Monday 6 July 2009

ဝတ်ဖြည့်ကဗျာ

ခွန်ဆိုင်း

ရင်ကွဲနာဆိုတာ ဆေးပညာမပေါ်ခင်ကတည်းက
ရှိနှင့်ခဲ့တဲ့ကိစ္စပဲ
ဆရာဝန်ဆိုတာက ရင်ဘတ်အောင့်ရင်
စိုးရိမ်မယ်၊ အမည်တပ်ဖို့ကြိုးစားမယ်
ကဗျာဆရာကျတော့ ရင်ဘတ်အောင့်ရင်
ကဗျာပင်တွေကိုစိုက်တယ်
ပွင့်လာတဲ့ပန်းကလေးတွေကို ကြဲဖြန့်တယ်လေ။

ဒီလိုနဲ့ ဒီလမ်းကြောင်းပေါ်မှာ
နှလုံးသားတွေချခင်း
နှလုံးသားဒဏ်ရာတွေ အကြိမ်ကြိမ်ရကြရင်းက
ရင်တွေလည်း အခါခါကွဲ လဲကျလဲကျသွားခဲ့ကြရတာ
အဘသော်၊ အဘတော်
ဗိုလ်စက်ရောင်၊ အောင်မေသုမှသည်
ကဗျာဆရာကြည်တင်ဦး
အေဘီတပ်ဦးက ကဗျာဓားတလက် ကိုထက်မိုး
သမဂ္ဂကြယ်စင်တစင်း ကိုသက်ဝင်းအောင်
နောင်တော်တွေ နောင်တော်တွေ
ညီတော်တွေ ညီတော်တွေများစွာ
ရင်နာနာနဲ့ အလေးပြုခဲ့ကြရ
ဒီတခါတော့
ဆရာပေါ့နော်။

ကျနော်သိပါတယ်ဆရာ
ထီးကလေးနဲ့မနီ
ဖန်မီးအိမ်အောက်က ကလေးတွေကိုမှ
အချစ်ပိုတတ်တဲ့ဆရာဟာ
ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်အမွေကိုမှ
ရိုသေမြတ်နိုး တန်ဖိုးထားချစ်တတ်တဲ့ဆရာဟာ
ထာဝရရိုးရှင်း
ပုန်းရည်ဟင်းနဲ့ပဲနှပ်
အညာဓာတ် အညာဓလေ့ အညာငွေ့တွေကိုမှ
အောက်မေ့တမ်းတတတ်တဲ့ဆရာဟာ
သူများမြေမှာ ဘယ်လာခေါင်းချချင်ပါ့မလဲ။

ရင်ထဲကလာတဲ့အတိုင်း ကဗျာတွေကိုရေး
ရန်သူကပေးတဲ့ပြစ်ဒဏ်ခံရဲခဲ့တာ
လေးစားရမှာပါဆရာ
ဦးညွှတ်လိုက်ပါတယ်ဆရာ
စေတနာဟာ ကံပဲ
ဆရာလည်း ဗုဒ္ဓဘာသာ၊ ကျနော်တို့လည်း ဗုဒ္ဓဘာသာ
ကောင်းမှုကံတွေရဲ့ ကတိက မြဲပြီးသားဆိုတာ
ကံမြဲရွာသား ဆရာတယောက်သိခဲ့ပြီးသားပါ။

ဟောဒီရွာ ဟောဒီအညာ ဟောဒီကမ္ဘာမှာ
ဆရာချခဲ့တဲ့မျိုးစေ့တွေက ကွင်းလုံးပြည့်လို့
ရောင်စုံပန်းတွေက ရနံ့စုံထုံသင်းလို့
ဝင်းလို့ လင်းလို့ ၀င့်လို့ တင့်လို့ နေတော့မှာ
ဒီကဗျာနဲ့ ၀တ်ဖြည့်လိုက်ပါတယ်ဆရာ။ ။


(၂၃-၂-၀၇)
ခေတ်ပြိုင်...မှ

No comments:

 
/* EOT ----------------------------------------- */