Saturday 22 September 2007

ဗိုလ်မှူးချုပ်(ဟောင်း)ကျော်ဇော၏တပ်မတော်အတွင်းရှိ မျိုးချစ်ပြည်ချစ်တပ်မှူးတပ်သားများသို့ ပန်ကြားချက်(၂၁-၉-၀၇)

(၁) လက်ရှိတပ်မတော်ကြီးကို စတင်ပြီး တည်ထောင်ကတည်းက ပါဝင်ခဲ့သူများ တပ်မတော် အဆက်ဆက် ဘီအိုင်အေ၊ ဘီဒီအေ စသည့် တပ်များမှာ ပါဝင်ခဲ့သူများ သိပ်များများစားစား မရှိတော့ဘူး။
(၂) ရဲဘော်သုံးကျိပ်ဝင်ထဲကဆိုလျင် ဗိုလ်ရဲထွဋ္ဋ်နှင့် ကျွန်တော်ဗိုလ်ကျော်ဇောတို နှစ်ဦးသာ ကျန်ရှိပါတော့တယ်။
(၃) ကျွန်တော်တို့ ဗမာ့တပ်မတော်ကြီးကို တည်ထောင်စဉ်က တိုင်ပြည်ကြီးကို လွတ်လပ်ရေး ရစေချင်ပြီး လွတ်လပ်ပြီးရင်လည်း တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံကြီးတည်ထောင်ချင်လို့ပါ။ တခွန်း တည်းပြောရရင်တော့ ကိုယ့်တိုင်းသူပြည်သားများ ထမင်း၀၀စာြး့ပီး ခါးလှလှဝတ်ရဖို့ပါပဲ။
(၄) ယခုတော့ ကျွန်တော်တို့တည်ထောင်ခဲ့ကြတဲ့ ဗမာ့တပ်မတော်ကြီးဟာ ကျွန်တော်တို့ ချစ် မြတ်နိုးလွန်းလှတဲ့ တိုင်းပြည်ကြီးကို ဒုက္ခနွံတွင်းဆွဲချသွားနေတာကြာပါပြီ။ ကျွန်တော်တို့တိုင်း ပြည်ရဲ့ ဒုက္ခအဖုံဖုံဟာ ဗိုလ်နေ၀င်း တည်ဆောက်သွားတဲ့ စစ်အာဏာရှင် စနစ်ကြီးမှာ မြစ်ဖျား ခံပါတယ်။
(၅) ဒီစစ်အာဏာရှင်စနစ်ကြီး သက်ဆိုးရှည်နေသ၍ တိုင်းပြည်တိုးတက်ငြိမ်းချမ်းသာယာမှာ မဟုတ်ပါဘူး၊ ပြည်သူတွေ ဆင်ရဲတွင်း နက်သထက်နက်နေဦးမှာပါ။
(၆) ဒါကြောင့် လက်ရှိတပ်မတော်တွင်းရှိ မျိုးချစ်ပြည်ချစ် တပ်မှူးတပ်သားများကို ကျွန်တော် အနူးအညွတ် ပန်ကြားချင်ပါတယ်။
- ပထမအချက် - ဗိုလ်သန်းရွှေ အမှူးပြုတဲ့ နအဖ စစ်ဗိုလ်ချုပ်တချို့ဟာ စစ်အာဏာ ရှင်စနစ်ကို သက်ဆုံးတိုင် ဖက်တွယ်ထားမယ့်သူများ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလိုလူမျိုးတွေ နဲ့ ပြတ်ပြတ်သားသား လမ်းခွဲဖို့ လိုပါတယ်။
- ဒုတိယအချက် - ခင်ဗျားတို့ရဲ့ ဘ၀လွတ်မြောက်ရေးနဲ့ ချမ်းသာဝပြောရေးဟာ ပြည် သူများဘ၀ လွတ်မြောက်ရေးနဲ့ ချမ်းသာဝပြောရေးနဲ့ တဆက်ဆစပ်တည်း ဖြစ်နေပါတယ်၊ ဒါကြောင့် ပြည်သူလူထုကြီးနဲ့ လက်တွဲပြီး ဒီစစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ပစ်ကြပါ။
- တတိယအချက် - ၁၉၉၀ပြည့် ရွေးကောက်ပွဲအနိုင်ရထားတဲ့ အင်န်အယ်လ်ဒီ ပါတီက ခေါင်းဆောင်အများအပြားဟာ တကြိမ်တခါက တပ်မတော်ခေါင်ဆောင်များ ဖြစ်ခဲ့ကြသူများပါ။ သူတိုဟာ တပ်မတော်အပေါ် သံယောဇဉ် မပြတ်ပါဘူး။ သူတို့တိုက်ပွဲဆင်နေတာဟာ စစ်အာ ဏာရှင်စနစ်ကိုသာဖြစ်ပါတယ်။ ဒါကြောင့် ခင်ဗျားတို့အနေနဲ့ သူတို့နဲ့တွေ့ဆုံဆွေးနွေးပါ။ စေ့စပ်ပြီး အဖြေရှာကြပါ။ တကယ်ပဲ ခင်ဗျားတို့ တိုင်းချစ်ပြည်ချစ်စိတ်၊ တိုင်ပြည်ကောင်းစား ရေးအပေါ် အခြေခံပြီး စေ့စပ်ကြရင် အောင်မြင်မယ်လို့ ကျွန်တော်လုံးဝယုံကြည်ပါတယ်။
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော

No comments:

 
/* EOT ----------------------------------------- */