လူမွှေး
အလွမ်းတွေပေါင်းထူလွန်းတဲ့ ယာခင်းပါကွဲ့။
အမုန်းတွေ ဒဏ်ရာတွေကိုသာ
တသက်တာ စားသုံးခဲ့ရသူဖြစ်လို့မို့
ကိုယ့်ဝတ်စုံဟာ အနီရောင်ဖြစ်ခဲ့တယ်။
(ဒါပေမယ့် အနီရောင်ဟာ
ကိုယ့်ဒဏ်ရာဒဏ်ချက်တွေထဲက
စိမ့်ထွက်လာတဲ့ သွေးတွေပါကွယ်။)
အချစ်ရယ် …
တကယ့် တကယ် ကိုယ်ချစ်တာက … အပြာ။
အရှေ့အလယ်ပိုင်းက သေနတ်သံတွေကြားယောင်
ကိုယ့်နိုင်ငံ တောင်ယာထဲက သွေးတွေကိုမြင်ယောင်
ကိုယ့်ရင်ထဲက အမှန်တကယ်အတ္တတွေကို
ယောင်လို့တောင် ဖော်ပြခွင့်မရခဲ့။
နေစကြ၀ဠာအဖွဲ့အစည်းထဲက
သက်ရှိတွေနေတဲ့ ကမ္ဘာဂြိုဟ်တဲ့လား
မီးခိုးမဆုံး၊ မိုးမဆုံး၊ ယမ်းငွေ့တွေဖုံးလွှမ်း
စိတ်ငြိမ်းချမ်းရာ ငတ်မွတ်ခေါင်းပါးရပ်ဝန်း။
တိရစ္ဆာန်က တိရစ္ဆာန်ကိုသတ်
တိရစ္ဆာန်က လူကိုသတ်
လူက တိရစ္ဆာန်ကိုသတ်
လူက လူကိုသတ်
ကမ္ဘာကြီးလုံးတယ်ဆိုတာ
ဒါကိုများ ပြောတာလား။
လတ္တီတွဒ်၊ လောင်ဂျီတွဒ်တွေနဲ့
ထိန်းခတ်ခံထားရတဲ့ အကျဉ်းသားတွေပါကွယ်။
ကိုယ်တိုင်မှာကလည်း
အနေမှန် အရေပြားတွေအောက်က
ဧကန်တရားတွေ ထူးခတ်ခံထားရတဲ့ အကျဉ်းသား
အခိုးအငွေ့တွေ များလွန်းလို့ထင်ရဲ့
အိုဇုံးလွှာ ပေါက်ပြဲသွားရတယ်တဲ့
ကူးစက်ရောဂါတွေ ထင်တာထက်များပြားနေတယ်။
နှစ်ဆယ့်တစ်ရာစုမှာ
ရေရှားပါးမှုအန္တရာယ်ရှိသတဲ့
ရင်တွေပူလိုက်တာ။
အလွမ်းတွေပေါင်းထူလွန်းတဲ့ယာခင်းပါ
ဗုံးပေါက်ကွဲသံတွေနဲ့ ခြားနားစွာ
ချစ်ရသူတွေရဲ့ ရင်ခုန်သံကို ကြားနာချင်တယ်။
အချစ်ရယ် …
တကယ့် တကယ် ကိုယ်ချစ်တာက … အပြာ။ ။
(၂-၂-၀၇)
ခေတ်ပြိုင်...မှ
Monday, 6 July 2009
အဇ္ဈတ္တအစီရင်ခံစာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment