ကို ထိုသူ့အား ဖွင့်ပြောမိသည့်အတွက် ယဲလီနက်တို့၏ အကြောင်းသည် ဂက်စတာပိုထံသို့ ရောက်သွားလေသည်။ နှစ်နှစ်ကြာမျှ ကောင်းမွန်စွာထမ်း ဆောင်ခဲ့သော တာဝန်လုပ်ငန်းများကြောင့်ကား ဘာမျှမဖြစ် တနေရာတွင်အကူအညီကလေး တခုပေးပါရန်၊ လျှို့ဝှက်မှုစည်းကမ်းများမှ ခြေလှမ်းကလေးတကွက်မှား၍ နင်းလိုက်မိသော ကြောင့် ဤသို့ဖြစ်သွားရပေမည်။ ကျွန်တော်လာမည်ဟု ချိန်းထားသောညတွင်မှ ပက်ချက် နန်းတော်မှ ဂက်စတာပိုများက၊ ယဲလီနက်တို့လင်မယားအား ဖမ်းဆီး ရန်ဆုံးဖြတ်ကြခြင်း၊ ဤမျှလောက် အင်တိုက်အားတိုက် တပ်ချီလာခြင်းတို့ကား၊ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်မျှ သာ ဖြစ်သည်။ အမှန်အားဖြင့် အစီအစဉ်အတိုင်း ဆိုလျှင် ယဲလီနက်တို့အား နောက်တနေ့မှ ဖမ်းဆီးကြရမည်ဖြစ်သည်။ သို့သော် ယွန်ကားစ်များအတွင်းရှိ ကလာပ်စည်းကိုအောင်မြင်စွာ မြေလှန်လိုက်မိကြသဖြင့်၊ သွေးတကြွကြွဖြစ်နေကြကာ၊ ယဲလီနင်တို့ထံမတော်တဆ “လေကောင်း လေသန့်ရှာရန်” ထွက်လာကြသည်ဟူ၍ပင်ဆိုနိုင်သည်။ပုလိပ်များဝင်လာသဖြင့် ကျွန်တော်တို့အံ့အားသင့်သွားခဲ့သည်မှာ သူတို့အနေနှင့် ကျွန်တော့်အားတွေ့ရသောကြောင့် အံ့အားသင့်သွားထက်မပိုပါပေ။ သူတို့ကား မည်သူ့ကိုဖမ်းကြောင်း ပင်မသိ။ စင်စစ်အားဖြင့် ကျွန်တော်မည်သူဖြစ်သည်ကို နောင်တွင်လည်း သိနိုင်စရာအကြောင်းမရှိ။ သို့သော် ကျွန်တော်နှင့် တချိန်တည်း ...သို့သော်လည်း အခန်းနံပါတ်လေးရာမှ၊ ပထမစိတ်ကူးများနှင့် ဆက်သွယ်နေသော ဤအချက်ဆီသို့ နောက်အတော်ကလေးကြာတော့မှ ဆိုက်ရောက် လာပါသည်။ ထိုအချိန်တွင်ကျွန်တော်ကား တယောက်ထီးတည်းလည်းမဟုတ်တော့။ ခုံတန်း ရှည်များပေါ်တွင်သာမက၊ အခန်းပတ်လည်ရှိ နံရံများတွင် လည်း လူများပြည့်နေသည်။ နာရီများရွေ့လျားသွားတိုင်း အံ့သြဖွယ်ရာအချက်အလက်များလည်း တိုး၍တိုး၍လာပါသည်။ ကျွန်တော်နားမလည်နိုင်လောက်အောင် ထူးခြားသောအံ့အားသင့်စရာများကိုလည်း တွေ့ရ သည်။ နားလည်နိုင်လွန်းလောက်အောင် ဆိုးဝါးသော အံအားသင့်စရာများကိုလည်း တွေ့ရသည်။
ပထမဦးစွာ ကြုံတွေ့ရသော အံ့အားသင့်ဖွယ်ရာ အဖြစ်အပျက်ကား အထက်ပါနှစ်မျိုးနှစ်စား အနက် မည်သည့်အမျိုးအစားသို့မှ အကြုံးမ၀င်ပါ။ လူ့ စိတ်ကို ကြည်နူးစေသော အသေးအဖွဲ ကိစ္စကလေးတရပ်မျှသာဖြစ်လျက် မည်သူ့အတွက်မျှ အရေးကြီးသော ကိစ္စမဟုတ်ပါပေ။
ကျွန်တော့်အနီးတွင် ဂက်စတာပိုတယောက် ရပ်နေပါသည်။ ကျွန်တော့်အား ဖမ်းဆီးစက ကျွန်တော်၏အိတ်များကို လှန်လှောရှာဖွေဖြစ်ကြောင်း မှတ် မိပါသည်။ ယခုသည် ကျွန်တော့်အား စောင့်ကြည့်နေရာမှ သောက်လက်စ စီးကရက်တလိပ်ကို ကျွန်တော့်ထံ ပစ်ပေးလိုက်ပါသည်။
ရက်သတ္တသုံးပတ်အတွင်း ပထမစီးကရက် ... ကမ္ဘာမြေပေါ်သို့ ဒုတိယအကြိမ်ပြန်ရောက် လာသူအတွက် ပထမစီးကရက် ... ကောက်ယူလိုက်ရမ လား၊ ဒါမှမဟုတ် စီးကရက်တလိပ်နဲ့ ကျွန်တော့်ကိုဝယ်လို့ရပြီးဆိုပြီး ယူဆမှာလား။ သို့ရာတွင် စီးကရက်နှင့်အတူပါလာသည့် သူ၏ အကြံတွင် ဤသဘောမျိုးကို လုံးဝမတွေ့ရ။ သူကား မည်သူ့ကိုမျှ ၀ယ်ယူလိုပုံမပေါ်ချေ။ သို့သော်ကျွန်တော်ကား စီးကရက်တလိပ်လုံးကုန်သည်အထိ မသောက်နိုင်၊ မွေးကာစ ကလေးများကား စီးကရက် အသောက်ကြူးသူများ မဟုတ်ပေ။ ဒုတိယအံအားသင့်စရာ ကိစ္စကား ဤသို့တည်း။ လူလေးယောက်သည် တယောက်နောက် တယောက်စီတန်းလျက်ဝင် လာကြကာ စောင့်ကြပ်နေကြ သော အရပ်ဝတ်အရပ်စားပုလိပ်များကိုသာမက ကျွန်တော့်ကိုပါ ချက်စကားဖြင့် နှုတ်ဆက်ကြသည်။ ၎င်းနောက်စားပွဲများတွင် ထိုင်၊ စာရွက်ဖိုင်တွဲများဖွင့်၊ စီးက ရက်များသောက်၊ ရုံးအလုပ်သမားများကဲ့သို့ လွတ်လွတ်လပ်လပ်မှ တကယ့်ကိုလွတ်လွတ် လပ်လပ်ကြီး ပြုမူကြသည်။ ဟာ ... ဒီလူတွေကို ငါအသိသားပဲ၊ အနည်းဆုံး သုံးယောက်ကို ဖြင့် သိပါတယ်။ ဂက်စတာပို ဘက်တော်သားတွေတော့ ဖြစ်မသွားနိုင်ပါဘူး။ ဒါမှမဟုတ် ရန်သူတွေများ ဖြစ်ကုန်ကြပြီလား။ သူတို့လိုလူတွေ တောင် ဒီလိုဖြစ်ကုန်ကြပြီလား။ ကြည့်စမ်းပါလား ဟိုလူဟာ ၇ ... ပါ။ တခါတုန်းက ပါတီနဲ့အလုပ်သမားသမဂ္ဂအတွင်းရေးမှူး။ လူက အရိုင်းလိုလို၊ ဒါပေမယ့် သစ္စာ ရှိတယ် မဟုတ်ပါဘူး။ မဖြစ်နိုင်ပါဘူး။ ဒီဘက်က အန်ကာဗိကောဗား၊ ခါတိုင်းလိုပဲ ကိုယ်က ခပ်တောင့်တောင့်လှတုန်း၊ ပတုန်း၊ ဆံပင်ကတော့ လုံးလုံးဖြူနေပြီ။ ခိုင်ခိုင်မြဲမြဲနဲ့ တိုက်ပွဲထဲခေါင်းမာမာနဲ့ဝင်ခဲ့တဲ့ မိန်းမတယောက် မဟုတ်သေး ပါဘူး၊ မဖြစ်နိုင်ပါဘူး။ နောက်ပြီးတော့ ဗားရှက်၊ မြောက်ပိုင်း ဘောဟီးမီးယား၊ မီးသွေးတွင်း တွေက ပန်းရံသမားတယောက်၊ ခရိုင်ပါတီအတွင်းရေးမှူးလဲ လုပ်ခဲ့သေးတယ်။ သူ့ကိုဘယ်နဲ့ လုပ်ပြီး မသိဘဲနေနိုင်ပါ့မလဲ။ သူနဲ့ငါနဲ့ တူတူတွဲပြီး ခါးကျိုး မတတ် အလုပ်လုပ်ယင်း၊ မြောက်ပိုင်းဒေသ တိုက်ပွဲတွေကို မျက်နှာချင်းဆိုင်ခဲ့ကြတယ် မဟုတ်လား။ မဟုတ်သေးပါဘူး၊ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဒီမှာဘာလာ လုပ်နေကြတာလဲ၊ ဘာတွေလုပ်နေကြသလဲ။
