Monday 6 July 2009

တောနက်တဲ့မြို့

(ကိုလတ်)

တနင်္ဂနွေဆို
မျက်ကွင်းညိုညို ပိုးဟပ်ဖြူများ
ဈေးထဲမှာ တိုးကြိတ်ရွေ့လျား။

“တမျိုး ငါးဘတ်
ငါးမျိုး နှစ်ဆယ်
ရွေးမယ် ၀ယ်မယ်
ချက်မယ် ပြုတ်မယ်
ချွေတာစားရင်
တပတ်စာတော့ ဖူလုံတယ်” တဲ့။


အဖေအမေအတွက် ဆေးဖိုးဝါးခ
မောင်ညီမလေးတွေအတွက် ကျောင်းလခ
အကိုအမတွေအတွက် ၀တ်ကောင်းစားလှ
ဘတ်နဲ့ကျပ်တွေ လဲလှယ်ကြ။

ရေကြည်ရာလား
မြက်နုရာလား မစဉ်းစားအား
လက်မှတ်ပါလား
ရွှေခေါင်းတွေ ပတ်နေလား
ဒါကိုပဲ သူတို့စဉ်းစား
သိမ်ငယ်ညှိုးချုံး မျက်နှာများ
ကျီးလန့်စာစား အကြည့်များ။

အခြေအနေပေးရင်
ဘန်ကောက်အထိ လျှောက်သူလျှောက်
ကံမကောင်းရင်
နှစ်ထပ်အချုပ် ရောက်သူရောက်
မိုးမှောင်ကျပြီဆိုရင်တော့
အရှက်နဲ့သိက္ခာ မှောက်သူမှောက်
အသက်နဲ့လိပ်ပြာ ပျောက်သူပျောက်။

“ကျနော့် မိန်းမ
ဟိုတည အလုပ်ကအပြန်
လမ်းမှာ ရုတ်တရက် ဆုံးပါးသွားလို့
ရက်လည် ဆွမ်းသွတ်
လာဖြစ်အောင်လာခဲ့ပေးပါ”
အကျိုးအကြောင်း မမေးသာ
မျက်ရည်မဲ့မဲ့ ဖိတ်ကြားစာ။

တယောက်ကို တယောက်
(တကယ့်ကို)
မရှုနိုင် မကယ်နိုင်
ပုရွက်ဆိတ်တွေလို
လက်တဖျစ်စာ ဘ၀တွေ။ ။


(၂၆-၆-၀၇)
ခေတ်ပြိုင်...မှ

No comments:

 
/* EOT ----------------------------------------- */