Monday 6 July 2009

ဆိုခဲသောစကားတို့ဖြင့် သီဖွဲ့မြဲစေအပ်သော …..

ကမာပုလဲ

အလွဲမယူပါနဲ့
ဒါ …
အရွယ်နဲ့မမျှအောင် မျိုသိပ်ထိန်းချုပ်ထားတဲ့
လှလှပပ နေရာဒေသဖြစ်တယ်။

စမ်းချောင်းကလေးတွေကို ချစ်တယ်
ပန်းကလေးတွေကို အလေ့ကျ မွေးဖွားတယ်
သစ်ရွက်သေတွေကို တယုတယမြှုပ်နှံတယ်
သူတို့လက်ကြမ်းကြီးတွေနဲ့ ထက်မြ၀င်းပဓားတွေက
သူတို့အမျိုးရဲ့
ဇာတိ၊ ဓလေ့နဲ့ အစဉ်အလာကိုထိန်းသိမ်းတယ်
အသားမာတက်ခြေဖ၀ါးတွေက
သူတို့အမိမြေပေါ်မှာ နုရွကြွကြွ
သူတို့မရောက်တဲ့နေရာ မရှိသမျှပါဘဲ
ရေရှာပေးတဲ့ငါးကလေးတွေကို မစားဘူး
ရန်သူလာ အသံပေးတတ်တဲ့ ငှက်ကလေးတွေအတွက်လုံခြုံရာ
ဘ၀ကို အိပ်မက်နဲ့လက်ထပ်ထားတဲ့
ရိုးမြေကျ ချစ်သူ့နယ်မြေလည်းဖြစ်တယ် …။

အကြိမ်ကြိမ်အခါခါ ငိုကြွေးနေရပေမယ့်
လူရှေ့ သူရှေ့မှာ မျက်ရည်ကျမပြတတ်ဘူး
အခါခါဖန်တရာ မျက်ရည်ကျရပေမယ့်
အသနားခံမျက်နှာမျိုး မဖော်ပြတတ်ဘူး
ထိုအရပ်၌ မာရ်နတ်သည်
အပြစ်မဲ့သူတို့ နှလုံးသွေးနဲ့
ခြေဆေးပျော်ပါးနေသော်ငြား
ကျမ်းစာလာ ထာဝရဘုရားသခင်ရဲ့မေတ္တာတော်မျိုးဟာ
(ဘုရားသခင်ဆိုတာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ
ကြားသည်ဖြစ်စေ၊ မကြားသည်ဖြစ်စေ
ဒါမှမဟုတ်
ကိုယ်တော်ကိုယ်တိုင် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ)
သူတို့နှလုံးသားထဲမှာ ထာဝရကိန်းဝပ်နေတယ် …။

ချစ်သူတွေအကျိုးအတွက်
မိမိအသက်ကိုစွန့်သော မေတ္တာတရားထက်
သာ၍မြတ်သော မေတ္တာတရားသည်မရှိ … တဲ့
ရှင်ယောဟန် ခရစ်ဝင်ကျမ်းရဲ့အဆို
သူတို့ဆီမှာ မျက်မြင်ဒိဋ္ဌတွေ့လိုက်ရတဲ့အခါ
သည့်ထက်လှတဲ့အလှ
ဘ၀မှာ ရှာမတွေ့နိုင်ခဲ့ဘူး
ဒီလိုနဲ့
ကျွန်းတွေအခါခါပွင့်ခဲ့
မြစ်ချောင်းကလေးရဲ့ မိုးမခပင်တွေကတောင်
မတွေ့ရမမြင်နိုင်အောင်ဖြစ်ရတဲ့အဖြစ်
…………. ချစ်တယ်။

နှစ်နှစ်ကာကာချစ်ရခြင်းတွေနဲ့
တောင်ပေါ်မိုးစက်ပွင့်ကလေးတွေက
သူတို့ဘ၀ကို တခန်းရပ်သွားရတဲ့အခါ
ယဉ်ယဉ်ကျေးကျေးလှပလာတဲ့ မြစ်ချောင်းကလေးတွေက
ခရုကလေးတွေကို လက်ဆောင်အဖြစ်ပေးတယ်
မျှစ်ပြန်ကလေးတွေကို အမောတကောချိုးပြီး
တောင်ယာဆန် တာလပေါဟင်းနဲ့
ငါးပိစိမ်းစားထောင်းကို လွေးလိုက်ရတဲ့အခါ
ဇာတိမြေနဲ့ အမေ့ကိုသတိရ
နှစ်တွေ ကမ္ဘာချီအမှတ်ရနေတော့မှာပဲ …။

ဖီးနစ်လို့ခေါ်တဲ့
ပြာကျပြီးမှရှင်ရတဲ့ ဒဏ္ဍာရီငှက်တွေလို
ဟောဒီတောင်တန်းကြီးတွေရဲ့အသက်ဟာ
နွေရာသီတောမီးတွေရဲ့ ၀ါးမျိုမှုအောက်
မျိုးစေ့ကလေးတွေ အညှောင့်ပေါက်လာတယ်
ပြီးတော့
ပုတတ်စာတွေပွင့်ပြတယ်
ရွက်နုကလေးတွေဆို စိမ်းလို့မြလို့
သူတို့ရင်မှာ နားခိုရင်း
သူတို့ကို စိမ်းကားဥပေက္ခာပြုသွားတဲ့
မမြဲခြင်းတိမ်တိုက်တွေကို ခွင့်လွှတ်ပြနိုင်ခဲ့တယ် …။