ဘာတွေလုပ်နေကြသလဲ။ - ဂက်စတာပိုများသည် နံပါတ်လေးရာ၌ အကျဉ်းသမားများအား ဘာသာပြန်အလုပ် စသည်တို့ကို လုပ်ခိုင်းကြသည်။ အကျဉ်းသမားများ ကလည်း ထိုအခွင့်အရေးကိုသုံး၍ ရန်သူဆန့်ကျင်ရေးလုပ်ငန်းများ လုပ်ကြသည်။ နံပါတ်လေးရာတွင် ပုလိပ်အချို့တို့ကိုပင် စည်းရုံးထားနိုင်သဖြင့် အချို့သော အချိန်များတွင် ကွန်မြူနစ်အကျဉ်း သမားများကို ချုပ်နှောင်ထားရာအခန်းနှင့် မတူတောဘဲ၊ တော်လှန်ရေးသမားများ၏ ဌာနချုပ်သဖွယ် ဖြစ်နေတတ်သည်။ ထိုမေးခွန်းများအတွက် အဖြေရှာ၍ မရသေးမီပင်၊ အခြားသူများတစုတဝေးကြီး ပေါက်လာကြသည်။ မီးရက်အပြင်၊ ယဲနီလက်တို့ လင်မယားနှင့် ဖရီးဒ်တို့လင်မယားကိုလည်း ခေါ်သွင်းလာကြသည် ဟုတ်သည်။ ဤသည်ကိုကား ကျွန်တော် သိသည်။ ဤသူများကား ကျွန်တော်နှင့်အတူ အဖမ်းခံရသည်။ သို့သော် ပညာတတ်များ အကြား အလုပ်လုပ်ရန် မီးရက်အား အကူအညီပေးခဲ့သော အနုပညာသမိုင်းဆရာ ပါဗ်လ် ကရောပါးချက်တယောက် အဘယ့်ကြောင့် ပါလာရ သနည်း။ သူ့အကြောင်းကို ကျွန်တော်နှင့် မီးရက်မှတပါး အခြားဘယ်သူမျှ မသိကြ။ ၎င်းပြင် မျက်နှာတခုလုံး ကွဲပြဲနေသော အရပ်ရှည်ရှည် လူငယ်တယောက်က၊ ကျွန်တော်တို့အချင်းချင်း မသိဟန်ဆောင်နေဟူ၍ ကျွန်တော့်အား အဘယ့်ကြောင့် လက်ဟန်ခြေဟန်ပြနေသနည်း။ အမှန်စင်စစ် သူ့အား ကျွန်တော်မသိ။ နေစမ်း ... ဘယ်သူများပါလိမ့်။ ရှတစ်ခ်လား။ ဒေါက်တာရှတစ်ခ်။ ဇဒိညက်ပါလား။ ဘုရား ... ဘုရား ... ဒါဆိုယင် ဆရာဝန်တွေရဲ့ အုပ်စုပါလား။ ဒီအုပ်အကြောင်းကိုကော ကျွန်တော်နဲ့မီးရက်ကလွဲယင် ဘယ်သူသိလို့လဲ။ အကျဉ်းခန်းထဲကို လာပြီး စစ်ကြတုန်းက ကျွန်တော့်ကို ချက်ပညာတ်တွေအကြောင်း ဘာဖြစ်လို့မေးခဲ့တာလဲ။ ကျွန်တော်နဲ့ ပညာတတ်တွေရဲ့လုပ်ငန်းကို ဘယ်လိုဆက်သွယ်မိကြသလဲ။ ဒီကိစ္စကိုကော ကျွန်တော်နဲ့ မီးရက်ကလွဲယင် ဘယ်သူသိလို့လဲ။ အဖြေပေးရန်ကားမခက်၊ သို့သော် ထိုအဖြေ ကား ကြမ်းတမ်းလှသည် ရက်စက်လှသည်။ မီးရက်ကား ယောင်းမမြင်းစီး၍ ထွက်ခဲ့လေပြီ။ ဖွင့်၍ပြော ခဲ့ပြီ။ အကုန်လုံးကို ဖွင့်၍မပြေတန်ရာဟု ခေတ္တခဏမျှမြှော်လင့်နေခဲ့သေးသည်။ သို့သော် အပေါ်ထပ်သို့ အခြားအကျဉ်းသမားများကို ထပ်မံခေါ်ဆောင်လာကြသည်။ ကျွန်တော်မြင်လိုက်ရသော သူများကား ...ဗလာဂျီလော့ဗ်၊ ဗန်ချူးရား၊ ပါမောက္ခ ဖဲလဘာနှင့် ၎င်း၏သား။ မမှတ်မိနိုင်လောက်အောင် ရုပ်ပြောင်းထားသည့် ဘက်ဒရစ်၊ ဗားစလာဗက်။ ဘောဇဲနာ၊ ပူလပါနောဗား။ ယင်းဒရစ်အဲလ်ဘလ်။ ပန်းပုဆရာ ဒဗောယျတ် - ချက်ပညာ တတ်များ၏ အမျိုးသားတော်လှန်ရေးကော်မတီကိုဖွဲ့ခဲ့သြူ သို့မဟုတ် ထိုအဖွဲ့တွင် ပါဝင် ကြမည့်သူ အားလုံးကား ဤနေရာသို့ ရောက်လာကြပြီ။ ပညာတတ်များအကြား လုပ်ငန်းဟူသ၍ကို မီးရက်သည်အလုံးစုံ ဖွင့်ပြောလိုက်လေပြီတကား။ပက်ချက်နန်းတော်သို့ ရောက်ခါစနေ့များတွင် ကျွန်တော်ကား သက်တောင့်သက်သာမနေခဲ့ရ။ သို့သော် ယခုကဲ့သို့ မြင်လိုက်ရခြင်းသည်ကား ဤနေရာတွင်ခံခဲ့ရသော ဒဏ်ချက်များအနက်၊ အပြင်းထန်ဆုံးသော ဒဏ်ချက်ဖြစ်ပါသည်။ ကျွန်တော်ကား သေဘေးကိုမြင်ခဲ့သည်၊ သစ္စာဖောက်မှုကိုကား မမြှော် လင့်ခဲ့။ မည်မျှပင် ငဲ့ငဲ့ညှာညှာဆန်းစစ်စေကာမူ သက်သာစေသည့် ပတ်ဝန်းကျင်အခြေအနေ များကို မည်မျှပင်ထည့်တွက်စေကာမူ၊ မီးရက်အနေနှင့် ဖော်မထုတ်ပဲ ထိန် ၀ှက်ထားခဲ့သော အချက်များကို မည်မျှပင်ပြန်လည်တွေးတောစေကာမူ သစ္စာဖောက်ခြင်းတည်းဟူသော စကား မှလွဲ၍ အခြားစကားအသုံးအနှုန်းကို ရှာမတွေ့ခဲ့ပါ။ ယိမ်းယိုင်မှုကလေးတချက်မျှသာမဟုတ်၊ နုနယ်ပျော့ရော့မှုမဟုတ်၊ သေလုအညှဉ်းခံရသဖြင့် ဂယောင်ဂတန်း သက်သာမှုရှာဖွေမိသော သူ၏ပြိုဆင်းမှုမဟုတ်။ သူ့အား ခွင့်လွှတ်နိုင်စရာ အကွက်ကလေးတကွက်မျှမရှိ။ ရောက် ရောက်ချင်း ပထမညကတည်းက ကျွန်တော့်နာမည်မည်သို့သိသွားကြသည်ကို ယခုနားလည် ပါပြီ။ အာညိခ်ျကာ၊ ယီရားစကောဗား ဤနေရာသို့ အဘယ်ကြောင့် ရောက်လာသည်ကို ယခုနားလည်ပါပြီ။ သူ၏အိမ်တွင် ကျွန်တော်သည် မီးရက်နှင့်အကြိမ်ကြိမ်အခါခါတွေ့ဆုံခဲ့ဘူး သည်။ ကရောပါးချက်နှင့် ဒေါက်တာ ရှတစ်ခ် တို့ အဘယ့်ကြောင့်ဤသို့ရောက်လာကြရသည် ကိုလည်း ယခုသဘောပေါက်ပါပြီ။ နောက်ကျွန်တော်သည် နေ့စဉ်နှင့်အမျှလိုလို နံပါတ်လေး ရာသို့သွားရသည်။ နေ့စဉ်နှင့်အမျှလိုလိုပင် အသေးစိတ်အချက်အလက်တို့ကို ထပ်မံသိရှိလာ ရသည်။ ၀မ်းနည်းဖွယ်ရာလည်း ကောင်းသည်။ တုန်လှုပ်ဘွယ်လည်းကောင်းသည်။ ကြည့်စမ်း ... အရင်တုန်းက သိပ်ပြီးသတ္တိကောင်းခဲ့တဲ့လူတယောက်။ စပိန်ပြည်စစ်မျက်နှာတွင် တိုက်ပွဲဝင်ခဲ့စဉ်ကကျည်ဆံများကို မရွံ့မကြောက်ခဲ့သောသူ။ ပြင်သစ်ပြည်အကျဉ်းစခန်းမှကြမ်း ကြုတ်လှသော အတွေ့အကြုံများအောက် ဒူးမထောက်ခဲ့သူတယောက်။ ယခုဂက်စတာပို၏ လက်တွင်းမှ ကြိမ်လုံးကိုမြင်သည်နှင့်တပြိုင်နက် မျက်နှာတွင်သွေးများဆုတ်ယုတ်သွားကာ၊ မိမိ၏ သွားတချောင်း မကျိုးအောင် ဖော်ကောင်လုပ်ခဲ့လေပြီ။ အရိုက်အပုတ်ကလေး အနည်း ငယ်ခံရသည်နှင့်တပြိုင်နက် ပျက်ပျယ်သွားနိုင်သော သူ၏သတ္တိအား စကောလေက်ပင် စောက်မနက်သည်တကား။ သူ၏ယုံကြည်မှုသည်လည်း ဤသို့အပေါ်ယံကြောမျိုးဖြစ်လေ သည်။ ယုံကြည်ချက်ချင်းတူသော ရဲဘော်များ၏အလယ်၊ လူအုပ်ကြီး အတွင်း၌ကား ကြံ့ခိုင် ခြင်းဖြစ်လေသည်။ ယခုအဖော်ကင်း၍ တယောက်တည်းဖြစ်သွားကာ၊ ထိုးနှက်လျက်ရှိသော ရန်သူများက ၀ိုင်းလိုက်သည်နှင့် ရှိသမျှအား အင်တို့လည်း ကုန်ခန်းသွားလေသည်။ တကိုယ် ကောင်းကိစ္စများကို စ၍တွေးလိုက်သည်နှင့်တပြိုင်နက်အစစအရာရာကို ဆုံးရှုံးသွားလေ သည်။ ကိုယ့်အသား မနာစေရန် ရဲဘော် ရဲဘက်များကို ယဇ်ပူဇော်လိုက်သည်။ သူရဲဘောကြောင်စိတ် ၀င်လာကာ၊ ကြောက်စိတ်နှင့်သစ္စာဖောက်ခဲ့လေသည်။ သူနှင့်အတူ မိသွားသော လျှို့ဝှက်ရေးစာလုံးများ၏ အဓိပ္ပာယ်ကိုရှင်းပြမည့်အစား အသေခံရသည်ဟု ကိုယ့်ကိုယ်ကိုယ်နားမချ လျှို့ဝှက်သော စာဖတ် နည်းကိုဖွင့်ထုတ်လိုက်သည်။ လျှို့ဝှက်သော အိမ်တအိမ်ကို ဖော်ပြလိုက်သည်။ ရှတစ်ခ်နှင့်ချိန်း၍ ထိုနေရာသို့ ဂက်စတာပိုစုံထောက်များကို ခေါ်သွားကာ မျက်နှာ ချင်းဆိုင်ပေးလိုက်သည်။ ဗားစကာဗက်နှင့် ကရောပါ့ခ်တို့ကိုတွေ့ရန် ရန်သူများအား ဒဗောယျတို့၏အိမ်သို့ လွှတ်လိုက်သည်။ အာညိခ်ျကာကို ထိုးအပ်လိုက်သည်။ ခိုင်ခိုင်မြဲမြဲနှင့် သတ္တိကောင်းလှသော လီဒါ၊ သူ့အား ချစ်ခဲ့ရှာသည့် ကလေးမလေးလီဒါကိုပင် ထိုးအပ်လိုက်လေသည်။ အနည်းငယ်မျှ အရိုက်အနှက်ခံရလျှင်ပင် သိသမျှအနက်တ၀က်ကို ဖွင့်ပြောလိုက်သည်။ ကျွန်တော်သေပြီဟု ယုံကြည်သွားသောအခါဝယ်၊ ဖြေရှင်းမည့်လူမရှိ တော့ပြီဟု သဘောပိုက်ကာ၊ ကျန်သမျှ အချက်အလက်အလုံးစုံကို ဖော်ထုတ်လိုက်လေသ တည်း။
ဤသို့ ပြုလုပ်လိုက်ခြင်းအားဖြင့် ကျွန်တော့အပေါ်အန္တရာယ်မရောက်စေခဲ့။ ကျွန်တော်ကား ဂက်စတာပိုလက်တွင်းသို့ ရောက်ပြီးသားဖြစ်သည် - ထို့ ထက်ပို၍ ဆိုးစရာအကြောင်းမရှိ။ အန္တရာယ်မရောက်စေသည်သာမက အကျိုးပင်တမျိုးရှိနေသေးသည်။ သူ၏ ဖြောင့်ချက်များ ကား အမှုတခုလုံးတွင် သက်သေခံ အထောက်အထားများအဖြစ် အကောင်အထည်အပေါ်ဆုံး လည်း ဖြစ်လာသည်။ ထိုအချက်အလက်များသည် သံကြိုး၏ အစွန်းအစများနှင့်လည်း တူလေသည်။ သင်းတို့သိလိုက်သော အခြားကွင်းဆက်အားလုံးတို့ကား ကျွန်တော်၏ လက်တွင်း၌သာ ရှိနေခဲ့လေသည်။ ထို့ကြောင့် မာရှယ်လေ ကျေညာပြီးသည့်နောက်တွင် ပင် ကျွန်တော့်မှာ အသက်နှင့်ခန္ဓာမြဲနေခဲ့ရလေသည်။ ကျွန်တော်သာမက ကျွန်တော်တို့လူစုမှာ လူအတော်များများလည်း အသက်ရှင်၍ကျန်ရစ်ကြလေသည်။ သို့သော် မီးရက်ကသာ ကိုယ့် တာဝန်ကိုကျေပြွန်ခဲ့လျှင် ဤနေရာတွင် ဤသို့သော်လူစုဟူ၍ပင် ပေါ်ပေါက်လာရန်အကြောင်း မရှိ။ သူရောကျွန်တော်ပါ အသက်ပျောက်ခဲ့သည်မှာ ကြာလှတော့မည်။ သို့သော် အခြားသူများ ကား ကျွန်တော်တို့ ကျဆုံးပြီးသည့်နောက်တွင်ပင် ဆက်လက်နေထိုင်ယင်း လုပ်စရာအလုပ် များကိုလည်း ဆက်လက်လုပ်ကိုင်သွားကြမည် ဖြစ်လေသည်။ လူကြောက်ဟူသည်ကား မိမိ၏အသက်တချောင်းကိုသာ ဆုံးရှုံးသည်မဟုတ်။ အစစအရာရာ အဘက်ဘက်တွင် ဆုံးရှုံး လေသည်။ ဂုဏ်သတင်း ပြောင်ဝင်းသော တပ်မတော်ကြီးမှ ထွက်ပြေးရာတွင် အညစ်ပတ် ဆုံးသော ရန်သူ၏ နှာခေါင်းရှုံ့ခြင်းကိုလည်း ခံယူရလေသည်။ အသက်ရှင်နေသေးသည်ဆိုဦး တော့ လူ့လောကတွင် မနေနိုင်တော့။ မိမိကိုယ်ကိုယ် အစုအဝေးအတွင်းမှ မိမိဖာသာ ထုတ်ပစ်ခဲ့သောကြောင့် ဤသို့ဖြစ်ရလေသည်။ နောင်သော် မီးရက်သည် သူ၏နေပုံထိုင်ပုံကို ပြုပြင်ရန်အနည်းအပါး ကြိုးစားသေးသည်။ သို့သော်သူ့အား ဘယ်တော့မျှပြန်၍ လက်မခံကြတော့။ ဤသို့သောဘ၀မျိုးကား အခြားနေရာ များတွင်ပင် ဆိုးဝါးလှသည်။ ထောင် ထဲ၌ကားပို၍ပင်ဆိုးဝါးနေပေသည်။
..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... .....
အကျဉ်းသမားနှင့်အဖော်မဲ့ခြင်း - ဤအမှတ်သညာနှစ်ရပ်တို့ကို လူတို့သည်တွဲ၍စဉ်းစား လေ့ရှိကြသည်။ သို့သော် ထိုအယူအဆကား မဟာအမှားတော်ပုံကြီး ဖြစ်လေသည်။ အကျဉ်း သမားသည် အပေါင်းအဖော်ကင်းမဲ့နေသည်မဟုတ်။ ထောင်သည် ကြီးမားသော အစုအပေါင်း ကြီးဖြစ်သည်။ ကြပ်တည်းစွာ တိုက်ပိတ်ခြင်းခံရစေဦးတော့၊ မိမိကိုယ်တိုင်က ဂိုဏ်းခွဲမထွက် သမျှ ကာလပတ်လုံး၊ မည်သူတဦးတယောက်မျှ ထိုအစုအဝေး၏ အပြင်သို့ ပဲ့ထွက်မသွားနိုင် ပေ။ အဖိနှိပ်ခံရသူတို့၏ သွေးသောက်စိတ်ဓာတ်သည် ဤနေရာတွင် ဖိနှိပ်ခြင်းဒဏ်ကို ခံရ သည်။ ယင်းဖိနှိပ်ခြင်းသည်ပင် ထိုစိတ်ဓာတ်ကို အနယ်ထိုင်စေသည်၊ ခိုင်မြဲစေသည်၊ ထက် သန်လာစေသည်။ ထရံများတွင် အသက်ရှိသည်။ ထရံများသည် စကားလည်း ပြောသည်၊ အချက်ပေးချက်များကိုလည်း ပြန်ကြားသည်။ ဤထရံများကို သွေးသောက်စိတ်ဓာတ်က ဖောက်ထွင်းဆက်သွယ်ထားသည်။ ဤစိတ်ဓာတ်သည် စင်္ကြံတလျှောက်ရှိ အကျဉ်းခန်းအား လုံးတို့ကို ထွေးပိုက်ထားသည်။ ဤအကျဉ်းခန်းများကား ဒုက္ခများကို ညီတူညီမျှခံစားကြရ သည်။ ရစရာရှိသမျှကိုလည်း ထပ်တူဆင်တူရရှိကြသည်။ စင်္ကြံအတွင်းရှိ အကျဉ်းခန်းတခန်း နှင့် ဆက်ဆံရသော ထောင်ဘာယာများသည် ထိုစင်္ကြံအတွင်းရှိ အခြားအကျဉ်းခန်းများနှင့် လည်း ဆက်ဆံရသည်။ ထို့ပြင် စင်္ကြံအလိုက် အပြင်ဘက်တွင် စုဝေးကာ၊ ကျန်းမာရေးလေ့ ကျင့်ခန်းများကို နာရီဝက်မျှ ပြုလုပ်ရသည်။ ထိုအချိန်မျိုးတွင် စကားလုံးကလေးတလုံးဖြစ်စေ၊ သို့မဟုတ် အမူအရာကလေးတခုဖြစ်စေ အသုံးပြု လျက် သတင်းပေးလို ပေးနိုင်သည်။ လူတယောက်၏အသက်ကို ကယ်ကောင်း ကယ်နိုင်သည်။ ထိုမျှသာမကသေး အစစ်ခံရာသို့ အတူယှဉ်တွဲ၍ခရီးသွားရခြင်း “ဘိုင်စကုပ်ရုံ” တွင် အတူယှဉ်၍ ပြန်လာရခြင်းစသည်တို့ဖြင့် ဆက်စပ်နေသောအခါဝယ် ဆိုခဲ့သောသွေးသောက်စိတ်ဓာတ်သည် တထောင်လုံးကို စုစည်း ထားလေသည်။ စကားလုံးနည်းသော်လည်း အကျိုးကျေးဇူးများ ကြီးစွာပြုတတ်သည့် သွေး သောက်စိတ်ဓာတ်ဖြစ်လေသည်။ အဘယ့်ကြောင့်ဆိုသော် လက်လက်ချင်း တချက်ကလေးမျှ ညှစ်လိုက်ခြင်း၊ သို့မဟုတ် စီးကရက်တလိပ်ကို တိတ်တဆိတ်လှမ်းလိုက်ခြင်းသည်ပင် ခင်ဗျား အားသွတ်သွင်းထားသော လှောင်အိမ်ကို