သူတို့ဟာ
ကျေးဇူးတရားကို
(ဖြစ်နိုင်ရင်)
အချိန်နဲ့အမျှပွားများတယ်
ဟန်ဆောင်ပန်ဆောင် နှုတ်ခမ်းကလေးတွေလှုပ်ပြနေတာမဟုတ်
ရင်ထဲအသည်းထဲကဆိုတာ
လက်ကလေးတွေက ဖော်ပြတယ်
ခြေလှမ်းတိုင်းမှာ မြင်နိုင်တယ်
မျက်ဝန်းမှာ မှတ်ကျောက်တင်ထားတယ်
တကယ်လို့
ရိုးသားမှုဟာ စစ်မှန်ခဲ့ရင်
ဧည့်သည်တယောက်ရဲ့မျက်လုံးအမှိတ်မှာ
နှစ်နှစ်ခြိုက်ခြိုက် သူအိပ်နိုင်တယ်
နံနက်ခင်းဟာ
သူတို့စေတနာ၊ သူတို့တာဝန်သိမှုတွေနဲ့
နိုးထရှင်သန်နေကြမြဲ …။

အစော်ကားခံရသော လူသားတို့၏အောင်ပွဲကို
လူ့သမိုင်းက စိတ်ရှည်စွာစောင့်ဆိုင်းနေရ၏။
(ရာဘင်ဒြာနတ်တဂိုး၏ ငှက်တေလေ)
မိခင်က ရင်သွေးကို
မပီကလာ ပီကလာအရွယ်မှစလို့
ဈာပနသီချင်းကိုဆိုပြ
လရောင်အောက်က အပျို၊ လူပျို ခေါင်ရည်ချိုမြ၀ိုင်းတွေမှာ
တောင်ယာကောက်သစ်စားပွဲမှာ
နွေနေအောက်မှာ ကျွန်းခွေတဲ့အခါ
စပါးမျိုးစေ့ကို စုပေါင်းဆူးထိုး စိုက်ပျိုးချိန်မှာ
နေ့နေ့ညည ဂစ်တာတီးဝိုင်းကလေးတွေမှာ
အဲဒီသီချင်းဟာ ထာဝရဖြစ်လာတယ်
မြင်ယောင်တယ်
သေခြင်းတရားခမျာ
သူတို့တေးသွားတွေရဲ့ ရှင်သန်နေမှုအောက်
ချောက်ချောက်ချားချား ကျဆုံးနေပုံကို …။

ရင့်ရော်ပြောင်းလဲနေတဲ့ရာသီတွေနဲ့
မလွဲမသွေရင်ဆိုင်လာရတဲ့ ဆုံစည်းမှုသင်္ခါရတရားအတိုင်း
ချစ်သူတွေနဲ့ ကွေကွင်းသွားရတဲ့အခါ ခံစားရတဲ့ဒုက္ခ
သူတို့လည်းထပ်တူကြေကွဲနေကြမှာပါ …
တစိတ်တပိုင်းကနေ ဆုတ်ခွာလာရတိုင်း
တစုံလုံးအပေါ်မှာ ကျေးဇူးမမဲ့သင့်ဘူး
သခင်ယေရှုအတွက်တောင် ယုဒရှိခဲ့ရင်
သူတို့မှာလည်း သစ္စာဖောက်ဆိုတာရှိမှာပဲ
သေချာတာက
မနက်ဖြန်ဆိုတာ သစ္စာမဲ့သူတွေရဲ့ခေတ် မဟုတ်ဘူး …။

မင်းသားကြီး ကိုမြတ်လေးရဲ့
ပန်းတိုင်းပွင့်ပါစေ သီချင်းထဲကလို
မညီညာမပြေပြစ်တဲ့ဘ၀တွေ
တနေ့မှာတသားတည်း ဖြစ်လာမယ်
စက်ရုံတွေထဲကလက်နဲ့ စိုက်ခင်းပျိုးခင်းတွေထဲကလက်
ပေါင်းယှက်သွေးစည်းညီညွတ်သွားကြတဲ့အခါ
အရာရာဟာ
ဆရာဒဂုန်တာရာရဲ့ ငြိမ်းချမ်းရေးရုပ်ပုံလွှာကို
မွေးဖွားသန့်စင်လာလိမ့်မယ်
ခုတော့ … တောင်တန်းဒေသရဲ့
မောင့်ဂန္ထ၀င်နှင်းဆီမရေ
ဦးမညွှတ်သော တိုက်ပွဲတွေနဲ့အတူ …. လွမ်းရစ်နေဦးတော့။ ။


(၂-၃-၀၇)
ခေတ်ပြိုင်...မှ

No comments:

 
/* EOT ----------------------------------------- */