ချိုးဖောက်ပစ်လိုက်သည်။ ခင်ဗျားဒူးထောက်သွား လောက်အောင် ဖိစီးနေသည့် အဖော်မဲ့စိတ်ဓာတ်မှ ခင်ဗျားအားလွတ်မြောက်သွားစေသည်။ အကျဉ်းခန်းများတွင် လက်များရှိကြသည်။ အစစ်ခံရာမှ နာကျင်တုန်ရီစွာပြန်၍အလာ ခွေကျမ သွားအောင် ဖေးပေးနေကြသည့် လက်များကို ခံစားထိတွေ့ရသည်။ ရန်သူက ခင်ဗျားအစာ ပြတ်၍ ငတ်သေအောင် တွန်းနေစဉ် ထိုလက်များက ခွန့်ကျွေးသော အစားအစာများကို စားသောက်ရသည်။ အကျဉ်းခန်းများတွင် မျက်လုံးများရှိကြသည်။ သေဒဏ်အပေးခံရာသို့ အသွား ထိုမျက်လုံးများက ခင်ဗျားအားဝိုင်း၍ကြည့်ကြသည်။ ထိုအခါမျိုးတွင် ခြေလှမ်းဖြောင့် ဖြောင့်လှမ်း၍ ထွက်သွားရန်လိုသည်ကို ခင်ဗျားသိသည်။ အဘယ့်ကြောင့်ဆိုသော် ခင်ဗျား သည်သူတို့နှင့် ညီအကိုတော်သည်။ သူတို့စိတ်ဓာတ်ပြော့သွားအောင် ခြေလှမ်းတလှမ်းမျှပင် တွန့်မပြစကောင်း ပေ။ ဤသည်ကား သွေးပေါက်ပေါက်ယိုစီးနေသော အဖွဲ့အစည်းဖြစ်သည်။ သို့သော်လည်း အနိုင်မခံသည့် စိတ်ဓာတ်က စုစည်းထားသည်။ ဤစိတ်ဓာတ်၏ အကူ အညီကိုသာမရပါက ခင်ဗျားသည် မိမိကံကြမ္မာ၏ ဆယ်ပုံတပုံကိုပင် ခံနိုင်လိမ့်မည်မဟုတ်။ ခင်ဗျားသာမက၊ မည်သူတဦးတယောက်မျှလည်း ခံနိုင်လိမ့်မည် မဟုတ်ပေ။ ဤဇာတ်ကြောင်း ကို ကျွန်တော်သည် ဆက်၍ ပြောနိုင်မည်ဆိုပါက (ဘယ်နေ့သေမယ် ဘယ်နှစ်နာရီသေမယ် ဆိုတာကိုမှ မပြောနိုင်ကြဘဲဟာ) ဤ အခန်း၏ ခေါင်းစဉ်တွင်ရေးထားသော “နံပါတ်လေးရာ” ဟူသော ဂဏန်းအမှတ်အသားသည် မကြာခဏပေါ်ပေါက်လာပေလိမ့်မည်။ အစ ပထမတွင် “နံပါတ် လေးရာ” ကိုအခန်းတခန်းအဖြစ် သိနားလည်ခဲ့သည်။ ထိုအခန်းထဲတွင်နေခဲ့ရသော ပထမနာရီများ၊ ထိုအခန်းထဲတွင် ပေါ်ပေါက်လာခဲ့သော ပထမအယူအဆများ၊ ဤသည်တို့ ကား စိတ်ချမ်းမြေ့ဖွယ်ရာတကွက်မျှမရှိခဲ့။ သို့သော် “နံပါတ်လေးရာ” ကား အခန်းတခန်း မဟုတ် အစုအပေါင်းတရပ် ဖြစ်လေသည်။ ရွှင်လန်းသော အစုအဝေးတခု၊ ရဲရဲတောက်သော အစုအပေါင်းတရပ်ဖြစ်လေသည်။
၁၉၄၀ ခုနှစ်အတွင်း ကန်မြူနစ်ဆန့်ကျင်ရေးဌာန၏ လုပ်ငန်းများကျယ်ပျံ့လာသောအခါတွင် “နံပါတ်လေးရာ” ပေါ်ပေါက်လာရလေသည်။ “နံပါတ် လေးရာ” မှာ “ဘိုင်စကုတ်ရုံ” ဟူသော အိမ်တွင်းထောင်၏ ဌာနခွဲဖြစ်သည်။ အစစ်ခံရမည့်လူများ ကိုယ့်အလှည့်ကို စောင့်ရာအခန်းခွဲ။ ကွန်မြူနစ်များအတွက် သီးသန့်ထားသောနေရာဖြစ်သည်။ မေးစရာအချက်တချက်ပေါ်လာ တိုင်း အောက်ဆုံးအထပ်မှ လေးထပ်ပေါ်အထိခေါ်၍ ခေါ်၍မနေရန်၊ အမှုစစ်ဆေးသူ ဂက်စတာပို အရာရှိများ၏ လက်လှမ်းမီရာတွင် အမြဲမပြတ်ရှိကြေရန် ပြုလုပ်ထားသော အခန်း တခန်းဖြစ်လေသည်။ ထိုသို့ ထွင်လိုက်သဖြင့် သူတို့အဖို့ အလုပ်သက်သာစေ မည်ဟု တွက်ဆ ကြလေသည်။
သို့သော် အကျဉ်းသမားနှစ်ယောက်ကိုတွဲထား အထူးသဖြင့်ကွန်မြူနစ်အကျဉ်းသမား နှစ် ယောက်ကိုတွဲထားလိုက်လျှင် ငါးမိနစ်အတွင်းရန်သူ၏ အကြံအစည်ဟူသမျှကို နှောင့်ယှက် ဖျက်ဆီးနေသော အစုအပေါင်းတရပ် ထိုနေရာ၌ ပေါ်ပေါက်လာတော့သည်။ ၁၉၄၂ ခုနှစ်သို့ ရောက်သည့်အခါတွင်ကား “နံပါတ် လေးရာ” ကို “ကွန်မြူနစ်ဗဟို” ဟူသော အမည်ဖြင့်သာ ခေါ်ဝေါ်ကြတော့သည်။ ဤနေရာတွင် အပြောင်းအလဲကား များပြားလှသည်။ ခုံတန်းလျားများ ပေါ်တွင် ယောက်ျား မိန်းမရဲဘော်ပေါင်း ရာလိုက်ထောင်လိုက်ချီ၍ တယောက်နေရာ တယောက်ယူကြရသည်။ သို့သော် အချက်တချက်ကားမပြောင်း။ အရေးတော်ပုံကို သစ္စာ စောင့်လျက်၊ အဆုံးသတ်၌ အောင်ပွဲခံရမည်ဟု ယုံကြည်နေသော အစုအပေါင်းဝိဉာဉ်ကား ပြောင်းမသွားပေ။
“နံပါတ်လေးရာ” ဤသည်ကား အဝေးသို့ ဖောက်ထွင်းဝင်ရောက်ထားသော ကတုတ်ရင်တား ဖြစ်သည်။ အဘက်ဘက်မှလည်း ရန်သူများဝိုင်းထား သည်။ သဲသဲမဲမဲပစ်ခတ်ခြင်းကိုလည်း အလူးအလဲခံနေရသည်။ သို့သော် လက်နက်ချရမည်ဟု ခေတ္တခဏလေးပင်မတွေးတောခဲ့ပေ။ ဤကတုတ်ရင်တား၏ အထက်တွင်နီရဲသော အလံသည် တဝေ့ဝေ့လွင့်နေခဲ့သည်။ သို့သော် လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသော တမျိုးသားလုံး၏ ယိုင်းပင်းညီညာစိတ်လည်း ဤနေရာတွင်ပေါ်လွင်နေလေသည်။
အောက်ထပ်ရှိ “ဘိုင်စကုတ်ရုံ” တွင် အက်ဆက်စ်ထောင်စောင့်များသည် ဖိနပ်ရှည်များဖြင့် လမ်းသလားယင်း၊ ခင်ဗျားမျက်စောင်းတချက်ခတ်တိုင်း ခင်ဗျားအား ငေါက်ငန်းအော်ဟစ်ေ နသည်။ ဤနေရာ “နံပါတ်လေးရာ” တွင်ကားချက်လူမျိုး ပုလိပ်အင်စပိတ်တော်များ၊ ပုလိပ် မင်းကြီးရုံးမှ စုံထောက်များက အကျဉ်းသားများကို စောင့်ကြပ်ရသည်။ ဤအရာရှိများ၏ အမိန့်အရဖြစ်စေ၊ စကားပြန်များအဖြစ် ဂက်စတာပိုဝန်ထန်းများ ဖြစ်လာကြသည်။ ၎င်းတို့သည် ဤ နေရာ၌ အလုပ်လုပ်ရာတွင် ဂက်စတာပိုဝန်ထမ်းပီပီ အမှုထမ်းသူကထမ်းကြသည်။ သို့မဟုတ် ချက်အမျိုးသားပီပီ အမှုထမ်းသူကထမ်းကြသည်။ လှေနံနှစ်ဖက် နင်းသူက နင်းကြသည်။ ဤနေရာတွင်ကား လက်များကိုဒူးပေါ်တင်၊ မျက်လုံးများကိုရှေ့တည့်တည့် စိုက်လျက် သတိအနေအထားနှင့် ထိုင်နေရန်မလိုပေ။ ဤနေရာ တွင် အနည်းငယ်ပို၍ လွတ်လပ်စွာထိုင်နေနိုင်သည်။ ဘေးပတ်လည်ကိုလည်း ကြည့်နိုင်သည်။ လက်ဟန်ခြေဟန် တောင် ပြနိုင်သည် - အရာရှိ သုံးမျိုးအနက် မည်သည့်အရာရှိမျိုး တာဝန်ကျသည်နေသည် ဟူသည့် အပေါ်၌တည်၍ ထို့ထက်ပင် အများကြီးပို၍ လုပ်နိုင်သေးသည်။“နံပါတ်လေးရာ” ဤနေရာကား လူဟူသော သတ္တ၀ါကို နက်နက်ရှိုင်းရှိုင်းကြီး သိနားလည်နိုင်သည့် နေရာဖြစ် သည်။ သေဘေး၏ နီးကပ်မှုသည် မည် သူ့ကိုမဆို ကိုယ်တုံးလုံးဖြစ်သည့်အထိ အဖုံးအကာ များဆွဲချွတ်လိုက်သည်။ လက်ပတ်အနီရောင်များကို ပတ်ထားရသော ကွန်မြူနစ်တရားခံများ၊ သို့မဟုတ် ကွန် မြူနစ်များနှင့် ဆက်သွယ်သည်ဟု သင်္ကာမကင်း အဖြစ်ခံရသူများလည်း သရုပ်ပေါ်လာသည်။ ထိုတရားခံများကို ဤနေရာ၌ စောင့်ကြပ်ရသူများအပြင် မနီးမဝေးရှိ အခန်းတခန်းတွင်း၌ တရားခံများစစ်ဆေးရာတွင် ပါဝင်ခဲ့သူများလည်းသရုပ်ပေါ်လာသည်။ အစစ်ခံသည့်နေရာတွင် စကားလုံးများသည် ဒိုင်းလဲဖြစ်နိုင်သည်။ လက်နက်လည်းဖြစ်နိုင် သည်။ သို့သော် “နံပါတ်လေးရာ” တွင်ကား စကားလုံး၏နောက်တွင် ပုန်းကွယ်၍မရ။ ဤနေရာတွင်ကား ခင်ဗျားပြောသော စကားထက် ခင်ဗျား ၀မ်းတွင်း၌ရှိသော သဘ၀ကပို၍ တာသွားသည်။ ခင်ဗျား၏ ဗီဇအရင်းခံကို ဖျော့စေ၊ လျော့စေ၊ သို့မဟုတ် မွန်းမံစေသော ဘေးပန်းအချက်အလက် အားလုံးတို့ကား ကွယ်ပျောက်သွားသည်။ သေမင်း၏ ရှေ့တော်ပြေး မုန်တိုင်းက ထိုအချက်တို့ကို တိုက်ထုတ်လိုက်ပြီဖြစ်သည်။ ဤနေရာတွင် ၀ိသေတနမပါသော ကတ္တားနှင့် ကြိယာသာကျန်တော့သည်။ သစ္စာရှိသူ ကြံ့ကြံ့ခံ၏။ သစ္စာမဲ့သူဖော်ကောင်လုပ်၏။ အသဲကြောင်သူ စိတ်ဓာတ်ကျ၏။ သူရဲကောင်းတိုက်ပွဲဝင်၏။ လူတိုင်းတွင် အင်အားနှင့်ပျော့ ရော့မှု၊ သတ္တိနှင့် ကြောက်စိတ်၊ ခိုင်မြဲမှုနှင့် ယိမ်းယိုင်ခြင်း၊ သန့်ရှင်းမှုနှင့်အညစ်အထေးဟူ၍ ရှိသည်။ သို့သော် ဤနေရာတွင်ကား တခုမဟုတ် တခုသာ ကျန်နိုင်တော့သည်။ ဟိုယောင် ယောင် သည်ယောင်ယောင်လုပ်ရန် ကြိုးစားသူက ကြိုးစားသည်။ သို့သော် ထိုသို့သော်မသာ မျိုးကား မသာချလာသောအခါ၌ ဦးထုပ်တွင် ငှက်မွှေးအ၀ါရောင်ကိုထိုး၊ လက်ထဲတွင်လဲရ ကွင်းများကိုင်ကာ ကခုန်သောထက်ပင် ထင်ထင်ရှားရှားမြင်သာ သိသာလေသည်။
ဤသို့သော သူများကား အကျဉ်းသမားများအကြား၌လဲရှိသည်။ ချက်လူမျိုး ပုလိပ်အင်စပတ် တော်များနှင့် စုံထောက်များအကြား၌လည်း ရှိပေ သည်။ စစ်ဆေးမေးမြန်းနေသည့်နေရာတွင် ဤသို့သောသူမျိုးသည် ဂျာမန်အင်ပါယာ ဘုရားသခင်အတွက် ဖယောင်းတိုင်ပူဇော်သည်။ နံပါတ်လေးရာတွင်မူ ဘော်လရှီဗစ်တစ္ဆေအတွက် ဖယောင်းတိုင်နောက်တတိုင် ထွန်းညှိလေ သည်။ ဂျာမန်အရာရှိ၏ မျက်စိအောက်တွင် ခင်ဗျားနှင့်ဆက်သွယ်သော သူ၏အမည်ကို ညှစ် ထုတ်ရန်၊ ခင်ဗျား၏သွားများကို ရိုက်ချိုးသည်။ နံပါလေးရာတွင်ကား ရင်းနှီးသောအမူအရာပြ၍ ခင်ဗျားအားအဆာပြေရန် ပေါင်မုန့်တချပ်လာပေးသည်။ ခင်ဗျား၏ အိမ်တွင်းသို့ဝင်ရောက် ရှာဖွေကြသည့်အခါတွင် ခင်ဗျား၏ပစ္စည်းများကို လုယူသယ်ဆောင်သွားသည်။ နံပါတ်လေးရာ တွင်ကား ခင်ဗျားအပေါ် မည်မျှကိုယ်ချင်း စာကြောင်းကိုဖော်ပြရန် တိုက်ခိုက်လာသော ပစ္စည်းများအနက်မှ စီးကရက်တပိုင်းကို တိတ်တိတ်လာ၍ပေးသည်။ ဤသို့သော အမျိုးအစား အတွင်း သေးစိတ်အားဖြင့် အနည်းငယ်သာမူကွဲသော လူတစုလည်းရှိသေးသည်။ ဤသူများ ကား မိမိတို့အလျောက်ဆိုလျှင် ခင်ဗျားဒုက္ခရောက်အောင် ဘယ်တော့မျှလုပ်ကြ။ ကူညီရ မည်ဆိုလျှင်လည်း သာ၍ပင်ဝေးသေးသည်။ သူတို့ကား ငတေမာလျှင်ပြီးသည့် သူများဖြစ် သည်။ ၎င်းတို့သည် ကိုယ်ကျိုးကို ထက်မြက်စွာကြည့်တတ်ကြသဖြင့် နိုင်ငံရေးရာသီတိုင်း သည့် ပြဒါးတိုင်များဖြစ်လာကြသည်။ ကြည့်စမ်း ခပ်တင်းတင်းနဲ့ အရာရှိစတိုင်ဖမ်းနေကြ သလား။ ဒါဆိုရင် ဂျာမန်တွေ စတာလင်ဂရက်မြို့ကို ချီတက်နေကြပြီဆိုတာ သေချာတယ်။ ဖော်ဖော်ရွေရွေဖြစ်လာပြီး အကျဉ်းသမားတွေနဲ့တောင် စကားပြောဖော်ရလာသလား။ ဒါဆိုရင် တို့အခြေအနေကောင်းလို့ပဲ။ ဂျာမန်တွေ စတာလင်ဂရက်က တပ်လန်သွားပြီထင်တယ်။ ကျုပ်တို့ဟာ ချက်အမျိုးအနွယ်ပါ၊ ဇွတ်အတင်းခိုင်းလို့သာ ဂက်စတာပိုထဲဝင်ပြီး အလုပ်လုပ်နေ ရပါတယ်လို့ ပြောလာကြပြီလား။ ဒါဆိုရင် လက်ခမောင်းခတ်ပေတော့။ တပ်နီတော်ဟာ ရော့စတော့ဗ်မြို့ကိုတောင် ကျော်တက်လာပြီဆိုတာ သေချာတယ် - ဤ အမျိုးအစားအတွင်း သို့ပင် အကြုံးဝင်သော အခြားသူတချို့ကား ခင်ဗျားရေနစ်နေသည် ကိုတွေ့လျှင် လက်ပိုက်၍ ကြည့်နေတတ်သည်။ ခင်ဗျားဖာသာ ခင်ဗျား ကမ်းပေါ်သို့တက်လာ သောအခါတွင်ကား ပြာပြာသလဲနှင့်လက်ကိုလှမ်း၍ဆွဲကြသည်။
ဤအမျိုးအစားသည် နံပါတ်လေးရာမှ အစုအပေါင်းအကြောင်းကို အကဲခတ်မိကြ၍ ၎င်းနံပါတ် လေးရာကိုလည်း သိနားလည်လာကြသည်။ ထို့ကြောင့်ထိုအစုအဝေးကိုချဉ်းကပ်ရန် ကြိုးစား ကြသည်။ သို့သော်ထိုအစုအပေါင်း၏ အဖွဲ့ဝင်များအဖြစ်သို့ကား ဘယ်သောအခါမျှရောက်လာ ကြ။ နံပါတ်လေးရာတွင် ယင်းသို့သော အစုအပေါင်းတရပ်ရှိနေသည်ကို အနည်းငယ်ကလေးမျှ မရိပ်မိသော အမျိုးအစားတမျိုးလည်း ရှိသေးသည်။ ၎င်းတို့အား လူသတ်သမားဟု ခေါ်နိုင် သည် - သို့သော် လူသတ်သမားဟူသည်ကား မနုဿလူသားများပင် ဖြစ်နေသေးသည်။ အမှန်အားဖြင့် ၎င်းတို့ကား ချက်စကားပြောတတ်သော အဟိတ်တိရိစ္ဆာန် များသာ ဖြစ်ကြ သည်။ လက်ထဲ၌ကြိမ်လုံးများ၊ သံဒုတ်များကိုင်ထားကြသည်။ချက်အကျဉ်းသမားများကို နှိပ်စက် ညှဉ်းပမ်းကြပြီဆိုလျှင် ဂျာမန်အရာရှိအများအပြား ပင် မကြည့်ရဲသဖြင့် ထွက်ပြေးကြ ရသည်။ သင်းတို့ကား ကိုယ့်အမျိုးကိုချစ်သည် သို့မဟုတ် ဂျာမန်အင်ပါကြီးကိုချစ်သည်ဟူ၍ အပြင်ပန်းအားဖြင့် ဟန်မဆောင်နိုင် ကြ။ ညှဉ်းပမ်းခြင်း၊ သတ်ဖြတ်ခြင်းသက်သက်တွင် အရသာခံတတ်ကြသည်။ သွားများကို ရိုက်ချိုးကြသည်။ နားအုံများကို ရိုက်ခွဲကြသည်။ မျက်လုံးများကို ညှစ် ထုတ်ကြသည်။ အင်္ဂါဇာတ်များကို ကန်ကျောက်ကြသည်။ ဥဏှောက်အရေခွံများကိုလှန်ကာ လူသေသည့်အထိ ရိုက်ကြနှက်ကြသည်။ အကြောင်းရှိ၍ ရက်စက် သည်မဟုတ်၊ ရက်စက်လို၍ ရက်စက်ကြခြင်းဖြစ်လေသည်။ ခင်ဗျားသည်နေ့စဉ် နှင့်အမျှ သူတို့နှင့်ဆက်ဆံရသည်။ ပတ်ဝန်းကျင်တခုလုံးသွေးများ၊ အော်ဟစ်သံများဖြင့် ဖုံးလွှမ်းသွားစေသော သူတို့၏အရှိန်အ၀ါကို ခင်ဗျားခံစားရသည်။ ခင်ဗျားအတွက် ဖြေစရာတကွက်သာရှိသည်။ ထိုအချက်ကား ၎င်းတို့၏ ရာဇ၀တ်ပြစ်မှု များကို မြင်ခဲ့ကြသည့် သက်သေဟူသ၍ရွေ့ကို သတ်ပစ်လိုက်ကြသည်ဆိုဦးတော့၊ တနေ့တွင် တရားစီရင်ချက်မှ သင်းတို့တတွေ ပြေး၍လွတ်လိမ့်မည်မဟုတ်ဟူ သောခိုင်မြဲသည့် ယုံကြည်ချက်ပင်ဖြစ်လေ သည်။
သင်းတို့နှင့် တစားပွဲတည်းတွင် ထိုင်နေကြသော လူများလညှ်းရိသည်။ ထိုသူများကား အပြန်ပန်းအားဖြင့် သင်းတို့နှင့်ရာထူးချင်းတူညီကြသည်။ သို့သော် ဤပုဂ္ဂများကား တကဲ့လူ အစစ်များဖြစ်လျက်၊ စာလုံးကြီးကြီးဖြင့် လူဟူ၍ပင်ရေးပြထိုက်ပေသည်။ ဤသူများသည် ထောင်တွင်းအစီအစဉ်များကို အကျဉ်း သမားအတွက် အကျိုးစေမည့်အစီအစဉ်များဖြစ်အောင် တည်ဆောက်ပေးကြသည်။ ဤသူများသည် နံပါတ်လေးရာတွင် အတွင်။မှအစုအပေါင်းကို ကူညီဖွဲ့စည်း ပေးကြသည်။ ကိုယ်တိုင်လဲ စေတနာအရရော၊ သတ္တိအလိုက်ပါ ဤအစုအပေါင်း ၏ အဖွဲ့ဝင်များဖြစ်ကြသည်။ ကွန်မြူနစ်များ မဟုတ်ကြသဖြင်းလည်း သူတို့အပေါ်ပို၍ တန်ဘိုးထားသင့်ပေသည်။ ကွန်မြူနစ်များ မဟုတ်ကြသည်သာမက၊ ယခင်ကဆိုလျှင် ချက် ပုလိပ်အဖွဲ့အတွင်း အမှုထမ်းယင်း ကွန်မြူနစ်ဆန့်ကျင်ရေးလုပ်ငန်း များ လုပ်ခဲ့ဘူးသည်။ သို့သော် နိုင်ငံခြားသားများ၏ အုပ်စိုးမှုကို ကွန်မြူနစ်များက ခံ၍တိုက်ပုံကို မြင်လာကြသော အခါတွင် တမျိုးသားလုံး၏ အရေးတော်ပုံအတွက် ကွန်မြူနစ်တို့၏အရာရောက်ပုံကို သဘော ပေါက်လာကြသည်။ ကွန်မြူနစ်တို့၏အင်အားကို သိမြင်လာကြသည်။ ထိုအချိန်မှစ၍ ထောင်ခံတန်းလျားများပေါ် ရောက်သည့်အထိ သစ္စာရှိနေကြသောသူဟူသ၍ကို သစ္စာရှိစွာ ကူညီကြသည်။ အကျိုးဆောင်ပေးကြသည်။ ဂက်စတာပိုလက်တွင်းသို့ ရောက်နှင့်တပြိုင်နက် မည် မျှရုန့်ရင်းစွာ ခံကြရမည်ကိုသိနိုင်ကြလျှင်၊ အပြင်ဘက်တိုက်ပွဲဝင်နေသူအများအပြားပင် နောက်တွန့်သွားပေလိမ့်မည်။ ဤသူတို့ကား ယင်းသို့ရက်စက်မှုတို့ကို နေ့စဉ်နှင့်အမျှ၊ နာရီနှင့် အမျှ၊ မျက်စေ့အောက်တွင် မြင်တွေ့နေကြရသည်။ နေ့မရွေး၊ နာရီမရွေး၊ ၎င်းတို့အား အကျဉ်း သမားများဘေးသို့ ချလိုက်ကြကာ၊ အခြားအကျဉ်းသမားများထက်ပင် ပိုမိုရက်စက်စွာ အစမ်း အသပ်ခံရလိမ့်မည်ကိုလည်း တွက်ထားနိုင်ပေသည်။ သို့စဉ်လျက် သူတို့ကား နောက်မ တွန့်ကြ။ ထောင်ပေါင်းများစွာသော အသက်တို့ကိုကယ်တင်ရန် ၀င်ရောက်ကူညီကြသည်။ သူတို့မကယ်ဆယ်နိုင်သော သူတို့အတွက်လဲ၊ သက်သာမှုရစေရန် ၀င်ရောက်ကူညီကြသည်။ သူရဲကောင်းဟူသော ဘွဲ့နှင့်ထိုက်တန်သော သူများဖြစ်လေသည်။ သူတို့သာမကူညီခဲ့လျှင် နံပါတ်လေးရာကား ရာလိုက်ထောင်လိုက်ချီသောကွန်မြူနစ်များ သိရှိနားလည်ကြသည့် လက်ရှိပုံစံအနေအထားသို့ ရောက်လာမည်မဟုတ်ပေ။ ယခုသော်ကား နံပါတ်လေးရာသည် မှောင်မိုက်သော အိမ်အတွင်းမှလင်းနေသော အခန်းကလေးတခန်း၊ ရန်သူ၏အနောက်သို့ ထိုးဖောက်ထားသော ကတုတ်ရင်တားတခု၊ ၀င်ရောက်ကျူးကျော်နေသူများ၏ သားရဲတွင်း အလည်တည့်တည့်မှ လွတ်မြောက်ရေးတိုက်ပွဲဆင်ရာ ဌာနတရပ်ဖြစ်ပေသတည်း။
Sunday, 6 January 2008
သူ သို့မဟုတ် မပြီးသေးသော ပန်းချီကား

လာမယ့် စက်တင်ဘာလ ၁၆ရက်နေ့ဆိုရင် ဆရာမြို့မငြိမ်း (ငယ်မည် - မောင်ကျော်ငြိမ်း) ကွယ်လွန်တာ အနှစ် ၅၀ တင်းတင်း ပြည့်ပါပြီ၊ ရာစုနှစ်တ၀က်ပါ၊ သူ့နာမည်နဲ့ သူ့အကြောင်းကို စလိုက်တယ်ဆိုတာနဲ့ တွေ့ဖူးကြတဲ့ သူ့ရဲ့ခပ်မှုံမှုံ အပြုံးလေးနဲ့ ရုပ်ပုံရယ်။ အားလုံးစွဲလန်းနေ ကြတဲ့ သူ့သီချင်းတွေရယ်ကို ပြန်သတိရကြမှာပါ၊ နောက်တဆက်တည်း တွေးမိကြမှာက သူ့ဘ၀အဆုံးသတ်ပုံ။ သူ့မျှော်လင့် ရည်မှန်းချက်တွေ၊ အားလုံးဟာ “ပြာရီမှိုင်းကာ မို့မို။ ညို့ညို့ညိုလွင်” ဆိုတဲ့သူ မသေခင် ကလေးတင်မှာ ရေးသွားတဲ့သီချင်းလေး တပုဒ်ရဲ့အစမှာ ပါသလို ဝေရီရီ။ အုံ့မှိုင်းမှိုင်းသာ ဖြစ်နေရတယ်ဆိုတာတွေ။
၁၉၀၉ခု။ ဇန်န၀ါရီလ ၂၅ ရက်နေ့မှာမွေးခဲ့တဲ့ ဆရာငြိမ်းဟာ သူ့ရဲ့ ၄၆ နှစ်ဆိုတဲ့ အင်မတန် တိုတောင်းတဲ့ သက်တမ်းလေး အတွင်းမှာ အံ့မခမ်းလက်ရာတွေ၊ အနုပညာအမွေအနှစ်တွေ တိံပံတခေါင်းကြီးကို ရတနာသိုက်တခုလို ချန်ထားခဲ့ပါတယ်၊ တပါတည်းမှာပဲ သူ့တန်ဘိုးကို သိသူ။ သူ့လက်ရာတွေကို ချစ်မြတ်နိုးသူတွေအတွက် သူ့ကိုယ်စား မကျေနိုင်မချမ်းနိုင်၊ အားမ ရ မကျေနပ်စရာ ဟာကွက်တွေ ချန်ထားခဲ့ပါတယ်။ တခါတခါများ သူကနှောင်းလူတွေကို သူ့ ကိုယ်စား ဆက်ဖြည့်ဆည်းပေးကြပါလို့ မှာခဲ့လေသလားလို့တောင် အောက်မေ့မိပါတယ်။
သူ့အလောင်းကို တွေ့ကြတဲ့ အဲဒီနေ့ နေ့လည်မှာ သတင်းစာဆရာမ တဦးဖြစ်တဲ့ ကျနော့်အမေ (အဲဒီတုန်းက ကျနော့်အဖေ က ထောင်ထဲမှာ) စိတ်မကောင်းစွာနဲ့ ပြာပြာသလဲ လှုပ်ရှားနေ ကြတာကို အခုအထိ သတိရနေမိပါတယ်။ အဲဒီနေ့က နေ လည်းအလွန်ပူပါတယ်။ အညာမှာ က မိုးတွင်းဆိုတာ မိုးရွာတဲ့နေ့တွေကိုသာ မိုးတွင်းလို့ ခေါ်လောက်ပြီး ကျန်တဲ့နေ့တွေက နွေပဲ မဟုတ်လား။ ၁၉၅၅ ခု နှစ်တုန်းက ကျနော်ဟာ ဆရာငြိမ်းကို သိလောက်တဲ့ အရွယ်မဟုတ် သေးပါဘူး၊ အတော်ငယ် ပါသေးတယ်။ ဒါပေမဲ့ နောက်တနေ့ ကျောင်းကိုသွားတဲ့အခါ သူငယ်ချင်းတွေကို အင်မတန် တန်ဘိုးရှိတဲ့ ပုဂ္ဂိုလ်တယောက် အသေဆိုးနဲ့သေရတယ်၊ သူသေတဲ့ နေရာလေးကိုက အင်မတန် ကဗျာဆံတယ်စသဖြင့် ပြောပြခဲ့မိတာ မှတ်မိနေပါ တယ်။
ဒီနေ့အခါမှာ သူ့အကြောင်း၊ သူ့အရည်အချင်းကို လူထုကသိနေကြပြီမို့ သူသာဒီနေ့လိုအချိန် မှာ ကွယ်လွန်ရင် ဘယ်အထိအုတ်အော်သောင်းနင်း ဖြစ်မလဲဆိုတာ စဉ်းစားကြည့်ပါ။ အခု တော့ သူ့ခမျာလူသူပြတ်တဲ့ (အဲဒီတုန်းက) ဆင်ခြေဖုံးသာသာ နေရာတခုမှာ မရှုမလှ အသက် ထွက်ရှာရတယ်။ ဘယ်အထိ မရှုမလှ ဖြစ်သလဲဆိုရင် အရပ်ထဲကလူတွေက ကားနင်းလို့ပြား နေတဲ့ သူ့ခေါင်းနဲ့မျက်နှာကို ဖျာစုတ်တချပ်နဲ့ အုပ်ပေးထားရတယ်၊ အာဏာပိုင်တွေက ဘယ်လောက် အရေးတယူ ရှိလိုက် သလဲဆိုရင် ဂါတ်တဲက်ု တိုင်တာ ဂါတ်တဲကလာတောင် မကြည့်လို့ အဲဒီလိုဖျာနဲ့အုပ်ထားရတာ၊ နောက်ပြီး ကျနော်တို့ လူထုသတင်းထောက်က ဓာတ်ပုံသွားရိုက်တော့ ဆရာထိုင်ခဲ့တဲ့ တမာပင်လေးနဲ့ ၀ါးကွပ်ပြစ်လေးအပြင် ဆရာ ကား အောက်ကို ပြေးဝင်တော့ ကျန်နေရစ်တဲ့ဖိနပ်လေးပါ ဓာတ်ပုံထဲမှာပါလာပါတယ်၊ ဒီလိုနဲ့နောက် တခေါက် သွားရိုက်ပြန်တော့ ဖိနပ်ကလေး မရှိတော့ပါဘူး။ သူများ ကောက်သွားပြီ။ လူတွေက ဆင်းရဲကြတာကိုး။
ဆရာတယောက် သေကံမကောင်းဘူး ဆိုတာကတော့ ဟုတ်ပါပြီ။ မွေးကံရော ကောင်းသလား ဆိုရင် သူ့ကိုမွေးတဲ့အချိန်ဟာ ပါတော်မူပြီး ၂၄နှစ် အကြာ၊ သူ့ကျွန်ဘ၀ပါ၊ ဒါပေမဲ့ သူလူ့ လောကထဲကို ရောက်လာတဲ့အချိန်နဲ့။ သူ့အသိကို တည်ဆောက်ခဲ့ တဲ့အချိန်ဟာ ဗမာပြည် တပြည်လုံး ကိုလိုနီဘ၀ ကျရောက်ပြီးနောက် ဗမာပြည် ပြည်သူတွေရဲ့ ကိုလိုနီတံပိုးအောက် က လွတ်မြောက်ရေးလှုပ်ရှားမှုတွေ စတင်လူးလွန့်ပေါ်ပေါက် လာနေချိန်ဖြစ်ပါတယ်၊ အဲဒီ အချိန်မှာ ဗမာပြည်သားတွေဟာ ကိုလိုနီလက်အောက်မို့ မိမိတို့ရဲ့အမျိုးသားလက္ခဏာ (National Identity) မပျောက်ပျက်ရေးအတွက် အမျိုးသားမူ၊ အမျိုးသားဟန်တွေကို ထိန်းသိမ်းဖော်ထုတ်တာတွေ လုပ်နေကြရပါတယ်။ နဂိုက နန်းတွင်းနဲ့သံဃိကအဆောက် အအုံတွေထဲမှာသာ ကိန်းဝပ်နေတဲ့ အနုပညာတွေ အပြင်ကိုရောက်ချလာတဲ့ အချိန်လည်းဖြစ် ပါတယ်၊ ဒါတွေကို လူထုက ထီးကျိုးစည်ပေါက် ဖြစ်သွားလို့ ပျောက်ပျက်သွား တာမဖြစ်အောင် ထိန်းသိမ်းဖော်ထုတ်ပြီး တချိန်တည်းမှာလည်း ပြည်ပက၀င်လာတဲ့ အသစ်တွေနဲ့လည်း ထိန်း ညှိပေါင်းစပ်ယူနေကြချိန်ဖြစ်ပါတယ်။
ဒါဟာတနိုင်ငံလုံး လက္ခဏာဆောင်တယ်လို့ ဆိုနိုင်ပါတယ်။ နိုင်ငံရေးနယ်ပယ်မှာက ၀ံသာနု လှုပ်ရှားမှုက စလို့ ၁၉၂၀ ခုနှစ်။ အမျိုးသားသပိတ်ကြီး ပေါ်ပေါက်ပါပြီ၊ စာနယ်ဇင်းလောကမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့၊ လယ်တီပဏ္ဍိတ ဦးမောင်ကြီး စသူတွေက အစဉ်အလာ ဟန်နဲ့ အကြောင်းအရာသစ်တွေကို ပေါင်းစပ်ဖော်ထုတ်နေပြီး၊ ပီမိုးနင်းလို၊ ဂျိမ်စ်လှကျော်လို လူတွေက ပုံစံအသစ်နဲ့ ပြည်တွင်းယဉ်ကျေးမှုတို့ကို ပေါင်းစပ်ဖော်ထုတ်နေချိန်ဖြစ်ပါတယ်။ ဆက်တိုက်ဆိုသလို ခေတ်စမ်းစာပေလည်း ထွက်ပေါ်လာတဲ့အချိန်ပါ။ ဒီလိုအချိန်မှာ ပညာ တတ်မဟုတ်တဲ့ သာမာန်လူထုနဲ့ အနီးစပ်ဆုံးလို့ ဆိုရမယ့် ၀ါဂီနစ်လောကမှာလည်း ရုပ်သေး၊ ဇာတ်အငြိမ့်တို့ကအစ ဂီတ၊ ရုပ်ရှင်အထိ မိမိတို့အမျိုးသားယဉ်ကျေးမှုကို ထိန်းသိမ်းတန်တာ ထိန်းသိမ်း။ ဖော်ထုတ်တန်တာ ဖော်ထုတ်။ တီထွင်တန်တာတီထွင် လုပ်နေကြချိန်ဖြစ်ပါတယ်၊
လူနာမည်တွေ ရေးနေရင် ရှည်နေတော့မှာမို့ ဒီနေရာမှာ မရေးတော့ပါဘူး။ အချုပ်ဆိုလိုတာက အဲဒီအချိန်ဟာ ပြည်သူလူထု ကြီးရဲ့ အမျိုးသားရေး ရေစီးကြောင်းကြီး အားကောင်းနေချိန် ဖြစ်ပါတယ်။ ဒီခေတ်စကားနဲ့ ပြောရရင် မြန်မာမှု၊ မြန်မာအသွေး အတွက် ရွှေခေတ်ငွေခေတ် လို့ ဆိုရပါမယ်၊ ကိုယ့်အိတ်ထဲပိုက်ဆံ ထုတ်ပြီး တည်ထောင်ကြတဲ့ မြို့မတီးဝိုင်းက အသင်း သားတွေဟာ ကိုယ့်အတွက်လစာလည်းမယူ။ ဘာမှလည်းမခံစား အပျော်တမ်းသက်သက် လိုက်တီးကြတာတဲ့၊ အဲဒါ အဲဒီလို ခေတ် မို့ဖြစ်နိုင်တာပါ။
ဗမာပြည်သမိုင်းမှာ အဲဒီကာလနဲ့ နှိုင်းယှဉ်နိုင်တာဆိုလို့ (ပုံတူဆွဲယူတာမဟုတ်ပါ) ဒုတိယ ကမ္ဘာစစ်ကြီးအပြီးကာလပဲရှိပါတယ်။ လွတ်လပ်ရေးအတွက် လုံးပမ်းကြတဲ့အချိန်ပေါ့၊ဒါတောင် အဲဒီကာလဟာ တိုတောင်းလို့အထက်မှပြောခဲ့တဲ့ စာပေအနုပညာလက်ရာမျိုးတွေ သိပ်များ များမပေါ်ထွက်ခဲ့ပါဘူး၊ အကြောင်းအရာအရလူထုနဲ့နီးစပ်၊ လူထုကိုကိုယ်စားပြုပြီး ပုံ သဏ္ဌာန်အနေနဲ့လည်း အမျိုးသားဟန်ရော၊ ခေတ်မှီလက္ခဏာပါဆောင်တဲ့ စာပေအနုပညာ တွေ အများဆုံး ထွက်ပေါ်နိုင် တာဟာ ဒီလို ကာလမျိုးသာ ဖြစ်ပါတယ်။ ဒါ ဗမာပြည်သာမက၊ အမျိုးသားတိုင်းပဲ ဖြစ်ပါတယ်။ တိုင်းပြည်မှာ တကယ်တမ်း တိုင်းချစ်ပြည်ချစ်စိတ်တွေ ရှင်သန် တက်ကြွနေမှသာ ဒီလိုတခွင်တပြင် လက္ခဏာဆောင်တဲ့ အနေအထားမျိုး တွေ့နိုင် ပါတယ်။
ဒါပေမဲ့ အဲဒီ ဒီလှိုင်းကြီးဟာ ဗမာပြည်လွတ်လပ်ရေး ရပြီးတဲ့နောက်မှာတော့ အံ့သြ၀မ်းနည်း စရာ ကောင်းလောက်အောင် အားလျော့ကျသွားတာ တွေ့ရပါတယ်။ တကယ်တော့ ကိုယ့်နိုင်ငံ ကိုယ် ထူထောင်ရေးအတွက် ရွှင်လန်းအားတက်မှုတွေ တဖွားဖွားနဲ့ စာပေအနု့ညာတွေ ထုတ်လုပ်နေကြရမှာပါ။ ဆရာငြိမ်းလိုလူဆိုရင် သူ့အသဲနှလုံးထဲအထိ စွဲနေတဲ့ ဆင်ဖိုနီတီး ၀ိုင်းကြီးဟာ ကိုလိုနီဘ၀က လွတ်မြောက်လို့ ကိုယ့်တိုင်းနဲ့ ကိုယ့်အစိုးရဖြစ်လာရင်ဖြင့် အကောင်အထည် ပေါ်လာနိုင် ကောင်း ရဲ့လို့ အောက်မေ့မှာပါ၊ ဒါပေမဲ့ သမိုင်းဟာ သဝေထိုး ထွက်သွားပါတယ်။
လွတ်လပ်ရေး ရပြီးတယ်ဆိုမှ ဆရာငြိမ်း မိသားစုလေးဟာ သားသမီးလည်းပိုများလာ စားဝတ် နေရေးလည်း ပိုကြပ်တည်းလာ ပါတယ်။ ဆရာငြိမ်းတယောက် ကလေးကစားစရာ အရုပ်လေး တွေ လုပ်ရောင်းရတယ်ဆိုတာ ဒီကာလမှာပါ၊ လွတ်လပ်လို့ ကိုယ့်အစိုးရနဲ့ကိုယ် ဖြစ်ပြီဆိုပါမှာ ဆရာငြိမ်းကို “ငြိမ်းချမ်းရေးသီချင်း” ရေးလို့ မျက်တယ်ဆိုတာမျိုးတွေ ကြုံလာ ရပါတယ်၊ အဲဒီသီချင်းမျိုး ဟိုတုန်းကရေးခဲ့ရင် ဒီလိုကြုံချင်မှ ကြုံရမှာပါ၊ သူမျှော်မှန်းခဲ့တဲ့ ဆင်ဖိုနီကြီး အကောင်အထည်ပေါ်ဖို့ နေနေသာသာ မြို့မတီးဝိုင်းတောင်မှ ဂယိမ်းဂယိုင် ဖြစ်လာပါတယ်၊ (နောင်မှာတော့ ကွဲသွားပါတယ်)။
ဆရာငြိမ်းတယောက် ဗမာချင်းသွေးစုပ်တာကို နာနာကျည်းကျည်း ကြုံတွေ့ရတဲ့အခါမှာတော့ ကိစ္စတွေဟာ လွန်ကုန်ပါပြီ၊ ဆရာ့ခမျာ “သူတို့က ဘဘ ခေါင်းကိုပဲဖြတ်ပြီး လိုချင်ကြတာ၊ ဘဘ တကိုယ်လုံးလည်း ခေါင်းပဲအဖိုးတန်တာ”ဆိုတဲ့ စကားမျိုး သာ ပြောနိုင်ပါတော့တယ်။ လောကဓံရဲ့ အချောက်အချားကို ခံနိုင်လှပါတယ်ဆိုတဲ့ ဆရာဟာစနစ်ကို လက်မြှောက်အရှုံး ပေး လိုက်ရှာပါတယ်။ သူ့ခေါင်းကိုဖြတ်ကြိတ်သွားတာဟာ အုတ်သယ်တဲ့ကားတစင်း မဟုတ် ပါဘူး၊ စနစ်ကြီးဖြစ်တယ် ဆိုတာလူတိုင်းသိပါတယ်။
တလောက နအဖအစိုးရက ကျင်းပတဲ့ ဆို-က-ရေး-တီး ပြိုင်ပွဲတွေမှာ ဆရာ့သီချင်းတွေကို ဆိုတီးပြီး ပြိုင်စေတာတွေ့ရပါတယ်။ အမျိုးသားအလံလွှင့်ပြီး တပြည်လုံးကို မှိုင်းတိုက်လိမ်ညာ နေတဲ့လုပ်ငန်းမို့ တော်ရုံလူက သတိတောင်ပြုလိုက်မိမယ် မထင်ပါ။ အဲဒီမှာ ဆရာ့သီချင်း တွေထဲက ဘာသာရေးမှိုင်းတိုက်ရာမှာ အသုံးကျမယ့် ထိုသုံးပါး၊ ပါရမီတော် လို သီချင်းမျိုး၊ သူတို့ စစ်တပ်ကို ရောင်တော်ပြန်ပွဲထုတ်နိုင်လောက်မယ် ထင်ရတဲ့ နတ်သျှင်နောင်လို သီချင်းမျိုးတွေကို ရွေးပြီးဆိုခိုင်းတာပါ။ အထက်မှာ ပြောခဲ့တဲ့ ငြိမ်းချမ်းရေးလို သီချင်းမပါ ပါဘူး။ မဆလခေတ်တုန်းကလည်း စစ်အစိုးရက သူ့လူရည်ချွန်စီမံကိန်းကို ၀ါဒဖြန့်ဖို့အတွက် ဆရာ့ လူချွန်လူကောင်း သီချင်းကို အသုံးချခဲ့တာ သတိရမိပါသေးတယ်။
ဒီနေ့အခါမှာ ဆရာ့သီချင်းတွေ ခေတ်စားဆဲ၊ သီဆိုနေကြဆဲဆိုတာ မြင်တွေ့ရရင် ဆရာဘယ် လိုများခံစားရမလဲ၊ ဆရာက “ဟား- ဟား-ဟား။ ငါတို့ကို ကျော်အောင် မလုပ်နိုင်ကြပါဘူး”လို့ လက်မထောင်နေမယ်မထင်ပါဘူး။ အသစ်ကို ကြိုဆိုပြီး အမြဲ တီထွင်နေချင်တဲ့ ဆရာငြိမ်း ဟာ အကြံတူ နောက်လူသာစမြဲ ဖြစ်ရမယ့်အစား ခေတ်ရေစီးကြောင်းကြီး တန့်သလို ဖြစ်နေ ရတာကို သူဝမ်းသာမှာမဟုတ်ပါဘူး။ လမ်းရိုးဟောင်းထွင် ဆင့်ကာထင်ဆိုတာ သူ့မူပဲမဟုတ် လား။
သူချစ်မြတ်နိုးခဲတဲ့ ဒီနိုင်ငံကြီးကို ကြည့်လိုက်တော့ သူသေလွန်လို့ အနှစ်ငါးဆယ်ကြာတာ တောင်မှ သူမျှော်မှန်းခဲ့တဲ့ ဆင်ဖိုနီတီးဝိုင်းကြီးမရှိသေးဘူး။ ဆရာ တယောကိုတင်ရီတို့ လုံးပမ်း နေကြတာတော့ရှိပါရဲ့၊ တကယ့် စံချိန်မှီတီးဝိုင်းကြီးလို့ ဆိုနိုင်ဖို့ ကတော့ အဝေးကြီးလိုပါသေး တယ်၊ ၀န်ကြီးဦးထွန်းဖေတို့၊ ဆရာဦးခင်ဇော်တို့ အမှူးပြုမှုအောက်မှာ မန္တလေးက ဆရာ ရွေပြည် ဦးဘတင်၊ ဆရာဘကလေး၊ ဆရာငြိမ်းစသူတွေ၊ ရန်ကုန်က ဒေါ်စောမြအေးကြည်၊ ဒေါ်အောင်ကြည်။ ဦးဟန်ပ စသူတွေ အပတ်တကုတ်ဿကးစား ပြုစုခဲ့ကြတဲ့ ကမ္ဘာ့သင်္ကေတ နဲ့မြန်မာကြိုးသီချင်းဆိုတဲ့ စာအုပ်လည်း ထွက်မလာဘူး။ စာမူတွေ ပျောက်များ ပျောက်ကုန် လေပလားပဲ။ ဗမာနိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲမှာ တခန်းတကဏ္ဍပါဝင်ခဲ့တဲ့ ဆရာတို့ခေတ် က ဂီတအနုပညာရှင်များအတွက် အထိမ်းအမှတ် ဗိမာန်၊ ဒါမှမဟုတ် ပြတိုက်ဆိုတာကတော့ ဝေလာဝေး။ မန္တလေးက ရွာဟိုင်းသင်္ချိုင်း ကိုဖျက် တော့ ဆရာ့ အုတ်ဂူလေးတောင် ပျောက် သွားတယ်။
အဆိုးဆုံးက ဒီနေ့ဂီတလောကမှာ မြန်မာသံတွေ ပျောက်ကုန်မယ့် ဘေးအန္တရာယ်ကြီးနဲ့ ရင်ဆိုင်နေရတာပါပဲ။ ဂလိုဘယ် လိုက်ဇေးရှင်း ခေတ်ကြီးမှာ ဒီအန္တရာယ်ကို လျှော့တွက်လို့ မဖြစ်ပါဘူး၊ သူများတိုင်းပြည်တွေမှာ ဒီပြ၏နာကို အလေးအနက် ထား၊ ပြင်ဆင်နေကြတယ်၊ ဒါဟာ ဒီခေတ်ရဲ့ အမျိုးသားရေး တာဝန်တခု ဖြစ်ပါတယ်၊ နအဖလုပ်နေသလို ပုဆိုးတောင် ရှည်ဝတ်။ ခေါင်းပေါင်းပေါင်းပြီး စောင်းကောက်ကို တီးတာလောက်နဲ့ အမျိုးသားယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်မှာ မဟုတ်ပါဘူး။ တမျိုးသားလုံးကို လှုံ့ဆော်ကြပြီးလုပ်ပါမှ တော်ရုံကျမှာပါ၊ အချိန်တွေလွန်သွားရင် ဘာမှမတတ်နိုင်ပါဘူး၊ ဒီနေ့လို အခြေ အနေကိုသာ ဆရာငြိမ်း တွေ့ရ ရင် “ဦးလေးမောင် (ဦးစိန်ဗေဒါ)ရေမြင်လှည့်ပါဦး”။ “ကိုကြီးတင် (နန်းတော်ရှေ့ ဆရာတင်)ရေ ကယ်ပါဦး”၊ “ဆရာရွှေတိုင်ညွန့်ရေ ကောင်းကြသေးရဲ့လားခင်ဗျ” စသဖြင့် တကြော်ကြော် မြည်တမ်းနေမလား မသိပါ။
ဒါမှမဟုတ်လည်း သူ့ရဲ့ဝမ်းနည်းကြေကွဲမှုကို ဖွဲ့ကျူးတဲ့ ဆင်ဖိုနီကြီးတခုကို ကြိတ်ပြီးရေးဖွဲ့ နေကောင်း ရေးဖွဲ့နေပါလိမ့်မယ်။
ဖိုးသံ (လူထု)
(မှတ်ချက်။ ။ စာရေးသူ အကိုဖိုးသံ(လူထု)ရဲ့ ဆရာမြို့မငြိမ်းအကြောင်း ဆောင်းပါးကို အမှတ် တရ ပြန်လည်ဖေါ် ပြလိုက်တာပါ )
